အပိုင်း (၁၉၄၁)

ဝန်းရံခြင်း

“ကယ်ပါ……”

ကျွင်းချိုးယွင်က လာနေသောသူများကို မြင်လျှင် အော်ဟစ်ကာ အကူအညီတောင်းလိုက်သည်။ သို့သော်လည်း သူက အားနည်းနေကာ အသံက အက်ရှနေသည့်အတွက် အဝေးထိ ရောက်နိုင်ခြင်းမရှိပေ။ သို့သော်လည်း တစ်ဖက်မှလူများက ထိုနေရာတစ်ခုလုံးကို နတ်အာရုံဖြင့် လွှမ်းမိုးထားသည့်အတွက် သူ့အသံကို ရှင်းလင်းစွာ ကြားကြရမည် ဖြစ်သည်။

ထိုလူများက အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတို့ကို ထုတ်လွှတ်ထားသည်။ လူအများသည် သူတို့၏ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များကို ခံစားမိပေသည်။ ကျွင်းချိုးယွင် ဒုက္ခိတဖြစ်သွားသည်ဟု သိပြီးနောက် ကျွင်းမိသားစုက အလွန် ဒေါသထွက်သွားခဲ့သည်။ ထို့ပြင် အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေသို့ ဝင်ရောက်သွားကြသော လူများမှာ အကုန်နီးပါး သတ်ဖြတ်ခံခဲ့ရပေသည်။

ယနေ့ ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ထွက်လာပြီး ကျင့်ကြံခြင်းများ ဖျက်ဆီးခံထားရသော ကျွင်းချိုးယွင်ကို ချည်နှောင်ကာ ဆွဲခေါ်လာခြင်းမှာ ကျွင်းမိသားစုအား အရှက်ခွဲခြင်းပင် ဖြစ်သည်။

ရီဖူရှင်း၏ အကြည့်များက အဝေးရှိ ရန်ဟောင်စစ်တပ်ကြီးက ကြည့်ကာ ပြောလိုက်သည်။ “အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာတုန်းက ကျွင်းချိုးယွင်ဦးဆောင်တဲ့ တန်ခိုးရှင်တွေက ကျုပ်ကို သတ်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ကျုပ်က သူ့ရဲ့ ကျင့်ကြံဆင့်တွေကိုပဲ ဖျက်ဆီးပစ်ခဲ့ပြီး သူ့ကို အသက်ရှင်ခွင့်ပေးခဲ့တယ်။ ပြဿနာအားလုံးကို ဒီနေရာမှာပဲ ရပ်တန့်ဖို့ ရည်ရွယ်ပြီးတော့ပေါ့။”

ပြောပြီးသည်နှင့် သူက ကျွင်းချိုးယွင်၏ ခန္ဓာကိုယ်ကို တွန်းလွှတ်လိုက်သည်။ ရန်ဟောင်တစ်ပါးက ရှေ့သို့ ခြေလှမ်းလာပြီး မမြင်ရသော အားနှင့် တွန်းထုတ်ခံလိုက်ရသည့် ကျွင်းချိုးယွင်၏ ခန္ဓာကိုယ်ကို ဖေးမလိုက်သည်။ ထို့နောက် ကျွင်းမိသားစုမှလူများကြားသို့ ခေါ်ဆောင်သွားလေသည်။

အဝေးမှလူများသည် ထိုမြင်ကွင်းကို မြင်သည့်အခါ ထင်မြင်ချက်များ ရှိလာကြသည်။ တုံ့ယွမ်အိမ်တော်သခင်က ငြိမ်းချမ်းရေးကမ်းလှမ်းချင်နေသော်လည်း တစ်ဖက်လူက သဘောတူရန် မဖြစ်နိုင်ပေ။

သူက ကျွင်းချိုးယွင်ကို လွှတ်ပေးလိိုက်သည့်အတွက် ကျွင်းမိသားစုက နောက်ဆံတင်းစရာမရှိဘဲ သူ့အား တိုက်ရိုက်ရင်ဆိုင်နိုင်ပြီ ဖြစ်သည်။

သို့သော် သူက ရွေးချယ်စရာမရှိပေ။

ဖန်းလိုင်ကုန်းမြေ၏ ထိပ်သီးအင်အားစုကြီးတစ်ခုက စစ်တပ်ကို ဦးဆောင်၍ သူ့အား သတ်ဖြတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ဖန်းလိုင်နတ်ဘုရားဘုံ၌ မရေတွက်နိုင်သော တန်ခိုးရှင်များ ရှိကြသည်။ ကျွင်းမိသားစု၏ စွမ်းအားနှင့် အာဏာက ဖန်းလိုင်နတ်ဘုရားဘုံ၌ပင် သက်ရောက်ပေသည်။

“သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်။ မသေစေနဲ့။” ကျွင်းချိုးယွင်က ကျွင်းမိသားစုထံ ပြန်ရောက်သွားသည့်အခါ အ​ကြည့်တို့က ပြောင်းလဲသွားပြီး သူ့မျက်ဝန်းထဲတွင် ပြင်းထန်သော အမုန်းတရားတို့နှင့် ပြည့်နှက်နေသည်။ ရီဖူရှင်းက သူ့ဘဝကို လုံးလုံးလျားလျား ပျက်စီးစေခဲ့သည်။

ကျင့်ကြံခြင်းအား ဖျက်ဆီးခံလိုက်ရခြင်းက သေသည်ထက် ပိုဆိုးဝါးပေသည်။ သူက ရီဖူရှင်းကိုလည်း သူ့ကဲ့သို့ ခံစားရစေလိုသည်။

ရီဖူရှင်းက ကျွင်းချိုးယွင်ကို ကြည့်လိုက်ပြီး သူ့အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ ကျွင်းချိုးယွင်ကို ​ကြည့်ရသည်မှာ အသက်ချမ်းသာပေးခဲ့မှုအတွက် ကျေးဇူးတင်ပုံပင်မရပေ။

“မင်း ကိုယ့်ဘာသာလုပ်မလား ငါတို့ လုပ်​ပေးရမလား။” ကျွင်းမိသားစု အကြီးအကဲတစ်ယောက်က ရှေ့ထွက်လာ​​ပြီး ပြောလိုက်သည်။ သူ့ဘေးတွင် အဋ္ဌမဆင့် ရန်ဟောင်တစ်ပါး ရှိနေသည်။ ထိုသူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ကျွင်းချိုးယွင်ကို စွန့်ပစ်ကာ ထွက်ပြေးသွားသူ ဖြစ်လေသည်။

တစ်ဖက်လူ၏ စကားကို ကြားသောအခါ ရီဖူရှင်းက ပြုံးလိုက်သည်။ သူ ထင်ထားသလိုပင် ပြဿနာက ငြိမ်းချမ်းစွာ ပြီးဆုံးမသွားခဲ့ပေ။ ကျွင်းမိသားစုက လက်မလျှော့ဘဲ သူနှင့် ရင်ဆိုင်ချင်နေသည်။

“ဒီလိုဆိုမှတော့ လုပ်ချင်တာကိုသာ ဆက်လုပ်တော့။” ရီဖူရှင်းက ပြောလိုက်သည်။ သူက​ ပြဿနာအား ရပ်တန့်ရန် ဆန္ဒရှိခြင်းမှာ ကျွင်းမိသားစု၏ အင်အားကို ကြောက်ရွံ့၍ မဟုတ်ဘဲ အချိန်မဖြုန်းလို၍ ဖြစ်သည်။ သို့သော် ယခုတွင် သူက ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရတော့မည် ဖြစ်၏။

ရန်ဟောင်တစ်ပါးပြီးတစ်ပါး ရှေ့တက်လာပြီး သူတို့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် မဟာလမ်းစဥ် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်၏။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ရောက်ခဲ့ဖူးသော တန်ခိုးရှင်က သူတို့အား သတိပေးလိုက်သည်။ “ဂရုစိုက်ပါ။ ဒီလူက အစွမ်းထက်တယ်။ သူ့မှာ အဆင့်မြင့်တဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ရှိတယ်။”

ကျွင်းမိသားစုမှ လူများက ရီဖူရှင်း မည်မျှ အစွမ်းထက်ကြောင်း ကြားဖူးပေသည်။ သူက အဆင့်နိမ့်ရန်ဟောင်သာ ဖြစ်သော်လည်း သူတစ်ယောက်တည်းနှင့် ကျွင်းမိသားစုမှ ရန်ဟောင် အယောက်တစ်ရာနီးပါးကို သတ်ဖြတ်နိုင်ခဲ့ကာ အနည်းငယ်သာ လွတ်မြောက်နိုင်ခဲ့ပေသည်။

ထိုသို့သော မှတ်တမ်းများကြောင့် လူတိုင်းသည် ဂရုမစိုက်ဘဲမနေရဲကြသဖြင့် အလွန် သတိထားနေကြပေသည်။ သူတို့က ရီဖူရှင်းနှင့် နီးကပ်သော နေရာသို့ မသွားရဲကြပေ။ သူတို့သည် မဟာလမ်းစဥ်မုန်တိုင်းကို ဖန်တီးကာ ရီဖူရှင်းကို အဝေးမှ တိုက်ခိုက်လိုက်ကြသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဥ်တိုက်ခိုက်မှုက ကောင်းကင်ထက်မှ ကျဆင်းလာ၏။

ရီဖူရှင်း၏ ခန္ဓာကိုယ်အနီးတွင် ဓားဆန္ဒများ ထွက်ပေါ်လာကာ ဓားအလင်းလွှာအဖြစ် ပြောင်းလဲသွား၍ ထိုနေရာအား တားဆီးကာကွယ်ထားလိုက်သည်။ ကျဆင်းလာသော တိုက်ခိုက်မှုများက တိုက်ရိုက်ဖျက်ဆီးခံလိုက်ရပေသည်။ ထိုတိုက်ခိုက်မှုများက ဓားအလင်းလွှာပေါ် ကျရောက်သည်နှင့် ချက်ချင်း ပျက်စီးသွားလေသည်။

သူ့ မျက်လုံးများက ဓားကဲ့သို့ ထက်ရှနေပြီး ထိုအစွမ်းထက် ရန်ဟောင်တစ်စုကို ကြည့်ကာ မေးလိုက်သည်။ “ကျွင်းမိသားစုက ကျုပ်နဲ့ တကယ်ရင်ဆိုင်တိုက်ခိုက်မှာလား။”

“ဟုတ်တယ်။”

အဝေးမှ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ထက်တွင် ပုံရိပ်တစ်ခုက တစ်လှမ်းချင်း လာနေပြီး အလွန်အစွမ်းထက်သော ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ သူက ကျွင်းချိုးယွင်၏ အဖေ ကျွင်းရှောင်ယောင်ပင် ဖြစ်သည်။

ထိုလူ၏ နောက်မှ စန့်ကွမ်းချိုးရယ်နှင့် စန့်ကွမ်းဟုန်တို့ လိုက်ပါလာသည်​။ သူတို့က တစ်နေရာ၌ ရပ်ကာ နေရာယူရင်း ပြောလိုက်သည်။ “ကျုပ် သိသလောက်တော့ ဒီပြဿနာက ဖန်းလိုင်နတ်ရေကန်မှာ စခဲ့ပြီး ကျွင်းချိုးယွင်ဘက်က အရင်မှားခဲ့တာ။ အဲဒါကို လူတိုင်းသိကြတယ်။ အခုလိုဖြစ်သွားတယ်ဆိုတာလည်း သူနဲ့ ထိုက်တန်လို့ ဖြစ်သွားတာပဲ။ ညီအစ်ကိုရှောင်ယောင် ထပ်ပြီး ပြဿနာ ဖြစ်အောင် လုပ်ဖို့မလိုပါဘူး။”

သူ၏ စကားများကို ကြားသည့်အခါ လူအများက ထူးဆန်းသည်ဟု ခံစားလို့ကြရသည်။ စန့်ကွမ်းဟုန်က စန့်ကွမ်းမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်ပြီး သူ၏ စကားများက မျိုးနွယ်တစ်ခုလုံးကို ကိုယ်စားပြုသည်။ သူက ဤတိုက်ပွဲတွင် ပါဝင်ပတ်သတ်ချင်နေသည်လား။

ကျွင်းရှောင်ယောင်၏ မျက်လုံးများက ရေခဲတမျှ အေးစက်သွားပြီး စန့်ကွမ်းဟုန်ကို ကြည့်လိုက်သည်။ သူက စန့်ကွမ်းဟုန်နှင့် ယခင်အကြွေးပင် မရှင်းရသေးသော်လည်း သူက သည်ပြဿနာတွင် ဝင်စွက်ဖက်ချင်နေသည်။

“အစ်ကိုစန့်ကွမ်း၊ မင်းက တကယ်ပဲ လောကကြီးကို ရှုပ်ထွေးစေချင်နေတာလား ဟမ်…။” နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။ အခြားအရပ်မျက်နှာမှ တန်ခိုးရှင်တပ်ကြီးတစ်တပ် ထွက်ပေါ်လာပြန်သည်။ သူတို့က ယွင်မိသားစုမှ ဖြစ်လေသည်။

လူအများ၏ နှလုံးသားက တုန်ယင်သွားကြသည်။ သည့်မတိုင်ခင်က ထိုထိပ်သီးအင်အားစုသုံးခု ဖန်းလိုင်နတ်ဘုရားဘုံသို့ လာနေသည်အား လူအများက မြင်တွေ့ခဲ့သည်။ ယခု ရီဖူရှင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ထွက်လာသည့်အခါ အစွမ်းထက် အင်အားစုများ တစ်စုပြီးတစ်စု ပေါ်ပေါက်လာလေသည်။

ထို့ပြင် စန့်ကွမ်းကလန်က ကျွင်းကလန်ကို ပစ်မှတ်ထားနေပုံရပြီး ယွင်ကလန်က ကျွင်းကလန်း မဟာမိတ်ဖြစ်နိုင်သည်။ ထိုသုံးဖွဲ့နောက်မှ လိုက်ပါလာသော တန်ခိုးရှင်များကို ကြည့်လျှင် ထိုသုံးဖွဲက ဆုံးဖြတ်ချက်ချပြီးကြောင်း သူတို့က ခပ်ရေးရေး သဘောပေါက်လာကြပေသည်။

“ဒီကိစ္စက ယွင်ကလန်နဲ့လည်း ပတ်သတ်တာလား။” စန့်ကွမ်းဟုန်က မေးလိုက်သည်။ ထင်ထားသလိုပင် လူတိုင်းက ကိုယ့်အကြံအစည်နှင့်ကိုယ် ဖြစ်သည်။ ရီဖူရှင်းအား သတ်ရန်နှင့် စန့်ကွမ်းမိသားစုအား ရင်ဆိုင်ရန် ကြိုးစားရာတွင် ကျွင်းမိသားစုက ယွင်ကလန်နှင့် မဟာမိတ်ဖွဲ့လိုပုံရသည်။

သို့သော် စန့်ကွမ်းမိသားစုသည်လည်း တူညီသော အစီအစဥ်ရှိထားပေသည်။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေဝင်ခွင့်ကို သုံး၍ ကျွင်းမိသားစုနှင့် ရင်ဆိုင်လိုသည်။

ယနေ့ ​ကြည့်ရသည်မှာ မြှားကို လေးညှို့မှ လွှတ်လိုက်သည်နှင့် ပြန်လမ်းမရှိတော့ပုံရသည်။ စန့်ကွမ်းချိုးရယ် ယူဆောင်လာသော သတင်းများက ယုံကြည်၍ရမရ သူ မသိသလို ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွက် မည်မျှ အရေးပါမည်ကိုလည်း မသိပေ။

“ရီလျှို့နျန် အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေမှာ ရှိတုန်းက အရမ်းစိတ်ကြီးဝင်ပြီး အသက်တွေကို လက်လွတ်စပယ် သတ်ဖြတ်ခဲ့တယ်။ သူ့လက်ထဲမှာ ကျင့်ကြံသူဘယ်နယောက် သေသွားခဲ့ပြီလဲ ကျုပ် မသိဘူး။ သူတို့က ဖန်းလိုင်ကုန်းမြေရဲ့ အဓိကအင်အားတွေပဲ။ ကျွင်းမိသားစုရဲ့ အဲဒီတန်ခိုးရှင်တွေက သူ သတ်တာကို ခံခဲ့ရတယ်။ ကျုပ်တို့ရဲ့ တူ ကျွင်းချိုးယွင်တောင်မှ ကျင့်ကြံခြင်း ဖျက်ဆီးခံခဲ့ရသေးတယ်။ ဒါက ကျင့်ကြံခြင်းလောကရဲ့ မျှခြေကို ပျက်စီးစေတယ်။ ဒီကိစ္စက ဘာလို့ ယွင်မိသားစုနဲ့ မဆိုင်ရမှာလဲ။” ယွင်ကလန်ခေါင်းဆောင် ယွင်မုက ပြောလိုက်သည်။ သူ့ဘေးမှ ယွင်ကျိမ်းက ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ရှိစဥ်က သူ ရီဖူရှင်းအား ရန်မစရဲခဲ့ပေ။

သို့သော် ယခု သူရ အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေ အပြင်ဘက်သို့ ရောက်နေပြီ ဖြစ်သည်။ သူက မည်မျှ ထူးချွန်နေပါစေ ဤတစ်ကြိမ်၌ သေရပေတော့မည်။

ကောလာဟလများက ရီဖူရှင်းသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသခင်၏ အလေးပေးမှုကို ခံရ၍ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်ခဲ့သည်ဟု ပြောကြသည်။ ယခု ထိပ်တန်းအင်အားစုနှစ်ခုက ပူးပေါင်းပြီး သတ်ဖြတ်လျှင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ နှစ်သက်မှုကို ခံရလျှင်ပင် ရီဖူရှင်းအတွက် ကျွန်းသခင်က မည်မျှ လုပ်ဆောင်ပေးနိုင်မည်နည်း။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက နှစ်ပေါင်းများစွာ လောကအရေးအခင်းများမှ ဘေးဖယ်နေခဲ့သည်။ ရီဖူရှင်းတစ်ယောက်အတွက်နှင့် ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုကြီးနှစ်ခုကို စစ်ကြေညာလိမ့်မည်လား။

ရီဖူရှင်းကို သတ်ရန် ဤအခွင့်အရေးကို အသုံးချပြီးနောက် ကျွင်းကလန်နှင့် ယွင်ကလန်က စန့်ကွမ်းကလန်ကို ဖျက်ဆီးပစ်မည် ဖြစ်သည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွင်း စန့်ကွမ်းချိုးရယ်၏ စွမ်းဆောင်ချက်က အလွန် ပြောင်မြောက်လှသည်။

“ယွင်ကလန်ကလည်း ကျုပ်ကို သတ်ချင်နေတာလား။” ရီဖူရှင်းက ယွင်မု ပြောသည်အား ကြားပြီးနောက် မေးလိုက်သည်။

ယွင်မုက ရီဖူရှင်းအား ကြည့်၍ ပြန်ဖြေလိုက်သည်။ “ဒါက အစ်ကိုရှောင်ယောင် ဆုံးဖြတ်ချက်ပေါ် မူတည်လိမ့်မယ်။”

“နားလည်ပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ “ဖန်းလိုင်နတ်ရေကန်မှာရော အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေမှာပါ ကျုပ်ဘက်က စပြီး ရန်ပြုတာမျိုး မရှိခဲ့ဘူး။ ကျွင်းချိုးယွင်က သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး ကျုပ်ကို သူ့နောက်လိုက်လုပ်စေချင်တယ်။ သူ့ကမ်းလှမ်းချက်ကို ကျုပ် ငြင်းပယ်လိုက်တော့ သူ့ မာနထိခိုက်သွားတာကြောင့် ကျုပ်ကို မကျေနပ်ခဲ့ဘူး။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ရောက်တော့လည်း ကျုပ်ကို ရန်စတဲ့ လူတွေနဲ့ တွေ့ခဲ့တယ်။ ဥပမာ ကျွင်းမိသားစုလိုမျိုးပေါ့။”

“နောက်တော့ သူတို့အားလုံးသေကုန်ကြတယ်။”

ရီဖူရှင်း၏ စကားလုံးများက တန်ခိုးရှင်များကို အံ့အားသင့်သွားစေသည်။

နောက်ပိုင်း သူတို့အားလုံး သေသွားတယ်လား။

၎င်းက မည်သည့် အဓိပ္ပါယ်နည်း။

ယခု ကျွင်း၊ ယွင် မိသားစုနှစ်ခု ပေါင်းစည်းကာ သူ့အား ရင်ဆိုင်ရန် ပြင်နေသဖြင့် ရီဖူရှင်းက အကြံပေးလိုက်ခြင်း ဖြစ်သည်။

စန့်ကွမ်းဟုန်သည် ရီဖူရှင်း၏ စကားကို ကြားသောအခါ မနေနိုင်ဘဲ ရယ်လိုက်ပေသည်။ သည်လူက အလွန်အံ့အားသင့်ဖွယ်ကောင်းပြီး လေးနက်နေပုံရသည်။

ကျွင်းရှောင်ယောင်က ရီဖူရှင်းအား စိုက်ကြည့်နေဆဲဖြစ်ပြီး သူက တိုက်ခိုက်ရန် ချက်ချင်း အမိန့်မပေးခဲ့ပေ။ ကြည့်ရသည်မှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ သဘောထားကို သိလို၍ စောင့်နေခြင်း ဖြစ်ပေမည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် ဖန်းလိုင်ကုန်းမြေ၌ တည်ရှိသည်။ ၎င်းက ကျွန်းကို နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သော်လည်း လုံးဝ အဆက်အသွယ်ဖြတ်ထားခြင်း မဟုတ်ပေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဆယ်နှစ်လျှင်တစ်ကြိမ် ဖွင့်လှစ်ပြီး မဟာလမ်းစဥ် အခွင့်အလမ်းများကို ပေးအပ်သည်။ သူတို့သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ အင်အားကို ခန့်မှန်းမိနိုင်ပေသည်။ သူတို့က အလွန် အားကောင်းလှသည်။

သူတို့က ဤသို့ အရေးမပါသော လူတစ်ယောက်အတွက်နှင့် ဖန်းလိုင်ကုန်းမြေရှိ အင်အားစုနှစ်ခုကို ဆန့်ကျင်လိမ့်မည်လား မသိပေ။

ကျွင်းရှောင်ယောင်က ရှေ့သို့ခြေလှမ်းကာ မေးလိုက်သည်။ “ဒီနေ့ ရီလျှို့နျန်ကို သတ်ဖို့ ကျွင်းမိသားစုကို တားတဲ့ဘယ်သူမဆို စစ်ကြေညာရလိမ့်မယ်။”

သူ၏ အမိန့်စကားကြောင့် ရန်ဟောင်များအနီးမှ မဟာလမ်းစဥ်စွမ်းအားများ ပေါက်ကွဲထွက်လာပေသည်။

လူအိုကြီးတစ်ယောက်က လေဟာနယ်ထဲ ခြေလှမ်းလာပြီး ရီဖူရှင်းခေါင်းထက်သို့ လာကာ လက်ဝါးကို မြှောက်၍ ရိုက်ချလိုက်သည်။ ခဏချင်းအတွင်းတွင် ကောင်းကင်ထက်မှ ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းထံ တိုက်ရိုက်တိုးဝင်သွားသည်။

အခြားသော ဓားတစ်လက်က လေထဲတွင် ထွက်ပေါ်လာပြီး ပြင်းထန်သော ဓားစွမ်းအားများက ဓားအတွင်း ပေါင်းစပ်သွားသည်။ အဆုံးမဲ့ ဓားစွမ်းအားများက ဓားကို လှည့်ပတ်နေပြီး လေဟာနယ်အား ခွဲထွက်ကာ အလင်းဓားနှစ်လက်က အချင်းချင်း တိုက်မိကြပြီး ကောင်းကင်ထက်တွင် ပြင်းထန်သော ဖျက်ဆီးခြင်းဓားစွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။ စူးရှသော အလင်းတို့က ကျယ်ပြောသော လေဟာနယ်တခွင်ကို ဖုံးလွှမ်းသွားလေသည်။

သို့သော် ထိုအခိုက်အတန့်၌ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ထွက်ပေါက်မှ ပြင်းထန်လှသော အရှိန်အဝါတို့နှင့် နတ်မိမယ်တစ်ပါး ထွက်လာခဲ့သည်။ သူမ၏ မဟာလမ်းစဥ် အရှိန်အဝါတို့က ပတ်ဝန်းကျင်တစ်ခွင်လုံးကို လွှမ်းခြုံထားလေသည်။

တခဏအကြာ၌ အစွမ်းထက် ရန်ဟောင်များက တစ်ချိန်တည်း ထွက်ပေါ်လာပြီး လူများကို အံ့သြမှင်တက်သွားစေခဲ့သည်။

ထိုလူအုပ်ထဲမှ ပိုင်မုသည် လမ်းလျှောက်ထွက်လာကာ တစ်ဖက်လူများကို ကြည့်လိုက်သည်။ သူမ၏ ဘေးတွင် အလွန် အားကောင်းသန်မာသော တန်ခိုးရှင်များရှိနေသော်လည်း သူမက ဦးဆောင်လာသည်။ ယခုဆိုလျှင် ပိုင်မုက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ကိုယ်စားပြုသည့် နတ်မိမယ်တစ်ပါး ဖြစ်နေပြီဖြစ်လေသည်။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဖန်းလိုင်ကုန်းမြေရဲ့ အရေးအခင်းကို ဝင်စွက်ဖက်မလို့လား။” ကျွင်းရှောင်ယောင်က ပိုင်မုကို ကြည့်ကာ မေးလိုက်သည်။ သူက ကောင်းကင်၌ ရပ်နေပြီး အဆင့်ကိုးရန်ဟောင်တစ်ပါး၏ အရှိန်အဝါတို့ပေါက်ကွဲထွက်လာသည်။ ၎င်းစွမ်းအားများကြောင့် ကောင်းကင်နှင့် မြေကြီးသည်ပင် အရောင်ပြောင်းသွးလေသည်။

ထိုစွမ်းအားများအောက်တွင် လူတိုင်းသည် ကျွင်းရှောင်ယောင်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်နေရသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်များ ပေါ်လာလျှင်ပင် သူက လမ်းစဥ်ဖိအားများ ထုတ်လွှတ်၍ သူ၏ ခိုင်မာသော ရပ်တည်မှုကို ပြသခဲ့သည်။

ဤတစ်ကြိမ်သည် ရီဖူရှင်းနှင့် ကျွင်းချိုးယွင်ကြားမှ အမုန်းတရားများအတွက် တိုက်ပွဲဖြစ်ရုံမျှမက ကျွင်းကလန်၏ ကံကြမ္မာအပြင် စန့်ကွမ်းကလန်အတွက်လည်း ထိုနည်း၎င်းပင် ဖြစ်၏။

“အိမ်တော်သခင်ရီက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ဧည့်သည်ဖြစ်နေတုန်းပဲ။ သူ့ကို ထိတဲ့လူမှန်သမျှ သေရမယ်။” ပိုင်မုက အေးစက်စွာ ​ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမနောက်မှ တန်ခိုးရှင်များက လှုပ်ရှားလာသည်။ အဝေးမှ အရပ်မျက်နှာအသီးသီးတွင် အစွမ်းထက် ပုဂ္ဂိုလ်များ အဆက်မပြတ် ထွက်ပေါ်လာကာ ဤနေရာသို့ လာနေကြသည်။ သူတို့အားလုံးတွင် ကြောက်မက်ဖွယ် အရှိန်အဝါများရှိကြပြီး ထိုနေရာရှိ လူတိုင်းကို ဝိုင်းထားလိုက်ပေသည်။

{မှတ်ချက်_ အမှားအယင်းတချို့ကြောင့် နောက်ဆုံး နှစ်ခန်းကို မထည့်လိုက်ရပါဘူး။ နောက်နှစ်ခန်းကို နောက်စာစဉ်မှာ ပေါင်းထည့်ပေးပါ့မယ်။ }

***


Comment

Leave a Reply


Options

not work with dark mode
Reset