Switch Mode

အပိုင်း (၁၉၅၆)

ဝမ်တု

တုန်းရှောင်းကုန်းမြေသည် တုန်းဟွာနယ်မြေတစ်ခုလုံးတွင် အားအကောင်းဆုံးနှင့် အကျော်ကြားဆုံးကုန်းမြေများကြားမှ တစ်ခုဖြစ်ပြီး အဓိကကုန်းမြေခုနစ်ခုမှ တစ်ခု ဖြစ်လေသည်။

တုန်းရှောင်းကုန်းမြေတွင် မရေတွက်နိုင်သော အစွမ်းထက်အင်အားစုများစွာ ရှိသည်။ ဖမ်းလိုင်ကုန်းမြေကဲ့သို့ နေရာတစ်ခုမှာ တုန်းရှောင်းကုန်းမြေတစ်ခုလုံးတွင် ထူးခြားသော အရာ မည်သည်မှ မရှိသော နေရာဖြစ်သည်။ ဤနေရာကတော့ နက်ရှိုင်းသည့်သမိုင်းကြောင်းများနှင့် မရေတွက်နိုင်သော မိသားစုများ ကလန်များ ရှိလေသည်။

မရေတွက်နိုင်သည့် အင်အားစုများကြားတွင် အားလုံး၏ အထက်၌ ရပ်တည်နေနိုင်သည်မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင် ဖြစ်ကြောင်း သံသယဝင်ရန်မလိုပေ။

‘ဝမ်ရှန့်စောင့်ကြည့်မျှော်စင်’ ဟူသော အမည်မှာ စောင့်ကြည့်မျှော်စင်တစ်ခုမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ယခင်ကာလတစ်ခုတွင် စောင့်ကြည့်မျှော်စင်၏ ထိပ်ဆုံး၌ အရက်သောက်ရင်း အချင်းချင်း ဆွေးနွေးပြောဆိုခဲ့သည့်အတွက် ‘ဝမ်ရှန့်စောင့်ကြည့်မျှော်စင်’ ဟု ခေါ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို စောင့်ကြည့်မျှော်စင်ဟုသာ ရည်ညွှန်းပြောဆိုခြင်း မဟုတ်တော့ချေ။ ထိုသည်မှာ တုန်းရှောင်းကုန်းမြေ၏ အစွမ်းထက်ဆုံး.ထိပ်သီးအဆင့် အင်အားစုတစ်ခု၏ အမည်လည်း ဖြစ်သည်။ ၎င်းသည် ဆေးအင်ပါယာ၏ ကျင့်ကြံရေးနန်းတော်အတွင်း တည်ရှိပြီး မရေတွက်နိုင်သော ကျင့်ကြံသူများ ဝင်ရောက်ရန် မျှော်လင့်နေသည့် ကျင့်ကြံရေးနယ်မြေတစ်ခုလည်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် တုန်းရှောင်းကုန်းမြေအထက် လေထဲ၌ လူတစ်စုက ခမ်းနားထည်ဝါစွာ ခရီးဆက်လာကြသည်။ သူတို့က ရီဖူရှင်းတို့ လူစုဖြစ်လေသည်။ သူတို့အပြင် အာခီမီအင်ပါယာနှင့် သူ့လူများလည်း ထိုနေရာ၌ ရှိနေခဲ့သည်။ အတူတကွခရီးထွက်လာသည့်အခါ သူတို့၏ အရေအတွက်က အလွန် ကြီးမားလှသည်။

ဖုံးလွှမ်းထားသော တိမ်စိုင်များကို ကျော်လွန်၍ ရီဖူရှင်းက အောက်သို့ ငုံ့ကြည့်လိုက်လျှင် မားမားမတ်မတ် ရပ်တည်နေသော မျှော်စင်တစ်ခုပြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့က မရေတွက်နိုင်သော ရှေးဟောင်းနန်းတော်များနှင့် စံအိမ်များ ဖြစ်လေသည်။ သို့သော် သူတို့က တုန်းရှောင်းကုန်းမြေ၏ အဓိကမြို့တော်ပင် မဟုတ်ပေ။ ဤသည်မှာ ကုန်းမြေအတွင်းမှ ဝေးလံသော နေရာတွင် ရှိနေသည့် မြို့တစ်မြို့ ဖြစ်သော်လည်း သန်မာသော အင်အားစုတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ရန်ဟောင်များကို သာမန်လူများကဲ့သို့ နေရာအနှံ့တွင် တွေ့နိုင်သည်။

ကောင်းကင်ဒေသက တိုင်းတာ၍မရလောက်အောင် ကျယ်ပြောလှပြီး ဖမ်းလိုင်ကုန်းမြေသည်ပင် ကုန်းမြေပေါင်းတစ်ထောင်အထက် ဝန်းရံထားသည်။ ထို့ကြောင့် တုန်းဟွာနယ်မြေအတွင်းမှ အဓိကကုန်းမြေတစ်ခုဖြစ်သော တုန်းရှောင်းကုန်းမြေတွင် တုန်းဟွာနယ်မြေအတွင်းမှ တန်ခိုးရှင် မြောက်မြားစွာ စုစည်းနေလိမ့်မည်ကို လူတိုင်းခန့်မှန်းနိုင်ပေသည်။ အလွန်အစွမ်းထက်သည့် ကျင့်ကြံသူများသည်ပင် ဤနေရာ၌ လာရောက်စုဝေးနေကြသည်။ ပုံမှန်အားဖြင့် ဤသို့ စုဝေးခြင်းက တုန်းရှောင်းကုန်းမြေ၏ အင်အားစုများကို ပို၍ အားကောင်းသန်မာလာစေသည်။

သူတို့က မြို့ပေါင်းများစွာကို ကျော်ဖြတ်လာပြီးနောက် သူတို့၏ အောက်ဘက်တွင် တောင်တန်းတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက ထူးဆန်းသလို အန္တရာယ်ရှိပုံလည်း ပေါ်နေပြီး တောင်တန်းအတွင်းမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ ကီလိုမီတာ ထောင်ချီရှည်လျားသော တောင်တန်းတလျှောက်တွင် ပြွတ်သိပ်နေသော စံအိမ်များကို ဝိုးတဝါး မြင်တွေ့နိုင်ပေသည်။ သိသာစွာပင် ထိုနေရာဤ လူများ နေထိုင်ကြပေသည်။

“ကျုပ်တို့ ကွေ့သွားသင့်လား။” တစ်စုံတစ်ယောက်က အာခီမီအင်ပါယာကို မေးလိုက်သည်။ သူတို့အားလုံးက မည်သည့် နေရာသို့ ရောက်နေကြောင်း သိကြပေသည်။ တုန်းရှောင်းကုန်းမြေအတွင်း အလွန်အစွမ်းထက်သော အင်အားစုများက နေရာအနှံ့တွင် တည်ရှိပေသည်။ သူတို့ ရောက်နေသည့် နေရာမှာ နဂါးဝပ်ဆင်းတောင်တန်းပင် ဖြစ်သည်။ ထိုတောင်တန်းအတွင်းတွင် သီးခြားအိမ်တော်တစ်ခု တည်ရှိပေသည်။ နဂါးဝပ်ဆင်းတောင်တန်းဟု ခေါ်ရသော နောက်ကွယ်မှ အကြောင်းပြချက်မှာ အစစ်အမှန် နဂါးတစ်ကောင်သည် ထိုနေရာကို ဖြတ်သန်းသွားလျှင် ဝပ်ဆင်းညွှတ်တွားရန် လိုအပ်သောကြောင့်ပင်။

“မလိုဘူး။” အာခီမီအင်ပါယာက ပြန်ဖြေလိုက်သည်။ သူက နဂါးဝပ်ဆင်းတောင်တန်းမှ ဆရာသခင်အနည်းငယ်နှင့် ခင်မင်ရင်းနှီးပေသည်။ ထို့ကြောင့် သူတို့က ဤနေရာမှ ဖြတ်သွားသည့်အခါ ကွင်းရှောင်သွားရန် မလိုအပ်ပေ။

တောင်တန်းအထက် လေဟာနယ်ကို သူတို့ ဖြတ်သွားသည်နှင့် လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုက ကောင်းကင်သို့ ထိုးတက်လာခဲ့ပြီး နဂါးအော်မြည်သံနှင့်အတူ လိုက်ပါလာသည့် သားရဲအော်မြည်သံတို့က လေဟာနယ်တစ်ခွင်ကို ဖြတ်သန်းကာ ပဲ့တင်ထပ်လာသည်။ မမျှော်လင့်ဘဲ နတ်ဆိုးအင်ပါယာအဆင့် နတ်နဂါးတစ်ကောင်က လေထဲသို့ တက်လာကာ ကြောက်စရာကောင်းသော သားရဲများလည်း သူနှင့်အတူ လိုက်ပါလာပေသည်။ နတ်ဆိုးအင်ပါယာ၏ အထက်တွင် ရပ်နေသူက လူအုပ်ကို ဝေ့ကြည့်ကာ မေးလိုက်သည်။ “မင်းတို့က ဘယ်သူတွေလဲ။”

“အာခီမီအင်ပါယာနန်းတော်က မိတ်ဆွေဟောင်းတစ်ယောက်ပါ။ ကျုပ်တို့က ဒီနေရာကို ဖြတ်သွားဖို့လိုနေတာကြောင့် တောင်းဆိုမှုကို လက်ခံပေးနိုင်ဖို့ မျှော်လင့်ပါတယ်။” အာခီမီအင်ပါယာကို သိမ်မွေ့နက်နဲသော လေထုက ဝန်းရံထားသည်။ သူ၏ အသံက တောင်တန်းတစ်ခွင်ကို ထိုးဖောက်ကာ အောက်ဘက်သို့ ရောက်ရှိသွားသည်။ တုန့်ပြန်သည့်အနေနှင့် အောက်ဘက်မှနေ၍ နတ်အာရုံသိစိတ်တစ်ခုက အထက်သို့ ထိုးတက်လာခဲ့သည်။ ရီဖူရှင်းသည် သူ့ပေါ်သို့ ကျဆင်းလွှမ်းခြုံလာသော နတ်အာရုံသိစိတ်မျှင်များကို ရှင်းလင်းစွာ ခံစားမိပေသည်။

“အာ… ဒီတော့ ရောက်လာတဲ့သူက ကျုပ်ရဲ့ မိတ်ဆွေဟောင်းကြီးကိုး။ ဘာလို့ ခဏလောက်ဆင်းလာပြီး မထိုင်တာလဲ။” အားကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ တည်ကြည်သော အသွင်အပြင်နှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက်က လေထဲသို့ မျောလွင့်လာသည်။ သူက ကြီးမားတုတ်ခိုင်သော တည်ဆောက်ပုံရှိပြီး အလွန် လွှမ်းမိုးနိုင်သော အရှိန်အဝါ ရှိလေသည်။

“အာခီမီအင်ပါယာ ခင်ဗျားရဲ့ ညီအစ်ကိုစိတ်ဓာတ်က ဘယ်မှာလဲ။ ဒီကိုရောက်နေတာတောင် ကျုပ်ဆီမှာ ရက်နည်းနည်းလောက် မနေဘဲ ဘယ်လိုတောင် နေနိုင်ရတာလဲ။” နောက်ထပ် ပုံရိပ်အနည်းငယ်က လေထဲသို့ တက်လာပြန်သည်။ သူတို့အားလုံးက ကြောက်မက်ဖွယ်အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။ ရီဖူရှင်းသည် ဤတောင်တန်း၌ အမှန်တကယ်ပင် အဆင့်ကိုးတန်ခိုးရှင်သုံးယောက်ရှိသည်ကို ခံစားမိပေသည်။ ကြည့်ရသည်မှာ ဤနဂါးဝပ်ဆင်းတောင်တန်း၌ ကြောက်မက်ဖွယ် အစွမ်းထက်သော တန်ခိုးရှင်များစွာ ပုန်းကွယ်နေပုံရလေသည်။

တုန်းရှောင်းကုန်းမြေသည် အမှန်တကယ်ပင် အဓိကကုန်းမြေတစ်ခု ဖြစ်သည်။ ပုံမှန် ဖြတ်သန်းသွားရုံနှင့်ပင် ထိုသို့ သန်မာအားကောင်းသော အင်အားစုတစ်စုနှင့် ဆုံတွေ့မိနိုင်သည်။

ထိုသည်ကို ကြည့်လျှင် အစွမ်းထက်ဆေးဖော်စပ်သူတစ်ယောက်က မည်မျှ အဆင့်အတန်းမြင့်မားသည်ကို ပြောနိုင်ပေသည်။ နဂါးဝပ်ဆင်းတောင်တန်းမှ ကျင့်ကြံသူများအားလုံးသည် အာခီမီအင်ပါယာအပေါ် အတော်လေး ခင်မင်ရင်းနှီးမှုရှိပုံရလေသည်။

“နဂါးဝပ်ဆင်းတောင်တန်းမှာ နဂါးဝပ်ဆင်းအိမ်တော် သုံးခုရှိပြီး အဲဒီအိမ်တော်တွေမှာ အိမ်တော်သခင်သုံးယောက်ရှိတယ်။ သူတို့်အားလုံးက သားရဲထိန်းကျောင်းခြင်းပညာရပ်မှာ ကျွမ်းကျင်ကြတယ်။” တုံ့လိုင်နတ်မိမယ်က သူတို့တွေ့ဆုံနေရသော လူများ၏ အကြောင်းကို ရီဖူရှင်းအား ပြောပြလိုက်သည်။ ရီဖူရှင်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်၏။ ကြည့်ရသည်မှာ တုံ့လိုင်နတ်မိမယ်များက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ အမြဲတစေ နေနေခဲ့သော်လည်း သူတို့က အပြင်လောက သတင်းအချက်အလက်များနှင့် အဆက်အသွယ် ပြတ်နေပုံမရချေ။ သူမက မကြာခဏ အပြင်ထွက်နေသည်လည်း ဖြစ်နိုင်ပေသည်။

သူက သားရဲများကို နောက်တစ်ဖန် ထပ်ကြည့်လိုက်သည်။ သူတို့အားလုံးက နတ်ဆိုးအင်ပါယာအဆင့်များ ဖြစ်ကြလေသည်။ နဂါးဝပ်ဆင်းအိမ်တော်၏ အထူးပြုစွမ်းရည်မှာ သားရဲထိန်းကျောင်းခြင်းဖြစ်သော်လည်း ထိုပညာရပ်တွင် သူ့ထက်ပို၍ ကျွမ်းကျင်သူ များများစားစား ရှိလိမ့်မည် မဟုတ်ပေ။

“ဒီတစ်ခေါက် ကျုပ်တို့ ဝမ်တုကိုသွားဖို့ အလျင်စလို လာခဲ့ရတာ။ ဒါကြောင့် ဒီနေရာမှာ နားလို့မရဘူး။ နောက်တစ်ခေါက် အခွင့်အရေးရရင်တော့ ကျုပ် ကျိန်းသေလာလည်ပါ့မယ်။” အာခီမီအင်ပါယာက ပြောလိုက်သည်။

ဝမ်တုကို ဝမ်မြို့တော်ဟုလည်း သိကြပြီး ၎င်းမှာ တုန်းရှောင်းကုန်းမြေ၏ အကြီးဆုံးမြို့လည်း ဖြစ်သည်။ ၎င်း၏ အမည်သည် မြို့အတွင်းပိုင်း၌ တည်ရှိသော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အတိတ်ကာလတွင် ဝမ်တုက တုန်းရှောင်းကုန်းမြေအတွင်းရှိ ထိပ်တန်းတယ်မြို့ကြားမှ တစ်မြို့ပင် မဟုတ်ခဲ့ပေ။ သို့သော်လည်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ လွှမ်းမိုးမှုကြောင့် ဝမ်တုမှာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာပြီး တဖြေးဖြေးနှင့် တုန်းရှောင်းကုန်းမြေတစ်ခုလုံး၏ ထိပ်တန်းမြို့တစ်မြို့ ဖြစ်လာခဲ့သည်။

“အင်း.. အဲဒါလည်း ဟုတ်တာပဲ။” စံအိမ်သခင်များက ခေါင်းညိတ်လိုက်သည်။ “ဒီလိုဆိုမှတော့ ခင်ဗျားတို့ကို ဆွဲမထားတော့ပါဘူး။ ကျုပ်တို့ရဲ့ ဂျူနီယာတချို့က အပြင်လောကကို သွားကြည့်ချင်နေကြတာနဲ့ အတော်ပဲဗျာ။  အာခီမီအင်ပါယာအနေနဲ့ သူတို့ကို ခေါ်သွားပြီး အပြင်လောကကို လေ့လာခွင့်ပေးနိုင်မလား။”

သူက ပြောပြီးသည်နှင့် ခေါင်းကို လှည့်ကာ သူ့နောက်မှ လူတန်းကြီးအား ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့အားလုံး ဝမ်တုကို သွားချင်နေကြတာမဟုတ်လား။ မင်းတို့ သွားတဲ့ လမ်းတလျှောက် မင်းတို့စီနီယာ အာခီမီအင်ပါယာဆီကနေ နည်းနည်းပါးပါး သင်ယူလို့ရတယ်။”

လူအနည်းငယ်က လမ်းလျှောက်တက်လာခဲ့သည်။ သူတို့အားလုံးက ထူးချွန်ထက်မြက်သော အရှိန်အဝါရှိကြပြီး အားလုံးမှာ ရန်ဟောင်အဆင့် ကျင့်ကြံသူများ ဖြစ်ပေသည်။ သူတို့က အာခီမီအင်ပါယာကို အရိုအသေပြုရင်း ပြောလိုက်၏။ “စီနီယာ အာခီမီအင်ပါယာကို နှုတ်ဆက်ပါတယ်။”

ရီဖူရှင်းက ထိုသူတို့ကို ကြည့်လိုက်သည်။ ထိုလူများက အလွန် လိမ္မာပါးနပ်ပေသည်။ သူတို့အားလုံးက ရန်ဟောင်ကျင့်ကြံသူများ ဖြစ်နေကြပြီးဖြစ်ရာ သူတို့အပြင်သွားသည့်အခါ ထိန်းကျောင်းပေးရန် တစ်စုံတစ်ယောက်ကို မလိုအပ်မည်မှာ သေချာပေါက်ပင် မဟုတ်ပါလား။ သူတို့က ထိုအကြောင်းကို ဆင်ခြေအနေနှင့် သုံးလိုက်ကြခြင်း ဖြစ်သည်။ သူတို့၏ အဓိကရည်ရွယ်ချက်က အာခီမီအင်ပါယာနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်သာ ဖြစ်ပေသည်။ အဆုံးမှာတော့ ဆေးဖော်စပ်သူဆရာသခင်နှင့် ခင်မင်ရင်းနှီးမှု တည်ဆောက်ထားနိုင်လျှင် အကျိုးအမြတ်တို့ ရနိုင်မည်မှာ မလွဲဧကန်ပင်။

“ကောင်းပြီ။” အာခီမီအင်ပါယာက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်တော့ ကျေးဇူးပါပဲဗျာ။ အလုပ်ရှုပ်စေမိပြီ။” စံအိမ်သခင်များက သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်ကြသည်။

“ကျုပ်တို့က ခရီးအတူတူ သွားရုံပါပဲ။ နည်းနည်းလေးမှ အလုပ်ရှုပ်မနေပါဘူး။” အာခီမီအင်ပါယာက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။ နဂါးဝပ်ဆင်းအိမ်တော်၏ စံအိမ်သခင်များ အားလုံးက အဆင့်ကိုးရန်ဟောင်များ ဖြစ်ကြပေသည်။ တုန်းရှောင်းကုန်းမြေတစ်ခွင်လုံးတွင် သူတို့အား ထိပ်သီးအင်အားစုများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ သူသည် သူတို့အား ဂရုစိုက်ရန် မလိုအပ်သည်ကို သေချာပေါက် နားလည်ပါ၏။

“ကျုပ်တို့ အခု သွားတော့မယ်။”

“ကောင်းပါပြီ။” တစ်ဖက်လူက ခေါင်းညိတ်လိုက်၏။ “ကျေးဇူးပြုပြီး”

သူက ပြောပြီးသည်နှင့် အိမ်တော်မှ ကျင့်ကြံသူအနည်းငယ်ကို ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့ရဲ့ စီနီယာဆီကနေ သင်နိုင်သလောက် သင်ယူရမယ်ဆိုတာ မှတ်ထားပါ။”

“နားလည်ပါပြီ။” ကျင့်ကြံသူများက သူတို့၏ ခေါင်းများကို လျင်မြန်စွာ ညိတ်လိုက်ကြသည်။ အာခီမီအင်ပါယာနှင့် သူ့လူများက နောက်တစ်ဖန် ထွက်ခွာသွားကြပြန်သည်။ ဤတစ်ကြိမ်၌  နဂါးဝပ်ဆင်းတောင်တန်းမှ လူအနည်းငယ်က သူတို့နှင့် လိုက်ပါလာရုံသာမက နတ်ဆိုးအင်ပါယာများလည်း ပါဝင်လာပေသည်။

သူတို့ကြားတွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်က ကြောက်ရွံ့ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ် အနက်ရောင်နဂါးတစ်ကောင်ကို စီးနင်းထားသည်။ အနက်ရောင်နဂါးကြီး၏ ကြီးမားသော မျက်လုံးများက ရီဖူရှင်းအောက်မှ သိမ်းငှက်နက်လေးဆီသို့ ရောက်လာခဲ့သည်။ သူက သိမ်းငှက်နက်လေးကို ကြည့်စဥ် စိတ်ဝင်စားဟန် မပြသော်လည်း ထိုနဂါး၏ အကြည့်က စီဖုန်းထံ ရောက်သွားသည့်အခါ သိချင်စိတ်တို့ ဖြစ်လာခဲ့သည်။ ကြည့်ရသည်မှာ စီဖုန်းသည်လည်း နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားပုံရလေသည်။

သူတို့ ခရီးဆက်နေစဥ် စံအိမ်မှ ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ မိတ်ဆက်ကြသည်။ သူတို့က ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြပြီး အချင်းချင်း ပိုမိုရင်းနှီးလာကြသည်။ သူတို့ကြားတွင် အဓိကလူမှာ စံအိမ်သခင်သုံးယောက်၏ မျိုးဆက်များ ဖြစ်ကြသော လင်ချိုး၊ ဟန်ထျယ်နှင့် လန်ရယ့်ဟု အမည်ရသည့် ကျင့်ကြံသူသုံးယောက် ဖြစ်လေသည်။

လင်ချိုး၏ အရှိန်အဝါက နတ်ဆိုးတို့၏ ခမ်းနားထည်ဝါသော အရိပ်အယောင်များ ရှိနေခဲ့သည်။ သူက ထူးခြားသော ပုံပန်းသွင်ပြင်ရှိကာ စံအိမ်သခင်၏ အကြီးဆုံးသား ဖြစ်လေသည်။ သူက အလယ်အလတ် ရန်ဟောင်တစ်ပါး ဖြစ်သည်။ ဝတ်ရုံရှည်အား ဝတ်ဆင်ထားသည့် ထိုသူတွင် ထူးခြားဆန်းကြယ်သော အရှိန်အဝါတို့ ထွက်ပေါ်နေပေသည်။

“ဒီစီနီယာတို့ကရော….” လင်ချိုးက အာခီမီအင်ပါယာနောက်မှ ဖမ်းလိုင်နတ်မိမယ်နှင့် ပေ့ကုံးအော့တို့ကို ကြည့်ကာ မေးလိုက်သည်။ သူက သူတို့အကြောင်းကို အနည်းငယ် သိချင်နေ၏။ ထူးထူးခြားခြားပင် ဖမ်းလိုင်နတ်မိမယ်က သူတို့ကို ထူးခြားဆန်းကြယ်သော အရှိန်အဝါပေးစွမ်းပေသည်။ သူမက ခမ်းနားထည်ဝါကာ တော်ဝင်ဆန်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါတို့ လွှမ်းခြုံထားသည်။

“သူမက ကျုပ်ရဲ့ ဂျူနီယာပဲ။” အာခီမီအင်ပါယာက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။

“စီနီယာကို နှုတ်ဆက်ပါတယ်။” အာခီမီအင်ပါယာ၏ စကားကို ကြားသောအခါ လင်ချိုးက ဖမ်းလိုင်နတ်မိမယ်ကို ဦးညွှတ်အရိုအသေပေးလိုက်ပြီး သူမက ခေါင်းညိတ်တုံ့ပြန်လာခဲ့သည်။

ထို့နောက် သူက အကြည့်များကို ရီဖူရှင်းထံ လှည့်လိုက်ကာ ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာ ရှိနေသည့် ထိုဆံပင်အဖြူနှင့် လူငယ်လေးကို ကြည့်လိုက်သည်။ ရီဖူရှင်းက ဘေးတွင် ရှိနေကာ သူ၏ အရက်ကို တိတ်ဆိတ်စွာ သောက်နေခဲ့ပြီး အလွန်ပင် ပေါ့ပါးလွတ်လပ်နေဟန်ပေါ်သည်။ လေနှင့်ပါလာသော ဝိုင်အနံ့က လင်ချိုးကို ကျီစယ်လာပြီး သူ့ ခံစားချက်များကို ကြည်နူးရွှင်ပျလာစေသည်။ သူသည် ထိုဆံပင်အဖြူနှင့် လူငယ်လေးက အာခီမီအင်ပါယာ့ ဂျူနီယာညီမလေး၏ တပည့်တစ်ယောက်ဖြစ်မည်ဟု ခန့်မှန်းလိုက်မိသည်။

သို့သော်လည်း လူတိုင်း၏ အဆင့်အတန်းကို မေးနေသည်မှာ အလွန်ရိုင်းစိုင်းလှသောကြောင့် သူက ပြုံးကာ ပြောလိုက်သည်။ “ဒါက အရက်ကောင်းတစ်ခုပဲ။ မင်း စိတ်မရှိဘူးဆိုရင် တစ်ခွက်လောက် သောက်ကြည့်လို့ရမလား။”

ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်၏။ သူက အရက်ပုလင်းကို မဟာလမ်းစဥ်စွမ်းအားနှင့် ရစ်ပတ်ကာ လင်ချိုးရှေ့သို့ မျောလွင့်စေလိုက်သည်။ ထိုအရက်ပုလင်းက သူ့ရှေ့တွင်ရပ်တန့်စေလိုက်သည်။

“ကျေးဇူးပြုပြီး…” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ ရန်ဟောင်တစ်ပါးက အရက်တစ်ခွက်လောက် တိုက်ရန် မေးမြန်းလာသည့်အခါ သူက နှမြောတွန့်တိုနေလိမ့်မည် မဟုတ်ပေ။

ကြည့်ရသည်မှာ ထိုလင်ချိုးက တည့်တိုးဆန်ကာ ပွင့်လင်းသော စရိုက်ရှိပုံရလေသည်။

“ကျေးဇူးတင်ပါတယ်။” လင်ချိုးက အပြုးနှင့် တုံ့ပြန်လိုက်သည်။ ထို့နောက် သူက အရက်ပုလင်းကို ဖွင့်ကာ ရီဖူရှင်းထံ မြှောက်ပြ၍ ပြောလိုက်သည်။ “နဂါးဝပ်ဆင်းအိမ်တော်က လင်ချိုးပါ။”

“ရီလျှို့နျန်” ရီဖူရှင်းက သူ၏ ခွက်ကို မြှောက်ကာ ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက သူ့အဆင့်အတန်းကို သူကိုယ်တိုင်ပင် မရှင်းလင်းသည့်အတွက် သူ့အမည်ကိုသာ မိတ်ဆက်လိုက်သည်။ လင်ချိုးသည် ရီဖူရှင်း၏ မိတ်ဆက်မှုမှနေ၍ မည်သည့် သတင်းအချက်အလက်မှ မရသော်လည်း သူက စိတ်ထဲမထားခဲ့ပေ။ သူက အရက်ကို တစ်ငုံတည်းသောက်ချလိုက်သည်။ သူသည် ခန္ဓာကိုယ်အတွင်း မဟာလမ်းစဥ်စွမ်းအားများ ဖြတ်သန်းသွားခြင်းကြောင့် အလွန်သက်သောင့်သက်သာ ရှိသလို ခံစားရပေသည်။

“ဒါက အရက်ကောင်းပဲ။” သူက မှတ်ချက်ပေးလိုက်သည်။ အမှန်တကယ်ပင် ရီဖူရှင်းက အာခီမီအင်ပါယာနှင့် ပတ်သတ်နေသည်။ သူသည် ထိုအရက်ထဲမှ သန့်စင်ထားသော ဆေးရည်၏ အနှစ်သာရကို ခံစားမိပေသည်။ ထို့ကြောင့် လင်ချိုးသည် အာခီမီအင်ပါယာ့ ဂျူနီယာညီမလေး၏ တပည့်တစ်ယောက်ဖြစ်လိမ့်မည်ဟု တွေးလိုက်တော့သည်။

“အားလုံးပဲ အတူတူသောက်ကြရအောင်လေ။” ရီဖူရှင်းက ဟန်ထျယ်နှင့် လန်ရယ့်ထံသို့ပါ ပေးလိုက်သည်။ သူက အလွန် သဘောထားကြီးပုံပေါ်လေသည်။ ဘေး၌ရှိနေသော တုံ့လိုင်နတ်မိမယ်က သူ့ကို ကြည့်လိုက်သည်။

သည်လူလိမ်ကောင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ အရည်အသွေးကောင်းအရက် မည်မျှ ယူလာခဲ့သနည်းဟု တုံ့လိုင်နတ်မိမယ်က တွေးလိုက်လေသည်။ “ငါတို့ ခရီးစထွက်လာကတည်းက သူ တစ်ချိန်လုံး အရက်ကို ရေလိုသောက်နေခဲ့တာ။ ဒါတောင် ထပ်ရှိနေသေးတုန်းပဲ။ အခု သူက တခြားလူတွေကို သောက်ဖို့တောင် ဖိတ်လိုက်သေးတယ်။”

သို့သော် သူမက အမှန်တကယ် ဂရုမစိုက်ပေ။ အဆုံးမှာတော့ နဂါးဝပ်ဆင်းအိမ်တော်က သာမန်ညောင်ည အင်အားစုတစ်ခု မဟုတ်ပေ။ ရီဖူရှင်းက မိတ်ဆွေ ပိုဖွဲ့သည့်အတွက် ဒုက္ခရောက်စရာ အကြောင်းမရှိချေ။

တုန်းရှောင်းကုန်းမြေက အလွန် ကျယ်ပြောသည့်အတွက် သူတို့သည် အဆုံးမဲ့ ကျယ်ပြောသော အကွာအဝေးကို ရက်ပေါင်းများစွာ ခရီးဆက်ခဲ့ရကာ နောက်ဆုံး၌ တုန်းရှောင်းကုန်းမြေ၏ အဓိကမြို့တော် ဝမ်တုသို့ ရောက်လာလေသည်။

သူတို့ ဝမ်တုအထက်သို့ ရောက်သောအခါ လေထဲမှ ဖြေးညင်းစွာ ဆင်းသက်လာပြီး မြို့တော်အထက် ခပ်နိမ့်နိမ့်မှ ခရီးဆက်လိုက်သည်။ သူသည် သိမ်းငှက်နက်လေး၏ ကျောပေါ်တွင် ထိုင်နေရင်း အောက်ဘက်ရှိ မြို့ကို ကြည့်လိုက်သည်။ သူသည် မြေပြင်ပေါ်တွင် တည်ဆောက်ထားသော စံအိမ်တော်အမြောက်အမြားကို မြင်လိုက်ရသည်။ လူသွားစင်္ကြန်နှင့် လမ်းများတွင် လျှောက်နေသော လူများကြား၌ ရှန့်ထိုအဆင့် ကျင့်ကြံသူများက အလွန် သာမန်ပင် ဖြစ်သည်။ အများစုမှာ ရန်ဟောင်အဆင့်များ ဖြစ်ကြ၏။

သူတို့သည် နောက်ဆုံး၌ တုန်းဟွာနယ်မြေအတွင်း အဓိကကုန်းမြေများထဲမှ တစ်ခုဖြစ်သော တုန်းရှောင်းကုန်းမြေ၏ ဝမ်တုသို့ ရောက်ရှိလာကြပြီ ဖြစ်လေသည်။

ရောက်ရှိလာသော တန်ခိုးရှင်တစ်စုက လူအများ၏ အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။ ထိုအသစ်ရောက်လာသူများတွင် ထူးခြားဆန်းကြယ်သော အရှိန်အဝါတို့ ရှိနေသည်။ သူတို့ကို ကြည့်ရသည်မှာ အလွန် အားကောင်းသန်မာပုံရသည်။ ဝမ်တု၌ ဖြစ်လျှင်ပင် သူတို့ကို အလွန် အားကောင်းသည်သု ဆုံးဖြတ်နိုင်ပေသည်။ သို့သော်လည်း သူတို့၏ အာရုံစိုက်မှုက ခေတ္တသာ ကြာရှည်ခဲ့ပြီး ဝမ်တုမှ လူများက သူတို့ကို အလွန်အမင်းစိတ်ဝင်စားခြင်း မရှိကြပေ။ ဝမ်တုတွင် တန်ခိုးရှင်အမြောက်အမြားရှိနေပြီး အချိန်နှင့်အမျှ ထူးခြားသော တန်ခိုးရှင်များလည်း ရောက်လာနေကြပေသည်။ ဒေသခံကျင့်ကြံသူများက ထိုသည်အား အသားကျနေပြီ ဖြစ်လေသည်။

ရီဖူရှင်းက အနည်းငယ် စိတ်လှုပ်ရှားသလို ခံစားနေရသည်။ သူသည် ကောင်းကင်ဒေသတွင် နှစ်အနည်းငယ် နေထိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူက ဤနှစ်များအတွင်း အချိန်အများစုကိင ကျင့်ကြံခြင်းနှင့်သာ ကုန်ဆုံးခဲ့ကြသည်။ ယခု သူ တုန်းရှောင်းကုန်းမြေသို့ လာရောက်ခဲ့ပြီး ကောင်းကင်ဒေသ၏ ပင်မနယ်မြေနှင့် အဆက်အသွယ် ပြုလုပ်ခြင်းမှာ ပထမဆုံးဖြစ်ကြောင်း ဆုံးဖြတ်နိုင်ပေသည်။

ထို့နောက် သူသည် ထိပ်တန်းအဆင့် အဓိကအင်အားစုများနှင့် ဆက်သွယ်နိုင်ပြီး ထိုအဆက်အသွယ်များသည် မူလဘုံ၌ ဖြစ်ပျက်ခဲ့သော အရာအားလုံးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို သက်သေပြနိုင်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset