“လာနေပြီ…”
သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ စန့်ကွမ်းဟုန်ကား ပိုမို၍ သေချာနေသည်။ ကြည့်ရသည်မှာ စန့်ကွမ်းချိုးရယ်က အခြေအနေကို မှားယွင်းသုံ့သမိဟန်တူသည်။ အရှေ့နတ်ဘုရားကျွန်းစုကား ရီဖူရှင်းအတွက် စစ်ကြေညာရဲ၏။
“မီးတောက်အင်ပါယာ…” လူတချို့က မီးလျှံပုံပါသေသာ ဝတ်ရုံအား ဝတ်ဆင်ထားသော လူကြီးကို ကြည့်ကြသည်။ သူ့တွင် ဆံပင်ရှည်နှင့်မုတ်ဆိတ်ရှည်တို့ ရှိကာ ထူးခြားဆန်းပြားသော အရှိန်အဝါကို ပိုင်ဆိုင်၏။ သူသည် ဖန်းလိုင်ကုန်းမြေတွင် နာမည်ကျော်ကြားကာ မီးတောက်လမ်းစဉ်၌ ကြောက်စရာကောင်းသူတစ်ဦးလည်း ဖြစ်သည်။
သူသည် အလွန်ဝေးသောအရပ်မှ ရောက်လာခဲ့ကာ ကောင်းကင်ထက်တွင် ပေါ်လာသည်။ သူသည် အရှေ့နတ်ဘုရားကျွန်းစုအား ကူညီရန် ရောက်လာခြင်းဖြစ်သည်။
“နက်မှောင်အင်ပါယာ…”
လူတချို့က နောက်အရပ်တစ်ခုအား လှမ်းကြည့်ကြသည်။ လာရောက်ကူညီသောရန်ဟောင်များထဲတွင် တချို့မှာ ဖန်းလိုင်ကုန်းမြေ၌ အလွန်နာမည်ကျော်ကြားသူများဖြစ်၏။ သူတို့အားလုံးက ဖန်းလိုင်ကုန်းမြေကို လာရောက်ကူညီကြသည်လား။
“နှစ်ပေါင်းများစွာကြာအောင် အရှေ့နတ်ဘုရားကျွန်းစုဟာ ပြင်ပလောကကိစ္စတွေမှာ ဝင်စွက်ဖက်မှု မရှိခဲ့ဘူး။ ဖန်းလိုင်ကုန်းမြေက ကိစ္စတွေမှာ ပါဝင်ပတ်သက်မှုမရှိတာကြာတော့ လူတွေက အရှေ့နတ်ဘုရားကျွန်းစုကို တဖြေးဖြေးမေ့သွားကြတယ်” ထိုအခိုက်တွင် ပိုင်မု၏နောက်မှ အကြီးအကဲတစ်ဦးက ပြောသည်။ သူကား အရှေ့နတ်ဘုရားကျွန်းစုတွင် အဂ္ဂရက်ပညာရှင်တစ်ဦးဖြစ်သည်။ သူ့ဘေးတွင်ကား တန်ခိုးရှင်အများအပြား ရှိသည်။
နှစ်ပေါင်းများစွာကြာအောင် သူတို့က ပြင်ပကိစ္စရပ်များတွင် ဝင်ရောက်ပတ်သက်ခြင်းမရှိတော့သော်လည်း သူတို့က လုံးဝ အဆက်ဖြတ်လိုက်သည်တော့ မဟုတ်ပေ။ ဆယ်စုနှစ်ကြာတိုင်း တန်ခိုးရှင်များက ကျွန်းပေါ်သို့ အခွင့်အလမ်းများ ရှာဖွေကြ၏။ အရှေ့နတ်ဘုရားကျွန်းစု၏ကူညီဖေးမမှုကို ရရှိခဲ့ကြသော တန်ခိုးရှင်များသည် တချိန်တွင် အရှေ့နတ်ဘုရားကျွန်းစုက လိုအပ်လာလျှင်လည်း လာရောက်ကူညီကြသည်မှာ ပုံမှန်ကိစ္စဖြစ်သည်။
အတိတ်မှ အရှေ့နတ်ဘုရားကျွန်းစုသည် ဖန်းလိုင်ကုန်းမြေ၏ပကတိအုပ်စိုးသူဖြစ်သည်။ သူတို့၏လွှမ်းမိုးမှုသည် ဖန်းလိုင်ကုန်းမြေထက်ပင် ကျော်လွန်၏။
သို့သော်လည်း အင်အားစုများက ရီဖူရှင်းသည် အရှေ့နတ်ဘုရားကျွန်းစုကို ပူးပေါင်းလိုက်ပြီဟု သိကြသော်လည်း သူတို့က သူ့အား ဖမ်းဆီးရန် ကြိုးပမ်းရဲသည်။ အရှေ့နတ်ဘုရားကျွန်းစုကိုလည်း ဘေးဖယ်နေရန် တောင်းဆိုကြ၏။ သိသာစွာပင် သူတို့သည် အရှေ့နတ်ဘုရားကျွန်းစု၏အဆင့်အတန်းကို မေ့လျော့သွားကြပြီးဖြစ်ဟန်ရသည်။
သူ၏စကားကိုကြားလျှင် ကျွင်းရှောင်ယောင်နှင့် ယွင်မူတို့၏အမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။ အတိတ်က အရှေ့နတ်ဘုရားကျွန်းစု မည်မျှ အင်အားကြီးသည်ကို သူတို့ သိပေသည်။ သို့သော်လည်း လူသားတို့ဆိုသည်မှာကား မေ့လျော့တတ်သော သဘာဝရှိ၏။ နှစ်ပေါင်းများစွာကြာအောင် အရှေ့နတ်ဘုရားကျွန်းစုသည် ပြင်ပကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှု မရှိတော့သော်လည်း သူတို့သည် ဖန်းလိုင်ကုန်းမြေ၏အုပ်စိုးသူဖြစ်နေသေးကြောင်း သူတို့ မေ့လျော့နေခဲ့ကြသည်။ သို့သော်လည်း ဖန်းလိုင်ကုန်းမြေ၏ ထိပ်သီးအင်အားစုနှစ်ခု ပူးပေါင်းကာ ရီဖူရှင်းအား ဖမ်းဆီးရန် ကြိုးစားခြင်းဖြစ်ရာ အရှေ့နတ်ဘုရားကျွန်းစုသည် ဝင်ရောက်မစွက်ဖက်သင့်ပေ။
ယခင်ကဆိုလျှင်တော့ သူတို့ ယူဆချက်မှာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ယခု တစ်ကြိမ်တွင်တော့ သူတို့ မှားယွင်းခဲ့ပြီဖြစ်သည်။
အရှေ့နတ်ဘုရားကျွန်းစု၏အင်အားများအားလုံး ထွက်ပေါ်လာခဲ့ကာ ၄င်းအပြင် သူတို့က တခြားနေရာများမှ အထောက်အပံ့များကိုလည်း စုစည်းခဲ့သည်။ သူတို့ထံမှ ပေးသော ဖိအားသည် ကြီးမားလွန်းရကား အဆင့်နိမ့်တန်ခိုးရှင်များမှာ အနီးသို့ပင် မကပ်ရဲကြပေ။ သူတို့အားလုံးက စစ်မြေပြင်နှင့် ဝေးရာသို့ ဆုတ်ခွာသွားကြသည်။
သည်တစ်ကြိမ်တွင် အရှေ့နတ်ဘုရားကျွန်းစုသည် ဖန်းလိုင်ကုန်းမြေ၌ တဖန် ပြန်လည် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
“ဆယ်စုနှစ်တိုင်း အရှေ့နတ်ဘုရားကျွန်းစုက တန်ခိုးရှင်တွေကို မဟာလမ်းစဉ်အခွင့်အလမ်းတွေ ပေးအပ်ခဲ့တယ်။ ပုံမှန်အားဖြင့် ဖန်းလိုင်ကုန်းမြေက တန်ခိုးရှင်တွေ အားလုံးဟာ လေးစားခံရဖို့ ထိုက်တန်တယ်။ ကျုပ်တို့က ဘယ်သူ့ကိုမှ ရန်မစဘူး။ ဒါပေမဲ့ ဒီလူဟာ ကျွင်းမိသားစုရဲ့ရန်ဟောင်အများကြီးကို သတ်ဖြတ်ခဲ့တယ်။ ဒီအထဲမှာ တချို့က အရှေ့နတ်ဘုရားကျွန်းစုကိုယ်တိုင် ဖိတ်ကြားခဲ့တာပဲ။ ကျါင်းမိသားစုက သူတို့ကို ကြေနပ်တဲ့ ရှင်းပြချက်နဲ့လုပ်ဆောင်ချက်တွေ ပေးဖို့လိုတယ်။ ကျုပ်တို့က အရှေ့နတ်ဘုရားကျွန်းကို ပစ်မှတ်ထားတာ မဟုတ်ဘူး။ ကျုပ်တို့ ပစ်မှတ်က သူပဲ။ အရှေ့နတ်ဘုရားကျွန်းစုက ဝင်မပါသင့်ဘူး” ကျွင်းရှောင်ယောင်က ရင့်သီးစွာ ပြောသော်လည်း မူလကဲ့သို့ မောက်မာခြင်းတော့ မရှိတော့ပေ။ သူက အရှေ့နတ်ဘုရားကျွန်းစုနှင့် ရင်ဆိုင်လိုခြင်းမရှိသည်မှာ ထင်ရှား၏။ ထို့အပြင် ဘေးမှ စန့်ကွမ်းကလန်ကလည်း ဝင်စွက်ဖက်မည့်ပုံရှိနေသည်။ အကယ်၍ စစ်ပွဲဖြစ်လျှင် သူတို့က အနိုင်ရလျှင်ပင် ဆုံးရှုံးမှုက အလွန်ကြီးမားပေလိမ့်မည်။
“ခုနကပဲ နတ်မိမယ်က အရှေ့နတ်ဘုရားကျွန်းစုရဲ့ ကိုယ်ပိုင်စည်းမျဉ်းကို ရှင်းလင်းပြီးသွားပြီ။ သူတို့က အိမ်တော်သခင်ရီကို သတ်ဖြတ်ဖို့ ကျွန်းပေါ်သို့ တက်လာတယ်။ အိမ်တော်သခင်ရီက ပြန်မတုန့်ပြန်ဘဲ ဒီအတိုင်း အသတ်ခံဖို့ မင်းတို့ မျှော်လင့်ထားတာလား” အကြီးအကဲက အေးစက်စွာ ပြောသည် “အရှေ့နတ်ဘုရားကျွန်းစုသာ အတိတ်က အရှေ့နတ်ဘုရားကျွန်းစုဖြစ်မယ်ဆိုရင် မင်းတို့ ဒီလို လာပြီးတော့ ရင့်ရင့်သီးသီး ပြုမူရဲမှာလား”
တခြားတစ်နည်းဖြင့်ဆိုရလျှင် သူတို့သည် အရှေ့နတ်ဘုရားကျွန်းစုအား အလေးအနက် မထားကြပေ။ မည်သည့်နည်းဖြင့်မဆို အရှေ့နတ်ဘုရားကျွန်းစုက စစ်မကြေညာရဲဟု သူတို့ တွေးထင်ကြသည်။
“မှန်တယ်… အရှေ့နတ်ဘုရားကျွန်းပေါ်မှတော့ ဘယ်သူမဆို ခင်ဗျားတို့ စည်းမျဉ်းကို နာခံရမယ်။ ဒါပေမဲ့ ကျုပ်တို့က သူ ကျွန်းပေါ်က ထွက်တဲ့အချိန်အထိ စောင့်နေခဲ့တယ်။ ကျုပ်တို့က ကျွန်းရဲ့စည်းမျဉ်းကို မထိခိုက်စေဘူးလို့ ကျုပ်ယုံတယ်” ကျွင်းရှောင်ယောင်က ပြောသည် “အရှေ့နတ်ဘုရားကျွန်းက ကျွင်းကလန်နဲ့ ရီလျှို့နျန်ရဲ့ကြားက ပြဿနာထဲကို ဝင်ပါရတာလဲ”
“အဓိပ္ပာယ်မရှိတဲ့ကိစ္စကို ဘာလို့ ဆက်ပြောနေမှာလဲ” အကြီးအကဲက ပြောသည်။ သူက ပြောပြီးသည်နှင့် ကြီးမားသောဖိအားသည် ထိုနေရာတစ်ခုလုံးကို ဖုံးအုပ်လာ၏။ ကျွင်းရှောင်ယောင်၏မျက်လုံးများ အေးစက်သွားသည်။ အရှေ့နတ်ဘုရားကျွန်းက တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်ရဲမည်ဟု သူ မထင်ထားပေ။
အမှန်တကယ်အားဖြင့် ထိုလူများက ဤသို့သော တိုက်ပွဲအတွက် အချိန်ကြာမြင့်စွာ ပြင်ဆင်ထားခဲ့ကြောင်း သူ ရိပ်မိသည်။
အရာအားလုံးက ရီဖူရှင်းအတွက် ဖြစ်သည်။
သို့သော်လည်း လက်ရှိအခြေအနေကား နောက်ပြန်ဆုတ်၍ မရတော့။ သူတို့က နောက်ဆုတ်လိုလျှင်ပင် တစ်ဘက်လူက နောက်ဆုတ်မည် မဟုတ်တော့ပေ။
ထိုနေရာအပြင်ဘက်တွင်ကား ကုန်းမြေအသီးသီးမှ လူများ ကြည့်နေကြသည်။ သူတို့အားလုံးက တိုက်ပွဲကို မြင်တွေ့လို၏။ အရှေ့နတ်ဘုရားကျွန်းစုမှ ထွက်ခွာရာတွင် ဤသို့ ကြီးမားသော တိုက်ပွဲကြီး ဖြစ်လာမည်ဟု မထင်ထားကြပေ။
သည်တိုက်ပွဲက ဖန်းလိုင်ကုန်းမြေ၏အနာဂတ်အာဏာစက်ကို ဆုံးဖြတ်သွားပေလိမ့်မည်။
ရီဖူရှင်းကြောင့် ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုအချင်းချင်း ထိခိုက်မှု ဖြစ်လာမည်ဟု မည်သူမှ မထင်ထားကြပေ။
ကျွင်းချိုးယွင်သည်ပင် ဤသို့သော နေ့ရက်ကို မတွေးထင်ထားပေ။ သူ၏ကျင့်ကြံခြင်းမှာ ပျက်စီးသွားပြီဖြစ်သော်လည်း ကောင်းကင်နှင့်မြေပြင်အကြား ကြီးမားသော ဖိအားကို ခံစားမိသည်။
သူ၏တခဏတာ မိုက်မဲမှုကြောင့် သူ၏ကျင့်ကြံခြင်း ပျက်စီးခဲ့ရသလို အရှေ့နတ်ဘုရားကျွန်းစုနှင့် စစ်ခင်းရန်လည်း ဖြစ်လာခဲ့သည်။
ကျွင်းရှောင်ယောင်က လေထဲကို တက်လိုက်လျှင် မဟာလမ်းစဉ်စွမ်းအားသည် လေထုကို ပျံ့နှံ့လာ၏။ ကောင်းကင်ထက်တွင် နတ်အလင်းများ ပျံ့လွင့်လာ၏။ နတ်အလင်းထံမှ ဧရာမနန်းတော်တစ်ခု ဖြစ်လာသည်။ ထိုနန်းတော်တွင် အလွှာကိုးခုရှိပြီး ၄င်းမှ ကြီးမားသောဖိအားများ ကျဆင်းလာသည်။ ၄င်းကား မဟာလမ်းစဉ်၏နတ်ဝင်ရိုးဖြစ်သည်။
ကျွင်းရှောင်ယောင်က လက်ကို ဝှေ့ယမ်းလိုက်လျှင် မဟာလမ်းကောင်၌ အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာသည်။ ကိုးလွှာနန်းတော် ကျဆင်းလာခဲ့လျှင် တခြားသော မဟာလမ်းစဉ်စွမ်းအားများမှာ ကြေပျက်ရ၏။ ထို့နောက် နန်းတော်မှ အလင်းများသည် ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့ကာ သူ့အား တိုက်ခိုက်သည်။
၄င်း ဖြတ်သန်းသွားရာ နေရာတိုင်း၌ ပျက်စီးရသည်။
အရှေ့နတ်ဘုရားကျွန်းစုဘက်မှ အကြီးအကဲတစ်ယောက် ရှေ့ကို တက်လာကာ ခြေတစ်လှမ်းတည်းဖြင့် လေထုကို ဖြတ်သန်းသွားပြီး နန်းတော်ကို လာရောက်တားဆီးသည်။ သူက ကျွင်းရှောင်ယောင်ကို မျက်နှာချင်းဆိုင်လိုက်ပြီး ကောင်းကင်နှင့်မြေပြင်အကြားတွင် နတ်ဝင်္ကပါအစီအရင်တစ်ခု ဖြစ်ပေါ်လာကာ အရံအတားတစ်ခု ဖန်ဆင်း၏။ ရှေးဟောင်းနန်းတော်သည် အရံအတားနှင့် ရင်ဆိုင်မိသည်တွင် အမှန်တကယ် ရှေ့သို့ ဆက်တိုးနိုင်ခြင်း မရှိပေ။
တခြားအရပ်တစ်ခုတွင် ယွင်ကလန်မှ ယွင်မူသည် ရှေ့ကို တက်လာသည်။ သူ့ထံမှ အဆင့်ကိုးနတ်ဝင်ရိုးစွမ်းအား လွင့်ပျံ့လာခဲ့ကာ ထိုနေရာတစ်ခုလုံးအား ဖိအားပေးလာခဲ့သည်။ သူ လှုပ်ရှားသည်ကိုမြင်သည်နှင့် အဝေးတွင် ကြည့်နေသော စန့်ကွမ်းဟုန်သည် ခြေတစ်လှမ်းတည်းဖြင့် အကွာအဝေးကို ချုံ့လျှက် လှမ်းလာသည်။
သူတို့နှစ်ဦးအကြား ပဋိပက္ခမှာ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့ခြင်းဖြစ်သည်။ ယခု အခြေအနေက အတင်းမာဆုံးသို့ ရောက်လာခဲ့ရာ တိုက်ခိုက်ရုံသာ ရှိတော့သည်။
ဤတိုက်ပွဲကား သူတို့၏ကံကြမ္မာကို ဆုံးဖြတ်ပေမည်။ ရှုံးနိမ့်သူက အမြဲတမ်း အရှုံးသမားအဖြစ် ပျောက်ကွယ်သွားရမည်။
တခြားသော တန်ခိုးရှင်များကလည်း အသီးသီး စွမ်းအားများကို ထုတ်လွှတ်ကြ၏။ တိုက်ပွဲနေရာကို ကြည့်ကာ ရီဖူရှင်းကလည်း ရှေ့ကို လှမ်းလိုက်သည်။
စစ်ပွဲက စတင်ပြီဆိုမှတော့ သူကလည်း ကျွင်းကလန်နှင့် ယွင်ကလန်ကို နှိမ်နှင်းပြစ်ရပေမည်။
***