ကောင်းကင်ပြက္ခဒိန် ၁၀၀၅၀ ခုနှစ်တွင် ဖန်းလိုင်ကုန်းမြေက မူလတည်ငြိမ်မှုကို ပြန်လည်ရရှိလာပြီ ဖြစ်သည်။
မုန်တိုင်းထန်သော အဖြစ်အပျက်များမှာ နှစ်အတော်ကြာမြင့်သွားပြီ ဖြစ်သည်။ ယခု ဖန်းလိုင်ကုန်းမြေ၏ စန့်ကွမ်းကလန်က လျင်မြန်စွာ မြင့်မားလာခဲ့သည်။ ယခင် တိုက်ပွဲကပင် စန့်ကွမ်းကလန်၏ ပြိုင်ဘက်ဖြစ်သော ကျွင်းကလန်နှင့် ယွင်ကလန်က သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။ အခြားတစ်ဖက်တွင် စန့်ကွမ်းကလန်က ပို၍ အစွမ်းထက်လာကာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် ပို၍ပင် နီးကပ်သော ဆက်ဆံရေး ရှိလာခဲ့သည်။
ကောလာဟလများအရ စန့်ကွမ်းကလန်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ အချိန်မှန်သွားရောက်လည်ပတ်ပြီး ကုန်သွယ်ဖလှယ်မှုများ လုပ်ကြသည်ဟု ဆိုသည်။ ကောလာဟလအချို့က ထပ်ပြောကြသည်မှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် စန့်ကွမ်းကလန်အား မဟာလမ်းစဥ်ဆေးလုံးများ အထောက်အပံ့ပေးထားသည်ဟူ၍ ဖြစ်လေသည်။
တိုက်ပွဲပြီးနောက် စန့်ကွမ်းကလန်က ကံကောင်းခြင်းများ ကျရောက်လာသလိုပင်။ သူတို့၏ ရန်ဟောင်အများစုက တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်သွားကြသည်။ သူတို့တွင် အဆင့်ရှစ် တန်ခိုးရှင်များစွာ ရှိလာခဲ့ပြီး အင်အား အဆက်မပြတ် ကြီးထွားလာသည်။ သူတို့ကို ယှဥ်နိုင်မည့်သူ ဖန်းလိုင်ကုန်းမြေ၌ မရှိတော့ပေ။
သို့သော် အချို့သော ကောလာဟလများသည် စန့်ကွမ်းကလန်သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် ပူးပေါင်းထားပြီး ဖန်းလိုင်ကုန်းမြေ၏ ကိုယ်စားပြု ဖြစ်လာသည်ဟု ဆိုကြသည်။ အတိအကျကို မည်သူမှ မသိကြသလို သက်သေလည်း မပြနိုင်ကြပေ။ မည်သူကမှ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် စန့်ကွမ်းကလန်ကြားမှ ဆက်ဆံရေးကို တိတိပပ မသိကြချေ။ သူတို့သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက နှိမ့်ချစွာ ဆက်လက်နေထိုင်နေသည်ကိုသာ သိကြပေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ထားသလို ထင်မှတ်ရပေသည်။
လူအများက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဤကဲ့သို့ ပြုမူနေခဲ့သည်ကို နားမလည်နိုင်ပေ။ သူတို့သည် လွန်ခဲ့သော နှစ်အနည်းငယ်ကပင် သူတို့၏ အင်အားကို သက်သေပြခဲ့ပြီး ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ နှိမ့်ချစွာ ဆက်လက်ပြုမူနေရသနည်း။
ယခုအချိန်တွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက တည်ငြိမ်အေးချမ်းနေပြီး စန့်ကွမ်းကလန်မှ စန့်ကွမ်းဟုန်နှင့် စန့်ကွမ်းချိုးရယ်တို့ သားအဖက လူများခေါ်ဆောင်လာကာ လာရောက်လည်ပတ်ပေသည်။ သူတို့က နန်းတော်တစ်ခု၏ ခြံဝန်းအတွင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သူတို့နှင့်အတူ လိုက်ပါလာသော လူများကလည်း တိတ်ဆိတ်စွာ စောင့်ဆိုင်းရင်း လက်ဖက်ရည် သောက်နေကြသည်။
“မိတ်ဆွေလေးရီ ကျင့်ကြံတာ ဘယ်လောက်ကြာဦးမှာလဲ။” စန့်ကွမ်းဟုန်က မေးလိုက်သည်။ အပြင်ဘက်လောကမှ ကောလာဟလများတွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူ့အား ချည်နှောင်ထားသည်ဟု ပြောကြသည်။ အမှန်တွင် ထိုသို့မဟုတ်ခဲ့ပေ။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ လာလည်သည့်အချိန်တိုင်း ရီဖူရှင်းအား တွေ့ခွင့်မရခဲ့ပေ။ စန့်ကွမ်းချိုးရယ်နှင့် ရီဖူရှင်း၏ ရင်းနှီးမှုအပြင် ယခင်က ပူးပေါင်းခဲ့မှုကြောင့် စန့်ကွမ်းကလန်နှင့် ရီဖူရှင်း၏ ပူးပေါင်းမှုက ကြီးမားလာခဲ့သည်။ ထို့ကြောင့် သူတို့က ချဥ်းကပ်ရာ၌ ပို၍ လွယ်ကူပေသည်။
စန့်ကွမ်းဟုန်သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ရီဖူရှင်း၏ အဆင့်အတန်းက ထူးခြားမည်ကို သတိပြုမိပေသည်။
စန့်ကွမ်းဟုန်က ရီဖူရှင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ထားရုံနှင့် လုံလောက်နေပြီ ဖြစ်သည်။
ထို့ပြင် လွန်ခဲ့သော နှစ်များအတွင်း စန့်ကွမ်းဟုန် ရှာဖွေတွေ့ရှိခဲ့သည်မှာ ရီဖူရှင်းက ဆေးဖော်စပ်ရာ၌ အတော်လေး အရည်အချင်းရှိသည်ကိုပင်။ ရီဖူရှင်း၏ ဆေးလုံးဖော်စပ်သော စွမ်းရည်မှာ ရုတ်တရက် ခုန်ပေါက်တိုးမြင့်လာပြီး သူ လာလည်သည့်အခေါက်တိုင်း၌ ပို၍သာ အစွမ်းထက်လာပေသည်။ စန့်ကွမ်းဟုန် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ လာလည်သည့် အချိန်တိုင်း ရီဖူရှင်း၏ ဆေးလုံးသန့်စင်ခြင်းစွမ်းရည်က ထိတ်လန့်အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တိုးတက်လာသည်အား ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ဆုံးတစ်ခေါက် စန့်ကွမ်းဟုန် လာလည်စဥ်၌ ရီဖူရှင်း ဖော်စပ်သော ဆေးလုံးများက ပြီးပြည့်စုံခြင်းအဆင့်နှင့် နီးကပ်နေပြီဟု ဆိုနိုင်သည်။ ၎င်းတို့က အဆင့်မြင့်ရန်ဟောင်ကိုပင် သက်ရောက်စေနိုင်စွမ်းရှိပေသည်။
ထိုသို့ ကြောက်မက်ဖွယ် စွမ်းရည်မျိုးက စန့်ကွမ်းဟုန်အား ထိတ်လန့်အံ့သြစေသည်။ သူက ရီဖူရှင်းထံမှ ရရှိခဲ့သော ဆေးလုံးများကို သူ့ကလန်သို့ ခေါ်ဆောင်လာခဲ့ပေသည်။
“သိပ်မသေချာဘူး။” စန့်ကွမ်းဟုန်အား ဧည့်ခံပေးနေသည့် ပေ့ကုံးအော့က ဖြေလိုက်သည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “သူက တံခါးပိတ်ကျင့်ကြံနေတာ အချိန်အတော်ကြာပြီး အဲဒီကတည်းက ထွက်မလာတော့တာ။ ခင်ဗျား လာတာ အချိန်မှားနေတာပဲ။ အခုတော့ အရင် ပြန်သွားပြီး နောက်တစ်ခေါက်မှ ပြန်လာရင်ရော ဘယ်လိုလဲ။”
စန့်ကွမ်းဟုန်က ပေ့ကုံးအော့ပြောသည်ကို ကြားသောအခါ သူ၏ ခရီးစဥ်က အချည်းနှီး ဖြစ်သွားရပြီဟု တွေးလိုက်မိသည်။ သို့သော် သူသည် ဤနေရာသို့ အရေးကြီးကိစ္စနှင့် လာခဲ့ခြင်း မဟုတ်ပေ။ သူက ရီဖူရှင်းနှင့် ပတ်သတ်မှု ပိုမိုခိုင်မာလာစေရန် လာလည်ခြင်း ဖြစ်ပေသည်။ စန့်ကွမ်းဟုန်သည် တစ်နေ့တွင် ရီဖူရှင်းက ဖန်းလိုင်ကုန်းမြေ၏ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ကျိန်းသေ ဖြစ်လာမည်ဟု ခံစားမိပေသည်။
သို့သော် စန့်ကွမ်းဟုန်၏ ခန့်မှန်းချက်မှာ ရီဖူရှင်း ဖန်းလိုင်ကုန်းမြေ၌ မည်မျှကြာကြာ နေမည်ဟူသော အချိန်ပေါ်တွင်လည်း မူတည်သေးသည်။ ဤကုန်းမြေသည် ကောင်းကင်ဒေသ၏ ကုန်းမြေများစွာမှ တစ်ခုသာ ဖြစ်သည်။ ရီဖူရှင်းအား ဤနေရာ၌ အမြဲတစေ ထိန်းသိမ်းထားရန် မဖြစ်နိုင်ပေ။
“ကောင်းပြီ။ ဒါဆို ကျုပ် နောက်တစ်ခေါက်မှ လာခဲ့တော့မယ်။” စန့်ကွမ်းဟုန်က ပေ့ကုံးအော့၏ အကြံပြုချက်ကို သဘောတူလိုက်သည်။ သူက စန့်ကွမ်းချိုးရယ်ကို ပြောလိုက်၏။ “အိမ်ပြန်ကြရအောင်။”
စန့်ကွမ်းချိုးရယ်သည် နန်းတော်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ ယခင်က ပေ့ကုံးအော့သည် ရီဖူရှင်းအား သူတို့ ရောက်လာကြောင်း သတင်းပို့ပေးတတ်သည်။ သို့သော် သူက ယခု ထိုကဲ့သို့ မလုပ်ဆောင်ခဲ့ပေ။ ကြည့်ရသည်မှာ ရီဖူရှင်း၏ တံခါးပိတ်ကျင့်ကြံမှုက အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေပုံပေါ်ပေသည်။ ပေ့ကုံးအော့က သူတို့အား သူ့ကို အနှောက်အယှက်မပြုရန် သွယ်ဝိုက်သတိပေးခဲ့သည်။ ထို့ကြောင့် စန့်ကွမ်းချိုးရယ်၏ အဖေက စောင့်ဆိုင်းနေရာမှ ရပ်တန့်ပြီး ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ဂရုစိုက်ပြီးပြန်ပါ။” ပေ့ကုံးအော့က သူတို့ကို ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။ စန့်ကွမ်းကလန်ခေါင်းဆောင်ဟူသော စန့်ကွမ်းဟုန်၏ အဆင့်အတန်းက အလွန် မြင့်မားပေသည်။ စန့်ကွမ်းဟုန်က ရီဖူရှင်းထံ ကိုယ်တိုင် လာရောက်လည်ပတ်သည့်အတွက် သူသည်လည်း ရီဖူရှင်းအပေါ် မြင့်မားစွာ မျှော်မှန်းထားခြင်း ဖြစ်နိုင်ပေသည်။ ရီဖူရှင်းကြောင့်သာ မဟုတ်ပါလျှင် စန့်ကွမ်းဟုန်က ပေ့ကုံးအော့ကို သတိပင် ပြုမိလိမ့်မည် မဟုတ်ပေ။ ထိုသည်ကို ကြည့်လျှင် ရီဖူရှင်း၏ အလားအလာက အလွန် မြင့်မားကြောင်း မည်သူမဆို ပြောနိုင်ပေလိမ့်မည်။ အစွမ်းထက် အဆင့်ကိုးရန်ဟောင်တစ်ပါးသည်ပင် သူ့ကို လာရောက်တွေ့ဆုံရန် ဆန္ဒရှိသည်။
စန့်ကွမ်းဟုန်နှင့် စန့်ကွမ်းချိုးရယ်တို့ ပြန်ရန်ပြင်နေစဥ် သူတို့က တစ်စုံတစ်ခုကို ခံစားမိလိုက်ကြသည်။ ထို့ကြောင့် သူတို့က ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။
စန့်ကွမ်းဟုန်က ပထမဆုံးတုန့်ပြန်လာသူ ဖြစ်သည်။ သူ၏ အကြည့်များက နန်းတော်ဘက်သို့ ချက်ချင်း ရောက်ရှိသွားသည်။ စန့်ကွမ်းချိုးရယ်နှင့် အခြားသူများလည်း လိုက်ကြည့်လိုက်ကြသည်။
တောက်ပသော သက်တန့်ရောင်အလင်းက ကောင်းကင်သို့ ထိုးဖောက်သွားသည်။ မဟာလမ်းစဥ်၏ လွှမ်းမိုးနိုင်သော စွမ်းအားများက ကောင်းကင်ကို လွှမ်းခြုံသွားပေသည်။ မဟာလမ်းစဥ်၏ အမျိုးမျိုးသော အရှိန်အဝါတို့က ပေါင်းစပ်သွားသည်။ ထို ထွက်ပေါ်လာသည့် မဟာလမ်းစဥ်အရှိန်အဝါတို့က ချို့ယွင်းချက်ကင်းသော အဆင့်ဖြစ်ပေသည်။
“ဒါက…” စန့်ကွမ်းဟုန်၏ မျက်လုံးများက တောက်ပလာရင်း ပြောလိုက်သည်။ ထိုသည်မှာ မဟာလမ်းစဥ်၏ ချို့ယွင်းချက်ကင်း အဆင့် အရှိန်အဝါ ဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ နန်းတော်အတွင်းမှ တစ်စုံတစ်ယောက်က အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။ မည်သူဖြစ်နိုင်သနည်း။
“ချို့ယွင်းချက်ကင်းအဆင့်” စန့်ကွမ်းဟုန်က ရေရွတ်လိုက်သည်။ ရီဖူရှင်း အဆင့်သုံး ရန်ဟောင်အဆင့်၌ ရှိစဥ်ကပင် သူသည် အဆင့်နိမ့်ရန်ဟောင်များအကြားတွင် သူ၏ ကျင့်ကြံခြင်းက အထွတ်အထိပ် ဖြစ်နေခဲ့ပြီး ဖြစ်သည်။ သူက ယခု နောက်တစ်ဆင့်သို့ ချိုးဖြတ်သွားလျှင် သူ၏ ကျင့်ကြံခြင်းက အလယ်အလတ်သို့ ရောက်သွားပြီ ဖြစ်သည်။
အဆင့်နိမ့်ရန်ဟောင်နှင့် အလယ်အလတ်အဆင့် ရန်ဟောင်ကြားမှ ကွာခြားမှုက ကြီးမားလှသည်။ လူအများစုသည် သူတို့ အဆင့်နိမ့်ရန်ဟောင်ဖြစ်စဥ်က ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားတတ်ကြသည်။ သို့သော်လည်း သူတို့ အလယ်အလတ် ရန်ဟောင်အဆင့်သို့ ရောက်သောအခါ ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ဆက်လက်ထိန်းမထားနိုင်တော့ပေ။ သို့ဆိုလျှင် ရီဖူရှင်းက ထိုသို့ လုပ်နိုင်စွမ်းရှိလိမ့်မည်လား။
ရီဖူရှင်းက ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်၌ ရှိနေဆဲဖြစ်လျှင် သူ၏ တိုက်ပွဲစွမ်းရည်က အဆင့်ခုနစ်တန်ခိုးရှင်ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိပေလိမ့်မည်။ သူ၏ အမျိုးစုံသော ဝှက်ဖဲများကိုပါ ထည့်ပေါင်းလိုက်လျှင် သူ့စွမ်းရည်က အလွန်ကြောက်စရာ ကောင်းလာလိမ့်မည် ဖြစ်သည်။
စန့်ကွမ်းချိုးရယ်၏ နှလုံးသားသည်လည်း တူညီစွာပင် တုန်ယင်မှုကို ခံစားနေရ၏။ သူမ၏ ကျင့်ကြံဆင့်နှင့် ရီဖူရှင်းကြားမှ ကွာခြားမှုက သိပ်မရှိပေ။ ထို့ကြောင့်ပင် သူမအား ပို၍ သက်ရောက်စေသည်။ ရီဖူရှင်း နောက်တစ်ဆင့်တက်စဥ် ထုတ်ဖော်လိုက်သော မဟာလမ်းစဥ်အရှိန်အဝါက သူမအား အရှက်ရသလို ခံစားမိစေသည်။
သူမ၏ လှပသော မျက်လုံးများမှာ ထိုနေရာသို့ စိုက်ကြည့်နေခဲ့၏။ ကောင်းကင်မှ ရောင်စုံအလင်းများ ကျဆင်းလာနေသည်။ ထိုသက်တန့်ရောင်စုံအလင်းများက ကောင်းကင်သင်္ကေတပင် ဖြစ်သည်။ ဓားအော်မြည်သံများ၊ ကု့ချင်းတေးသံ၊ မိုးကြိုးနတ်ဆင်များက ခြေဆောင့်နင်းကာ ကောင်းကင်ထက်မှ နတ်ခန္ဓာများ ပေါ်ပေါက်လာပြီး ရှေးဟောင်းသစ်ပင်၏ ပုံရိပ်ယောင်က ကျယ်ပြောသော လေဟာနယ်တစ်ခွင်တွင် ပြည့်နှက်နေခဲ့သည်။
ထိုသည်မှာ ကောင်းကင်လမ်းစဥ်၏ လက္ခဏာများပင် ဖြစ်သည်။ ထိုမြင်ကွင်းက အလွန်အံ့သြစရာ ကောင်းလှသည်။ ၎င်းက အလွန် လှပပြီး တစ်စုံတစ်ယောက် အဆင့်တက်နေခြင်း ဖြစ်ကြောင်း လူအများကို မေ့လျော့သွားစေခဲ့သည်။
မဟာလမ်းစဥ်၏ ပဲ့တင်ထပ်နေသော အသံကို ကြားနေကြရသည်။ အဝေးရှိ လူအများက ထိုနေရာသို့ ဦးတည်နေကြ၏။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တန်ခိုးရှင်များသည်လည်း ဆွဲဆောင်ခံလိုက်ရသည်။ သူတို့က လေထဲသို့ ခြေလှမ်းလာခဲ့ပြီး နန်းတော်အပြင်ဘက်တွင် စုစည်းလာသည်။ သူတို့က ရပ်တန့်ကာ ထူးဆန်းသော မြင်ကွင်းရှိရာဘက်သို့ ကြည့်လိုက်ကြသည်။
ထိုသည်မှာ ချို့ယွင်းချက်ကင်း အဆင့် အရှိန်အဝါ ဖြစ်သည်။ လူအများက ထိတ်လန့်အံ့သြနေကြ၏။ အလယ်အလတ်အဆင့် ရန်ဟောင်က ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထိုသည်မှာ ရှားပါးလှသော ပါရမီပင် ဖြစ်သည်။
ပိုင်မုသည်လည်း ထွက်ပေါ်လာခဲ့၏။ သူမသည် လေထဲ၌ ရပ်နေခဲ့ပြီး နှလုံးသားကလည်း လှုပ်ရှားနေသည်။ သူမသည် နတ်မိမယ်ဟူသော ဂုဏ်ပုဒ်နှင့် မထိုက်တန်ဟု ခံစားမိပေသည်။ ရီဖူရှင်းနှင့် နှိုင်းယှဥ်ရလျှင် သူမက အတော်လေး ညံ့ဖျင်းပုံရပေသည်။
“ကြောက်စရာပဲ။” ဆေးဖော်စပ်သူ ဆရာသခင်များက လျှောက်ထွက်လာကြက ထိတ်လန့်တကြား ဟစ်အော်လိုက်မိသည်။
“ဒီကောင်က ဆေးလုံးဖော်စပ်တဲ့ နေရာမှာပဲ ကျုပ်တို့ကို အရှက်ရစေတာမဟုတ်ဘူး။ အခု သူ့ရဲ့ ကျင့်ကြံခြင်းကလည်း ချို့ယွင်းချက်ကင်းတယ်။ ကျုပ်တို့လို လူအိုကြီးတွေ ဘယ်လိုဆက်လုပ်ရပါ့မလဲ။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။
“ခင်ဗျားရဲ့ စီနီယာကျမှုကို ကြွားမနေနဲ့။ အရင်နှစ်တွေတုန်းက ဒီကောင် အဆင့်ခုနစ်တန်ခိုးရှင်တွေကို ပုရွက်ဆိတ်တွေလို သတ်ခဲ့တယ်။ အခု သူ အဆင့်တက်သွားပြီဆိုတော့ ခင်ဗျားလို အဆင့်ရှစ်ရန်ဟောင်တစ်ပါးတောင် သူ့ကို ယှဥ်နိုင်မှာ မဟုတ်တော့ဘူး။” ဘေးမှလူက ပြောလိုက်သည်။ အပြောခံလိုက်ရသော အဖိုးကြီးမှာ နှာခေါင်းမှ မီးတောက်တော့မတတ် ရှူးရှူးရှားရှား ဖြစ်နေခဲ့ပြီး တစ်ဖက်လူကို စိုက်ကြည့်လိုက်သည်။ သို့သော် သူက မည်သည့်စကားမှ မဆိုနိုင်ခဲ့ပေ။ သူသည် တစ်ဖက်လူပြောသည်မှာ အမှန်ဖြစ်ကြောင်း ရှင်းလင်းစွာ သဘောပေါက်ထားသည်။ သူထံ၌ ထိုလူက ပြန်ပက်ရန် စကားလုံးမရှိပေ။
ချို့ယွင်းချက်ကင်း မဟာလမ်းစဥ် နတ်ဝင်ရိုးကို ထိန်းသိမ်းကာ အလယ်အလတ် ရန်ဟောင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားပြီးနောက် ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်က မည်မျှ အားကောင်းသန်မာပါမည်နည်း။
ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နတ်ဝင်ရိုးအား ဖွဲ့စည်းထားနိုင်သည့် အဆင့်ခုနစ်တန်ခိုးရှင်မှ မဟုတ်လျှင် ကျန်သည့် အဆင့်ခုနစ် တန်ခိုးရှင်များကို ထည့်စဥ်းစားရန်မှာ ရီဖူရှင်းအတွက် မထိုက်တန်ပေ။ မဟုတ်လျှင် ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားခြင်းမရှိသော အဆင့်ခုနစ်တန်ခိုးရှင်က သူ့လက်ချက်နှင့် ချက်ချင်း အသတ်ခံရလိမ့်မည် ဖြစ်သည်။
တောက်ပသော အလင်းများက မဟာလမ်းစဥ်နှင့် တသားတည်းဖြစ်ကာ ကျန်ရစ်နေခဲ့သည်။ ထူးဆန်းသော သဘာဝ စွမ်းအားများက တောက်ပနေပြီး ရီဖူရှင်းက ၎င်းတို့ကြား၌ တင်ပျဥ်ခွေကာ ထိုင်နေခဲ့သည်။ သူသည် မဟာလမ်းစဥ်ကို နားလည်သဘောပေါက်ပြီး မဟာလမ်းစဥ် စွမ်းအားများကို စုပ်ယူနေခဲ့သည်။ သူက အားရကျေနပ်သော အခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။ သူ့ဝိညာဥ်က ခန္ဓာကိုယ်မှ ထွက်ကာ သူ့အနီးမှ အရာအားလုံးကို ခံစားနေခဲ့သည်။
သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသော တုန်ခါသံများကို အဆက်မပြတ်ကြားနေရသည်။ ထိုသည်မှာ မဟာလမ်းစဥ်ကို ဆက်လက်သန့်စင်နေကာ သူ၏ ရန်ဟောင်အရှိန်အဝါများကို ဆက်လက်မြှင့်တင်ပေးနေခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်မှ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ခု ကျဆင်းလာသည်။ လူအများသည် ထိုအရှိန်အဝါ ကျဆင်းလာသည့်ဘက်သို့ လက်သီးများဆုပ်ကာ အရိုအသေပြုလိုက်ကြသည်။ သူတို့က ရောက်လာသူကို နှုတ်ဆက်ချင်သော်လည်း တစ်ဖက်လူက လက်ကာပြ၍ တိတ်တိတ်နေရန် အမူအရာပြလိုက်သည်။ ထို့နောက် သူမက ပြောလိုက်သည်။ “ဒီကိစ္စကို အကျယ်အကျယ်မလုပ်ကြနဲ့။ သူ့ကို အေးအေးဆေးဆေး ဆက်ကျင့်ကြံခွင့်ပြုလိုက်ပါ။”
ထိုစကားသံက လူတိုင်း၏ နားထဲ ရောက်လာပြီး လူအုပ်ကြီးက မှင်တက်သွားခဲ့သည်။ သို့သော် သူတို့က ခေါင်းညိတ်လိုက်ကြပြီး နေရာမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ မည်သူကမှ ရီဖူရှင်း၏ ကျင့်ကြံခြင်းကို မနှောက်ယှက်ရဲကြပေ။
အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်က ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမ၏ ပုံရိပ်က တဖြေးဖြေး ပျောက်ကွယ်သွားသော်လည်း သူမ၏ စိတ်စွမ်းအားက ကျန်ရှိနေပြီး အရာအားလုံးကို စောင့်ကြည့်နေပေသည်။
မဟာလမ်းစဥ်တုန်ခါသံက ရက်အနည်းငယ် ကြာသည်အထိ အဆုံးမဲ့ ဆက်လက် ဖြစ်ပေါ်နေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတစ်ခုလုံးက ထိုအခိုက်အတန့်ကြောင့် မုန်တိုင်းထန်သွားသော်လည်း မည်သူကမှ ရီဖူရှင်း အဆင့်တက်နေသည်ကို မနှောက်ယှက်ရဲကြပေ။ သူတို့က သူ့ကို စောင့်ကြည့်ရင်း ဖြစ်ပျက်သမျှ အရာအားလုံးကို စူးစမ်းရုံသာ စူးစမ်းနေကြသည်။ ရီဖူရှင်း၏ အဆင့်တက်ခြင်းက မျှော်မှန်းထားသလို ဖြစ်လာခဲ့ပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွက် အရေးကြီးဆုံး နေ့ရက်များလည်း ဖြစ်သည်။
ထိုနေ့တွင် ခမ်းနားထည်ဝါသော မဟာလမ်းစဥ်အရှိန်အဝါတို့က အရူးအမူး ပေါက်ကွဲထွက်နေသည်။ ၎င်းက ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း တိုးဝင်လာခဲ့သည်။ ရီဖူရှင်းက ထိုနေရာတွင် ထိုင်နေခဲ့၏။ သူက မဟာလမ်းစဥ် ဆေးကြောသန့်စင်ခြင်းစွမ်းအားကို တွေ့ကြုံခံစားနေရသလိုပင်။ သူ့ခန္ဓာကိုယ်အတွင်းမှ တုန်ခါသံများက ကောင်းကင်ကို ဖြတ်သန်းသွားကာ ပေါက်ကွဲသွားသလိုထင်မှတ်ရပေသည်။
ဘုန်း…
အလွန် တောက်ပသော ရောင်စုံအလင်းများက သူ့ပုံရိပ်မှ ထိုးထွက်နေပြီး လေဟာနယ်ကို ဖြန့်ကျက်သွားပေသည်။ ၎င်းက အဝေးကြီးထိ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတစ်ခွင်ကို ဖြတ်သန်းကာ မျက်စိကျိန်းလောက်အောင် တောက်ပလာသည့် အလင်းတို့အား တန်ခိုးရှင်များ မြင်တွေ့လိုက်ကြရပေသည်။ သူတို့သည် ရီဖူရှင်း နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ကြပေသည်။
သူတို့က ခေါင်းကို မော့ပြီး ထိုနေရာသို့ ကြည့်လိုက်သည့်အခါ ရီဖူရှင်း၏ ခန္ဓာကိုယ်က ကောင်းကင်ထက် လွင့်မျောနေကြောင်း မြင်လိုက်ရသည်။ သူ၏ အရှိန်အဝါက ပို၍ ထက်မြက်လာသည်။ သူ၏ တောက်ပကာ ခန့်ညားသော အကြည့်များက ခွန်အားအပြည့် ဖြစ်နေခဲ့သည်။ နောက်တစ်ဆင့်ကို ချိုးဖြတ်ပြီးနောက် ရီဖူရှင်းက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သွားသလို ထင်မှတ်ရပေသည်။
***