Switch Mode

အပိုင်း(၁၉၅၉)

အဆင့်အရမ်းနိမ့်တယ်။

လျှိုချွမ်၏ စကားလုံးများက အနီးရှိလူများကို ခေတ္တမျှ တိတ်ဆိတ်သွားစေသည်။ အာခီမီစုဝေးပွဲကို အာခီမီနတ်နန်းတော်က ကျင်းပခြင်းဖြစ်ပြီး သူတို့က ဆရာသခင်ကျီဟဲ့အား ကြိုဆိုရန် အလုပ်ရှုပ်နေကြသည်။ အရာအားလုံးက ပေါ့ပါးကြည်နူးဖွယ် ဖြစ်နေသည့်အတွက် မြှောက်ပင့်ပြောဆိုမှုများမှာလည်း သာမန်သာ ဖြစ်လေသည်။

သို့သော် တစ်စုံတစ်ယောက်က ရှေ့ထွက်လာပြီး ကိစ္စရပ်များကို ကိုးယို့ကားယား ဖြစ်အောင် လုပ်လိမ့်မည်ဟု တွေးထင်မထားခဲ့ကြပေ။

အဆုံးမှာတော့ အာခီမီနတ်နန်းတော်မှ လူများသည်ပင် သူတို့၏ ဆေးဖော်စပ်ခြင်းစွမ်းရည်က တုံ့လိုင်နတ်ဘုရားအကြီးအကဲထက် သာလွန်အစွမ်းထက်သည်ဟု အလေးအနက် ပြောနိုင်စွမ်းမရှိကြချေ။ ထိုသည်မှာ သူတို့ကိုယ်သူတို့နှင့် အခြားသူများကို လိမ်လည်လှည့်ဖျားခြင်းသာ ဖြစ်ပေလိမ့်မည်။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ ဂုဏ်သတင်းက  ကျော်ကြားတယ်။ သူ့ရဲ့ ဆေးဖော်စပ်ခြင်းစွမ်းရည်ကလည်း ပြိုင်ဘက်ကင်းတယ်။ သူက သေချာပေါက် ကျင့်ကြံဆင့်နဲ့ ပတ်သတ်ပြီးတော့ အားသာချက်ရှိလိမ့်မယ်။ ဒါပေမယ့် အဆင့်အရဆိုရင် တုံ့လိုင်နတ်ဘုရားအကြီးအကဲရှိနေချိန်မှာတောင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အာခီမီနတ်နန်းတော်ထက် အားကောင်းမှာ မဟုတ်ဘူး။”

ထိုအခိုက်အတန့်တွင် တောင်တန်းအထက် ကောင်းကင်၌ လူတစ်စုရပ်နေခဲ့သည်။ သူတို့ကြားမှ သက်လတ်ပိုင်းလူကြီးတစ်ယောက်က လူတိုင်းကို ငုံ့ကြည့်လိုက်ပြီးနောက် လျှိုချွမ်နှင့် အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။ “ပြီးတော့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက လက်ရှိမှာ မတည်ရှိတော့ဘူး။ သူတို့က အတိတ်မှာ ကျန်နေခဲ့ပြီ။ အခု တုန်းဟွာနယ်မြေအတွင်းမှာ ဆေးပညာသင်ယူချင်တဲ့ ဘယ်သူမဆို အာခီမီနတ်နန်းတော်ကိုပဲ လာကြလိမ့်မယ်။ တုန်းရှောင်းကုန်းမြေက ဆေးဖော်စပ်သူဆရာသခင်တွေ အားလုံးက ဒီမှာ ရှိနေတယ်။ တလောကလုံးမှာ ရှိတဲ့ ဆေးဖော်စပ်သူဆရာသခင်တွေက ဒီနေရာမှာ လာစုစည်းနေကြတယ်လို့ ပြောရင်တောင် မမှားဘူး။”

ထိုလူ၏ အရှိန်အဝါက အလွန် အားကောင်းသန်မာသည်။ သူ့အမူအရာက တည်ငြိမ်သော်လည်း ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ရှိနေသည်။ သူ့အနားမှ လူများအားလုံးသည်လည်း ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတို့ ရှိနေ၏။ သူတို့အားလုံးမှာ အာခီမီနတ်နန်းတော်မှ ဖိတ်ခေါ်ထားသော ဧည့်သည်များ ဖြစ်သည်။ ထိုသူများသည် တုန်းရှောင်းကုန်းမြေမှ အခြားအင်အားစုတစ်ခုဖြစ်သော ချင်းဟယ်နန်းတော် ဖြစ်လေသည်။

ချင်းဟယ်နန်းတော်မှာ လင်ချိုးပြောဖူးသည့် အင်အားစုများထဲမှ တစ်ခုဖြစ်သည်။ သူတို့က ဖိတ်ကြားမှုများ လက်ခံရရှိခဲ့ပြီး အာခီမီနတ်နန်းတော်နှင့် ဆက်ဆံရေးကောင်းများကို ထိန်းသိမ်းရန် ဧည့်သည်များအဖြစ် ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော အချိန်အခါမျိုးတွင် သူတို့က အာခီမီနတ်နန်းတော်ကို ချီးကျူးမြှောက်ပင့်စကားဆိုခြင်းမှာ သာမန်သာ ဖြစ်သည်။ ထိပ်သီးအင်အားစုများသည်ပင် အစွမ်းထက်အင်အားစုတစ်ခု ဖြစ်လာစေရန် ဆေးဖော်စပ်သူဆရာသခင်များစုဝေးနေသည့် အင်အားစုနှင့် မိတ်ဆွေဖြစ်လိုကြသည်။

“အဲဒီလိုပြောလို့တော့ ရပါတယ်။” လျှိုချွမ်က လေထဲရှိ သက်လတ်ပိုင်းလူကြီးကို ပြန်ကြည့်ကာ ပြောလိုက်သည်။ သူတို့အကြည့်များမှ ထွက်ပေါ်လာသော ဖိအားက မုန်တိုင်းတစ်ခုကဲ့သို့ပင် ဖြစ်ငည်။ “အာခီမီနတ်နန်းတော်က ဆေးပညာအတွက် သန့်စင်မြင့်မြတ်နယ်မြေတစ်ခုပဲ။ ကျုပ် သူတို့ရဲ့ ဆေးပညာအရည်အချင်းကို မငြင်းဆန်ပါဘူး။ ဒါပေမယ့် တုန်းရှောင်းကုန်းမြေက ကျယ်ပြောပြီး လူတွေအများကြီး ရှိတယ်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲ ဆုံးပါးသွားပေမယ့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကတော့ ရှိနေဆဲပဲ။ အဲဒီမှာ အစွမ်းထက် ဆေးဖော်စပ်သူဆရာသခင်တွေ မရှိပါဘူးလို့ ခင်ဗျားတို့ ဘယ်လိုပြောနိုင်မလဲ။ ပြီးတော့ ထိုက်ယွမ်ကုန်းမြေရဲ့ အာခီမီအင်ပါယာတာဝါမှာလည်း ဆေးဖော်စပ်သူဆရာသခင်တွေ အများကြီးရှိတယ်။ သူတို့က အာခီမီနတ်နန်းတော်ထက် နိမ့်ကျနေစရာအကြောင်းမရှိဘူး။”

အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်များက လျှိုချွမ်ကို ကြည့်လိုက်သည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲနှင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ နာမည်ကျော်ကြားဆဲ ဖြစ်သော်လည်း သူတို့ကို များစွာ မခြိမ်းခြောက်နိုင်ပေ။ ထို့ပြင် သူတို့က ဝမ်တုမှာ ဖြစ်သည်။

သူတို့ထဲမှ စီနီယာတစ်ယောက်က လျှိုချွမ်ကို ကြည့်လိုက်သည်။ “ဒီတော့ မင်းက အာခီမီအင်ပါယာတာဝါကလား။”

ထိုစီနီယာ၏ စကားများကို ကြားသည့်အခါ လူတိုင်းက ပင့်သက်ရှိုက်လိုက်ကြပြီး အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အာခီမီအင်ပါယာတာဝါသည် ထိုက်ယွမ်ကုန်းမြေရှိ ထိပ်သီးအာခီမီအင်အားစု ဖြစ်သည်။ ထိုတာဝါ၏ သခင်မှာ ဆေးပညာတွင် အလွန် ထူးချွန်ထက်မြက်သည့် အတွက်ကြောင့် အာခီမီအင်ပါယာဟု ခေါ်တွင်ကြပေသည်။ သူက ထိုက်ယွမ်ကုန်းမြေတွင် အာခီမီအင်အားစုတစ်ခုကို တည်ထောင်ထားသည်။ ပြောကြသည်မှာ အာခီမီအင်ပါယာက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ တပည့်တစ်ယောက် ဟူ၍ ဖြစ်ပေသည်။

လူအများသည် အာခီမီအင်ပါယာက တုန်းရှောင်းကုန်းမြေသို့ တစ်ခါတစ်ရံလာတတ်ကြောင်း သိရှိထားသည်။

ထိုသို့ပြောလိုက်သူက အာခီမီအင်ပါယာ၏ လူများထဲမှတစ်ယောက် ဖြစ်နိုင်သလား။

ထိုသည်မှာ အလွန်စိတ်ဝင်စားစရာပင် ဖြစ်သည်။ အာခီမီအင်ပါယာတာဝါနှင့် အာခီမီနတ်နန်းတော်မှလူများ တစ်နေရာထဲတွင် ဆုံတွေ့သောအခါ မည်သို့ ဖြစ်လိမ့်မည်နည်း။

ယခု ကြည့်ရသည်မှာ သူတို့ သိသွားပြီဟု ထင်ပါသည်။

“ဟုတ်တယ်။” လျှိုချွမ်က အခြားလူများကို ပြောလိုက်သည်။

ကောင်းကင်မှ စီနီယာက ပြုံးကာ ပြောလိုက်၏။ “ကျုပ် ကြားဖူးတာတော့ အာခီမီအင်ပါယာကို တုံ့လိုင်နတ်ဘုရားအကြီးအကဲ သင်ကြားပေးဖူးတယ်တဲ့။ အာခီမီအင်ပါယာက တကယ့်ကို အစွမ်းထက်ပေမယ့် အာခီမီအင်ပါယာတာဝါမှာတော့ သူ့ခြေရာနင်းနိုင်တဲ့သူ ဘယ်သူမှ မရှိဘူးတဲ့။ ဒါပေမယ့်လည်း သူ့အပြင် တခြားအစွမ်းထက် ဆေးဖော်စပ်သူတွေ ရှိမယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကတော့ သူတို့အကြောင်း ကျုပ် သိပ်မသိဘူး။ မင်းက အာခီမီအင်ပါယာရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး ဒီနေ့ အာခီမီစုဝေးပွဲကို ရောက်လာမှတော့ ဘာလို့ စစ်ဆေးမှုမှာ ဝင်မပါတာလဲ။ မင်းနဲ့ ကျုံးဖန်တို့ အတူတူ ဆေးဖော်စပ်ကြလေ။ ကျုပ်တို့လည်း အာခီမီအင်ပါယာတာဝါက လူတွေ ဘယ်လောက် စွမ်းရည်မြင့်လဲ မြင်ချင်တယ်။” သူက သူ၏ ကိုယ်ပိုင်ဆေးဖော်စပ်မှု အရည်အချင်းနှင့် လျှိုချွမ်အား အနိုင်ကျင့်လိမ့်မည် မဟုတ်ပေ။ အဆုံးမှာတော့ သူတို့အားလုံးက အဆင့်အတန်း ရှိသော လူများသာ ဖြစ်ပြီး အဆင့်အတန်းကို အသုံးချကာ သူ့ထက် အားနည်းသော တစ်စုံတစ်ယောက်ကို အနိုင်ကျင့်ရန်မှာ သင့်လျော်ခြင်း မရှိပါချေ။

ကျုံးဖန်သည် ယခင်က ကျီဟဲ့ကို ရှုံးနိမ့်ခဲ့ပါသော်လည်း သူ့တွင် အဆင့်မြင့်မားသော ဆေးဖော်စပ်ခြင်းစွမ်းရည် ရှိပေသည်။ အာခီမီနတ်နန်းတော်အတွင်း၌ ချီမုမှလွဲ၍ အခြားမည်သူမှ သူ့ကို အနိုင်မယူနိုင်ကြပေ။

“ကျုပ် လုပ်ပါ့မယ်။” ကျီဟဲ့က ပြောလိုက်သည်။ “ကျုပ်က အာခီမီနတ်နန်းတော်ကို ဝင်ရောက်ပြီးပြီဆိုတော့ နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီလို့ ပြောနိုင်တယ်။ ပြီးတော့ ကျုပ်အနေနဲ့ အာခီမီအင်ပါယာရဲ့ နာမည်ကို ကြားဖူးတာ ကြာလှပြီ။ တစ်နေ့မှာ အခွင့်အရေးရရင် သူ ဘယ်လောက် အစွမ်းထက်လဲ လေ့လာကြည့်နေခဲ့တာ။ အခု သူ့တပည့်တစ်ယောက် ရောက်လာမှတော့ ဘာလို့ ကျုပ်တို့ ဘယ်သူ့ဆေးပညာပိုကောင်းလဲ ပြိုင်မကြည့်ရမှာလဲ။”

“ဆရာသခင်ကျီဟဲ့ကသာ ဆန္ဒရှိရင် ကျုပ်တို့ဘက်ကလည်း ကန့်ကွက်စရာ မရှိပါဘူး။” အာခီမီနတ်နန်းတော်မှ စီနီယာက အပြုံးနှင့် ပြောလိုက်သည်။ ကျီဟဲ့က အာခီမီစုဝေးပွဲ၌ အကျော်ကြားဆုံးဖြစ်ကာ ကျုံးဖန်ထက်ပင် ပို၍ သန်မာပေသည်။

လျှိုချွမ်က တိတ်ဆိတ်နေ၏။ သူသည် သူ့ကိုယ်ပိုင်စွမ်းရည်က ကျီဟဲ့ထက် အနည်းငယ် အားနည်းသည်ကို သေချာသိသည်။ ကျီဟဲ့ကို အနိုင်ယူရန်မှာ သူ့အတွက် မလွယ်ကူပေ။

သို့သော် ယခုတွင် သူ့ပြိုင်ဘက်က အစပျိုးကာ စိန်ခေါ်လာသည့်အတွက် သူသည် သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်ကို ပြသရတော့မည် ဖြစ်သည်။ သူက ငြင်းဆန်ခဲ့လျှင် မည်သို့ ဖြစ်သွားလိမ့်မည်နည်း။

ထို့ပြင် ဆေးဖော်စပ်သူများကြားမှ ထိပ်တိုက်တွေ့ဆုံမှုက ဆေးဖော်စပ်ခြင်းနှင့်သာ ဖြေရှင်းနိုင်ပေသည်။

“ကျုပ်က အာခီမီအင်ပါယာရဲ့ လက်အောက်မှာ ကျင့်ကြံနေပေမယ့် ဆေးဖော်စပ်ခြင်းမှာ အရည်အချင်းသိပ်မရှိဘူး။ ဒါပေမယ့် ခင်ဗျားတို့က ကျုပ်ကို စမ်းသပ်ချင်တယ်ဆိုရင်တော့ ဆက်လုပ်ကြတာပေါ့။” လျှိုချွမ်က မလွှဲသာမရှောင်သာ အခြေအနေသို့ ကျရောက်နေခဲ့သည်။ သူက ငြင်းပယ်ခဲ့လျှင် မျက်နှာပျက်ရမည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။

သူက ရှေ့သို့ လျင်မြန်စွာ ခြေလှမ်းသွားခဲ့သည်။ ကျီဟဲ့က သူ့ကို ကြည့်ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး ထိုင်ပါ။”

“ကျေးဇူး” လျှိုချွမ်က တုံ့ပြန်လိုက်သည်။ သူက လေထဲ၌ တင်ပျဥ်ခွေကာ ထိုင်လိုက်၏။ ဆေးပေါင်းဖိုတစ်ခုက သူ့ရှေ့တွင် ထွက်ပေါ်လာပြီး တခဏအတွင်း လမ်းစဥ်မီးလျှံများနှင့် ပြည့်လာခဲ့သည်။ တစ်ချိန်တည်းတွင် ဆေးဖက်ဝင်အပင်များက ဆေးပေါင်းဖိုအတွင်း ပျံသန်းသွား၏။

ဆရာသခင်ကျီဟဲ့သည်လည်း သူ၏ ဆေးပေါင်းဖိုကို ထုတ်ယူလိုက်ပြီး မဟာလမ်းစဥ်မီးလျှံကို ထိန်းချုပ်ကာ အပြည့်အဝ လောင်ကျွမ်းတောက်ပလာစေသည်။

မိုးကြိုးနတ်ဘုရား၏ စွမ်းအားအောက်တွင် လျှိုချွမ် မည်သို့လုပ်နေသည်အား မည်သူမှ မမြင်နိုင်ပေ။ ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ကျီဟဲ့ ဆေးဖော်စပ်ခြင်း စတင်သည်နှင့် မိုးကြိုးမဟာလမ်းစဥ်အလင်းများက နေရာတစ်ခွင်လုံးကို ဖုံးလွှမ်းသွားပြီး လျှိုချွမ်၏ ဆေးပေါင်းဖိုရှိနေရာတစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့သည်။ ကြည့်ရသည်မှာ သူ၏ အပြုအမူ လှုပ်ရှားမှုတိုင်းက တဖြေးဖြေး နှေးကွေးသွားခဲ့ပြီး ယခင်ကထက်ပင် ပိုမိုနှေးကွေးလာပုံရသည်။

ဘုန်း…

ကောင်းကင်မှ မိုးကြိုးမဟာလမ်းစဥ် စွမ်းအားများက သူ၏ ဆေးပေါင်းဖိုထဲသို့ တိုက်ရိုက်ကျဆင်းလာခဲ့သည်။ မကြာခင်မှာပင် တောက်ပသော ဆေးလုံးတစ်လုံး ထွက်ပေါ်လာပြီး လေထဲတွင် မျောလွင့်နေသည်။ ၎င်းမှ သိပ်မွေ့နက်နဲသော မဟာလမ်းစဥ်စွမ်းအား များ ထုတ်လွှတ်နေ၏။ ၎င်းသည် ယခင်ဆေးလုံးများနှင့် ဆင်တူသော်လည်း ယခုဆေးလုံးတွင် ဆရာသခင်ကျီဟဲ့၏ စွမ်းရည်နှင့် ဂရုတစိုက် ရှိမှုတို့ကို ဖော်ပြနေသည်။

သို့သော် အခြားတစ်ဖက်မှ လျှိုချွမ်မှာ အနည်းငယ် စိတ်ပူပန်နေပုံရလေသည်။ သူ၏ ဆေးပေါင်းဖိုက အဆက်မပြတ် တုန်ခါနေခဲ့သည်။

ဘန်း…

ထက်ရှသော ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လောင်ကျွမ်းနေသော ရနံ့တစ်ခုက ပတ်ဝန်းကျင်တွင် ထိုးဖောက်လာခဲ့သည်။ လျှိုချွမ်၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး သူက အလွန်အမင်း ရှက်ရွံ့ခြင်းကို ခံစားရပေသည်။ သူက ဤဆေးဖော်စပ်ခြင်း စမ်းသပ်ပွဲ၌ ရှုံးနိမ့်သွားခဲ့၏။ သူ၏ ပြိုင်ဘက်က သူ့အား နှောက်ယှက်လိုက်ခြင်း ဖြစ်သော်လည်း အရှုံးသာ ဖြစ်သည်။ သူက သူ၏ ဆေးဖော်စပ်ခြင်းကိုပင် ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပေ။

“မင်းက ကိုယ့်ဆေးလုံးကိုတောင် ကိုယ် ပြီးဆုံးအောင် မသန့်စင်နိုင်ဘူး။ ကျုပ် အာခီမီအင်ပါယာကို လေးစားပေမယ့် သူ့လက်အောက်မှာ သင်ယူနေတဲ့ လူတွေအားလုံးက မင်းလိုပဲ အားနည်းကြတာလား။” သူ၏ အသံက အေးစက်နေပြီး ထေ့ငေါ့သည့် စကားများ သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ သူက လျှိုချွမ်ကို အနိုင်ယူလိုက်နိုင်သည်နှင့် ချက်ချင်း ခက်ထန်သွားပုံရလေသည်။

လျှိုချွမ်သည် နောက်ပြန်ဆုတ်ရမလား ရှေ့ဆက်တိုးရမလားမသိတော့ဘဲ အလွန် ရှက်ရွံ့နေခဲ့သည်။ သူက လေထဲတွင် တောင့်တင်းစွာ ရှိနေခဲ့၏။

“မင်း ပြန်ရောက်တဲ့အခါ ဒီကို ပြန်လာပြီး မောက်မောက်မာမာ မပြုမူခင် အာခီမီအင်ပါယာလက်အောက်မှာ နှစ်နည်းနည်းလောက်ပိုပြီး ကောင်းကောင်းမွန်မွန် သင်ယူသင့်တယ်။” ကျီဟဲ့က အားကောင်းလှသောအသံနှင့် အေးစက်စွာ ပြောလိုက်သည်။ သူသည် ယခင်ကနှင့် လုံးဝ ကွဲပြားသွားပုံရလေသည်။

လျှိုချွမ်က မည်သည့်ဆေးလုံးမှ မလုပ်နိုင်ခဲ့သည့်အတွက် ပြိုင်ဘက်အား မည်သို့ တုံ့ပြန်ရမည်ကို မသိပေ။ သူ၏ နှလုံးသားထဲတွင် ဝမ်းနည်းခြင်းနှင့် ပြည့်နေပြီး အနည်းငယ် ခါးသက်နေခဲ့သည်။ ဆရာသခင်ကျီဟဲ့က အာခီမီနတ်နန်းတော်အတွက် သူ့အား ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုသွားခြင်း ဖြစ်သည်။

“ထွက်သွား။” ကျီဟဲ့က သူ့လက်များကို ခါလိုက်သည်။ လျှိုချွမ်က သူ့လူများထံ ပြန်ရောက်လာ၏။ သူက ခေါင်းငိုက်စိုက်ကျနေပြီး မည်သူ့ကိုမှ မကြည့်တော့ပေ။

သူ့အနီးမှ လူများက ဖြစ်ခဲ့သည့် အကြောင်းအရာကို စတင်ဆွေးနွေးနေကြသည်။ သူတို့၏ စကားလုံးများက အနည်းငယ် ကြမ်းတမ်းနေခဲ့သည်။

“ကြည့်ရတာ တုန်းဟွာနယ်မြေတစ်ခုလုံးမှာ ရှိတဲ့ အစွမ်းထက် ဆေးဖော်စပ်သူဆရာသခင်တွေက ဒီမှာ ရှိနေတာ ထင်တယ်။ အဲဒါက မေးခွန်းထုတ်နေစရာတောင် မလိုတော့ဘူး။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ပြောရလျှင် အာခီမီအင်ပါယာလက်အောက်၌ ပညာသင်ယူနေသော တန်ခိုးရှင်တစ်ယောက်က သူတို့အား စိတ်ပျက်စေခဲ့ပေသည်။

သို့သော် လင်ချိုးက ရီဖူရှင်းအား ကြည့်လိုက်သည်။ သူ့အမူအရာက တစ်ချိန်လုံး တည်ငြိမ်နေခဲ့၏။ ဤလူသာ ဆေးဖော်စပ်သူဆရာသခင် အမှန်တကယ် ဖြစ်ပါလျှင် သူ ယခု အခြေအနေအား ဝင်စွက်ရန် သင့်မသင့် စဥ်းစားနေခြင်း ဖြစ်နိုင်သလား။

“တုန်းဟွာနယ်မြေရဲ့ ဆေးဖော်စပ်သူဆရာသခင်တွေက တကယ်ပဲ ဒီလောက် အားနည်းကြတာလား။” ထိုအချိန်၌ နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက အလွန်တိုးသက်သော်လည်း လူတိုင်း သေချာကြားလိုက်ရပေသည်။ သူတို့ မျက်နှာများထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာပြီး စကားပြောလာသည့် အမျိုးသမီးကို ကြည့်လိုက်ကြသည်။ ထိုသူမှာ ရီဖူရှင်းဘေး၌ ထိုင်နေသော ပေ့ကုံးရွှမ်းဖြစ်သည်။

စကားတစ်ခွန်းနှင့်ပင် သူမသည် တုန်းဟွာနယ်မြေ၏ ဆေးဖော်စပ်သူဆရာသခင်များအားလုံးကို ကျိန်ဆဲခဲ့ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset