ရီဖူရှင်းနှင့် သူ့အဖွဲ့က ဝမ်တုထဲသို့ ဝင်ရောက်လာပြီး တည်းခိုခန်းတစ်ခုဆီ ဦးတည်လိုက်ကြသည်။ ဝမ်တု၏ တည်းခိုဆောင်က ခမ်းနားထည်ဝါသော နန်းတော်များကဲ့သို့ ဖြစ်ပြီး သူတို့အတွက် အလွန် သက်သောင့်သက်သာ ရှိပေသည်။ ကျင့်ကြံသူများက ပုံမှန်အားဖြင့် မစားမသောက် မအိပ်စက်ဘဲ နေနိုင်ပါသော်လည်း သူတို့က အကန့်အသတ်မရှိဘဲ အဆက်မပြတ် ခရီးမသွားနိုင်ကြပေ။ ထို့ပြင် သူတို့က ကျင့်ကြံရန် လိုအပ်သည့်အတွက် နေထိုင်ရန်နေရာတစ်ခု လိုအပ်ပေသည်။
နန်းတော်တည်ရှိရာမှာ လှပသော တောင်တစ်ခု၏ ထိပ်ဖျားတွင် တည်ရှိပေသည်။ တောင်အနီးတွင် အမျိုးမျိုးသော နန်းတော်များကလည်း ပြန့်ကျဲတည်ရှိနေပေသည်။ ထိုနေရာသည် ဆိတ်ငြိမ်အေးချမ်းလှပြီး မှင်တက်ဖွယ် ရှုမြင်ကွင်းများ ရှိသောကြောင့် သေချာပေါက်ပင် ကျင့်ကြံရန် သင့်တော်သော နေရာတစ်ခု ဖြစ်လေသည်။
ဝမ်တု၏ အလယ်တွင် ရှိနေသော ထိုတောင်သည် သဘာဝတည်ဆောက်မှုတစ်ခုမဟုတ်ဘဲ လူလုပ်တောင်တစ်ခု ဖြစ်နေပေသည်။
ရီဖူရှင်းက နန်းတော်အစွန်းသို့ လျှောက်သွားလိုက်သည်။ သူက တောင်ဘက်သို့ မျက်နှာမူထားပြီး သူ၏ အမြင်တွင် ခမ်းနားထည်ဝါသော ရှေးဟောင်းမြို့တစ်မြို့အား မြင်နေရသလိုပင်။ ဤသည်မှာ သူ အမြဲ သွားရောက်ခဲ့ဖူးသော ခမ်းနားထည်ဝါသည့် မြို့များကဲ့သို့ ဖြစ်သည်။ မူလဘုံမှ အကြီးဆုံးမြို့သည်ပင် ၎င်းကို ယှဥ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
“အပြင်ဘက်ကို လမ်းလျှောက်သွားကြဦးမလား။” လင်ချိုးက ရီဖူရှင်းဘေးမှာ ရပ်နေပြီး မေးလိုက်သည်။ သူတို့သည် ဤခရီး၌ အချင်းချင်း ပိုမိုရင်းနှီးလာပေသည်။ အထူးသဖြင့် အရက်နှင့် ချည်နှောင်ခဲ့သော ရင်းနှီးမှုပင် ဖြစ်လေသည်။
“သွားမယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ လင်ချိုးက သူ့နောက်မှ လူများကို ကြည့်ကာ မေးလိုက်သည်။ “လူတိုင်းက ထိုက်ယွမ်ကုန်းမြေကနေ ဒီအထိ အာခီမီအင်ပါယာနဲ့ တလျှောက်လုံး လိုက်လာခဲ့တာဆိုတော့ ကျုပ်တို့ ဘာလို့ အပြင်ထွက်ပြီး ဝမ်တုက မြင်ကွင်းတွေ လိုက်မကြည့်ရမှာလဲ။”
သူတို့သည် တစ်ချိန်လုံး တုန်းရှောင်းကုန်းမြေမှ နဂါးဝပ်ဆင်းတောင်တန်း၌သာ ကျင့်ကြံနေခဲ့ကြသော်လည်း ဝမ်တုကို တစ်ကြိမ်ထက်ပိုပြီး ရောက်ဖူးသည်မှာ သေချာသည်။ သူတို့က ဤနေရာကို အနည်းနှင့်အများ ပို၍ ရင်းနှီးပေလိမ့်မည်။
အာခီမီအင်ပါယာသည်လည်း ယခင်က ဝမ်တုသို့ အကြိမ်ရေအနည်းငယ် ရောက်ဖူးပြီး ထို့ကြောင့်ပင် သူ၏ ခရီးစဥ်၌ နဂါးဝပ်ဆင်းတောင်တန်းမှ စံအိမ်သခင်များနှင့် ခင်မင်ရင်းနှီးခဲ့ခြင်း ဖြစ်ပေသည်။ အမှန်တကယ်တွင် ဤကုန်းမြေအတွင်းရှိ အထွတ်အထိပ်အဆင့် ရန်ဟောင်များမှာ အချင်းချင်း သိရှိကြပေသည်။ ထိုသို့မြင့်မားသော ကျင့်ကြံဆင့်မျိုးကို ရောက်နိုင်သည့်သူမှာ များများစားစား မရှိပါချေ။
“သွားမှာပေါ့။” လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ အာခီမီအင်ပါယာက ဝမ်တုသို့ အကြိမ်များစွာ ရောက်ခဲ့ဖူးသော်လည်း အာခီမီအင်ပါယာနန်းတော်မှ ဂျူနီယာလေးများ ဤနေရာသို့ ရောက်လာခြင်းက ပထမဆုံးပင် ဖြစ်လေသည်။ သူတို့အားလုံးက တဖြေးဖြေး တုန်းရှောင်းကုန်းမြေ၏ ထိပ်တန်းမြို့တစ်မြို့ဖြစ်လာသည်က မရေတွက်နိုင်သော သမိုင်းများစွာနှင့် ဤမြို့ကို စူးစမ်းရှာဖွေလိုကြသည်။
“သွားကြစို့။” လင်ချိုးက အနက်ရောင်နဂါးဆီသို့ လျှောက်သွားပြီး ၎င်း၏ ကျောပေါ်သို့ တက်လိုက်သည်။ နဂါးက ထူးခြားဆန်းကြယ်သော အော်မြည်သံကို ထုတ်လွှတ်လိုက်ပြီး ရှေ့သို့ တည့်မတ်စွာ ပျံသန်းသွားပေသည်။ အခြားသူများကလည်း နောက်မှ နီးကပ်စွာ လိုက်ပါသွားကြပြီး လေထဲသို့ တက်သွားကြသည်။ သို့သော် သူတို့အားလုံးသည် ဝမ်တုမှ မြင်ကွင်းများကို ပိုမိုရှင်းလင်းစွာ နေနိုင်ရန်အတွက် ပျံသန်းသည့် အမြင့်ကို ခပ်နိမ့်နိမ့် ထိန်းသိမ်းထားလေသည်။
ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့က သိမ်းငှက်နက်လေး၏ ကျောပေါ်၌ ရပ်နေကြသည်။ လေထုက သူတို့ကို ရိုက်ခတ်လာပြီး သူတို့နောက်မှ ဝတ်ရုံရှည်များက တဖျတ်ဖျတ် လွင့်ဝဲနေခဲ့သည်။ သူတို့သည် ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့ခြင်းသာ ဖြစ်တာကြောင့် သူတို့က မြန်ဆန်စွာ ပျံသန်းနေခြင်း မရှိကြပေ။
“ခင်ဗျားတို့အားလုံး ဘယ်နေရာ သွားချင်ကြလဲ။ ကျုပ် နေရာနည်းနည်း သိတယ်။ လိုက်ပြပေးမယ်လေ။” လင်ချိုးက သူ့ဘေးရှိ လေထဲတွင် ခရီးဆက်နေသူများကို ကြည့်လိုက်သည်။
“ကျုပ်တို့မှာ ဘယ်နေရာကို သွားချင်တယ်လို့ သေချာမသိဘူး။ အေးအေးဆေးဆေး လျှောက်သွားကြတာပေါ့။” အာခီမီအင်ပါယာ၏ နောက်လိုက်တစ်ဦးက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒါဆို အဲဒီလိုပဲ လုပ်ကြတာပေါ့။” လင်ချိုးက ခေါင်းညိတ်ကာ ရှေ့မှနေ၍ လူအုပ်အား ဦးဆောင်လိုက်သည်။ ခဏကြာပြီးနောက် သူတို့သည် အရှေ့၌ ရှိနေသော ကျယ်ပြန့်သည့် အဆောက်အအုံတစ်ခုကို တွေ့လိုက်ရသည်။ အထဲတွင် တန်ခိုးရှင်များစွာ စုဝေးနေကြပြီး အလွန်ထူထပ်သော လူအုပ်ကြီးကို ဖြစ်ပေါ်နေစေသည်။ ထိုအဆောက်အအုံ၏ ထိပ်ဖျားတွင် ကြည့်ရှုရန် စင်မြင့်များရှိနေပြီး အနည်းငယ်သော လူများက ထိုနေရာတွင် ထိုင်နေကြကာ ဖြစ်ပွားနေသည့် တိုက်ပွဲအား စောင့်ကြည့်နေကြသည်။
“အဲဒီက ဘာလုပ်တဲ့နေရာလဲ။” ရီဖူရှင်းက မေးလိုက်သည်။
“အဲဒါက ကောင်းကင်တိုက်ပွဲနန်းတော်ပဲ။” လင်ချိုးက ပြန်ဖြေလိုက်သည်။ “အဲဒီနေရာက လမ်းစဥ်စွမ်းရည်တွေ အသုံးပြုပြီး အချင်းချင်း ယှဥ်တိုက်လို့ရတဲ့ နေရာပဲ။ နေ့တိုင်း မရေတွက်နိုင်တဲ့ ကျင့်ကြံသူတွေက တခြားလူတွေနဲ့ တိုက်ခိုက်ဖို့ လာကြတယ်။ အဲဒီလိုနဲ့ ဒီနေရာက ဝမ်တုမှာ အတော်လေး ကျော်ကြားတဲ့ နေရာတစ်ခုဖြစ်လာတယ်။ ရှန့်ထိုအဆင့် ရှိတဲ့ ကျင့်ကြံသူတွေ အများဆုံး အချင်းချင်း ယှဥ်ပြိုင်ကြတယ်။ တစ်ခါတစ်လေကျ ရန်ဟောင်တွေလည်း ပါတယ်။”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သာ်။ ကျင့်ကြံသူအားလုံးက တိုက်ခိုက်ခြင်းအား ခုံမင်ကြ၏။ ယခင်က အင်ပါယာရှားဘုံတွင်လည်း ယှဥ်ပြိုင်နိုင်သော ကျိုထျန်နန်းတော် ရှိသည်။ ထို့ကြောင့် ဤနေရာ၌ ထိုကဲ့သို့ နေရာမျိုးရှိနေသည်မှာ အံ့အားသင့်ဖွယ် မရှိပေ။ ထို့ပြင် ယှဥ်ပြိုင်နေသူများအားလုံးက အလွန် အားကောင်းသန်မာကြသည်။ မြေပြင်မှ သူ ရွေးထုတ်လိုက်သော မည်သည့် သူမဆို ရှန့်ထိုအဆင့်သို့ ရောက်နေပြီးဖြစ်ကာ ယှဥ်ပြိုင်ရာ၌ ရန်ဟောင်တန်ခိုးရှင်များပင် ပါဝင်ကြသည်။
“မင်း သွားကြည့်ချင်လား။” လင်ချိုးက မေးလိုက်သည်။
“အာ.. မလိုပါဘူး။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူက မရေတွက်နိုင်သော တိုက်ပွဲများကို ဖြတ်ကျော်လာပြီး ဖြစ်ရာ ထိုသို့သော တိုက်ပွဲမျိုးကို အလွန်စိတ်ဝင်စားခြင်း မရှိပေ။
“ကောင်းပြီ။” လင်ချိုးက ရှေ့သို့ ဆက်သွားခဲ့သည်။ သူတို့က မတူညီသော နေရာများကို ဖြတ်သန်းသွားကြသည်။ ထိုနေရာများထဲမှ တစ်ခုမှာ ကောင်းကင်သို့တိုင် ရောက်ရှိသော ပေထောင်ချီရှိသည့် လှေကားများ ရှိကြသည်။ ထိပ်ဖျားတွင် နတ်ဘုရားများ၏ သိမ်မွေ့သော အရှိန်အဝါတို့ ရှိနေသည်။ လင်ချိုးက ထိုနေရာသို့ ကြည့်ကာ ရှင်းပြလိုက်သည်။ “ဒီနေရာက နတ်မိမယ်တောင်ထွတ်ပဲ။ နတ်မိမယ်တောင်ထွတ်မှာ ရှိတဲ့ နတ်မိမယ်အားလုံးမှာ အရမ်းမြင့်မားတဲ့ ကျင့်ကြံဆင့်တွေ ရှိကြတယ်။ အဲဒီအင်အားစုကို အရမ်းအစွမ်းထက်တဲ့ လူတစ်ယောက်က တည်ထောင်ခဲ့တာ။ ဝမ်တုမှာတော့ နတ်မိမယ်တောင်ထွတ်က နတ်မိမယ်တွေက လူအများရဲ့ စိတ်ကူးယဥ်အိပ်မက်တွေပဲ။”
“ဝမ်တုမှာ စွမ်းအားအဆင့်တူညီတဲ့ ထိပ်တန်းအင်အားစု ဘယ်လောက်ရှိလဲ။” ရီဖူရှင်းက သိလိုစိတ်နှင့် မေးလိုက်သည်။ ဖမ်းလိုင်ကုန်းမြေတွင်ပင် ထိုမျှများပြားလှသော အစွမ်းထက်အင်အားစုများရှိနေရာ တုန်းရှောင်ကုန်းမြေ၌လည်း အရေအတွက်များပြားစွာ တည်ရှိနေမည်မှာ ပြောနေရန် မလိုပေ။ သို့သော် သူသည် ဤအဓိကမြို့တော် ဝမ်တု၌ ထိုသို့သော အင်အားစုမျိုး မည်မျှရှိနေကြောင်းကိုသာ သိလိုပေသည်။
“အရင်တုန်းက ရေတွက်ဖို့မကြိုးစားဖူးတော့ အတိအကျ မသိဘူး။ ဒါပေမယ့် ကျုပ်သိသလောက်ဆိုရင်တော့ နှစ်ဆယ်သုံးဆယ်လောက် ရှိလိမ့်မယ်။” လင်ချိုးက မသိလိုက်မသိဘာသာ ပြောလိုက်မိသည်။ သို့သော် ထိုသည်က ရီဖူရှင်းနှလုံးသားထဲ၌ လှိုင်းအနည်းငယ် ထသွားစေသည်။
“တကယ်တော့ ဒါက ဘာမှ အံ့အားသင့်စရာမရှိပါဘူး။ တုန်းဟွာနယ်မြေတစ်ခုလုံးမှာ ဂုဏ်သတင်းကျော်ဇောတယ်လို့ ဆုံးဖြတ်နိုင်ပြီး မရေတွက်နိုင်တဲ့ ကုန်းမြေတွေရဲ့ တန်ခိုးရှင်တွေက ဒီနေရာမှာ စုစည်းလာကြပြီး အစွမ်းထက်အင်အားစုတွေ ဖြစ်လာစေတယ်လေ။ ပြီးတော့ ကောင်းကင်လမ်းစဥ် ပြိုကျပြီးနောက်မှာ ဒီမြို့က အင်အားတောင့်တင်းနေတုန်းပဲ။ ပြောကြတာတော့ အဲဒီကပ်ဆိုးမဖြစ်ခင် မရေတွက်နိုင်တဲ့ ထျန်ရှင်းအဆင့် ပုဂ္ဂိုလ်တွေ ရှိခဲ့တယ်တဲ့။ အဲဒီခေတ်ကာလက ဘယ်လိုဖြစ်မလဲ မှန်းတောင် မမှန်းနိုင်ဘူး။” လင်ချိုးက ပြောလိုက်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ကျင့်ကြံခြင်းက ခက်ခဲလှသော်လည်း လောကထဲရှိ မရေတွက်နိုင်အောင် များပြားလှသည်။ အောင်မြင်မှုနှုန်းက အလွန် များပြားလှလျှင်ပင် အစွမ်းထက် ပုဂ္ဂိုလ်များက ထွက်ပေါ်လာနေဆဲပင် ဖြစ်သည်။ အချိန်ကုန်ဆုံးသွားသည့်အခါ ကျင့်ကြံသူများကလည်း ပို၍ အားကောင်းလာကာ ပိုမိုများပြားသော ထိပ်သီးအဆင့် ရန်ဟောင်များ ဖြစ်လာခဲ့သည်။
ထို့ပြင် ထိုအဆင့်သို့ ရောက်နိုင်သည့် မည်သူမဆို ဂရုတစိုက်နှင့် နေပါက အလွယ်တကူ သေနိုင်လိမ့်မည် မဟုတ်ပေ။
လူအုပ်ကြီးက ရှေ့သို့ ဆက်လက်ချီတက်နေသည်။ လေထဲတွင် လူအမြောက်အမြားကလည်း ဆက်လက်ခရီးသွားနေကြပြီး သူတို့အားလုံးက အမျိုးမျိုးသော ကျင့်ကြံဆင့်များနှင့် တန်ခိုးရှင်များ ဖြစ်ကြသည်။ ထိိုအခိုက်အတန့်၌ သူတို့သည် လူအများက တူညီသော နေရာသို့ ဦးတည်နေခဲ့ကြောင်း မြင်လိုက်ရပေသည်။ ကြည့်ရသည်မှာ တစ်ခုခု ဖြစ်တော့မလိုပင်။
“သွားကြည့်ကြရအောင်။” လင်ချိုးက ပြောလိုက်ပြီးနောက် ချက်ချင်းပင် ထိုနေရာသို့ သွားလိုက်သည်။ သူတို့က အောက်ဘက်တွင် တန်ခိုးရှင်များစွာက တူညီသော နေရာသို့ ဦးတည်ကာ ထိုတစ်နေရာ၌ စုစည်းနေကြောင်း သတိပြုမိလိုက်ကြသည်။ သူတို့သည် ထိုနေရာမှာ ရှေးဟောင်းတောင်တစ်ခုအတွင်း တည်ဆောက်ထားသည့် အဆောက်အဦများ ရှိနေပြီး ကြည့်ရသည်မှာ အလွန်ခမ်းနားထည်ဝါလှသည်။
ထိုအချိန်တွင် ကျင့်ကြံသူများက ရှေးဟောင်းတောင်၏ အရှေ့တွင် စုဝေးနေကြပြီး အချို့က လေထဲတွင် ရပ်နေကာ အချို့က မြေပြင်ပေါ် ရပ်နေကြကာ သူတို့ ရှေ့သို့ ကြည့်နေကြသည်။
“ဒါက… ဆေးဖော်စပ်နေတာလား။” ရီဖူရှင်းက တအံ့တသြအမူအရာနှင့် ပြောလိုက်သည်။ သန်မာအားကောင်းသော ဆေးလုံးရနံ့များက လေနှင့်အတူ လွင့်ပျံ့လာ၏။ ရှေးဟောင်းတောင်တန်း အရှေ့တွင် လူအများက ဆေးလုံးများသန့်စင်နေကြ၏။ သူတို့အနီး လေထဲတွင် ပူပြင်းသော အရှိန်အဝါတို့ ထွက်ပေါ်နေကာ ကျယ်ပြောသော လေဟာနယ်ကို လွှမ်းခြုံထားသည်။
“အဲဒါ အာခီမီနတ်နန်းတော်ဖြစ်ပြီး ဝမ်တုမှာ ဆေးပညာသင်ကြားပေးတဲ့ မြင့်မြတ် နေရာတစ်ခုပဲ။” လင်ချိုးက သူ့ဘေးမှ ဆေးဖော်စပ်သူများအားလုံးကို ကြည့်ကာ ပြောလိုက်သည်။ သူတို့ ဤနေရာသို့ ရောက်လာခဲ့သည်မှာ တိုက်ဆိုင်မှုသာ ဖြစ်သည်။ သူက သူတို့အား ဤနေရာသို့ တမင်သက်သက် ခေါ်ဆောင်လာခြင်း မဟုတ်ဘဲ လူတန်းကြီးနောက်သို့ လိုက်ပါလာခြင်းသာ ဖြစ်သည်။
သူတို့က လင်ချိုးကို လှမ်းကြည့်လိုက်သည်။ သိသာစွာပင် ထိုသည်မှာ မတော်တဆ တိုက်ဆိုင်မှုဖြစ်ကြောင်း သံသယ ဝင်ရန်မရှိပေ။ သို့သော်လည်း ရီဖူရှင်းက ထိုအကြောင်း အများကြီး တွေးမနေပေ။ သူတို့က စူးစမ်းလေ့လာနိုင်ရန် အပြင်ဘက်သို့ ချဥ်းကပ်လာကြပြီး ကျင့်ကြံသူများ ဆေးလုံးသန့်စင်နေသည်အား မြင်တွေ့လိုက်ကြရသည်။ ထို့ပြင် ထိုဆေးဖော်စပ်သူအားလုံးမှာ ရန်ဟောင်အဆင့်ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။
“သူတို့ ဘာလုပ်နေကြတာလဲ။” ရီဖူရှင်းက မေးလိုက်သည်။ ဆေးဖော်စပ်သူများက အာခီမီတာဝါများ၌သာ သူတို့၏ အရည််အချင်းကို လေ့ကျင့်နေသင့်သည်မဟုတ်လား။ ရန်ဟောင်အဆင့် ဆေးဖော်စပ်သူများက မည်သည့်အတွက်ကြောင့် လူအများရှေ့၌ ဆေးလုံးသန့်စင်နေကြရသနည်းဟု နားမလည်နိုင်စွာ တွေးလိုက်သည်။
ပုံမှန်အားဖြင့် သူတို့က သူတို့၏ စွမ်းရည်ကို လူအများရှေ့၌ ချပြလိမ့်မည် မဟုတ်ပေ။
“ဒါက အာခီမီနတ်နန်းတော်ကနေ ကျင်းပတဲ့ အာခီမီစုဝေးပွဲ ဖြစ်မယ်ထင်တယ်။ ဒီလူတွေက နေရာဒေသအမျိုးမျိုးက ဆေးဖော်စပ်သူဆရာသခင်တွေပဲ။ ဆေးဖော်စပ်သူဆရာသခင်တွေက ကျင့်ကြံခြင်းလောကမှာ ရှားပါးတယ်။ အာခီမီနတ်နန်းတော်က တုန်းရှောင်းကုန်းမြေရဲ့ ထိပ်တန်းဆေးဖော်စပ်ရာ နယ်မြေလို့ ဆုံးဖြတ်နိုင်တယ်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲ အသက်ရှင်စဥ်က ဖမ်းလိုင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ယှဥ်နိုင်သူ တစ်ယောက်မှ မရှိခဲ့ဘူး။ ဒါပေမယ့် သူ ကွယ်လွန်သွားကတည်းက အာခီမီနတ်နန်းတော်က ဆေးဖော်စပ်သူလောကမှာ အာဏာရလာအောင် သူတို့ကိုယ်သူတို့ တွန်းတင်ခဲ့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က တုန်းဟွာနယ်မြေအတွင်း အစွမ်းထက်အာခီမီအင်အားစု ဖြစ်လာချင်တာ။” အာခီမီအင်ပါယာ၏ နောက်လိုက်တစ်ယောက်က ရီဖူရှင်းကို ရှင်းပြလိုက်သည်။ သူက အာခီမီအင်ပါယာ၏ တပည့်တစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ဆေးဖော်စပ်ခြင်းလောကအကြောင်း အနည်းငယ် သိရှိပေသည်။
အာခီမီနတ်နန်းတော်က အလွန် ကျော်ကြားပေသည်။ ဆေးဖော်စပ်သူဆရာသခင် တစ်ယောက်အနေနှင့် သူက ထိုအကြောင်း သိရှိသော်လည်း အနည်းငယ်သာ သိရှိခြင်း ဖြစ်ပေသည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ဤနေရာ၌ ကျင့်ကြံသူများ စုဝေးရောက်ရှိနေသည်မှာ အံ့သြစရာမရှိတော့ပေ။ အားလုံးသော ကျင့်ကြံသူများက ဆေးဖော်စပ်သူဆရာသခင်များနှင့် ခင်မင်ရင်းနှီးရန် ပြုလုပ်လိုကြပေသည်။ ဤနေရာတွင် အာခီမီစုဝေးပွဲ ကျင်းပသည်မှာ အစဥ်အလာဖြစ်ပြီး လူအများက ဤနေရာသို့ လာရောက်မည့် အခွင့်အရေးကို လွဲချော်မသွားလိုကြပေ။
“သူတို့ရဲ့ ဆေးဖော်စပ်ခြင်းစွမ်းရည်နဲ့ ပတ်သတ်ပြီး ဘယ်လိုထင်လဲ။” လင်ချိုးက ရီဖူရှင်းကို ကြည့်ကာ အနည်းငယ် သိချင်စိတ်နှင့် မေးလိုက်သည်။ သူသည် ရီဖူရှင်းက အာခီမီအင်ပါယာ့ ဂျူနီယာလေး၏ တပည့်တစ်ယောက် ဖြစ်သည်ဟု ခန့်မှန်းမိပေသည်။ သူသာ မှန်လျှင် ရီဖူရှင်းက ဆေးပညာနှင့် ပတ်သတ်ပြီး သိရှိပေလိမ့်မည်။
သူ့ဘေးမှ လူများကလည်း ရီဖူရှင်းကို လှမ်းကြည့်လိုက်ကြသည်။ လင်ချိုးသည် ရီဖူရှင်းက သူ ရည်ညွှန်းခဲ့သော တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဖြစ်ကြောင်း မသိပေ။ သူတို့က ရီဖူရှင်း၏ ဆေးပညာစွမ်းရည်ကို သိလိုနေကြသည်။ သူက ဆေးပညာကို စတင်သင်ယူနေပြီး ဆေးဖော်စပ်ခြင်းနှင့် ပတ်သတ်၍ ကျယ်ပြန့်စွာ သိမထားဟု ဆိုခဲ့သည်။ သူတို့က သူပြောသည်မှာ အမှန်မည်မျှပါကြောင်း မသိရှိပေ။
ရီဖူရှင်းက ထိုနေရာသို့ ကြည့်ကာ ပြောလိုက်၏။ “သိပ်မဆိုးပါဘူး။ သူတို့အားလုံးက သူတို့ရဲ့ ကျင့်ကြံဆင့်နဲ့ တူညီတဲ့ ဆေးလုံးကို ဖော်စပ်နိုင်ကြတာကြောင့် အရည်အချင်းက သိပ်တော့မဆိုးပါဘူး။”
ဆေးဖော်စပ်သူများသည် သူတို့၏ ကျင့်ကြံဆင့်နှင့်တူညီသော ဆေးလုံးကို သန့်စင်နိုင်လျှင် သာမန်ဟု ဆုံးဖြတ်နိုင်ပေသည်။ သူတို့၏ ကျင့်ကြံဆင့်မြင့်မားလာသည်နှင့်အမျှ သူတို့၏ ဆေးဖော်စပ်ခြင်း စွမ်းရည်လည်း မြင့်မားလာပေလိမ့်မည်။ သူတို့၏ ကျင့်ကြံဆင့်ထက်မြင့်မားသော ဆေးလုံးကို ဖော်စပ်သန့်စင်နိုင်သည့် ဆေးဖော်စပ်သူများကို ပါရမီရှင် ဆေးဖော်စပ်သူများဟု ခေါ်နိုင်ပေသည်။
သူတို့၏ ကိုယ်ပိုင်ကျင့်ကြံဆင့်ထက် အဆင့်များစွာ မြင့်မားသော ဆေးလုံးများ သန့်စင်နိုင်သူများကို လူသားမဆန်လောက်အောင် ထူးချွန်သူများဟု ခေါ်ကြပေလိမ့်မည်။
ရီဖူရှင်းကဲ့သို့သော ထူးချွန်မှုမျိုးက သာမန်မဟုတ်နေပေ။ ထို့ပြင် သူ၏ တိုက်ပွဲစွမ်းရည်ကလည်း ကျင့်ကြံဆင့်ထက်များစွာ သာလွန်နေသေးသည်။
“သွေးနားထင်ရောက်နေတာပဲ။” အနီးရှိတစ်စုံတစ်ယောက်က ရီဖူရှင်းကို ကြည့်ကာ မှတ်ချက်ပြုလိုက်သည်။ ဤအာခီမီစုဝေးပွဲတွင် ပါဝင်သူများက အလွန် အစွမ်းထက်ပေသည်။ သို့သော်လည်း ရီဖူရှင်း၏ အကဲဖြတ်မှုမှာ သူတို့အား ဆေးဖော်စပ်သူအဖြစ် အဆင့်မီရုံ ‘မဆိုးပါဘူး’ ဟူ၍ ဖြစ်ပေသည်။
ဆေးဖော်စပ်သူဟု သတ်မှတ်နိုင်ရုံဟု ဆိုလိုသည်လားဟု ထိုလူက တွေးမိလေသည်။
“မင်းက ဆေးဘယ်လိုသန့်စင်ရမလဲ သိလား။” တစ်စုံတစ်ယောက်က မေးလိုက်သည်။
“နည်းနည်းပါ။” ရီဖူရှင်းက ထိုလူတို့နှင့်ပတ်သတ်ပြီး စိတ်ရှုပ်မခံပေ။ သူက ပေါ့ပါးစွာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။
***