အပိုင်း (၁၉၅၂)

ပြန်ပေးဆွဲခြင်း

ရီဖူရှင်းက စီဖုန်းကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသခင် နေထိုင်ရာနေရာသို့ ခေါ်ဆောင်သွားသည်။ သူတို့နှစ်ယောက်ကို ​ကြည့်ပြီးနောက် အမျိူးသမီးကျွန်းသခင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းတို့ ထွက်သွားဖို့ အသင့်ပဲလား။”

ရှင်းလင်းစွာပင် သူမက ရီဖူရှင်းတို့ ထွက်သွားတော့မည်ကို ခန့်မှန်းထားခဲ့ပြီး ဖြစ်လေသည်။ ကျွင်းမိသားစု ပြဿနာကို ဖြေရှင်းပြီးနောက် ရီဖူရှင်းသည် ပုံမှန်အတိုင်းပင် နောက်ဆုတ်ကာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။ သူက ကျင့်ကြံခြင်းအပြင် ဆေးလုံးဖော်စပ်ခြင်းကိုလည်း လေ့လာနေသေး၏။ ယခု သူ၏ ကျင့်ကြံခြင်းက အလွန် မြင့်မားလာခဲ့ပြီး သူ၏ အရှိန်အဝါကလည်း ပြောင်းလဲလာသည်။ သူက သူမကို လာတွေ့ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ထွက်ခွာဖို့ရာ ပြင်ဆင်ရန်အတွက်သာ ဖြစ်သည်။

“ဟုတ်တယ်။ အဲဒါကြောင့် နှုတ်ဆက်စကားပြောဖို့ လာခဲ့တာပါ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။” ကျွန်းသခင်က ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို ထပ်နေရန် မမေးခဲ့ပေ။ သူမက ဆက်ပြောလိုက်၏။ “မင်းကို လိုက်ပို့ဖို့ ပိုင်မုကို လူတချို့ခေါ်သွားခိုင်းရင်ရော ဘယ်လိုလဲ။”

ရီဖူရှင်းက တစ်ဖက်လူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို မခန့်မှန်းတတ်ပေ။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ အကျိုးအမြတ်များစွာ ရိတ်သိမ်းရရှိခဲ့သည်။ ထွက်သွားပြီးနောက် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် အပြီးတိုင် အဆက်အသွယ်ဖြတ်ပစ်လိုက်ခြင်းက နည်းလမ်းမကျပေ။ ထိုသို့လုပ်ပါက ကျေးဇူးကန်းရာရောက်ပြီး ကျွန်းသခင်ကလည်း သူ့ကို လိုက်လံဖမ်းဆီးပေလိမ့်မည်။

သူက ဆေးလုံးကို စားသုံးလိုက်ပြီး နတ်သစ်ပင်ကို သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ခဲ့ကာ နတ်မီးလျှံသည်လည်း သူ၏ စုပ်ယူခြင်းကို ခံခဲ့ရသည်။ သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆေးပညာအမွေအနှစ်တို့ကို ဆက်ခံရရှိခဲ့ပြီး မိုးနှင့်မြေအတွင်း အမည်မသိရတနာများစွာကိုလည်း ရရှိခဲ့သည်။ ယခု သူသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ဖီးနစ်ကိုလည်း ပြန်ပေးဆွဲသွားတော့မည် ဖြစ်သည်။

“အများကြီး မတွေးနဲ့။ ဒါက မင်းရဲ့ လုံခြုံရေးအတွက် စိတ်ချရအောင်လို့ပဲ။ လူအများရဲ့ အာရုံစိုက်မှုကို မခံရအောင် အဖွဲ့ငယ်လေးတစ်ခု ဖြစ်လိမ့်မယ်။ အထူးချွန်ဆုံးလူတွေကို ငါ ရွေးထုတ်ပေးပါ့မယ်။” ကျွန်းသခင်က ပြောလိုက်သည်။

“ကျုပ်ရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက လူတွေရဲ့ ကာကွယ်ပေးမှုကို မလိုအပ်တော့ပါဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ “ကျုပ်ထက် အစွမ်းထက်တဲ့ စီနီယာတွေ ရှိရင်တောင် သိပ်များမှာ မဟုတ်ဘူး။ ပြီးတော့လည်း ကျုပ်က ငြိမ်ငြိမ်နေတတ်တဲ့ သူမျိုးမဟုတ်ဘူး။ ​မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုနဲ့ တွေ့ခဲ့လို့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက စီနီယာတွေပါ ပါနေတယ်ဆိုရင် ကိစ္စတွေက ရှုပ်ထွေးကုန်လိမ့်မယ်။”

ကျွန်းသခင်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “မင်းက ကိုယ့်ဘာသာ ထွက်သွားချင်တယ်လို့ ဆိုလိုတာလား။”

ရီဖူရှင်းက တစ်ဖက်လူ၏ မျက်လုံးများကို ကြည့်လိုက်သည်။ ရှင်းလင်းစွာပင် သူမက သူ့ကို စိုးရိမ်နေဆဲဖြစ်သော်လည်း မျှော်လင့်မထားသည်တော့ မဟုတ်ပေ။ မည်သူက မစိုးရိမ်ဘဲ နေပါမည်နည်း။

“ဒီနေရာမှာ အ​ပြင်လူမရှိဘူး။ ငါ မင်းကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ဒုတိယကျွန်းသခင်အဖြစ် သတ်မှတ်ပြီးပြီ။ နောက်ပိုင်း မင်းရဲ့ စွမ်းအားနဲ့ ကျင့်ကြံဆင့်က ငါ့ကို ကျော်တက်သွားနိုင်ရင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ကျွန်းသခင်ရာထူးကို ဆက်ခံနိုင်တယ်။ ဒီမှာ ငါပိုင်ဆိုင်တဲ့ အရာအားလုံးကို မင်းအပိုင်လို့ မှတ်ယူလို့ရတယ်။” ကျွန်းသခင်က ပြောလိုက်သည်။

“ကျုပ် အပိုင်တဲ့လား။” ရီဖူရှင်းက မျက်တောင်ခတ်လိုက်သည်။ သူက အခု ဒုတိယကျွန်းသခင် ဖြစ်နေပြီတဲ့လား။

ဤအမျိုးသမီးက နောက်နေခြင်း မဟုတ်ပေ။ သူမက သူ့ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတစ်ခုလုံးပေးရန် ဆန္ဒရှိနေသည်။

သို့ဆိုလျှင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ နတ်မိမယ်များအားလုံးကလည်း သူ၏……. သူ့အတွေးများက ထိုနေရာသို့ ရောက်လာသည့်အခါ သူက ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် ရပ်တန့်လိုက်သည်။ သူက သူ့ကိုယ်သူ ​ဖြောင့်မတ်လှသော လူကြီးလူကောင်းတစ်ယောက်အဖြစ် မှတ်ယူထားသည်။

“အင်း” အမျိုးသမီး ကျွန်းသခင်က ခေါင်းညိတ်လိုက်သည်။ “အားလုံးက မင်းအတွက်ပဲ။ မင်း အဲဒီနေ့ကို ရောက်နိုင်တဲ့တစ်နေ့ ငါကိုယ်တိုင်တောင်မှ မင်းအမိန့်တွေကို လိုက်နာမယ်။”

ရီဖူရှင်းက သူ၏ ရှေ့၌ ရှိနေသော မှင်တက်ဖွယ် အလှတရားနှင့် တော်ဝင်ဆန်သော အမျိုးသမီးကို ကြည့်လိုက်ပြီး သူ၏ အတွေးများက ပြောပြ၍မရနိုင်သော အကြောင်းအရာများထံ ရောက်ရှိသွားသည်။

“အဟမ်း…” ရီဖူရှင်းက ကျွန်းသခင်ကို ကြည့်ကာ ပြောလိုက်သည်။ “ဒီလို အရေးပေးမှုကို လက်ခံဖို့ ခက်ခဲလှပါတယ်။”

“မင်းက ဆေးလုံးရော နတ်သစ်ပင်ကိုပါ ဝါးမြိုပြီးတော့ ငါ့အဖေရဲ့ အရာအားလုံးကို ဆက်ခံခဲ့သေးတယ်။ မင်းက အခု အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ဆက်ခံသူ ဖြစ်နေပြီပဲကို။ တစ်နေ့မှာ ငါ့ရဲ့ ကျွန်းသခင်ရာထူး မင်းဆီ လွှဲပြောင်းပေးတာ ဘာမှမှားမနေဘူးလေ။” ကျွန်းသခင်က ဆက်ပြောလိုက်သည်။

ရီဖူရှင်း၏ မျက်လုံးများက ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ တစ်ဖက်လူက ထိုသို့ပင် ပြောဆိုနေရာ သူက ရှက်ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။

သူက အမျိုးသမီးရန်ဟောင်ကို ကြည့်ကာ ပြောလိုက်၏။ “ဒါပေမယ့် အဲဒါက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက လူတွေ ကျုပ်နောက်လိုက်တာနဲ့တော့ မသက်ဆိုင်ဘူးလေ။ သူတို့ လိုက်လာတာက နည်းနည်းတော့…..”

“နည်းနည်း ဘာဖြစ်လဲ။” ကျွန်းသခင်က မေးလိုက်သည်။

ရီဖူရှင်းက သူမကို ​ကြည့်နေပြီး တစ်ခုခု ပြောချင်နေသော်လည်း သူ့ကိုယ်သူ ရ​ပ်တန့်လိုက်ပုံရသည်။

ထိပ်သီးအဆင့် ရန်ဟောင်တစ်ပါး လိုက်ခဲ့လျှင် ပို၍ လုံခြုံလိမ့်မည် ဖြစ်သည်။ မဟုတ်လျှင် သူတို့က အချို့သော အစွမ်းထက်တန်ခိုးရှင်များနှင့်တွေ့ပါက ပြဿနာအနည်းငယ် ရှိပေလိမ့်မည်။

“မင်းမှာ ပြောစရာရှိတယ်ဆို ပြောလိုက်။” အမျိုးသမီး ကျွန်းသခင်က အေးစက်စွာ ပြောလိုက်သည်။ ‘ဒီကောင်က ဘာတွေတွေးနေတာလဲ။’ ထိုအကြည့်များက သူမအား စိတ်မသက်မသာဖြစ်အောင် လုပ်ဆောင်နေပေသည်။

“ကျွန်းသခင် ကျုပ်နဲ့အတူ စိတ်အပန်းပြေအောင် သွားဖို့ ဘယ်လိုသဘောရလဲ။” ရီဖူရှင်းက အားနည်းစွာ ပြောလိုက်သည်။ သူက အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါးဖြစ်သော်လည်း သူ၏ အကြံပြုသော လေသံတွင် ယုံကြည်ချက်တို့ အနည်းငယ် လျော့နည်းနေသည်။ သူမက ကျွင်းရှောင်ယောင်ကဲ့သို့ အဆင့်ကိုးရန်ဟောင်တန်ခိုးရှင်ကိုပင် သတ်ဖြတ်ပစ်ခဲ့သော အစွမ်းထက်တည်ရှိမှုတစ်ခုပင် မဟုတ်ပါလား။

သူမက ကျက်သရေရှိကာ လှပသော်လည်း သူသည် သူမ၏ အသွင်အပြင်ကြောင့် လှည့်စားခံလိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က တိုက်ပွဲတွင် သူမက ရန်ဟောင် အရေအတွက် အများဆုံး သတ်ဖြတ်ခဲ့သူ ဖြစ်သည်။

ရီဖူရှင်း၏ အသံထွက်ပေါ်လာသောအခါ မမြင်နိုင်သော မဟာလမ်းစဥ်ဖိအားက သူ့ပေါ်သို့ ရုတ်တရက် ကျရောက်လာကာ သူ့ကို သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်လှုပ်သွားစေသည်။ သူ့ဘေးရှိ စီဖုန်းကလည်း ရီဖူရှင်းကို ကြည့်ကာ ကြက်သေသေသွားခဲ့သည်။ သူက ကျွန်းသခင်အား သူ့နောက် လိုက်ခဲ့ရန် မေးလိုက်သည်လား။

သည်အ​ကောင်က အလွန် ရဲတင်းလွန်းလှသည်။

ရီဖူရှင်းက လှပသော အမျိုးသမီးကျွန်းသခင်ကို အားနည်းစွာ ကြည့်လိုက်သည်။ သူမသည် ဤအရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အနှေးနှင့်အမြန် သူ့အပိုင် ဖြစ်လာမည်ဟု ပြောခဲ့ရာ သူ့စွမ်းရည်ကို တိုးတက်လာစေရန် ကျင့်ကြံရ​ပေလိမ့်မည်။

သူသည် ဖိအားကြီးလှသော ခြိမ်းခြောက်မှုကို ခံစားမိနိုင်ပေသည်။

အမျိုးသမီးကျွန်းသခင်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူမက ​ရှေ့သို့ ခြေလှမ်းလိုက်သည့်အခါ ရှည်လျားသော ဝတ်ရုံရှည်က မြေပေါ်တွင် ရွေ့လျားလာကာ အေးစက်၍ မြင့်မြတ်တော်ဝင်ဆန်သော ပြိုင်ဘက်ကင်း ကျက်သရေတို့ကို ပေးစွမ်းသည်။ သူမက ရီဖူရှင်းရှေ့သို့ လျှောက်လာခဲ့၏။

“ကျွန်းသခင် သဘောမတူဘူးဆိုရင်လည်း ကျုပ်မပြောခဲ့ဘူးလို့ သဘေားထားလိုက်ပါ။” ရီဖူရှင်း၏ စိတ်ထက်သန်မှုက အလွန်ပင် အားနည်းနေသည်။

ကျွန်းသခင်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဟမ်…” ရီဖူရှင်းက မျက်တောင်ခတ်လိုက်ပြီး သူ့ရှေ့မှ လှပသောမျက်နှာအား မော့ကြည့်လိုက်သည်။ သူမက သဘောတူလိုက်သည်လား။

သူက အတင်းအကျပ်မေးခဲ့ခြင်း မဟုတ်သော်လည်း တစ်ဖက်လူက အမှန်တကယ် သဘောတူခဲ့သည်။

ကျွန်းသခင်၏ စွမ်းအားက ထူးခြားပြောင်မြောက်လှပြီး သူ့ဘေး၌ သူမ ရှိနေလျှင် ရန်ဟောင်အဆင့်မှ ပြိုင်ဘက်များကို သူ ကြောက်ရွံ့နေတော့မည် မဟုတ်ပေ။

“ငါ မင်းနဲ့ လိုက်မယ်။” ကျွန်းသခင်က ရီဖူရှင်းအား စိုက်ကြည့်ကာ ပြောလိုက်သည်။ ရုတ်တရက် သက်ရှိအရာအားလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေသော အပြုံးသေးသေးလေး ထွက်ပေါ်လာသည်။ သို့သော်လည်း ရီဖူရှင်းထံ၌ ထိုအလှတရားကို ခံစားနေရန် အချိန်မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် တင်းကျပ်မှုကို ခံစားလိုက်ရပေသည်။ လျှို့ဝှက်ကြံစည်မှုတစ်ခုခုများ ရှိနေသည်လား။

“ငါတို့ ဘယ်အချိန် ထွက်မှာလဲ။” ကျွန်းသခင်က မေးလိုက်သည်။

“ဆေးတချို့သန့်စင်ဦးမှာမို့ ခုနစ်ရက်ကြာရင် စထွက်မယ်ဆို ဘယ်လိုလဲ။” ရီဖူရှင်းက ခေါင်းမော့ကာ ခပ်တိုးတိုးမေးလိုက်သည်။ သူ၏ အသံ၌ လွှမ်းမိုးနိုင်စွမ်းတို့ ပျောက်ဆုံးနေခဲ့သည်။

“ကောင်းပြီ။ မင်း ကိစ္စကို မင်း စိတ်အေးအေးနဲ့ လုပ်နိုင်ဖို့ ခရီးထွက်ဖို့ကိစ္စ ငါ စီစဥ်လိုက်မယ်။” ကျွန်းသခင်က ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ရီဖူရှင်းသည် သူမအား မော့ကြည့်လိုက်ပြီး သူ ထောင်ချောက်အတွင်း ကျဆင်းသွားသလို ခံစားလိုက်ရသည်။

လျှို့ဝှက်ကြံစည်ထားသည်ဟူသော ခံစားချက်က ပို၍ အားကောင်းလာသည်။ သူက အတွက်အချက် မှားသွားသည်လား။

“မင်းက မူလဘုံက လာပြီး ကောင်းကင်ဒေသနဲ့ မရင်းနှီးဘူးလေ။ ငါက တုန်းဟွာပိုင်နက်အကြောင်း မင်းထက် ပိုသိတယ်။ စိတ်မပူနဲ့ ငါ မင်းကို လမ်းပြပေးပါ့မယ်။ ပြီးတော့ ဒီတစ်ကြိမ် ငါက မင်းရဲ့ နောက်လိုက်သက်သက်ပဲ ကျွန်းသခင်ယဲ့။” သူမက ဆက်ပြောကာ နောက်ဆုံးစကားသုံးလုံးကို ဖိပြောလိုက်သည်။

“ကျွန်းသခင်က အရမ်း ယဥ်ကျေးလွန်းနေပါပြီ။ ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့။” ရီဖူရှင်းက တုန်ယင်စွာနှင့် အလျင်အမြန် ထွက်ခွာသွားသည်။ သူသည် စီဖုန်းကိုပင် ဂရုမစိုက်တော့ဘဲ အနောက်၌ ချန်ရစ်ထားခဲ့သည်။

ရီဖူရှင်း ထွက်ခွာသွားသည်ကို ကြည့်ရင်း စီဖုန်းတစ်ယောက် ဆွံ့အသွားငေသည်။ သူမက ကျွန်းသခင်ကို ကြည့်ကာ မေးလိုက်သည်။ “အစ်မ.. တကယ်ပဲ သွားမလို့လား။”

“သွားလို့မရဘူးလား။” ကျွန်းသခင်သည် ရီဖူရှင်း သုတ်ခြေတင်သွားသည်အား ကြည့်ကာ ဆန်းကြယ်စွာ ပြုံးလိုက်သည်။ သည်ကောင်စုတ်လေးက အမှန်ပင် သူမကို သူ့နောက်လိုက်ရန် မေးရဲပေသည်။ သူမက သူ့အား အနည်းငယ် မျက်နှာသာပေးခဲ့သည်နှင့် သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတစ်ခုလုံးကို ဝါးမြိုချင်နေကာ ယခု သူက သူမအကြောင်း မဟုတ်တရုတ်အတွေးတချို့ပင် ရှိနေခဲ့လေသည်။

သူမသည် အပြင်ဘက်လောကသို့ မထွက်ဖြစ်သည်မှာ ကြာလှပြီဖြစ်ရာ ယခု ထိုကောင်စုတ်လေးနှင့် ပြင်ပလောကသို့ သွားရောက်မည် ဖြစ်သည်။

နောက်ခုနစ်ရက်အကြာထိ ရီဖူရှင်းသည် ဆေးဖော်စပ်သည့်အခန်းထဲ၌သာ အချိန်ကုန်ဆုံးခဲ့ပြီး ထိုအထဲတွင် သူ့ကိုယ်သူ အပြည့်အဝ မြှုပ်နှံထားသည်။

သည်တစ်ကြိမ်၌ မည်သူကမှ သူ့ကို စောင့်ကြည့်မနေကြပေ။ လူတိုင်းက အပြင်ဘက်တွင် စောင့်ဆိုင်းနေကြပြီး ရီဖူရှင်း၏ အလုပ်ကို မည်သူမှ အနှောက်အယှက်မပြုကြပေ။

ဆေးဖော်စပ်ရာ အခန်းဘက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတို့က လွှမ်းခြုံနေ၏။ အစိမ်းရောင်သမ်းသော တောက်ပသည့် နတ်အလင်းများက ဝေ့ဝဲနေပြီး နတ်သစ်ပင်အဖြစ်သို့ ပြောင်းလဲသွားကာ ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ အတွင်းဘက်မှ ဆေးရနံ့များက အဆက်မပြတ်စီးဆင်းနေသည်။

ထိုအချိန်တွင် ကြောက်မက်ဖွယ် လမ်းစဥ်မီးတောက်က ဖီးနစ်အော်မြည်သံသဲ့သဲ့နှင့်အတူ ကောင်းကင်သို့ ထိုးတက်လာသည်။ တန်ခိုးရှင်များက ထိုနေရာသို့ ကြည့်လိုက်သောအခါ သူတို့သည် ဖီးနစ်ပုံရိပ်တစ်ခု ဖြစ်ပေါ်နေကာ အပြင်ဘက်၌ ရစ်ဝဲနေပေသည်။

ဖီးနစ်၏ ကျယ်လောင်သော အော်မြည်သံကို ကြားလိုက်ကြရပြီး ဆေးဖော်စပ်ရာအခန်းတွင်းမှ ရိုက်နှက်သံများထွက်ပေါ်လာသည်။ နတ်ဖီးနစ်သည် ကောင်းကင်ထက်တွင် ယိမ်းနွဲ့နေပြီး ကိုးကြိမ်တိုင်တိုင်အော်မြည်​ကာ ကောင်းကင်သို့ ထိုးဖောက်သွားကာ အလွန် တောက်ပသော အလင်းတန်းတို့ကို ထုတ်လွှတ်လာသည်။

နတ်အလင်းတန်းများက ကောင်းကင်တွင် ပျံဝဲနေပြီး ထင်ရှားသော ဆေးရနံ့တို့က လေထဲကို ထိုးဖောက်လာသည်။ မဟာလမ်းစဥ်နတ်အလင်းတို့က ဆေးဖော်စပ်ရာအခန်းတွင်း တောက်ပနေပြီး လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို မမှိတ်မသုန်ကြည့်နေကြသည်။

ဆေးဖော်ရာ၌ ဖြစ်ပေါ်လာသော ပုံမှန်မဟုတ်သည့် အ​​​ခြေအနေ။

“ဒါက…..” တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

“သူ ဖြစ်သင့်ပါတယ်။” သူ့ဘေးမှတစ်ယောက်က တုံ့ပြန်လိုက်ပြီး သူတို့အားလုံးက ထိတ်လန့်သွားကြသည်။ နောက်ဆုံး၌ သူတို့သည် ဆေးဖော်စပ်ရာ၌ ရီဖူရှင်း၏ အောင်မြင်မှုက မြင့်မားပြီး တတ်မြောက်မှု မည်သည့်အတွက် မြန်ဆန်ရသည်က သိရှိလိုက်ကြသည်။ ကျွန်းသခင်က သူ့အား မျက်နှာသာပေး၍ လိုချင်သမျှ ခွင့်ပြုနေသည်မှာ အံ့သြစရာမရှိတော့ပေ။

သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဖြစ်ပေသည်။

တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆေးဖော်စပ်ခြင်းဆိုင်ရာ ပညာရပ်များကို ရီဖူရှင်းက ဆက်ခံနိုင်ခဲ့ပေသည်။

“ဆေးတွေအားလုံးကို ဆေးပေါင်းဖိုထဲမှာ ထားခဲ့တယ်။ စီနီယာတို့ ကိုယ့်ဘာသာခွဲဝေလိုက်ကြပါ။ ကျုပ် အခု သွားလိုက်ပါဦးမယ်။” အသံကို ကြားလိုက်ရပြီး လူအုပ်ကြီးသည် အဖြူရောင်ပုံရိပ်က အဝေးသို့ ထွက်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

လူတိုင်း အသိပြန်ဝင်လာသည့်အခါ သူတို့က ဆေးဖော်စပ်ခန်းသို့ ပြေးဝင်သွားကြပေသည်။ ပြင်းထန်လှသော ဆေးရနံ့က သူတို့ကို နှုတ်ဆက်ကြိုဆိုလေသည်။ ဆေးပေါင်းဖိုအတွင်းမှ မဟာလမ်းစဥ်နတ်အလင်းတို့က အပြင်သို့ စီးထွက်နေသည်။

ဝှစ်…

အရိပ်တစ်ခုက အပြေးဝင်သွားသည်။

နောက်တခဏတွင် ပုံရိပ်ပေါင်းများစွာက ဆေးပေါင်းဖိုဆီသို့ တဟုန်ထိုး ပြေးသွားကြတော့သည်။

မကြာခင်၌ ဆေးဖော်စပ်ခန်းအတွင်း ပေါက်ကွဲသံများ ထွက်ပေါ်လာလေသည်။

ရီဖူရှင်းသည် လေထဲတွင် ရွေ့လျားနေပြီး သူ့နောက်မှ အသံများ ထွက်ပေါ်လာနေသည်ကို ကြားလိုက်ရသည်။

“ကလိမ်ကကျစ်သူခိုးကောင်….”

“မင်း ဘယ်လိုလုပ်ရဲရတာလဲ…”

“…”

အသံများကို ကြားလိုက်ရ​ပြီး ကျယ်လောင်သော ထုနှက်သံများက ဆေးခန်းမအတွင်းမှ ပေါက်ကွဲထွက်လာသည်။ ရီဖူရှင်းက သက်ပြင်းချလိုက်၏။ သူက သူတို့ကို မကူညီလို၍ မဟုတ်သော်လည်း ထိုသူတို့၏ အချင်းချင်း တိုက်ခိုက်နေကြမှုအား သည်းမခံနိုင်ပေ။

ထိုနေ့တွင် ဆေးဖော်စပ်သူများက အချင်းချင်း ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့ကြသည်။ မိတ်ဆွေအချင်းချင်းလည်း တိုက်ခိုက်ကြ၏။ သူတို့သည် ကိုယ်ပိုင်ဂုဏ်သိက္ခာကိုပင် အရေးမထားကြဘဲ အပြင်းအထန် ရန်ဖြစ်ခဲ့ကြသည်။ ထိုအဖြစ်ကြောင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကြီးက ဗြောင်းဆန်သွားလေသည်။ တစ်စုံတစ်ယောက်က ကျွန်းသခင်ကို တင်ပြရန် သွားသောအခါမှသာ ကျွန်းသခင်က ရီဖူရှင်းတို့နှင့်အတူ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ကြရသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ အပြင်ဘက်တွင် လူတစ်စုက လေဟာနယ်မြူများထဲ၌ လမ်းလျှောက်နေခဲ့သည်။ ပေ့ကုံးအော့က သူ့ရှေ့မှ အမျိုးသမီးကို မကြာခဏ ခိုးကြည့်နေပြီး မယုံကြည်နိုင်ဖြစ်နေသည်။ သူက ရီဖူရှင်းအား ကြည့်သည့်အခါ လေးစားကြည်ညိုမှုများနှင့် ပြည့်နေခဲ့သည်။ သည်ကောင်လေးက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်ကိုပင် အောင်မြင်စွာ ပြန်ပေးဆွဲနိုင်ခဲ့သော ပါရမီရှင်အစစ်အမှန် ဖြစ်လေသည်။

“မင်း တမင်သက်သက် လုပ်ခဲ့တာမလား။” ကျွန်းသခင်က ရီဖူရှင်းကို မေးလိုက်သည်။

“ဟမ်” ရီဖူရှင်းက မသိဟန်ဆောင်လိုက်၏။

“ဆေးခန်းမ” ကျွန်းသခင်က အစဖော်ပေးလိုက်သည်။

“နားလည်မှုလွဲတာပါ။ ကျုပ်က ဆေးတချို့ကို သိမ်းထားချင်မိရုံပါပဲ။” ရီဖူရှင်းက မတရားခံရဟန်ဖြင့် ပြန်ဖြေလိုက်သည်။ ကျွန်းသခင်က သူ့ကို ကြည့်လိုက်သော်လည်း ထပ်မပြောတော့ပေ။ သူတို့အဖွဲ့သည် ရှေ့သို့ ဆက်လက်သွားနေကြပြီး ဖန်းလိုင်ကုန်းမြေမှ ထွက်ခွာရန် ပြင်ဆင်နေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset