Switch Mode

အပိုင်း (၁၉၄၄)

စွန့်ခွာခြင်းနှင့် သတ်ဖြတ်ခြင်း

အဝေးတွင် အားကောင်းသော ကျင့်ကြံသူများက သူတို့ရှေ့မှ မြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။ ကုန်းမြေအားလုံး၏ တန်ခိုးရှင်များက ရန်ဟောင်အဆင့်ရောက်ရှိနေသော ထိပ်သီးအဆင့် တန်ခိုးရှင်များနှင့် အဆက်အသွယ် မရှိကြသော်လည်း သူတို့သည် ပါရမီရှင်များစွာကို မြင်ခဲ့ဖူးကြပေသည်။

သို့သော်လည်း ထိုမျှ လွှမ်းမိုးနိုင်စွမ်းရှိသော အဆင့်နိမ့်ရန်ဟောင်ကိုဖြင့် မည်သည့်အခါကမှ မြင်ဖူးခဲ့ခြင်း မရှိပါချေ။

သူ့ကို တိုက်ခိုက်လာသည့် လူအားလုံးက အဆင့်ခုနစ်မှ အဆင့်မြင့်ရန်ဟောင်များ ဖြစ်လေသည်။ ထိုသူများ အားလုံးက ဖန်းလိုင်ကုန်းမြေ၏ ထိပ်သီးအင်အားစုတစ်ခုဖြစ်သော ကျွင်းမိသားစု၏ အဓိကအဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့ကို အားကောင်းလှသည့် တန်ခိုးရှင်များက ဝန်းရံထားပြီး မဟာလမ်းစဥ် စွမ်းအားများကို ပေါင်းစပ်ကာ တစ်ချိန်တည်းတွင်တိုက်ခိုက်လိုက်သည်။ သို့သော် သူတို့က ချက်ချင်းပင် တန်ပြန်တိုက်ခိုက်ခံရကာ အသတ်ခံခဲ့ကြရသည်။ မည်သူမှ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိခဲ့ပေ။

အဆင့်နိမ့်ရန်ဟောင်တစ်ယောက်က မည်သည့်အချိန်ကပင် ထိုမျှ အားကောင်းသန်မာသော တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်နိုင်ခဲ့ကြသနည်း။

သူတို့သည် လောကကြီးအား လုံလောက်အောင် မြင်ဖူးခဲ့ခြင်း မရှိဟုသာ ခံစားမိပေသည်။

“သူ့စွမ်းရည်က ဘာလဲ။” ကုန်းမြေအားလုံးမှ တန်ခိုးရှင်များက ရီဖူရှင်းဖော်ပြခဲ့သော တိုက်ပွဲခွန်အားနှင့် ပတ်သတ်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆွေးနွေးနေကြ၏။

“တပြိုင်တည်းတိုက်ခိုက်လာတွေမှာ သူ ဖော်ပြသွားခဲ့တဲ့ မဟာလမ်းစဥ်စွမ်းရည်က အနည်းဆုံး သုံးမျိုးလောက်တော့ ရှိလိမ့်မယ်။” အချို့လူများက ဆွံ့အသွားခဲ့သည်။ ထို့ပြင် မဟာလမ်းစဥ်စွမ်းရည်တစ်ခုချင်းစီက ကြောက်မက်ဖွယ် ကောင်းလှသည်။

“သုံးခုထက်ပိုပြီးတော့ ရှိသေးတယ်။” သူ့ဘေးမှလူက ရေရွတ်လိုက်ပြီး လူအများက သဘောတူလိုက်ကြသည်။

ဓားစွမ်းရည်၊ အသံလှိုင်းစွမ်းအား၊ မီးလျှံလမ်းစဥ်၊ ယင်စွမ်းအား စသည်တို့အပြင် ထိုနတ်သစ်ပင်။

စွမ်းရည်တစ်ခုချင်းစီက ကြောက်မက်ဖွယ် ကောင်းလှသည်။ ထို့ပြင် သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုးက ပြီးပြည့်စုံပေသည်။ မည်သည်ကမှ ၎င်းကို သံသယမရှိပေ။ မဟုတ်လျှင် သူက ထိုသို့သော တိုက်ပွဲစွမ်းရည်မျိုးကို ထုတ်ဖော်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

သူတို့ကိုမဆိုထားနှင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ရီဖူရှင်း၏ တိုက်ခိုက်မှုကို မြင်ဖူးထားသူများသည်ပင် အတော်လေး အံ့အားသင့်ထိတ်လန့်နေကြ၏။ ရီဖူရှင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ရှိစဥ်က အဆင့်ခုနစ်ရန်ဟောင်ကို သတ်ဖြတ်နိုင်ခဲ့သည်ဆိုသော်လည်း ယခုတွင် သူက ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။ ထို့ပြင် သူက ပိုမိုတိုက်ရိုက်ကျကာ ပိုင်နိုင်လွှမ်းမိုးနိုင်သော ရပ်တည်မှုနှင့် ချေမွ သတ်ဖြတ်ခဲ့ခြင်း ဖြစ်လေသည်။

ထိုသည်မှာ အဆင့်ခုနစ်တန်ခိုးရှင်များက လက်ချောင်းလေးဖြင့်ပင် ဖျက်ဆီးပစ်နိုင်သော ပုရွက်ဆိတ်လေးများကဲ့သို့ပင် လူအများကို ခံစားမိစေသည်။

သို့သော် အမှန်တွင် ထိုသို့သော အဆင့်ခုနစ်ရန်ဟောင်များက အဆင့်မြင့်ရန်ဟောင်များ ဖြစ်နေပြီဖြစ်ကာ ရန်ဟောင်အများစု၏ အထက်တွင် ရပ်တည်နေနိုင်ကြပေသည်။ ကောင်းကင်ဒေသတစ်ခုလုံးကို အခြေခံလျှင်ပင် သူတို့က ကောင်းကင်ဒေသ၏ တန်ခိုးရှင်များအကြား အဆင့်မြင့်သည်ဟု သေချာပေါက် ဆုံးဖြတ်နိုင်ပေလိမ့်မည်။ သို့သော် ထိုအခိုက်တွင် သူတို့က အလွန် ထိခိုက်လွယ်နေခဲ့သည်။

မည်သူက အားကောင်းသန်မာသနည်းဟု ဆုံးဖြတ်ရာတွင် သူတို့က မည်သူနှင့် ယှဥ်နေသနည်းဟူသည့်အပေါ်၌ မှီခိုနေပေသည်။

ထိုသန်မာသော တန်ခိုးရှင်များ ကျဆုံးကုန်သည်ကို ကြည့်ရင်း ကျွင်းကလန်မှ ရန်ဟောင်များ၏ မျက်နှာက မည်းမှောင်လာခဲ့၏။ သူက မည်မျှ သန်မာအားကောင်းသနည်း။ သူတို့၏ ကျောရိုးတလျှောက် စိမ့်ကာ အေးစက်လာသည့် အအေးလှိုင်းစွမ်းအားက မည်မျှ အစွမ်းထက်လိမ့်မည်နည်း။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူ့ကို ကာကွယ်ရန်အတွက်နှင့် စစ်ဆင်းဖို့ရာ ကြိုးစားခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။

ကျွင်းချိုးယွင်က အဝေးသို့ ခေါ်ဆောင်သွားခံရသည်။ ထိုအသတ်ခံနေရသူများက သူနှင့် သွေးသားဆက်နွယ်နေသော ကလန်သားများ ဖြစ်လေသည်။ သို့သော် ဤအဖြစ်အပျက်ကြောင့် သူတို့အားလုံးက ရီဖူရှင်းလက်၌ သေခဲ့ရသည်။ သူက အလွန် ရှုပ်ထွေးသာ ခံစားချက်များကို ခံစားနေခဲ့ရသည်။ သူ့တွင် အဆုံးမဲ့ အမုန်းတရားနှင့် နာကြည်းချက်များ ရှိနေခဲ့သည်။ အရာအားလုံးက ရီဖူရှင်းကြောင့် ဖြစ်ပေသည်။

သို့သော် အားကောင်းလှသည့် နောင်တတရားလည်း ရှိနေသည်။ သူသာ ဖန်းလိုင်နတ်ရေကန်၌ တဇွတ်ထိုးတဇောက်ကန်း မလုပ်ခဲ့ပါလျှင် ရီဖူရှင်းကို ရန်စမိလိမ့်မည် မဟုတ်ပေ။ ထိုသို့လုပ်မိခဲ့လျှင်ပင် သူက ထိုပြဿနာအား ရှေ့ဆက်ရန် မကြိုးစားခဲ့ပါက ဤအရာအားလုံး ဖြစ်ပျက်လာခဲ့မည် မဟုတ်ပါချေ။

သူ့ရှေ့မှ အခြေအနေကို မြင်သောအခါမှ သူသည် မိသားစုအတွင်း မုန်တိုင်းတစ်ခုကို သယ်ဆောင်လာမိကြောင်း ရှင်းလင်းစွာ သတိပြုမိခဲ့ပြီး ထိုမုန်တိုင်းက သူ့မိသားစုအား ပျက်စီးခြင်း ဆိုက်ရောက်စေခဲ့သည်။

ထို့အပြင် သူတို့က ထိုအခြေအနေမှ လွတ်မြောက်နိုင်စွမ်းမရှိသည့် ကံကြမ္မာရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့က ရှေ့သို့ ဆက်တိုးရန်သာ လုပ်ဆောင်နိုင်၏။

ကျင့်ကြံခြင်းလောကတွင် တစ်စုံတစ်ယောက်က အားနည်းလာသည့်အခါ မည်သူကမှ သူတို့၏ အမှားကို ခွင့်လွှတ်ကာ သက်ညှာပေးလိမ့်မည် မဟုတ်ပေ။ သူတို့က အနာဂတ်တွင် ပြဿနာရှင်းစေရန် အမြစ်မှတူးကာ အပြတ်ဖြတ်လိမ့်မည် ဖြစ်သည်။

“သူ့ကို သတ်” တိုက်ပွဲတွင်းမှ ကျွင်းရှောင်ယောင်က အော်ဟစ်လိုက်သည်။ သူက တားဆီးခြင်းခံထားရသော်လည်း ရီဖူရှင်းတို့ဘက်မှ တိုက်ပွဲကို မြင်နိုင်နေဆဲဖြစ်သည်။ ထိုသည်မှာ စိတ်စွမ်းအားမျှင်တစ်ခုအား ခွဲထုတ်ကာကြည့်လျှင် လုံလောက်ပေသည်။ ရီဖူရှင်း၏ ခွန်အားကို မြင်သောအခါ သူသည် နောက်ပြန်မဆုတ်ချင်ရုံသာမက ပိုမိုခိုင်မာသည့် ဆုံးဖြတ်ချက်ပင် ဖြစ်ပေါ်လာသေးသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဤတိုက်ပွဲသို့ ထဲထဲဝင်ဝင် ပါဝင်မလာခင် ရီဖူရှင်းအား သတ်ပစ်ရပေလိမ့်မည်။ မဟုတ်လျှင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဤပါရမီရှင်အတွက် မည်သည့်တန်ဖိုးမဆို ပေးဆပ်၍ စစ်ပွဲဆင်နွှဲပေလိမ့်မည်။

အဆင့်ကိုးရန်ဟောင်တစ်ယောက် ဖြစ်သော ကျွင်းရှောင်ယောင်သည်ပင် ရီဖူရှင်း၏ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ကြုံရသည့်အခါ ရီဖူရှင်းက သူ တွေ့ဖူးသမျှ အဆင့်နိမ့်ရန်ဟောင်များထက် အပြတ်အသတ် သာလွန် ထူးချွန်သည်ကို ဝန်ခံရပေမည်။

“ခင်ဗျားက ကျုပ်ကို တားနိုင်မှာလား။” သူက ရှေ့မှ လူအိုကြီးကို ကြည့်လိုက်သည်။ အစီအရင် ဝင်္ကပါက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လေဟာနယ်အတွင်း ဆုပ်ကိုင်လိုက်သည်။ သူ့အတွက် ရီဖူရှင်းအား သတ်ရန် နည်းလမ်းမရှိသည့်အတွက်ကြောင့် အခြားသန်မာသည့်သူများကိုသာ ထိုသို့ လုပ်ဆောင်ရန် အမိန့်ပေးနိုင်ပေသည်။

“ကျွင်းရှောင်ယောင် ဒီတစ်ခေါက် မင်း လမ်းရွေးမှားသွားပြီ။” လူအိုကြီးက တုံ့ပြန်လိုက်သည်။ ကျွင်းမိသားစုက ဖန်းလိုင်ကုန်းမြေ၏ ထိပ်သီးအဆင့်အင်အားစုတစ်ခု ဖြစ်သော်လည်း သူတို့သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရှေ့တွင် စစ်ပွဲစတင်ရန် မရွေးချယ်သင့်ပေ။ သူက ကျွင်းမိသားစု၏ သဘောထားကို နားလည်ပေးနိုင်သည်။ အဆုံးမှာတော့ ကျွင်းမိသားစုဝင် အစွမ်းထက် တန်ခိုးရှင်များစွာက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ အသတ်ခံခဲ့ရသည် မဟုတ်ပါလား။ ကျွင်းရှောင်ယောင်၏ သား ကျွင်းချိုးယွင်က ဒုက္ခိတ ဖြစ်သွားခဲ့သည့်အတွက် အခြားတစ်ဖက်မှတွေးလျှင် ရီဖူရှင်းအား သတ်ဖြတ်ခြင်းက လွန်ကျူးခြင်း မရှိပေ။

သို့သော် အချိန်က အချိန်ကောင်း ဟုတ်မနေပေ။ ကျွင်းရှောင်ယောင်က တိုက်ရိုက်ဦးတည်မလာခဲ့သင့်ချေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ပါဝင်တိုက်ခိုက်ခြင်းရှိမည်မဟုတ်ဟု မျှော်လင့်ထားခြင်းမှ မဟုတ်လျှင် သူ၏ ထွက်ပေါ်လာမှုက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို လက်မရှောင်နိုင်စေရန် ဖိအားပေးနေကြောင်း သိသင့်ပေသည်။ ထိုသို့လုပ်ဆောင်ခြင်းက သူတို့ကိုယ်သူတို့ ပြန်ဆုတ်စရာလမ်းမရှိအောင် လုပ်လို့သကဲ့သို့ပင် ဖြစ်လေသည်။

ယခု အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက စစ်ဖြစ်ရန် ရွေးချယ်လိုက်ပြီ ဖြစ်သည်။ ကျွင်းမိသားစုက နောက်ဆုတ်ချင်လျှင်ပင် မဖြစ်နိုင်တော့ချေ။

“အမှားအမှန်ဆိုတာ ဘာလဲ။” ကျွင်းရှောင်ယောင်က ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏ အသံက လေဟာနယ်ကို တုန်ခါသွားစေပြီး သူ၏ တိုက်ခိုက်မှု မဟာလမ်းစဥ်စွမ်းအားက ကျဆင်းလာသည်။ မရေတွက်နိုင်သော နတ်နန်းတော်များက ကောင်းကင်မှ ကျဆင်းလာနေပြီး လေဟာနယ်ကို ဖိနှိပ်ကာ ကွဲအက်သွားစေရန် ကြိုးစားနေသည်။

ကျွင်းမိသားစုမှ သန်မာသော တန်ခိုးရှင်များက အရှေ့နတ်ဘုရားကျွန်းစု၌ အသတ်ခံလိုက်ရသည်။ ကျွင်းမိသားစုက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကြောင့် မတိုက်ခိုက်ဘဲ လက်လွှတ်ရန် ရွေးချယ်နိုင်သလား။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ စည်းမျဥ်းများအတွင်း နှစ်ဖက်က တိုက်ခိုက်ကြလျှင်ပင် သတ်ဖြတ်ခြင်းက သတ်ဖြတ်ခြင်းပင် ဖြစ်၏။ သူတို့က လက်စားချေလိုပေသည်။ ကျင့်ကြံခြင်းလောကက ထိုသို့တည်ဆောက်ထားခြင်း ဖြစ်လေသည်။ အမှားအမှန်ဟူ၍ မရှိဘဲ မတူညီသော ရှုထောင့်သာ ရှိပေသည်။

“တစ်စုံတစ်ယောက်ရဲ့ အတွေးလေးကြောင့်နဲ့ ဖန်းလိုင်ကုန်းမြေရဲ့ အခြေအနေက ပြောင်းလဲသွားတော့မယ်။ ဘာလို့ ဒုက္ခခံနေတာလဲ။” လူအိုကြီးက တုံ့ပြန်လိုက်သည်။ ကြီးမားသော အဆုံးမဲ့ အစီအရင်ဝင်္ကပါက အလင်းတန်းများ ထုတ်လွှတ်ကာ ကောင်းကင်သို့ ထိုးတက်သွားပြီး ကျဆင်းလာသော နန်းတော်နှင့် ထိခတ်မိသွားလေသည်။

အခြားတစ်ဖက်တွင် စန့်ကွမ်းဟုန်နှင့် ယွင်မုတို့၏ တိုက်ပွဲကလည်း အလွန် ပြင်းထန်နေပေသည်။ သူတို့နှစ်ယောက်လုံးက အဆင့်ကိုးရန်ဟောင်များ ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှုကြောင့် ကောင်းကင်နှင့် မြေကြီးက အပိုင်းပိုင်းကွဲထွက်တော့မလိုပင် ဖြစ်သည်။ ထို့ပြင် စန့်ကွမ်းကလန်နှင့် ယွင်ကလန်မှ လူများကလည်း အပြင်းအထန် တိုက်ခိုက်နေခဲ့ကြသည်။

အရှေ့နတ်ဘုရားကျွန်းစု၏ အစွန်ဘက်နား အဆုံးမဲ့ ကောင်းကင်နှင့် မြေကြီးကြားနေရာမှာ ကြောက်မက်ဖွယ် တိုက်ပွဲမြေပြင်အဖြစ် ပြောင်းလဲသွားပေသည်။

ကျွင်းရှောင်ယောင်က အမိန့်ပေးလိုက်ပြီးနောက် ပိုမိုအားကောင်းသော တန်ခိုးရှင်များက ရီဖူရှင်းဘက်သို့ ပြေးဝင်သွားကာ ရီဖူရှင်းအား သတ်ရန် ကြိုးစားလိုက်သည်။ သူတို့ထဲမှ အချို့က လေထုကို ဖြတ်ကာ မဟာလမ်းစဥ်စွမ်းရည်အား အသုံးပြု၍ တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ရီဖူရှင်းကို ကူညီကာကွယ်ပေးနေသည့် သန်မာအားကောင်းသော တန်ခိုးရှင်များစွာ ရှိပေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ အစွမ်းထက် တန်ခိုးရှင်များ လစ်လပ်မနေချေ။ အဆုံးမှာတော့ ဤနေရာက သူတို့၏ အိမ်ကွင်း ဖြစ်လေသည်။

ပိုင်မုက တိုက်ပွဲမြေပြင်ကို ကြည့်လိုက်ပြီး သူမ ဆရာ၏ အမိန့်အား ပြန်တွေးလိုက်၏။ သူမ မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ခု လက်သွားခဲ့ပြီး သူမ၏ ပါးစပ်ကို ဖွင့်ဟလိုက်သည်။ “ဒီနေ့ ကျွင်းမိသားစုနဲ့ ယွင်ကလန်က ကျွန်မတို့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ဂုဏ်သရေရှိဧည့်သည်ကို သတ်ချင်နေခဲ့တယ်။ အခု စစ်ပွဲက စတင်ခဲ့ပြီ။ ရှင်တို့အားလုံး ဘယ်သူ့အမြင်ကိုမှ ဂရုစိုက်နေစရာမလိုတော့ဘူး။ ခုခံတဲ့သူ အားလုံးကို သတ်ပစ်။”

ဖိတ်ခေါ်ခံခဲ့ရသော ရန်ဟောင်များမှာ အင်အားအပြည့်အဝ စိုက်ထုတ်ခြင်းမရှိဘဲ ခွန်အားကို သိုဝှက်ထားကြသည်။ သူတို့အားလုံးက ပြန်ဆုတ်စရာ လမ်းပေါက်ချန်ထားခဲ့ကြ၏။ အဆုံးမှာတော့ သူတို့က ထိုပြဿနာ မည်သို့အဆုံးသတ်မည်ကို မသိပေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကာကွယ်ပေးမှုမရှိဘဲ အနာဂတ်၌ ကျွင်းမိသားစုက သူတို့အား ရင်ဆိုင်လာခဲ့လျှင် ၎င်းက အန္တရာယ်ကြီး ဖြစ်လာပေလိမ့်မည်။

သို့သော် ပိုင်မု၏ စကားလုံးများက ထိုအချင်းအရာကို ရှင်းလင်းအောင် လုပ်ပေးလိုက်ပေသည်။

ခုခံသူအားလုံးကို သတ်ပစ်ဟူသော အမိန့်မှာ အနာဂတ်တွင် ကျွင်းမိသားစု၏ တည်ရှိမှုက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်ပေသည်။

သူတို့က ထိုအကြောင်းကို တွေးမိသည့်အခါ ဆုံးဖြတ်ချက်ချလိုက်ပြီး သူတို့ခန္ဓာမှ ထုတ်လွှတ်လာသည့် မဟာလမ်းစဥ်စွမ်းအားက ပို၍ ကြောက်မက်ဖွယ် ကောင်းလာပေသည်။ သူတို့က နောက်ပြန်မဆုတ်တော့ဘဲ မဆုတ်မနစ် သတ်ဖြတ်ရန် စတင်လိုက်တော့၏။

အခြားတစ်ဖက်တွင် ရီဖူရှင်းအား သတ်ရန် ဦးတည်သွားနေသည့် ရန်ဟောင်များစွာက မဟာလမ်းစဥ် မီးလျှံများထုတ်လွှတ်နေသည့် လူတစ်စုကြောင့် တစ်ချိန်တည်း တားဆီးခံလိုက်ရသည်။ ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီးကြားမှ လေဟာနယ်က မီးလျှံမြေပြင်အဖြစ် ပြောင်းလဲသွားပြီး တောင်တန်းများကို လောင်ကျွမ်းကာ ပင်လယ်ကို ဆူပွက်စေသည်။ ကြောက်မက်ဖွယ် မီးလျှံနတ်အလင်းတို့က ပြိုင်ဘက်အား မီးပင်လယ်အတွင်း ချက်ချင်း ဝါးမြိုပစ်တော့မလိုပင်။

ထိုအားကောင်းသော တန်ခိုးရှင်များက သန်မာလှသည့် မဟာလမ်းစဥ်စွမ်းအားများကို ထုတ်လွှတ်လိုက်သော်လည်း မတူညီသော လမ်းစဥ်မီးလျှံများက နေရာအနှံ့တွင် ဖြန့်ကျက်နေကာ အမျိုးစုံသော လမ်းစဥ်မီးလျှံများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအားကောင်းသည့် တန်ခိုးရှင်များက ချိပ်စည်းသင်္ကေတများကို တပြိုင်တည်း ပြုလုပ်လိုက်ပြီးနောက် မဟာလမ်းစဥ် သုံးချောင်းထောက်မီးပြင်းဖိုတစ်ခုက လမ်းစဥ်မီးလျှံများဖြင့် ပြည့်နေသော လေဟာနယ်အတွင်း ပေါ်ပေါက်လာပြီး တည်ရှိနေသော အရာအားလုံးကို လမ်းစဥ်မီးလျှံနှင့် သန့်စင်လိုက်သည်။

အခြားတစ်ဖက်တွင် ရီဖူရှင်းအား သတ်ဖြတ်ရန် တိုးဝင်လာသော တန်ခိုးရှင်များက ရပ်တန့်သွားခဲ့ပေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ နတ်မိမယ်တစ်စုက သူတို့အား ရင်ဆိုင်လိုက်သည်။ သူတို့သည် တူညီသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး သန်မာကာ အားကောင်းသည့် အသက်စွမ်းအားက သူတို့ခန္ဓာကိုယ်များမှ ထွက်ပေါ်လာပေသည်။ များပြားလှသော နတ်မိမယ်များက သူတို့၏ နတ်ဝင်ရိုးများဖြစ်သော မဟာလမ်းစဥ် ရှေးဟောင်းသစ်ပင်များကို ထုတ်လွှတ်လိုက်ကြသည်။

“ကျွင်းမိသားစုက သူ့ကို မသတ်နိုင်မှာစိုးမိတယ်။” ဘေးမှ ရပ်ကြည့်နေသူများက အရှင်းလင်းဆုံးစိတ်များ ရှိကြပေသည်။ ကုန်းမြေအသီးသီးမှ တန်ခိုးရှင်များမှာ အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေကြပြီး သူတို့က တိုက်ပွဲအခြေအနေတစ်ခုလုံးကို ရှင်းလင်းစွာ မြင်နိုင်ကြပေသည်။ ဤနေရာမှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ နယ်မြေဖြစ်သည့်အတွက် သူတို့ဘက်မှ အရေးသာနေသည်။ ဘေးမှကြည့်နေသူများအနေနှင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အကြွင်းမဲ့အရေးသာမှုကို ပိုင်ဆိုင်ထားပေသည်။ သူတို့က တိုက်ပွဲကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားနိုင်သည်ဟု ဆုံးဖြတ်နိုင်ပေသည်။ သူတို့က ထိုလူများအား ရီဖူရှင်းထံ သွားရန် ခွင့်မပြုလျှင် ထိုသန်မာလှသော တန်ခိုးရှင်များပင် သူ့ထံ ချဥ်းကပ်လာနိုင်လိမ့်မည် မဟုတ်ပေ။

လက်ရှိအခြေအနေတွင် ရီဖူရှင်းသည် အားကောင်းသည့် တန်ခိုးရှင်တစ်စုကို သတ်လိုက်ပြီး တိုက်ပွဲအလယ်၌ တစ်ယောက်တည်း ရပ်နေခဲ့သည်ကို လူတိုင်း မြင်ပေသည်။ သူ့ထံတိုးဝင်လာသော မဟာလမ်းစဥ် စွမ်းအားလှိုင်းအချို့မှလွဲလျှင် မည်သည့်ရန်ဟောင် မည်သည့်တိုက်ခိုက်မှုမဆို သူ့အနီးသို့ မရောက်နိုင်ဘဲ အားလုံးဖြတ်တောက်ခံလိုက်ရပေသည်။

ယင်းသည် ထူးဆန်းသော အခြေအနေကို ဖြစ်ပေါ်စေ၏။ ရီဖူရှင်းက ထိုနေရာတွင် ရပ်နေခဲ့ပြီး သူ့ကို မည်သူကမှ မတိုက်ခိုက်နိုင်ပေ။ သူက တိုက်ပွဲအလယ်တွင် ရှိနေသော်လည်း သူ့ကို မည်သို့မှ မလုပ်နိုင်ကြသလို ထင်မှတ်ရပေသည်။

ရီဖူရှင်းကိုယ်တိုင်သည်ပင် အံ့သြနေခဲ့၏။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အသေအချာ စီစဥ်ထားခဲ့ပြီး သူ့အား ဆံချည်တစ်မျှင်မထိအောင် ကာကွယ်ပေးထားသည်။ သို့သော် ထိုသည်မှာ သူ့အား မုန်တိုင်းအလယ်၌ ပျင်းရိလာစေပေသည်။ သူသည် မည်သည့်အရာကိုမှ လုပ်စရာမလိုဘဲ သူ့အနီးရှိ တိုက်ပွဲကို စောင့်ကြည့်နေရုံသာ တတ်နိုင်သည်။

သူ့အနောက်တွင် ပေ့ကုံးအော့နှင့် အင်ပါယာဟယ်လျန်တို့ ရှိနေ၏။ သူတို့က သူ့အား ဘယ်နှင့်ညာမှ ကာကွယ်ပေးနေသည်။ သို့သော် အမှန်တွင် သူတို့က ရီဖူရှင်း၏ စွမ်းရည်အရ သူတို့၏ ကာကွယ်ပေးမှုကို မလိုအပ်ကြောင်း သိပေသည်။ ပေ့ကုံးအော့က သူ့ထက် အနည်းငယ် သန်မာသော်လည်း အင်ပါယာဟယ်လျန်က ရီဖူရှင်းကို သေချာပေါက် မယှဥ်နိုင်သည်ကို ယခင်တိုက်ပွဲကပင် ရှင်းလင်းစွာ ပြသပြီးဖြစ်လေသည်။

ရီဖူရှင်း၏ အကြည့်များက တိုက်ပွဲတစ်ခုလုံးကို လေ့လာပြီးနောက် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူ့ကို ကာကွယ်ပေးနေသော်လည်း သူက တိုက်ပွဲအား ရပ်ကြည့်မနေနိုင်ပေ။ သူ၏ ခွန်အားနှင့် ဆန့်ကျင်ဘက်တွင် ရှိနေသူများက သူ့အသက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိိလိမ့်မည် မဟုတ်ပေ။ အစွမ်းထက်ဆုံးသူများက အတားခံထားရလေရာ သူ့ကို ခြိမ်းခြောက်နိုင်မည့်သူဟူ၍ မရှိတော့ချေ။

သူ့ခန္ဓာကိုယ်က အလင်းတန်းအဖြစ် ပြောင်းလဲသွားလေသည်။ နေရာတစ်ခုတွင် နှစ်ဖက်လုံးမှ အစွမ်းထက်တန်ခိုးရှင်များက အစွမ်းထက် ဓားတစ်လက်ကျဆင်းလာသလို ရုတ်တရက် ခံစားမိလိုက်ကြပေသည်။ ကျွင်းမိသားစုမှ တန်ခိုးရှင်များ၏ အမူအရာက ပြောင်းလဲသွားလေသည်။ သူတို့က ခေါင်းကို လှည့်လိုက်သောအခါ သူတို့သည် ဖြတ်သန်းလာသည့် အလင်းဓားသွားတစ်ခုကို မြင်လိုက်ကြရသည်။ ထို့နောက် လူအများအပြားထံမှ သွေးများက ဒလဟော ပန်းထွက်လာပြီး အဆက်မပြတ် အသတ်ခံလိုက်ရလေသည်။

သို့သော်လည်း ရီဖူရှင်း၏ ခန္ဓာကိုယ်က ရပ်တန့််မသွားခဲ့ပေ။ ထိုခမ်းနားထည်ဝါသော ဓားအလင်းက လေဟာနယ်ကို ဖြတ်သန်းထိုးဖောက်လာသည်။ ၎င်းသည် ချက်ချင်းပင် အခြားတိုက်ပွဲ၌ ပြန်ပေါ်လာခဲ့သည်။ နောက်ထပ် လှည့်ပတ်နေသော နတ်ဓားအလင်းက ကျဆင်းလာခဲ့သည်။ လှီးဖြတ်သံများက နှလုံးသားကိုပင် တုန်ယင်စေပြီး လေထဲတွင် သွေးများအဆက်မပြတ် ပက်ဖြန်းနေစေသည်။ ရန်ဟောင်များစွာက အလွန်လျင်မြန်လှသော ဓားအလင်းအောက်တွင် အသတ်ခံလိုက်ရပေသည်။

အဝေးတွင် တိုက်ပွဲကို စောင့်ကြည့်နေသူများက တိုက်ပွဲနေရာတခွင်ကို ဖြတ်ကာ မွှေနှောက်သွားနေသည့် ဓားအလင်းကိုသာ မြင်တွေ့ကြပေသည်။ ဓားအလင်း ဖြတ်သွားရာ နေရာတလျှောက်၌ သွေးများ ပန်းထွက်လာကာ အစွမ်းထက် ရန်ဟောင်များ ကျဆုံးကုန်လေသည်။

ထိုသည်မှာ သူတို့၏ နှလုံးသားများကို မငြိမ်မသက်ဖြစ်လာစေ၏။ ရန်ဟောင်များက ပုရွက်ဆိတ်များကဲ့သို့ပင် အလွယ်လေး သတ်ဖြတ်ခြင်းခံနေရပေသည်။ တခဏအတွင်း၌ ရီဖူရှင်း ရန်ဟောင်မည်မျှကို သတ်ခဲ့သလဲ သူတို့ မသိကြတော့ပေ။

ထိုသို့ဆက်ဖြစ်နေလျှင် ကျွင်းမိသားစု ရန်ဟောင်များ မျိုးပြုတ်သွားပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset