Switch Mode

အပိုင်း (၁၉၄၅)

ကျွင်းကလန်ပျက်စီးမှု ဆိုက်ရောက်ခြင်း

ထိုသည်မှာ ယွင်ကလန်မှ တန်ခိုးရှင်များအတွက်လည်း တူညီစွာ ခက်ခဲနေပေသည်။ သူတို့က အဆင့်ချင်းတူသော စန့်ကွမ်းကလန်နှင့် ရင်ဆိုင်နေကြရသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တန်ခိုးရှင်များသည်လည်း သူတို့ကို တစ်ခါတစ်ရံ ချောင်းမြောင်းတိုက်ခိုက်တတ်သည်။ ထို့ပြင် ရီဖူရှင်း၏ စွမ်းရည်က ရုတ်တရက် ထိုးတက်လာခဲ့သည်။ သူက ကျွင်းကလန်မှ ရန်ဟောင်များကို ဆက်လက်သတ်ဖြတ်နေပြီး သူတို့၏ အင်အားကို သိသိသာသာ ဆုတ်ယုတ်လာစေသည်။

စန့်ကွမ်းဟုန်နှင့် တိုက်ခိုက်နေသော ယွင်မု၏ အမူအရာက ဖြူဖျော့လာခဲ့သည်။ မဟာလမ်းစဥ်၏ အရှိန်အဝါက ကောင်းကင်မှနေ၍ သူတို့ပေါ်သို့ ဖိနှိပ်လာသည်။ သူက အေးစက်စွာနှင့် သူ့ရှေ့မှ စန့်ကွမ်းဟုန်အား ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ “စန့်ကွမ်းကလန်ကလည်း ဖန်းလိုင်ကုန်းမြေရဲ့ အင်အားစုတစ်ခုပဲ။ မင်းတို့ကလန်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဖန်းလိုင်ကုန်းမြေမှာ တစ်ခါထပ်ပြီးမြင့်တက်လာမှာကို စောင့်ကြည့်ဖို့ စီစဥ်နေတာလား။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက နှစ်ပေါင်းများစွာ တံခါးပိတ်နေခဲ့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က တကယ့်ကို ခမ်းနားကြီးကျယ်လိမ့်မယ်။ စန့်ကွမ်းဟုန် မင်း သူတို့ကို သစ္စာခံဖို့ရည်ရွယ်နေတာလား။”

စန့်ကွမ်းဟုန်က မလှုပ်မယှက် ကျန်ရှိနေသည်။ သူ့အမူအရာက သာမန်ပင် ဖြစ်သည်။ ယွင်မုက သူ့ကို သွေးထိုးရန် ကြိုးစားနေ၏။

နှစ်ဖက်လုံးက အချင်းချင်း အာဃာတရှိနေခဲ့ပြီး ဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ရပ်တည်မှုကို မသိခင် ယွင်ကလန်က ကျွင်းကလန်နှင့်ပေါင်းကာ စန့်ကွမ်းကလန်ကို ဖယ်ရှားရှင်းလင်းရန် အခွင့်အလမ်းရှာဖို့ရာ ကြံစည်ခဲ့သည်။ ယခု ယွင်မု၏ စကားများက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို သူတို့၏ ဘုံရန်သူအဖြစ် သတ်မှတ်နေပေသည်။

စန့်ကွမ်းဟုန်သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူတို့၏ ရန်သူမဟုတ်သည်ကို ရှင်းရှင်းလင်းလင်း သိရှိပေသည်။ သူသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက မည်သည့်အတွက် တံခါးပိတ်နေခဲ့ကြောင်း သိရှိပေသည်။

ထို့ပြင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဖန်းလိုင်ကုန်းမြေကို ဖိနှိပ်နိုင်သော စွမ်းရည်ရှိလျှင် မည်သူက သူတို့လမ်းတွင် ရပ်နိုင်မည်နည်း။ ကြီးမားသော အင်အားစုများပင် ထိုသို့လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ယခု စန့်ကွမ်းဟုန်က ရေစီးအတိုင်း လိုက်နေရုံသာ ဖြစ်လေသည်။

“ယွင်မု၊ မင်း အရင်တုန်းကတော့ ဒီအကြောင်း ဘာလို့မပြောခဲ့တာလဲ။” စန့်ကွမ်းဟုန်က မေးလိုက်သည်။ နောက်ထပ် ပြင်းထန်သော တိုက်ခိုက်မှုက တစ်ဖက်လူထံ တိုးဝင်သွားပြီး ယွင်မုက သူ့ခန္ဓာကိုယ်အား နောက်သို့ ဆုတ်ခွာလိုက်သည်။ ထိုသည်မှာ ယွင်မု၏ အကြည့်များကို အလွန်အမင်း ညို့မှိုင်းသွားစေသည်။ သူ့စိတ်စွမ်းအားက တိုက်ပွဲမြေပြင်တစ်ခွင် ဖြန့်ကျက်သွားသည်။ ရီဖူရှင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအား ဆက်လက်လုပ်ဆောင်နေသည်။ အဆင့်ရှစ်တန်ခိုးရှင်က ကျဆုံးသွားခဲ့သည်။ ထိုသို့ဆက်ဖြစ်နေလျှင် ကျွင်းကလန်၏ ရန်ဟောင်များက တဖြေးဖြေး မျိုးပြုန်းလုအောင် သတ်ဖြတ်ခံရကာ ကျွင်းကလန်အား အပြတ်အသတ် ရှုံးနိမ့်သွားစေပေလိမ့်မည်။

ထိုအခိုက်တွင် ကောင်းကင်စွမ်းအားက ကောင်းကင်ထက်မှ ရုတ်တရက် ကျဆင်းလာသည်။ ရွှေရောင်နတ်အလင်းက အောက်သို့ ကျဆင်းလာ၏။ ကောင်းကင်ထက်တွင် နတ်နန်းတော်များ ပေါ်ပေါက်လာသည်။ နတ်နန်းတော်များကြားတွင် အကြီးအကဲတစ်ယောက် ရပ်နေခဲ့သည်။ သူက အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ့အရှိန်အဝါက နှိုင်းယှဥ်၍ မရအောင် အစွမ်းထက်လှသည်။

ထိုသူက မဟာအကြီးအကဲတစ်ယောက် ဖြစ်သည်။ ရောက်လာသူကို မြင်လိုက်သည့်အခါ ကျွင်းကလန်မှ တန်ခိုးရှင်များ၏ မျက်လုံးတို့က လင်းလက်လာသည်။ သူတို့၏ ဘိုးဘေးရောက်လာပြီ ဖြစ်၏။ ကျွင်းရှောင်ယောင်က ကျွင်းကလန်ကို ဦးဆောင်နေပြီး လက်ရှိခေါင်းဆောင် ဖြစ်သည်။ သို့သော် ကျွင်းကလန်၏ အသန်မာဆုံးလူမှာ ထိုမဟာအကြီးအကဲ ဖြစ်သည်။ ကျွင်းကလန်၏ အုပ်ချုပ်မှုကို ကျွင်းရှောင်ယောင်အား လက်လွှဲပေးပြီးနောက် သူက ကျွင်းကလန် အရေးကိစ္စများတွင် မပါဝင်မပတ်သတ်တော့ဘဲ အရာအားလုံးကို ကျွင်းရှောင်နှင့် လွှဲပေးခဲ့သည်။ ထို့နောက် မဟာအကြီးအကဲမှာ သူ၏ လမ်းစဥ်ကို တံခါးပိတ်ကျင့်ကြံ၍သာ နေတော့၏။ သူက နောက်တစ်ဆင့်သို့ ချိုးဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

သူက နှစ်ပေါင်းများစွာ မအောင်မြင်ခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းမှာ ရန်ဟောင်အထွတ်အထိပ်အဆင့်တွင် ရောက်နေပြီး ဖြစ်သည်။ သူ့စွမ်းအားက ကြောက်မက်ဖွယ်ရာပင် ဖြစ်သည်။ သူက ကျွင်းကလန်၏ နောက်ကွယ်မှလူဖြစ်ပြီး သူတို့ကြားတွင် အစွမ်းထက်ဆုံး ဖြစ်ပေသည်။

ဤသို့ အခက်အခဲဖြစ်နေစဥ်အတွင်း မဟာအကြီးအကဲ ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ ထင်မထားမိကြပေ။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တန်ခိုးရှင်များနှင့် စန့်ကွမ်းကလန်မှ လူများသည် ထိုကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိသည့်အခါ မျက်မှောင်ကြုတ်လိုက်ကြသည်။ ကျွင်းကလန်၏ ဘိုးဘေးက ထွက်ပေါ်လာခဲ့သည်လား။ သူ့အရှိန်အဝါက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။

ချက်ချင်းပင် ကျယ်ပြောသော လေဟာနယ်အတွင်း ခမ်းနားထည်ဝါသော စွမ်းအားတို့ လွှမ်းခြုံနေခဲ့၏။ ကျွင်းကလန်၏ ဘိုးဘေးက ဒေါသတကြီးအော်ဟစ်လိုက်သည်။ မဟာလမ်းစဥ် ကောင်းကင်စွမ်းအားက သူတို့ထံသို့ ကျဆင်းလာသလို ထင်မှတ်ရကာ လူအုပ်ကြီး၏ စိတ်ထဲသို့ တိုးဝင်လာပေသည်။ တန်ခိုးရှင်များသည် သူတို့၏ သွေးနှင့် ချီတို့ ဗြောင်းဆန်နေသလို ခံစားလိုက်ရပေသည်။ သူတို့၏ မဟာလမ်းစဥ်စွမ်းအားများက ဖိနှိပ်ခံလိုက်ရသည်။ တိုက်ပွဲမြေပြင်မှ တိုက်ပွဲအားလုံးက သူ၏ အော်သံကြောင့် ခေတ္တရပ်တန့်သွားသည်။

စန့်ကွမ်းဟုန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူသည် ထိုလူအိုကြီးက မသေသေးဘဲ  တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာမည်ဟု ထင်မထားခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ့အရှိန်အဝါက အလွန် အစွမ်းထက်လာသည်။ ဤသည်မှာ ပြဿနာပင် ဖြစ်၏။

“တုံ့လိုင်နတ်ဘုရားအကြီးအကဲက အသတ်ခံလိုက်ရတာ နှစ်ပေါင်းများစွာ ကြာပြီ။ လက်ရှိ ဖန်းလိုင်ကုန်းမြေက အရင်ကနဲ့ မတူတော့ဘူး။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အပြင်လောကကိစ္စတွေကို ဂရုမစိုက်ဘဲ နေခဲ့တာ။ ဘာလို့အခုမှ ထွက်လာပြီး စွက်ဖက်နေကြတာလဲ။” ကျွင်းကလန် ဘိုးဘေးက မဟာလမ်းစဥ်၏ ဖိနှိပ်ခြင်းစွမ်းအားများ ပါဝင်နေသော အသံနှင့် ပြောလိုက်သည်။ မဟာလမ်းစဥ် ကောင်းကင်စွမ်းအားက ကောင်းကင်မှ ကျဆင်းလာနေ၏။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တန်ခိုးရှင်များက ထိုအရှိန်အဝါအား ခံစားမိသည့်အခါ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့သည် ထိုဘိုးဘေးအား မည်သူကမှ မဆန့်ကျင်နိုင်သည်အား သတိပြုမိလိုက်သည်။

ထိုဘိုးဘေးက ပြောလိုက်ပြီး သူ၏ လက်ဝါးကို မြှောက်ကာ အောက်ဘက် လေဟာနယ်ကို ဖိနှိပ်လိုက်သည်။ ၎င်းသည် ချက်ချင်းပင် ကောင်းကင်ကို ဖြတ်ကာ ပြိုကျပျက်စီးလာသည်။ ကြီးမားသော နတ်နန်းတော်ကြီးတစ်ခုက အောက်သို့ ကျဆင်းလာ၏။ လူတိုင်းက ၎င်း၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။ အနည်းငယ်သော အစွမ်းထက်တန်ခိုးရှင်များက သူတို့၏ မဟာလမ်းစဥ်စွမ်းအားများအား ထုတ်လွှတ်ကာ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ သို့သော်လည်း သူတို့၏ အားထုတ်မှုများက ဖိနှိပ် ဖျက်ဆီးခံလိုက်ရသည်။ သူတို့က ရန်သူ့တိုက်ခိုက်မှုကို တန်ပြန်မတားဆီးနိုင်ခဲ့ပေ။

“ဖန်းလိုင်ကုန်းမြေက အရင်ကနဲ့ မတူတော့တာ အမှန်ပဲ။ တုံ့လိုင်နတ်ဘုရားအကြီးအကဲက ဟိုးနှစ်ပေါင်းများစွာကတည်းက သုတ်သင်ခံလိုက်ရရင်တောင် ဖန်းလိုင်ကျွန်းပေါ်မှာ ယုံကြည်မှုလွန်ကဲပြုမူဖို့က အဖိုးကြီး ရှင့်အလှည့်မရောက်သေးဘူး။” အေးစက်ကာ မာနကြီးသော အသံတစ်ခုက ပြောလိုက်သည်။ ထိုစကားသံနှင့်အတူ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လှပသော ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ သူမက ပြိုင်ဘက်ကင်း ဧကရီတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။

သူမသည် ရှေ့သို့ ခြေလှမ်းလိုက်ကာ လေဟာနယ်ကို ချက်ချင်း ဖြတ်သန်းပြီး တစ်ဖက်လူ၏ ရှေ့၌ ထွက်ပေါ်လာသည်။ မြင့်မြတ်သော ဖီးနစ်က ကျယ်လောင်စွာ အော်မြည်လာခဲ့သည်။ သူတို့အနီးတွင် ဖီးနစ်ပုံရိပ်ယောင်များ ထွက်ပေါ်လာခဲ့၏။ တစ်ချိန်တည်းတွင် အလွန် ဝင့်ကြွားထည်ဝါသော ဖီးနစ်တစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်းက မဟာလမ်းစဥ်နတ်မီးလျှံများကို မှုတ်ထုတ်ကာ ၎င်း၏ လမ်းကြောင်းအတွင်း အရာအားလုံးကို အရည်ပျော်စေပြီး ကျွင်းကလန် ဘိုးဘေးထံ တိုးဝင်သွားခဲ့သည်။

နတ်နန်းတော်များက ကျွင်းကလန်ဘိုးဘေးအား လှည့်ပတ်နေပြီး မဟာလမ်းစဥ် နတ်မီးလျှံက သူ့အား မထိအောင် တားဆီးပေးထားသည်။ သို့သော် ကြီးမားလှသည့် ဖီးနစ်ကြီးက မီးလျှံများကို မှုတ်ထုတ်လိုက်ပြီး ၎င်း၏ မီးလျှံများက လေဟာနယ်အတွင်း မျောလွင့်နေကာ နတ်နန်းတော်အား လွှမ်းခြုံသွားပေသည်။ နတ်နန်းတော်က ချက်ချင်းပင် အရည်ပျော်ကာ ဖျက်ဆီးခံလိုက်ရသည်။

၎င်းမှာ ဝူထုံနတ်မီးလျှံဖြစ်သည်။ လူအုပ်ကြီးက နတ်မီးလျှံတို့ကို ကြည့်လိုက်ကြ၏။ ထိုသည်မှာ တုံ့လိုင်နတ်ဘုရားအကြီးအကဲ ကျင့်ကြံခဲ့သော နတ်မီးလျှံက ဖြစ်သည်။ ၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး မည်သည့်အခါမှ ငြှိမ်းသတ်၍ မရနိုင်သော ဖျက်ဆီးခြင်းမီးလျှံဖြစ်သည်။ သို့သော် ၎င်းက သက်ရှိအားလုံးကို ပျိုးထောင်ပေးနိုင်သော အဆုံးမဲ့ နတ်မီးလျှံလည်း ဖြစ်ပေသည်။

“ရှင်ပြောတာ မမှားဘူး။ ရှင်က တံခါးပိတ်ကျင့်ကြံနေမှတော့ အဲဒီမှာပဲနေလေ။ အချိန်အကြာကြီး အသက်ရှင်လာပြီးမှ အခု ဘာလို့ သေချင်နေရတာလဲ။” လေထဲတွင် ဆံနွယ်များ တဖျတ်ဖျတ် လွင့်နေသော အမျိုးသမီးက ပြောလိုက်သည်။ သူမက ကျက်သရေရှိ လှပပြီး လွှမ်းမိုးနိုင်စွမ်း ရှိပုံပေါ်သည်။ သူမ အသံက သြဇာလွှမ်း၏။ ထာဝရလောင်ကျွမ်းနေသော မီးလျှံများအောက်တွင် နတ်နန်းတော်များက တဖြေးဖြေး အရည်ပျော်ကျကာ ဖျက်ဆီးခံလိုက်ရပြီး ကျွင်းကလန် ဘိုးဘေးအား မျက်မှောင်ကြုတ်လာစေသည်။

ထိုမီးက ပြီးပြည့်စုံသော အဆင့်သို့ ချဥ်းကပ်နေပြီ ဖြစ်သည်။

သူမက အလွန် အစွမ်းထက်လှသည်။ လူအုပ်ကြီးက ထိုမြင်ကွင်းကို မြင်သည့်အခါ အံ့အားသင့်သွားကြသည်။ ကျွင်းကလန်ဘိုးဘေးက ထိုမီးလျှံစွမ်းအားကို ခံနိုင်ရည်စွမ်းမရှိပေ။ ထိုဘိုးဘေးက အံ့အားသင့်ဖွယ် စွမ်းရည်ရှိသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဖက်လူ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

သူမက ချို့ယွင်းချက်ကင်း ရန်ဟောင်များလားဟု အချို့လူများက တွေးလိုက်ကြသည်။

ထိုသည်မှာ မမှန်ကန်ပေ။ သူမက ချို့ယွင်းချက်ကင်း အဆင့်ကိုးရန်ဟောင်တစ်ပါးဖြစ်လျှင် အလွန် အစွမ်းထက်ပေလိမ့်မည်။ ကျွင်းကလန်ဘိုးဘေးက တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ဘဲ ချက်ချင်း အသတ်ခံလိုက်ရပေလိမ့်မည်။ သူမက မဟာလမ်းစဥ် နတ်မီးလျှံကို သန့်စင်ထားခဲ့သည့်အတွက် ထိုမျှ ကြောက်မက်ဖွယ် ကောင်းနေခြင်း ဖြစ်ရပေမည်။

ဘုန်း….

ကျွင်းကလန်ဘိုးဘေး၏ အကြည့်များက အေးစက်နေသည်။ သူက အမှန်တကယ်ပင် အမျိုးသမီးငယ်လေး၏ ဖိနှိပ်ခြင်းကို ခံနေရသည်။ သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲနှင့် တစ်ခေတ်တည်းတွင် ရှိခဲ့ကာ သူအသက်ရှင်နေခဲ့သည်မှာ ကြာညောင်းလှပြီ ဖြစ်၏။ သို့ပေမယ့် သူတို့က တူညီသော မျိုးဆက်မှ အဖွဲ့ဝင်များ ဖြစ်နေလျှင်ပင် သူတို့၏ အဆင့်အတန်းက မတူညီပေ။

သို့သော် ယခုတွင် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူက သူ့အား ဖိအားပေးနေခဲ့ပေသည်။

မရေတွက်နိုင်သော နတ်နန်းတော်များက သူတို့ကို လှည့်ပတ်နေသည်။ တောက်ပကာ ခမ်းနားထည်ဝါသော မြင်ကွင်းက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ သူက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး လက်ကို ရှေ့သို့ မြှောက်လိုက်သည်။ သူတို့အနီးမှ နတ်နန်းတော်များက ပြိုင်ဘက်ကင်း စွမ်းအားများနှင့်အတူ ချက်ချင်းပင် အရှေ့နတ်ဘုရားကျွန်းစုသခင် ဘက်သို့ တိုးဝင်သွားလေသည်။

သို့သော် ထိုအခိုက်အတန့်တွင် ကျွန်းသခင်က အေးစက်စွာ နှာမှုတ်လိုက်၏။ နတ်သစ်ပင်တစ်ပင်က ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ထိုသည်မှာ ဝူထုံနတ်သစ်ပင် ဖြစ်လေသည်။ ယင်းက ကောင်းကင်နှင့် နေမင်းအား ပိတ်ကွယ်ဖုံးလွှမ်းသွားကာ ၎င်း၏ သစ်ရွက်တစ်ခုချင်းစီတွင် နတ်မီးလျှံစွမ်းအားများ ပါဝင်နေခဲ့သည်။ ဝူထုံနတ်သစ်ပင်တစ်ခုလုံးကို အရူးအမူး ထိုးထွက်လာနေသော မီးလျှံများနှင့် ဖုံးလွှမ်းထားသည်။ ၎င်းက ကောင်းကင်တွင် ဖြန့်ကျက်လာနေပြီး ချက်ချင်းပင် အောက်သို့ ကျဆင်းလာနေသော နတ်နန်းတော်များကို ရစ်ပတ်နေခဲ့၏။

နတ်နန်းတော်များက ၎င်းတို့အား တိုက်ခိုက်လာသည့် အရာအားလုံးကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုရှေးဟောင်းသစ်ပင်က အကိုင်းအခက်နှင့် သစ်ရွက်များအတွင်း ရစ်ပတ်လိုက်၏။ နတ်နန်းတော်များ၏ စွမ်းအားက ဆက်လက်၍ အားနည်းလာနေသည်။ ထို့ပြင် မီးလျှံများက နတ်နန်းတော်များအား ဆက်လက်ဝါးမြိုနေပြီး ကျွန်းစုသခင်ထံ ရောက်မလာခင် မည်သည်မှမကျန်တော့သည်ထိ အရည်ဖျော်ဖျက်ဆီးခံလိုက်ရလေသည်။

ဘုန်း…

ကျွန်းသခင်၏ မီးလျှံကဲ့သို့ နီရဲနေသော ဖီးနစ်ဝတ်ရုံက လေထဲတွင် ကခုန်နေကာ သူမ၏ ဆံနွယ်များကလည်း လေထဲ၌ မျောလွင့်နေသည်။ ဝူထုံနတ်သစ်ပင်ကလည်း အပြင်ဘက်သို့ ဆက်လက် ဖြန့်ကျက်နေသည်။ မရေတွက်နိုင်သော သစ်ရွက်များက ကြီးမားလာနေသော နတ်သစ်ပင်မှ ပျံသန်းထွက်လာနေသည်။ ၎င်းတို့က ပြိုင်ဘက်၏ ပုံရိပ်ဆီ ပျံသန်းသွားကာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်လာပေသည်။

ချက်ချင်းပင် သစ်ရွက်များက မီးလျှံကဲ့သို့နီရဲနေသော အစစ်အမှန် ဖီးနစ်မီးလျှံအမွေးအတောင်များ ဖြစ်လာခဲ့သည်။ နတ်ဖီးနစ်တစ်ကောင် ထွက်ပေါ်လာကာ ချက်ချင်းပင် ကျွင်းကလန်ဘိုးဘေးအား လွှမ်းခြုံလိုက်သည်။ ၎င်းက မီးလျှံများအား မှုတ်ထုတ်ကာ ကျွင်းကလန်ဘိုးဘေးရပ်နေရာသို့ ကျူးကျော်သွားပေသည်။

ဘိုးဘေး၏ ပုံရိပ်က လျင်မြန်စွာ လှုပ်ရှားသွားပြီး နတ်နန်းတော်များက သူ့ပုံရိပ်အား လွှမ်းခြုံလိုက်သည်။ သူသည် ထိုမဟာလမ်းစဥ်နယ်မြေ၏ အပြင်သို့ ထွက်ချင်နေခဲ့သည်။ သို့သော် ဖီးနစ်က မီးလျှံများကို မှုတ်ထုတ်လိုက်ကာ ကောင်းကင်အား ဖုံးလွှမ်းထားသည့် ဝူထုံနတ်သစ်ပင်က သူ့အပေါ်မှ ကျဆင်းလာကာ နေကိုပင် ပိတ်ကွယ်သွားလေသည်။ ၎င်းက လေဟာနယ်ကို လွှမ်းခြုံကာ ထိုနေရာအား အပြည့်အဝ ချိပ်ပိတ်လိုက်၍ မဟာလမ်းစဥ်မီးလျှံ၏ အကြွင်းမဲ့နယ်မြေ ဖြစ်တည်လာစေသည်။

ထိုသည်မှာ ကျွင်းကလန်ဘိုးဘေးအတွက် ကောင်းသောအဆုံးသတ် မဖြစ်နိုင်ဟု ထိုမြင်ကွင်းကို ကြည့်နေသော တန်ခိုးရှင်များက တွေးလိုက်ကြသည်။ ထိုကျွန်းသခင်က အလွန် အစွမ်းထက်ပေသည်။ သူမ၏ မဟာလမ်းစဥ် နတ်မီးလျှံ ကန့်သတ်နယ်မြေက ပြိုင်ဘက်အား ဖိနှိပ်နိုင်သည်။ ထိုသည်မှာ သူ့အား သတ်ဖြတ်ရန် လုံလောက်ပေသည်။

ကျွင်းကလန်မှ တန်ခိုးရှင်များက ထိုမြင်ကွင်းကို မြင်သည့်အခါ အလွန်ပူပန်လာကြသည်။ အများစု၏ အမူအရာက ဖြူဖျော့နေခဲ့သည်။ ကျွင်းကလန်ဘိုးဘေးက မီးလျှံကြောင့် သေသည်ထိ လောင်ကျွမ်း ခံခဲ့ရလျှင် မည်သို့ ဆက်ဖြစ်လိမ့်မည်နည်း။

ကျွင်းကလန်က ပျက်စီးခြင်းကပ်ဘေးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ထိုမျှ လွှမ်းမိုးနိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူကမှ မခန့်မှန်းနိုင်ခဲ့ကြပေ။ ထိုအမျိုးသမီး ကျွန်းသခင်က အများမြင်ကွင်း၌ မည်သည့်အခါကမှ လူလုံးထွက်မပြခဲ့ဖူးသော တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဖြစ်ကာ အမှန်တကယ် အစွမ်းထက်လှပေသည်။

မဟာလမ်းစဥ် နတ်မီးလျှံ၏ ကန့်သတ်နယ်မြေက သိမ်မွေ့နက်နဲလာသည်ဟု ထင်မှတ်ရသည်။ ထိုကန့်သတ်နယ်မြေအတွင်း ကျွင်းကလန်ဘိုးဘေးက ရုန်းကန်နေရသည်။ သူသည် လွတ်လမ်းရှာချင်သော်လည်း မဟာလမ်းစဥ်နတ်ဝင်ရိုးက ကောင်းကင်ကို ဖုံးလွှမ်းထားသော နတ်သစ်ပင်မှ အသွင်ပြောင်းထားခြင်း ဖြစ်ပြီး အကြွင်းမဲ့ နယ်မြေတစ်ခု ဖန်တီးလာသည်။ သူက မီးလျှံစွမ်းအားကို တောင့််မခံနိုင်ခဲ့လျှင် ရလဒ်က သေဆုံးခြင်း တစ်ခုတည်းသာ ဖြစ်နိုင်ပေသည်။

“ကြည့်ရတာ ကျုပ် တကယ့်ကို အိုနေပြီပဲ။ ကျုပ်ရဲ့ ကျွင်းကလန်က အညံ့ခံပြီး ထွက်သွားပါ့မယ်။ နောက်ပိုင်းမှာ  အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက တန်ခိုးရှင်တွေနဲ့ လမ်းမှာ တွေ့ခဲ့ရင် ကျုပ်တို့က ရှောင်ပေးပြီး လမ်းဖယ်ပေးပါ့မယ်။” နယ်မြေအတွင်းမှ အသံတစ်ခုက ပြောလိုက်သည်။ တစ်ချိန်က လွှမ်းမိုးနိုင်သော ကျွင်းကလန်ဘိုးဘေးက မျက်စိတစ်မှိတ်အတွင်းမှာပင် အားနည်းသော လက္ခဏာတို့ကို ပြသလာသည်။

ထိုအသံသည် ကျွင်းကလန်မှ အဖွဲ့ဝင်တို့ကို နှလုံးသားထဲထိ အေးစက်မှုအား ခံစားရစေပေသည်။ သူတို့က မည်သည်တို့ ဖြစ်နေသည်အား နားလည်သွားပုံရလေသည်။

“ရှင် အိပ်မက်မက်နေတာလား။” အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်က ဂရုမစိုက်ဟန်နှင့် ပြန်ဖြေလိုက်သည်။ သူမ၏ မီးလျှံများက ပို၍ ပူပြင်းလာပေသည်။

“ကျွန်းသခင်က ဘာလိုချင်တာလဲ။” တစ်ဖက်လူ၏ အသံက အနည်းငယ် ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။

“ရှင်က ဒီကို ရောက်လာမှတော့ ဒီမှာပဲ ကျန်နေခဲ့ရမှာပေါ့။” ကျွန်းသခင်၏ အသံက လွှမ်းမိုးနိုင်နေဆဲပင် ဖြစ်သည်။ မကြာခင်မှာပင် သနားစဖွယ် နာကျင်စွာအော်ဟစ်သံတို့ ထွက်ပေါ်လာပေသည်။ တစ်ဖက်လူ၏ အသံက ပို၍ စိုးရိမ်ပူပန်လာကာ ပြောလိုက်သည်။ “အနာဂတ်မှာ ကျွင်းကလန်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ဦးဆောင်မှုနောက် လိုက်ဖို့ ဆန္ဒရှိပါတယ်။”

“မလိုအပ်ဘူး။”

သူက အေးစက်သော အသံနှင့် ပြောလိုက်သံအား ကြားလိုက်ရပေသည်။ အလွန် လျင်မြန်စွာနှင့် နာကျင်စွာ အော်ဟစ်သံများက လေထဲတွင် ပြည့်နှက်လာသည်။ ကျွင်းကလန်မှ တန်ခိုးရှင်များ၏ နှလုံးသားများက မရပ်မနားခုန်လှုပ်နေခဲ့သည်။ သူတို့က သူတို့၏ အဆုံးသတ်ကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။

သူတို့၏ ဘိုးဘေးပင် အသတ်ခံရလျှင် သူတို့က မည်သည့်အလှည့်အပြောင်းကို လုပ်ဆောင်နိုင်ပါတော့မည်နည်း။

လူအုပ်ကြားမှ ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်ကို ကြည့်လိုက်သည်။ သူယနေ့ မြင်တွေ့ခဲ့ရသော အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ စွမ်းရည်က တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးသည်။ အမှန်တွင် ထိုကြီးမားသော တိုက်ပွဲက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအား ပြဿနာများများ မပေးနိုင်ပေ။

ကျွင်းကလန်၏ ကံကြမ္မာက ဆုံးဖြတ်ပြီးခဲ့ပြီ ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset