လင်းလက်တောက်ပနေသော နန်းတော်အတွင်းပိုင်းအပြင်အဆင်က ခန့်ညားထည်ဝါစွာရှိနေပြီး မျက်စိကျိန်းလောက်အောင်ပင် ဝင်းလက်တောက်ပြောင်လျက်ရှိပေသည်။ အစိမ်းရင့်ရောင်နှင်းဆီပန်းတွေရစ်ခွေထားလျက်ရှိတဲ့ အစိမ်းရောင်အတုံးတွေဟာ မီးအိမ်တိုင်းမှာ လောင်ကျွမ်းနေပြီး နန်းတော်ပတ်ပတ်လည်မှာလည်းမီးအိမ်များစွာကို ထွန်းညှိထားလျက်ရှိသည်။
၎င်းအစိမ်းရောင်အတုံးတွေက အပြာရောင်စန္ဒကူးသားများဖြစ်ပြီး လောင်ကျွမ်းသွားတဲ့အခါ သင်းပျံ့တဲ့မွှေးရနံ့ကိုထွက်ပေါ်စေပြီး ကျင့်ကြံခြင်းကိုအကျိုးရှိစေတဲ့အပြင် ကျင့်ကြံသူတွေအတွက်လည်း လိုအပ်သောအရာတစ်ခုပင်ဖြစ်သည်။ သို့သော် ဒီလိုပစ္စည်းတွေကို ဈေးပေါပေါနဲ့ဝယ်ယူမရနိုင်ပေ။ ဒါ့အပြင်ဒီလိုဈေးကြီးတဲ့ပစ္စည်းတွေကို မီးထွန်းတဲ့ နေရာမှာသာအသုံးပြုထားတာကိုကြည့်ခြင်းအားဖြင့် နန်းတော်ပိုင်ရှင်၏အဆင့်အတန်းကို မြင်နိုင်ပေသည်။
နန်းတော်ရဲ့အတွင်းပိုင်းထဲမှာတော့ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် လက်နောက်ပစ်ကာရပ်နေလျက်ရှိပေသည်။ သူ့မျက်နှာကဆုံးဖြတ်ချက်တိကျခိုင်မာတဲ့သူ တစ်ယောက်ဖြစ်ကြောင်းဖော်ပြနေပြီး သူ့ရဲ့မျက်လုံးထဲမှာလည်း ဂုဏ်သရေရှိတဲ့အရှိန်အဝါ တွေပါဝင်နေခြင်းက သူဟာအချိန်တော်တော်ကြာအောင်မြင့်မားတဲ့အဆင့်တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာ သက်သေပြနေသယောင်ပင်။
သို့ပေမဲ့ တစ်စုံတစ်ယောက်က သူ့ကိုသေချာကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ညာဘက် လက်မောင်းမှာ ဘာမှမရှိဘဲညာဘက်လက်ပြတ်တောက်နေတာကို တွေ့မြင်နိုင်ပေမည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားရဲ့ဘေးမှာတော့ နန်းတွင်းအဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လှပတဲ့အမျိုးသမီးတစ်ယောက်လည်းမတ်တပ်ရပ်လျက်ရှိနေသည်။ သူမရဲ့ ခန္ဓာကိုယ်ကသေးသေးသွယ်သွယ်နှင့် သဘာဝဆန်ဆန်လှပေနေပေမဲ့ သူမရဲ့မျက်နှာကအနည်းငယ် ဖြူရော်နေပြီး နေမကောင်းဖြစ်နေတဲ့ပုံပေါ်သည်။
သူတို့နှစ်ဦးစလုံးမှာ မြင့်မားတဲ့အဆင့်အတန်းရှိပေမဲ့လည်း ခုချိန်မှာတော့ သူတို့ရဲ့ရှေ့ကခုတင်ပေါ်မှာလဲလျောင်းနေတဲ့ အသက် ၁၃ နှစ်အရွယ်လူငယ်လေးကိုကြည့်ကာ စိုးရိမ်ပူပန်မှုများ သူတို့မျက်နှာပေါ်မှာထင်ဟပ်နေပေသည်။ လူငယ်လေးရဲ့ခန္ဓာကိုယ်က အားနည်း နေပြီး ထိခိုက်လွယ်ကာ မျက်လုံးတွေကိုလည်းတင်းကျပ်စွာပိတ်ထားလျက်ရှိသည်။ ဒါပေမဲ့လည်း လူငယ်လေးရဲ့မျက်နှာပေါ်မှာတော့ သွေးချီတွေဟာ စက်ဝိုင်းပုံစံလှည့်ပတ်စီးဆင်း နေကြသည်။
ထူးဆန်းတဲ့သွေးချီတွေ သူ့ရဲ့အရေပြားအောက် လှည့်လည်သွားလာနေစဉ်မှာ နဂါး တစ်ကောင်ရဲ့ မခံမရပ်နိုင်အောင်နာကျည်းခါးသီးစွာဟစ်အော်သံအလား ခပ်သဲ့သဲ့ကြားရပေသည်။
နဂါးအော်သံကဲ့သို့ အသံထွက်ပေါ်လာပြီးနောက် လူငယ်လေးရဲ့နဖူးပေါ်ရှိ သွေးကြောတွေ တွန့်လိမ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကလည်းအဆက်မပြတ်လှုပ်ခါနေခဲ့ကာ မျက်နှာကလည်း မခံ မရပ်နိုင်လောက်အောင်နာကျင်မှုကိုခံစားနေရတဲ့ပုံပြောင်းလဲလာခဲ့သည်။
လူငယ်ရဲ့ဘေးမှာ ဆံပင်တွေဖြူဖွေးနေတဲ့လူကြီးတစ်ယောက်က ကြေးမုံမှန်ကိုကိုင်လျက်ရှိနေပြီး ကြေးမုံမှန်ကခပ်ဖျော့ဖျော့အလင်းရောင်တွေက လူငယ်လေးရဲ့ခန္ဓာကိုယ်ပေါ်ဖြာကျနေသည်။ ဒီအလင်းရောင်အောက်မှာ ထူးဆန်းတဲ့သွေးချီတွေဟာ တဖြည်းဖြည်းနဲ့လူငယ်ရဲ့ မျက်နှာပေါ်ကနေ စတင်ပျောက်ကွယ်လာကြသည်။
သွေးချီတွေဟာနောက်ဆုံးမပျောက်ကွယ်သွားမီအထိ အချိန်အတော်ကြာအောင် တည်ရှိနေခဲ့ပြီး အဆုံးမှာတော့ လူငယ်လေးရဲ့လက်တွေထဲကို ဆုတ်ခွာသွားခဲ့ကြသည်။.
သွေးချီတွေပြန်လည်ပျောက်ကွယ်သွားချိန်မှသာ ဆံပင်ဖြူနေတဲ့လူကြီးလည်း ကြီးလေးတဲ့ တာဝန်ကြီးတစ်ခုပြီးဆုံးသွားသလိုမျိုး သက်ပြင်းချလိုက်နိုင်သည်။ အဲ့ဒီနောက် စိုးရိမ်စွာစောင့်နေကြတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသားနဲ့ လှပတဲ့အမျိုးသမီးတို့ဘက် ကိုလှည့်ကာ ဦးညွှတ်ပြီးပြောလိုက်သည်။
“ဂုဏ်ယူပါတယ် အရှင်မင်းကြီး… မင်းသားလေးရဲ့အချိန်အတော်ကြာ ခံစားနေရတဲ့ ရောဂါဟာ နောက်ဆုံးတော့ သက်သာသွားခဲ့ပါပြီ… ဒါကနောက်ထပ် ၃ နှစ်ကြာတဲ့အထိ ဘာပြဿနာမှ မရှိနိုင်တော့ပါဘူး…”
ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့အရိပ်အယောင်တွေပေါ်ပေါက်လာပြီး တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့ သူတို့ရဲ့လက်တွေကလည်း တဖြည်းဖြည်းနဲ့ပြေလျော့သွားခဲ့ကြသည်။
တောက်ပတဲ့အဝါရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားက ဆံပင်ဖြူနေတဲ့လူကြီးကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်ကာမေးလိုက်သည်… “ဆရာချင်… ယွမ်အာကခုဆိုရင် အသက် ၁၃ နှစ်ကိုရောက်နေပြီ… ဒီအရွယ်လူငယ်တွေက ပုံမှန်ဆိုရင်စွမ်းအင်ဝင်ပေါက် ၈ ခုကိုပိုင်ဆိုင်ကြပြီး သူတို့ရဲ့ကျင့်ကြံခြင်းတွေကို စတင်နိုင်ကြတယ်… ယွမ်အာကရော ဘယ်လိုနေလဲ?”
ဒီမေးခွန်းကိုကြားလိုက်ရတဲ့အခါ ဆံပင်ဖြူနဲ့လူကြီးရဲ့ အမူအရာကချက်ချင်း မှိုင်တွေသွားခဲ့ကာ သူ့ရဲ့ခေါင်းကိုဖြည်းညှင်းစွာခါရမ်းလိုက်ရင်း “အရှင်မင်းကြီး… ကျွန်တော်ကခုချိန်ထိ မင်းသားလေးရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ဝင်ပေါက် ၈ ခုကိုရှာတွေ့ချင်းမရှိသေးပါဘူး…”
သက်လက်ပိုင်းအရွယ်အမျိုးသားရဲ့အမူအယာကလည်း ဒီစကားကိုကြားလိုက်ရတဲ့ အခါမှိုင်တွေသွားခဲ့သည်။
ဒီကမ္ဘာပေါ်မှာ လူတစ်ယောက်ကကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ မရေမတွက်နိုင်တဲ့စွမ်းအင်ဝင်ပေါက်တွေကို ပိုင်ဆိုင်နိုင်ကြပြီး အဲ့ဒီထဲမှာမှ အဓိကဝင်ပေါက် ၈ ခုကပိုပြီးအရေးကြီးပါတယ်။ မထင်မှတ်ထား တဲ့အခြေအနေအချို့ကလွဲရင် ပုံမှန်လူတစ်ယောက်ဟာ အသက် ၁၃ နှစ်အရွယ်ရောက်တာနဲ့ စွမ်းအင်ဝင်ပေါက် ၈ ခုကတဖြည်းဖြည်းပေါ်ပေါက်လာလိမ့်ပေမည်။ ဒါကဒီအသက်အရွယ်မှာ စွမ်းအင်ဝင်ပေါက် ၈ ခုကိုရှာတွေ့နိုင်ဖို့လည်းလိုအပ်ပေသည်။ စွမ်းအင်ဝင် ပေါက် ၈ ခုထဲက တစ်ခုကိုရှာတွေ့နိုင်မှသာလျင် သူတို့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လှမ်းနိုင်ပြီး ကမ္ဘာမြေကြီးပေါ်ကမူလစွမ်းအင်တွေကိုစုပ်ယူကာ စွမ်းအင်ဝင်ပေါက် ၈ ခုလုံးကိုဖွင့်နိုင်ပေလိမ့်မည်။ ဒါက စွမ်းအင်ဝင်ပေါက်ဖွင့်လှစ်ခြင်းအဆင့်ဖြစ်ပြီးတော့ ကျင့်ကြံခြင်းလမ်းကြောင်း စတင်ရာဖြစ်ပေသည်။
ဒီအဆင့်ကိုကျော်ဖြတ်ပြီးမှသာ ကျင့်ကြံသူတွေအနေနဲ့ ကမ္ဘာကြီးထဲကမူလ စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်းရှိကာ သူတို့ကိုယ်တိုင်ပြောင်းလဲနိုင်စွမ်းရှိလာမှာပဲဖြစ်သည်။ ဒါမှသာသူတို့ကို မူလဆရာသခင်တွေအဖြစ် သတ်မှတ်နိုင်ပေလိမ့်မည်။
ဆရာချင်ကစိတ်ထိခိုက်နေတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသားရဲ့မျက်နှာကို ကြည့် လိုက်ပြီး ညင်သာစွာပဲပြောလိုက်တယ်… ”မင်းသားလေးဟာ မွေးဖွားလာထဲက မြင့်မြတ်တဲ့နဂါးရဲ့ကောင်းချီးပေးမှုကိုရရှိခဲ့ပြီး ကမ္ဘာမြေကြီးကိုတုန်လှုပ်စေပြီးတော့ ကောင်းကင်ပေါ် ကနေငုံ့ကြည့်ဖို့အတွက် မွေးဖွားလာခဲ့တယ်…ဘယ်သူကများဒီလိုဒုက္ခနဲ့ကြုံတွေ့ရမယ်လို့ ကြိုသိနိုင်ခဲ့မလဲ?”
သက်လတ်ပိုင်းအရွယ်အမျိုးသားက လက်သီးကိုတင်းကျပ်စွာဆုပ်လိုက်မိသလို အမျိုးသမီးရဲ့မျက်လုံးတွေကလည်း ပိုမိုနီရဲလာကာ သူမရဲ့ပါးစပ်ကိုအုပ်လိုက်ပြီး နှစ်ကြိမ် ဆက်တိုက်ပြင်းထန်စွာချောင်းဆိုးလိုက်တာကို ဆရာချင်မြင်တဲ့အခါ “ဘုရင်မကျေးဇူးပြုပြီးတော့ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ…” လို့ အလျင်အမြန်ပဲပြောလိုက်မိသည်။ “ဘုရင်မအနေနဲ့ မင်းသားလေးကိုကယ်တင်ဖို့ သွေးတွေအများကြီးဆုံးရှုံးထားခဲ့ရတယ်…ဒါ့ကြောင့် စိတ်ခံစားချက်တွေအရမ်းကြီးမပြင်းထန်ပါစေနဲ့…”
သို့ပေမယ့်လည်း သူမကလက်ကိုညှင်သာစွာဝှေ့ရမ်းပြလိုက်ပီး ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ လူငယ်လေးကိုစိုးရိမ်ပူပန်စွာကြည့်လိုက်ကာ “ယွမ်အာ့ခန္ဓာကိုယ်ထဲက အဆိပ်ကသုံးနှစ်ကိုတစ်ကြိမ်ထွက်ပေါ်လာတယ်…တစ်ကြိမ်ဖြစ်တိုင်းဖြစ်တိုင်း အရင်အကြိမ် ကထက်ပိုပိုပြီးဆိုးလာတယ်…သူ့ရဲ့စွမ်းအင်ဝင်ပေါက် ၈ ခုပေါ်လာမှပဲ အဆိပ်ကိုလုံးဝဖယ်ရှားနိုင်လိမ့်မယ်…နောက်သုံးနှစ်နေရင်ရော ဘယ်လိုဖြစ်သွားနိုင်မလဲဆိုတာကို သေချာမပြောနိုင်ဘူး…”
ဆရာချင်ကအချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာပြန်ပြောလိုက် တယ်… ”နောက်သုံးနှစ်ကြာလို့ ဒီအခြေအနေတိုင်းပဲဆက်ရှိနေမယ်ဆိုရင် ပြင်ပကကုသမှုရဲ့ အကျိုးသက်ရောက်မှုက လျော့နည်းသွားလိမ့်မယ်…မင်းသားလေးအတွက် မျှော်လင့်ချက်မဲ့သွားမှာကို ကျွန်တော်ကြောက်လန့်မိတယ်…”
ဒီစကားကိုပြောပြီးတဲ့အချိန်မှာ နန်းတော်အတွင်းတိတ်ဆိတ်ငြိမ်သက်မှုက ဖုံးလွှမ်းသွားလေသည်။ သက်လတ်ပိုင်းအရွယ်အမျိုးသားက လက်သီးကိုတင်းကျပ်စွာဆုပ်လိုက်မိပြီး သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အနည်းငယ်လှုပ်ခါသွားခဲ့သလို အမျိုးသမီးထံမှလည်း ပါးစပ်ကိုအုပ်ထားလျက်မှ ငိုရှိုက်သံကထွက်ပေါ်လာသည်။
ဒီလိုတိတ်ဆိတ်ငြိမ်သက်နေစဉ်မှာပဲ လူငယ်ရဲ့အသံကရုတ်တရက် ထွက်ပေါ်လာခဲ့သည်… ”ဒါဆို ကျွန်တော်ကနောက်ထပ် ၃ နှစ်ပဲအသက်ရှင်တော့မယ်လို့ ဆိုလိုတာလား?”
နန်းတော်ထဲမှာရှိတဲ့ လူသုံးယောက်လုံးဒီစကားသံကိုကြားလိုက်ရတဲ့အခါ တုန်လှုပ်သွားမိကြပြီး ကုတင်ပေါ်ကလူငယ်လေးကိုအလျင်အမြန်ကြည့်လိုက်တဲ့အခါ လူငယ်လေးရဲ့မျက်လုံးတွေက ဘယ်အချိန်ကတည်းက ဖွင့်နေခဲ့တာလည်းဆိုတာကို မသိလိုက်ရဘဲ သူတို့ကို စိုက်ကြည့်နေတာကိုသာ တွေ့လိုက်ရသည်။
သူတို့သုံးယောက်လည်းအချင်းချင်းကြည့်လိုက်မိကြသည်။ လူငယ်လေးဒီလိုစောစီးစွာ နိုးလာလိမ့်မယ်လို့ သူတို့လည်းမထင်ထားခဲ့ပေ။ အရင်အကြိမ်တွေမှာ သူကသတိလစ်နေလျက် ရှိပြီး နှစ်ရက်သုံးရက်နေမှသာ တဖြည်းဖြည်းနဲ့နိုးလာခဲ့ခြင်းဖြစ်သည်။
“ယွမ်အာ…”
ယွမ်အာလို့အခေါ်ခံရတဲ့ လူငယ်လေးရဲ့နာမည်က ဇူယွမ်ဖြစ်ပြီးတော့ သူ့ရဲ့ရှေ့မှာရပ်နေ တဲ့သက်လတ်ပိုင်းအရွယ်အမျိုးသားနဲ့ အမျိုးသမီးက ဇူအင်ပါယာရဲ့ဘုရင်နဲ့ ဘုရင်မဖြစ်ကြတဲ့ ဇူချင်နဲ့ ချင်ယုတို့ပဲဖြစ်ကြသည်။
ဇူယွမ်ရဲ့ငယ်ရွယ်နုနယ်တဲ့မျက်နှာလေးက အနည်းငယ်ဖြူရော်နေပြီး သူ့ရဲ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ပိတ်ထားလျက်ရှိသည်။ သူ့ရဲ့ခန္ဓာကိုယ်ဟာ ငယ်စဉ်ကတည်းက အရမ်းအားနည်းခဲ့တာကြောင့် စာဖတ်ခြင်းနဲ့ ပညာသင်ခြင်းတို့ကိုသာ သူ့အနေနဲ့ ပြုလုပ်နိုင်ခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးတဲ့နောက်မှာမှ သူဟာသူ့ရဲ့လက်ကို ဖြည်းညှင်းစွာ ဖြန့်လိုက်သည်။
သွေးနီရောင်အလုံးလေးတစ်လုံးကို သူ့ရဲ့လက်ဖဝါးအလယ်တည့်တည့်မှာရှိနေပြီး သူ့အသားထဲမှာနက်နက်ရှိုင်းရှိုင်းနစ်မြုပ်နေတာကိုမြင်တွေ့ရသည်။ ၎င်းကတွန့်လိမ်ပြီး ဖြည်းညှင်းစွာနဲ့ ဟိုဘက်ဒီဘက်လှုပ်ရှားနေပုံဟာ သွေးနဂါးတစ်ကောင်နှင့်ပင်ဆင်တူပေသည်။ ခါးခါးသီးသီးနဲ့မခံမရပ်နိုင်အောင်ဖြစ်နေတဲ့ အရှိန်အဝါတွေဟာ၎င်းအထဲကနေပေါ်ထွက်လာတာကိုမြင်တွေ့ရနိုင်ပြီး ခိုက်ခိုက်တုန်အောင်အေးစက်လျက်ရှိပေသည်။
“အဖေ၊ အမေ ဒီအချိန်မှာ ကျွန်တော်ဘာဖြစ်ခဲ့တယ်ဆိုတာကို တိတိကျကျပြောပြရမယ့် အချိန်လို့ထင်တယ်…ဟုတ်တယ်မလား?”
ဇူယွမ်ကအံကိုတင်းတင်းကြိတ်လိုက်မိပြီး သူ့လက်ဖဝါးထဲမှာရှိတဲ့ သွေးနဂါးပုံစံသေးငယ်တဲ့အရာလေးကို စိုက်ကြည့်နေမိသည်။ ဒီအရာလေးက သူ့အတွက်တော့ သေစေနိုင်လောက်တဲ့ နာကျင်ခံစားရမှုကို ပေးစွမ်းနိုင်ပေသည်။
သုံးနှစ်ကြာတိုင်းကြာတိုင်း ဒီအရာကအသက်ဝင်လာကာသူ့ထံကို အဆုံးမရှိသောနာကျင်မှုတွေကို ယူဆောင်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ကအသွေးအသားတွေကို တစ်လက်မပြီးတစ်လက်မ ဝါးမျိုခြင်းခံနေရသလို ခံစားခဲ့ရသည်။
သူတို့ကဇူယွမ်ရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာ ဇူချင်နဲ့ ချင်ယုတို့ရဲ့မျက်နှာတွေဟာ ဖြူဖျော့သွားခဲ့ကြသည်။ ဇူချင်ကလက်သီးကိုတင်းကျပ်စွာဆုပ်လိုက်ပြီး နောင်တရခြင်းနဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်မှုတွေကို သူ့ရဲ့မျက်နှာပေါ်မှာ မြင်တွေ့နိုင်ပေသည်။
တိတ်ဆိတ်မှုကအချိန်အတော်ကြာသည့်တိုင်အောင်ရှိနေခဲ့ပြီး လေထုတောင်မှတဖြည်းဖြည်း လေးလံနှေးကွေးလာသလိုထင်ရသည်။ ဇူယွမ်ကအသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး နောက်ဆုံးမှာ အက်ကွဲသောအသံဖြင့် “ဒါက နဂါးဒေါသအဆိပ်ပဲ…”
“နဂါးဒေါသအဆိပ်လား?” ဇူယွမ်ရဲ့မျက်ခုံးနှစ်ဖက်ကရှုံ့တွသွားခဲ့ပြီး သဘောပေါက် နားလည်သွားသည်။
ဇူချင်ရဲ့လက်ဟာတုန်ရီစွာနဲ့ ဇူယွမ်ရဲ့ဆံပင်ကို ကိုင်တွယ်ပွတ်သပ်လိုက်ပြီး “သား ဒီအကြောင်းအရာတွေကို သိဖို့အချိန်ရောက်ပီပဲ… ယွမ်အာ… သားကငါတို့ဇူကလန်မှာ မြင့်မြတ်တဲ့နဂါးရဲ့ ကောင်းချီးပေးမှုကိုခံခဲ့ရတဲ့သူဆိုတာကို သိသင့်တယ်!”
ဇူယွမ်ကခါးခါးသီးသီးရယ်လိုက်မိတယ်။ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာလည်း စွမ်းအင်ဝင်ပေါက် ၈ ခုကိုတောင်မှ ရှာမတွေ့နိုင်ခဲ့ဘူးလေ။ ဒါကအမှန်တကယ်ကို ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့ မြင့်မြတ်တဲ့နဂါးတစ်ကောင်လဲ?
ဇူချင်က ဇူယွမ်ရဲ့ဘေးမှာထိုင်ချလိုက်ပြီး တိုးညှင်းစွာပြောလိုက်သည်… “ယွမ်အာ…လက်ရှိ ဇူအင်ပါယာကို သေးငယ်ပြီးအရေးမပါတဲ့နိုင်ငံတစ်ခုလို့ ပြောကြလိမ့်မယ်… ဒါပေမယ့် သားမသိသေးတာက လွန်ခဲ့တဲ့ ၁၅ နှစ်အကြာက ဇူနိုင်ငံဟာအင်အားကြီးနိုင်ငံတစ်ခုပဲ…နိုင်ငံတိုင်းက ငါတို့ကိုလာပြီးဂါရဝပြုရသလို ငါတို့ရဲ့စွမ်းအားကလည်း အားလုံးကိုလွှမ်းမိုးနိုင်တယ်…”
ဇူယွမ်ရဲ့မျက်နှာက အံ့အားသင့်တုန်လှုပ်သွားတဲ့ပုံပေါ်လာသည်။ ဒီအဆုံးမရှိတဲ့နယ်မြေထဲမှာရှိတဲ့ များပြားလှတဲ့အင်ပါယာတွေကြားထဲမှာမှ ဇူအင်ပါယာကအမှန်တကယ်ကိုအားလုံးထဲမှာ သတိထားစရာတစ်ခုမဟုတ်ခဲ့ပါဘူး။ အတိတ်တုန်းကဒီလိုအဆင့်အတန်းမျိုး ပိုင်ဆိုင်ခဲ့ဖူးတယ်လို့ ဘယ်လိုထင်မိမှာလဲ?
“ဝူအင်ပါယာကို သားသိလား?” ဇူချင်ကသူ့ရဲ့နှလုံးသားအပိုင်းပိုင်းအစစကွဲကြေသွားသလိုမျိုးနဲ့ ဒီနာမည်ကိုတစ်လုံးချင်းစီဖြည်းညှင်းစွာပြောလိုက်တယ်။
“ဝူအင်ပါယာလား?” ဇူယွမ်ခေါင်းညိတ်ပြလိုက်သည်။ ဝူအင်ပါယာက ဒီကျယ်ပြောလှတဲ့ ကုန်းမြေကြီးထဲက ထိပ်တန်းအဆင့်အင်ပါယာတွေထဲကတစ်ခုဖြစ်သည်။ အဲ့ဒီမှာ မူလဆရာသခင်တွေမရေမတွက်နိုင်လောက်အောင်ကိုရှိနေပြီးတော့ အရမ်းကိုကြီးမားတဲ့နိုင်ငံတစ်ခုဖြစ်သည်။ ဝူအင်ပါယာနဲ့နှိုင်းယှဉ်ရမယ်ဆိုရင် ဇူအင်ပါယာက ကြီးမားတဲ့ဘီလူးကြီးတစ်ကောင်ရှေ့က သေးငယ်တဲ့လူတစ်ယောက်လိုပင်။
အဲ့ဒီအချိန်မှာ ဇူချင်ရဲ့မျက်လုံးတွေကအနီရောင်ပြောင်းလဲသွားခဲ့ပြီး အဆုံးမရှိတဲ့ အမုန်းတရားတွေနှင့်ပြည့်နှက်နေခဲ့သည်။ “သားသိလား…လွန်ခဲ့တဲ့ ၁၅ နှစ်အကြာက အခု လက်ရှိဝူအင်ပါယာရဲ့ တော်ဝင်မိသားစုက ဇူအင်ပါယာရဲ့လက်အောက်ခံတွေထဲက မျိုးနွယ်စုတစ်ခုသာသာပဲရှိခဲ့တယ်…”
ဇူယွမ်ရဲ့မျက်လုံးတွေထဲမှာ အံ့အားသင့်တဲ့အရိပ်အယောင်တွေ ပေါ်ပေါက်လာခဲ့ သည်။ ဝူအင်ပါယာရဲ့တော်ဝင်မိသားစုက ဇူအင်ပါယာရဲ့လက်အောက်ခံမျိုးနွယ်စုတစ်ခုလား? ဒါဆိုဇူအင်ပါယာက လွန်ခဲ့တဲ့ ၁၅ နှစ်ကအမှန်တကယ်ကို အင်အားကြီးခဲ့တာလား?
“ဒါဆို ဘယ်လိုဖြစ်ပြီးခုလိုဖြစ်သွားရတာလဲ?” ဇူယွမ်ကသိချင်စိတ်ပြင်းပြစွာနဲ့ မေး လိုက်သည်။
“လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာတုန်းက ဇူအင်ပါယာကိုစတင်တည်ထောင်ခဲ့တဲ့အချိန် မှာ ဝူကလန်ကငါတို့နောက်ကိုလိုက်ပါခဲ့ပြီး တိုက်ပွဲတွေကိုအတူတူဆင်နွှဲခဲ့ကြတယ်… သူတို့တွေကသစ္စာရှိကြပြီး ဇူအင်ပါယာပေါ်မှာပဲသူတို့စိတ်ကိုလုံးလုံးလျားလျားမြှုပ်နှံထားခဲ့ကြတယ်… ဇူအင်ပါယာကိုနိုင်ငံတစ်ခုအဖြစ်တည်ထောင်ပြီးနောက်ပိုင်း သူတို့ရဲ့လုပ်ဆောင်ခဲ့မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဝူကလန်ရဲ့မျိုးရိုးအစဉ်အဆက်ကိုလည်း ဝူဘုရင်ဆိုတဲ့ ဘွဲ့ပေးအပ်ခဲ့ပြီးတော့ သူတို့ကျေနပ်အောင်လို့ မရေမတွက်နိုင်လောက်တဲ့ အခွင့်အရေးတွေနဲ့ တန်ခိုးအာဏာတွေကိုလည်းခွင့်ပြုပေးခဲ့တယ်… ပြီးတော့နောက်နှစ်ရာပေါင်း များစွာကြာအောင် ဝူကလန်ကဇူအင်ပါယာရဲ့နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်ခဲ့ကြသလို သူတို့ကိုတွေ့တဲ့ ဘယ်သူ့ကိုမဆိုလည်း ခြိမ်းခြောက်နိုင်စွမ်းရှိခဲ့ကြတယ်…”
ဇူချင်ရဲ့ခန္ဓာကိုယ်ကအနည်းငယ်လှုပ်ရမ်းနေပြီး သူ့ရဲ့မျက်လုံးထဲမှာလည်း သွေးကြောတွေယှက်သန်းလာကာ “ဒါပေမဲ့လည်း ဝူကလန်ဟာလွန်ခဲ့တဲ့ ၁၅ နှစ်ကရုတ်တရက်ပုန်ကန်မယ်လို့ ဘယ်သူကထင်ထားမှာလဲ? ဒါ့အပြင်သူတို့ရဲ့အင်အားကိုဖုံးကွယ်ထားပြီး ဇူတော်ဝင်ကလန်ရဲ့ယုံကြည်မှုရအောင်လို့ နှစ်ပေါင်းများစွာကြာအောင်စောင့်ဆိုင်းနေခဲ့ကြတယ်… ဝူကလန်က အရင်တည်းက အရမ်းကိုကြီးမားတဲ့စွမ်းအားကိုပိုင်ဆိုင်ထားကြပြီးတော့ ဇူအင်ပါယာက ပေးအပ်ထားတဲ့ ဘုရင်တော်တော်များများကိုတောင် သူတို့ဘက်ပါအောင်သွေးဆောင်ထားကြတယ်…”
“လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတော့ ငါတို့ဇူကလန်ကလုံးဝကို အရေးနိမ့်ခဲ့ရတဲ့ အပြင်ကို လွတ်မြောက်ဖို့အတွက် တောင်ဘက်ပိုင်းကိုဆုတ်ခွာခဲ့ရတယ်… ငါတို့က ဇူကလန်ရဲ့ရှေးဟောင်းနယ်မြေတစ်ခုဖြစ်တဲ့ လက်ရှိဇူအင်ပါယာရဲ့နယ်မြေကိုထွက်ပြေးလာခဲ့ရတယ်…”
“ဘာလို့ဝူကလန်ကပုန်ကန်ခဲ့တာလဲဆိုတာကို ငါလည်းမသိဘူး… ဇူအင်ပါယာထဲမှာ သူတို့ရဲ့အဆင့်အတန်းက တော်ဝင်ကလန်ထက်နည်းနည်းပဲနိမ့်ကျတယ်…”
“နောက်ပိုင်း သူလျှိုတစ်ယောက်ဆီကနေပြီး ဝူကလန်ရဲ့ သတင်းအချက်အလက် တစ်ချို့ကိုရခဲ့တယ်… တိကျတဲ့အနာဂတ်ဟောပြောချက်တစ်ခုက နှစ်ရာပေါင်းများစွာကြာအောင် ဝူကလန်ရဲ့အသိုင်းအဝိုင်းထဲမှာ ပျံ့နှံ့နေခဲ့တယ်…”
“အနာဂတ်ဟောပြောချက်တစ်ခုလား?” ဇူယွမ်တစ်ယောက်အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
ဇူချင်ကအံကိုကြိတ်လိုက်ပြီး စကားလုံးတစ်လုံးချင်းပြောလိုက်သည်… ”မြွေနဲ့ငှက်တို့ကနဂါးကိုဝါးမျိုကြပြီးတော့ ဝူကလန်ကလည်းမြင့်တက်ပြီး ကြီးပွားတိုးတက်လာလိမ့်မယ်!”
“မြွေနဲ့ငှက်တို့က နဂါးကိုဝါးမျိုကြပြီးတော့ ဝူကလန်ကလည်းမြင့်တက်ပြီး ကြီးပွားတိုးတက်လာလိမ့်မယ်လား?” ဇူယွမ်ကဒီစကားကိုထပ်ခါထပ်ခါရေရွတ်နေပေမယ့်လည်း နောက်ကွယ်ကအဓိပ္ပါယ်ကိုနားလည်နိုင်ခြင်းမရှိပေ။ “ဒါကဘာကိုပြောချင်တာလဲ?”
အဲ့ဒီအချိန်မှာပဲ ဇူချင်ရဲ့မျက်လုံးတွေက အနီရောင်အဖြစ်ပြန်ပြောင်းသွားခဲ့တယ်။ ပူဆွေးသောကရောက်နေတဲ့အကြည့်တွေနဲ့ ဇူယွမ်ကိုကြည့်လိုက်ပြီး “အဲ့ဒီရက်မတိုင်ခင်အထိ အဖေလည်းအဲ့ဒီအဓိပ္ပါယ်ကိုနားမလည်ခဲ့ဘူး…”
“ဇူအင်ပါယာက လုံးဝကိုရှုံးနိမ့်ပြီးတဲ့နောက် ငါတို့လူတွေကိုဦးဆောင်ပြီး ဆက်တိုက် ဆုတ်ခွာခဲ့ကြတယ်… ဝူကလန်ကငါတို့တွေ ခုလက်ရှိဇူမြို့တော်ကိုရောက်အောင်ထိ နောက်ကနေအဆက်မပြတ်လိုက်ခဲ့ကြတယ်… ဒါပေမဲ့ဝူကလန်ကဝိုင်းရုံသာဝိုင်းထားပြီး မတိုက် ခိုက်ပဲ တစ်ခုခုကိုစောင့်နေခဲ့ကြတယ်…”
“သူတို့ကဘာကိုစောင့်နေကြတာလဲ?” ဇူယွမ်ကမကောင်းတဲ့ ခံစားမှုတစ်ခုကို ရရှိ လိုက်သည်။
ဇူချင်က ဇူယွမ်ကိုစိုက်ကြည့်လိုက်မိပြီး သူ့ရင်ထဲမှာငိုကြွေးနေသည့်တိုင်အောင် သူ့ရဲ့မျက်နှာပေါ်ကအမူအယာကပြောင်းလဲသွားခြင်းမရှိပေ။ စိတ်ပျက်ခြင်းနဲ့ ဒေါသတွေရောနေတဲ့ သူ့အဖေမျက်နှာကိုမြင်လိုက်ရတဲ့အခါ ဇူယွမ်ရဲ့နှလုံးသားကတုန်လှုပ်လာခဲ့သည်။
“သူတို့က သားမွေးဖွားလာမှာကို စောင့်နေကြတာ…”
ဇူချင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါ သူ့ကိုယ်သူသေချာထိန်းချုပ်ထားပေမဲ့ ဇူယွမ်ရဲ့နှလုံးက ပြင်းပြင်းထန်ထန်ကိုတုန်လှုပ်သွားခဲ့ရသည်။
ဘေးမှာတော့ ဇူယွမ်ရဲ့အမေချင်ယုက ပါးစပ်ကိုလက်နဲ့အုပ်ထားလျက်ကပင် မျက်ရည်များကျဆင်းလာခဲ့သည်။
“သားမွေးတဲ့အချိန်တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ သားသိလား?” ဇူချင်ကဇူယွမ်ကို စူးစိုက်ကြည့်လိုက်ပြီး “ယွမ်အာ…သားကိုမွေးတဲ့အချိန်တုန်းက ထူးဆန်းတဲ့အရာတစ်ခု ကောင်းကင်ပေါ်မှာပေါ်လာခဲ့တယ်…နဂါးချီတွေကသားကိုလှည့်ပတ်စီးဆင်းနေပြီးတော့ ကျယ် လောင်တဲ့နဂါးဟိန်းသံက ကမ္ဘာမြေကြီးတစ်ခုလုံးကိုတောင်တုန်လှုပ်သွားစေတယ်… အဲ့ဒါက မြင့်မြတ်တဲ့နဂါးရဲ့ကောင်းချီးပေးတဲ့လက္ခဏာပဲ…”
သားရဲ့စွမ်းအင်ဝင်ပေါက် ၈ ခုကမွေးဖွားလာထဲက သဘာဝအတိုင်းပွင့်နေပြီး သားကို စွမ်းအင်ဝင်ပေါက်ဖွင့်လှစ်ခြင်းအဆင့်ကိုကျော်ဖြတ်ပြီး ချီစုဆောင်းမှုအဆင့်ကိုတစ်ခါတည်း ရောက်ရှိစေတယ်…”
“လူဆယ်သန်းမှာတစ်ယောက်သာ ဒီလိုမျိုးဒဏ္ဍာရီလာမြင့်မြတ်တဲ့နဂါးရဲ့ကောင်းချီးပေးမှုကိုရရှိနိုင်ပြီး အဲ့ဒီလူတွေကလည်းကျင့်ကြံခြင်းမှာအလွန်မြင့်မားတဲ့အဆင့်တစ်ခုကို သေချာပေါက်ရောက်ရှိလိမ့်မယ်… တော်ဝင်နဂါးကငါတို့ဇူကလန်ရဲ့အမှတ်အသားတစ်ခုဖြစ် ပြီးတော့ သားဟာနေနဲ့လလိုမျိုး ထွန်းလင်းတောက်ပပြီး ဒီကမ္ဘာကြီးကိုပိုင်စိုးရလိမ့်မယ်!”
ဇူချင်ရဲ့ခန္ဓာကိုယ်ကအနည်းငယ်တုန်လှုပ်နေသော်လည်းပဲ သူ့လေသံထဲမှာ စိတ်လှုပ်ရှားမှုတွေပါဝင်နေသည်။ ဒါကိုကြည့်ရင် ဇူယွမ်မွေးဖွားတဲ့အချိန်တုန်းက သူ့အနေနဲ့ ဘယ်လောက်တောင်စိတ်လှုပ်ရှားနေမလဲဆိုတာကိုမြင်နိုင်ပေသည်။ ကောင်းကင်ကြီးကသူတို့ကိုမစွန့်ပယ်ခဲ့ဘဲ ဒီလိုမျိုးဘေးဒုက္ခအတွင်းမှာတောင်မှ မြင့်မြတ်တဲ့နဂါးရဲ့ကောင်းချီးပေးမှုနှင့်အတူ သားတော်တစ်ယောက် မွေးဖွားနိုင်ခဲ့သည်။
ဇူယွမ်ရဲ့မျက်လုံးတွေပြူးကျယ်သွားခဲ့ပြီး သူမွေးဖွားလာတဲ့အချိန်မှာဒီလိုကိစ္စမျိုးဖြစ်ခဲ့တယ်ဆိုတာကို ယုံကြည်နိုင်ခြင်းမရှိပါဘူး။
“ဒါက… ဒါက… ဘာကြောင့်လဲ?” သူ့ရဲ့တုန်ရီနေတဲ့လက်တွေနဲ့ သူ့ခန္ဓာကိုယ်ကို ကိုင်ကြည့်လိုက်မိတယ်။ သူ့မှာစွမ်းအင်ဝင်ပေါက် ၈ ခုကမွေးတည်းက သဘာဝအတိုင်းပွင့်နေခဲ့တာဆိုရင် ဘာကြောင့်သူ့ခန္ဓာကိုယ်ထဲမှာ ခုထိရှာလို့မတွေ့ရတာလဲ?
ဇူချင်ရဲ့စိတ်လှုပ်ရှားနေတဲ့အသံက ရုတ်တရက်တိတ်ဆိတ်သွားခဲ့သည်။ တောက်ပနေတဲ့သူ့မျက်လုံးတွေကလည်း တခဏအတွင်းမှာပဲပျောက်ကွယ်သွားခဲ့သည်။ သူတို့ကြားထဲမှာ ဝမ်းနည်းမှုတွေနဲ့သာပြည့်နှက်နေခဲ့ပြီး သူကစိတ်မကောင်းဖြစ်တဲ့အမူအယာဖြင့်ရှင်းပြခဲ့ သည်။ “ဘာကြောင့်လဲဆိုတော့ သားကိုမွေးဖွားတဲ့အချိန်မှာပဲ ဝူဘုရင်ရဲ့ဇနီးကလည်းမြို့အပြင်ဘက်မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ကိုမွေးဖွားခဲ့တယ်…ယောကျာ်းလေးရဲ့ခန္ဓာ ကိုယ်ပတ်ပတ်လည်မှာတော့ စပါးအုံးမြွေဝိညာဉ်သားရဲချီတွေ လှည့်ပတ်နေပြီး မိန်းခလေးရဲ့ ခေါင်းပတ်ပတ်လည်မှာတော့ စာကလေးဝိညာဉ်သားရဲချီတွေက လှည့်ပတ်နေတယ်… သူတို့နှစ်ယောက်စလုံးကလည်း ကံကြမ္မာရဲ့ကောင်းချီးပေးမှုကို လက်ခံရရှိခဲ့ကြတယ်…”
“ဒါ့အပြင် ငါရရှိခဲ့တဲ့သတင်းအချက်အလက်တွေအရ ဝူဘုရင်ရဲ့ဇနီးဟာ သုံးနှစ်ကြာအောင်မွေးဖွားခြင်း မရှိဘဲ ကိုယ်ဝန်ဆောင်ထားပြီးတော့ အဲ့ဒီနေ့မှာမှ ရုတ်တရက်ကြီးမွေးဖွား လာခဲ့တယ်ဆိုတာပဲ…”
“ငါအရင်တုန်းကနားမလည်ခဲ့တဲ့အရာတွေက အဲ့ဒီအချိန်ရောက်မှ ရှင်းရှင်းလင်းလင်း နားလည်ခဲ့ရတယ်… အဲ့ဒါကတူညီတဲ့ နှစ်၊ လ၊ ရက်မှာမွေးဖွားရင်တစ်ယောက်ရဲ့ကံကြမ္မာကို အခြားတစ်ယောက်ကဝါးမျိုနိုင်တယ်ဆိုတာကိုသိခဲ့ရတယ်… ဝူကလန်ကနှစ်ပေါင်းများစွာ လျှို့ဝှက်ကြံစည်မှုရဲ့ဦးတည်ချက်က ဇူကလန်မဟုတ်ခဲ့ဘဲ ငါတို့ဇူကလန်က နဂါးရဲ့ကောင်းချီးပေးမှုကိုခံခဲ့ရတဲ့သူ ဖြစ်နေတယ်…”
ဇူယွမ်ရဲ့ပါးစပ်ဟာဖွင့်ဟပြီး ပြန်ပိတ်သွားခဲ့သည်။ အေးစက်မှုတွေက ခေါင်းမှခြေအဆုံးတိုင် လျင်မြန်စွာနဲ့ပျံ့နှံ့သွားခဲ့သည်။ “ဒါကကြိုပြီးစီစဉ်ထားတဲ့ အကြံအစည်တစ်ခုပဲ!”
ဒါက ဘယ်လိုလုပ် တိုက်ဆိုင်မှုတစ်ခု ဖြစ်ပါ့မလဲ။ ဒီဟာက သူတို့ဇူကလန်ကို ရည်ရွယ်ပြီး နှစ်ရာပေါင်းများစွာကြာအောင် ကြံစည်ထားတဲ့ အစီအစဉ်တစ်ခုဆိုတာ ထင်ရှားပေသည်။ ဒါပေမဲ့ သူတို့ရဲ့အဓိက ရည်ရွယ်ချက်က အထူးသဖြင့် သူ့ကိုဦးတည်လေသည်။
သူမွေးဖွားလာတာကို စောင့်ဖို့အတွက် ဝူဘုရင်ရဲ့ဇနီးကို သုံးနှစ်ကြာတဲ့အထိ မမွေးဖွားစေအောင် နည်းလမ်းအားလုံးကို လုပ်ဆောင်ခဲ့ကြသည်။
ဇူချင်ကခေါင်းကိုညိတ်လိုက်ပြီး အက်ကွဲနေတဲ့လေသံနဲ့ဆက်ပြောလိုက်သည်… ”ဒါ ကတကယ့်ကို ကြိုတင်ကြံစည်မှုတစ်ခုပဲ…” ဝူကလန်က ဇူအင်ပါယာမှာ နှစ်ရာပေါင်းများစွာကြာအောင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့ကြတယ်… သူတို့ကငါတို့အတွက် တိုက်ပွဲများ စွာတိုက်ပေးခဲ့ပြီး ငါတို့ဆီကနေ ယုံကြည်မှုအပြည့်အဝရအောင် လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့နှစ်ရာပေါင်းများစွာစောင့်နေတာက မင်းမွေးဖွားလာမှုအတွက်ဆိုတာ ဘယ်လိုလုပ်ထင်ထားမှာလဲ?”
“အဲ့ဒီနေ့မှာ ဝူဘုရင်က မြို့တော်ထဲကို ဝင်ရောက်လာခဲ့ပြီး သန်းပေါင်းများစွာသော ဇူနိုင်ငံသားတွေကို ခြောက်လှန့်ခဲ့ကြတယ်… သူကမင်းအမေနဲ့ ငါ့ရဲ့ရှေ့မှာ မြင့်မြတ်တဲ့နဂါးရဲ့ ကောင်းချီးပေးမှုကို ရယူဖို့ကြိုးစားခဲ့တယ်…” ပြောနေရင်းက ဇူချင်ရဲ့မျက်လုံးထဲကနေ မျက်ရည်တွေ စီးကျလာခဲ့သည်။
ဘေးမှာရှိတဲ့ ဆရာချင်ကလည်း ပူပန်သောကရောက်နေတဲ့ မျက်နှာအမူအယာနဲ့ တိုးညှင်းစွာပြောလိုက်တယ် “အဲ့ဒီနေ့မှာ မင်းသားလေးကို ကာကွယ်ဖို့အတွက် အရှင်မင်းကြီးက ဝူဘုရင်နဲ့ ဇူတောင်တန်းပေါ်မှာ တိုက်ခိုက်ခဲ့ကြတယ်… ဒါပေမဲ့လည်း အရှင်မင်းကြီးက သူ့ရဲ့ပြိုင်ဘက်မဟုတ်တဲ့အတွက် သူ့ရဲ့လက်တစ်ဖက်က ဖြတ်တောက်ခံလိုက်ရတယ်… တကယ်လို့ ဝူဘုရင်သာ မင်းသားလေးရဲ့ မြင့်မြတ်တဲ့နဂါးရဲ့ကောင်းချီးပေးမှုကို တစ်ယောက်ယောက်က ဖျက်ဆီးသွားမှာကို ကြောက်မနေဘူးဆိုရင် အရှင်မင်းကြီးက ဝူဘုရင်ရဲ့လက်ထဲမှာတင် သေဆုံးသွားနိုင်တယ်…”
“ပြီးတော့ မင်းသားလေးရဲ့ ကံကြမ္မာကိုသာ သူရမယ်ဆိုရင် ဝူအင်ပါယာအနေနဲ့ ဇူအင်ပါယာအတွင်းကို နောက်နှစ်ရာပေါင်းများစွာကြာတဲ့အထိ ခြေလှမ်းတစ်ဝက်တောင် မလှမ်းဘူးလို့ ကျိန်ဆိုခဲ့တယ်…”
ဒီလိုထိတ်လန့်ကြောက်ရွံ့စရာမြင်ကွင်းက သူမရဲ့အတွေးထဲမှာ ပြန်လည်ထွက်ပေါ်လာတဲ့အခါ ချင်ယုအနေနဲ့ သူမရဲ့စိတ်ခံစားချက်တွေကို ကြာရှည်စွာထိန်းထားနိုင်စွမ်းမရှိတော့ဘဲ ဇူယွမ်ရဲ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီးနောက် သူ့ကိုတင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ကာ နှလုံးကွဲကြေမတတ် စတင်ငိုကြွေးလိုက်မိသည်။
“ယွမ်အာ! ငါ့ရဲ့သနားစရာကောင်းတဲ့သားလေး! အမေ့ကို ခွင့်လွှတ်ပါ!”
အဲ့ဒီနေ့ကဖြစ်ပျက်ခဲ့တဲ့ ရက်စက်တဲ့မြင်ကွင်းတွေက သူမအတွေးထဲမှာ ထပ်မံပေါ်ပေါက်လာခဲ့သည်။ သူမရဲ့မျက်လုံးထဲမှာ ဇူယွမ်မွေးပြီးမကြာမီဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအပါအဝင် ဝူဘုရင်ကသူ့ကို ယဇ်ပူဇော်တဲ့ပလ္လင်ပေါ်မှာ ဘယ်လိုထားခဲ့လဲဆိုတာတွေကို ပါ ရှင်းရှင်းလင်းလင်း ပြန်လည်မြင်ယောင်မိသည်။
သူ့ကိုယဇ်ပူဇော်တဲ့ပလ္လင်ပေါ်တင်ထားပြီး မကြာမီ ဝူဘုရင်ရဲ့ သားနဲ့သမီးတို့ မွေးဖွားလာခဲ့ကြသည်။
သို့ပေမယ့်လည်း တစ်ယောက်ရဲ့ ကံကြမ္မာက ခိုးယူခြင်းကိုခံခဲ့ရပြီး အခြားနှစ်ယောက်က လက်ခံရရှိခဲ့ကြသည်။
ဒါက တစ်စုံတစ်ယောက်ရဲ့ အသွေးအသားတွေကို လှီးဖြတ်ခြင်းခံနေရသလိုပဲ နာကျင်မှုတွေက ပြောမပြတတ်လောက်အောင်ပင်။
ချင်ယုအတွက်ကတော့ ပျော်ရွှင်မှုကိုအချိန်အနည်းငယ်သာ ခံစားခဲ့ရသည်။ သူမဟာ အဆုံးမရှိတဲ့ နာကျင်ခြင်းတွေကို ခံစားနေရတဲ့အတွက် အသံဝင်မတတ်ငိုကြွေးနေတဲ့ သူမရဲ့ကလေးကို အကူအညီမပေးနိုင်ခဲ့ဘဲ ရပ်ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။
ဒီလိုစိတ်ပျက်အားငယ်ခြင်းတွေနဲ့ စွမ်းအားမရှိမှုက သူမကို မူးမေ့သွားစေခဲ့သည်။
အာ…
ရုတ်တရက် ဒီခံစားချက်ထွက်ပေါ်လာတဲ့အချိန်မှာ ချင်ယုရဲ့မျက်နှာဟာ ချက်ချင်းပဲ သွေးဆုတ်ဖြူရော်သွားခဲ့ပြီး ထိန်းချုပ်ထားတဲ့ကြားထဲက လတ်ဆတ်တဲ့သွေးတွေ ပါးစပ်အပြည့်နဲ့ ထွေးထုတ်လိုက်ရာ ဇူယွမ်ရဲ့ဆံပင်တွေကိုတောင်မှ အရောင်ဆိုးထားသလို နီရဲသွားစေသည်။
“ဘာမှားလို့လဲ အမေ?” ဇူယွမ်က အထိတ်တလန့်နဲ့မေးလိုက်ပြီး ချင်ယုရဲ့နှုတ်ခမ်း ထောင့်မှာပေနေတဲ့ သွေးတွေကို အလျင်အမြန်ပဲ သုတ်ပေးလိုက်တယ်။
ဆရာချင်ကလည်း ဘေးနားကိုအလျင်အမြန် ရောက်ရှိလာပြီးတော့ သူ့ရဲ့လက်ဖဝါးမှ တစ်ဆင့်နူးညံ့သိမ်မွေ့တဲ့ စွမ်းအင်တွေကို ချင်ယုရဲ့ခေါင်းပေါ်ကနေ ထည့်သွင်းပေးလိုက်ပြီး သူမခန္ဓာကိုယ်ထဲက ချီနဲ့သွေးတွေကို တည်ငြိမ်သွားအောင် ကူညီပေးလိုက်သည်။ သူက သူမရဲ့ဖြူဖျော့နေတဲ့ မျက်နှာကိုကြည့်လိုက်ပြီးမှ ဇူယွမ်ဘက်ကို လှည့်လိုက်ကာ “မင်းသားလေး… မင်းသားလေးကို မကယ်တင်နိုင်ခဲ့တဲ့အတွက် ကျေးဇူးပြုပြီးတော့ ဘုရင်ကြီးနဲ့ ဘုရင်မကြီးကို အပြစ်မတင်ပါနဲ့… ဘုရင်ကြီးက အရာအားလုံးကိုပေးအပ်လိုက်ရတဲ့အပြင် တိုက်ပွဲမှာလည်း သေလုမျောပါးအထိဖြစ်ခဲ့ရတယ်…”
“ဘုရင်မကြီးအတွက်ကတော့ မင်းသားလေးရဲ့ ကံကြမ္မာခိုးယူခြင်း ခံခဲ့ရပြီးတဲ့နောက်မှာ သူမရဲ့သွေးတွေကို မင်းသားလေးရဲ့ ခန္ဓာကိုယ်ထဲကို သွင်းပေးခဲ့တယ်… နောက်ပိုင်းမှာ မင်းသားလေး ဒီနေ့ထိအသက်ရှင်အောင်လို့ သူမရဲ့သွေးကို နှစ်တိုင်းသွင်းပေးခဲ့ရတယ်… ဒါက ဘုရင်မကြီးအတွက် အရမ်းကိုတန်ဖိုးကြီးမားတဲ့ ပေးဆပ်မှုတစ်ခုပဲ… သူမရဲ့သွေးကိုပေးတဲ့ အချိန်တိုင်း သူမရဲ့သက်တမ်းထဲကနေ သုံးနှစ်နှုတ်ယူခံရတယ်… ၁၂ နှစ်ကြာပြီးတဲ့နောက်မှာ သူမရဲ့သက်တမ်းက ၃၆ နှစ်တောင် အလျှော့ခံခဲ့ရပြီးပြီ… ဒါကသူမရဲ့ကျန်းမာရေးကို အရမ်း ဆိုးရွားသွားစေပြီးတော့ သူမကအနည်းဆုံး နောက် ၁၀ နှစ်လောက်ပဲ အသက်ရှင်နေထိုင်သွားနိုင်လိမ့်မယ်…”
“ဘာ… ဒါက ဘာကိုပြောချင်တာလဲ?”
ဒါကိုကြားလိုက်ရတဲ့အခါ ဇူယွမ်ကမိုးကြိုးပစ်ချခံလိုက်ရသလို အရမ်းကိုထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး သူ့ရဲ့မျက်လုံးထဲမှာလည်း သွေးကြောတွေက အရူးအမူးပြည့်နှက်လာခဲ့သည်။ သူ့ကံကြမ္မာအခိုးခံလိုက်ရတာကို ကြားရတုန်းကတောင်မှ ဒီကိစ္စက သူငယ်ရွယ်တဲ့ အချိန်မှာဖြစ်သွားခဲ့တာကြောင့် ဒီလောက်ပြင်းပြင်းထန်ထန် တုန့်ပြန်မှုမရှိခဲ့ပေ။ ဒါ့အပြင် မြင့်မြတ်တဲ့နဂါးရဲ့ကောင်းချီးပေးမှုကို ရရှိခဲ့တဲ့အတွက်လည်း ခံစားချက်ကမပြင်းထန်ခဲ့ပေ။ တကယ်လို့အဲ့ဒါကို ရယူသွားခဲ့ကြရင်တောင်မှပဲ သူ့အနေနဲ့ အနည်းငယ်လောက်သာ တုန်လှုပ်မိပေလိမ့်မည်။
ဝူကလန်က ရာစုနှစ်နဲ့ချီပြီး အစီအစဉ်ချမှတ်ကာ သူ့ကိုပစ်မှတ်ထားခဲ့တာကလည်း သူ့ရဲ့နှလုံးသားထဲမှာ အရမ်းကိုတုန်လှုပ်သွားခဲ့မိပေမယ့် သူ့ကိုယ်သူထိန်းချုပ်နိုင်သေးသည်။ ဒါပေမဲ့ သူချစ်ရတဲ့အမေရဲ့ အသက်စွမ်းအားကို လျော့ပါးအောင် အတင်းအကျပ်တွန်းအား ပေးခြင်းခံရတာကို သိလိုက်ရတဲ့အခါမှာတော့ ဇူယွမ်ရဲ့နှလုံးသားထဲကနေ ပထမဆုံးအကြိမ်အဖြစ် သတ်ဖြတ်ချင်တဲ့ဆန္ဒတွေက ထိန်းမရအောင် ထွက်ပေါ်လာခဲ့သည်။
ဒါ့ကြောင့် ဆရာချင်ရဲ့စကားကို ဇူယွမ်ကြားလိုက်ရတဲ့အချိန်မှာ သူ့ရဲ့ခံစားချက်တွေကို ကြာရှည်စွာထိန်းသိမ်းနိုင်စွမ်း မရှိတော့ဘဲနဲ့ သူ့ခန္ဓာကိုယ်ထဲကသွေးတွေဟာ ခေါင်းထဲကို အလျင်အမြန်ရောက်ရှိသွားတဲ့အခါ သူ့ရဲ့မျက်နှာက သွေးနီရောင်အဖြစ်ကို ပြောင်းလဲသွားခဲ့သည်။ နူးညံ့သိမ်မွေ့ပြီး ရင့်ကျက်မှုမရှိသေးတဲ့ မျက်နှာလေးဟာ ခုချိန်မှာတော့ ရက်စက်လိုမှု တွေနဲ့သာ ပြည့်နှက်လို့နေပေသည်။
“ဝူကလန်… မင်းတို့က ငါ့အမေကိုထိခိုက်အောင် လုပ်ရဲတယ်ပေါ့! မင်းတို့က အမှန်တကယ်ကို သေဖို့ထိုက်တန်တယ်!”
ဇူယွမ်ရဲ့ မျက်လုံးတွေက သွေးနီရောင်ကိုပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ယမ်းနေကာ သူ့ရဲ့နှလုံးသားထဲကနေ သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒတွေနဲ့ ဒေါသတွေလွန်ကဲစွာ ထွက်ပေါ်လာခဲ့သည်။
ဇူချင်က ချင်ယုကို သယ်ဆောင်ပြီး ကျောက်စိမ်းခုတင်ပေါ်မှာ မှီနေစေလိုက်သည်။ သူ့ရဲ့ဆံပင်တွေက အနည်းငယ်ဖြူရော်နေကာ ကျက်သရေရှိတဲ့အရှိန်အဝါတွေကလည်း တဖြည်းဖြည်းနဲ့ လွင့်မျောပျောက်ကွယ်သွားကြပြီးနောက် သူကအသက်မဲ့စွာ ပြောလိုက်သည် “ ဒီဟာက ဘာဖြစ်လို့လဲဆိုရင် ဝူကလန်ရဲ့ အခြေခံအုတ်မြစ်ကအားနည်းပြီးတော့ သူတို့ကနိုင်ငံတစ်ခုကို ထူထောင်နိုင်ဖို့ဆိုရင် လုံလောက်တဲ့ကံကြမ္မာရှိဖို့လည်း လိုအပ်ခဲ့တယ်… သူတို့တွေက ဆက်လက်ရှင်သန်နိုင်ကြဖို့အတွက် သူတို့ရဲ့စွမ်းအားတွေနဲ့ အခြားလူတွေကိုကြောက်ရွံ့ထိတ်လန့်စေခဲ့တယ်… ဒါတွေအားလုံးကို သေချာကြည့်မယ်ဆိုရင် သားရဲ့ မြင့်မြတ်တဲ့နဂါးကောင်းချီးပေးခံရမှုက အဓိကပဲ…”
“ဝူဘုရင်က သားရဲ့ကံကြမ္မာကို ရယူပြီးတဲ့နောက်မှာ သူ့သားနဲ့ သမီးအပေါ်ကို လွှဲပြောင်းပေးခဲ့တယ်…အဲ့ဒီအချိန်ကနေစပြီးတော့ ဝူနိုင်ငံကို နဂါးနဲ့ ဖီးနစ်ငှက်တို့က ကာကွယ်ပေးခဲ့ပြီး သူတို့နိုင်ငံကလည်း တိုးတက်ကြီးပွားလာခဲ့တယ်… ဝူအင်ပါယာတိုးတက်ကြီးပွားလာတာက သားဆီကနေခိုးယူသွားခဲ့တဲ့ ကံကြမ္မာနဲ့ အရာအားလုံးသက်ဆိုင်နေတယ်…”
“သားရဲ့ မြင့်မြတ်တဲ့နဂါးကောင်းချီးပေးမှုကို အဝေးကို ယူဆောင်သွားခံရတဲ့ အချိန်အတောအတွင်းမှာ ခါးသီးမုန်းတီးတဲ့ခံစားမှုတွေက တဖြည်းဖြည်းနဲ့မြင့်တက်လာခဲ့ရတယ်… အဲ့ဒီ ဝူဘုရင်က ရည်ရွယ်ချက်ရှိရှိနဲ့ သားရဲ့ခန္ဓာကိုယ်ထဲမှာ ဒီခါးသီးမုန်းတီးမှုတွေကို ထည့်သွင်းပေးထားခဲ့ပြီးတော့ အဲ့ဒါက နဂါးဒေါသအဆိပ်ကို ဖန်တီးပေးခဲ့တယ်… အဲ့ဒါကဆက်ပြီးတော့ သန်မာလာ ပြီး နောက်ဆုံးရင့်သန်လာတဲ့တစ်ရက်မှာ သားရဲ့သွေးအဆီအနှစ်တွေအားလုံးကို ဝါးမျိုသွားကြလိမ့်မယ်… ဒီနောက်မှာ အဲ့ဒါကထွက်ပေါ်လာပြီး သားရဲ့ အသက်စွမ်းအားတွေအကုန်လုံးကို ဝါးမျိုသွားကြလိမ့်မယ်…”
“သားရဲ့ မြင့်မြတ်တဲ့နဂါးအရင်းအမြစ် ပျက်စီးသွားတဲ့အချိန်မှာ စွမ်းအင်ဝင်ပေါက် ၈ ခုကလည်း သဘာဝအလျောက် ပျောက်ကွယ်သွားခဲ့တယ်… အခုချိန်မှာသားရဲ့ စွမ်းအင်ဝင်ပေါက် ၈ ခု ပြန်ပေါ်လာတဲ့တိုင်အောင် သားရဲ့ကျင့်ကြံခြင်းလမ်းကြောင်းက အရမ်းကို ခက်ခဲကြမ်းတမ်းသွားခဲ့တယ်…”
ဇူချင်ရဲ့စကားသံမှာ စိတ်မချမ်းမြေ့ခြင်းတွေနဲ့ အဆုံးမရှိလောက်တဲ့ စွမ်းအားမဲ့မှုရဲ့ ခံစားချက်တွေပါဝင်နေခဲ့သည်။ အဲ့ဒီနေ့က သူတို့ဇူကလန်မှာ ဖြစ်ပွားခဲ့တာကို ပြန်တွေးဖို့ပင် အရမ်းခက်ခဲခဲ့သလို သူတို့ကိုလည်းများစွာ စိတ်ပျက်အားငယ်စေခဲ့သည်။
အဲ့ဒီနေ့က မြို့အပြင်ဘက်မှာ စပါးအုံးမြွေနဲ့ စာကလေးတို့ ငိုကြွေးခဲ့ကြပြီး သူတို့တွေ ပြောင်းလဲဖို့အတွက် အခွင့်အရေးကိုရရှိခဲ့တဲ့အချိန်မှာ ရောင်စုံအလင်းတွေဟာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
တစ်နေ့တည်းမှာပဲ မြို့တော်အတွင်းမှာ မြင့်မြတ်တဲ့နဂါးက ဆွဲဆွဲငင်ငင်ဟစ်ကြွေးလိုက်ပြီး အစိမ်းရောင်မီးခိုးငွေ့တန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး အဝေးကိုထွက်ပြေးပျောက်ကွယ်သွားခဲ့သည်။
ဒီအရာက မြွေနှင့်ငှက်တို့ဟာ နဂါးကိုဝါးမျိုခြင်းပင်ဖြစ်ပေသည်။
စာစဥ် (၁) အပိုင်း (၁)
မြွေနှင့်ငှက်တို့၏ဝါးမြိုခြင်းခံရသောနဂါး
? Views, on September 22, 2022