အပိုင်း (၁၉၄၇)

ထုတ်ပေးခြင်း

ပြဿနာက ပြီးဆုံးသွားပြီ ဖြစ်သည်။ အလဲအလှယ်လုပ်ခြင်းမှ စတင်ခဲ့သော မုန်တိုင်းသည် နောက်ဆုံး၌ ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအဆင့်အင်အားစု နှစ်ခုကို အမြစ်ဖြတ်သုတ်သင်လိုက်ခြင်းဖြင့် အဆုံးသတ်သွားခဲ့လေသည်။ လူအများက ထိုကလန်နှစ်ခု၏ အဆုံးသတ်အတွက် စိတ်မကောင်းဖြစ်နေကြသည်။ မျှော်လင့်ထားသလိုပင် သူတို့သည် ဤသင်ခန်းစာမှနေပြီး အလွန် မောက်မာစွာ မပြုမူမိစေရန် အမှတ်ရနေကြတော့မည် ဖြစ်သည်။ သူ သေဆုံးသွားသည့်တိုင် ကျွင်းချိုးယွင်သည် ထိုအဆင့်နိမ့်ရန်ဟောင်လေးအပေါ် အထင်အမြင်သေး မောက်မာစွာ ပြုမူခဲ့ခြင်းကြောင့် သေဆုံးခြင်းနှင့် အဆုံးသတ်ရလိမ့်မည်ဟု ထင်ထားလိမ့်မည် မဟုတ်ပေ။ ထိုသည်မှာ အလွန် ရှက်ဖွယ်ကောင်းလှသည်။

ကုန်းမြေအသီးသီးမှ တန်ခိုးရှင်များက ထွက်မသွားကြသေးပေ။ စန့်ကွမ်းကလန်မှ စီနီယာတစ်ယောက်က စန့်ကွမ်းချိုးရယ်နောက်မှ လိုက်ကာ သူ့ထံလျှောက်လာနေသည်။ သူက ပြုံး၍ ပြောလိုက်၏။ “ကျုပ်က ချိုးရယ်ရဲ့ ဦးလေး စန့်ကွမ်းယွင်ပါ။ ကျုပ်ကြားတာ မိတ်ဆွေလေးရီရဲ့ ပါရမီအရည်အချင်းက ပြိုင်ဘက်ကင်းပြီး ချောမောခန့်ညားတယ်တဲ့။ အခု ကျုပ် မင်းကို ဒီနေ့ တွေ့ရတော့ ထင်ထားတာထက်တောင် ပိုပြီး ထူးချွန်နေတာပဲ။”

ဤစန့်ကွမ်းယွင်၌ အဆင့်ရှစ်ကျင့်ကြံခြင်း ရှိနေပေသည်။ သူက ရီဖူရှင်း ထုတ်ဖော်ပြသခဲ့သော စွမ်းအားအပေါ် အမှန်တကယ် အထင်ကြီး လေးစားခြင်း ဖြစ်သည်။ မျိုးဆက်သစ်များက မျိုးဆက်ဟောင်းများကို အစားထိုးခဲ့ကြသည်။ တိုက်ပွဲတွင် ရီဖူရှင်းက သူ၏ စွမ်းရည်အပြည့်အဝကိုပင် မထုတ်ဖော်ခဲ့ရပေ။ ဤကိစ္စကို ကာကွယ်ရန် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူ့အား ကူညီပေးခဲ့သည်။ ထို အဆင့်နိမ့်ရန်ဟောင်လေး၏ တိုက်ပွဲစွမ်းရည် အစစ်အမှန်မှာ မည်မျှ အားကောင်းသည်ကို သိသူ မည်သူမှ မရှိပေ။

“စီနီယာ အရမ်းမြှောက်လွန်းနေပါပြီ။” ရီဖူရှင်းက အပြုံးနှင့် တုံ့ပြန်လိုက်သည်။ “သခင်မလေးစန့်ကွမ်းကလည်း တခြားလူတွေရဲ့ အထက်မှာ ရပ်တည်နေတာပါ။”

“ဝေးပါသေးတယ်။” သက်လတ်ပိုင်းလူကြီးက အပြုံးနှင့် ပြောလိုက်သည်။ “အရင်က မင်း အကြောင်း ပြောကြတော့ ကလေးမလေးချိုးရယ်က မင်းကို အရမ်းလေးစားနေခဲ့တာ။ သူမက ကျုပ် အစ်ကိုကြီးရဲ့ ရှေ့မှာ မရပ်မနားချီးကျူးနေတော့တာပဲ။ ကျုပ်အစ်ကိုကြီးကတောင် သူမကို မိတ်ဆွေလေးရီဆီကနေ ပိုပြီး သင်ယူနိုင်ဖို့မျှော်လင့်နေတာ။”

“ကျုပ်ရဲ့ ကျင့်ကြံဆင့်က နိမ့်နေတုန်းပဲလေ။ သူမက ဘာများ သင်ယူဖို့ဖြစ်နိုင်မှာတဲ့လဲ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“ဒီလိုတိုက်ပွဲစွမ်းအားမျိုးနဲ့ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ကိစ္စမရှိပါဘူး။ မင်း အဆင့်မြင့်ရန်ဟောင် ဖြစ်လာတဲ့အခါ ရန်ဟောင်အဆင့်မှာ မင်းကို ဘယ်သူက ယှဥ်နိုင်မှာလဲ။” စန့်ကွမ်းယွင်က ပြောလိုက်သည်။ “ချိုးရယ်ရဲ့ အဖေက ကျွင်းကလန်ကို သွားနေတယ်။ ဒီအဖြစ်အပျက်တစ်ခုလုံး ပြီးသွားတဲ့အခါ မိတ်ဆွေလေးရီ စန့်ကွမ်းကလန်ကို ဧည့်သည်အဖြစ် အလည်လာပါဦး။”

“အခွင့်အရေးရရင် သေချာပေါက် လာခဲ့ပါ့မယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ စန့်ကွမ်းချိုးရယ်က ထိုလူနှစ်ယောက်၏ စကားစမြည်ပြောဆိုနေခြင်းကို ကြားသောအခါ နှုတ်ခမ်းစူလိုက်မိသည်။ သူမသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာကတည်းကပင် ရီဖူရှင်းက မည်သို့သော သူမျိုးဖြစ်ကြောင်း နားလည်ခဲ့ပေသည်။ သူ့အသွင်အပြင်ကြောင့်နှင့် တစ်စုံတစ်ယောက်က အလှည့်စားမခံရသင့်ပေ။ ထိုလူက အလွန် ဆုံးဖြတ်ချက်ပြတ်သားသည်။ သူ လှုပ်ရှားလာသောအခါ ရက်စက်ပြီး လူအများ၏ နှလုံးသားထဲ အကြောက်တရား ရိုက်သွင်းနိုင်ပေသည်။ ကျွင်းကလန် ဤသို့သော အဆုံးသတ်ရောက်အောင် ရီဖူရှင်းက တစ်လှမ်းချင်း စီစဥ်ခဲ့ခြင်း ဖြစ်နိုင်သလား။

ဤလူသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်ကတည်းက အရာအားလုံးကို စီစဥ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို မှီခိုကာ ကျွင်းကလန်အား သုတ်သင်ရန် စီစဥ်ထားနိုင်သည်။ သာမန်လူများသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ကျွင်းကလန်ကို စီရင်လာအောင် ဖိအားပေးနိုင်မည် မဟုတ်ပေ။ သူက ထိုသို့အရည်အချင်းနှင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် သူ့အတွက် ကျွင်းကလန်ကို တိုက်ခိုက်ရန် ဆန္ဒရှိပေသည်။

“ရန်ဟောင်ရီရဲ့ စွမ်းရည်က တကယ့် ပြိုင်ဘက်ကင်းပဲ။” အခြားတစ်ယောက်က လမ်းလျှောက်လာပြီး ပြောလိုက်သည်။ ဝူရှန်မြို့တော်၏ သခင်ငယ်ငယ်လေး လျှိုချင် ဖြစ်သည်။ ယခင်က စစ်တုရင်ခုံပေါ်တွင် သူတို့က ရက်ရက်စက်စက် တွန်းတိုက်ခဲ့ကြသည်။ ယခု သူက ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်ကို မျက်မြင်တွေ့ခဲ့ပြီး လက်ခံယုံကြည်ခဲ့တော့သည်။ ဤလူက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ရီဖူရှင်းက လျှိုချင်ကို ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “မင်းလည်း အားမနည်းပါဘူး။”

“ဝေးပါသေးတယ်။ အရင်က ခင်ဗျား ကျုပ်ကို ဟန့်တားနိုင်တာ စစ်တုရင်ပွဲကြောင့်လို့ ယုံကြည်ထားခဲ့တာ။ အခု ကျုပ်နားလည်တာ စစ်တုရင်ခုံကြောင့်သာ မဟုတ်ရင် ပိုပြီးတောင် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ရလိမ့်မယ်။ ကျုပ်က ခင်ဗျားနဲ့ တိုက်ခိုက်ဖလှယ်ဖို့ အရည်အချင်းတောင် မမီဘူး။” လျှိုချင်က ခါးသက်စွာ ပြုံးလိုက်သည်။ ယခင်က ကျွင်းမိသားစုမှ အဆင့်ခုနစ် တန်ခိုးရှင်များက အုပ်စုဖွဲ့တိုက်ခိုက်ခဲ့သော်လည်း သူတို့အားလုံးက ချက်ချင်းပင် ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ လျှိုချင်က သူ၏ ကိုယ်ပိုင်ခွန်အားကို သေချာသိရှိပေသည်။

ရီဖူရှင်းက ပြုံးလိုက်သော်လည်း ထပ်မပြောတော့ပေ။ အရည်အချင်း အနည်းငယ်သာ ကွာခြားသူတို့ကြားတွင် မနာလိုမနှစ်ခြိုက်မှုများ ရှိနိုင်သည်။ သို့သော်လည်း ကွာခြားမှုက ကျော်လွှား၍ မရနိုင်အောင် ဖြစ်လာသည့်အခါ တူညီသော မျိုးဆက်မှ လူများသည် ရီဖူရှင်းအား အထင်ကြီးလေးစားရုံသာ တတ်နိုင်ပေသည်။ ထိုသည်မှာ သူတို့က ရီဖူရှင်းထက် သာလွန်နိုင်ခြင်း မရှိသောကြောင့် ဖြစ်လေသည်။

“အခွင့်အရေးရရင် ရန်ဟောင်ရီအနေနဲ့ ကျုပ်ကို နည်းနည်းပါးပါး လမ်းညွှန်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။” ဝူရှန်မြို့သခင်ငယ် လျှိုချင်က ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ။”

လျှိုချင်က လက်သီးဆုပ်ကာ အရိုအသေပြု၍ ပြောလိုက်သည်။ “ထပ်တွေ့ကြတာပေါ့။”

“ထပ်တွေ့ကြမယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ထို့နောက် လျှိုချင်က လှည့်ထွက်သွားတော့၏။ ဝူရှန်မြို့မှ တန်ခိုးရှင်များကလည်း လျှပ်တပြက်အတွင်း ထွက်ခွာသွားပေသည်။ သူတို့လည်း ပြန်သွားရန် လိုအပ်၏။

ဤဖြစ်ရပ်ပြီးနောက် ဖန်းလိုင်ကုန်းမြေ၏ အခြေအနေက ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ မည်သူကမှ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ သဘောထားကို မသိပေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဖန်းလိုင်ကုန်းမြေကို လွှမ်းမိုးချင်လျှင် မည်သူကမှ သူတို့ကို ဆန့်ကျင်နိုင်လိမ့်မည် မဟုတ်ချေ။

သိပ်မကြာခင်မှာပင် ကျွင်းကလန်နှင့် ယွင်ကလန်တို့မှ သတင်းရောက်ရှိလာသည်။

“ပြန်သွားရအောင်။” ရီဖူရှင်းက ပြန်လှည့်ကာ ပြောလိုက်သည်။ သူသည် အမှန်တကယ်ပင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေဘက်သို့ ဦးတည်လိုက်ခြင်း ဖြစ်သည်။ ဤအဖြစ်အပျက်ပြီးဆုံးသွားသည့်အခါ အပြင်လောကမှ ပုန်းကွယ်နေသော အန္တရာယ်များကို ဖြေရှင်းပြီးသား ဖြစ်သွားကာ တုံ့ယွမ်အိမ်တော်အား မည်သည့် ခြိမ်းခြောက်မှုမှ ရှိတော့မည် မဟုတ်ပေ။

ပေ့ကုံးအော့နှင့် အင်ပါယာဟယ်လျန်က ရီဖူရှင်းနောက်သို့ လိုက်ပါလာသည်။ ဆေးဖော်စပ်သူဆရာသခင်များကလည်း သူ့နောက်သို့ လိုက်ပါလာ၏။ ရီဖူရှင်းအား ကြည့်နေသည့် သူတို့၏ မျက်လုံးများက အလွန် တောက်ပနေခဲ့သည်။ ထိုသူက အမှန်တကယ် ရတနာပင် ဖြစ်သည်။ သူတို့က သူနှင့် ရင်းနှီးမှုတည်ဆောက်ရန် လိုအပ်သည့်အတွက် သူတို့အများစုက ရီဖူရှင်းထက် မြင့်မားသော ဆေးလုံးအဆင့်ကို သန့်စင်နိုင်စွမ်ရှိရန် မလိုအပ်သော်လည်း ရီဖူရှင်းကို ဆေးလုံးဖော်စပ်မှုအား သင်ကြားပေးရန်လိုသည်။

မည်သို့ပင်ဖြစ်စေ ရီဖူရှင်းက ကြီးမားသော အလားအလာရှိသူဟု သတ်မှတ်နိုင်ပေသည်။ သူက ကောင်းမွန်စွာ ညွှန်ပြပေးရန် လိုအပ်နေသည်။ သူ့ကျင့်ကြံဆင့် မြင့်မားလာသည့်အခါ သူ၏ ဆေးလုံးဖော်စပ်မှုအဆင့်ကလည်း တိုးတက်လာပေလိမ့်မည်။ သူက အနာဂတ်တွင် လမ်းလျှောက်နေသည့် ရတနာသိုက်ကြီး ဖြစ်လာပေလိမ့်မည်။

ရီဖူရှင်း၏ အဖွဲ့ထွက်သွားသည်ကို မြင်သောအခါ အမျိုးမျိုးသော ကုန်းမြေမှ တန်ခိုးရှင်များသည်လည်း ဖန်းလိုင်ကျွန်း အဝေးတစ်နေရာတွင် ထွက်ခွာ ပျောက်ကွယ်သွားကြသည်။ ဤအဖြစ်အပျက်သည် ဖန်းလိုင်ကုန်းမြေ၏ အနာဂတ်အခြေအနေကို သက်ရောက်စေနိုင်သော်လည်း အခြားတန်ခိုးရှင်များအတွက် များစွာ သက်ရောက်မှုမရှိပေ။ သူတို့က လိုအပ်သည်ကိုသာ လုပ်ရန်လိုပေလိမ့်မည်။ ရီဖူရှင်း၏ စွမ်းရည်က သူတို့ကို ပြင်းထန်စွာ စိတ်လှုပ်ရှားစေခဲ့သည်။ သူတို့က ပြန်ကာ မိမိကိုယ်ကိုယ် တိုးတက်စေရန် ကျင့်ကြံရပေလိမ့်မည်။

ရီဖူရှင်းသည် တစ်ယောက်တည်းနှင့် မဟာလမ်းစဥ်စွမ်းရည် အမြောက်အမြားကို ကျင့်ကြံထားခဲ့၏။ သူက ထိုစွမ်းရည်များကို ပိုင်နိုင်ကျွမ်းကျင်ပေသည်။ သူ၏ စွမ်းအားက ကြောက်မက်ဖွယ်ပင်။ တန်ခိုးရှင်များသည် သူတို့ ဂုဏ်ယူနေခဲ့သော သူတို့၏ ကျင့်ကြံခြင်းက ရီဖူရှင်း ၏ ကျင့်ကြံခြင်းနှင့် မည်သို့မှ မယှဥ်နိုင်ကြောင်း သဘောပေါက်သွားကြပေသည်။

ဖန်းလိုင်ကုန်းမြေတွင် ကုန်သွယ်မှုအလဲအလှယ်လုပ်ရန် နေရာများ ရှိနေဆဲ ဖြစ်သည်။ အခြားတန်ခိုးရှင်များက သူတို့ ကျင့်ကြံခြင်းအတွက် သင့်တော်သော ရတနာကို ပြန်ယူဆောင်သွားနိုင်ပြီး အချိန်တစ်ခုထိ ကြိုးကြိုးစားစား ကျင့်ကြံကြတော့မည် ဖြစ်သည်။

ရီဖူရှင်းသည်လည်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ပြန်ရောက်လာခဲ့သည်။ ပိုင်မုနှင့် အခြားလူများက သူ့ဘေးတွင် ရှိနေကြသည်။ ရီဖူရှင်းက ပေ့ကုံးအော့နှင့် အင်ပါယာဟယ်လျန်ကို ပြောလိုက်သည်။ “စီနီယာတို့ ကိစ္စတွေက ဒီမှာ ဖြေရှင်းပြီးသွားပြီ။ ကျုပ်က တုံ့ယွမ်အိမ်တော်ကို ပြန်တော့မှာ မဟုတ်ဘူး။ တုံ့ယွမ်အိမ်တော်ကို စီနီယာတို့နှစ်ယောက်ဆီ လက်လွှဲပေးခဲ့မယ်ဆို ဘယ်လိုလဲ။”

“မင်းက မပြန်တော့ဘူးလား။” ပေ့ကုံးအော့က အံ့အားတသင့် အော်ဟစ်လိုက်သည်။ သူက ရီဖူရှင်းအနေနှင့် တုံ့ယွမ်အိမ်တော်သခင်အဖြစ် ဆောင်ရွက်ရန် မျှော်လင့်နေဆဲ ဖြစ်သည်။ အဆုံးမှာတော့ ရီဖူရှင်းက အနာဂတ်တွင် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည် မဟုတ်ပါလား။

သို့သော် ရီဖူရှင်း၏ အလားအလာကို စဥ်းစားလိုက်သည့်အခါ ပေ့ကုံးအော့က ရှင်းလင်းစွာ နားလည်ထားသည်။ တုံ့ယွမ်အိမ်တော်က ရီဖူရှင်းအား ဆွဲထားနိုင်မည် မဟုတ်ပေ။ သူက ထိုကုန်းမြေနှင့် မသက်ဆိုင်ပေ။ အမည်မဲ့ကုန်းမြေတစ်ခုက မည်သို့ဖြစ်၍ သူ့ကဲ့သို့ အစစ်အမှန် နဂါးတစ်ကောင်ကို မည်သို့ ဆွဲထားနိုင်မည်နည်း။

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်ပြန်ဖြေလိုက်သည်။ သူက ကောင်းကင်ဒေသသို့ ရောက်လာခြင်းမှာ သူ၏ စွမ်းရည်ကို မြှင့်တင်လိုပြီး ပိုမိုမြင့်မားသော အဆင့်သို့ တက်ရောက်ရန် ရည်ရွယ်ခြင်းကြောင့် ဖြစ်သည်။ တုံ့ယွမ်အိမ်တော်သည် သူ့အတွက် ခြေနင်းတုံးတစ်ခုသာ ဖြစ်သည်။ ယခု အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူ့ကျင့်ကြံမှုနောက်ခြေလှမ်းအဖြစ် ပို သင့်တော်ပေသည်။

“ပေ့ကုံးအော့ရဲ့ ကျင့်ကြံခြင်းက ကျုပ်ထက် မြင့်တယ်။” အင်ပါယာဟယ်လျန်က ပြောလိုက်သည်။ “အိမ်တော်သခင်က မပြန်တော့ဘူးဆိုရင် တုံ့ယွမ်အိမ်တော်ကို ပေ့ကုံးဆီ လွှဲပေးသင့်တယ်။ အခု ကုန်းမြေပေါ်မှာ သူ့ထက် အစွမ်းထက်သူ ဘယ်သူမှရှိမှာ မဟုတ်ဘူး။

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “တကယ်ပဲ စီနီယာပေ့ကုံးက တုံ့ယွမ်အိမ်တော်သခင်နေရာနဲ့ ပိုသင့်တော်တယ်။ စီနီယာဟယ်လျန်ကတော့ အရှေ့နတ်ဘုရားကျွန်းစုမှာနေပြီး ကျင့်ကြံလို့ရပါတယ်။”

“ကောင်းပြီ။” အင်ပါယာဟယ်လျန်က ပြန်ဖြေလိုက်သည်။ သူက ရီဖူရှင်း သူ့အား ကူညီစေလိုသည်အား နားလည်ပေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် များပြားလှသော ရတနာပစ္စည်းများကဲ့သို့ အခွင့်အလမ်းများစွာ ရှိနေပေသည်။ သူ့အား နေခဲ့၍ ဤနေရာ၌ အချိန်တစ်ခုထိ ကျင့်ကြံရန် မေးခြင်းမှာ ရီဖူရှင်းသည့် သူ၏ ကျင့်ကြံခြင်းအတွက် အကျိုးအမြတ်များလည်း ခွဲဝေပေးရန် ဆန္ဒရှိပေလိမ့်မည်။

ပေ့ကုံးအော့က နက်ရှိုင်းစွာ တွေးတောနေရင်း ထူးဆန်းသော အကြည့်တစ်ခု ထုတ်ဖော်ပြသလာသည်။ သူက တစ်ခုခု ကြံစည်နေပုံရလေသည်။ တခဏမျှ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်သည်။ “အိမ်တော်သခင်”

“ဟင်…” ရီဖူရှင်းက ပေ့ကုံးအော့ကို ကြည့်ကာ မေးလိုက်သည်။

“အရင်တုန်းကတော့ ကျုပ် တုံ့ယွမ်အိမ်တော်ကို ထိန်းချုပ်ဖို့ အမြဲ ဆန္ဒရှိခဲ့တာ။ ဒါပေမယ့် အခုတော့ တုံ့ယွမ်အိမ်တော်သခင်နေရာကို ယူဖို့ စိတ်ဝင်စားမှုပျောက်ဆုံးနေပုံရတယ်။ ဒီတစ်ခေါက် တုံ့ယွမ်အိမ်တော်ကို ပြန်သွားပြီးရင် ကျုပ်အိမ်မှာလည်း စီစဥ်စရာရှိတာ စီစဥ်ပြီး ဒီမှာ အိမ်တော်သခင် နောက်ကိုလိုက်ပြီး ကျင့်ကြံဖို့ပြန်လာပါ့မယ်။ အဲဒါကို ဘယ်လိုထင်လဲ။” ပေ့ကုံးအော့က ပြောလိုက်သည်။ သူသည် တုံ့ယွမ်အိမ်တော် သခင်ရာထူးကို ယူလိုက်ခြင်းထက် ရီဖူရှင်းနှင့်အတူ လိုက်ပါခြင်းက ပို၍ အဖိုးတန်ပေသည်။

အင်ပါယာဟယ်လျန်က မှင်တက်သွားကာ သူ၏ ခြေလှမ်းများပင် နှေးချသွားပေသည်။ ပေ့ကုံးအော့က ယခု အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်ပေသည်။ သူက ကုန်းမြေ၏ ထိပ်သီးတန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက တုံ့ယွမ်အိမ်တော်ကို ထိန်းချုပ်ရန်မှာ သင့်တော်ပေသည်။ ထိုသည်မှာ မည်သို့သော ဂုဏ်သရေမျိုး ဖြစ်သနည်း။

အင်ပါယာဟယ်လျန်က ပေ့ကုံးအော့ကို အားကျမနာလိုနေခဲ့သည်။ သို့သော် တစ်ဖက်လူက စိတ်ပြောင်းကာ အရာအားလုံးကို လက်လျှော့လိုက်သည်။ ပေ့ကုံးအော့က ရီဖူရှင်းနောက်သို့ လိုက်ပါ၍ ကျင့်ကြံရန် ဆန္ဒရှိနေပေသည်။ သူသည် ရီဖူရှင်းနောက်သို့ လိုက်ပါခြင်းဖြင့် မသိနိုင်သော ကံကြမ္မာမျိုးရှိပေသည်။ တန်ခိုးရှင်များသည် ရီဖူရှင်းနောက်သို့ သေချာပေါက် လိုက်ပါလိုကြပေလိမ့်မည်။ ရီဖူရှင်း၏ ကိုယ်ပိုင် တောက်ပမှုက သူ့အနီးမှ လူတိုင်းကိုပါ တောက်ပစေရန် လုံလောက်ပေသည်။

ကုန်းမြေတစ်ခု၏ ထိပ်သီးပုဂ္ဂိုလ်ဟူသော အဆင့်အတန်းကို စွန့်ပစ်၍ ရီဖူရှင်းနောက်သို့ လိုက်ပါကျင့်ကြံရန် ရွေးချယ်မှုမှာ ရဲတင်းသော လှုပ်ရှားမှုဖြစ်ပေသည်။

အင်ပါယာဟယ်လျန်သည် ပေ့ကုံးအော့က လိမ္မာပါးနပ်သူဖြစ်ကြောင်း သိရှိပေသည်။ ထိုသည်ကို ကြည့်ခြင်းဖြင့် သူသည် တုံ့ယွမ်အိမ်တော်သခင်ဖြစ်လာပြီး ကုန်းမြေ၏ ထိပ်သီးပုဂ္ဂိုလ်ဖြစ်လာမည့် အဆင့်အတန်းကို စွန့်လွှတ်ကာ ပိုမိုမြင့်မားသော နေရာထိ ပျံသန်းချင်ပုံရလေသည်။

ပေ့ကုံးအော့၏ ရည်မှန်းချက်က အလွန်မြင့်မားလှသည်။ အင်ပါယာဟယ်လျန်သည် သူ့ကိုယ်သူ ပေ့ကုံးအော့ထက် နိမ့်ပါးကြောင်း ခံစားလိုက်ရသည်။

ရီဖူရှင်းသည်လည်း ထိုအချက်အား အံ့အားသင့်နေခဲ့သည်။ သူက ပေ့ကုံးအော့ကို ကြည့်လိုက်၏။ ရီဖူရှင်းသည် ယခု အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ရပ်တည်မှုကို ခပ်ရေးရေး နားလည်သော်လည်း တုံ့ယွမ်အိမ်တော်မှ ပေ့ကုံးအော့ကို သူ့နောက် လိုက်ပါစေခြင်းက ပိုမို ယုံကြည့်ရန် ထိုက်တန်ပေသည်။ သူ့ဘေးတွင် အဆင့်ရှစ်ရန်ဟောင်တစ်ပါးရှိနေခြင်းက သူအသက်ရှင်ရပ်တည်ရန် ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးပေလိမ့်မည်။ စီဖုန်းကိုပါ ထည့်ပေါင်းလျှင် ရီဖူရှင်းက သာမန် အခြေအနေအား ဂရုစိုက်ရန် လိုအပ်လိမ့်မည် မဟုတ်ပေ။

“အတည်ပြောနေတာလား။” ရီဖူရှင်းက မေးလိုက်သည်။ အဆင့်ရှစ်ကျင့်ကြံသူတစ်ယောက်က အထွတ်အထိပ်တွင် ရပ်တည်နေပြီး ဖြစ်သည်။ ပေ့ကုံးအော့ ပြန်ရောက်သောအခါ ကုန်းမြေပေါ်တွင် ထိပ်သီးတန်ခိုးရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

“တကယ်ပြောတာ။ ကျုပ်အရင်ကတည်းက ဆုံးဖြတ်ဖူးတယ်။” ပေ့ကုံးအော့က ပြန်ဖြေလိုက်သည်။ သူက အလွန်တည်ငြိမ်စွာ ပြုံးလိုက်သည်။

“ကောင်းပြီ။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “ဒါက ခင်ဗျားအတွက် အဆင်မပြေဖြစ်စေလိမ့်မယ် စီနီယာ။”

“ဘာအဆင်မပြေတာမှ မရှိဘူး။ ကျုပ် ပြန်ရောက်တဲ့အခါ တုံ့ယွမ်အိမ်တော်ရဲ့ ကိစ္စတွေရော ယန်ကလန်ရဲ့ ပြဿနာကိုပါ ဖြေရှင်းလိုက်မယ်။” ပေ့ကုံးအော့က ပြောလိုက်သည်။ ယန်တုံ့ချင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ရီဖူရှင်းအား သစ္စာဖောက်ကာ ကျွင်းချိုးယွင်နှင့် ပူးပေါင်းသည့်အတွက် အသတ်ခံလိုက်ရသည်။ ယန်ကလန်နှင့် ပြဿနာက အနာဂတ်တွင် ပုန်းကွယ်နေသော အန္တရာယ်များအား တားဆီးရန်အတွက် ဖြေရှင်းဖို့ရာ လိုပေသည်။

“အင်း” ရီဖူရှင်းက ခေါင်းညိတ်ထားသည်။ “ဒါဆို စီနီယာ အရင်ပြန်ပြီး စီစဥ်လိုက်သင့်တယ်။ စီနီယာဟယ်လျန်က ဒီမှာ ခဏလောက် ကျင့်ကြံနေလိမ့်မယ်။ ကိစ္စတွေ ဖြေရှင်းတဲ့အခါကျ စီနီယာပြန်လာတဲ့အထိ စီနီယာဟယ်လျန်က တုံ့ယွမ်အိမ်တော် အရေးကိစ္စတွေကို တာဝန်ယူပေးထားလိမ့်မယ်။”

“ကိစ္စမရှိဘူး။” ပေ့ကုံးအော့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူက ပေ့ကုံးရွှမ်းကို ကြည့်ကာ ညွှန်ကြားလိုက်၏။ “ဒီမှာ နေခဲ့ပြီး အိမ်တော်သခင်ရီနဲ့အတူ ကျင့်ကြံပါ။”

“အင်း” ပေ့ကုံးရွှမ်းက သဘောတူကာ ခေါင်းညိတ်လိုက်သည်။ ဘေးဘက်မှ အင်ပါယာဟယ်လျန်က သူ့ကို ကြည့်လိုက်သည်။ ထိုလူအိုကြီးက သူ့သမီးအား ရီဖူရှင်းဘေးတွင် နေရစ်ခဲ့ရန် စီစဥ်နေသည်။ ‘ဒီအကြံအစည်သမား အဖိုးကြီးကတော့’

ရီဖူရှင်း၌သာ လက်တွဲဖော်ရှိနေပြီးသား မဟုတ်လျှင် ဤအကြံသမားအဖိုးကြီးက သူ့သမီးကို ရီဖူရှင်းအား တိုက်ရိုက် ခုန်အုပ်ရန် စေခိုင်းနိုင်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset