အပိုင်း(၁၉၆၀)

သူ၏ စွမ်းရည်ကိုပြသခြင်း

ရီဖူရှင်းသည်လည်း အံ့သြမှင်တက်သွားခဲ့သည်။ သူသည် ပေ့ကုံးရွှမ်းကို ကောင်းကောင်းသိရှိသည့်အတွက် သူမ ပြောလိုက်သည့် စကားမှာ မည်သူ့ကိုမှ လှောင်ပြောင်သရော်လိုခြင်း မရှိဘဲ သူ့ကို ပုံမှန်အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း နားလည်ပေသည်။ သို့သော် တန်ခိုးရှင်များ၏ အကြားအာရုံက ထူးခြားကောင်းမွန်လှပြီး သူတို့က သူမပြောသမျှ အရာအားလုံးကို ကြားသိနိုင်ကြ၏။

ထို့ကြောင့် အာခီမီနတ်နန်းတော်တဝိုက်ရှိ တောင်တန်းများတွင် စောင့်ကြည့်နေသည့် လူအားလုံးက သူမ ထံသို့ လှည့်ကြည့်လိုက်ကြသည်။

ပေ့ကုံးရွှမ်း၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အကြည့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူမသည် ရီဖူရှင်းကို မေးခွန်းထုတ်ချင်ခဲ့ခြင်း ဖြစ်သည်။ အဆုံးမှာတော့ သူမက သူပြသခဲ့သော ဆေးဖော်စပ်ခြင်းစွမ်းရည်ကို မြင်တွေ့ခဲ့ဖူးပြီး ထိုလူများက သူ့ထက် ပိုမိုနိမ့်ကျနေသည် မဟုတ်ပါလား။ သူက အဆင့်နိမ့်ရန်ဟောင်တစ်ပါးဖြစ်နေလျှင်ပင် အဆင့်မြင့်ရန်ဟောင်များ လိုချင်နေသော ဆေးလုံးမျိုး ဖန်တီးနိုင်စွမ်းရှိပေသည်။ သို့သော် သူတို့ ကြားသိခဲ့မှာ ဤနေရာသည် ဆေးပညာသင်ကြားရာ အကျော်ကြားဆုံး သန့်စင်မြင့်မြတ်နေမည့် တစ်ခုခုဆိုသည့်အတွက် ဤနေရာတွင် တုန်းဟွာနယ်မြေတစ်ခုလုံးမှ အထူးချွန်ဆုံး ဆေးဖော်စပ်သူများ စုဝေးနေခြင်း ဖြစ်နိုင်ပေသည်။ ထိုသို့ဆိုလျှင် ဤသည်မှာ တုန်းဟွာနယ်မြေအတွင်းရှိ ဆေးဖော်စပ်သူများ အားလုံးက အားနည်းသည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

“မင်းက ဘယ်ကလာတာမို့လို့ အဲဒီလောက်မောက်မာတဲ့ စကားမျိုး ပြောရဲရတာလဲ။” ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်က မဟာလမ်းစဥ် စွမ်းအားများကို ပေ့ကုံးရွှမ်းထံသို့ တိုက်ရိုက် ပို့လွှတ်လိုက်သည်။ ကောင်းကင်မှ မမြင်နိုင်သော လက်ကြီးတစ်ဖက် ကျဆင်းကာ ဖိနှိပ်လာသလို ခံစားရပြီး လေဟာနယ်မဟာလမ်းစဥ်က ဆုပ်ယူဖမ်းဆွဲခံလိုက်ရသည်။ ထိုသည်မှာ ပေ့ကုံးရွှမ်းကို အလွန် ကြီးမားလှသည့် ဖိအားအောက်သို့ ကျရောက်သွားစေခဲ့သည်။

ပေ့ကုံးအော့က ရှေ့သို့ တစ်လှမ်းတက်လာပြီး ပေ့ကုံးရွှမ်း၏ အရှေ့တွင် ရပ်လိုက်သည်။ သူ့ထံမှ မိုးကြိုးမဟာလမ်းစဥ်စွမ်းအားများ ထိုးထွက်လာခဲ့ပြီး သူ့မျက်လုံးများမှ လျှပ်စီးတန်းများ လင်းလက်လာကာ ပြိုင်ဘက်ဆီသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ သူတို့၏ အကြည့်များက ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံးသည် အဆင့်ရှစ်ရန်ဟောင်များ ဖြစ်ကြသည်။ မမြင်နိုင်သော အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်ကို ဖြန့်ကျက်လွှမ်းခြုံလာခဲ့၏။

“မင်းတို့က အာခီမီနတ်နန်းတော်ရဲ့ ပညာရပ်တွေကို သံသယဝင်နေတာလား။ ဒါမှ မဟုတ်ရင် ဆေးဖော်စပ်သူတွေက အရမ်းအားနည်းတယ်လို့ထင်နေတာလား။” ကျီဟဲ့က သူ၏ ဆေးဖော်စပ်ခြင်းပညာရပ်နှင့် လျှိုချွမ်ကို အနိုင်ယူခဲ့သော်လည်း သူမ၏ အသံကို ကြားသည့်အခါ သူက လှည့်ကြည့်လာခဲ့သည်။ သူထံမှ မဟာလမ်းစဥ်စွမ်းအားများ စိမ့်ထွက်လာခဲ့၏။

“ခင်ဗျားတို့ အားလုံး ဘာလုပ်နေကြတာလဲ။” လင်ချိုးက ရှေ့သို့ ခြေလှမ်းကာ သူတို့အားလုံးကို ကြည့်၍ ပြောလိုက်သည်။ “ခင်ဗျားတို့က တုန်းဟွာနယ်မြေရဲ့ အတော်ဆုံး ဆေးဖော်စပ်သူတွေ အာခီမီနတ်နန်းတော်မှာ စုဝေးနေတယ်လို့ ပြောခဲ့တယ်။ ခင်ဗျားတို့တောင် ဒီလို ပြောနိုင်မှတော့ သူမကလည်း သူမရဲ့ အမြင်ကို ဖော်ထုတ်ပြောဆိုခွင့် မရနိုင်ဘူးလား။”

“မင်းက ဘယ်သူလဲ။” ကျီဟဲ့၏ အကြည့်များက လင်ချိုးပေါ်သို့ ကျရောက်သွားခဲ့သည်။

“သူက နဂါးဝပ်ဆင်းတောင်တန်းက လင်ချိုး။” ကျီဟဲ့ ဘေးမှ ကျုံးဖန်က ပြောလိုက်သည်။ သူသည် တစ်ဖက်လူကို သတိပြုမိပေသည်။ နဂါးဝပ်ဆင်းတောင်တန်းက တုန်းရှောင်းကုန်းမြေ၏ ထိပ်သီးအင်အားစုများထဲမှ တစ်ခုဖြစ်ပြီး သူသည် ယခင်က လင်ချိုးကို ဝမ်တုတွင် မြင်တွေ့ခဲ့ဖူးသည်။

လင်ချိုး၏ လူများနှင့် အာခီမီအင်ပါယာ၏ လူများက အတူတကွ ရှိနေကြပြီး သိသာစွာပင် သူတို့က အချင်းချင်း မိတ်ဆွေဖွဲ့ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ အဆုံးမှာတော့ မည်သူက အစွမ်းထက် အာခီမီအင်အားစု တစ်ခုနှင့် မိတ်ဆွေမဖွဲ့ချင်ဘဲ နေပါမည်နည်း။ ထိုသည်မှာ ချင်းဟယ်နန်းတော်နှင့် အာခီမီနတ်နန်းတော်တို့ ကဲ့သို့ပင် ဖြစ်လေသည်။

ကျီဟဲ့က လင်ချိုးကို ကြည့်လိုက်သည်။ သူက ဤနေရာ၌ ထွက်၍ စကားပြောဆိုခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ သူသည် နဂါးဝပ်ဆင်း တောင်တန်းမှ လင်မိသားစု အဖွဲ့ဝင်တစ်ယောက် ဖြစ်ပေသည်။ နဂါးဝပ်ဆင်းအိမ်တော်၏ စံအိမ်သခင် သုံးယောက်သည် အဆင့်ကိုးရန်ဟောင်များဖြစ်ကြသည့်အတွက်ကြောင့် သာမန်အင်အားစုများ အနေဖြင့် ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။ သို့သော် အာခီမီနတ်နန်းတော်က သာမန်အင်အားစုတစ်ခု မဟုတ်ပေ။

“ထိုက်ယွမ်ကုန်းမြေက အာခီမီအင်ပါယာတာဝါနဲ့ နဂါးဝပ်ဆင်းတောင်တန်းက လူတွေ ဒီနေ့ ဒီနေရာကို ရောက်လာတာ ပြသာနာရှာဖို့နဲ့တူတယ်။” လေထဲတွင် ရပ်နေသည့် အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်တစ်ယောက်က ပြောလိုက်သည်။ “ဒါမှမဟုတ်ရင် အာခီမီအင်ပါယာတာဝါက ဆေးဖော်စပ်သူ ဆရာသခင်တွေက သူတို့ အရည်အချင်းကို ထုတ်ပြချင်နေကြလို့လား။”

“ကျုပ်တို့က ဒီတိုင်း ဖြတ်သွားရုံပါပဲ။” လင်ချိုးက အပြုံးနှင့်ပြောလိုက်သည်။

“ဖြတ်သွားရုံလား။” ထိုလူက ပေ့ကုံးရွှမ်းထံသို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ “ဒါဆိုရင် မင်း အခုပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ။”

ပေ့ကုံးရွမ်းက မည်သို့ ပြောရမည်ကို မသိပေ။ ထို့ကြောင့် ရီဖူရှင်းအား ကြည့်လိုက်သည့်အတွက် ရီဖူရှင်းက ပြောလိုက်၏။ “မင်း ပြောစရာရှိတယ်ဆိုရင် ဒီတိုင်းပြောလိုက်ပါ။”

“ကျွန်မ တွေ့တာတော့ ရှင်တို့ရဲ့ ဆေးဖော်စပ်ခြင်း စွမ်းရည်က တကယ့်ကို သာမန်ပဲ။ ဒါကြောင့်မို့လို့ ဒီနေရာက တုန်းဟွာနယ်မြေအတွင်းမှာ အကျော်ကြားဆုံး ဆေးပညာအတွက် သန့်စင်မြင့်မြတ်နယ်မြေလို့ ဘာလို့ ခေါ်တာလဲလို့ မေးကြည့်တာ။ ရှင်တို့ တုန်းဟွာနယ်မြေအတွင်းက ဆေးဖော်စပ်သူတွေ အားလုံးက ဒီလောက်တောင် အရည်အချင်းမရှိဘူးလား။” ပေ့ကုံးရွှမ်းက မေးလိုက်သော်လည်း သူမက အနည်းငယ် သံသယဖြစ်နေဆဲ ဖြစ်၏။ သူမသည် ယခင်က ရီဖူရှင်း၏ ဆေးဖော်စပ်ခြင်း စွမ်းရည်ကိုသာ မြင်ဖူးသည့်အတွက် အမှားလုပ်မိသွားသည် ဖြစ်နိုင်သလား။ ဖြစ်နိုင်သည်မှာ သူက အလွန့် အလွန် ထူးချွန်သော စွမ်းရည်မျိုး ရှိနေ၍လား။

သို့သော်လည်း ရီဖူရှင်းက ဆေးပညာကို သင်ယူသည် ဆိုရုံမျှသာ သင်ယူခဲ့ခြင်း ဖြစ်သည်။ သူက အလွန် အရည်အချင်းရှိလျှင်ပင် သူ့အနေနှင့် အခြားသူများထက်ပို၍ လျင်မြန်စွာ တိုးတက်လာရန်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် ထိုလူများသည် တုန်းဟွာနယ်မြေအတွင်းမှ အကောင်းဆုံး ဆေးဖော်စပ်ခြင်း သန့်စင်မြင့်မြတ်နယ်မြေဟူ၍ ကျော်ကြားသည့်နေရာမှ လူများဖြစ်သည်။ သို့ပေမယ့် သူမသည် မည်သည့်အတွက်ကြောင့် သူတို့၏ ဆေးဖော်စပ်သည့်အရည်အချင်းနှင့် ရီဖူရှင်းကြားတွင် ကြီးမားသော ကွာဟချက်ကြီး ရှိနေသည်ဟု ခံစားနေရသနည်း။

ယခင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ရီဖူရှင်းသည် သူ၏ အဆင့်ထက် သာလွန်သော ဆေးလုံးများစွာကို ပေါ့ပေါ့ပါးပါး ဖော်စပ်ခဲ့သည်။ သူပထမဆုံး ဆေးလုံး စ ဖော်စပ်ခဲ့စဥ်က ဆေးလုံး၏ အရည်အသွေးမှာ အကောင်းဆုံးမဟုတ်ခဲ့သော်လည်း အတော်လေး ကောင်းမွန်နေဆဲပင် ဖြစ်သည်။

“အကြောက်အလန့်မရှိဘဲ မောက်မာတဲ့ စကားမျိုးပြောရဲတယ်။ ဒါက တကယ် အရှက်မရှိတဲ့ စကားမျိုးပဲ။” စီနီယာတစ်ယောက်က အေးစက်သော အသံနှင့် ပြောလိုက်၏။ “မင်းအနေနဲ့ ကျုပ်တို့ရဲ့ ဆေးဖော်စပ်ခြင်း စွမ်းရည်က အားနည်းတယ်လို့ ထင်မှတော့ မင်းရဲ့ စွမ်းရည်က ဘယ်လောက်ကောင်းလဲဆိုတာ ကြည့်ခွင့်ပေးသင့်တာပေါ့။”

“ကျွန်မ မလုပ်ဘူး။” ပေ့ကုံးရွှမ်းက တုံ့ပြန်လိုက်သည်။

သူမ၏ စကားများက လူတိုင်းကို အံ့သြမှင်တက်သွားစေခဲ့သည်။ အများစုက ပြုံးလိုက်ကြသည်။ သူမက မလုပ်ဘူးဟု ပြောခဲ့သည်လား။ သို့သော် သူမက အာခီမီနတ်နန်းတော်၏ ဆေးဖော်စပ်ခြင်း စွမ်းရည်ကို လှောင်ပြောင်သရော်နေခဲ့သည်။

“မင်းက မင်းရဲ့ ဆေးဖော်စပ်ခြင်း စွမ်းရည်ကို ကျုပ်တို့ဆီ မပြချင်ပေမယ့် လှောင်ပြောင်ရဲတယ်လား။” ကျီဟဲ့၏ အကြည့်များက ပေ့ကုံးရွှမ်းဆီသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

“ဒါပေမယ့် သူလုပ်နိုင်တယ်။” ပေ့ကုံးရွှမ်းက ရီဖူရှင်းထံ လှည့်ကြည့်ရင်း ပြောလိုက်သည်။ ရီဖူရှင်းက အံ့သြသွားခဲ့၏။ သူမက သူ့အား ရောင်းစားလိုက်သည်လား။

ရုတ်တရက် လျှိုချွမ်အပါအဝင် အာခီမီအင်ပါယာတာဝါမှ လူများနှင့် လူတိုင်း၏ အကြည့်များက ရီဖူရှင်းထံသို့ ရောက်ရှိလာခဲ့သည်။ ရီဖူရှင်း ယခင်က ပြောခဲ့သည်မှာ သူက စတင်သင်ယူနေခြင်းသာ ဖြစ်သောကြောင့် ဆေးဖော်စပ်ခြင်းကို နက်နက်နဲနဲ နားမလည်သေးဟူ၍ ဖြစ်သော်လည်း ယခု ပေ့ကုံးရွှမ်းက သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်ကို ပြသလိမ့်မည်ဖြစ်ကြောင်း ပြောနေခဲ့သည်။ ဆိုလိုသည်မှာ ရီဖူရှင်းက ဆေးဖော်စပ်ခြင်း၌ အမှန်တကယ် စွမ်းရည်ရှိသည်လား။ မဟုတ်လျှင် ပေ့ကုံးရွှမ်းက ထိုသို့သော စကားမျိုး ပြောလာလိမ့်မည် မဟုတ်ပေ။

“မင်းကရော အာခီမီအင်ပါယာရဲ့ တပည့်လား။” ကျီဟဲ့က သူ့ကို မေးလိုက်သည်။

“မဟုတ်ဘူး။” ရီဖူရှင်းက ခေါင်းယမ်းရင်း ပြန်ဖြေလိုက်၏။

“မင်း မိတ်ဆွေက ကျုပ်တို့ကို သရော်လိုက်တာကြောင့် မင်းအနေနဲ့ မင်းရဲ့ ဆေးဖော်စပ်ခြင်းစွမ်းရည်ကို ကျုပ်တို့ဆီ ပြသင့်တယ်မလား။” ဆရာသခင်ကျီဟဲ့က ပြောလိုက်သည်။

“ကျုပ် ဆေးပညာ သင်ယူတဲ့အချိန်က သိပ်မကြာသေးတာကြောင့် နက်နက်နဲနဲ နားလည်သဘောပေါက်မှု မရှိသေးဘူး။ အခုက အချိန်ကောင်းမဟုတ်သေးမှာ စိုးမိတယ်။” ရီဖူရှင်းက ပြောလိုက်သည်။

“မင်း ဘာလို့ စကားကို ရှင်းရှင်းမပြောရတာလဲ။ မင်းက ရှောင်ထွက်သွားချင်နေတာ မဟုတ်ဘူးလား။” ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ စွမ်းအားက ရီဖူရှင်းနှင့် အခြားသူများ ရပ်နေရာတဝိုက်ကို လွှမ်းခြုံသွားလေသည်။

လင်းချိုးနှင့် အခြားသူများက ရှေ့သို့ ခြေလှမ်းလာခဲ့သည်။ လင်ချိုးသည် လူတိုင်းကို ဝေ့ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ ဘာလို့ ဒီလိုလုပ်နေရတာလဲ။ အကယ်၍ သူမက ထွက်သွားချင်တယ်ဆိုရင် ခင်ဗျားတို့ တကယ် တားဆီးနိုင်မှာမို့လို့လား။”

အာခီမီနတ်နန်းတော်က အလွန် အစွမ်းထက်ပြီး မဟာမိတ်ဖွဲ့ရန်အတွက် ဖိတ်ခေါ်ထားသော အင်အားစုများစွာလည်း ဤနေရာ၌ ရှိနေပေသည်။ သို့သော် နဂါးဝပ်ဆင်းတောင်တန်းမှ လူများက အလွယ်တကူ အနိုင်ကျင့်၍ ရနိုင်သူများ မဟုတ်ပေ။

ထို့ပြင် သူတို့က အာခီမီအင်ပါယာနှင့် မိတ်ဆွေဖွဲ့ပြီးပြီဖြစ်ရာ အာခီမီနတ်နန်းတော်နှင့် ထပ်မံမိတ်ဖွဲ့ရန် မဖြစ်နိုင်တော့ပေ။ မဟုတ်လျှင် သူတို့၏ မိတ်ဆွေများအတွက် မမျှမတ ဖြစ်သွားရပေလိမ့်မည်။

“တားနိုင်တယ်။” ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်က ပြောလိုက်သည်။ “သူမ စကားကို ကိုယ်တိုင်ပြန်မရှင်းရင် သူမကို ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး။”

“ချင်းဟယ်နန်းတော်က ဘယ်တုန်းက ဒီလောက် ကြီးကျယ်မြင့်မြတ်သွားရတာလဲ။ ပြီးတော့ ခင်ဗျားတို့က အာခီမီနတ်နန်းတော်ရဲ့ လက်ကိုင်တုတ်တွေ ဖြစ်လာတာလား။” လင်ချိုးက လှောင်ပြောင်လိုက်သည်။ သို့သော် တစ်ဖက်လူက သူ့အား လျစ်လျူရှုထားကာ ပေ့ကုံးရွှမ်းကိုသာ စိုက်ကြည့်နေခဲ့သည်။

သူမက ထိုသို့ ရဲတင်းသော စကားမျိုးကို ပြောခဲ့ပြီး ဤနေရာမှ ထွက်သွားနိုင်မည်ဟု ထင်နေသလား။

ရီဖူရှင်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်က ဆေးဖော်စပ်ခြင်းအကြောင်း သိပ်နားမလည်ပေမယ့် ဒီမှာ မြင်ရသလောက်တော့ ဆေးဖော်စပ်တဲ့ အရည်အချင်းက တကယ် နိမ့်ကျတာပဲ။ ဒါကြောင့် ခင်ဗျားတို့က ကျုပ် အရည်အချင်းကို မြင်ချင်ကြတာလား။”

ထိုစကားကို ကြားသည့်အခါ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ အာခီမီစုဝေးပွဲမှ ဆေးဖော်စပ်မှုအဆင့်အတန်းက အနည်းငယ် နိမ့်ကျနေသည်လား။

လူတိုင်းက ဆွံ့အသွားလေသည်။ ထိုအာခီမီစုဝေးပွဲကို ဆရာသခင်ကျီဟဲ့အတွက် ကျင်းပပေးခြင်း ဖြစ်သည်။ သူသည် ဝမ်မြို့တော်တခွင်၌ အလားအလာအကောင်းဆုံး ဆေးဖော်စပ်သူဟု တွေးထင်ထားကြခြင်း ဖြစ်သည်။ ထို့ပြင် အာခီမီနတ်နန်းတော်၏ ကျုံးဖန်ကလည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သူတို့၏ အဆင့်သည် ရီဖူရှင်း၏ အမြင်တွင် အနည်းငယ်နိမ့်ကျနေသည်လား။

ထို့ပြင် သူ၏ လေသံမှ ဆုံးဖြတ်ကြည့်ရလျှင် သူ့တွင် အစီအစဥ်တချို့ ရှိနေပုံရလေသည်။ ကြည့်ရသည်မှာ သူက ဤနေရာ၌ ရှိနေသော အခြားဆေးဖော်စပ်သူများ၏ အင်အားကို လျစ်လျူရှုထားပုံရလေသည်။

“မောက်မာရဲတင်းလိုက်တာ…” ဤစုဝေးပွဲသို့ တက်ရောက်လာသော ဆေးဖော်စပ်သူဆရာသခင်များက ရီဖူရှင်းကို ဒေါသတကြီး ကြည့်လာကြသည်။ သူသည် ထိုစကားလုံးများနှင့် သူတို့အားလုံးကို ဆန့်ကျင်ခဲ့ခြင်း ဖြစ်လေသည်။

“တကယ် မောက်မာတာပဲ။ ဒီလိုဆိုမှတော့ မင်းရဲ့ ဆေးဖော်စပ်တဲ့စွမ်းရည် ဘယ်လောက်ကောင်းလဲ ကြည့်ရသေးတာပေါ့။” အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါးက ရီဖူရှင်းကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။ ထိုဆေးဖော်စပ်သူဆရာသခင်က သူ၏ ကိုယ်ပိုင်အရည်အချင်းပေါ် ဂုဏ်ယူပြီး အခြားသူများထံမှ မကြာခဏ ချီးမွမ်းခံရဖူးလေသည်။

“ငါ စောင့်ကြည့်နေမယ်။” ချင်းဟယ်နန်းတော်မှ တန်ခိုးရှင်က ပြောလိုက်သည်။ သူတစ်ယောက်တည်းသာ မဟုတ်ဘဲ တောင်ပေါ်မှာ လူတိုင်းက ရီဖူရှင်းကို ကြည့်နေကြခြင်း ဖြစ်သည်။ ဤနေရာသို့ ရောက်လာသည့် ထိုလူက အမှန်တကယ် အစွမ်းထက် ဆေးဖော်စပ်သူတစ်ယောက် ဖြစ်နိုင်သလား။

ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလိုက်သည်။ ကျီဟဲ့၊ ကျုံးဖန်နှင့် အခြားလူများက နောက်ဆုတ်ပေးလိုက်ကြ၏။ သူတို့အားလုံးက ရီဖူရှင်းကို စောင့်ကြည့်နေကြပေသည်။ သူတို့က သည်လူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်က မည်မျှ အားကောင်းကြောင်း မြင်တွေ့လိုကြပေသည်။

ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်လျှင် ရုတ်တရက် သူ့ရှေ့ရှိ လေထဲတွင် ဆေးပေါင်းဖိုတစ်ခု မျောလွင့်လာသည်။ နောက်တခဏ၌ သူ့ထံမှ မဟာလမ်းစဥ် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။ မဟာလမ်းစဥ်မီးလျှံများက ချက်ချင်းပင် ဆေးပေါင်းဖိုအတွင်း ပြည့်နှက်သွားသည်။

တောက်ပသည့် မီးလျှံများမှ နတ်အရှိန်အဝါတို့ ထွက်ပေါ်နေ၏။ ၎င်းတို့က အမတမီးလျှံတစ်ခုကဲ့သို့ပင်။ ရီဖူရှင်းသည် အချို့သော ဆေးဖက်ဝင်ပင်များကို ထုတ်ယူကာ ဆေးပေါင်းဖိုအတွင်း ထည့်လိုက်ပြီး ၎င်းတို့ကို ချေဖျက်ရန် မီးတောက်များအား အသုံးပြုလိုက်သည်။ သူက ထိုနေရာတွင် တင်ပျဥ်ခွေ၍ ထိုင်ကာ မျက်လုံးများကို မှိတ်ထားသည်။ သူက တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ် အားကောင်းကာ ပေါ့ပါးလွတ်လပ်သည့် အသွင်ရှိသည်။

“သူ့ မီးလျှံတွေက အရမ်းအားကောင်းတာပဲ။…” စောင့်ကြည့်နေသော လူတိုင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ လုပ်ဆောင်မှုမှတဆင့် သူတို့သည် ထိုမီးလျှံများက မည်မျှ အားကောင်းသန်မာသည်ကို ပြောနိုင်ပေသည်။

မီးလျှံအတွင်း နတ်သစ်ပင်နှင့်အတူ ဖီးနစ်တစ်ကောင်၏ ပုံရိပ်ပေါ်ပေါက်လာပုံရလေသည်။ ၎င်းက ဆေးပေါင်းဖိုအတွင်း ကြီးထွားလာသကဲ့သို့ ထင်မှတ်ရပေသည်။

ကျီဟဲ့၏ အကြည့်များက ရုတ်တရက် အေးခဲသွားခဲ့သည်။ ဆေးဖော်စပ်သူဆရာသခင်တစ်ယောက်အနေဖြင့် သူက လမ်းစဥ်မီးလျှံများနှင့် ပတ်သတ်ပြီး အာရုံခံနိုင်မှု အလွန် အားကောင်းပေသည်။ ရီဖူရှင်း စတင်လှုပ်ရှားလိုက်စဥ်ကပင် သူသည် ထိုမီးလျှံများက မည်မျှ အားကောင်းသည်ကို ခံစားမိပေသည်။

ထိုလူက မြင်နေရသလို မရိုးရှင်းနိုင်ပေ။

ရီဖူရှင်းသည် သူ၏ ဆေးဖော်စပ်မှုအား အလွန် ပေါ့ပါးစွာ ပြုလုပ်နေခဲ့ပြီး ဆေးဖက်ဝင်အပင်များအား ဆေးပေါင်းဖိုအတွင်း လောင်ကျွမ်းရန် ပေါင်းထည့်နေသည်။ သူက လွတ်လပ်ပေါ့ပါးကာ အပူအပင်ကင်းမဲ့နေပုံရပေသည်။ သူက ဆေးဖော်စပ်ခြင်းကို စတင်သင်ယူနေသည့် လူတစ်ယောက် အမှန်တကယ် ဖြစ်လျှင်ပင် သူ သုံးစွဲနေသည့် ဆေးပင်များက သာမန်ဆေးပင်များ မဟုတ်ပေ။

တောင်ရှေ့ရှိ ကျယ်ပြောသော နေရာတစ်ခွင်မှ လူများသည် သူ၏ ဆေးဖော်စပ်ခြင်းအား စောင့်ကြည့်နေကြသော်လည်း သူက ဂရုမစိုက်ပုံရလေသည်။ သူ့ကို ကြည့်ရသည်မှာ လုံးဝ လွတ်လပ်ပေါ့ပါးနေပြီး ထိုသည်မှာ သူ အမြဲ ဆေးဖော်စပ်မှုအား ပြုလုပ်နေသော ပုံစံပင် ဖြစ်နိုင်ပေသည်။

“သူက တကယ်ပဲ ဒီအတိုင်း လုပ်နေတော့မှာလား။” အာခီမီစုဝေးပွဲတွင် တက်ရောက်နေသော တစ်စုံတစ်ယောက်က မေးလိုက်သည်။ “သူက ဘယ်လို အထူးနည်းစနစ်မှ မသုံးဘူးလား။”

“ကျုပ် ပြောခဲ့သလိုပဲ။ ဆေးဖော်စပ်ခြင်းအကြောင်းကို ကျုပ် သိပ်နားမလည်ဘူး။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သို့သော် အမှန်တွင် သူက ဆေးပေါင်းဖိုအတွင်းမှ မီးလျှံတစ်ခုချင်းစီ၏ စွမ်းအားတိုင်းကို အသေအချာ ထိန်းချုပ်ထားပေသည်။

မီးလျှံများက တဖြေးဖြေး ပူပြင်းလာပြီး မဟာလမ်းစဥ် စွမ်းအားမျှင်များက ဆေးပေါင်းဖိုအတွင်း စီးဆင်းလာသည်။ သစ်ပင်က တဖြေးဖြေး ကြီးထွားလာနေကာ ဆေးပေါင်းဖိုအတွင်း၌ မုန်တိုင်းတစ်ခု တဖြေးဖြေး ဖြစ်တည်လာနေပြီး ဆူညံသံများကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။ ထိုသည်မှာ မဟာလမ်းစဥ် အော်မြည်သံပင် ဖြစ်တော့သည်။

သစ်ပင်က ဆက်လက်ကြီးထွားလာနေပြီး ဆေးပေါင်းဖိုမှ ဖြန့်ကျက်ထွက်လာပေသည်။ ထိုသစ်ပင်သည် အသက်စွမ်းအားအရှိန်အဝါတို့နှင့် ပြည့်နှက်နေလေသည်။ ၎င်း၏ အကိုင်းအခက်များနှင့် လွှမ်းခြုံလိုက်သမျှ နေရာတိုင်းတွင် တောက်ပသော အလင်းတို့ ပေါက်ကွဲထွက်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ရပေသည်။ နတ်အလင်းများက ပြင်းထန်သည်ထက် ပြင်းထန်လာခဲ့ပြီး သူတို့သည် ဆေးလုံးတစ်ခုက ထိုအလင်းများအတွင်း ကြီးထွားလာနေကာ သစ်သီးအပိုင်းအစကဲ့သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

လျှပ်တပြက်အတွင်း မဟာလမ်းစဥ်အလင်းတို့က ကျယ်ပြောသော နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အရာအားလုံးကို လျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်လာအောင် ပြုလုပ်ပေးနေသည်။ ထိုဆေးလုံးသစ်သီးက မဟာလမ်းစဥ် နတ်သစ်သီးကဲ့သို့ အလွန် တောက်ပလင်းလက်နေပေသည်။

“ဒါက…” လူတိုင်း၏ အမူအရာက ပြောင်းလဲသွားကာ ထိတ်လန့်အံ့အားသင့်သွားကြသည်။ ထိုသစ်သီးက အကြွင်းမဲ့ပြီးပြည့်စုံနေခဲ့၏။

ရီဖူရှင်းက လက်ကို ဝှေ့ယမ်းလိုက်ကာ အထဲမှ သစ်သီးကို ထုတ်ယူလိုက်သည်။ ရုတ်ချည်းပင် မဟာလမ်းစဥ် အလင်းတန်းများ ပျောက်ကွယ်သွား၏။ ရီဖူရှင်းက လူတိုင်းကို ကြည့်ကာ ပြောလိုက်လေသည်။ “ကျုပ်က ဆေးဖော်စပ်တာကို သိပ်နားမလည်ဘူး။ ဒါပေမယ့် ဒီဆေးကို အမြန် ဖော်စပ်လိုက်ရတယ်။ ဒါကြောင့် ဒီဆေးလုံးက အာခီမီနတ်နန်းတော်က ဆေးဖော်စပ်သူဆရာသခင်တွေနဲ့တော့ ယှဥ်နိုင်မှာ မဟုတ်ဘူး။ ဒီနေရာမှာက တုန်းဟွာနယ်မြေတစ်ခွင်လုံးရဲ့ အရည်အချင်းရှိ ဆေးဖော်စပ်သူတွေ အားလုံး စုဝေးနေကြတာမလား။ ဒါပေမယ့် အာခီမီစုဝေးပွဲမှာ အစောပိုင်းက ထုတ်ဖော်ပြသခဲ့တဲ့ ဆေးဖော်စပ်မှုကတော့ အတော်လေး ညံ့ဖျင်းနေတာပဲ။ ဒါကြောင့် ဒါက တကယ်ပဲ ခင်ဗျားတို့ ထုတ်ပြနိုင်တဲ့ အမြင့်ဆုံး စွမ်းရည်တွေတော့ မဟုတ်နိုင်ဘူးမလား။”

ရီဖူရှင်း၏ စကားလုံးများကို ကြားသည့်အခါ လူတိုင်းက တိတ်ဆိတ်သွားခဲ့သည်။ သူ၏ လှောင်ပြောင်သရော်နေသော လေသံက သူတို့အားလုံးကို ဆွံ့အသွားစေခဲ့သည်။

သူတို့သည် ရီဖူရှင်းကို သူ့စွမ်းရည်အား ပြသရန် ပြောခဲ့ကြသည်။ ယခု သူက သူ့စွမ်းရည်ကို ထုတ်ပြလိုက်ပြီ ဖြစ်သည်။ အာခီမီနတ်နန်းတော်က သူပြသခဲ့သော စွမ်းရည်နှင့် ပတ်သတ်၍ ကျေနပ်ပါရဲ့လား။

***


Comment

Leave a Reply


Options

not work with dark mode
Reset