အပိုင်း(၁၉၆၂)

ဖိတ်ကြားခြင်း

ရီဖူရှင်းနှင့် သူ့အဖွဲ့က ဝမ်တု၌ ဆက်လက်ကာ လှည့်ပတ်လျှောက်ကြည့်နေကြသည်။ ထို့နောက် သူတို့က တည်းခိုဆောင်သို့ ပြန်လိုက်ကြပေသည်။ သို့သော်လည်း လင်ချိုး ပြောသော စကားအရဆိုလျှင် သူတို့သည် ဝမ်တု၏ အစိတ်အပိုင်းသေးသေးလေးမျှသာ လည်ပတ်ရသေးပေသည်။

တုန်းရှောင်ကုန်းမြေ၏ အဓိကမြို့တော်တစ်ခုအနေနှင့် ဝမ်တုသည် ကျယ်ပြောပြီး အလွန်များပြားသော တန်ခိုးရှင်များ ရှိပေသည်။

သို့ဆိုလျှင်ပင် ရီဖူရှင်းတို့အဖွဲ၏ သတင်းများက အလွန် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အာခီမီနတ်နန်းတော်၏ အာခီမီစုဝေးပွဲအပြင် အများတကာအာရုံစိုက်မှုကို ရယူနိုင်မည့် အခြားအရာ မရှိပေ။ စုဝေးပွဲအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အလွန် လျင်မြန်စွာပင် ကျယ်ပြန့်သောနေရာထိ ပျံ့နှံ့သွားခဲ့သည်။ မကြာခင် ထိုအကြောင်းအရာက တည်းခိုဆောင် အကြီးအသေး အားလုံးတွင် ဆွေးနွေးစရာတစ်ခု ဖြစ်လာခဲ့သည်။

လူအများသည် ယခု အာခီမီအင်ပါယာ ဝမ်တုသို့ ရောက်နေသည်ကို သိရှိကြသည်။ အာခီမီအင်ပါယာ၏ တပည့်များနှင့် အာခီမီနတ်နန်းတော်မှ ဆေးဖော်စပ်သူဆရာသခင်တစ်ယောက်ကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး သူ့ကို ဖိနှိပ်ရန်ပင် စီမံခဲ့သည်ဟူ၍ ဖြစ်သည်။ အာခီမီအင်ပါယာသည် ထိုကိစ္စကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သူ၏ ဆေးဖော်စပ်သန့်စင်ခြင်းစွမ်းရည်ကို သက်သေပြဖို့ရာ အာခီမီစုဝေးပွဲကို နှောက်ယှက်ရန် လူပို့လိုက်ခြင်းဟု အချို့က ပြောကြသည်။

သို့သော် အချို့လူများသည် အာခီမီအင်ပါယာ ထိုသို့ လုပ်ရခြင်းမှာ အာခီမီနတ်နန်းတော်မှ အဖွဲ့ဝင်များ အရင်ဆုံး မောက်မာစွာ ပြောဆိုခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သူတို့သည် တုန်းဟွာနယ်မြေတစ်ခွင်လုံးမှ အရည်အချင်းအရှိဆုံး ဆေးဖော်စပ်သူဆရာသခင်များက အာခီမီနတ်နန်းတော်၌ ရှိသည်ဟု ကြွေးကြော်ခဲ့ကြသည်။ သူတို့က အာခီမီအင်ပါယာနှင့် အခြားအင်အားစုများ၏ တည်ရှိမှုကို လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် အာခီမီအင်ပါယာ၏ တပည့်များက သည်းမခံနိုင်တော့ခြင်း ဖြစ်သည်။

သို့သော် အာခီမီအင်ပါယာက ထိုမကြောင်းကို မသိခဲ့ပေ။ ရီဖူရှင်း အပြင်သို့ ထွက်လည်နေစဥ် အာခီမီအင်ပါယာနှင့် တုံ့လိုင်နတ်မိမယ်တို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ သခင် ဆေးအင်ပါယာထံ သွားရောက်လည်ပတ်ခဲ့ကြသည်။

သာမန်လူများက ဆေးအင်ပါယာကို အလွယ်တကူ တွေ့ဆုံနိုင်စွမ်း မရှိသော်လည်း တုံ့လိုင်နတ်မိမယ်က လုပ်ဆောင်နိုင်သည်။ သူမက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သမီး ဖြစ်သည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲနှင့် ဆေးအင်ပါယာတို့က မိတ်ဆွေကောင်းများ ဖြစ်ကြသည်။ လွန်ခဲ့သည့်နှစ်များစွာက တုံ့လိုင်နတ်မိမယ် ငယ်ရွယ်စဥ်တွင် သူမသည် ဆေးအင်ပါယာနှင့် ရင်းနှီးခဲ့ပြီး သူ့ကို ဦးလေးဟု ခေါ်ခဲ့သည်။ ဆေးအင်ပါယာက သူမကို အမြဲ ထွေးပွေ့တတ်၏။ သူတို့၏ ဆက်ဆံရေးက အမှန်ပင် ရင်းနှီးပေသည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ကိစ္စများ ဖြစ်ပွားပြီးနောက် တုံ့လိုင်နတ်မိမယ်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ အမြဲ သီးခြားနေထိုင်ခဲ့သည်။ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီး သူတို့၏ ဆက်ဆံရေးကြားမှ အကွာအဝေးက ကြီးမားလာတော့သည်။

အာခီအင်ပါယာနှင့် နတ်မိမယ်တုံ့လိုင်တို့ ပြန်ရောက်လာပြီးနောက် လူအများကြီးက သူတို့ကို တွေ့ရန် ရောက်လာခဲ့ကြသည်။ လာသည့်သူအရေအတွက်မှာ တဖြေးဖြေး များပြား၍သာ လာပေသည်။ အများစုမှာ ဝမ်တု၌ ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အာခီမီအင်ပါယာက သူတို့ကို လက်ခံတွေ့ဆုံရန်သာ တတ်နိုင်ပေသည်။ ထို့နောက်မှသာ သူသည် ရီဖူရှင်းတို့အဖွဲ့က ဝမ်တုအတွင်း ပြဿနာရှာခဲ့ပြီး အာခီမီနတ်နန်းတော်ကို ဆန့်ကျင်ခဲ့ကြောင်း သိခဲ့တော့သည်။ ထိုသည်က သူ့အား ဆွံ့အသွားစေပေသည်။

ယခု နန်းတော်အတွင်းမှ စားသောက်ပွဲတွင် အကြီးအကဲတစ်ယောက်က အာခီမီအင်ပါယာအား ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ “အခုဆို အာခီမီနတ်နန်းတော်က ဝမ်တုမှာ အင်အားအကြီးဆုံး အာခီမီအဖွဲ့အစည်းပဲ။ အစွမ်းထက်တဲ့ ဆေးဖော်စပ်သူဆရာသခင်တွေအားလုံးက အဲဒီကို ဆွဲခေါ်ခံရတယ်။ အပြင်ဘက်က တန်ခိုးရှင်တွေအတွက်တော့ သူတို့ဆီက ဆေးတွေရဖို့ ခက်ခဲတယ်။ အဲဒါကပဲ အာခီမီနတ်နန်းတော်ကို ပိုပိုပြီး မောက်မာလာစေတာပဲ။ အခု အာခီမီအင်ပါယာရောက်လာတော့ သူတို့ရဲ့ မာန်တက်မှုကို နည်းနည်းလျော့သွားစေဖို့ အခွင့်ကောင်းပဲ။ အာခီမီနတ်နန်းတော်က တစ်ခုတည်းသော အာခီမီအင်အားစုမဟုတ်တာကို သူတို့နားလည်သင့်တယ်။”

ထိုတန်ခိုးရှင်က သိသာစွာပင် အာခီမီနတ်နန်းတော်အား မကျေမနပ် ဖြစ်နေပေသည်။ ထိုစကားကို ကြားသည့်အခါ အာခီမီအင်ပါယာက အတော်လေး ဆွံ့အသွားရသည်။ ကြည့်ရသည်မှာ သူက ဤအရှုပ်အထွေးအတွင်း နက်နက်နဲနဲ ပါဝင်လိုက်မိပုံရလေသည်။

လူအများက ယုံကြည်ထားသည်မှာ အာခီမီအင်ပါယာက အာခီမီနတ်နန်းတော်ကို ပြဿနာရှာ၍ သူတို့၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရီဖူရှင်းအား စေလွှတ်လိုက်သည်ဟူ၍ ဖြစ်လေသည်။

“ဟုတ်တယ်။ အဲဒီလူက သူ့ကိုယ်သူ တုံ့လိုင်နတ်ဘုရားအကြီးအကဲပြီးရင် ထိပ်ဆုံး ဆေးဖော်စပ်သူဆရာသခင်ဖြစ်ကြောင်း ပြောခဲ့သေးတာ။ အဲဒါက ပိုတောင် မောက်မာသေးတယ်။ အာခီမီအင်ပါယာက တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ ဆက်ခံသူပဲ။ ခင်ဗျားရဲ့ စွမ်းရည်က သေချာပေါက် သူ့ထက် နိမ့်မှာ မဟုတ်ဘူး။”  နောက်တစ်ယောက်က ပြောလိုက်သည်။ ထိုစကားအားလုံးမှာ အာခီမီအင်ပါယာ၏ နှစ်သက်မှုကို ရရန် သုံးသော မြှောက်ပင့်စကားများသာ ဖြစ်လေသည်။

သို့သော် အမှန်တွင် အာခီမီအင်ပါယာက သူ၏ ကိုယ်ပိုင်အင်အားကို သိရှိပေသည်။ ကောလာဟလများအရ အာခီမီနတ်နန်းတော်မှ ထိုလူက နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနေသည်ဟု ဖြစ်သည်။ ထိုလူ၏ ဆေးဖော်စပ်ခြင်း စွမ်းရည်မှာလည်း အလွန်ထူးချွန်ပြောင်မြောက်လှသည်။ အဆင့်အရဆိုလျှင် ထိုသူက အာခီမီအင်ပါယာ၏ အထက်တွင် ရှိပေသည်။ နှစ်ပေါင်းများစွာအကြာကပင် တစ်ဖက်လူက အလွန်အစွမ်းထက်သည့် ဆေးဖော်စပ်သူဆရာသခင် ဖြစ်နေခဲ့ပြီး ဖြစ်သည်။

အာခီမီအင်ပါယာသည် ထိုချီးကျူးစကားများကို စိတ်ထဲ မထည့်သည်မှာ ပုံမှန်ပင် ဖြစ်၏။

“လူတိုင်းပဲ.. ကြည့်ရတာ အထင်လွဲနေကြပြီထင်တယ်။ လျှို့နျန်က ကျုပ်ရဲ့ တပည့်မဟုတ်သလို အာခီမီအင်ပါယာတာဝါက ကျင့်ကြံသူလည်း မဟုတ်ရပါဘူး။ ပြီးတော့ ကျုပ် သူ့ကို အာခီမီနတ်နန်းတော်ရဲ့ အာခီမီစုဝေးပွဲဆီ မလွှတ်ခဲ့ဘူး။ ဒါက တိုက်ဆိုင်သွားတာ ဖြစ်မှာပါ။” အာခီမီအင်ပါယာက ရှင်းပြလိုက်သည်။ အထင်လွဲနေသူများက ဆက်ပြီး အထင်လွဲနေမည်သာ ဖြစ်ကာ ထိုရှင်းပြချက်က အဓိပ္ပါယ်မရှိပေ။ မည်သို့ပင်ဖြစ်စေ အာခီမီအင်ပါယာက ဤခရီး၌ အာခီမီနတ်နန်းတော်ကို ပြဿနာရှာရန် အားယားနေသည်လည်း မဟုတ်ပါချေ။

“သူ မဟုတ်ဘူးလား။” တစ်စုံတစ်ယောက်က ထူးဆန်းသော အမူအရာကို ဖော်ပြလာသည်။ သူက အာခီမီအင်ပါယာအား ကြည့်ကာ ပြောလိုက်သည်။ “ဒါဆို ဒီလို လူမဆန်လောက်အောင် ထူးချွန်တဲ့ ဆေးဖော်စပ်သူဆရာသခင်တစ်ယောက်ကို ဘယ်သူခေါ်လာတာလဲ။”

အာခီမီအင်ပါယာက ထိုအကြောင်းအရာကို သူတို့အား လိမ်လိမ့်မည် မဟုတ်ပေ။ ရီလျှို့နျန်က အာခီမီအင်ပါယာတာဝါမှ ကျင့်ကြံသူဖြစ်စေ သူ့တပည့်ဖြစ်စေ မှန်နေပါက အာခီမီအင်ပါယာအနေနှင့် ငြင်းဆန်လိမ့်မည် မဟုတ်တန်ရာ။

“အဲဒါနဲ့ ပတ်သတ်ပြီးတော့ ကျုပ်မှာ ပြောခွင့်မရှိလို့ပါ။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။” အာခီမီအင်ပါယာက လက်နှစ်ဖက်ဆုပ် အရိုအသေပြုကာ ပြောလိုက်သည်။ ထိုသည်မှာ လူအုပ်ကြီးအား ပို၍ သိချင်လာစေသည်။ ရီဖူရှင်း၏ ဆရာက ခပ်လျှိုလျှိုနေတတ်သော အစွမ်းထက် ဆရာသခင်ကြီးတစ်ယောက်ယောက်များ ဖြစ်နေမလား။

သူတို့သည် မည်သူဖြစ်ကြောင်း မဖော်ထုတ်နိုင်ကြပေ။

“ကျုပ်တို့ မိတ်ဆွေလေးရီနဲ့ တွေ့ခွင့်ရနိုင်မလား။” တစ်စုံတစ်ယောက်က အပြုံးနှင့် မေးလိုက်သည်။

“ကျုပ် သူ့ကို မေးကြည့်လိုက်ပါ့မယ်။” အာခီမီအင်ပါက ပြန်ဖြေလိုက်ပြီး သူ့ဘေးမှ လူတစ်ယောက်ကို ညွှန်ကြားလိုက်သည်။ ထိုလူထွက်သွားပြီး မကြာခင်မှာပင် ရီဖူရှင်းတို့အဖွဲ့ ရောက်လာကြ၏။ ရီဖူရှင်းက သူ့ရှေ့မှ လူများကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူများအားလုံးက အဆင့်မြင့်ရန်ဟောင် ကျင့်ကြံဆင့်နှင့် စီနီယာများ ဖြစ်ကြပေသည်။

“စီနီယာတို့၊ ဂျူနီယာ ရီလျှို့နျန်က အရိုအသေပေးပါတယ်။” ရီဖူရှင်းက အပြုံးနှင့်ယဥ်ကျေးစွာ ပြောလိုက်သည်။ ရီဖူရှင်း၏ စွမ်းရည်က စီနီယာအများစုအောက် မနိမ့်ကျသော်လည်း သူက ဂျူနီယာတစ်ယောက်သာ ဖြစ်သည်။ ယဥ်ကျေးမှုများကို မေ့ပစ်ထားသည်မှာ မဖြစ်သင့်ပေ။

“သူ့မှာ အပြုအမူကောင်းတွေ ရှိတာပဲ။” ရီဖူရှင်းကို မြင်သည့်အခါ တစ်စုံတစ်ယောက်က ချီးကျူးလိုက်သည်။ ရီဖူရှင်းသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင်ဆံပင် ရှိသည်။ သူက အလွန် ချောမောခန့်ညားပေသည်။ ရီဖူရှင်း၏ အရှိန်အဝါကပင် ထူးခြားဆန်းကြယ်သော ခံစားမှုကို ပေးစွမ်းသည်။ အကြည့်တစ်ချက်နှင့်ပင် သူသည် ထူးချွန်ထက်မြက်သူဖြစ်ကြောင်း ပြောနိုင်ပေသည်။

“သူက ဒီလောက် ထူးချွန်နေတာ အစွမ်းထက် အင်အားစုတစ်ခုခုကနေ လာတာဖြစ်ရမယ်။ ဒီလိုထူးချွန်ထက်မြက်တဲ့ စွမ်းရည်မျိုးကို ပျိုးထောင်ပေးနိုင်တာ ဘယ်လိုဆရာမျိုးလဲ သိချင်မိပါရဲ့။” တစ်စုံတစ်ယောက်က ချီးကျူးလိုက်သည်။ သူက ရီဖူရှင်း၏ အဆင့်အတန်းကို တူးဆွကြည့်ရန် ကြိုးစားနေ၏။ ရီဖူရှင်းက အမှန်တကယ် ထိုသို့သော ခံစားမှုမျိုး ပေးစွမ်းပေသည်။ ထိုသို့သော အရှိန်အဝါမျိုးနှင့် သူသည် အစွမ်းထက် ကလန်တစ်ခုခုမှ မျိုးဆက်နှင့် ဆင်တူပေသည်။

အာခီမီအင်ပါယာ၏ စကားကို အခြေခံလျှင် ထိုသည်မှာ ဖြစ်နိုင်ပေသည်။

“စီနီယာတို့၊ ကျုပ်ကို မြှောက်ပင့်လွန်းနေပါပြီ။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သူက တစ်ဖက်လူ၏ မေးခွန်းကို ပြန်ဖြေခဲ့ခြင်း မရှိပေ။

“မိတ်ဆွေလေးရီရဲ့ ဆေးဖော်စပ်တဲ့စွမ်းရည်က ထူးချွန်လှတာကြောင့် ဆရာသခင်ကျီဟဲ့တောင်မှ ဆွံ့အပြီး ကျန်နေခဲ့ရတယ်။” တစ်စုံတစ်ယောက်က အပြုံးနှင့် ပြောလိုက်၏။ “လူအများပြောကြတာက မိတ်ဆွေလေးရီ ဆေးဖော်စပ်ပြလိုက်တဲ့အခါ အာခီမီနတ်နန်းတော်က ဘယ်သူမှ စကားတစ်ခွန်းတောင် မပြောနိုင်တော့ဘူးတဲ့။ သူတို့ ဖြစ်သွားမယ့် အမူအရာတွေကို ခန့်မှန်းကြည့်နိုင်တယ်။ မိတ်ဆွေလေးရီ ဖော်စပ်သန့်စင်လိုက်တာ ဘာအဆင့်ဆေးများလဲ။”

“အလယ်အလတ်အဆင့်ဆေးလေးပါပဲ။ ကျုပ်ကလည်း အလယ်အလတ်အဆင့် ရန်ဟောင်ပဲ ရှိသေးတာလေ။” ရီဖူရှင်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

တစ်ဖက်လူက ပြုံးပြီး ခေါင်းညိတ်လိုက်၏။ သူတို့အားလုံးသည် သူ သန့်စင်လိုက်သည့် ဆေးက အလယ်အလတ်အဆင့် ဖြစ်သော်လည်း ချို့ယွင်းချက်ကင်း မဟာလမ်းစဥ် ဆေးလုံးဖြစ်ကြောင်း ကြားသိခဲ့ကြသည်။ သူတို့က ကိုယ်တိုင် မမြင်တွေ့ခဲ့ရခြင်းသာ ဖြစ်လေသည်။

ထိိုအခိုက်တွင် ကောင်းကင်၌ လူတစ်ယောက် ရောက်ရှိလာပြီး နန်းတော်အပြင်ဘက် ချောက်ကမ်းပါး၌ ဆင်းသက်လိုက်သည်။ ရီဖူရှင်းက ထိုလူကို လှည့်ကြည့်လိုက်၏။ ရောက်လာသူက လက်သီးဆုပ်အရိုအသေပေးကာ ပြောလိုက်သည်။ “ကောင်းကင်တိုက်ပွဲနန်းတော်ရဲ့ ကိုယ်စားလှယ်က စီနီယာအာခီမီအင်ပါယာကို နှုတ်ဆက်ပါတယ်။”

ထိုသူက ကောင်းကင်တိုက်ပွဲနန်းတော်မှ ဖြစ်သည်။ ရီဖူရှင်းသည် မနေ့က သူတို့ ဖြတ်သွားစဥ် မြင်ခဲ့ရသော အလွန်ခမ်းနားထည်ဝါသည့် လမ်းစဥ်တိုက်ပွဲကွင်းပြင်အား ပြန်စဥ်းစားလိုက်မိသည်။ ကောင်းကင်တိုက်ပွဲနန်းတော်က ဝမ်တုတွင် ထိပ်သီးအင်အားစုတစ်ခု ဖြစ်၏။ ရီဖူရှင်းသည် သူတို့၏ ကိုယ်စားလှယ်က ဤနေရာသို့ ရောက်လာမည်ဟု ထင်မှတ်မထားခဲ့ပေ။

ဝမ်တုအတွင်း ထိုအင်အားစု၏ အဆင့်အတန်းမှာ အာခီမီနတ်နန်းတော်အောက် မနိမ့်ကျပေ။

“ဝင်လာခဲ့ပါ။” အာခီမီအင်ပါယာက အပြင်သို့ ကြည့်ကာ ပြောလိုက်သည်။ ထိုလူက ချက်ချင်းပင် ကောင်းကင်ကို ဖြတ်ကာ ရောက်ရှိလာ၏။

“ကောင်းကင်တိုက်ပွဲနန်းတော်က ဒီကို ဘာကိစ္စများလဲ။” အာခီမီအင်ပါယာက မေးလိုက်သည်။ ကောင်းကင်တိုက်ပွဲနန်းတော်၏ အဆင့်အတန်းနှင့် သူတို့က သူ့ကို လာရောက်ဖားယားရန် မလိုအပ်ပေ။

“ကျုပ်တို့က ရန်ဟောင်ရီနဲ့ လင်ချိုးကို လာရှာတာပါ။” ရောက်လာသူက ပြောလိုက်သည်။ ဘေးတွင် ရှိနေသော ရီဖူရှင်းနှင့် လင်ချိုးက အံ့အားသင့်သွားခဲ့သည်။ ကောင်းကင်တိုက်ပွဲနန်းတော်က သူတို့ကို လာရှာတာလား။

အာခီမီအင်ပါယာက ရီဖူရှင်းကို ကြည့်ကာ အပြုံးနှင့် ပြောလိုက်သည်။ “မင်းတို့ ပြောကြပါ။”

ရီဖူရှင်းက မေးလိုက်၏။ “ကျုပ်ဆီကို ဘာကိစ္စများ ရှိလို့လဲ။”

တစ်ဖက်လူက ပြန်ဖြေလိုက်သည်။ “ကောင်းကင်တိုက်ပွဲနန်းတော်က လတ်တလော အိမ်နီးချင်းကုန်းမြေတွေက တန်ခိုးရှင်တွေ အတော်များများ ဝမ်တုကို ရောက်လာတယ်လို့ ကြားခဲ့တယ်။ ဒါကြောင့် ကျုပ်တို့ဆီ လာလည်ဖို့ လူတိုင်းကိုဖိတ်ချင်တာပါ။ ပြီးတော့လည်း ကျုပ်တို့ ဝမ်တုက အင်အားစုတွေ အများကြီးကို ဖိတ်ခေါ်ထားတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကောင်းကင်တိုက်ပွဲနန်းတော်မှာ စိတ်လှုပ်ရှားစရာ တိုက်ပွဲ အနည်းငယ် ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့က ရန်ဟောင်ရီ၊ နဂါးဝပ်ဆင်းတောင်တန်းက လူတွေအပြင် ထိုက်ယွမ်ကုန်းမြေက လူတိုင်း တိုက်ပွဲနန်းတော်ကို လာရောက်ပြီး တိုက်ပွဲတွေ ရှုစားဖို့ တမင်သက်သက်လာဖိတ်တာပါ။”

“ကောင်းကင်တိုက်ပွဲနန်းတော်က လမ်းစဥ်တိုက်ပွဲအတွက် နေရာတစ်ခုဖြစ်သလို ပုံမှန်အားဖြင့် တွေ့ဆုံပွဲနေရာတစ်ခုလည်း ဖြစ်တယ်။ တန်ခိုးရှင်တွေက တိုက်ပွဲတွေကို သဘောကျတယ်လေ။ ဒီလိုအခြေအနေကြောင့်ပဲ ကောင်းကင်တိုက်ပွဲနန်းတော်က လူတွေ တွေ့ဆုံဖို့ သင့်တော်တဲ့နေရာတစ်ခု ဖြစ်လာတာပဲ။” လင်ချိုးက ရီဖူရှင်းထံ အတွေးများ ပို့လွှတ်ကာ ရှင်းပြလို့သည်။ ထို့နောက် လင်ချိုးက ပြုံးကာ ပြောလိုက်၏။ “ကောင်းပြီ။ ကောင်းကင်တိုက်ပွဲနန်းတော်က ကျုပ်တို့ကို အထူးလာဖိတ်မှတော့ လက်ခံရမှာပေါ့။ လာဖိတ်ပေးလို့ ကျေးဇူးတင်ပါတယ်။”

လင်ချိုးက ပြောလိုက်ပြီး သူ့ဘေးရှိ ရီဖူရှင်းအား မေးလာသည်။ “ကျုပ်တို့ အတူတူသွားကြမလား။”

“ကောင်းပြီ။ သွားကြည့်ကြတာပေါ့။” ရီဖူရှင်းက ပြောလိုက်သည်။ တစ်ဖက်လူက ဤနေရာထိ လာရောက်ဖိတ်ကြားခြင်း ဖြစ်ရာ သူတို့က လက်ခံသင့်ပေသည်။

“လူတိုင်းပဲ သွားကြရအောင်။” တစ်ဖက်လူက ပြောလိုက်လျှင် ရီဖူရှင်းတို့က လမ်းလျှောက်ထွက်လာကြ၏။ ကောင်းကင်တိုက်ပွဲနန်းတော်မှ လူက အာခီမီအင်ပါယာကို ဦးညွှတ်၍ ပြောလိုက်၏။ “စီနီယာအာခီမီအင်ပါယာကို နှောက်ယှက်မိလို့ တောင်းပန်ပါတယ်။ သွားခွင့်ပြုပါဦး။”

အာခီမီအင်ပါယာက ခေါင်းညိတ်ကာ ထပ်မပြောတော့ပေ။ အလွန်လျင်မြန်စွာပင် အခြားလူများက ပျောက်ကွယ်သွားလေသည်။ ပုံရိပ်များ ပျောက်ကွယ်သွားသည်အား စောင့်ကြည့်ပြီးနောက် တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ကောင်းကင်တိုက်ပွဲနန်းတော်ရဲ့ လူတွေက တိုက်ပွဲကို အတော်လေးကြိုက်ကြတယ်။ အဲဒီလူက ဒီစုဝေးပွဲကို စီစဥ်တာ ဖြစ်မယ်။ သူတို့က မိတ်ဆွေလေးရီအပြင် အာခီမီနတ်နန်းတော်ကိုလည်း ဖိတ်ထားလိမ့်မယ်။”

“ဖြစ်နိုင်တာမဟုတ်ဘူး။ သေကိုသေချာနေတာ။” ဘေးမှတစ်ယောက်က မှတ်ချက်ပေးလိုက်သည်။ “သူတို့က ဒီလို အဖြစ်အပျက်မျိုးကို လက်လွှတ်ခံမှာ မဟုတ်ဘူး။ အာခီမီနတ်နန်းတော် တစ်ခုတည်းမဟုတ်ဘဲ သူတို့ ဖိတ်ကြားတာ ခံရတဲ့ ဘယ်သူမဆို ဒီဖြစ်ရပ်ကို လက်လွတ်ခံမှာ မဟုတ်ဘူး။”

သူတို့က ပြောနေရင်း အာခီမီအင်ပါယာ၏ အမူအရာမှ တစ်ခုခုများသိခွင့်ရမလား သိချင်သဖြင့် လှမ်းကြည့်လိုက်ကြသည်။ သို့သော်လည်း အာခီမီအင်ပါယာ၏ အမူအရာက မည်သည့်အရာမှ မဖြစ်ဘဲ အရာအားလုံး ပုံမှန်ရှိနေသလို တည်ငြိမ်နေ၏။ သူသည် ရီဖူရှင်း ထွက်ခွာသွားသည့်အပေါ် တွန့်ဆုတ်သွားခြင်းမရှိပေ။

သူက ရီဖူရှင်း အရေးနိမ့်မည်ကို စိုးရိမ်ခြင်းမရှိသည်လား။

မဟုတ်လျှင် ရီဖူရှင်း၏ စွမ်းရည်ကို ယုံကြည်ချက် ရှိနေသည်လား။ သူ၏ ဆေးဖော်စပ်မှုစွမ်းရည်မှလွဲပြီး သူတို့သည် ထိုပါရမီရှင်လေး၏ အကြောင်းကို များများစားစား သိရှိထားခြင်း မရှိပေ။ သို့သော်လည်း သူက အားနည်းပုံမရချေ။

ယခု ကောင်းကင်တိုက်ပွဲနန်းတော်တွင် လူများ ပြည့်နှက်ကာ အလွန် အသက်ဝင်လျက် ရှိသည်။

ဝမ်တုက အဆုံးမဲ့ ကျယ်ပြောလှသည်။ သို့သော်လည်း အကျော်ကြားဆုံးနှင့် အစည်ကားဆုံးနေရာမှာ ကောင်းကင်တိုက်ပွဲနန်းတော်အပြင် အခြားမရှိနိုင်ပေ။

ကောင်းကင်တိုက်ပွဲနန်းတော်တွင် အမျိုးမျိုးသော ကျင့်ကြံဆင့်နှင့် တန်ခိုးရှင်များက နေ့တိုင်း စုဝေးနေတတ်ကြသည်။ လမ်းစဥ်တိုက်ပွဲစင်မြင့်တစ်ခုချင်းစီက ခမ်းနားထည်ဝါကာ အထင်ကြီးလောက်ပေသည်။

ရီဖူရှင်းတို့အဖွဲ့သည် ကောင်းကင်တိုက်ပွဲနန်းတော်မှ လူ၏ အပေါ်ထပ်ထိ လမ်းပြခေါ်ဆောင်သွားပေးခြင်းကို ခံရပေသည်။ ထိုနေရာတွင် လူအများ ရောက်ရှိစောင့်ဆိုင်းနေကြသည်။ ရီဖူရှင်းသည် မနေ့က ဆုံဖူးသော လူများကို မြင်တွေ့လိုက်ရ၏။ ချီမုနှင့် ကျုံးဖန်သည်လည်း ဖိတ်ကြားခံရပေသည်။

အခြားတစ်နေရာမှ တန်ခိုးရှင်များသည်လည်း ဤနေရာသို့ လှမ်းလာနေကြသည်။ သူတို့ကြားတွင် မျက်စိဖမ်းစားလောက်စရာ လူတစ်စုပါနေခဲ့၏။ ထိုသူတို့မှာ နတ်မိမယ်တောင်ထွတ်မှ နတ်မိမယ်များ ဖြစ်လေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset