ရီဖူရှင်း၏ခန္ဓာကိုယ် လေထဲကို တက်လာသည်။ သူ၏မျက်လုံးများက ကြယ်ပွင့်များအလား လင်းလက်စွာဖြင့် စစ်မြေပြင်ကို ကြည့်သည်။
“ဘုန်း…” ကျယ်လောင်သံတစ်ချက်နှင့်အတူ ရီဖူရှင်းသည် ဝိညာဉ်လက်နက်တစ်ခု သူ့ထံသို့ ပျံသန်းတိုက်ခိုက်လာသည်ကို မြင်၏။ ၄င်းကား လေထုကို ခွင်းလာသော ရွှေရောင်စက်သွားလုံးတစ်ခုဖြစ်သည်။ ၄င်းထံမှ စူးရှသော အသံများ ပေးနေပြီး မြန်ဆန်စွာဖြင့် လေထုကို ခွင်းလာသည်။
သို့သော်လည်း ရီဖူရှင်း၏ပုံရိပ်ကား အလင်းတန်းအလား ထိုနေရာမှ ပျောက်ကွယ်သွားသည်။ ဝိညာဉ်လက်နက်သည် လေထုကိုသာ ဖောက်ထွင်းသွား၏။
ကောင်းကင်ထက်တွင် ရီဖူရှင်းက သူ့အား တိုက်ခိုက်လိုက်သူအား ကြည့်လိုက်သည်။ သူကား အဆင့်မြင့်ရန်ဟောင်တစ်ဦးဖြစ်သည်။
ရီဖူရှင်း၏တိုက်ခိုက်ရေးစွမ်းရည်မှာ ကြောက်စရာကောင်းသည်ကို ကျွင်းမိသားစု သိနားလည်ပေသည်။ ထို့ကြောင့် သူတို့က အဆင့်မြင့်ရန်ဟောင်များကိုသာ ရီဖူရှင်းအား တိုက်ခိုက်ရန် ညွန်ကြားထားသည်။
တိုက်ခိုက်လိုက်သူကား ရန်ဟောင်အဆင့်ခုနစ် အမြင့်ဆုံးတွင် ရှိသည်။ သူ၏ကျင့်ကြံခြင်းနှင့် ဝိညာဉ်လက်နက်တို့၏အထောက်အပံ့တို့ကြောင့်သာ ရီဖူရှင်းအား တိုက်ခိုက်ရဲခြင်းဖြစ်သည်။ ရီဖူရှင်း မည်မျှ သန်မာသည်ကို သူ သိလို၏။
ခေါင်းမော့ကာကြည့်လျှင် ရီဖူရှင်းသည် လေထဲတွင် ရှိနေသည်ကို မြင်၏။ သူ့ရှေ့တွင်ကား နတ်ဓားတစ်လက်သည် ကျက်သရေရှိသော နတ်အလင်းများ ထုတ်လွှတ်နေ၏။ သူ့ခေါင်းထက်တွင်ကား ဗုဒ္ဓပုံရိပ်တစ်ခုဖြစ်ပေါ်လာကာ တရားတော်များကို ရွက်ဖက်လျှင် အဆုံးမဲ့သော တရားသံများသည် လေထုကို ပျံ့လွင့်လာ၏။ မဟာလမ်းစဉ်၏အသံတော်သည် စစ်မြေပြင်မှ လူများ၏နားစည်ကို လာရောက်ရိုက်ခတ်၏။
ရီဖူရှင်းကို တိုက်ခိုက်ခဲ့သော ရန်ဟောင်သည် သူ၏စိတ်ထဲကို ဗုဒ္ဓတစ်ပါး ဝင်ရောက်လာသည်ဟု ခံစားလိုက်ရသည်။ မိစ္ဆာသတ်ဖြတ်ခြင်းရဟန်းတေးသွားသည် သူ၏စိတ်ထဲတွင် ပေါ်လာကာ သူ၏စိတ်ဝိညာဉ်အား ပြင်းထန်စွာ တိုက်ခိုက်ရာ သူ၏မြင်ကွင်းများပင် ပြာဝေလာလေတော့သည်။
ထိုအခိုက်တွင် သူသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဓားအသိအား ခံစားမိလိုက်၏။ သူ၏စိတ်နှလုံးသည်လည်း ပြင်းထန်စွာ တုန်ယင်သည်။ မာန်သွင်းအော်ဟစ်သံတစ်ချက်နှင့်အတူ သူ၏ဝိညာဉ်လက်နက်သည် သူ့ထံသို့ ပြန်လည် ပျံသန်းသွားခဲ့ကာ သူ့အနီးတွင် လှည့်ပတ်လျှက် သူ့ရှေ့မှ လေဟာနယ်ကို ထိုးခွင်းကာ ကာကွယ်သည်။
နတ်ဓား၏တိုက်ခိုက်မှု ကျဆင်းလာသောအခါ ၄င်းသည် ဓားမြစ်ရေပြင်သည် ကောင်းကင်ဘုံကိုးခုမှ ကျဆင်းလာသည့်အလား ဖျက်ဆီးအားသည် မယုံနိုင်ဖွယ် ကြီးမားလှသည်။
“ဘုန်း…”
မိုးခြိမ်းသံတစ်ချက်နှင့်အတူ တစ်ဘက်လူ၏ဝိညာဉ်လက်နက်မှာ အက်ကွဲသွားပြီး မဟာလမ်းစဉ်စွမ်းအားမှာလည်း နှစ်ခြမ်းကွဲသွားတော့သည်။ အဆင့်ခုနစ်ရန်ဟောင်သည် နောက်ကို မြန်ဆန်စွာ ဆုတ်သော်လည်း နတ်ဓားကား ပို၍ မြန်သည်။ လျှပ်စီးကဲ့သို့ မြန်ဆန်စွာပင် ဓားသည် တစ်ဘက်လူ၏ခေါင်းကို ထွင်းဖောက်သွား၏။ သူ၏မျက်လုံးတွင်ကား ကြီးမားသော အကြောက်တရား၏အငွေ့အသက်များ ရှိနေသည်။
သူက ရီဖူရှင်း၏ခွန်အားကို သိလိုခဲ့ရာ ယခု သိလိုက်ရပြီဖြစ်သည်။
သူ ပေးဆပ်လိုက်ရသော တန်ဖိုးကား သူ၏အသက်ဖြစ်၏။
လူအများအပြားသည် သူ၏တိုက်ပွဲကို စောင့်ကြည့်နေကြ၏။ ထိပ်သီးတန်ခိုးရှင်များ၏တိုက်ပွဲအပြင် သူတို့အားလုံးက ရီဖူရှင်း၏တိုက်ခိုက်ရေးစွမ်းရည်ကို စိတ်ဝင်စားကြသည်။ မည်သို့ဆိုစေ သူသည် ဤမုန်တိုင်းအား ဖြစ်ပေါ်လာစေသော အဓိက အကြောင်းအရင်းတစ်ခု မဟုတ်ပါလား။ ပုံမှန်အားဖြင့် သူတို့က သူ မည်မျှ သန်မာသည်ဟူသော ကောလာဟလများကို စိတ်ဝင်စားကြပေသည်။
သူတို့က သူ၏စွမ်းရည်ကို မြင်တွေ့ခဲ့ကြသည်။ သတ္တမအဆင့်ရန်ဟောင်ကား တခဏအတွင်း သတ်ဖြတ်ခံလိုက်ရသည်။ သူကား ပြန်လည်တိုက်ခိုက်ရန်ပင် မတတ်နိုင်ခဲ့။
“မိစ္ဆာသတ်ဖြတ်ခြင်းရဟန်းဟန်ပင်…” တန်ခိုးရှင်အများအပြားက ရီဖူရှင်း အသုံးပြုခဲ့သော စွမ်းအားကို သိရှိကြ၏။ ယခင်က လူအများအပြားသည် အရှေ့နတ်ဘုရားကျွန်းပေါ်၌ ထိုပညာရပ်အား ဆင်ခြင်လေ့လာခဲ့ကြသည်။ သို့သော်လည်း မည်သူမှ နက်နဲစွာ နားလည်သဘောပေါက်ခြင်း မရှိခဲ့ကြပေ။ ယခု ရီဖူရှင်းက ထိုပညာရပ်ကို အသုံးပြုခဲ့သောအခါ အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို တွေ့ကြရ၏။
သို့သော်လည်း ပိုမိုကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ရီဖူရှင်းထံသို့ ကျဆင်းလာသည်။ လေထဲတွင် အဆင့်မြင့်ရန်ဟောင်အတော်များများ ပေါ်လာ၏။ သူတို့အားလုံးသည် အဆင့်ခုနစ် ရန်ဟောင်များဖြစ်ကြသည်။ သူတို့က တိုက်ပွဲမစတင်ခင်ကတည်းက ရီဖူရှင်းအား တိုက်ခိုက်ရန် နည်းနစ်ကို ဆွေးနွေးပြီးဖြစ်သည်။ တိုက်ပွဲစသည်နှင့် သူတို့က တခြားထိပ်သီးတန်ခိုးရှင်များ လမ်းရှင်းပေးကာ ရီဖူရှင်းထံသို့ ဦးတည်လာခဲ့ကြသည်။
ရီဖူရှင်း၏နောက်တွင် ပေ့ကုန်းအော့နှင့် တခြားသော ထိပ်သီးတန်ခိုးရှင်များကလည်း မြန်ဆန်စွာ ရှေ့ကို တက်သွားခဲ့ကြ၏။ သို့သော်လည်း သူတို့ရှေ့တွင်ကား များစွာသော ရန်ဟောင်များ ပေါ်လာခဲ့ကာ ရီဖူရှင်းအား ကူညီမည့်လူများအား တားဆီးသည်။ ကျွင်းမိသားစု၏အင်အားမှာ အရှေ့နတ်ဘုရားကျွန်းစုကဲ့သို့ မကြီးမားသော်လည်း သူတို့က အင်အားအများစုကို ရီဖူရှင်းထံသို့ ပို့လွှတ်ထား၏။
ရီဖူရှင်းကို သတ်ဖြတ်ခြင်းကား သူတို့၏ရည်ရွယ်ချက်ဖြစ်ကာ အရှေ့နတ်ဘုရားကျွန်းစုနှင့် စစ်ခင်းခြင်းကား သူတို့ မလိုလားသောကိစ္စဖြစ်သည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် သူတို့က ရီဖူရှင်းကိုသာ ဦးဆုံး သတ်ဖြတ်ရပေတော့မည်။ ရီဖူရှင်းသေလျှင် အရှေ့နတ်ဘုရားကျွန်းစုက လက်လျှော့ကာ သူတို့နှင့် စစ်ခင်းခြင်းကို လက်လျှော့နိုင်လောက်ပေသည်။
မဟာလမ်းစဉ်၏ကြောက်မက်ဖွယ်ကောင်းသော နန်းတော်များသည် ရီဖူရှင်း၏အပေါ်တွင် ဖြစ်ပေါ်လာကြ၏။ ၄င်းတို့မှာ ကျွင်းကလန်ခေါင်းဆောင် ကျွင်းရှောင်ယောင်၏နတ်ဝင်ရိုးနှင့် ဆင်တူ၏။ သူတို့မှာ တူညီသော သက်စောင့်ဝိညာဉ်ရှိကြရာ သူတို့ ဖန်ဆင်းသော နတ်ဝင်ရိုးများမှာလည်း ဆင်တူကြသည်။
ကောင်းကင်ထက်မှ ဧရာမဖိအားများ ကျဆင်းလာနေသည်။ ၄င်းဖိအားအောက်တွင် သာမန်လူတို့ မတ်တပ်ရပ်နေရန်ပင် မလွယ်ကူပေ။ ရီဖူရှင်းကိုယ်တိုင်လည်း အန္တရာယ်၏အငွေ့အသက်ကို ခံစားရ၏။
“ဘုန်း…”
နတ်နန်းတော်များ ကျဆင်းလာသည်။ မဟာလမ်းစဉ်၏အရောင်အဝါများသည် အဝေးသို့အထိ ပျံ့လွင့်သွား၏။ ထိုအရောင်အဝါများသည်ပင် အရာအားလုံးကို ပျက်စီးစေနိုင်လောက်၏။
ရီဖူရှင်း၏နတ်ဓားသည် လေထုကို ခွင်းသွားကာ ဓားအားလှိုင်းသည် မုန်တိုင်းအား ရိုက်ခတ်လာ၏။ ကောင်းကင်သည် အဆက်မပြတ် တုန်ခါနေခဲ့ကာ နတ်နန်းတော်များ ဆက်လက်ကျဆင်းလာကြ၏။ ထိုနတ်နန်းတော်များအောက်တွင် ရီဖူရှင်းသည် အမှန်တကယ် သေးငယ်သကဲ့သို့ ထင်မှတ်ရသည်။
“အရှေ့နတ်ဘုရားကျွန်းစုက တကယ်ပဲ သူ့ကို မကူညီတော့ဘူးလား” အဝေးမှ ကြည့်နေကြသော ထိပ်သီးအင်အားစုများက ရေရွက်ကြသည်။ ကျွင်းကလန်က အရှေ့နတ်ဘုရားကျွန်းစုမှ လူများကို တားဆီးထားပြီးဖြစ်သော်လည်း အရှေ့နတ်ဘုရားကျွန်းစုသည် ရီဖူရှင်းအား ကာကွယ်ရန် သေချာပေါက် စွမ်းရည်ရှိပေသည်။ သို့တည်းမဟုတ်၊ သူတို့က ရီဖူရှင်းအပေါ် ယုံကြည်မှု ရှိသောကြောင့်ပေလော။
ရီဖူရှင်းကို တိုက်ခိုက်နေသူများအားလုံးမှာ အဆင့်ခုနစ်ရန်ဟောင်များဖြစ်ကြပြီး ကျွင်းမိသားစုဝင်များဖြစ်ကြသည်။ သူတို့က စွမ်းအားများကို ထုတ်သုံးလျှင် သူတို့၏စွမ်းအားများသည် အချင်းချင်း ပနံသင့်ကာ ပိုမိုအင်အားကြီးမား၏။
နတ်နန်းတော်များအားလုံးသည် ရီဖူရှင်းထံသို့ ကြီးမားသော စွမ်းအားများဖြင့် ဖိအားပေးလာနေကြသည်။
ထိုအခိုက်တွင် ရီဖူရှင်းထံမှ စူးရှသော အလင်းများ ပေါက်ကွဲထွက်လာ၏။ သူ့ခန္ဓာကိုယ်မှ အကိုင်းအခက်များ ဖြန့်ကျက်ထွက်ပေါ်လာသည်။ မရေအတွက်နိုင်သော သစ်ကိုင်း သစ်ရွက်များသည် နတ်သစ်ပင်အား ဗဟိုပြုလျှက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“ရှေးဟောင်းသစ်ပင်…”
လူအများအပြားက ထူးဆန်းစွာ ကြည့်ကြသည်။ ဤသည်က သူ၏သက်စောင့်ဝိညာဉ်လား…။
ရှေးဟောင်းသစ်ပင်ကား ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ကြီးထွားလာနေသည်။ ၄င်းသည် ဧရာမသစ်ပင်ကြီးအဖြစ်သို့ မြန်ဆန်စွာ ပြောင်းလဲသွားခဲ့ပြီး သူ၏ပင်စည်သည် နန်းတော်တစ်ခုထက်ပင် ကြီးမားလှသည်။ သစ်ကိုင်းသစ်ခက်များသည် အလွန်ရှည်လျားစွာ ထွက်ပေါ်လာခဲ့ကာ အစိမ်းရောင်အလင်းများ တောက်ပနေသည်။
ထိုနတ်သစ်ပင်မှာ ပိုထူးခြားသည်ကား၊ တခြားသော ရှေးသစ်ပင်များသည် အားနည်းကာ အလွယ်တကူ ဖျက်ဆီးနိုင်သောပုံစံရှိသော်လည်း ဤနတ်သစ်ပင်ကား အသက်ဓာတ်များဖြင့် ပြည့်နှက်နေကာ သူ၏အကိုင်းအခက်များသည် ပျက်စီးသွားသည့်တိုင် ပြန်လည် ကြီးထွားရှင်သန်နိုင်၏။
နတ်နန်းတော်များ၏စွမ်းအားကား သိသိသာသာ အားနည်းသွားသည်။ ဖျက်ဆီးခြင်း မဟာလမ်းစဉ်စွမ်းအားများသည် ထိုအခိုက်တွင် လုံးဝ ဖိနှိပ်ခံလိုက်ရဟန်ရှိသည်။
“ဒါ…” တိုက်ပွဲကို စောင့်ကြည့်နေကြသော လူအများအပြားမှာ အံ့အားသင့်နေကြ၏။ ဤသည်က ရီဖူရှင်း၏နတ်ဝင်ရိုးလား။
သူကျွမ်းကျင်သည်က ဓားပညာ မဟုတ်ဘူးလား။
ရီဖူရှင်းတွင် ဓားနတ်ဝင်ရိုး ပိုင်ဆိုင်သည်ကို လူအများအပြားက သိထားကြသည်။
အရှေ့နတ်ဘုရားကျွန်းပေါ်မှ တန်ခိုးရှင်များက ထူးဆန်းသော အမူအရာဖြင့် ကြည့်ကြသည်။ သူတို့အားလုံးက ထိုသစ်ပင်ကို တွေ့မြင်သည်တွင် ရင်းနှီးသော ခံစားချက်ကို ရသည်။
အရှေ့နတ်ဘုရားကျွန်းစု၏တားမြစ်နယ်မြေတွင် ရှေးဟောင်းသစ်ပင်တစ်ပင် ရှိကြောင်း သူတို့အားလုံး သိကြသည်။ ထိုသစ်ပင်က သူတို့အား ဆိုးဝါးစွာ အနိုင်ကျင့် နှိပ်စက်လေ့ရှိသည်။
ယခု သူတို့ရှေ့တွင် ပေါ်လာသည်က ထိုနတ်သစ်ပင်များလား။
ရီဖူရှင်းက သူ၏သက်စောင့်ဝိညာဉ်အား သူတို့ကို တမင် မြင်တွေ့စေလိုသည်ကိုတော့ မည်သူမှ မသိပေ။
သူ၏မူလဝိညာဉ်သည်လည်း ရှေးဟောင်းသစ်ပင်ဖြစ်သည်။ ရှေးဟောင်းသစ်ပင်သည် အလွန်ကြီးမားသော လျှို့ဝှက်ချက်အား သယ်ဆောင်ထား၏။ ထို့ကြောင့် သူက အမြဲတမ်းအားဖြင့် ကမ္ဘာသစ်ပင်ကို လျှို့ဝှက်ထားခဲ့သည်။ ကံကောင်းစွာပင် အရှေ့နတ်ဘုရားကျွန်း၌ ဆင်တူသော နတ်သစ်ပင်တစ်ပင် ရှိနေခဲ့သည်။ ရီဖူရှင်းကသာ သူ၏သက်စောင့်ဝိညာဉ်ကို ၄င်းနတ်သစ်ပင်အဖြစ် ဟန်ဆောင်ဖော်ပြနိုင်လျှင် နောင်တွင် သူ၏သက်စောင့်ဝိညာဉ်ကို တိုက်ပွဲတွင် ထုတ်သုံးလျှင်ပင် သံသယဖြစ်စရာ သိပ်မလိုတော့ပေ။
“သူက တားမြစ်နယ်မြေက နတ်သစ်ပင်ကို ရခဲ့တာလား… ဒါဆိုရင်…” တားမြစ်နယ်မြေကို ဝင်ရောက်ဖူးသူများအားလုံးက တွေးဆကြသည်။
သူတို့က နတ်ဆေးရည်ကို ပြန်တွေးမိကြသည်။ ရီဖူရှင်းက နတ်ဆေးရည်ကို ရရှိခဲ့သည်လား။
ထိုနေ့က အပြင်သို့ ထွက်လာသောအခါ ရီဖူရှင်း၏အရှိန်အဝါ ပြောင်းလဲခဲ့သည်။ သူတို့က အပြောင်းအလဲကို အတိအကျ မပြောနိုင်သော်လည်း လူတိုင်းက ခံစားမိခဲ့ကြသည်သာ။ သူတို့က ရီဖူရှင်း အောင်မြင်စွာ ဆေးရည်ကို ယူနိုင်မည် မဟုတ်ဟု ယုံကြည်ခဲ့ကြသောကြောင့်သာ ထိုအချက်ကို လျစ်လျူရှုခဲ့ကြ၏။
ယခု သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အရှေ့နတ်ဘုရားကျွန်းက ရီဖူရှင်းအား တားဆီးလိုခြင်းမှာ မထူးခြားတော့ဟု ယူဆမိကြတော့သည်။
ရီဖူရှင်းက နတ်ဆေးရည်ကို ရရှိခဲ့သောကြောင့် အရှေ့နတ်ဘုရားကျွန်းစုက သူ့အား အလွန်တန်ဖိုးထားခြင်း ဖြစ်ရပေမည်။
သစ်ကိုင်းသစ်ရွက်များသည် နတ်နန်းတော်များအား စတင်ရစ်ပတ်လာခဲ့၏။ ရန်ဟောင်များက ထွက်ပြေားလိုသော်လည်း နတ်သစ်ပင်မှ ထွက်ပေါ်လာသော စွမ်းအားများက သူတို့ကို အေးစိမ့်စေသည်။ လေဟာနယ်တစ်ခုလုံးသည် အေးခဲသွားဟန်ရသည်။ လူအများအပြားက သူတို့၏သွေးလည်ပတ်မှု နှေးကွေးသွားသည်ကို ခံစားမိ၏။ သူတို့က မဟာလမ်းစဉ်စွမ်းအားများကိုပင် ကောင်းကောင်း မထုတ်ဖော်နိုင်တော့။
ပို၍ ကြောက်စရာကောင်းသည်ကား ဗုဒ္ဓတရားတော်များသည် သူတို့၏စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်ကာ တိုက်ခိုက်လာခြင်းဖြစ်သည်။
စွမ်းအားများသည် တစ်လွှာပြီးတစ်လွှာ သူတို့အား ဒီရေများအလား တိုက်စားလာခဲ့ကာ အဆင့်မြင့်ရန်ဟောင်များမှာ ခုခံရန်ပင် ခက်ခဲလာကြတော့သည်။
“ဟူး…”
သစ်ကိုင်းသစ်ရွက်များက သူတို့ထံသို့ပင် ဆက်လက်တိုးဝင်လာကြလျှင် တန်ခိုးရှင်များက စွမ်းအားကုနထုတ်ကာ ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားကြသည်။
ထိုစဉ် မဟာလမ်းစဉ်မီးတော်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။ အပူနှင့်အအေးဓာတ်တို့ ပေါင်းစပ်ထားသော ထိုစွမ်းအားသည် လေထုကို ပျံ့နှံ့လာခဲ့ကာ သူတို့၏ခန္ဓာကိုယ်အား တိုက်စားလာကြ၏။
ချက်ချင်းပင် အဆင့်ခုနစ် ရန်ဟောင်များသည် လေထဲတွင် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် မီးတောက်များအောက်တွင် လောင်ကျွမ်းခံရကာ တဖြေးဖြေး ပျောက်ကွယ်သွားကြရသည်။
***