ရီဖူရှင်းနှင့် သူ၏ လူများက ထိုင်ချလိုက်ပြီးနောက် အာခီမီအင်ပါယာတာဝါမှ တန်ခိုးရှင်များလည်း နေရာယူလိုက်ကြသည်။
“တကယ်တော့ ဒီနေ့ စားသောက်ပွဲက အာခီမီအင်ပါယာတာဝါအတွက် အဓိပ္ပါယ်ရှိတယ်။ မင်းတို့လည်း ဒီကိုရောက်လာမယ်လို့ မထင်ထားခဲ့မိဘူး။ ဒါက တိုက်ဆိုင်တာပဲ။ နောက်ရက်အနည်းငယ်နေရင် ကျုပ်က တန်ခိုးရှင်တချို့ကို တုန်းရှောင်းကုန်းမြေဆီ ခေါ်လာဖို့ ရည်ရွယ်ထားတယ်။ ကျုပ်တို့နဲ့အတူ မပါဝင်ချင်ဘူးလား။” အာခီမီအင်ပါယာက ပြုံးကာ ပြောရင်း ထိုင်ချလိုက်၏။ “ဒီတစ်ခေါက်ခရီးမှာ ကျုပ်တို့ သေချာပေါက် အဲဒီလူဆီ သွားလည်ရမယ်။”
နတ်မိမယ်တုံ့လိုင်က ခေါင်းကို ညိတ်လိုက်သည်။ သူမသည် ‘အဲဒီလူ’ ဆိုသည်မှာ မည်သူဖြစ်ကြောင်း သိရှိပေသည်။ ၎င်းသည် သူမ တုန်းရှောင်းကုန်းမြေသို့ လာရောက်ရသော ရည်ရွယ်ချက်ပင် ဖြစ်သည်။ ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ အနာဂတ်ကို ကိုယ်စားပြုပြီး ကံမကောင်းစွာနှင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ အစွမ်းထက် ရန်သူတစ်ယောက်ရှိနေရာ သူမက တစ်ခုခု လုပ်ရန် လိုအပ်ပေသည်။
“ဒီတစ်ကြိမ်တော့ တကယ့်ကို တိုက်ဆိုင်တာပဲ။ မင်းက အချိန်မှန်ရောက်လာတယ်။ ကျုပ်တို့ဆရာမှာ ဆက်ခံသူရှိတယ်ဆိုတာသာ စီနီယာသိရင် သူ ကျိန်းသေပျော်ရွှင်သွားမှာပဲ။” အာခီမီအင်ပါယာက ပြောလိုက်သည်။ ထိုပုဂ္ဂိုလ်သည် သူ့ဆရာနှင့် မိတ်ဆွေများ ဖြစ်ခဲ့ဖူးပြီး အလွန်ရင်းနှီးသော ဆက်ဆံရေးရှိကြသည်။ သူ့ဆရာ ကွယ်လွန်သွားစဥ်၌ ထိုပုဂ္ဂိုလ်က နက်ရှိုင်းသော နောင်တတို့ကို ခံစားခဲ့ရသည်။ သူက သူတို့ဆရာ၏ ဆက်ခံသူကို မြင်နိုင်လျှင် သေချာပေါက် စိတ်ကျေနပ်ပေလိမ့်မည်။
“ကျွန်မလည်း ဒီကိစ္စကြောင့် စီနီယာအစ်ကိုကို လာရှာတာပါ။” တုံ့လိုင်နတ်မိမယ်က ပြောလိုက်သည်။ “ကျွန်မ တကယ် အဲဒီနေရာကို ဂျူနီယာ လျှို့နျန်ကို ကိုယ်တိုင်ကိုယ်ကျ ခေါ်မသွားချင်ဘူး။”
အာခီမီအင်ပါယာက ဇဝေဇဝါဖြစ်နေသော အကြည့်တို့ကို ထုတ်ဖော်၍ တုံ့လိုင်နတ်မိမယ်အား စူးစမ်းကာ ကြည့်လိုက်သည်။
တုံ့လိုင်နတ်မိမယ်က ဆက်ပြောလိုက်၏။ “စီနီယာ၊ သူ့ရဲ့ စရိုက်က ဘယ်လိုမျိုးလဲဆိုတာ စီနီယာလည်း သိတာပဲ။ သူ ဘယ်တုန်းက လောကစည်းမျဥ်းတွေကို ဂရုစိုက်လို့လဲ။ ကျွန်မ အဖေရဲ့ အနေအထားနဲ့ဆိုရင်တော့ သူနဲ့ တွေ့ဆုံတာက ပြဿနာဖြစ်စေမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ရဲ့ တွေ့ဆုံမှုကို အဲဒီအကြောင်းပြချက်ကြောင့် မဖြစ်ဖို့ မျှော်လင့်မိတယ်။ ကျွန်မတို့ ဒီမှာ မတော်တဆတွေ့ကြတယ်ဆိုတော့ စီနီယာဆီက မြောင်းဖောက်ပေးမှုကိုပဲ တောင်းဆိုရတော့မယ်။” အာခီမီအင်ပါယာက သူမ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။
ကြည့်ရတာ သူမက ရီဖူရှင်းအပေါ် အလွန် ယုံကြည်ချက်ရှိပုံရသည်။
ထိုစီနီယာ၏ စရိုက်ကို သူလည်း အနည်းငယ် နားလည်ပေသည်။ ရီဖူရှင်းက သူ၏ အဆင့်အတန်းပေါ် မူတည်ပြီး ထိုစီနီယာနှင့် တွေ့ဆုံခဲ့သည့်အခါ သူက လမ်းညွှန်ပေးရန် ဆန္ဒရှိလျှင်ပင် ရီဖူရှင်းကို တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူအဖြစ် ထိုက်တန်သည်ဟု ယူဆမည် မဟုတ်ပေ။
တုံ့လိုင်နတ်မိမယ်ဆိုလိုသည်မှာ ရီဖူရှင်းက ထိုစီနီယာနှင့် မတွေ့ဆုံခင် သူ့ကိုယ်သူ ထိုက်တန်ကြောင်း အရင် သက်သေပြရန် ဖြစ်သည်။ သို့သော် ယင်းက ရီဖူရှင်းက ထူးချွန်ကြောင်း သက်သေပြနိုင်မှသာ အောင်မြင်ပေလိမ့်မည်။ မဟုတ်လျှင် သူက အခြားသူများ၏ ထူးချွန်မှုများကြား လောင်းရိပ်မိသွားကာ အလွန် သာမန်ဆန်သည့် ပုံရိပ်ကိုသာ ပြသနိုင်ပေလိမ့်မည်။
စားသောက်ပွဲရှိ ကျန်သည့် လူများသည် တုံ့လိုင်နတ်မိမယ်၏ စကားကို ကြားသောအခါ အနည်းငယ် တင်းကြပ်သွားကြသည်။ သူတို့၏ စိတ်ထဲတွင် ဖြစ်နိုင်သလားဟူသည့် မေးခွန်းတို့ ထွက်ပေါ်လာသော်လည်း တုံ့လိုင်နတ်မိမယ်က ရီဖူရှင်းကို တုန်းရှောင်းကုန်းမြေသို့ သွားစေချင်သည်ဟု ပြောလာခဲ့သည်။
ဆိုလိုသည်မှာ ရီဖူရှင်းက တစ်နေရာစာယူ၍ သူတို့ထဲမှ တစ်ယောက်ဖြစ်လာမည်ဟု ဖြစ်သည်။
တုန်းရှောင်းကုန်းမြေသည် ကုန်းမြေများ၏ ဗဟိုတွင် တည်ရှိသောကြောင့် အနီးဝန်းကျင်ရှိ ကုန်းမြေများက တုန်းရှောင်းကုန်းမြေသို့ မော်ကြည့်သည်မှာ သဘာဝပင်ဖြစ်သည်။ ထို့ပြင် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ မိတ်ဆွေက တုန်းရှောင်းကုန်းမြေ၌ အလွန်ပင် ကျော်ကြားသာ ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူက ထိုကုန်းမြေ၏ အလွန် အစွမ်းထက်သော သူများအကြား အထွတ်အထိပ်တွင် ရှိနေပြီး နှိုင်းယှဥ်မရအောင် မြင့်မားသော အဆင့်အတန်း ရှိသည်။
နှစ်တိုင်း ကုန်းမြေအသီးသီးက သူတို့၏ ထူးချွန်သော တန်ခိုးရှင်များကို ထိုစီနီယာရှိနေသော ကျင့်ကြံခြင်းနန်းတော်၌ ကျင့်ကြံနိုင်လိမ့်မည်ဟု မျှော်လင့်ကြပြီး တုန်းရှောင်းကုန်းမြေသို့ ပို့လွှတ်ကြသည်။
“ကောင်းပြီ။ ဒီကိစ္စ ကျုပ်ကို လွှဲထားလိုက်။” အာခီမီအင်ပါယာက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သူက ထိုကိစ္စကို ဆုံးဖြတ်ပေးနိုင်သော်လည်း ရီဖူရှင်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ တပည့်ဟူသော အဆင့်အတန်းအား အသုံးမပြုဘဲ သူနှင့် တွေ့ဆုံနိုင်ခြင်းရှိမရှိက နောက်ထပ်ကိစ္စတစ်ခုဖြစ်သည်။
ကိစ္စများကို ဆုံးဖြတ်ပြီးပြီဖြစ်ရာ အရာအားလုံးက ရီဖူရှင်းကိုယ်တိုင်ပေါ်၌ မူတည်သွားပြီ ဖြစ်လေသည်။
“မိတ်ဆွေလေးယဲ့က တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ တပည့်ဖြစ်နေမှတော့ ဘာလို့ ဒီအခက်အခဲတွေကို ဖြတ်ကျော်ဖို့ လိုအပ်နေဦးမှာလဲ။ ဒီလို အရေးပါတဲ့ အဆင့်အတန်းနဲ့ဆိုရင် မင်း စီနီယာနဲ့ တိုက်ရိုက်တောင် တွေ့လို့ရတယ်။” အောက်ဘက် ထိုင်ခုံနေရာ၌ ရှိနေသော အကြီးအကဲက အကြံပြုလာသည်။
“ကောင်းပြီ။ အဲဒါက ပြဿနာမရှိပါဘူး။ သူ အတွေ့အကြုံရတာပေါ့။” အာခီမီအင်ပါယာက ပြန်ဖြေလိုက်သည်။ ထိုအဖြေကို ကြားသည့်အခါ အကြီးအကဲက တိတ်ဆိတ်သွားသည်။
“အင်ပါယာရီက တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ အမွေကို ဆက်ခံနိုင်ခဲ့တယ်ဆိုမှတော့ သူက ဆေးဖော်စပ်ခြင်းမှာ ထူးချွန်တဲ့ ပါရမီရှိရမယ်။ အင်ပါယာရီက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ကနဦးလေ့လာသူလို့ ပြောခဲ့ပေမယ့် သူသာ တကယ် အဲဒီလိုဖြစ်နေရင် တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ အမွေအနှစ်ကို ဘယ်ဆက်ခံနိုင်ပါ့မလဲ။” အလယ်အလတ် ရန်ဟောင်တစ်ပါးက ပြုံးကာ ပြောလိုက်သည်။
“ဒီနေ့ ကျုပ်တို့ကြားမှာ ဆေးဖော်စပ်တဲ့ ပညာရှင်နည်းနည်းပါတယ်။ အားလုံးက အာခီမီအင်ပါယာရဲ့ လမ်းညွှန်မှုကို လိုချင်လို့ ရောက်လာကြတာလေ။ အခု ကျုပ်တို့ တွေ့ဆုံကြတယ်ဆိုတော့ အင်ပါယာရီက ဆေးဖော်စပ်တာနဲ့ ပတ်သတ်ပြီး အကြံဉာဏ်လေးများ ပေးလို့ရမလား။”
ရီဖူရှင်းက စကားပြောလာသည့် ထိုလူကို မေးလိုက်သည်။ ကြည့်ရသည်မှာ ထိုလူက သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်ကို စပ်စုလိုပုံရလေသည်။
တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူအကြောင်းကို မည်သူက သိချင်စိတ်မဖြစ်ဘဲ နေပါမည်နည်း။
တုံ့လိုင်နတ်မိမယ်သည်ပင် သူမ အဖေ၏ အမွေအနှစ်ကို မဆက်ခံနိုင်ခဲ့သော်လည်း အပြင်လူက လုပ်ဆောင်နိုင်ခဲ့ပေသည်။
“ကျုပ် အရင်က ပြောခဲ့သလိုပဲ ကျုပ်က အခုမှ ဆေးဖော်စပ်တဲ့ လမ်းကြောင်းကို စတင်ရုံရှိသေးတာပါ။ ပြီးတော့ အခုတလောကမှ ဆေးလုံးတွေ သန့်စင်ဖို့ စကြိုးစားခဲ့တာ။ ကျုပ်က အဲဒီဘက်မှာ ဒီလောက်ကြီး အရည်အချင်းမရှိပါဘူး။ အမွေအနှစ်ကို ဘယ်လိုရခဲ့လဲဆိုတော့ ကံကောင်းတာကြောင့်ပါပဲ။” ရီဖူရှင်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်အစစ်အမှန်အား ပြသရန် မလိုအပ်ပေ။ ၎င်းက သူ့ကို ပို၍ ပြဿနာ ဖြစ်စေလိမ့်မည် ဖြစ်သည်။
“အင်ပါယာရီ၊ အဲဒီလောက်ကြီး နှိမ့်ချနေဖို့ မလိုပါဘူး။” တစ်ယောက်က အပြုံးနှင့် ပြောလိုက်သည်။ တုံ့လိုင်နတ်မိမယ်က တုန်းရှောင်းကုန်းမြေသို့ သွားရန် ထိုမျှ ဝေးကွာသော နေရာမှ ခေါ်ဆောင်လာရာ ရီဖူရှင်းထံ၌ ပါရမီနှင့် ခွန်အားတို့ ချို့တဲ့နေစရာအကြောင်း မရှိပေ။
“ကျုပ်က အမှန်ကိုပဲ ပြောတာပါ။ တကယ်ကို နှိမ့်ချနေဆာ မဟုတ်ရပါဘူး။ ပြီးတော့လည်း ဒီနေ့ ကျုပ်ရှေ့မှာ တန်ခိုးရှင်တွေ ဒီလောက်အများကြီး ထိုင်နေတာ ကျုပ်က ဘယ်လိုလုပ် ခင်ဗျားတို့ထက်ပိုပြီး အရည်အချင်းရှိနိုင်ပါ့မလဲ။ ကျုပ်ကိုယ်ကျုပ် အရှက်ရစေရုံပဲ ရှိမှာပေါ့။” ရီဖူရှင်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ သူက သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်က အတော်ပင် သာမန်ဆန်ပြီး မည်သည့်ထူးခြားမှုမှ မရှိဟု အမှန်တကယ် ယုံကြည်ထားပေသည်။
သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်တို့ကို ဤနေရာတွင် ပြသရန်အတွက်မှာ သူသည် ဆေးဖော်စပ်ခြင်းအား မည်သည့်အခါတွင်မှ သာမန်ကာလျှံကာ မကျင့်ကြံပေ။ ယခင်က သူဆေးလုံးသန့်စင်သည့်အခါ ဆေးလုံးအတွက် လေ့ကျင့်ရန် လိုအပ်နေခြင်းအတွက်ကြောင့်သာ ဖြစ်သည်။ သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်ကို ပြသရန်မှာ သူ့အတွက် အဓိပ္ပါယ်မရှိပေ။
ရီဖူရှင်း၏ စကားလုံးများကို ကြားသည့်အခါ လူတိုင်းသည် သူတို့၏ ရှေ့၌ သူ့အား ဆေးဖော်စပ်မှုကို လက်တွေ့ပြုလုပ်ခိုင်းရန် မဖြစ်နိုင်ကြောင်း သဘောပေါက်သွားခဲ့ကြသည်။ ထိုလူ၏ ဖုံးကွယ်ခြင်းစွမ်းရည်က အလွန်ကောင်းလှသည်။ သူတို့က သူ၏ စွမ်းရည်မည်မျှရှိကြောင်း သိလိုကြသည်။
“ကောင်းပြီ။ အစက ကျုပ် ခင်ဗျားတို့အားလုံးနဲ့ တွေ့ဆုံဖို့ စီစဥ်ခဲ့ပေမယ့် ကျုပ်ရဲ့ ဂျူနီယာညီမလေး ရုတ်တရက် ရောက်လာတာကြောင့် ခင်ဗျားတို့ကို ဆွဲမထားတော့ပါဘူး။ နောက်ရက်အနည်းငယ်နေရင် တုန်းရှောင်းကုန်းမြေကို အတူတူသွားကြတာပေါ့။” အာခီမီအင်ပါယာက ပြောလိုက်သည်။ သူသည် စုဝေးပွဲအား အဆုံးသတ်၍ သူတို့ကို ထွက်သွားရန် အရိပ်အမြွက်ပြခဲ့ပေသည်။
လူတိုင်းကလည်း သေချာနားလည်ကြပြီး သူ၏ ဆန္ဒကို အလေးပေးခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် ထရပ်ကာ ထွက်ခွာသွားတော့၏။ သူတို့ ထွက်မသွားခင် ရီဖူရှင်းအား လှမ်းကြည့်သွားကြသည်။ သူတို့သည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူအကြောင်းကို အလွန်ပင် သိချင်နေကြသည်။
လူအုပ်ကြီး ထွက်သွားပြီးနောက် အာခီမီအင်ပါယာက ထရပ်ကာ ပြောလိုက်သည်။ “အိမ်တော်ဆီ သွားတဲ့လမ်းကို လိုက်ပြပေးမယ်။ မင်းတို့ ဒီနေ့ အဲဒီမှာ အနားယူနိုင်တယ်။”
တုံ့လိုင်နတ်မိမယ်က ထရပ်လိုက်ပြီး အာခီမီအင်ပါယာနောက်မှ လိုက်ပါသွားခဲ့သည်။ သူတို့အပြင် အာခီမီအင်ပါယာ၏ တပည့်တပည့်များလည်း ရှိသေးသည်။ သူတို့သည်လည်း တုံ့လိုင်နတ်မိမယ်နှင့် ရီဖူရှင်းတို့ကို လှမ်းလှမ်းကြည့်နေကြသည်။ သို့သော်ငြား သူတို့က ကိုယ့်နေရာကိုယ်သိ၍ ပါးစပ်များကို ပိတ်ကာ မည်သည်ကိုမှ မပြောခဲ့ကြပေ။ သူတို့က တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။
“အပြင်လူတွေ မရှိတော့ဘူးဆိုတော့ မင်း ငါ့ကို အမှန်ပြောပြလို့ရပြီလား။ ဒီတစ်ကြိမ်မှာ ဆရာ့ရဲ့ အဆင့်အတန်းကို အသုံးမပြုဘဲ ရီလျှို့နျန်ကို စီနီယာကြီးနဲ့ တွေ့ဆုံခိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလမ်းကြောင်းကို လျှောက်မယ်ဆိုတော့ မင်းမှာ ရီဖူရှင်းနဲ့ ပတ်သတ်ပြီး အောင်မြင်ဖို့ ယုံကြည်ချက် ဘယ်လောက်ရှိလဲ။” အာခီမီအင်ပါယာက မေးလိုက်သည်။
“တစ်ရာရာခိုင်နှုန်း” တုံ့လိုင်နတ်မိမယ်၏ အဖြေက အာခီမီအင်ပါယာကို ခေတ္တမျှ တန့်သွားစေခဲ့သည်။ တစ်ရာရာခိုင်နှုန်းတဲ့လားဟု သူက တွေးလိုက်သည်။
ဆိုလိုသည်မှာ ရီဖူရှင်းက သူ့အားသူကိုးလျှင်ပင် သူက စီနီယာကြီး၏ ဘေးတွင် နေရာရကာ သူ့ လမ်းညွန်မှုအား ရရှိနိုင်သေးပေသည်။ ထိုသို့ ပြောင်မြောက်ကျွမ်းကျင်မှုနှင့် သူက အဆုံးတွင် သရုပ်မှန်ကို ဖော်ပြလိုက်လျှင် ၎င်းက စီနီယာကြီးအား အတော်လေး အံ့အားသင့်သွားစေပေလိမ့်မည်။
အာခီမီအင်ပါယာက အလေးအနက် ခေါင်းညိတ်လိုက်သည်။ “မင်းက ရီလျှို့နျန်ကို ဒီလောက်ယုံနေမှ ကျုပ်တောင် ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာမိတယ်။ ဂျူနီယာရီ မင်းက ဆရာ့ရဲ့ အမွေအနှစ်တွေကို ရရှိခဲ့တယ်ဆိုတော့ သူ့ရဲ့ အဆင့်အတန်းကိုလည်း ဆက်ခံနိုင်ဖို့ မျှော်လင့်ပါတယ်။”
“အကောင်းဆုံးကြိုးစားပါ့မယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ အာခီမီအင်ပါယာက နောက်ထပ်မည်သည့်စကားမှ မပြောတော့ဘဲ တုံ့လိုင်နတ်မိမယ်နှင့်သာ ဆက်လက်၍ စကားစမြည်ပြောဆိုနေသည်။
ရက်အချို့ကြာပြီးနောက် ထိုနေရာတစ်ခုလုံးမှ တန်ခိုးရှင်များက စတင်ထွက်ခွာကြသည်။ ဤတစ်ကြိမ်၌ သူတို့၏ အရေအတွက်က အနည်းငယ် တိုးမြင့်လာခဲ့သည်။ သူတို့အားလုံးသည် တူညီသော နေရာဖြစ်သည့် ကောင်းကင်ဒေသ တုန်းရှောင်းကုန်းမြေသို့ ဦးတည်နေကြသည်။ ၎င်းသည် အဓိကကုန်းမြေများထဲမှ တစ်ခုဖြစ်လေသည်။
***