အပိုင်း (၁၉၄၈)

တံခါးပိတ်ကျင့်ကြံခြင်း

ဖန်းလိုင်ကုန်းမြေမှ အခြေအနေများက ပြောင်းလဲသွားသည်။ ကလန်နှစ်ခုက ဖျက်ဆီးခံလိုက်ရသည်။

ကျွင်းကလန်နှင့် ယွင်ကလန်ကဲ့သို့ ထိပ်သီးအင်အားစုက သုတ်သင်ချေမှုန်းခံလိုက်ရသည်။ ထို့နောက်တွင် ကလန်များက အမျိုးမျိုးသော အင်အားစုများဆီမှ ရှင်းထုတ်ခံလိုက်ရသည်။ သူတို့နှင့် ရန်ငြိုးရှိသည့် အချို့သော အင်အားစုများသည် အခြေအနေပေါ် အခွင့်ကောင်းယူလိုက်ကြ၏။ ကျင့်ကြံခြင်းလောက၌ မြေနိမ့်ရာလှံစိုက်ချင်သူ မရှားပေ။ အထူးသဖြင့် ပေါကြွယ်ဝသော အရင်းအမြစ်များနှင့် ထိပ်သီးကလန်များဆိုလျှင် လူများသည် ထိုအခွင့်အရေးတွင် အချောင်နှိုက်ဖို့ရာ လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။

တစ်ညအတွင်း ထိပ်သီးအင်အားစုနှစ်ခုက ကျဆုံးသွားခဲ့ပြီး သမိုင်းတစ်ခု ဖြစ်သွားခဲ့လေသည်။ ထိုအရာအားလုံးမှာ ရိုးရှင်းသော ပဋိပက္ခမှစတင်ကာ ဖြစ်လာခြင်း ဖြစ်သည်။ လူအများမှာ ထိုအဖြစ်အပျက်ကြောင့် စိတ်မချမ်း​မြေ့ဖြစ်သွားပေသည်။

ကျွင်းကလန်က သူတို့၏ ဂျူနီယာ ကျွင်းချိုးယွင်ကြောင့် ပျက်စီးခြင်းဆိုက်ရသော်လည်း ယွင်ကလန်အတွက်တော့ ၎င်းက မဆိုင်ဘဲ ကပ်ဆိုးဝင်ခြင်း ဖြစ်သည်။ သူတို့သည် ရှေ့ရေးကြိုမြင်မှု ချို့တဲ့နေခဲ့ပြီး မဝင်သင့်သည့် မုန်တိုင်းအတွင်း ဝင်ရောက်ခဲ့ကြပေသည်။ ထိုကြောင့်ပင် သူတို့က အမြစ်ဖြတ်သုတ်သင်ခြင်းနှင့် ရင်ဆိုင်ခဲ့ရပေသည်။ ထိုအဖြစ်က ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

သို့သော်လည်း ဤသည်မှာ လောကလမ်းစဥ်ဖြစ်သည်။ ထိုသို့ကြီးမားလှသည့် မုန်တိုင်းက သေးငယ်သော အဖြစ်အပျက်မှ စတင်ခဲ့ခြင်း ဖြစ်သည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဖန်းလိုင်ကုန်းမြေတွင် မည်သည့်အပြောင်းအလဲ ဖြစ်စေ ထွက်ပေါ်လာမည်မဟုတ်ဟု လူအများက ထင်ထားခဲ့ကြသည်။ သူမသည် ဖန်းလိုင်ကုန်းမြေကို မည်သည့်စိတ်ဝင်စားမှုမှ မရှိသလို ထွက်ပေါ်လာခဲ့ဖူးခြင်း မရှိခဲ့ပေ။ အင်အားစုနှစ်ခုက သူတို့အား ဒေါသထွက်အောင် မလုပ်ခဲ့ပါလျှင် အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေက ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။

ပြောရလျှင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ ရီဖူရှင်းအား အင်အားစုနှစ်ခုမှ သတ်ဖြတ်ချင်ခဲ့သောကြောင့်ဟု ပြောနိုင်ပေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်က ထိုဂျူနီယာလေးအတွက်နှင့် ထွက်လာပေသည်။ သို့သော် ရီဖူရှင်း ထုတ်​ဖော်ပြခဲ့သည့် ထူးချွန်လှသော စွမ်းရည်က လူအများကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး မေ့မရနိုင်အောင် ဖြစ်စေခဲ့သည်။ တုံ့ယွမ်အိမ်တော်၏ အိမ်တော်သခင် ရီလျှို့နျန်ဟူသည့် အမည်မှာ ဖန်းလိုင်ကုန်း​မြေတစ်ခွင် ပျံ့နှံ့သွားလေသည်။ လူအများက တုံ့ယွမ်အိမ်တော် တည်ရှိရာ ကုန်း​မြေသို့ လာရောက်လည်ပတ်ကြပေသည်။ သူတို့သည် ထိုလူက မည်မျှထူးခြားကြောင်း သိမြင်လိုကြသည်။

သို့သော် သူတို့ တုံ့ယွမ်အိမ်တော်သို့ ရောက်ရှိပြီး မေးမြန်းကြည့်သောအခါ ရီဖူရှင်းက လျှို့ဝှက်ဆန်းကြယ်နေဆဲ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုသည်မှာ မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာပြီး တစ်ညတည်းနှင့် ကျော်ကြားလာသည်ဟု ထင်မှတ်ရပေသည်။ သူက အခွင့်အရေးတချို့ကြောင့် တုံ့ယွမ်အိမ်တော်သခင် ရာထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်၌ သူက ပြန်မလာတော့ဘဲ သူ၏ အဆင့်အတန်းကို လက်လွှတ်လိုက်ပေသည်။ တုံ့ယွမ်အိမ်တော် အရေးကိစ္စများကို စီစဥ်ရန် ပေ့ကုံးအော့သာလျှင် ပြန်ရောက်လာခဲ့၏။

အချိန်တစ်ခုကြာပြီးနောက် အရာအားလုံးက စတင်၍ တည်ငြိမ်လာခဲ့သည်။ ထောင်သောင်းချီသော ကုန်းမြေများမှ တန်ခိုးရှင်တို့က ဖန်းလိုင်ကုန်းမြေမှ​နေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပေသည်။ ဖန်းလိုင်နတ်ဘုရားဘုံမှ လူအရေအတွက်လည်း တဖြေးဖြေး လျော့နည်းသွားကာ ပုံမှန် ပြန်ဖြစ်လာခဲ့ပေသည်။

နောက်ဆယ်နှစ်နေသည့်အခါ ကိစ္စများက တဖန်ပြန်၍ အသက်ဝင်လာပေလိမ့်မည်။ သို့သော် နောက်ဆယ်နှစ်တွင် ရီလျှို့နျန်ကဲ့သို့ ပုဂ္ဂိုလ် ထပ်မံပေါ်ထွက်လာမည်လား။

ထိုသည်မှာ မဖြစ်နိုင်သလောက် ခက်ခဲပေလိမ့်မည်။

လူအများက ခန့်မှန်းနေကြသည်မှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက နတ်မိမယ်ပိုင်မုကို ရီဖူရှင်း၏ တာအိုလက်တွဲဖော်အဖြစ် အပ်နှင်းကာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ​နေရစ်ကာ ကျင့်ကြံစေသည်ဟု ဖြစ်သည်။

သူတို့အားလုံးက အံ့သြထိတ်လန့်နေကြသည်။ ယခုအချိန်တွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ရီဖူရှင်း မည်သည်တို့ လုပ်နေမည်နည်း။

သူသည် အမျိုးမျိုးသော ဆေးများနှင့် သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုအား တိုးမြင့်ရန် အလုပ်ကြိုးစားနေပေလိမ့်မည်။ သူက သူ၏ အချိန်များကို အမျိုးသမီးများနှင့် ပျော်ရွှင်စွာ ကုန်ဆုံးနေသည်လည်း ဖြစ်နိုင်သည်။ ထိုသို့သော ပါရမီမျိုးနှင့်ဆို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူ နေရစ်ခဲ့ရန် နည်းမျိုးစုံသုံးကာ ဆွဲထားပေလိမ့်မည်။

ယခုအချိန် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဆေးဖော်စပ်ရာ နေရာအတွင်း ရီဖူရှင်း၏ မျက်နှာက ညစ်ပတ်ပေရေကာ မည်းမှောင်နေ၏။ သူ၏ မျက်နှာက မီးလောင်ထားသလို မည်းတူးနေခဲ့သည်။ သူ၏ အဖြူရောင်ဝတ်ရုံတွင်လည်း အမည်းရောင်တို့စွန်းထင်းနေကာ သူ့အား ထူးဆန်းသော အနံ့များနှင့် ဖုံးလွှမ်းထားသည်။ သူ၏ ပုံမှန် ချောမောခန့်ညားမှုနှင့် အရှိန်အဝါတို့ မည်သည့်နေရာကိုရောက်သွားသနည်း။ သူသည် အပြင်ဘက်မှ လူများ ခန့်မှန်းထားသည်နှင့် အပြည့််အဝကွဲလွဲနေပုံရသည်။ သူတို့က ယခု ရီဖူရှင်း ဖြစ်ပျက်နေသည်အား မြင်လျှင် မည်သို့ တွေးကြမည်နည်း။

“စီနီယာဟယ်လျန် ဒီဆေးတွေက နည်းနည်းရုပ်ဆိုးပေမယ့် စိတ်ထဲမထားပါနဲ့ဗျာ။ ဒါတွေကို ဖြုန်းတီးလို့မဖြစ်ဘူးလေ။” ရီဖူရှင်းက သူအခုလေးမှ သန့်စင်ထားသော ဆေးလုံးများကို ကိုင်ကာ ပြောလိုက်သည်။ ဆေးလုံးများမှ လမ်းစဥ်အရှိန်အဝါတို့ ထုတ်လွှတ်နေသော်လည်း ၎င်းသည် အသွင်သဏ္ဌာန်ကိုပင် ဖော်ပြခြင်းငှာမစွမ်းသာလောက်အောင် ရုပ်ဆိုးအကျည်းတန်နေခဲ့သည်။ ၎င်းသည် အလွန်ပင် စားချင်စိတ်ပျက်အောင် လုပ်နိုင်ပေသည်။

အင်ပါယာဟယ်လျန်က ရှုံ့တွနေလျက် အားနည်းစွာ ပြန်ဖြေလိုက်သည်။ “အိမ်တော်သခင် ကျုပ် ဆေးတွေ အများကြီး စားပြီးနေပြီ။ အဲဒီဆေးစွမ်းအင်ကို ချေဖျက်ဖို့ အချိန်လိုတယ်လေ။ ကျုပ်တို့ ဒီဆေးတွေကို ပေ့ကုံးအော့အတွက် သိမ်းထားလိုက်ကြရအောင်။ သူက အိမ်တော်သခင်ရဲ့ ဆေးတွေကို မမြည်းကြည့်ရသေးဘူးလေ။”

လွန်ခဲ့သော ရက်များက ရီဖူရှင်းသည် အင်ပါယာဟယ်လျန်ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ နေကာ ကျင့်ကြံရန် တောင်းဆိုခဲ့သည်။ အင်ပါယာဟယ်လျန် အစကတွေးခဲ့သည်မှာ နေ့တိုင်း အံ့သြဖွယ်ကောင်းသော ဆေးလုံးဆေးဝါးများ စားသုံးနိုင်လိမ့်မည်ဟု ဖြစ်သည်။ သို့သော် အမှန်တွင် ရီဖူရှင်းက သူ ကိုယ်တိုင်သန့်စင်ထားသော ဆေးများကို နေ့တိုင်း ကျွေးနေခဲ့သည်။ ထိုဆေးလုံးများ၏ အရောင်၊ အနံ့နှင့် အရသာမှာ ညွှန်းဆိုရန်ပင် မဖြစ်နိုင်ချေ။ ရီဖူရှင်း သန့်စင်ထားသော ဆေးများက  အမျိုးမျိုးပင် ဖြစ်သည်။ ၎င်းတို့က အဆင့်အမျိုးမျိုး ဖြစ်ပြီး ကျရှုံးခဲ့သော ဆေးအချို့ပင် ရှိသည်။ သို့သော် ရီဖူရှင်းသည် ဆေးများကို မဖြုန်းတီးသင့်ဟု ဆိုကာ အင်ပါယာဟယ်လျန်ကို အားလုံး စားခိုင်းခဲ့သည်။

ခမ်းနားထည်ဝါသော အသရေနှင့် ဟယ်လျန်တော်ဝင်မိသားစုမှ ခေါင်းဆောင်သည် ရီဖူရှင်း ဆေးများစမ်းသပ်ရန် မွေးမြူထားသည့် သနားစရာ စမ်းသပ်ခံကြွက်လေးအလား ဖြစ်နေတော့သည်။

ထိုသည်မှာ အလွန် သနားစရာကောင်းလှပေသည်။

“ဒါဆို ဟယ်လျန်ယို လာပြီး စားကြည့်ပါဦး။” ရီဖူရှင်းက အမိန့်ပေးလိုက်သည်။

“ကျွန်မထင်တာတော့ ဒီဆေးလုံးတွေက အဖေနဲ့ ပိုသင့်တော်လိမ့်မယ်။ ကျွန်မရဲ့ ကျင့်ကြံဆင့်က အရမ်းမမြင့်သေးဘူး။ ဒီဆေးလုံးတွေက ကျွန်မအတွက် အရမ်းကို အာဟာရပြည့်လွန်းနေတယ်။” ဟယ်လျန်ယိုက နူးညံ့သိမ်မွေ့စွာ ငြင်းဆန်လိုက်သည်။ ရီဖူရှင်းက ဘေးတွင်ရပ်နေသော ပေ့ကုံးရွှမ်းကို ကြည့်လိုက်သည်။ ထိုမိန်းကလေးမှာ အပြစ်ကင်းဖြူစင်သော အကြည့်လေးဖြင့် သူ့အား ပြန်ကြည့်နေပြီး သူမ၏ ခေါင်းအား ညင်သာစွာ ယမ်းလိုက်သည်။

“ကြည့်ရတာ လူတိုင်းက မျှဝေခြင်းသူတော်ကောင်းတရားကို လက်ကိုင်ထားကြပုံပဲ။” ရီဖူရှင်းက ဝမ်းနည်းသွားသည်။ သူက အနီးတွင် ရပ်နေသော သိမ်းငှက်လေးအား ကြည့်လိုက်၏။ သိမ်းငှက်လေးသည် ရီဖူရှင်း၏ အတွေးကို ခံစားမိသောအခါ ချက်ချင်းပင် ပြန်လှည့်ထွက်သွားတော့၏။ ‘ငါ ဘာဆိုဘာမှမသိပါဘူးနော်။’

“စီနီယာဟယ်လျန် စီနီယာက ကျင့်ကြံခြင်းမှာ ကျော်ဖြတ်ဖို့အဆင့်ကို ရောက်​နေပြီ။” ရီဖူရှင်းက အင်ပါယာဟယ်လျန်ကို သိမ်းသွင်းလိုက်၏။ “ဒီဆေးတချို့က စီနီယာ့ ခန္ဓာကိုယ်ထဲက သွေးကြောတချို့ ပိတ်ဆို့နေတာကို ရှင်းပေးတာလည်း ဖြစ်နိင်တာပဲလေ။ အဲဒီလို လုပ်ဖို့ ဆေးလုံးအကူအညီ လိုအပ်တာပဲမလား။ ဒါကြောင့် အရမ်းကြီး ယဥ်ကျေးပြီး ငြင်းပယ်မနေပါနဲ့။” အဆုံးမှာတော့ အင်ပါယာဟယ်လျန်က မျက်စိစုံမှိတ်ကာ ဆေးအား မြိုချလိုက်ရတော့သည်။

ဆေးဝါးများကို ပမာဏများပြားစွာ သောက်သုံးခြင်းက ကျန်းမာရေးနှင့် မညီညွတ်ပေ။ သို့သော် ရီဖူရှင်းက အင်ပါယာဟယ်လျန်အား ဆေးမျိုးစုံ အဆက်မပြတ် တိုက်ကျွေးနေခဲ့၏။

“ဆရာသခင်တို့။” ရီဖူရှင်းက ခေါ်လိုက်သည်။ သူတို့မည်သည်ကိုမှ မမြင်သလို ဟန်ဆောင်နေကြသည့် ဆေးဖော်စပ်သူ ဆရာသခင်များက ရီဖူရှင်းထံ ကြည့်လာကာ မေးလိုက်၏။ “လျူနျန် တစ်ခုခု လိုအပ်တာ ရှိလို့လား။”

ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ “ကျွန်တော့်အတွက် ဆေးညွှန်းနဲ့ လိုအပ်တဲ့ဆေးပင်တွေ ထပ်ယူလာပေးပါ။ ပိုပြီး ရှုပ်ထွေးတဲ့ ဆေးညွှန်းဖြစ်လေ ပိုကောင်းလေပဲ။ ထူးခြားတဲ့ ဆေးလုံးအတွက် ဆေးညွှန်းဆိုရင်တော့ အကောင်းဆုံးပါပဲ။” သူ့အဖြေကို ကြားသောအခါ ဆေးဖော်စပ်သူဆရာသခင်များ၏ ပါးစပ်ထောင့်များက ရွဲ့စောင်းသွားခဲ့သည်။ ထို့နောက် သူတို့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။”

အချို့က နေရာမှ ထွက်ခွာသွားကြကာ ထိုကောင်လေးက အမှန်တကယ်ပင် အစွန်းရောက်သမားဖြစ်သည်ဟု တွေးလိုက်ကြသည်။ အစပိုင်းတွင် သူတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဆေးများနှင့် တဖြေးဖြေး လေ့ကျင့်ပေးရန် စီစဥ်ထားခဲ့ကြသည်။ သို့သော် သူက လေ့ကျင့်မှုကို လက်မခံခဲ့ဘဲ သူ၏ ကိုယ်ပိုင်ဆေးလုံးများကိုသာ လေ့ကျင့်လိုခဲ့သည်။ ထို့ပြင် သူက အဆင့်မြင့်ပြီး ရှုပ်ထွေးသော ဆေးများကိုသာ ဖော်စပ်ပေသည်။ သူ၏ အောင်မြင်မှုနှုန်းက အလွန်နိမ့်ကျနေသည်မှာ အံ့သြစရာ မရှိတော့ပေ။

ဆေးသန့်စင်ခြင်းအ​ခြေခံကိုပင် မလေ့လာရသေးသူက အဆင့်မြင့်ဆုံး ဆေးလုံးများကို သန့်စင်ချင်နေသည်။ သူက ဤနေရာ၌ နေ့စဥ်ရက်ဆက် ဆေးဝါးပစ္စည်းများကို သုံးစွဲပစ်နေသည်။ သူတို့သည် သူ၏ ဖြုန်းတီးမှုကို မုန်းတီးနေပြီး သူ့အား နေခဲ့ခိုင်းမိသည်က မှန်ကန်ရဲ့လားဟု မေးခွန်းထုတ်ချင်နေကြပြီ ဖြစ်သည်။ သူတို့ သူ့အား တတ်နိုင်သမျှ မြန်မြန်ထွက်သွားရန် တောင်းဆိုသင့်လား။

သို့မဟုတ်လျှင် သူတို့၏ အဖိုးတန်ဆေးပစ္စည်းများမှာ ထိုသူ၏အပြောင်ရိတ်ခြင်း ခံရတော့မည် ဖြစ်၏။

သူတို့အား ပို၍ ဆွံ့အစေခဲ့သည်မှာ သူတို့က ပိုင်မုအားရှာဖွေ တိုင်တန်းခဲ့သော်လည်း သူမက တစ်ချက်လေးမှ ဂရုမစိုက်ခဲ့ခြင်းပင်။ သူတို့က ကျွန်းသခင်ထံ သွားရောက်ကာ ရီဖူရှင်းအား အသုံးအစွဲချွေတာဖို့ရာ သတိပေးရန် ပြောခဲ့သော်လည်း ကျွန်းသခင်က သူ့စိတ်ကြိုက် လွှတ်ထားပေးရန် ပြောလိုက်သည်။ ထိုသည်မှာ မည်သို့သော အခြေအနေ ဖြစ်သနည်း။ ဆေးဝါးသန့်စင်မှုကို မည်သူက ဤကဲ့သို့ ပြုမူပြီး သင်ယူပါမည်နည်း။

ဤသို့ ဆက်ဖြစ်နေလျှင် ဆေးစံအိမ်က ဗလာကျင်းသွားတော့မည် ဖြစ်သည်။

ထိုမျှမကသေး။ ထိုလူမွေးထားသည့် နတ်ဆိုးသားရဲသည်လည်း အလွန်အကျွံ ဖြုန်းတီးသော ဖြုန်းတီးရေးသမား ဖြစ်လေသည်။ သူ့ကိုယ်သူ ‘ဆရာကြီးသိမ်းငှက်’ ဟုခေါ်သော သိမ်းငှက်နက်လေးသည် သူ့သခင်အား ကူညီသည်ဟူသော ဆင်ခြေကို သုံးကာ ဆေးဥယျာဥ်အတွင်းမှ ဆေးပင်များကို နေ့စဥ်မွှေနှောက်လေသည်။ သူက မရေတွက်နိုင်သော အဖိုးတန်ဆေးပင်များကို တိတ်တိတ်လေး ဝါးမြိုတတ်သည်။ ဆေးဖော်စပ်သူ ဆရာသခင်များက သူ့အား ဖမ်းဆီးကာ ရိုက်နှက်ပစ်ချင်ခဲ့သော်လည်း ထိုအကောင်စုတ်၏ နောက်တွင် ပံ့ပိုးပေးနေသူ တစ်ယောက် အမှန်တကယ် ရှိနေကြောင်း ရှာဖွေ တွေ့ရှိခဲ့ပေသည်။ အရှင်ဖီးနစ်၏ မျိုးဆက်က သူတို့ဆန့်ကျင်၍ ရနိုင်သောသူ မဟုတ်ပေ။

ထိုကဲ့သို့ပင် လည်ပတ်နေရင်း လအနည်းငယ်က ကုန်ဆုံးသွားခဲ့ပေသည်။ တစ်ရက်တွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ဖြန့်ကျက်ထွက်လာခဲ့သည်။ မဟာလမ်းစဥ် မုန်တိုင်းတစ်ခုက ကောင်းကင်သို့ ထိုးဖောက်လာပြီး ကမ္ဘာမြေကြီးကိုပင် တုန်ခါသွားစေခဲ့၏။ လူအများသည် သူတို့၏ ခေါင်းများကို မော့ကာ ထိုနေရာသို့ ကြည့်လိုက်ကြသည်။ သူတို့က ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

တစ်စုံတစ်ယောက်က နောက်ထပ်တစ်ဆင့်သို့ ချိုးဖောက်ဝင်ရောက်တော့မည် ဖြစ်သည်။ ထိုသူမှာ နေ့စဥ်နေ့တိုင်း ရီဖူရှင်း၏ ဆေးအစမ်းသပ်ခံဖြစ်နေခဲ့သည့် တန်ခိုးရှင် အင်ပါယာဟယ်လျန် ဖြစ်လေသည်။

ဆေးများကို ဖော်စပ်နေသည့် ရီဖူရှင်းပင်လျှင် အံ့သြမှင်တက်သွားလေသည်။ သူက ဆေးဖော်စပ်ရာနေရာမှ လမ်းလျှောက်ထွက်လာခဲ့ပြီး အဝေးသို့ ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ပျော်ရွှင်မှုအရိပ်ယောင်တို့ ထင်ဟပ်နေခဲ့၏။ အင်ပါယာဟယ်လျန်က အသက်မငယ်တော့သော်လည သူ၏ ကျင့်ကြံဆင့်က တူညီသော အဆင့်၌ပင် အရင်ကတည်းက ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ်တွင် ရီဖူရှင်းက အင်ပါယာဟယ်လျန်အား အဆင့်နိမ့် ဆေးအများအပြား တိုက်ကျွေးခဲ့သော်လည်း ထိုဆေးများတွင် အင်ပါယာဟယ်လျန်၏ အသက်စွမ်းအားနှင့် ကိုက်ညီသည့် ဆေးအမြောက်အမြား ပါဝင်နေသည်။ ထိုဆေးများက စားကာစအခြေအနေတွင် တိုက်ရိုက် သက်ရောက်မှုမရှိသော်လည်း စားသုံးသူ၏ ကြံ့ခိုင်မှုခွန်အားကို တဖြည်းဖြည်း တိုးတက်လာစေသည်။ ခံနိုင်ရည်စွမ်းမှာ ကျင့်ကြံနေသည့် လူတစ်ယောက်အတွက် အခြေခံ အုတ်မြစ် ဖြစ်ပေသည်။

ကျင့်ကြံသူတစ်ယောက် ခံနိုင်ရည်စွမ်းတိုးတက်လာပြီး ဝိညာဥ်ကသန်မာ အားကောင်းလာသည့်အခါ  သူတို့သည် အနီးဝန်းကျင်မှ အရာများကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်လာနိုင်လိမ့်မည်  ဖြစ်သည်။ ရီဖူရှင်းသည် အင်ပါယာဟယ်လျန် သူ၏ ကျင့်ကြံခြင်းအတွက် လိုအပ်မည့် ဆေးဝါးများကို တိုက်ရိုက်သန့်စင်ခဲ့ခြင်း မဟုတ်ပေ။ ထို့အစား သူသည် အခြားရှုထောင့်မှ ချဥ်းကပ်ပြီး အင်ပါယာဟယ်လျန်၏ အုတ်​​မြစ်ကို ခိုင်မာလာအောင် လုပ်ဆောင်ပေးခဲ့သည်။ ဤနည်းလမ်းမှာ ရီဖူရှင်း တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ မှတ်ဉာဏ်ထဲမှ သင်ယူခဲ့ရသည့် တစ်စုံတစ်ရာဖြစ်ပေသည်။

လအနည်းငယ် ကုန်လွန်သွားသည့်အခါ အင်ပါယာဟယ်လျန်သည် နာကျင်မှုများစွာဖြင့် သောက်သုံးခဲ့ရသည့် ဆေးလုံးများ၏ အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်ခဲ့ပေသည်။ နောက်ဆုံးတွင် သူက နောက်တစ်ဆင့်ကို ချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်၏။

မဟာလမ်းစဥ်မုန်တိုင်းက အချိန်အတော်ကြာသည့်အထိ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ အင်ပါယာဟယ်လျန် ကျင့်ကြံခြင်း ပြီးဆုံးသွားသည့်အခါ သူက ရီဖူရှင်းကို တွေ့ရန် လာခဲ့သည်။ အင်ပါယာဟယ်လျန်၏ မျက်နှာထက်တွင် ကျေးဇူးတင်နေသော အပြုံးတစ်ခုရှိနေခဲ့၏။

“ဂုဏ်ယူပါတယ်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်။” အင်ပါယာဟယ်လျန်က ရီဖူရှင်းအား အရိုအသေပေးကာ ပြောလိုက်သည်။ သူသည် ဤကဲ့သို့ ချိုးဖျက်နိုင်ရန်အတွက် အေးစက်လှသည့် အတွေ့အကြုံတို့ကို ခံစားခဲ့ရသည်။ သိို့သော်လည်း အဆင့်ရှစ်ရန်ဟောင်တစ်ပါးအနေနှင့် သူသည် သူ၏ ယခုလက်ရှိ အောင်မြင်မှုမှာ ရီဖူရှင်း၏ ကြိုးစားအားထုတ်ပေးမှုကြောင့် ကောင်းစွာ သဘောပေါက် နားလည်ခဲ့သည်။ အင်ပါယာဟယ်လျန်က သူ လအနည်းငယ် ဆက်တိုက်ခံစားနေခဲ့ရသည့် နှိပ်စက်မှုကြီးမှာ နောက်ဆုံး၌ သူ အဆင့်တက်နိုင်သည့် ရလဒ်ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ထားမိခဲ့ပေ။

“စီနီယာက နောက်တစ်ဆင့်ကို ကိုယ်ပိုင်ကြိုးစားမှုနှင့် တက်သွားခဲ့တာပါ။ ကျွန်တော့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ စီနီယာက ဒီလ အနည်းငယ်အတွင်း ခက်ခဲမှုတွေအများကြီးကို သည်းခံနိုင်တယ်လေ။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ “စီနီယာက နောက်တစ်ဆင့်ကို တက်သွားပြီဆိုတော့ ဘာမှစိတ်ပူစရာမလိုဘဲ ကုန်းမြေကို ပြန်သွားလို့ရပါပြီ။”

အင်ပါယာဟယ်လျန်က တစ်ခုခု စိတ်လှုပ်ရှားသွားခဲ့သည်။ ထိုအခိုက်အတန့်၌ သူသည် ပေ့ကုံးအော့၏ အတွေးများကို နားလည်လာနိုင်ခဲ့ပေသည်။ သူသည် ယခင်က စိတ်ကူးများကို စွန့်လွှတ်ပြီး ရီဖူရှင်းနောက်သို့ လိုက်ကာ ကျင့်ကြံလိုသည့် အတွေးများ အင်ပါယာဟယ်လျန်၏ စိတ်ထဲတွင် ထင်ဟပ်လာခဲ့သည်။

“ကျုပ်လဲနေခဲ့မယ်ဆိုရင် ဘယ်လို…” အင်ပါယာဟယ်လျန်က အကြံပေးလိုက်သည်။

“စီနီယာပေ့ကုံးက တုံ့ယွမ်အိမ်တော်မှ လူတွေ လိုနေတယ်လို့ ပြောခဲ့တယ်။ သူက စီနီယာ ပြန်လာပြီးတော့ ကိစ္စရပ်တွေ ကိုင်တွယ်ပေးမှာကို စောင့်နေတုန်းပဲ။” ရီဖူရှင်းက ပြောလိုက်သည်။ “ကျွန်တော်နဲ့ လိုက်ခဲ့မယ်ဆိုရင် အနာဂတ်က ခန့်မှန်းလို့ ရမှာမဟုတ်ဘူး။ အန္တရာယ်တွေကလည်း ပြည့်နေလိမ့်မယ်။ စီနီယာက တော်ဝင်မိသားစုက  လူတစ်ယောက်ပါ။ ဒါကြောင့်မို့လို့ ပြန်လိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။”

အင်ပါယာဟယ်လျန်က ခေါင်းညိတ်လိုက်သည်။

“ဒါဆို စီနီယာ ပြန်လို့ရပါပြီ။ အခု စီနီယာက နောက်တစ်ဆင့်ကို တက်သွားပြီးဆိုတော့ ကျွန်တော် စိုးရိမ်စရာမရှိတော့ပါဘူး။” ရီဖူရှင်း ဆက်ပြောလိုက်သည်။ ထိုအခါမှပင် အင်ပါယာဟယ်လျန်သည် ရီဖူရှင်းက သူ ထွက်မသွားခင် နောက်တစ်ဆင့်သို့ တက်စေချင်ခဲ့သည်ကို နားလည်သဘောပေါက်ခဲ့ပေသည်။

အင်ပါယာဟယ်လျန်က ရီဖူရှင်းအား လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေး၍ ပြောလိုက်သည်။ “ကျုပ်တို့ နောက်တစ်ခါ ပြန်တွေ့ကြတာပေါ့။”

“ပြန်တွေ့ကြမယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သွားကြစို့။” အင်ပါယာဟယ်လျန်က သူ့ဘေးမှ ဟယ်လျန်ယိုကို ပြောလိုက်သည်။ ဟယ်လျန်ယိုအား ရီဖူရှင်းအားကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ “ကျွန်မက တုံ့ယွမ်အိမ်တော်မှာပဲ ရှိနေမှာပါ။ ရှင့်ရဲ့နာမည် ကျွန်မတို့ဆီရောက်လာတဲ့ တစ်နေ့ကို စောင့်နေမယ်။”

ရီဖူရှင်းက ပြုံးလိုက်သည်။ ဟယ်လျန်ယိုက သူ၏ အနာဂတ်ကို မြင့််မားစွာ မျှော်မှန်းထားပုံရလေသည်။

အင်ပါယာဟယ်လျန်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ထွက်ခွာသွားခဲ့သည်။ အချိန်တချို့ကြာပြီးနောက် ပေ့ကုံ့အော့ ပြန်ရောက်လာခဲ့၏။ သူ၏ ကလန်သားများကို တာဝန်များ လက်လွှဲပေးခဲ့ကာ သူစီမံရမည့် ကိစ္စအားလုံးကို စီစဥ်ခဲ့ပေသည်။ ထို့နောက်သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ပြန်ရောက်လာကာ ကျင့်ကြံရန်စတင်ခဲ့​​တော့သည်။

ထိုသည်မှာ ရီဖူရှင်းအတွက်လည်း အတူတူပင်ဖြစ်သည်။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ တံခါးပိတ်ကျင့်ကြံခဲ့ပြီး အခြားတစ်ဖက်၌ ဆေးလုံးဖော်စပ်ခြင်းကိုလည်း လေ့ကျင့်နေခဲ့ပေသည်။

အချိန်များက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset