Switch Mode

အပိုင်း(၁၉၅၈)

မောက်မာသောစကားလုံးများ

“မင်းက နည်းနည်းပဲ သိတာလား။ မဟုတ်ရင် ဘာကိုမှ မသိတာလား။” တစ်ဖက်လူက ရီဖူရှင်း၏ စကားများကို ကြားပြီးနောက် ဆက်ပြောလိုက်သည်။ “ဒီနေ့ ဆေးဖော်စပ်ခြင်း စုဝေးပွဲမှာ ပါဝင်ကြတဲ့ လူတိုင်းက ဆေးဖော်ခြင်းမှာ ဆရာသခင်တွေချည်းပဲ။ မင်းက ဆေးဖော်စပ်ခြင်းနဲ့ ပတ်သတ်ပြီး နည်းနည်းလေးပဲ သိတယ်ဆိုရင် လွယ်လွယ်လေး အကဲမဖြတ်တာ အကောင်းဆုံးပဲ။”

“အင်း။ ဆရာကြီး ပြောတာ မှန်ပါတယ်။” ရီဖူရှင်းက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။ သူက နောက်ထပ် မပြောတော့ဘဲ တိတ်ဆိတ်စွာနဲ့ စောင့်ကြည့်နေခဲ့၏။

ထို့နောက်တွင် ပိုမိုများပြားသော လူများက ထိုနေရာ၌ စုစည်းလာကြသည်။ အရှေ့တွင် ရှိနေသော တောင်တန်းတဝိုက် နတ်ဘုရားကဲ့သို့ သိမ်မွေ့နက်နဲသော အရှိန်အဝါတို့က စိမ့်ဝင်ပျံ့နှံ့နေသည်။ ဆေးလုံးများ၏ ရနံ့က ပို၍ အားကောင်းလာသည်။ ဆေးဖော်စပ်သူများက ဆေးလုံးများကို အောင်မြင်စွာ သန့်စင်နိုင်ရန် ကြိုးစားနေကြသည်။ ဖော်စပ်ထားသော ဆေးလုံးများမှ တောက်ပသည့် မဟာလမ်းစဥ်ရောင်ဝါများ ထွက်ပေါ်နေပြီး ကြည့်ရှုသူများကို ပျော်ရွှင်ပီတိဖြစ်ပေါ်လာစေသည်။

“အာခီမီစုဝေးပွဲကနေပြီးတော့ ဆုတွေဘာတွေများ ရနိုင်လား။ ဘာဖြစ်လို့ ဆေးဖော်စပ်သူတွေ ဒီလောက်အများကြီး ဒီမှာ ရောက်နေကြရတာလဲ။” ရီဖူရှင်းက မေးလိုက်သည်။ ဆေးဝါးဖော်စပ်ခြင်း၌ ကျွမ်းကျင်သော ဆေးဖော်စပ်သူများက အလွန်မောက်မာတတ်ကြပြီး အခြားလူများရှေ့၌ ဆေးလုံးသန့်စင်ကြခြင်းကို အမုန်းဆုံးပင် ဖြစ်သည်။ ထိုပြင် သူတို့က ဆေးပညာဖော်စပ်မှုကို လေ့ကျင့်ချင်လျှင် ကြည့်ရှုနေသူများ မလိုအပ်ပေ။

ထို့ကြောင့် ဤဆေးဖော်စပ်ခြင်း စုဝေးပွဲ၌ ပါဝင်ခြင်းဖြင့် အကျိုးအမြတ် ရနိုင်သော တစ်စုံတစ်ခု ရှိရပေမည်။

“ဒါပေါ့။” လင်ချိုးက ခေါင်းညိတ်လိုက်သည်။ “ကျုပ်သိသလောက်ဆိုရင် အာခီမီနတ်နန်းတော်က ဒီလိုစုဝေးပွဲ ကျင်းပတဲ့ အခါတိုင်း ဆုလာဘ်တွေ ပေးတတ်တယ်။ ဆေးဖော်စပ်ခြင်း နည်းစနစ်တွေ၊ လမ်းစဥ်မီးလျှံတွေ မဟုတ်ရင် တန်ဖိုးမဖြတ်နိုင်တဲ့ ဆေးဖော်စပ်ခြင်းအညွှန်းတွေ စတာတွေ ပေးတတ်တယ်။ ပြီးတော့ အဖိုးတန်တဲ့ ဆေးဖော်စပ်ခြင်း ပစ္စည်းတွေနဲ့ ပါဝင်ပစ္စည်းတွေကိုလည်း ရနိုင်သေးတယ်လေ။”

“အဲဒါတွေ အားလုံးက ဆေးဖော်စပ်တဲ့သူတွေ သဘောကျတဲ့ ရတနာတွေချည်းပဲ။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်များစွာ အတွင်းမှာ အာခီမီနတ်နန်းတော်က အာခီမီစုဝေးပွဲကို အသုံးပြုပြီးတော့ တန်ခိုးရှင်တွေအများကြီးကို သူတို့အဖွဲ့အစည်းထဲမှာ သိမ်းသွင်းခဲ့တယ်။ တချို့ ဆေးဖော်စပ်သူတွေက သူတို့အဖွဲ့အစည်းကို ဝင်ရောက်ချင်ပေမယ့် တချို့ကတော့ ဆေးလုံးတွေ ရရှိဖို့ ဆန္ဒရှိကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာခီမီနတ်နန်းတော်ရဲ့ အင်အားက အဆက်မပြတ် ကြီးထွားလာခဲ့တယ်။ အခု ဒီဝမ်တု အဓိက မြို့တော်မှာတောင်မှပဲ သူတို့ကို ထိပ်တန်းအင်အားစုတွေထဲက တစ်ခုအဖြစ် ဆုံးဖြတ်နိုင်တယ်။ ပြောကြတာကတော့ အာခီမီနတ်နန်းတော်ရဲ့ လူအိုကြီးက ဘာကိစ္စကိုမှ ဂရုမစိုက်ဘဲ အချိန်အကြာကြီး ကျင့်ကြံရေးမှာပဲ အပြည့်အဝ အာရုံစိုက်နေခဲ့တာတဲ့။ နောက်ထပ် ပြောကြတာကတော့ သူက ကျင့်ကြံခြင်း နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့အတွက် အထောက်အကူပြုနိုင်မယ့် ဆေးလုံးကို သန့်စေနေတယ်တဲ့လေ။ လင်ချိုးက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ အဆုံးမှာတော့ ထိုကောလဟာလများက အများရှေ့၌ ညွှန်းဆိုသင့်သည့်အရာ မဟုတ်ပေ။

“သြော်.. အဲဒီလိုကိုး။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက တူညီသောနေရာသို့ ဆက်ကာ ကြည့်နေခဲ့ပေသည်။

အချိန်ကုန်ဆုံးသွားပြီး တန်ခိုးရှင်များက ပိုမိုများပြားသော ဆေးလုံးများ သန့်စင်ခဲ့ကြသည်။ သို့သော်လည်း လူအုပ်ကြီးသည် ပါဝင်သူများကြားမှ ဆေးဖော်စပ်သူ နှစ်ယောက်ကိုသာ အာရုံစိုက်နေခဲ့ကြသည်။ ရီဖူရှင်းသည် ထိုဆေးဖော်စပ်သူ နှစ်ယောက်၏ အမည်က စကားပြောဆိုနေကြသည့်ထဲတွင် အများဆုံးရည်ညွှန်းခံရသည်ကို သတိပြုမိခဲ့သည်။ သူတို့က သေချာပေါက် ပရိသတ်အာရုံကို ဆွဲဆောင်ထားနိုင်သူများ ဖြစ်ကြသည်။

သူတို့ထဲမှ တစ်ယောက်မှာ သက်လတ်ပိုင်းအရွယ်ရှိပြီး ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက လေးဆယ်ခန့် အရွယ်ရှိသည်ဟု ထင်မှတ်ရသည်။ သူသည် ဆေးလုံးသန့်စင်သည့်အခါ၌ အလွန် တည်ငြိမ်နေခဲ့သည်။ သူ့တွင် ဆရာသခင်တစ်ယောက်၏ အရှိန်အဝါမျိုး ရှိသည်။ သူ၏ လမ်းစဥ်မီးလျှံက အလွန် လွှမ်းမိုးနိုင်စွမ်းရှိသော ခရမ်းရောင်မိုးကြိုးမီးလျှံ ဖြစ်ပေသည်။ သူက ဝမ်တုတွင် အတော်လေး အစွမ်းထက်သော ဆေးဖော်စပ်သူတစ်ယောက်ဖြစ်ပြီး ဆရာသခင်ကျီဟဲ့ဟု ကျော်ကြားပေသည်။

နောက်တစ်ယောက်မှာ သူ့ထက်ပို၍ ငယ်ရွယ်ပုံရပြီး အသက်သုံးဆယ်ခန့်သာရှိမည်ဟု ထင်ရပေသည်။ ဖျော့တော့ကာ ကြည်လင်သန့်ရှင်းသော မျက်နှာနှင့် ကျောင်းတော်သားတစ်ယောက်နှင့် တူပေသည်။ သူ၏ လမ်းစဥ်မီးတောက်က ရွှေရောင်ရှိသည်။ သူ့အနီးဝန်းကျင် နေရာတစ်ခုလုံးမှာ ပူပြင်းစွာ လောင်ကျွမ်းလျက်ရှိပြီး ရွှေရောင်လမ်းစဥ်မီးလျှံက သူ၏ ဆေးပေါင်းဖိုကို ဝိုင်းပတ်ကာ ရွှေရောင်နဂါးများ အသွင် ဖြစ်တည်နေသည်။

အနီးဝန်းကျင်ရှိ လူများ၏ စကားစမြည် ပြောဆိုမှုများမှတဆင့် ထိုလူက အာခီမီနတ်နန်းတော်မှ ဆေးဖော်စပ်သူတစ်ယောက်ဖြစ်ကြောင်း ပြောနိုင်ပေသည်။ စုဝေးပွဲကျင်းပသော အင်အားစု၏ အဖွဲ့ဝင်များအနေနှင့် သူတို့သည်လည်း အာခီမီစုဝေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်း ပြည့်မီပေသည်။

“ကျုံးဖန်က နန်းတော်သခင်ရဲ့ တိုက်ရိုက်တပည့်တစ်ယောက်ပဲ။ သူက နဂါးကိုးကောင်ဆေးရည်ပညာ နည်းစနစ်ရဲ့ အနှစ်သာရကို ဖမ်းဆုပ်မိပြီး ဖြစ်တယ်။ သူသန့်စင်တဲ့ အဲဒီ ဆေးလုံးက အမြင့်ဆုံး အဆင့်ကို ရောက်သွားမယ်ထင်တယ်။ အဲဒါကိုမြင်ရဖို့ ငါမစောင့်နိုင်တော့ဘူး” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သိသာစွာပင် သူက ကျုံးဖန်ဟု အမည်ရသော ရန်ဟောင်အပေါ်၌ မြင့်မားသော မျှော်လင့်ချက်ထားရှိပေသည်။

“နဂါးကိုးကောင်ဆေးရည်ပညာက အာခီမီနတ်နန်းတော်ရဲ့ ဆေးဖော်စပ်ခြင်းနည်းစနစ် တစ်ခုပဲ။ အဲဒီနည်းစနစ်ကို တုန်းရှောင်းကုန်းမြေတစ်ခုလုံးမှာ အကောင်းဆုံးလို့ ကြွေးကြော်ထားတယ်။” လင်ချိုးက စိတ်ချင်းဆက်သွယ်ကာ ရှင်းပြလိုက်သည်။ “တုံ့လိုင်နတ်ဘုရားအကြီးအကဲ ဆုံးပါးသွားပြီးတော့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက လောကတစ်ခုလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး နေလိုက်တာ နှမြောစရာပဲ။ ဒါကြောင့်မို့လို့ တုံ့လိုင်နတ်ဘုရားအကြီးအကဲ ဖန်တီးခဲ့တဲ့ ဆေးဖော်စပ်ခြင်း နည်းစနစ်တွေက ပျောက်ဆုံးသွားခဲ့ပြီး အပြင်လောက က ဘယ်သူမှ မျက်မြင်တွေ့ရဖို့ အခွင့်အရေးမရှိခဲ့ဘူး။ အာခီမီအင်ပါယာက တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ တပည့်ဆိုရင်တောင်မှ သူက နတ်ဘုရားအကြီးအကဲရဲ့ နည်းစနစ်တွေကို အောင်အောင်မြင်မြင် ဆက်ခံနိုင်ခဲ့တာမျိုး မဟုတ်ဘူးလေ။”

စိတ်ချင်းဆက်သွယ်ကာ ရှင်းပြနေရင်း လင်ချိုးသည် ရုတ်တရက် တစ်ခုခုကို ခံစားမိလိုက်၏။ အမှန်တကယ်ပင် အာခီမီအင်ပါယာသည် တစ်ချိန်တုန်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ တပည့်ဖြစ်ခဲ့ဖူးသည်။ ထိုသို့ဆိုလျှင် သူ၏ ဂျုနီယာညီမလေးက ဖြစ်နိုင်သည်မှာ…

သူ ထိုသို့တွေးလိုက်မိသည်နှင့် ရီဖူရှင်းကို ကြည့်သည့် လင်ချိုး၏ အကြည့်များက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ အကျိုးကြောင်း သင့်လျော်စွာ ဆက်ပြီး တွေးရလျှင် အာခီမီအင်ပါယာ၏ ဂျူနီယာသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သမီးဖြစ်နေခဲ့ပါက ရီဖူရှင်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲမျိုးဆက်၏ ဆက်ခံသူဟု ဆိုလိုသည် မဟုတ်ပါလား။

“နေပါဦး။ မင်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့မြေးတပည့် ဖြစ်ရမယ်။ ဟုတ်တယ်မလား။” လင်ချိုးက ရုတ်တရက် မေးလိုက်သည်။

ရီဖူရှင်းက သူ့ကို ကြည့်ကာ ပြုံး၍ ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။”

သူ မှားယွင်းခန့်မှန်းမိသည်လား။ လင်ချိုးက တွေးလိုက်သည်။ ထိုသို့ဆိုလျှင် ရီဖူရှင်း၏ သရုပ်မှန်က မည်သည့်အရာ ဖြစ်သနည်း။

သိသာစွာပင် ရီဖူရှင်းက အလွန်ငယ်ရွယ်နေသည့်အတွက် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ တပည့်တစ်ယောက် ဖြစ်လိမ့်မည်ဟု ခန့်မှန်းနိုင်ခြင်းမရှိပေ။ အဆုံးမှာတော့ တုံ့လိုင်နတ်ဘုရားအကြီးအကဲ သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့က အချင်းချင်းဆုံတွေ့ဖူးကြလိမ့်မည် မဟုတ်ပေ။ လင်ချိုးသည်လည်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဆက်ခံသူနှင့် ပတ်သတ်သော မည်သည့် သတင်းကိုမှ ကြားဖူးခဲ့ခြင်း မရှိပေ။

ဘုန်း…

ထိုအချိန်၌ မဟာလမ်းစဥ်မိုးကြိုးစွမ်းအားတို့က ဆေးဖော်စပ်သည့် မြေပြင်အထက် ကောင်းကင်တွင် စုစည်းလာခဲ့သည်။ မရေတွက်နိုင်သော မိုးကြိုးများက နေရာတစ်ခုလုံးတွင် မျက်စိကျိန်းလောက်အောင် လင်းလက်နေခဲ့ပြီး ၎င်းတို့ အားလုံးက စုစည်း၍ ဆရာသခင် ကျီဟဲ့၏ ဆေးပေါင်းဖိုကို ရိုက်ခတ်ချလိုက်သည်။ မိုးကြိုးလျှပ်စီးများက မျက်စိကျိန်းလောက်သော အလင်းတန်းများ ထုတ်လွှတ်နေပြီး ကောင်းကင်တွင် ရစ်ဝဲနေခဲ့သည်။ ထိုမိုးကြိုးအမြုတေကို အကန့်အသတ်မဲ့ မဟာလမ်းစဥ် မိုးကြိုးစွမ်းအားများက လွှမ်းခြုံထားပြီး ခမ်းနားထည်ဝါသော နတ်အလင်းများကို ထုတ်လွှတ်နေသည်။

“ဒီဆေးလုံးကက အတော်လေး အားကောင်းမှာပဲ။ ကြည့်ရတာ နတ်ဘုရားဆေးလုံးဖြစ်ဖို့ များတယ်။” လူအများက အံ့သြသင့်စွာ ရေရွတ်နေကြသည်။ ဆရာသခင်ကျီဟဲ့သည် မည်သို့သော ဆေးဖော်စပ်သည့် အင်အားစုကိုမှ မဝင်ရောက်ခဲ့သော်လည်း လူအများသည် သူက ဆေးဖော်စပ်ခြင်း လောက၌ အထွတ်အထိပ်တွင် ရပ်တည်နေကြောင်း ယုံကြည်ကြပေသည်။

ဘုန်း…

လျှပ်စီးအလင်းတန်းက အပြင်ဘက်တွင် တောက်ပလာခဲ့ပြီး ထိုဆေးလုံးက မဟာလမ်းစဥ် မိုးကြိုးစွမ်းအားများကို စုပ်ယူဝါးမြိုနေခဲ့သည်။ ဆေးလုံး၏ အထက်တွင် မဟာလမ်းစဥ်စွမ်းအားများက တောက်ပနေပြီး ခရမ်းရောင်မိုးကြိုးများက လေဟာနယ်တစ်ခွင်လုံးတွင် ကျဆင်းလာခဲ့သည်။

“အဆင့်ခုနှစ်။”

လူအများက အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။ ဆရာသခင်ကျီဟဲ့က အဆင့်ခြောက် ရန်ဟောင်တစ်ပါး ဖြစ်သော်လည်း သူသည် အဆင့်ခုနှစ်ဆေးလုံးကို ဖော်စပ်သန့်စင်နိုင်ပေသည်။ ထို့ပြင် သူက အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အကြားမှ ခြေလှမ်းကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့သည်။ သူ၏ ဆေးပညာစွမ်းရည်သည် အလွန်ကြောက်မက်ဖွယ် ကောင်းမွန်လှသည်ဟု ဆုံးဖြတ်နိုင်ပေသည်။

“ခင်ဗျား တကယ့်ကို ဆရာသခင်ကျီဟဲ့ပါပဲ။” ရှေးဟောင်းတောင်တန်းမှ အလွန်အစွမ်းထက်သော တန်ခိုးရှင်တစ်ယောက်က ချီးကျူးလိုက်သည်။ “ဒီလောက်မြင့်မားတဲ့ အဆင့်နဲ့ အဆင့်ခုနစ်ဆေးလုံးကို ဖော်စပ်နိုင်တယ်။ တစ်နေ့မှာ ဆရာသခင်ကျီဟဲ့က ထိပ်တန်းအဆင့် ဆေးလုံးတွေကို သေချာပေါက် သန့်စင်နိုင်လိမ့်မယ်။”

“စီနီယာက ကျုပ်ကို ချီးကျူးလွန်းနေပါပြီ။” ကျီဟဲ့က ထိုတန်ခိုးရှင်ရှိရာဘက်သို့ လက်သီးဆုပ်ကာ အရိုအသေပြုရင်း ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် သဘာဝဖြစ်စဥ် တစ်ခုက တစ်ခြားနေရာတစ်ခုတွင် ထွက်ပေါ်လာသည်။ ဆေးပေါင်းဖို၏ အပြင်ဘက်တွင် ရွှေရောင်နဂါးကိုးကောင် ပေါ်ပေါက်လာခဲ့သည်။ ခရမ်းရွှေရောင် အလင်းတန်းတစ်ခုက တိမ်တိုက်များဆီသို့ ထိုးတက်သွားခဲ့၏။ ရွှေရောင်နဂါးများက ဆေးပေါင်းဖိုဆီသို့ မီးလျှံများ မှုတ်ထုတ်လိုက်ကြပြီး မဟာလမ်းစဥ်အလင်းများ ဖြာထွက်လာနေသည်။ တုန်ခါသံများသည် ဆေးပေါင်းဖို၏ အပြင်ဘက်ဆီသို့ ပဲ့တင်ထပ်လာပြီး ရွှေရောင် ဆေးလုံးတစ်လုံးက ဆေးပေါင်းဖိုမှ ဖြေးညင်းစွာ မျောလွင့်၍ တက်လာခဲ့သည်။

နဂါးကိုးကောင်မှ မှုတ်ထုတ်လိုက်သော မဟာလမ်းစဥ်မီးလျှံများက ဆေးလုံး၏ အဆက်မပြတ် စုပ်ယူဝါးမြိုခြင်းကို ခံနေရသည်။ အဆုံးတွင် နဂါးကိုးကောင်သည်ပင် ဆေးလုံးများအတွင်းသို့ ပျံသန်းဝင်ရောက် သွားခဲ့သည်။ ၎င်းသည် သိမ်မွေ့နက်နဲသော နဂါးအော်မြည်သံတစ်ခုကို ဖြစ်ပေါ်လာစေခဲ့၏။ ဆေးလုံးသည် အလွန် လွှမ်းမိုးနိုင်လှသော စွမ်းအားများနှင့် ထွက်ပေါ်လာခဲ့ပေသည်။

ရွှေရောင်အလင်းတန်းများနှင့် အတူ ဆေးလုံး၏ ပုံသဏ္ဌာန်ဖြစ်တည်လာပြီး ရောင်စဥ်တန်းများ တောက်ပကာ အဝေးသို့တိုင် ဖြန့်ကျက်သွားခဲ့သည်။ နဂါးအော်မြည်သံကို ကြားနေရသည့် တစ်စုံတစ်ယောက်သည် ဆေးလုံး၏ အတွင်း၌ လှည့်ပတ်နေသော အစစ်အမှန်နဂါးများကို ခံစားမိနိုင်ပေသည်။

“အဆင့်ခြောက် ထိပ်တန်းအဆင့်။” သူတို့ကြားမှ လူအနည်းငယ်က ရေရွတ်လိုက်ကြသည်။ သူသည် အဆင့်ခုနစ် ဆေးလုံးအဆင့်သို့ နီးကပ်နေသည့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။ သို့သော်လည်း ကျုံးဖန်သည် အဆင့်ငါး ရန်ဟောင်တစ်ပါးသာလျှင် ဖြစ်ပေသည်။ ထို့ကြောင့် အဆင့်ခြောက် ထိပ်တန်းအဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခြင်းမှာ သူ၏ ဆေးလုံးဖော်စပ်ခြင်းအဆင့်က အလွန်ရှားပါးနေပြီ ဖြစ်ကြောင်း ဆုံးဖြတ်နိုင်ပေသည်။

“ကျုပ် အစွမ်းကုန် ကြိုးစားခဲ့တာတောင်မှဘဲ ဆရာသခင်ကျီဟဲ့ကို ယှဥ်နိုင်စွမ်းမရှိဘူး။” ကျုံးဖန်က ကျီဟဲ့ကို ကြည့်ကာ ပေါ့ပါးစွာ ပြုံးလိုက်သည်။ သူက သူ၏ နိမ့်ကျမှုကို သဘောထားကြီးစွာဖြင့် ဝန်ခံနေခဲ့သည်။

“ဟားဟား.. မင်းက အရမ်းနှိမ့်ချ လွန်းနေပါပြီ။ အဆင့်ငါးရန်ဟောင်တစ်ပါးအနေနဲ့ အဆင့်ခြောက် ထိပ်တန်းအဆင့် ဆေးလုံးကို သန့်စင်နိုင်ခဲ့တာ မင်းရဲ့ ဆေးဖော်စပ်ခြင်း စွမ်းရည်က ကျိန်းသေ ကျုပ်အောက်ကို မနိမ့်ပါဘူး။ ကျုပ်က ကျင့်ကြံဆင့် ပိုပြီး မြင့်နေရုံလေးပါပဲ။ အဲဒါက ကျုပ်ရဲ့ ဆေးဖော်စပ်တဲ့ စွမ်းရည်က မင်းထက် သာနေတယ်လို့ မဆိုလိုဘူးလေ။” ကျီဟဲ့က ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။

“မင်းတို့နှစ်ယောက်အချင်းချင်း မြှောက်ပင့်နေဖို့ မလိုပါဘူး။” ဆေးဖော်စပ်သူတစ်ယောက်က ရယ်မောရင်း ပြောလိုက်သည်။ “ဒီဆေးဖော်စပ်သူ စုဝေးပွဲမှာ ထိပ်တန်းအဆင့် ဆေးဖော်စပ်နိုင်တဲ့ သူက မင်းတို့နှစ်ယောက်အပြင် တခြားလူမရှိဘူး။”

“နဂါးကိုးကောင် ဆေးရည်ပညာရပ်ကို ဒီနေ့ မြင်လိုက်ရတာ ကျုပ်ရဲ့ အမြင်တော်တော်ကျယ်သွားခဲ့ပါတယ်။ တုန်းဟွာနယ်မြေတစ်ခုလုံးမှာ ဒီလိုမျိုးတူညီတဲ့ အဆင့်နဲ့ နည်းစနစ်ကို ရှာဖို့ဆိုတာ ခက်ခဲတယ်။” ဆရာသခင်ကျီဟဲ့က ပြန်ပြောလိုက်သည်။ သူတို့နှစ်ယောက်လုံးက အချင်းချင်းဆက်လက်ပြီး မှတ်ချက်ပေးနေကြသည်။

“ဒီနေ့ စုဝေးပွဲမှာ ဆရာသခင်က အနိုင်ရတဲ့လူ ဖြစ်မှတော့ ဒီနည်းစနစ်ကို ဘာဖြစ်လို့ အတူတူ မကျင့်ကြံဘဲ နေရမှာလဲ။ ကျုပ်အနေနဲ့လည်း အနာဂတ်မှာ ခင်ဗျားရဲ့ လမ်းညွှန်ပေးမှုကို လိုလာလိမ့်မယ်လို့ ထင်တယ်။” ကျုံးဖန်က ဆရာသခင်ကျီဟဲ့ကို ဖိတ်ခေါ်လိုက်သည်။ ကျီဟဲ့က ဤဆေးဖော်စပ်သူ စုဝေးပွဲ၌ အနိုင်ရသည်ဖြစ်သည့်အတွက်ကြောင့် သူက အာခီမီနတ်နန်းတော်သို့ ဝင်ရောက်ရန် ဆန္ဒရှိနေသရွေ့က ထိုနည်းစနစ်ကို သင်ယူရန် အခွင့်အရေး ရှိလိမ့်မည်ဖြစ်သည်။

“ဆရာသခင်ကျီဟဲ့ အာခီမီနတ်နန်းတော်က ခင်ဗျားကို လိုအပ်ပါတယ်။” ရှေးဟောင်းတောင်ထွတ်မှ အကြီးအကဲတစ်ယောက်က ဖိတ်ကြားလိုက်သည်။ ဆရာသခင်ကျီဟဲ့က ရှေးဟောင်းတောင်ထွက်ဆီသို့ မော့ကြည့်လိုက်ပြီး အရိုအသေပြုလိုက်သည်။ “အာခီမီနတ်နန်းတော်ကို ဝင်ရောက်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။”

“ကြိုဆိုပါတယ် ဆရာသခင်။” ရှေးဟောင်းတောင်ထွတ်မှ လူအများက ပြုံးလိုက်ကြသည်။ သူတို့သည် အာခီမီဆရာသခင်တစ်ယောက်ကို သူတို့အဖွဲ့အစည်းတို့ ဝင်ရောက်လာရန် သွေးဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ထိုအသစ်ဝင်ရောက်လာသည့် တစ်ယောက်မှာလည်း အလွန် ကြီးမားသော အလားအလာကို ပိုင်ဆိုင်ထားသည်။

“ကြိုဆိုပါတယ် ဆရာသခင်ကျီဟဲ့။” လူငယ်လေးက လျှောက်လာပြီး အပြုံးနှင့် ပြောလိုက်သည်။ ထိုလူငယ် ပေါ်ပေါက်လာသည့်အခါ လူတိုင်း၏ မျက်လုံးများက သူ့ထံသို့ ပြောင်းလဲသွားခဲ့သည်။သူက လက်ရှိ အာခီမီနတ်နန်းတော်၏ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး အာခီမီနတ်နန်းတော် ဆက်ခံသူဟု ကောလဟာလများက ပြောကြသည့် အနာဂတ်နန်းတော်သခင် ချီမုပင်ဖြစ်လေသည်။

ကျီဟဲ့က ချီမုကို ကြည့်လိုက်သည်။ သူသည် ဤတစ်ကြိမ်၌ အာခီမီနတ်နန်းတော်က သူ့အား လုံလောက်စွာ မျက်နှာသာ ပေးသည်ဟု နားလည်လိုက်သည်။ ချီမုသည် အာခီမီ စုဝေးပွဲ၌ ပါဝင်ခြင်းမရှိပေ။ အကြောင်းမှာ  အာခီမီနတ်နန်းတော်သို့ ဝင်ရောက်လာမည့် သူ့ကို အခွင့်အရေးပေးလိုသောကြောင့် ဖြစ်ပေသည်။ ထိုသို့သော ပျူငှာလှသည့် ဆက်ဆံရေးကို ရရှိသည့်အခါ သူတို့အား ငြင်းပယ်ရန်မှာ ရိုင်းပြသော အပြုမူဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် သူက အာခီမီနတ်နန်းတော်သို့ ဝင်ရောက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။

“ဆရာသခင်ကျီဟဲ့က ကျုပ်တို့ဆီကို ဝင်လာခဲ့တာကြောင့် အာခီမီနတ်နန်းတော်က ဆေးဖော်စပ်ခြင်း လောကတစ်ခုလုံးမှာ ရှိတဲ့ တခြား အင်အားစုတွေထက် ရှေ့ကို သာလွန်သွားတော့မှာ သေချာတယ်။ တုန်းဟွာတစ်ခွင်မှာရှိတဲ့ အစွမ်းထက် ဆေးဖော်စပ်သူ အားလုံးက ကျုပ်တို့ဆီမှာ ရှိနေတယ်။ ဘယ်လောက်ပျော်စရာ ကောင်းလိုက်လဲ” ချီမုက အပြုံးနှင့် ကြေညာလိုက်သည်။

အနီးမှ လူအားလုံးကလည်း စိတ်လှုပ်ရှား ပျော်ရွှင်နေကြ၏။ အာခီမီနတ်နန်းတော်က သေချာပေါက် ကြီးမားသော ရည်မှန်းချက်များ ရှိကြသည်။ သို့သော်လည်း ယနေ့ အာခီမီနတ်နန်းတော်က တစ်ခြား ဆေးအဖွဲ့အစည်းများ ယှဥ်ပြိုင်နိုင်သော အင်အားစုတစ်ခု ဟုတ်မနေခဲ့ပေ။

“ဘယ်လောက် မောက်မာလိုက်သလဲ။” သိမ်မွေ့သော အသံတစ်ခုက ပဲ့တင်ထပ် လာခဲ့သည်။ ထိုအသံက အလွန် တိုးသက်နေလျှင်ပင် လူအများသည် ကြားလိုက်ကြရပြီး သူတို့က အသံလာရာတို့ ကြည့်လိုက်ကြသည်။ ချီမု၏ အကြည့်များသည်လည်း လူအုပ်ဆီသို့ ပြောင်းလဲသွားခဲ့သည်။ လူအများက အလိုအလျောက်ပင် သူ့အကြည့်လားရာသို့ ရွေ့လိုက်ကြသည်။ ထိုနေရာ၌ ရီဖူရှင်းနှင့် သူ၏ အဖွဲ့တို့ ရှိနေခဲ့၏။

ထိုသဘောမတူ ကန့်ကွက်လိုက်သည့် အသံပိုင်ရှင်မှာ အခြားလူမဟုတ်ဘဲ အာခီမီတာဝါမှ အာခီမီအင်ပါယာ၏ တပည့် ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်လေသည်။

ထိုသို့သော မောက်မောက်မာမာ ကြေညာချက်မျိုးနှင့် အာခီမီနတ်နန်းတော်သည် အာခီမီအင်ပါယာတာဝါအပြင် အခြားသော အာခီမီအင်အားစုများအားလုံးကို လျစ်လျူရှုထားပေသည်။ ထို့ပြင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည်လည်း ရှိနေဆဲပင် ဖြစ်သည်။ တုံ့လိုင်နတ်ဘုရား အကြီးအကဲက ကွယ်လွန်သွားခဲ့လျှင်ပင် တုန်းဟွာနယ်မြေတစ်ခွင်လုံး၌ အာခီမီနတ်နန်းတော်၌သာ ထူးချွန်ထက်မြက်သော ဆေးဖော်စပ်သူများ စုဝေးနေသည်ဟု ပြောခြင်းမှာ လွန်ရာကျပေသည်။

“မင်းက ဘယ်သူလဲ။” ချီမုက သူ့ကိုကြည့်က မေးလိုက်သည်။

“ကျုပ် ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ ဒါပေမယ့် မင်းပြောသွားတာကတော့ အတော်လေး သွေးနားထင် ရောက်နေပုံပဲ။” လျှိုချွမ်ဟု အမည်ရသော တပည့်က ချီမုကို ကြည့်ကာ ပြောလိုက်၏။ “တုံ့လိုင်နတ်ဘုရားအကြီးအကဲ အသက်ရှင်နေသေးတယ် ဆိုရင်တောင် သူက အဲဒီလောက် သွေးနားထင်ရောက်နေတဲ့ ကြွေးကြော်မှုမျိုး ဘယ်တော့မှ လုပ်လိမ့်မှာမဟုတ်ဘူး။”

ရီဖူရှင်းက ချီမုကို ကြည့်လိုက်သည်။ သူအခုလေးတင် ပြောခဲ့သည့် စကားများမှာ ယခုလေးတွင် အောင်ပွဲခံလိုက်သည့် လေထု အငွေ့အသက်ကြောင့် သတိလက်လွတ်ဖြစ်သွားပုံရလေသည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ ထိုချီမုဆိုသူသည် တစ်လောကလုံး၌ ရှိသည့် အခြားသော ဆေးဖော်စပ်သူများ အားလုံးအထင်အမြင်သေးကာ အလွန်အကျွံ မောက်မာနေခြင်းသာ ဖြစ်ပေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset