Switch Mode

အပိုင်း (၁၉၃၈)

နတ်မီးလျှံကို စုပ်ယူခြင်း

ရီဖူရှင်း၏ နားလည်သဘောပေါက်မှုက စန့်ကွမ်းချိုးရယ်နှင့် မတူပေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေမှ ကျွ​​န်းသခင်သည် သူမအား သမီးတော်ဘွဲ့ပေးအပ်ကာ သူ့နောက်သို့ လိုက်ပါကျင့်ကြံစေလိုခြင်းသည် သူ၏ အဆင့်အတန်းကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။

သို့သော် သမီးတော်တစ်ပါးအား သူ့နောက်သို့ လိုက်ပါစေခြင်းမှာ သူ့အား ချည်နှောင်ထားရန် နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသလား။

သို့သော် သူက ပိုင်မုအပေါ်၌ အမြင်ကောင်းများ ရှိထားသည်။ သူတို့က မှန်ကန်သော လူကို ရွေးချယ်ထားခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့ထံတွင် သူမကို ငြင်းဆန်ရန် အကြောင်းမရှိပေ။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ်ဘက်က ငြင်းစရာအကြောင်းမရှိပါဘူး။”

“ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ပြီ။ အခုကစပြီး ကျွန်မ ဒီနန်းတော်မှာပဲ ကျင့်ကြံပါ့မယ်။ အိမ်တော်သခင်ရီ တစ်ခုခု ညွှန်ကြားစရာရှိရင် ကျွန်မကို ပြောပါ။” ပိုင်မုက ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ကျွန်းသခင်၏ ရည်ရွယ်ချက်ကို စတင်နားလည်လာသည်။

သူမသည် ပိုင်မုကို အသုံးပြုပြီး သူ့ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် ချည်နှောင်လိုခဲ့သည်။

“ကျေးဇူးတင်ပါတယ် နတ်မိမယ်။” ရီဖူရှင်းက ရည်ရွယ်ချက်ကို နားလည်သည့်အတွက် အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် စန့်ကွမ်းချိုးရယ်က မျက်တောင်ခတ်ကာ သူ့ကို ကြည့်လိုက်ရင်း အံ့အားသင့်နေသည်။

သူက အနည်းငယ်မျှပင် ဟန်ဆောင်ပန်ဆောင်မရှိခဲ့ပေ။ အလွန် အရှက်ကင်းမဲ့လွန်းလှသည်။

စန့်ကွမ်းချိုးရယ်သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ရီဖူရှင်းကို အနိုင်ယူရန် ပိုင်မုအား အသုံးပြုနေသည်ဟု တွေးနေခဲ့သည်။ သူမသည် ရီ​ဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေ၏ ဆေးလုံးကို စားသုံးခဲ့ပြီး ယခု အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဒုတိယကျွန်းသခင်ဖြစ်လာသည်ကို မသိခဲ့ပေ။

“အိမ်တော်သခင်ရီ ကျွန်မကို နတ်မိမယ်လို့ မခေါ်ပါနဲ့တော့။ နာမည်ပဲ ခေါ်လို့ရပါတယ်။” ပိုင်မုက ပြောလိုက်သည်။

“ကောင်းပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “ပိုင်မု၊ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ဆေးဖော်စပ်ဖို့ နေရာရှိတယ်မဟုတ်လား”

“အင်း” ပိုင်မုက ခေါင်းညိတ်လိုက်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဆေးဖော်စပ်သည့် ပညာရှင် တုံ့လိုင်နတ်ဘုရားအကြီးအကဲက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဆေးဖော်စပ်မှုနှင့် စတင်ခဲ့ပြီး ဤနေရာရှိ လူအများစုက ဆေးဖော်စပ်ခြင်း၌ ထူးချွန်ငြသည်။

“မင်းရော ဆေးဖော်စပ်တတ်လား။” ရီဖူရှင်းက မေးလိုက်သည်။

ပိုင်မုက သူမခေါင်းကို ယမ်းလိုက်သည်။ “ကျွန်မက ဆေးဖော်စပ်ခြင်းမှာ ပါရမီမပါဘူး။ ဆေးဖော်စပ်သူတွေက မဟာလမ်းစဥ်ကို ကောင်းကောင်းနားလည် သဘောပေါက်ဖို့ လိုတယ်။ တော်တဲ့ ဆေးဖော်စပ်သူဖြစ်လာတဲ့ ဘယ်သူမဆို ပန်းသစ်ပင်ကို လှုပ်ရှားလာအောင် ဆွဲဆောင်နိုင်တယ်။”

“ဒါဆို အစွမ်းထက်တဲ့ ဆေးဖော်စပ်သူ ဖြစ်လာဖို့ ကျင့်ကြံခြင်းမှာ ထူးချွန်တဲ့ အရည်အချင်းရှိရမှာပေါ့။” ရီဖူရှင်းက မေးလိုက်ပြီး ပိုင်မုက ခေါင်းညိတ်လိုက်၏။ ဤသည်မှာ အစွမ်းထက်ဆေးဖော်စပ်သူ မည်သည့်အတွက် ရှားပါးရခြင်းဟူသော အကြောင်းရင်းပင် ဖြစ်သည်။ ထူးချွန်သော အရည်အချင်းရှိသူသည် ကျင့်ကြံခြင်းမှ သူ၏ ခွန်အားကို မြှင့်တင်ရန် လုံလောက်ပေရာ ဆေးဖော်စပ်ခြင်းကြောင့် မည်သည့်အနှောက်အယှက်မှ ပေါ်လာမည်မဟုတ်ပေ။

“ဒီလိုဆိုရင် ကျုပ်မှာလည်း ဆေးဖော်စပ်သူဖြစ်ဖို့ အလားအလာ ရှိနိုင်တယ်။ မင်း အချိန်ရတဲ့အခါ ဆေးဖော်စပ်တာကို လေ့လာဖို့ အဲဒီကို ခေါ်သွားပေးပါ။ ကျုပ်မှာလည်း ဆေးဖော်စပ်တဲ့ အရည်အချင်းရှိနေတာမျိုး ဖြစ်နိုင်တယ်လေ။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ ပိုင်မုက အတွင်းဇာတ်လမ်းကို သိရှိထားရာ ရီဖူရှင်း၏ တောင်းဆိုချက်နောက်ကွယ်မှ အကြောင်းပြချက်ကို နားလည်ပေသည်။

တုံ့လိုင်နတ်ဘုရားအကြီးအကဲထံမှ အရာအားလုံးကို အမွေဆက်ခံခဲ့သည့်အတွက် ယခုတွင် ရီဖူရှင်းသည်  ထိပ်တန်း ဆေးဖော်စပ်သူတစ်ဦး ဖြစ်လာရန် အမှန်တကယ်အခွင့်အရေးရနေပြီဖြစ်ရာ ထိုပညာရပ်အပေါ် အချိန်နှင့် ခွန်အားတို့ စိုက်ထုတ်ထားရန် ဆန္ဒဖြစ်နေပေသည်။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဘယ်တော့ပိတ်မှာလဲ” ရီဖူရှင်းက မေးလိုက်သည်။

“သုံးရက်အတွင်း ပိတ်လိမ့်မယ်။ အဲဒီအခါကျရင် ကျင့်ကြံသူအားလုံး ကျွန်းပေါ်က ထွက်သွားကြရလိမ့်မယ်။” ပိုင်မုက ပြောသည့်အခါ ရီဖူရှင်းက  အသိအမှတ်ပြုကြောင်း ခေါင်းညိတ်လိုက်သည်။ အရှေ့နတ်ဘုရားကျွန်းနယ်မြေကို ပိတ်လိုက်သော်လည်း သတင်းများက အပြင်သို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး ဖန်းလိုင်ကုန်းမြေရှိ လူအားလုံးက ကျွင်းချိုးယွင် မည်သို့ဖြစ်ပျက်သွားသည်ကို သိရှိကြမည်ဖြစ်သည်။

ကျွင်းမိသားစုက ထိုအဖြစ်အား အစောကြီးကတည်းက သိနေပြီးသားဖြစ်နိုင်ပြီး ထိုဖြစ်နိုင်ချေကလည်း အလွန်မြင့်မားပေသည်။ ထို့ပြင် သူနှင့် ရှားရှင်းယွန်သည် ကျင့်ကြံခြင်းလောက၏ ရတနာတစ်ပါးဖြစ်သော စစ်မူယွမ်ယန်ကြေးမုံကို ပိုင်ဆိုင်ထားသည်။ ထိုသတင်းသည်လည်း အပြင်သို့ ပေါက်ကြားနေသည့် ဖြစ်နိုင်ချေရှိပေသည်။

သို့သော် ကျွင်းချိုးယွင်သည် သူ့လက်ထဲတွင် ရှိနေသောကြောင့် ကျွင်းမိသားစုမှ တန်ခိုးရှင်များက သူ၏ ဒေါသကို လာမဆွသင့်ပေ။

သို့သော် ယခုအချိန်သည် နောက်ခြေလှမ်းကို စဉ်းစားဆုံး​ဖြတ်ရမည့် အချိန်ဖြစ်သည်။

အရင်ဆုံး သူတို့က ဝူထုံနတ်မီးလျှံကို စုဆောင်းသင့်ပေသည်။

“စီဖုန်း၊ အခု ဝူထုံကျွန်းကို သွားတော့မလား။” ရီဖူရှင်းက မနီးမဝေးမှာရှိနေသော ဖီးနစ်ကို ပြောလိုက်သည်။

သိသာစွာပင် သူတို့သည် ဝူထုံနတ်မီးလျှံ ပိုင်ဆိုင်ခွင့်အား ရီဖူရှင်းနှင့် မျှဝေရန် သဘောတူခဲ့ကြပေသည်။

“အင်း” စီဖုန်းက ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား အဝေးသို့ လျှောက်သွားကြသည်။ စန့်ကွမ်းချိုးရယ်၊ ပိုင်မုနှင့် အခြားသူများက သူ့ကို အံ့အားတသင့် ငေးကြည့်နေကြသည်။ သူတို့က ဝူထုံကျွန်းသို့ မည်သည့်အတွက် သွားကြမည်နည်း။

“သိမ်းငှက်လေးကို စောင့်ပါဦး….”

နောက်မှ အသံတစ်ခု ထွက်ပေါ်လာပြီး ‘ဆရာကြီးသိမ်းငှက်’ က သူ့အတောင်များကို ဖြန့်ကာ အမီလိုက်လာသည်။ သူက အမြန်မလိုက်လျှင် ချန်ရစ်ခံရတော့မည် ဖြစ်သည်။

သိပ်မကြာခင်မှာပင် သူတို့သည် ဝူထုံကျွန်းသို့ ရောက်လာကြသည်။ စီဖုန်းက ထိုနေရာ၌ မရှိသော်လည်း ဝူထုံနတ်သစ်ပင်က ကျွန်းပေါ်တွင် ရှိနေဆဲဖြစ်သည်။ မည်သူကမှ ဝူထုံနတ်မီးလျှံကို ယူဆောင်မသွားနိုင်ပေ။ ၎င်းက နတ်မီးလျှံဖြစ်ပြီး ဖီးနစ်မှဖွဲ့စည်းထားသည့် မဟာလမ်းစဥ် နတ်မီးလျှံပင် ဖြစ်လေသည်။ ၎င်း၏ ပြင်းထန်သော စွမ်းအားကြောင့် ကျင့်ကြံရာတွင် ငြင်းပယ်မှုဖြစ်နိုင်ပြီး မည်သူကမှ ကိုယ်ပိုင်ဖြစ်လာရန် မသန့်စင်နိုင်ကြပေ။ အနည်းဆုံး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ မည်သူမျှ ထိုသို့လုပ်ဆောင်နိုင်ခြင်း မရှိကြချေ။

သို့သော်လည်း ရီဖူရှင်းက ၎င်းအား ရယူရန် နည်းလမ်းရှိပေသည်။

ဝူထုံကျွန်းကနေ အခု ထွက်သွားကြ။” စီဖုန်းက ကျွန်းပေါ်သို့ ရုတ်တရက် ထိုးဆင်းသွားကာ သူမ၏ အနီရောင်ဝတ်စုံက တောက်ပနေပြီး ရုတ်တရက် သူမထံမှ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ သူမ၏ ခန္ဓာကိုယ်မှ နတ်ဖီးနစ်ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နှင့် နေမင်းကို ဖုံးကွယ်သွားသည်။ နတ်မီးလျှံက ဝူထုံကျွန်းတစ်ခုလုံးကို လွှမ်းခြုံထားကာ ကျွန်းပေါ်ရှိ ဝူထုံသစ်ပင်က ယိမ်းနွဲ့နေကာ လေထုထဲတွင် နတ်မီးလျှံတစ်စွန်းတစ်စတို့က ပျံ့လွင့်နေသည်။

ချက်ချင်းပင် ဝူထုံကျွန်းပေါ်ရှိ အပူချိန်က မြင့်တက်လာသည်။ ဝူထုံနတ်သစ်ပင်ကို ဗဟိုပြုကာ နားလည်ရန်ခက်ခဲသော နတ်မီးလျှံတို့က တောက်ပနေသည်။ ကျွန်းပေါ်ရှိ တန်ခိုးရှင်တို့က စီဖုန်းကို ကြည့်လိုက်ပြီး ဝူထုံကျွန်းသခင်ဖြစ်နိုင်သည်ကို သိသွားသည့်အခါ လေဟာနယ်ထဲသို့ ပြန်ဆုတ်ခွာသွားလေသည်။

ရီဖူရှင်းနှင့် သိမ်းငှက်လေးတို့ကလည်း ဝူထုံနတ်သစ်ပင်အနီးတွင် ဆင်းသက်လာသည်။ ရီဖူရှင်းက သစ်ပင်အောက်၌ ခြေထောက်များကို ခွေကာ ထိုင်ချလိုက်သည်။

စီဖုန်းက ဝူထုံနတ်သစ်ပင်ထက်မှနေ၍ ရီဖူရှင်းအား တိတ်ဆိတ်စွာ စူးစမ်းလေ့လာနေပြီး သူက ဝူထုံနတ်မီးလျှံက သစ်ပင်မှ မည်သို့ ယူဆောင်သွားမည်ကို သိချင်နေသည်။

ထိုအချိန်တွင် သူမသည် ရီဖူရှင်းထံမှ ထွက်ပေါ်လာသော မမြင်နိုင်သည့် လေစီးကြောင်းက ဝူထုံနတ်သစ်ပင်ကို ဖုံးလွှမ်းထားသည်အား ခံစားမိလိုက်သည်။ ထိုစဥ်မှာပင် နတ်သစ်ပင်ထက်မှ မဟာလမ်းစဥ်မီးလျှံစွမ်းအားက သူ့ဆီသို့ အဆက်မပြတ်စီးဆင်းလာပေသည်။ သိချင်စိတ်က စီဖုန်း၏ လှပသော မျက်ဝန်းများထဲ ဖြတ်ပြေးလာပြီး သူမက အနည်းငယ် ပို၍ လေးနက်လာသည်။

ထိုအချိန်တွင် သူမက ဤလေဟာနယ်အတွင်း သီးခြားကန့်သတ်နယ်မြေတစ်ခုပေါ်ပေါက်လာကြောင်း ခပ်ရေးရေးသတိပြုမိပြီး နတ်သစ်ပင်ကို လွှမ်းခြုံထားလိုက်ပေသည်။ ထိုနေရာကို မမြင်နိုင်သော အလွှာတစ်ခု ဖုံးလွှမ်းထားသကဲ့သို့ပင်။ ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်နှင့် အရွက်များက ဖြန့်ကျက်လာပြီး မဟာလမ်းစဥ်စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲကာ ဝူထုံနတ်သစ်ပင်အတွင်း ထိုးဖောက်ဝင်ရောက်လာသည်။ ထို့ကြောင့် ရီဖူရှင်း၏ ခန္ဓာကိုယ်နှင့် ဝူထုံနတ်သစ်ပင်တို့က တသားတည်းဖြစ်လာကာ နတ်မီးလျှံအလင်းတို့ကို ဆက်လက်ဝါးမြိုစုပ်ယူနေသည်။

ကြောက်မက်ဖွယ် နတ်အလင်းများက တောက်ပနေပြီး ဖော်ပြ၍မရနိုင်အောင် ပူလောင်သည့် အရှိန်အဝါတို့က လေ​ထုထဲကို ထိုးဖောက်လာ၏။ ဝူထုံနတ်သစ်ပင်သည် မီးလျှံအရောင်အဖြစ် ပြောင်းလဲသွားကာ ရွှေရောင်နတ်မီးလျှံတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလွန်တောက်ပစွာ လောင်ကျွမ်းနေသည်။

“နတ်မီးလျှံ” သိမ်းငှက်လေးက လေဟာနယ်ထဲသို့ ပြန်ဆုတ်သွားသည်။ သူက နတ်မီးလျှံ၏ စွမ်းအားကို ခံနိုင်ရည်မရှိပေ။

သို့သော် ထိုသို့စွမ်းအားကြီး နတ်မီးလျှံများသည်ပင် ရီဖူရှင်း၏ တဖြေးဖြေး စုပ်ယူခြင်းကို ခံနေရသည်။ ၎င်းက စီဖုန်း၏ မျက်နှာတွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာစေသည်။ သူက နတ်မီးလျှံနှင့် ပေါင်းစပ်ခြင်းမှမဟုတ်လျှင် နတ်မီးလျှံနှင့် ထိတွေ့သည့် မည်သူမဆို ခန္ဓာကိုယ်နှင့် ဝိညာဥ်ကိုပါ လောင်ကျွမ်းခံရမည်ဖြစ်သည်။ သူမကိုယ်တိုင်ပင် ခြွင်းချက်မရှိပေ။

ထို့​ကြောင့် ဝူထုံနတ်မီးလျှံက ယခုထိတိုင် ဤနေရာ၌ ရှိနေသေးပြီး အစောင့်အကြပ်တစ်ယောက်မှ မရှိလျှင်ပင် မည်သူမှ ယူဆောင်မသွားနိုင်ခြင်း ဖြစ်သည်။

သို့ပေမယ့် ရီဖူရှင်းက မည်သည့်အတွက် ထိုမီးလျှံကြောင့် ထိခိုက်ခြင်း မရှိရသနည်း။

ရီဖူရှင်း၏ ခန္ဓာကိုယ်က မီးလျှံ၏ နတ်အလင်းတို့နှင့် အလျှံငြီးငြီး တောက်ပနေသည်။ နတ်မီးလျှံသည် ကောင်းမွန်လှသော ချုပ်ထိန်းမှုအောက်၌ သူ့ခန္ဓာကိုယ်ပေါ် စီးဆင်းနေသည်။

သူက လုပ်ဆောင်နေသည်အား မရပ်တန့်ခဲ့ပေ။ သဏ္ဌာန်မဲ့ဘုံမှ ရရှိခဲ့သော ယင်စွမ်းအင်၏ ခွန်အားသည် ဤဝူထုံနတ်မီးလျှံထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသော်လည်း ထိုယင်စွမ်းအားများက ရီဖူရှင်း၏ စုပ်ယူခြင်းကို ခံခဲ့ရသည်။ ယနေ့ ဝူထုံနတ်မီးလျှံသည်လည်း တူညီစွာပင် ဖြစ်သည်။

သူသည် ယခင် သဏ္ဌာန်မဲ့ဘုံ၌ အတွေ့အကြုံရှိသောကြောင့် သူက ပို၍ ယုံကြည်ချက်ရှိနေပေသည်။

အတော်လေးကြာပြီးနောက် ဝူထုံနတ်သစ်ပင်မှ နတ်ရောင်ဝါတို့က တဖြေးဖြေး မှိန်ဖျော့လာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ နတ်အလင်းက ပို၍ တောက်ပလာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နတ်မီးလျှံနှင့် လွှမ်းခြုံထားသကဲ့သို့ပင်။ သူသည် ကျင့်ကြံနေဆဲဖြစ်ပြီး မလှုပ်ရှားသေးပေ။

တစ်ချိန်တည်းမှာပင် ဝူထုံကျွန်းပေါ်ရှိ မီးလျှံအရှိန်အဝါတို့က အားနည်းလာပြီး တဖြေးဖြေး ပျောက်ကွယ်လာပေသည်။

“အဲဒါက ဝါးမြိုခံလိုက်ရတယ်။” စီဖုန်းက အောက်ဘက်ရှိ ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူမက စောင့်ကြည့်နေသော်လည်း ရီဖူရှင်း မည်သို့ လုပ်ဆောင်ခဲ့သည်ကို နားမလည်ပေ။ သူမသည် ရီဖူရှင်းက ထူးခြားဆန်းကြယ်သော စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ထိုစွမ်းအားက ဝူထုံနတ်မီးလျှံအား ဖိနှိပ်နိုင်လောက်အောင် အားကောင်းသည်ကိုသာ ခံစားမိသည်။

အချိန်အတော်ကြာပြီးသည်ထိ ရီဖူရှင်း၏ ခန္ဓာကိုယ်တွင် တောက်ပသော နတ်မီးလျှံများ စီးဆင်းနေသည်။ သူက မတ်တပ်ရပ်လိုက်ပြီး ပင့်သက်ရှိုက်လိုက်ကာ ကြောက်မက်ဖွယ် ပူပြင်းလှသော အပူလှိုင်းတို့အား ရုတ်သိမ်းလိုက်သည်။

သူက ခေါင်းကိုမော့ကာ စီဖုန်းကို ကြည့်၍ အပြုံးနှင့် ပြောလိုက်သည်။ “ပြီးသွားပြီ။”

“နတ်မီးလျှံကဘယ်မှာလဲ။” စီဖုန်းက မျက်လုံးများပြူးကာ ရီဖူရှင်းကို ကြည့်လိုက်သည်။

သူမ မီးလျှံအား ရယူရန် သူ ကူညီမည်ဟု ပြောခဲ့သည်မဟုတ်ပါလား။

နတ်မီးလျှံက မည်သည့်နေရာ၌ ရှိနေသနည်း။

သူမ၏ နတ်မီးလျှံက သည်လူ၏ ခိုးယူလုယက်ခြင်းကို ခံလိုက်ရပြီလား။

“စိတ်မပူပါနဲ့။” ရီဖူရှင်းက စီဖုန်း၏ အမူအရာကို မြင်သောအခါ အပြုံးနှင့် ပြောလိုက်သည်။ “ပြန်ကြရအောင်။”

သူ ပြောပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားကာ ဗလာဖြစ်သွားသော ဝူထုံကျွန်းအား နောက်ဘက်တွင် ချန်ရစ်ခဲ့သည်။

သူတို့ ထွက်သွားပြီးနောက် လူအများကြီး ထိုနေရာသို့ ရောက်လာကာ တစ်စုံတစ်ယောက်က မေးလိုက်သည်။ “အဲဒီလူက ဘယ်သူလဲ။”

“ရီလျှို့နျန်။ သူက မဟာလမ်းစဥ်အခွင့်အရေးတွေ အများကြီးကို လက်ဝါးအုပ်ခဲ့တယ်။ နောက်ပိုင်းမှာ စစ်တုရင်ဝင်္ကပါ စမ်းသပ်မှုကို ဖြတ်ကျော်ပြီး ပင်မကျွန်းစုကို ဝင်ရောက်ခဲ့တယ်။ ကြည့်ရတာ သူ့ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ကျင့်ကြံဖို့ ဖိတ်ခေါ်ခဲ့တယ် ထင်တယ်။ အခုတစ်ခါထပ်ပြီး ဝူထုံကျွန်းက အခွင့်အလမ်းကို လက်ဝါးကြီးလာအုပ်တာပဲ။ ဘယ်လောက် နှလုံးသားမဲ့လိုက်သလဲ။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ အတော်လေး ကျော်ကြားပုံရလေသည်။

“တုံ့ယွမ်အိမ်တော်က အိမ်တော်သခင် ရီလျှို့နျန်။ ကျုပ် သူ့အကြောင်းကြားဖူးတယ်။ သူက ကျွင်းချိုးယွင်ရဲ့ ကျင့်ကြံခြင်းတွေကို ဖျက်ဆီးပစ်ပြီး ဖန်းလိုင်ကုန်းမြေ ကျွင်းမိသားစုက တန်ခိုးရှင်ရာချီကို သတ်ဖြတ်ခဲ့တယ်။ အဋ္ဌမဆင့်တန်ခိုးရှင်တွေတောင် ထွက်ပြေးမလွတ်ဘူးတဲ့။ သူက အရမ်းရက်စက်တဲ့ လူမျိုးပဲ။ သူ အပြင်လောကကို ရောက်သွားရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။” တစ်ယောက်က ထပ်ပြောလိုက်သည်။

ကြည့်ရသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွင်း ဖြစ်ခဲ့သည့်အရုတို့ကို လူတိုင်း သိကြပုံရသည်။

ရီဖူရှင်းက ပင်မကျွန်းစုသို့ ပြန်လာပြီးနောက် သူက အေးချမ်းသောဘဝနှင့် ဆက်လက်ဖြတ်သန်းနေခဲ့သည်။ နေ့စဥ်နေ့တိုင်း ကောင်းမွန်သောအရက်နှင့် အရသာရှိသော စားစရာများ စားသောက်နိုင်ပြီး သူ့ဘေး၌ အလှလေးတစ်ယောက်ထက် ပိုရှိပေသည်။

သူသာလျှင်မကဘဲ သူနှင့်အတူလာခဲ့သော အင်ပါယာဟယ်လျန်နှင့် ပေ့ကုံးအော့တို့သည်လည်း ကြွယ်ဝချမ်းသာသော နေထိုင်မှုပုံစံတွင် ပျော်မွေ့နေခဲ့၏။ သူက ပိုင်မုထံမှ ကျင့်ကြံရေးအတွက် အထောက်အကူပြုသာ မှော်ဆေးဝါးများ တောင်းဆိုခဲ့ကာ သူနှင့် အရင်းနှီးဆုံးလူများကို ပေးခဲ့သည်။

တစ်ခါတစ်ရံ၌ သူက ဆေးဖော်စပ်မှုကို လေ့ကျင့်ရန် သွားလိမ့်မည် ဖြစ်သည်။

စန့်ကွမ်းချိုးရယ်က ထိုအရာအားလုံးကို စောင့်ကြည့်နေပြီး သူမ အတွေးများက ရှုပ်ထွေးနေသည်။

ရီဖူရှင်း၏ ပါရမီက ထူးချွန်လျှင်ပင် ယခု သူက အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေသို့ ဝင်ရောက်၍ ကျင့်ကြံသည့်အခါ သူအား ထိုမျှ ကောင်းမွန်စွာ ဆက်ဆံရန် လိုအပ်သည်လား။

ထို့ပြင် သည်လူ၏ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ နေထိုင်ရသော နေထိုင်မှုပုံစံကို ဘုရင်တစ်ပါးကဲ့သို့ဟူသော စကားလုံးအပြင် ပိုပြည့်စုံသည့်စကား အခြားမရှိတော့ပေ။

အချိန်က အလွန်လျင်မြန်စွာ စီးဆင်းနေသည်။ နောက်ဆုံးတွင် ယနေ့၌ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ခရီးစဥ်က ပြီးဆုံးသွားပြီ ဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဖိတ်ကြားခံခဲ့ရသော အခြားပါရမီရှင်များသည်လည်း ကျွန်းပေါ်တွင် နေထိုင်ကာ ထိုနေရာ၌ ဆက်လက်ကျင့်ကြံသည်။ တစ်ချိန်တည်းမှာပင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဂိတ်တံခါး ဖွင့်လှစ်လိုက်သည့်အခါ စမ်းသပ်မှုများကို ခံယူရန် ရောက်လာကြသော တန်ခိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ အချို့က ပျော်ရွှင်ကြပြီး အချို့က ဝမ်းနည်းကြသည်။

သို့သော် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဂိတ်တံခါးပွင့်လာသည့်အခါ ဖန်းလိုင်ကုန်းမြေတစ်ခုလုံး လှုပ်ခတ်သွားလေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုက ဖန်းလိုင်ကုန်းမြေတစ်ခုလုံးရှိ အင်အားစုများကို သက်ရောက်စေခဲ့သည်။ သူတို့ကြားတွင် ကျွင်းမိသားစု၏ တန်ခိုးရှင်များ အများအပြား သတ်ဖြတ်ခံခဲ့ရပြီး အကြီးကျယ်ဆုံး ဆုံးရှုံးမှုမှာ သူတို့၏ သခင်ငယ်လေး ကျွင်းချိုးယွင်က ကျင့်ကြံခြင်းများကို ဆုံးရှုံးခဲ့ရခြင်းပင် ဖြစ်သည်။

ဤသတင်းက ချက်ချင်းပင် အကြီးမားဆုံး လှုပ်ခတ်မှုများကြီးကို ဖြစ်ပေါ်စေခဲ့သည်။ များပြားလှသော တန်ခိုးရှင်တပ်ဖွဲ့ကြီးများက ဖန်းလိုင်နတ်ဘုရားဘုံသို့ ရောက်ရှိလာကြပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset