အပိုင်း(၁၉၅၄)

အာခီမီအင်ပါယာ

သူတို့သတိမထားမိခင် လမ်းပေါ်တွင် ရက်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ အချိန်ကြာမြင့်ခြင်းက အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းသော်လည်း သူတို့သည် အရက်ကလေးသောက်လိုက် စကားလေးပြောလိုက်နှင့် ကုန်ဆုံးခဲ့သည်။ ထိုအချိန်များက သာယာကြည်နူးဖွယ်ကောင်းပြီး လွယ်ကူသော အချိန်များ ဖြစ်ခဲ့သည်။

“နောက်ထပ် ကုန်းမြေတစ်စုကို ကျော်ဖြတ်ပြီးရင် ငါတို့ ရည်ရွယ်ထားတဲ့ နေရာကို ရောက်ပြီ။” ရှေ့တွင် ရပ်နေသော တုံ့လိုင်နတ်မိမယ်က အဝေးသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။

“ကုန်းမြေအစုအဝေးလား။” ရီဖူရှင်းက ပြောလိုက်သည်။

“အင်း” နတ်မိမယ်တုံ့လိုင်က ရှေ့ကို ကြည့်ရင်း တုံ့ပြန်လိုက်သည်။ “ဒီကျယ်ပြောလှတဲ့ နေရာကြီးမှာ ကုန်းမြေအစုအဝေးတွေ ရှိတယ်။ အားလုံးက ကြီးမားတဲ့ ပန်းကန်ပြားသဏ္ဌာန် နေရာကြီးတစ်ခုပေါ်မှာ ကုန်းမြေတွေအားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး ကောင်းကင်ဒေသရဲ့ အဓိကကုန်းမြေဖြစ်တဲ့ တုန်းဟွာပိုင်နက်၊ တုန်းရှောင်းကုန်းမြေကို ဝန်းရံထားတယ်။”

“အမှန်ကတော့ ဒီကုန်းမြေအစုအဝေးကြီးက တုန်းရှောင်းကုန်းမြေအတွင်းမှာ တည်ရှိပြီး တုန်းရှောင်းကုန်းမြေရဲ့ နယ်မြေခွဲတွေလို့ ယူဆလို့ရတယ်။ ဒီနယ်မြေကြီးတစ်ခုလုံးက အပေါင်းအစုကြီးဖြစ်နေပေမယ့် အချင်းချင်း ပိုင်းခြားထားသေးတယ်။”

နတ်မိမယ်တုံ့လိုင်၏ မျက်လုံးများထဲတွင် မှတ်ဉာဏ်များစွာ ထင်ဟပ်နေပြီး သူမက ဆက်ပြောလိုက်သည်။ သူမသည် လွန်ခဲ့သော အချိန်ကာလတစ်ခု၌ သူမ၏ အဖေနှင့်အတူ လာ​​ရောက်ခဲ့ဖူးသည့် အတိတ်ကို ပြန်တွေးမိသည်။ သူမက တုန်းရှောင်းကုန်းမြေတွင် နှစ်အချို့ နေထိုင်ခဲ့ဖူးသည့်အတွက်ကြောင့် သူမသည် ထိုအဆုံးမဲ့ကျယ်ပြောသော နေရာအကြောင်း အတော်များများ သိရှိထားသည်။

သိမ်းငှက်လေးသည် တောင်ပံများကို ဖြန့်ကာ တိမ်များကို ဖြတ်သန်း၍ အလွန် လျင်မြန်စွာ ခရီးဆက်နေခဲ့သည်။ သူတို့၏ အောက်ဘက်တည့်တည့်တွင် ကုန်းမြေတစ်ခု ရှိနေသည့်အတွက် သူတို့သည် ကောင်းကင်၌ ခရီးသွားနေသော တန်ခိုးရှင်များကို မြင်တွေ့နိုင်ပေသည်။

တုန်းရှောင်းကုန်းမြေနှင့် ဆက်စပ်နေသော နေရာသို့ ရောက်လာပြီးနောက် သူတို့သည် တန်ခိုးရှင်များကို ပိုမိုတွေ့လာရပြီး အချိန်နှင့်အမျှ လေထဲတွင် ခရီးသွားနေသော တန်ခိုးရှင်များနှင့် တွေ့ဆုံမိပေသည်။

သူတို့က ရှေ့သို့ဆက်သွားခဲ့သည့်အခါ သူတို့သည် အဓိကကုန်းမြေ၏ အချက်အချာကျသော နေရာ၏ ကောင်းကင်ထက်သို့ ရောက်လာကြပေသည်။ နတ်မိမယ်တုံ့လိုင်က ကောင်းကင် အောက်ဘက်သို့ နတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ထိုတောက်ပသော မျက်လုံးများက လေဟာနယ်ကို ထိုးဖောက်ကာ ကောင်းကင်အောက်ဘက်သို့ မြင်နေရပုံရပြီး ပြောလိုက်သည်။ “ဆင်းတော့။”

သိမ်းငှက်လေး၏ မျက်လုံးထဲတွင် အလင်းတစ်ခု ဖြတ်ပြေးသွားပြီး ရီဖူရှင်းက သူထံ အတွေးတစ်ချက် ပို့လွှတ်လိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်က အောက်သို့ ထိုးဆင်းသွားကာ ယင်းကုန်းမြေဆီ ဦးတည်လိုက်လေသည်။

“စီနီယာအစ်မ၊ ကျွန်တော်တို့ တုန်းရှောင်းက အပြင်ဘက်နယ်မြေကို ရောက်လာပြီလား။” ရီဖူရှင်းက မေးလိုက်သည်။

“မိတ်ဆွေတစ်ယောက်ဆီ သွားလည်မလို့။ သူက မင်းရဲ့ စီနီယာအစ်ကိုတစ်ပိုင်းလို့ ပြောနိုင်တယ်။” နတ်မိမယ်တုံ့လိုင်က ပြောလိုက်သည်။ ရီဖူရှင်းက အနည်းငယ် ပြန်တွေး၍ ပြောလိုက်၏။ “တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ မှတ်ဉာဏ်ထဲမှာတော့ တပည့်တွေ မတည်ရှိခဲ့တဲ့ပုံပဲ။ မှတ်ဉာဏ်တွေက ကျိုးပဲ့နေတာများလား။”

အတိအကျ တပည့်တော့မဟုတ်ဘူး။ သူ့ရဲ့ ညွှန်ကြားပြသမှုကို ခံခဲ့ရတဲ့ တစ်စုံတစ်ယောက်ပဲ။ သူ့ကို တပည့်တစ်ပိုင်းအဖြစ် ယူဆလို့ရတယ်။ သူ့အခြေအနေက မင်းနဲ့တော့ ကွဲပြားတယ်။” နတ်မိမယ်တုံ့လိုင်က ပြောလိုက်သည်။

“နားလည်ပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ထပ်၍ မေးမြန်းမလာတော့ပေ။ သူက တစ်ခုနှစ်ခု ခန့်မှန်းမိထားသည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ညွှန်ကြားပြသမှုကို ခံယူခဲ့ရသူဖြစ်လျှင် အစစ်အမှန် ဆရာတပည့်ဆက်ဆံရေးမျိုး မဟုတ်သည့်အတွက် သူ့ကို တပည့်တစ်ပိုင်းဟု ဆုံးဖြတ်နိုင်ပေသည်။

ကြည့်ရသည်မှာ တုံ့လိုင်နတ်ဘုရားအကြီးအကဲက ဤဒေသ၌ အချိန်များစွာ ကုန်ဆုံးခဲ့ပုံရလေသည်။ နတ်မိမယ်တုံ့လိုင်၏ ခရီးစဥ်မှာ ၎င်းနှင့် ဆက်စပ်နေပုံရပြီး ဤနေရာ၌ အသိအကျွမ်းများ အနည်းနှင့်အများ ရှိနိုင်ပေသည်။

သိမ်းငှက်လေးသည် တိမ်တိုက်နှင့်မြူများကို လျင်မြန်စွာ ဖြတ်သန်းရင်း အောက်ဘက်သို့ ဆင်းသက်သွားနေကာ အောက်ဘက်ရှိ အဆောက်အဦများကို ရှင်းလင်းစွာ မြင်လာရသည်။

“အရှေ့က အဲဒီအကြီးဆုံးတာဝါပဲ။” နတ်မိမယ်တုံ့လိုင်က ပြောလိုက်လျှင် သိမ်းငှက်လေးက တောင်ပံကို ပြင်းထန်စွာ ခတ်လိုက်၍ အနက်ရောင်အလင်းတန်းကဲ့သို့ ပြောင်းလဲသွားကာ ထိုနေရာကို တရှိန်ထိုး ဝင်ရောက်သွားလေသည်။ မကြာခင်၌ သူတို့သည် ထိုအဆောက်အအုံများ အနီးသို့ ရောက်ရှိလာကြသည်။ ကောင်းကင်ထိမြင့်မားသော တာဝါကြီးတစ်ခုအပြင် ဘေးနား၌ အခြားသော ရှေးဟောင်းတာဝါများလည်း ရှိလေသည်။ ၎င်းတို့က တော်ဝင်နန်းတော်အတွင်းမှ အဆောက်အဦးများကဲ့သို့ဖြစ်ကာ သီးခြားဆန်သော ခံစားချက်ကို ပေးစွမ်းပေသည်။

“အာခီမီအင်ပါယာတာဝါ”

ရီဖူရှင်းက ကောင်းကင်ထိ မြင့်မားသော အမြင့်ဆုံးတာဝါကို ကြည့်လိုက်ကာ ၎င်းအပေါ်တွင် ထွင်းထုထားသော ကျက်သရေရှိသည့် စာလုံးများကို ဖတ်လိုက်သည်။ ယင်းတို့တွင် မဟာလမ်းစဥ်စွမ်းအားများ ပါဝင်နေသကဲ့သို့ အလွန်ပင် မျက်စိဖမ်းစားနိုင်လှ၏။ အာခီမီအင်ပါယာတာဝါက ဆေးဖော်စပ်သူများ၏ သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်ပုံရလေသည်။

အာခီမီအင်ပါယာတာဝါ၏ အောက်တွင် လူအများ စုဝေးနေကြပြီး စားသောက်ပွဲတစ်ခု ကျင်းပနေပုံရသည်။ သက်လတ်ပိုင်းလူကြီးတစ်ယောက်က တာဝါရှေ့မှ အဓိကထိုင်ခုံတွင် နေရာယူထားကာ ရွှေခရမ်းဝတ်စုံကို ဝတ်ဆင်ထားသည်။ လူတိုင်းနှင့် တက်ကြွစွာ စကားပြောဆိုနေခဲ့သော ထိုသူ့ထံမှ အလွန်အားကောင်းသော အရှိန်အဝါနှင့် သြဇာလွှမ်းမိုးမှုတို့ကို ခံစားနိုင်ပေသည်။

သို့သော် ထိုအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ခုကို ခံစားမိပြီး ခေါင်းကိုမော့ကာ လေဟာနယ်ထဲသို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက လေဟာနယ်ကို ထိုးဖောက်မြင်နိုင်ပြီး သိမ်းငှက်လေးပေါ်သို့ ကျရောက်လာသည်။ ချက်ချင်းပင် သိမ်းငှက်လေး၏ ခန္ဓာကိုယ်က ပြင်းထန်သော မဟာလမ်းစဥ်စွမ်းအားနှင့် ထိန်းချုပ်ခံလိုက်ရပုံရသည်။ သူ့ခန္ဓာကိုယ်က သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားပေသည်။

သို့သော်လည်း ထိုသက်လတ်ပိုင်းလူကြီးက သိမ်းငှက်လေး၏ ကျောပေါ်မှ လူကို မြင်လိုက်သည့်အခါ ဖိအားက ချက်ချင်း ပျောက်ကွယ်သွားပေသည်။ သူက ထရပ်လိုက်ပြီး သူ၏ အကြည့်များက သိမ်းငှက်လေး ကျောပေါ်၌ ရှေ့ဆုံးတွင် ရှိနေသော နတ်မိမယ်တုံ့လိုင်ပေါ်သို့ ကျရောက်သွားသည်။

သိမ်းငှက်လေးပေါ်မှ ဖိအားက ပျောက်ကွယ်သွားသော်လည်း သူ့ခန္ဓာကိုယ်က စားသောက်ပွဲကျင်းပနေရာသို့ ဆက်လက်ကျဆင်းနေခဲ့သည်။ ချက်ချင်းပင် တန်ခိုးရှင်များ၏ အကြည့်က အသစ်ရောက်ရှိလာသူများထံ ကျရောက်လာကာ အနည်းငယ် အံ့သြသွားကြသည်။ သူတို့က ကောင်းကင်မှနေ၍ စားသောက်ပွဲသို့ တိုက်ရိုက်ထိုးဆင်းလာသည်။ မည်မျှရိုင်းပြလိုက်သနည်း။

သို့သော်လည်း မည်သူကမှ စကားမပြောကြပေ။ အိမ်ရှင်ဖြစ်သူ အပြုအမူနှင့် မျက်လုံးများကို ​ကြည့်ပြီး ဆုံးဖြတ်ရလျှင် သူတို့က အချင်းချင်းသိကြပုံရလေသည်။

နောက်တခဏတွင် သက်လတ်ပိုင်းလူကြီး၏ မျက်နှာထက်၌ အပြုံးတစ်ခု ထွက်ပေါ်လာကာ ပြောလိုက်၏။ “ဒီလောက် အချိန်အ​ကြာကြီးရှိနေမှ ဂျူနီယာညီမလေးက ကျုပ်ရဲ့ စားသောက်ပွဲကို တက်လာမယ်လို့ ထင်မထားမိဘူး။”

“ဂျူနီယာညီမလေးလား။” လူအများက စိတ်ဝင်စားလာပုံရသည်။ လက်ရှိလူတိုင်းသိကြသည်မှာ အာခီမီအင်ပါယာ၌ ဆရာ မရှိပေ။ သူနှင့် ရင်းနှီးပြီး သူ၏ ဆရာဟု သတ်မှတ်၍ ရနိုင်သူမှာ လွန်ခဲ့သော နှစ်များစွာအကြာက သူ့ကို ဆေးဖော်စပ်ခြင်းအား သင်ပြပေးခဲ့သည့် တုံ့လိုင်နတ်ဘုရားအကြီးအကဲသာ ရှိပေသည်။ အာခီမီအင်ပါယာက တုံ့လိုင်နတ်ဘုရားအကြီးအကဲကို အလွန် လေးစားပြီး ‘ဆရာ’ ဟု ရည်ညွှန်းကာ တပည့်တစ်ယောက်အနေနှင့် ဂါရဝထားပေသည်။

သို့ဆိုလျှင် ဤဂျူနီယာညီမလေးမှာ….

သူမ ဖြစ်နိုင်သည်လား။

“မတွေ့ရတာကြာပြီ။” နတ်မိမယ်တုံ့လိုင်က ပြောလိုက်သည်။

ရီဖူရှင်းက တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ ကြည့်ရသည်မှာ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ တပည့်တစ်ပိုင်းဖြစ်သူက ဤကုန်းမြေရှိ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ အာခီမီအင်ပါယာတာဝါကို တည်ထောင်သူ ဖြစ်ပေလိမ့်မည်။ ဤစားသောက်ပွဲသို့ တက်ရောက်သော ဧည့်သည်များက ကျင့်ကြံခြင်းစွမ်းရည်တွင် သန်မာအားကောင်းကြပြီး အဆင့်မြင့်ရန်ဟောင်အနည်းငယ် ပါဝင်ကာ ထိုသက်လတ်ပိုင်းလူကြီး၏ အရှိန်အဝါကလည်း အလွန်ပင် ဖိနှိပ်နိုင်စွမ်းရှိသည်။ သူ၏ လေ့လာမှုအရ ထိုသူသည် နဝမဆင့်အထွတ်အထိပ် ရန်ဟောင်တစ်ပါး ဖြစ်ပေလိမ့်မည်။

“ဂျူနီယာညီမလေး ရောက်လာမယ် ထင်မထားမိဘူး။ လာ ထိုင်ပါဦးလေ။” အာခီမီအင်ပါယာက မတ်တပ်ရပ်ရင်း ပြောလိုက်ပြီး သူ့နေရာမှ ဆင်းလာကာ သူမကို ကိုယ်တိုင်ကိုယ်ကျ လာနှုတ်ဆက်လေသည်။ နတ်မိမယ်တုံ့လိုင်နှင့် သူမ၏ အဖွဲ့က လူတိုင်း၏ အကြည့်များအောက်၌ပင် မြေပြင်သို့ ဆင်းသက်လာခဲ့သည်။

စားသောက်ပွဲမှ လူများကလည်း သူတို့အား အာရုံစိုက်နေပြီး တစ်ယောက်ကပြောလိုက်သည်။ “အာခီမီအင်ပါယာ ကျုပ်တို့ကို မိတ်ဆက်မပေးတော့ဘူးလား။”

“မိတ်ဆက်ပေးရမှာပေါ့။” အာခီမီအင်ပါယာက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။ သူက နတ်မိမယ်တုံ့လိုင်ကို သူ့ဘေးသို့ ခေါ်ကာ လူတိုင်းနှင့် မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်။ “ဒါက ကျုပ်ရဲ့ ဂျူနီယာညီမလေး၊ ကျုပ် ဆရာ တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ ခရီးစဥ်အတွင်းမှာ ကျုပ်က ကံကောင်းစွာနဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး ဒီနေ့ရဲ့ ကျုပ် ဖြစ်လာခဲ့တယ်။ နောက်ပိုင်းကိစ္စတွေကိုတော့ ခင်ဗျားတို့ အားလုံးသိမယ် ထင်ပါတယ်။”

“သိတာပေါ့။” လူတိုင်းသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ မျိုးဆက်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို စွန့်ခွာ၍ သည်​နေရာသို့ ရောက်လာသည်အား အံ့သြနေကြသည်။

ထိုအချိန်​က ဖြစ်ပျက်ခဲ့သမျှအရာတို့က ကြီးစွာသော အနှောက်အယှက် ဖြစ်ခဲ့သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေနှင့် ဖန်းလိုင်ကုန်းမြေက သူတို့နှင့် ဝေးသော်လည်း သူတို့က ထိုအဖြစ်အား ကြားသိခဲ့ကြပြီး ဤကုန်းမြေအစုသည်လည်း ပါဝင်ပတ်သတ်ခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်၌ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ မျိုးဆက်က မည်သည့်အတွက် သူ့နယ်မြေမှ ထွက်လာခဲ့သလဲ မရှင်းလင်းပေ။

“နတ်မိမယ်တုံ့လိုင်ကို နှုတ်ဆက်ပါတယ်။” လူအုပ်ကြီးက မတ်တပ်ရပ်ကာ လက်များကို အရိုအသေပြုဟန် ဆုပ်ရင်း ယဥ်ကျေးစွာ ပြုမူလိုက်ကြသည်။ ကျော်ကြားထင်ရှားခဲ့သော မျိုးနွယ်၏ မျိုးဆက်ဖြစ်ပြီး မျိုးနွယ်၏ကံကြမ္မာက မရေရာတော့လျှင်ပင် နတ်မိမယ်တုံ့လိုင်က ထိပ်သီးအဆင့်ရန်ဟောင်တစ်ပါးဖြစ်နေသေးသည်။

နတ်မိမယ်တုံ့လိုင်က ခေါင်းညိတ်အသိအမှတ်ပြုပြီးနောက် သူမဘေးမှ ရီဖူရှင်းကို လှမ်းကြည့်လိုက်သည်။ “စီနီယာအစ်ကိုကို တစ်စုံတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်။ ရီလျှို့နျန်”

အာခီမီအင်ပါယာသည် ရီဖူရှင်းကို သိလိုစိတ်နှင့် စူးစမ်းကြည့်လိုက်ပြီး သူ၏ အရှိန်အဝါက အတော်လေး ထူးခြားသည်ကို မြင်လိုက်သည်။ သူက အတော်လေး အရည်အချင်းရှိသော ပါရမီရှင် ဖြစ်ရပေမည်။ သူက ရီဖူရှင်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ “တစ်ချက်ကြည့်ရုံနဲ့တင် ဒီညီငယ်လေးက သာမန်မဟုတ်ဘူးလို့ ကျုပ် ပြောနိုင်တယ်။”

“ရီလျှို့နျန်က စီနီယာအစ်ကိုကို နှုတ်ဆက်ပါတယ်။” ရီဖူရှင်းက အနည်းငယ် ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။ အာခီမီအင်ပါယာသည် အံ့သြမှင်တက်သွားကာ ရီဖူရှင်းကို တစ်လှည့် နတ်မိမယ်တုံ့လိုင်ကို တစ်လှည့် ကြည့်လိုက်သည်။

“သူက ကျွန်မအဖေရဲ့ ဆက်ခံသူပဲ။” နတ်မိမယ်တုံ့လိုင်က ပြောလိုက်သည်။

“ဆရာ့မှာ ဆက်ခံသူရှိတယ်လား။” အာခီမီအင်ပါယာက အံ့သြတကြီးရေရွတ်လိုက်သည်။ ရီဖူရှင်းကို ကြည့်ရသည်မှာ အလွန် ငယ်ရွယ်ပြီး တုံ့လိုင်နတ်ဘုရားအကြီးအကဲက လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကျဆုံးသွားခဲ့ပြီးဖြစ်သည်။ သူကျဆုံးမသွားခင်အချိန်၌ပင် နောက်ဆုံးတပည့် လက်ခံခဲ့သည်ဟု မည်သူမှ မကြားဖူးခဲ့ကြပေ။

“အဖေ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်အချို့ကို ရီလျှို့နျန်က ဆက်ခံနိုင်ခဲ့တယ်။ ဒါကြောင့် သူက တကယ့်ကို အဖေ့ရဲ့ ဆက်ခံသူပဲ။” နတ်မိမယ်တုံ့လိုင်က ပြောလိုက်သည်။ အာခီမီအင်ပါယာက အံ့သြနေဆဲဖြစ်သော်လည်း ခေါင်းညိတ်လိုက်သည်။ “ကျုပ်မှာ ဂျူနီယာညီလေး ရှိလာမယ်လို့ ထင်မထားမိဘူး။ အခု ဂျူနီယာညီမလေးနဲ့ ဂျူနီယာညီလေးတို့ ဒီမှာ ရောက်နေပြီဆိုတော့ စကားပြောဖော်ရှိလာပြီပေါ့။ ကျုပ်လည်း ဂျူနီယာညီလေးနဲ့ ဆေးဖော်စပ်တဲ့နည်းစနစ်တွေ ဆွေးနွေးဖလှယ်လို့ရတယ်။”

အောက်ဘက်ရှိ လူများက တုံ့လိုင်နတ်ဘုရားအကြီးအကဲ အမွေအနှစ်များ ချန်ရစ်ထားခဲ့သည်ဆိုခြင်းအပေါ် အလွန် အံ့အားသင့်နေကြသည်။ ယခု ထိုအမွေအနှစ်များကို သည်လူက ဆက်ခံရရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုသည်က ဆေးဖော်စပ်ခြင်း ပညာရပ်များ ဖြစ်နိုင်သလား။

“ကျုပ်က ဘယ်လိုလုပ် စီနီယာအစ်ကိုနဲ့ ဆွေးနွေးဖလှယ်ရဲပါ့မလဲ။ ကျုပ်ကသာ စီနီယာအစ်ကိုဆီက ပြန်သင်ယူရမယ့်သူ ဖြစ်နေမှာစိုးမိပါတယ်။” ရီဖူရှင်းက နှိမ့်ချကာ ယဥ်ကျေးသော စကားလုံးများဖြင့် ပြောလိုက်သည်။ နတ်မိမယ်တုံ့လိုင်က သူ့ကို တစ်ချက်လှမ်း​ကြည့်သော်လည်း မည်သည်ကိုမှ မပြောခဲ့ပေ။

“ညီလေးရီက ငယ်သေးတယ်ဆိုပေမယ့် တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ အမွေအနှစ်ကိုတောင် ဆက်ခံနိုင်ခဲ့တာဆိုတော့ အရမ်း ထူးချွန်တဲ့ စွမ်းရည်ရှိရမယ်။ မင်းရဲ့ ဆေးဖော်စပ်တဲ့ အရမ်းထူးချွန်ပြီး အာခီမီအင်ပါယာအောက်တော့ နိမ့်ကျဖို့မဖြစ်နိုင်ပါဘူး။” အောက်ဘက်ရှိ လူငယ်တစ်ယောက်က အပြုံးနှင့် မှတ်ချက်ပြုလိုက်သည်။

“တုံ့လိုင်နတ်ဘုရားအကြီးအကဲက အခုဆို ဆက်ခံသူရှိခဲ့ပြီ။ ဒါက တကယ့်ကို ပျော်ရွှင်စရာအဖြစ်အပျက်ပဲ။” သူ့ဘေးရှိ အဖိုးကြီးတစ်ယောက်က ပြုံးကာ ထပ်ဖြည့်ပြောလိုက်သည်။ “မင်းရဲ့ ဆေးဖော်စပ်မှုလုပ်နိုင်စွမ်းက ဘယ်လောက်အဆင့်ထိ ရှိနေမလဲ သိချင်မိသား။”

လူအိုကြီးက ညင်သာစွာ ပြောသော်လည်း သူ့မျက်လုံးများတွင် တောက်ပမှုတို့နှင့် ပြည့်နေသည်။ ရီဖူရှင်းက ပြုံးကာ တစ်ဖက်လူကို ကြည့်လိုက်သည်။ သူက ပြန်ဖြေလိုက်၏။ “ကျုပ်က အခုမှ ဆေးဖော်စပ်တဲ့ပညာကို လေ့လာတာ အစပိုင်းလောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ဆေးဖော်စပ်တဲ့အကြောင်းကို စကားထဲတောင် မထည့်ဝံ့ပါဘူး။ ကျုပ်က စီနီယာအစ်ကိုဆီကနေ အများကြီး သင်ယူဖို့ လို​နေပါသေးတယ်။”

အဖိုးအိုက ​ခေါင်းညိတ်လိုက်သည်။ “မင်းက အရမ်းနှိမ့်ချတတ်တာပဲ။ တကယ်လို့ အစပဲ ရှိသေးတယ်ဆိုရင်တောင် မင်းရဲ့ စမှတ်က လူတိုင်းထက် မြင့်နေမှာပါပဲ။ အာခီမီအင်ပါယာရဲ့ သင်ကြားပြသပေးမှုနဲ့ဆို မင်းရဲ့ တိုးတက်မှုက မျှော်လင့်ထားတာထက် သာလွန်မှာပါ။”

“အရင်ထိုင်ကြအောင်။” အာခီမီအင်ပါယာက အလွန် ကျေနပ်နေပုံရကာ အပြုံးပန်းတို့ ဝေနေလေသည်။ သူက ရီဖူရှင်းနှင့် အဖွဲ့အတွက် နေရာကို သူ၏ ဘေးဘက်တွင် စီစဥ်ပေးခဲ့သည်။ ယင်းသည် အာခီမီအင်ပါယာက နတ်မိမယ်တုံ့လိုင်နှင့် အခြားသူများအပေါ် ခင်မင်ရင်းနှီးကြောင်း ပြသနေပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset