အပိုင်း (၁၉၅၀)

ယင်ယန်၀င်္ကပါ

မဟာလမ်းစဥ် စွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်ပြီးနောက် ထူးဆန်းသည့် လက္ခဏာများ ပျောက်ကွယ်သွားသည်။ သူ၏ အဖြူရောင်၀တ်ရုံက လေထဲတွင် တဖျတ်ဖျတ် လွင့်နေကာ ရှည်လျားသော ငွေရောင်ဆံပင်က အလွန် ကျက်သရေ တင့်တယ်နေ၏။

အောက်ဘက်ရှိ လူများက သူ့ကို ကြည့်နေကြသည်။ ရှားရှင်းယွန်၊ သိမ်းငှက်လေး၊ စီဖုန်း၊ ပေ့ကုံးအော့နှင့် အခြားသူများက ပြုံးနေကြပြီး ထို တောက်ပလှသည့် နတ်ရောင်ဝါကို စောင့်ကြည့်နေကြသည်။ ရီဖူရှင်းက သူ၏ လမ်းစဥ်ကို သက်သေပြခဲ့ပြီး အလယ်အလတ်အဆင့်ရန်ဟောင်တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ မဟာလမ်းစဥ် နတ်၀င်ရိုးက ပို၍ တောက်ပလင်းလက်လာသည်။ ထိုနတ်ဝင်ရိုးက အပြစ်အနာအဆာ ကင်းမဲ့နေဆဲပင် ဖြစ်သည်။ ရီဖူရှင်း၏ စွမ်းရည်သည် နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။

အခြားသူများက သူ့အကြောင်းကို မသိဘဲ သူ၏ ကျင့်ကြံခြင်းအဆင့်ကိုသာ ကြည့်လျှင် သူတို့က လှည့်စားခံကြရပေလိမ့်မည်။ အဆင့်လေး အလယ်အလတ် ရန်ဟောင်တစ်ပါးက အဆင့်ရှစ် သာမန်ရန်ဟောင်တစ်ပါး၏ တိုက်ပွဲစွမ်းရည်ထက် ပို၍ သာလွန်နေသည်ကို မည်သူက ယုံကြည်နိုင်ပါမည်နည်း။

ရီဖူရှင်း၏ ပုံရိပ်က ကောင်းကင်ထက်မှ  ဆင်းသက်လာသည်။ ပေ့ကုံးအော့သည် ရီဖူရှင်း ဆင်းလာသည်ကို မြင်သည့်အခါ သူက လျှောက်သွားခဲ့ပြီး ရီဖူရှင်းကို ကြိုဆိုလိုက်သည်။ ပေ့ကုံးအော့က ပြောလိုက်၏။ “နောက်တစ်ဆင့်ကို တက်သွားပြီဆိုတော့ အခုဆို ကျူပ်တောင်မှ မင်းကိုယှဥ်နိုင်မှာ မဟုတ်တော့ဘူး.. ဟုတ်တယ်မလား။”

“ဦးလေးက ကျုပ်ကို အရမ်းချီးကျူး လွန်းနေပါပြီ။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ “ဒီနှစ်တွေထဲမှာ ဦးလေးပေ့ကုံးကလည်း ပျင်းပြီး ထိုင်နေတာ မဟုတ်ဘူးလေ။ တိမ်မြူ သစ်သားကို ခန္ဓာကိုယ်အတွင်းအပြီးတိုင် ပေါင်းစပ်နိုင်ခဲ့ပြီး အခုဆို ဦးလေးရဲ့ ခန္ဓာကိုယ်က မိုးကြိုးခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး တိုက်ပွဲစွမ်းရည်ကလည်း အရမ်းအစွမ်းထက်လာတယ်မလား။”

ယခု သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက အလွန် နီးကပ်လာခဲ့သည်။ ပေ့ကုံးအော့သည် ရီဖူရှင်းနောက်သို့ လိုက်ပါကာ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ရီဖူရှင်းသည် သူ့ကို စီနီယာဟု ထပ်မခေါ်တော့ဘဲ ဦးလေးဟု တိုက်ရိုက်ခေါ်ဆိုနေပြီ ဖြစ်သည်။ ပေ့ကုံးအော့သည်လည်း ထိုသို့ ​ ​​​​ခေါ်ဆိုသည်ကို အလွန် ဝမ်းမြောက် ပျော်ရွှင်နေသည်။

ပေ့ကုံးအော့က ရီဖူရှင်း၏ ယဥ်ကျေးသော စကားကို ကြားသည့်အခါ သူက​ပြုံးလိုက်သည်။ သူသည် ရီဖူရှင်းနှင့် အကြာကြီး သိလာခဲ့ပြီးနောက် ရီဖူရှင်းက မည်သို့သော လူမျိုး ဖြစ်သည်ကို သိရှိထားသည်။ ရီဖူရှင်း၏ မြှောက်ပင့် စကားကို သူ မည်သို့ ယုံ​ကြည်နိုင်ပါမည်နည်း။ ရီဖူရှင်း၏ ကျင့်ကြံမှုက အလွန် ထူး​ခြားပြောင်မြောက်လှပါ​သော်လည်း သူက ဆေးဖော်စပ်ခြင်း စွမ်းရည်၌ သာမန်မျှ ရှိသည်ဟု ဆိုခဲ့ကာ သူ၏ ကျင့်ကြံခြင်း စွမ်းရည်သည်လည်း သာမန်သာ ဖြစ်သည်ဟု ပြောခဲ့သည်။

ရီဖူရှင်း၏ တိုက်ပွဲ စွမ်းရည်အဆင့်ကို သူကိုယ်တိုင်သာလျှင် သိပေလိမ့်မည်။သူ၏ စကားကို ယုံကြည်သည့် မည်သူမဆို အရူး လုပ်ခံရပေလိမ့်မည်။

ပေ့ကုံးအော့သည် ရီဖူရှင်းက ပို၍ အားကောင်းသန်မာလာပါစေဟု မျှော်လင့်မိသည်။ အဆုံးမှာတော့ ပေ့ကုံးအော့က ရီဖူရှင်းနှင့်အတူ အတူလိုက်ပါကျင့်ကြံရန် ဆုံးဖြတ်ခဲ့ပေသည်။ ရီဖူရှင်း၏ ဂုဏ်သရေသည် ပေ့ကုံးအော့၏ ကိုယ်ပိုင် ဂုဏ်သရေလည်း ဖြစ်သည်။

သူနှင့် အင်ပါယာဟယ်လျန်တို့ အဆင့်ရှစ်ရန်ဟောင်အဖြစ်သို့ ချိူးဖျက် ဝင်ရောက်နိုင်ခြင်းမှာ ရီဖူရှင်းကြောင့်ပင် မဟုတ်ပါလား။

ထိုအချိန်တွင် ကောင်းကင်မှ ဆင်းသက်လာသော လူများ၏ အသံကို ကြားရသည်။ အဝေးမှ နေ၍ သူတို့သည် လူအများကြားနိုင်လောက်အောင် အော်ပြောလိုက်သည်။ “နောက်တစ်ဆင့်ကို ချိူးဖျက် ဝင်ရောက်သွားနိုင်တဲ့အတွက် ဂုဏ်​ပြုပါတယ်… ညီငယ်လေး”

“မိတ်ဆွေလေးယဲ့ ဂုဏ်ယူပါတယ်။” ပုံရိပ်များက နှုတ်ဆက်ပြီး သူတို့ရှိရာသို့ ရောက်လာကြသည်။ ထိုသူတို့မှာ အရှေ့နတ်ဘုရား ကျွန်းစုနယ်မြေ၏ ဆေးစံအိမ်မှ တန်ခိုးရှင်များဖြစ်ပြီး  အများစုမှာ အကြီးအကဲများ ဖြစ်​ကြသည်။ အဆုံးမှာတော့ ကျင့်ကြံခြင်းတွင် ထူးချွန်သော ပါရမီနှင့် အလားအလာကောင်းများ ရှိသူတို့က သူတို့၏ အချိန်များကို ဆေးဖော်စပ်ခြင်း၌ ဖြုန်းတီးလိုခြင်း မရှိကြပေ။

ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းကာ သူတို့ကို ကြိုဆိုလိုက်သည်။ သူက ပြောလိုက်၏။ “ကျေးဇူးအများကြီးတင်ပါတယ် စီနီယာတို့။ ကျုပ်က သာမန် အဆင့်လေး တစ်ဆင့်ကိုပဲ ကျော်ဖြတ်နိုင်ရုံပါ။ ဒါက ကိစ္စသေးသေးလေးတစ်ခုပါပဲ။”

“တကယ်လို့ နောက်တစ်ဆင့်ကို တတ်ရောက်သွားနိုင်တာ တခြားလူဖြစ်နေရင်တော့ ဒါက ကိစ္စ သေးသေးလေး ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒါက မင်းသာဆိုရင် မတူတော့ဘူးလေ… ဟားဟား” အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။ သူက ရီဖူရှင်းကို ရတနာတစ်ခုကဲ့သို့ စိုက်ကြည့်နေခဲ့သည်။ ရီဖူရှင်း၏ ဆေးဖော်စပ်ခြင်း စွမ်းရည်က အလွန်အစွမ်းထက်လှပြီး တဖြေးဖြေးနှင့် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ ယခု သူက ကျင့်​ကြံဆင့်နောက်တစ်ဆင့်သို့ ချိူးဖျက်နိုင်သွားသည့်အခါ ပြီးပြည့်စုံနေဆဲဖြစ်သည့် နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသည့် ရီဖူရှင်းသည် ဆေးဖော်စပ်ရာ၌ ပို၍ မြင့်မားသော အဆင့်သို့ ရောက်ရှိလာခဲ့ပြီဟု ဆိုလိုပေသည်။

“ဟုတ်တယ်..။ အခု မင်းက နောက်တစ်ဆင့်ကို တက်သွားပြီ ဆိုတော့ တုန်းဟွာ ပိုင်နက်အတွင်းမှာရှိတဲ့ ထိပ်သီး အင်အားစုတွေ ထဲမှာတောင် ပြိုင်ဘက်ကင်းနေလောက်ပြီ။” နောက်တစ်ယောက်ကလည်း ၀င်ရောက်ပြောဆိုလိုက်သည်။ ပြီးပြည့်စုံသော နတ်၀င်ရိုးနှင့် သူ၏ လမ်းစဥ်ကို သက်သေပြနိုင်ခဲ့သော အလယ်အလတ် ရန်ဟောင် တစ်ယောက်သည် အဆင့်မြင့်သော ရန်ဟောင်အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် အလားအလာကောင်းများရှိသည်။ သူက ပြီးပြည့်စုံသော နတ်၀င်ရိုးနှင့် အဆင့်မြင့် ရန်ဟောင်တစ်ပါး ဖြစ်လာခဲ့လျှင် အလွန် ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ ဆိုလိုသည်မှာ သူသည် ကျင့်ကြံခြင်းလောက၏ ထိပ်ဆုံးသို့ပင် ရောက်ရှိနိုင်သော အလားအလာရှိသည်ဟု ဖြစ်ပေသည်။

လူတိုင်းက ထိုသူပြောသော အဓိပ္ပာယ်ကို နားလည်ကြသည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲ အသက်ရှင်လျှက် ရှိစဥ်က ရီဖူရှင်းကဲ့သို့ ပုဂ္ဂိုလ်မျိူး ပေါ်ပေါက်လာလျှင် သူသည် အလွန်နှစ်ခြိုက်သဘောကျမိကာ ထိုသူကို သူ၏ ဆက်ခံသူအဖြစ် ရွေးချယ်လိုပေလိမ့်မည်။

“စန့်ကွမ်းကလန်မှာသာ ဒီလို ထူးချွန်တဲ့ သူမျိူး ပေါ်ပေါက်လာမယ်ဆိုရင် ကျုပ်တော့ ကောင်းကောင်းအနားယူနိုင်ပါပြီ။” စန့်ကွမ်းဟုန်ကလည်း ရှေ့သို့ လျှောက်လာကာ ပြောလိုက်သည်။

သူသည် အစက ထွက်ခွာရန် ပြင်ဆင်နေခဲ့ပြီး ဖြစ်သော်လည်း ရီဖူရှင်းက နောက်တစ်ဆင့်သို့ ချိူးဖျက်၀င်ရောက်မည့် အခြေအနေကို မြင်တွေ့ရသည့်အခါ သူက နေရစ်ခဲ့ကာ ရီဖူရှင်းအောင်မြင်သည့်တိုင်အောင် စောင့်ဆိုင်းနေခဲ့သည်။

“စီနီယာစန့်ကွမ်း” ရီဖူရှင်းက ခေါင်းညိတ်ကာ စန့်ကွမ်းဟုန်ကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ ထိုအချိန်၌ အသံတစ်ခု ထွက်ပေါ်လာ၏။ “သူ အဆင့်တက်သွားတဲ့ သတင်းကို အပြင်ဘက်မှ ဘယ်သူမှ လျှောက်ဖြန့်လို့ မရဘူးနော်။”

အသံက အလွန်ပင် သြဇာပြည့်လျှမ်းနေသည်။ ထိုအသံသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ကျွန်းသခင်၏ အသံဖြစ်သည်။ သည်အချိန်မတိုင်ခင်က သူမသည် သူတို့အား သတိပေးခဲ့ဖူးပြီးသား ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူမသည် စန့်ကွမ်းဟုန် ကြားစေရန် ပြောကြားခဲ့ပြီး အပြင်ဘက် လောကသို့ ထုတ်ဖော်မပြောရန် သူ့အား သတိပေးခဲ့သည်။

ရီဖူရှင်းက တစ်ဖက်လူ၏ စကားများကို ကြားသည့်အခါ အရှေ့ နတ်ဘုရားကျွန်းစုနယ်မြေမှ အမျိူးသမီးကျွန်းသခင်က သူ့ကို အမှန်တကယ်ပင် သူမ ဘက်တော်သားအဖြစ် ဆက်ဆံနေကြောင်း ခံစားမိလိုက်သည်။ သူမသည် ရည်ရွယ်ချက်ရှိရှိနှင့် သူကျင့်ကြံခြင်း အဆင့်တက်သွားသည့် လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် ကူညီပေးခဲဲ့သည်။ သူမက သူနှင့် ပတ်သတ်သော သတင်းများကို ပေါက်ကြားသွားပြီး အပြင်လောက၏ အာရုံစူးစိုက်မှုကို ဆွဲယူလိုက်မိခြင်း မဖြစ်ပွားစေလိုပေ။

“နားလည်ပါပြီ။” လူအများက သူတို့၏ ခေါင်းများကို ညိတ်ကာ ပြန်ဖြေလိုက်ကြသည်။ စန့်ကွမ်းဟုန်သည်လည်း သဘောပေါက်စွာဖြင့် ပြောလိုက်သည်။ “ကျုပ်ထွက်သွားပြီးရင် ပါးစပ်ကို ချိတ်ပိတ်ထားပြီးတော့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ဖြစ်တဲ့ ကိစ္စတွေကို လုံးဝ ဖွင့်ဟမှာ မဟုတ်ပါဘူး။”

စန့်ကွမ်းဟုန်က သူ့ နေရာသူ သိပေသည်။ သူ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနိုင်ရန်အတွက် လျှို့ဝှက်ချက်များကို ထိန်းသိမ်းပေးရန်မှာ ပထမဦးစားပေးဖြစ်ကြောင်း သဘောပေါက်ပေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ကျွင်းကလန်နှင့် ယွင်ကလန်တို့ အမြစ်ဖြတ် သုတ်သင်ခံခဲ့ရသည်။ စန့်ကွမ်းဟုန်သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအား စိတ်မကျေမနပ် ဖြစ်စေမည့် မည်သည့်အရာကိုမှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။

“အင်း.. မင်းရဲ့ ကျင့်ကြံဆင့်က အဆင့် တက်သွားပြီဆိုတော့ အခုဆေးလုံးတွေရဲ့ အကူအညီနဲ့ ကျင့်ကြံဆင့်ကို ခိုင်မာအောင် လုပ်လို့ရပြီ။” အမျိူးသမီးကျွန်းသခင်က ဆက်ပြောလိုက်သည်။ သူမက ရီဖူရှင်းအား ပုံမှန်အတိုင်း စကားပြောဆိုနေ၏။

“ဆေးစံအိမ်မှာ အရည်အသွေးမြင့်တဲ့ ဆေးလုံးတွေ အများကြီး ရှိနေသေးတယ်။ မင်းက ငါ့ထက် အဲဒီဘက်မှာ ပိုကျွမ်းကျင်တော့ ဆေးစံအိမ်က ကြိုက်တဲ့ဆေးလုံးကို မင်းကိုယ်တိုင် ရွေးချယ်လိုက်ပါ။” တစ်ဖက်လူက ပြောလိုက်သည်။ ရီဖူရှင်းက ပြန်ပြောလိုက်၏။ “ကျေးဇူးအများကြီးတင်ပါတယ်.. ကျွန်းသခင်။”

ရီဖူရှင်းက စိတ်လှုပ်ရှားသွားသည်။

ရီဖူရှင်းသည် ဆေးစံအိမ်မှ ဆေးဖော်စပ်သူ ဆရာသခင်များကို ကြည့်ကာ ပြုံးလိုက်၏။ မျှော်လင့်ထားသလိုပင် သူသည် တစ်ဖက်လူများ၏  မျက်နှာက မဲမှောင်နေသည်ကို မြင်လိုက်ရပေသည်။ ကျွန်းသခင်သည် ရီဖူရှင်းအား အလွန် မျက်နှာသာ ပေးလှသည်။ သူမက ဆေးစံအိမ် တစ်ခုလုံးကိုပင် ရီဖူရှင်းထံ ပေးပစ်တော့မည်လား။

“စီနီယာတို့… ကျုပ် အခုတလော ဆေးမဖော်ရတာ ကြာနေပြီ။ လိုအပ်တာရှိရင် ညွှန်ကြားပေးပါဦး။” ရီဖူရှင်းက ရယ်ရင်း ပြောလိုက်သည်။ ဆေးဖော်စပ်သူဆရာသခင်များက ရီဖူရှင်း၏ အပြုံးကို တွေ့သည်အခါ တုန်လှုပ်သွားကြသည်။ သူတို့သည် မနာလိုစိတ်များကို မြိုသိပ်၍ ခေါင်းကို ညိတ်ရုံသာ တတ်နိုင်ကြပေသည်။  “ကောင်းပြီ… သွားကြစို့”

ရီဖူရှင်းက ဆေးဖော်စပ်သူဆရာသခင်များနှင့် ဆေးစံအိမ်သို့ ပျော်ရွှင်စွာ လိုက်ပါသွားခဲ့သည်။ သူက ကျင့်ကြံခြင်းကို ချိူးဖျက်ပြီးနောက်တွင် ဆေးဖော်စပ်ခြင်း အကြောင်းကို လေ့လာရမည့် အချိန်ကာလ သို့ ရောက်လာပြီဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ဆေးစံအိမ်အတွင်းတွင် ဆေးရနံ့များ ပျံလွင့်နေသည်။ ဟိုနေရာ ဒီနေရာမှ အရောင်စုံလှသော အလင်းတန်းများလည်း ပေါက်ကွဲထွက်နေ၏။ ဆေးဖော်စပ်သူ ဆရာသခင် အများစုသည် ထိုနေရာ၌ စစ်ဆေးနေကြသည်။ အချိန်တိုင်း ဆေးလုံး တစ်လုံးက အောင်မြင်စွာ ဖွဲ့စည်းသွားနိုင်သည့်အခါ သူတို့က အလွန်ပင် အံ့အားသင့်နေကြရသည်။ ထင်ထားသည့်အတိုင်းပင် ရီဖူရှင်း၏ ကျင့်ကြံခြင်းက အဆင့်တက်သွားသည့်အခါ ဆေးဖော်စပ်သည့် စွမ်းရည် အဆင့်မှာလည်း နောက်ထပ် အဆင့်တစ်ခုသို့ တိုးတက်လာခဲ့သည်။ သူဖော်စပ်လိုက်သော ဆေးများက ပိုမို မြင့်မားသောအဆင့်သို့ ရောက်ရှိလာခဲ့သည်။

ယနေ့တွင်လည်း ဆေးပေါင်းဖိုက ပြင်းထန်စွာ တုန်ခါလာခဲ့ပြန်သည်။ ထို့နောက် သက်တန့်ရောင် အလင်းများက ကောင်းကင်သို့ ထိုးတက်လာ၏။ ဆေးဖော်စပ်သော နေရာ၏ ကောင်းကင်ထက်တွင် အရောင်စုံ လှသော အလင်းတန်းများဖြင့် လွှမ်းခြုံခြင်းကိုခံထားရသည်။ နတ်သစ်ပင်တစ်ပင်၏ အရိပ်က ထွက်ပေါ်လာပြီး မဟာလမ်းစဥ် အသက်စွမ်းအား၏ အဆုံးမဲ့ရောင်ဝါများက ထိုနေရာကို လွှမ်းခြုံထားသည်။ အစိမ်းရောင် အလင်းရောင်ဝါများက မိုးရွာသလို ကျဆင်းလာပြီး လေဟာနယ် တစ်ခုလုံးကို လွှမ်းမိုးထားသည်။ နတ်သစ်ပင်ပေါ်တွင် တောက်ပ၍ ဖောက်ထွင်းမြင်ရလောက်သော ဆေးလုံးတစ်လုံး ပေါ်ပေါက်လာသည်။

“အဲဒါက မဟာလမ်းစဥ် အသက်သစ်သီးပဲ။ အဲဒီ ဆေးလုံးက ပြီးပြည့်စုံတဲ့ အလယ်အလတ်အဆင့် ဆေးလုံး ဖြစ်နေပြီ။” ဆေးဖော်စပ်သူ ဆရာသခင်များက သူတို့၏ မျက်လုံးများကို ကျဥ်းမြောင်း၍ ရေရွတ်လိုက်ကြသည်။ သူတို့သည် မဟာလမ်းစဥ် အသက်သစ်သီးအား စိုက်ကြည့်နေကြသည်။ ရီဖူရှင်းသည် ထိုအဆင့် ဆေးလုံးအား ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်လေသည်။

မဟာလမ်းစဥ် အသက်သစ်သီးသည် ချက်ချင်းပင် အနီးဝန်းကျင်ရှိ မဟာလမ်းစဥ် နတ်ရောင်ဝါတို့နှင့် ပေါင်းစပ်သွားခဲ့သည်။ ၎င်းတွင် ပြိုင်ဘက်ကင်း အသက်စွမ်းအားတို့ဖြင့် ပြည့်နှက်နေ၏။ ရီဖူရှင်းက သူ၏ မျက်လုံးများကို ဖွင့်ကာ လက်ကိုဆန့်တန်း၍ ၎င်းကို ဆွဲယူလိုက်သည်။ ဆေးလုံးသည် သစ်သီးတစ်လုံး၏ အသွင်သဏ္ဌာန်ကို ဆောင်ယူထားပြီး ၎င်း အသွင်အပြင်က ပြီးပြည့်စုံနေသည်။ သူက ဤနှစ်များအတွင်း အသည်းအသန်ကျင့်ကြံခဲ့မှုကြောင့် သူ၏ ဆေးဖော်စပ်သည့် အဆင့်က အလွန်ပင် ထူးချွန်လာပေသည်။

တန်ခိုးရှင်အများကြီးက ဆေးလုံးကို စိုက်ကြည့်နေကြသည်။ ရီဖူရှင်းသည် ရိုးရှင်းစွာပင် ထိုမဟာလမ်းစဥ်အသက်သစ်သီးကို သူ၏ ဘေးတွင်ရှိနေသော ရှားရှင်းယွန်ထံသို့ လှမ်းပေးလိုက်သည်။ ထိုနောက် သူက ပြောလိုက်သည်။ “ဒီဆေးလုံးက မင်းရဲ့ကျင့်ကြံရေးအတွက် အသုံးပြုဖို့ သင့်တော်တယ်။”

ရှားရှင်းယွန်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ထိုသစ်သီးကို လက်ခံလိုက်သည်။ သူမသည် အလွန်ပင် ကြိုးကြိုးစားစား ကျင့်ကြံကာ သူမ၏ ကျင့်ကြံခြင်းစွမ်းရည်ကို မြှင့်တင်လိုသည်။ ရီဖူရှင်း၏ တိုးတက်မှုနှုန်းက အလွန် လျင်မြန်လှသည်။ မကြာခင်မှာပင် သူမသည် သူ့အား အမှီလိုက်နိုင်တော့မည် မဟုတ်ပေ။

ဆေးဖော်စပ်သူ ဆရာသခင်များက ရီဖူရှင်းထံသို့ လှမ်းကာ ကြည့်လိုက်ကြသည်။ သူတို့သည် ရှားရှင်းယွန် ကိုင်ထားသည့် ဆေးလုံးကို အဝေးကနေသာ စောင့်ကြည့်နိုင်ကြပေသည်။ ‘ဒီကောင်စုတ် ရီဖူရှင်းက ကောင်းတဲ့ ပစ္စည်းတွေကို အပိုင်သိမ်းပြီး သူ့ဘေးက လူတွေဆီ ပေးလိုက်​ပြန်ပြီ။ အကျိူးအမြတ်ရနိုင်သမျှ အရာအားလုံးကို သူ့ဘေးက လူတွေကိုပဲ ပေးပစ်နေတယ်’ ဟု တွေးလိုက်ကြသည်။

သို့သော်လည်း ဆေးဖော်စပ်သူ ဆရာသခင်များက မည်သည့်အရာကိုမှ မပြုလုပ်နိုင်ကြပေ။ ကျွန်းသခင် ကိုယ်တိုင်က ၎င်းကို ခွင့်ပြုချက် ပေးထားပြီး ဖြစ်သည်။ သူတို့သည် ဆက်တိုက်စောင့်ကြည့်၍ ရီဖူရှင်းက သူတို့အတွက် ဆေးဖော်စပ်ပေးမည်ကို မျှော်လင့်နေရုံသာ တတ်နိုင်ကြပေသည်။

“ဆေးဖော်စပ်တာက တကယ်ပဲ တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းကို အကျိူးအမြတ်ရှိစေတဲ့ ပုံပေါ်တယ်။ ကျူပ် ဒီရက်တွေ အတွင်းမှာ ကိုယ်တိုင် ကြိုးစားခဲ့ကြည့်တယ်။ အခွင့်ရေးရှိရင် အနာဂတ်မှာလည်း ပိုပြီး ဆေးလုံးတွေ ဖော်စပ်ဖို့ ကြိုးစားကြည့်ရမယ်။ အခုတော့ တံခါးပိတ်ပြီး ကျင့်ကြံရတော့မယ့် အချိန်ကိုရောက်ပြီ” ရီဖူရှင်း ​ပြောလိုက်သည်။ လူအုပ်ကြီးက ပြူးကျယ်လှသော မျက်လုံးများနှင့် သူ့ကို စိုက်ကြည့်နေကြသည်။ ‘ဒါကဘာလဲ…’

သူတို့အတွက် ဆေးကရော…။

သူက ဆက်ပြီး ဆေးမဖော်တော့ဘူးလား…။

ယခုမတိုင်ခင်တွင် သူသည် သူတို့၏ အဖိုးတန်ဆေးများကို အသုံးပြုရန်အတွက် ရွေးချယ်ခဲ့သည်။ သို့သော်  သူက သူတို့အား အကြွေးပြန်ပေးရန် ဆေးအနည်းငယ်ပင် ဖော်စပ်ပေးချင်ပုံမရ​ပေ။

“ကျုပ် အခု အတော်လေး ပင်ပန်းနေတာမို့ စီနီယာတို့ ကျုပ် အချိန်ရရင် နောက်တစ်ခေါက် ပြန်လာခဲ့ပါမယ်။” ရီဖူရှင်းက သူတို့၏ အကြည့်များကို လျစ်လျူရှုကာ ပြောလိုက်သည်။ သည်အဖိုးကြီးများက သူခိုးတွေချည်းသာဖြစ်ကာ သူတို့၏ စိတ်ကျေနပ်မှုကိုသာ ဦးစားပေးကြသည်။ ယခုအချိန်တွင် သူက အမှန်တကယ် ကျင့်ကြံခြင်းကို ခိုင်မာလာအောင် လုပ်ဆောင်ရန် လိုအပ်နေပေသည်။

လူတိုင်း၏ ပြူးကျယ်သော မျက်လုံးများနှင့် ကြည့်နေသော အကြည့်များ အောက်မှာပင် ရီဖူရှင်းက ထွက်ခွာသွားခဲ့သည်။ သူသည် သူ့ နန်းတော်သို့ ပြန်ရောက်ပြီးနောက် နောက်ထပ် တံခါးပိတ်ကျင့်ကြံခြင်းကို စတင်ခဲ့သည်။ သို့သော်လည်း အဆင့်တက်ဖို့ရာအတွက် ကျင့်ကြံခြင်း မဟုတ်ပေ။ ထိုအစား သူက လမ်းစဥ်စွမ်းအားကို ကျင့်ကြံနေခြင်း ဖြစ်သည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲထံမှ ဆက်ခံခဲ့ရသော မှတ်ဉာဏ်များအတွင်းတွင် ပြိုင်ဘက်ကင်းသည့် လမ်းစဥ်စွမ်းအား များစွာ ရှိပေသည်။

အတိတ်ကာလ နေ့ရက်များတွင် တုံ့လိုင်နတ်ဘုရားအကြီးအကဲသည် အထွတ်အထိပ်ဆေးဖော်စပ်သူ ဆရာသခင် တစ်ဦးဖြစ်ခဲ့သည်။ သူ၏ အသိပညာများက ကျယ်ပြန့်လှပြီး လမ်းစဥ်စွမ်းအား အများအပြားကို သိရှိပေသည်။ ၎င်းတို့ထဲမှ အချို့ကိာ သူ ကျင့်ကြံခဲ့ကာ အချိူ့ကိုတော့ မှတ်ဉာဏ်များအတွင်း၌ သိမ်းဆည်းထားခဲ့သည်။

ရီဖူရှင်းသည် ဆေးစံအိမ်မှ ထွက်ခွာခဲ့ပြီးနောက် သူသည် အရှေ့နတ်ဘုရား ကျွန်းစုနယ်မြေမှ လူများ၏ ​ရှေ့တွင် ထပ်မပေါ်လာတော့ပေ။ သူက အမှန်တကယ် ဆက်လက်၍ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ သူ၏ စိတ်ထဲတွင် ကျင့်ကြံခြင်းတစ်ခုတည်းသာ တည်ရှိနေသည်။

မျက်စိတမှိတ်အတွင်းမှာပင် နောက်ထပ် လအနည်းငယ်ကို ကုန်လွန်သွားခဲ့သည်။ ရီဖူရှင်း၏ နန်းတော် အတွင်း ကျင့်ကြံရာနေရာတွင် ရီဖူရှင်းသည် ခြေထောက်များကို ခွေကာ ထိုင်နေခဲ့သည်။ မဟာလမ်းစဥ်၏ အရှိန်ဝါ များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်​ နေခဲ့ပြီး မဟာလမ်းစဥ်၏ မတူညီသော စွမ်းအားများက သူ့ပုံရိပ်ကို ရစ်ပတ်ထားသည်။ တစ်ခုက ယန်စွမ်းအားဖြစ်ပြီး နောက်တစ်ခုက ယင်စွမ်းအား ဖြစ်သည်။ တစ်ခုက ပူလောင်ပြီး နောက်တစ်ခုက အေးမြသည်။ ထိုဆန့်ကျင်ဘက် ဖြစ်နေသော မဟာလမ်းစဥ် စွမ်းအားများက ချိတ်ဆက်ကာ သူ့ကို ရစ်ပတ်နေကြသည်။ ၎င်းသည် မဟာလမ်းစဥ်၏ အံ့သြဖွယ် ကောင်းသော ဖြစ်တည်မူ တစ်ခုပင် ဖြစ်သည်။

ထိုအချိန်တွင် အလွန်တောက်ပသော မြင်ကွင်းတစ်ခုက ရီဖူရှင်း၏ သက်စောင့်ဟော်နန်းအတွင်း၌ ပေါ်ပေါက်လာသည်။

သက်စောင့်ဟော်နန်း ကမ္ဘာလောကအတွင်းတွင် အလွန်ကြီးမားသော နတ်ဝင်္ကပါ တစ်ခု ထွက်ပေါ် လာသည်။ ကြည့်ရသည်မှာ ယင်နှင့်ယန်ပေါင်းစပ် ထားသော ငါးတစ်စုံဟု ထင်မှတ်ရသည်။ တစ်ခုက ယင်ဖြစ်ပြီး နောက်တစ်ခုက ယန်ဖြစ်သည်။ ထိုယင်နှင့်ယန် စွမ်းအားနှစ်ခုက နေမင်းနှင့် လမင်းအဖြစ် ဖြစ်တည်လာပုံရသည်။ ယင်စွမ်းအားနှင့် ယန်စွမ်းအားတို့က နေနှင့်လတို့မှ ထွက်ပေါ် နေခဲ့သည်။ ရီဖူရှင်းသည် ယင်စွမ်းအားအ​ပြင် ဝူထုံနတ်မီးလျှံကိုလည်း ပိုင်ဆိုင်ထားပေသည်။ ဝူထုံနတ်မီးလျှံက နေမင်း၏ စွမ်းအား အစစ်မှန် မဟုတ်သော်လည်း ၎င်းတွင် ယန်စွမ်းအင်ဓာတ်သဘာဝများ ရှိနေသည့်အတွက် အလွန်ပင် လွှမ်းမိုးနိုင်စွမ်းရှိလှသည်။

ရီဖူရှင်းသည် ဝင်္ကပါအတွင်းမှ ရှေးဟောင်းသစ်ပင်၏ အရိပ်ကို ခပ်ရေးရေးခံစားမိပေသည်။ ထိုရှေးဟောင်းသစ်ပင်၏ အကိုင်းခက်နှင့် အရွက်များက လေထဲတွင် ဖြန့်ကျက်နေပြီး မဟာလမ်းစဥ် စွမ်းအားနှစ်ခုနှင့် ပေါင်းစပ်ကာ ပြီးပြည့်စုံသော ၀င်္ကပါတစ်ခု အသွင်ဖြစ် ဖြစ်တည်လာသည်။

ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ထို၀င်္ကပါ၏ အစွန်းဘက်များတွင် ဓားစွမ်းအားများ ဖွဲ့တည်လာပြီး ယင်နှင့်ယန် စွမ်းအားများကလည်း မိုးရွာသကဲ့သို့ အဆက်မပြတ် ကျဆင်းလာနေသည်။ ယင်နှင့်ယန် စွမ်းအားများက အရိပ်ဓားများနှင့် နေမင်းနတ်ဓားတို့အဖြစ် ဖြစ်တည်လာခဲ့သည်။ ၎င်းတို့သည် ယင်ယန်ဝင်္ကပါကို  ဝိုင်းပတ်နေသည့် ဤ မြင်ကွင်းက အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှသလို  ​ကြောက်မက်ဖွယ်လည်း ကောင်းပေသည်။

ဤပညာရပ်သည် အလွန်အစွမ်းထက် လှသော မဟာလမ်းစဥ် စွမ်းအားများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယခု ရီဖူရှင်းသည် ၎င်းအား နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။ သူက နတ်ဝင်ရိုး အသစ်ကို ဖွဲ့စည်းပြီး သူ၏ နည်းစနစ်များကို မဟာလမ်းစဥ် စွမ်းအားများဖြင့် ပေါင်းစပ်ခဲ့သည်။ သူ၏ လုပ်ဆောင်မှုက အောင်မြင်ခဲ့လျှင် ထိုစွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလိမ့်မည် ဖြစ်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset