Switch Mode

အပိုင်း (၁၉၃၇)

အပ်နှင်းခြင်း

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ပင်မကျွန်းစုသို့ ဝင်ရောက်ရန် စီစဥ်နေသူများက တဖြေးဖြေး နည်းပါးလာကြသည်။ အခြားသူများက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဝင်ရန် ရွေးချယ်၍ သည်နေရာတွင် နေထိုင်ကာ ကျင့်ကြံရန် ပြင်ဆင်နေကြသည်။

ရီဖူရှင်းသည်လည်း ထွက်မသွားဘဲ အရှေ့ဘက်နတ်ဘုရားကျွန်းစုနယ်မြေတွင် နေထိုင်ကာ ကျင့်ကြံမည် ဖြစ်သည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် စားကောင်းသောက်ဖွယ်များစွာ ရှိပြီး နတ်မိမယ်ပိုင်မုက နေ့စဥ်လာရောက် ပို့ဆောင်ပေးသည်။ တန်ခိုးရှင်များက ထိုအဖြစ်ကို အနည်းငယ် မပျော်မရွှင်ဖြစ်နေပြီး ပိုင်မုက ရီဖူရှင်း၏ အစေခံမိန်းကလေးနှင့် တူသည်ဟုပင် ပြောကြသည်။

သူတို့က ရီဖူရှင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်ရန် သဘောတူခဲ့သည်ဟု တွေးထားကြသည်။ သို့သော် သူက ပါရမီအရည်အချင်း ရှိလျှင်ပင် ပိုင်မုက ထိုမျှ ရိုသေကျိုးနွံနေရန် မလိုအပ်ပေ။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ပိုင်မုက အထူးချွန်ဆုံးသူတစ်ယောက် ဖြစ်သည်။ လောက၏အရေးအခင်းများနှင့် မပတ်သတ်ဘဲနေသော နတ်မိမယ်တစ်ပါးက ရီဖူရှင်းအား ခစားနေသည်ကို မြင်သည့်အခါ လူအများကို အထူးအဆန်းဖြစ်စေသည်။ အကယ်၍ သူတို့နှစ်ယောက်က တာအိုလက်တွဲဖော်များဖြစ်သွားကြလျှင်ပင် သူတို့က နားလည်လိမ့်ဦးမည် ဖြစ်သည်။

သို့သော် ပိုင်မုက မည်သည်ကိုမှ မပြောသလို သူမကိုယ်သူမ မှားယွင်းသည်ဟုလည်း မခံစားရပေ။ ကျွန်းသခင်၏ အမိန့်က ကျိန်းသေ ကိုယ်ပိုင် အကြောင်းပြချက် ရှိရပေမည်။

ဒုတိယကျွန်းသခင်ဟူသည့်ကိစ္စနှင့် ပတ်သက်၍ အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေမှ လူသိရှင်ကြားမကြေညာသည့်အတွက် ထိုအကြောင်းကို အဓိကလူအနည်းငယ်သာ သိသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ နတ်မိမယ်များပင် မည်သည်ကိုမှ မသိသလို ရီဖူရှင်းကိုယ်တိုင်လည်း မသိရှိပေ။ သို့သော် လူတိုင်း သဘောထားများအရ ကိစ္စတော်တော်များများက သူ့အတွက် ရှင်းလင်းလာပေသည်။

ယနေ့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ခန်းမဆောင်တစ်ခုတွင် ပိုင်မုနှင့် နတ်မိမယ်ဟွမ်တို့ ရှိနေကြပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်ရှေ့တွင် လေးစားရိုသေစွာ ရပ်နေကြသည်။

“ပိုင်မု ဒီရက်ပိုင်းအတွင်း အိမ်တော်သခင်ရီနဲ့ အခြေအနေ ဘယ်လိုရှိလဲ” ကျွန်းသခင်က မေးလိုက်သည်။

“အရမ်းကောင်းပါတယ်။” ပိုင်မုက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ “အိမ်တော်သခင်ရီက သဘောကောင်းလို့ ပေါင်းသင်းရလွယ်ကူပါတယ်။”

ကျွန်းသခင်က ခေါင်းညိတ်ပြပြီးနောက် နတ်မိမယ်ဟွမ်ကို ကြည့်လိုက်သည်။ သူမနာမည်က ဟွမ်ယန်ဖြစ်ကာ ကျွန်းသခင်၏ တိုက်ရိုက်တပည့်ဖြစ်သည်။ သူမသည် အလွန်အရည်အချင်းရှိလှပြီး အလွန်မြင့်မားသော မျှော်လင့်ချက်ထား​ခြင်းခံရပေသည်။ သူမ၏ ဆရာက သူမကို ကြည့်နေသည်အား မြင်လိုက်ရသည့်အခါ ဟွမ်ယန်က ပြောလိုက်သည်။ “ဆရာ၊ လွန်ခဲ့တဲ့ရက်တွေတုန်းက ကျွန်းပေါ်မှာ အတင်းအဖျင်းတချို့ ထွက်လာတယ်။ အိမ်တော်သခင်ရီက အရမ်းအရည်အချင်းရှိတယ်ဆိုပေမယ့် သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ကျင့်ကြံရင်တောင် ဒီလောက် အလေးပေးပြုမူဖို့ မလိုအပ်ဘူးတဲ့။”

ကျွန်းသခင်က သူမကို တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။ “ဟွမ်ယန် မင်း အခု ထွက်သွားလို့ရပြီ။”

ထိုအဖြေစကားကြောင့် ဟွမ်ယန်က အံ့သြမှင်တက်သွားသည်။ သူမ၏ မျက်ဝန်းထဲ၌ ပဟေဠိဖြစ်နေသော အမူအရာတို့ပေါ်လာသော်လည်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့ ဆရာ။”

ထို့နောက် သူမက ထွက်ခွာသွားသည်။ ထိုစကားများက မည်သည့်အတွက် သူမ၏ ဆရာအား စိတ်မကျေနပ်ဖြစ်သွားအောင် လုပ်နိုင်ကြောင်း သူမ မသိခဲ့ပေ။

ပိုင်မုတစ်ယောက်တည်းသာ ထွက်မသွားဘဲ ကျန်ရစ်ခဲ့သည်။

“ပိုင်မု၊ အိမ်တော်သခင်ရီကို ဘယ်လိုထင်လဲ။” ကျွန်းသခင်က မေးလိုက်သည်။

“သူ့အရည်အချင်းက ပြိုင်ဘက်ကင်းပဲ။” ပိုင်မုက တုံ့ပြန်လိုက်သည်။ “ရှေးဟောင်းတော်ဝင်မိသားစုက ကျန်းကျိုမင်တောင်မှ သူ့လောက် ထူးချွန်မှာ မဟုတ်ဘူး။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ အတွင်းရော အပြင်မှာပါ သူ့အရည်အချင်းက ပြိုင်ဘက်ကင်းပဲ။”

“အင်း” ကျွန်းသခင်က ခေါင်းညိတ်လိုက်သည်။ “မင်း သူနဲ့အတူ ကျင့်ကြံချင်လား။”

ပိုင်မုက အံ့သြမှင်တက်သွားသည်။ ထူးဆန်းသော အကြည့်တစ်ခုက သူမ၏ လှပသည့် မျက်ဝန်းများထဲ ထွက်ပေါ်လာကာ ခေါင်းကိုအနည်းငယ် ငုံ့လိုက်သည်။ “ဆရာ၊ အိမ်တော်သခင်ရီမှာ တာအိုလက်တွဲဖော် ရှိနှင့်ပြီးသားပါ။”

“တာအိုလက်တွဲဖော်အဖြစ်မဟုတ်ဘဲ ဒီတိုင်း သူ့နောက်ကိုလိုက်ပြီး ကျင့်ကြံရုံပဲ။” ပိုင်မုက သူမ၏ စကားအဓိပ္ပါယ်ကို နားလည်မှုလွဲသွားကြောင်း သိလိုက်ရသဖြင့် ဆက်ပြောလိုက်သည်။ ပိုင်မုက သူမ၏ ဆရာကို အံ့အားသင့်စွာ မော့ကြည့်လိုက်၏။

သူမ၏ ဆရာက သူမကို ရီဖူရှင်းနောက် လိုက်၍ ခစားစေချင်သည်လား။

ရီဖူရှင်းက မည်မျှအရေးကြီးသနည်း။

“ပိုင်မုက ဆရာ့အမိန့်ကို လိုက်နာမှာပါ။ ပိုင်မုက ညင်သာစွာ ပြန်ဖြေလိုက်သည်။

“ဒါက အမိန့်မဟုတ်​ဘူး။ မင်းဆန္ဒရှိလားပဲ မေးတာပါ။ မင်းဆန္ဒမရှိရင် ငါ မင်းကို ဖိအားမပေးဘူး။ ငါ့ရဲ့အမိန့်ကြောင့်မဟုတ်ဘဲ သူ့နောက်ကို ကိုယ်ပိုင်ဆန္ဒနဲ့ တကယ်လိုက်ပြီး ကျင့်ကြံချင်တဲ့သူကိုပဲ လိုချင်တာ။ သူ ဒီကိုရောက်နေတာက မင်းရဲ့ ညွှန်းဆိုချက်ကြောင့်ဆိုတော့ မင်းက သူ့အကြောင်းကောင်းကောင်း သိမှာပဲ။ ဒါကြောင့် မင်းရဲ့ အမြင်ကို မေးကြည့်တာ။” ကျွန်းသခင်က ဆက်ပြောလိုက်သည်။

ပိုင်မုက သူမဆရာ၏ စကားကို ကြားသည့်အခါ အတွေးနက်သွားလေသည်။ သူမ၏ ယခင် ထင်မြင်ချက်များနှင့် စပ်လျဥ်းပြီး သူမဆရာစကားကို တွေးကြည့်သည့်အခါ သူမက ရီဖူရှင်းအပေါ် ပို၍ လေးစားမိသွားပေသည်။

ပိုင်မုသည် သူမ ရီဖူရှင်းကို မည်သို့သိလာသနည်းဟု ပြန်တွေးမိသည်။ ပထမဆုံး သူနှင့် ကျွင်းချိုးယွင်ကြားက တိုက်ပွဲဖြစ်သည်။ နောက်ပိုင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် သူက ကျွင်းချိုးယွင်အား ဒုက္ခိတ ဖြစ်စေခဲ့သည်။ ထိုအချိန်တွင် ရီဖူရှင်းက အတော်လေး ကမူးရှူးထိုးနိုင်လွန်းသည်ဟု ခံစားရပြီး ကျွင်းချိုးယွင်အား ဆန့်ကျင်သော လုပ်ရပ်မျိုး မလုပ်သင့်ဟု ထင်မှတ်ခဲ့သည်။ ထိုသို့သော အပြုအမူမှာ သူ အပြင်ဘက်သို့ ရောက်သွားသည့်အခါ သူ့အတွက် အန္တရာယ်ရှိနိုင်ပေသည်။

သို့သော် ယခုတွင် သူမသည် ထိုကိစ္စအပေါ် အတွေးလွန်နေခြင်း ဖြစ်ကြောင်း သတိပြုမိခဲ့သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ရီဖူရှင်းသည် သူမဆရာက သူမအား သူ့နောက်လိုက်ကာ ကျင့်ကြံစေလိုသည်အထိ ဆန္ဒရှိလာအောင် လုပ်နိုင်စွမ်းရှိခဲ့သည်။ ကျွင်းမိသားစုက ရီဖူရှင်းကို ထိခိုက်အောင်လုပ်လာသည့်အခါ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဝင်မစွက်ဖက်ရန် မဖြစ်နိုင်တော့ပေ။

“ဆန္ဒရှိ​ပါတယ်​။” ပိုင်မုက အရိုအသေပေးလိုက်သည်။ ရီ​ဖူရှင်းနောက်သို့ လိုက်ကာ ကျင့်ကြံခြင်းက အခွင့်အလမ်းများလည်း ရလာနိုင်သည်။ သူမအတွက် မည်သည့်တိုးတက်မှုများရှိလာမည်ကို စောင့်ကြည့်ချင်ပေသည်။

“အင်း” ကျွန်းသခင်က ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောလာသည်။ “ဒီလိုဆိုမှတော့ ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်။ ငါ ရီဖူရှင်းကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဒုတိယကျွန်းသခင်အဖြစ် ပေးအပ်ထားတယ်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ အနာဂတ်က သူနဲ့ ချည်နှောင်ထားတယ်။ နားလည်လား။”

ပိုင်မု၏ လှပသော မျက်လုံးများတွင် အံ့သြရိပ်တို့ ထင်ဟပ်လာပြီး သူမ ဆရာအား မော့ကြည့်လိုက်သည်။

“သူက ဆေးလုံးကို ရလိုက်ပြီး ငါ့အဖေရဲ့ အမွေကို ဆက်ခံနိုင်ခဲ့တယ်။” ကျွန်းသခင်က ဆက်ပြောလိုက်သည်။ သူမ၏ စကားလုံးတိုင်းက ပိုင်မုအား တုန်လှုပ်လာစေ၏။

သူမက သူ့ကို အမှန်တကယ် လျှော့တွက်ခဲ့မိပေသည်။

ဆရာက သူမအား သူ့နောက်သို့ လိုက်ကာ ကျင့်ကြံစေလိုသည်မှာ အံ့သြစရာမရှိပေ။

ထိုအချိန်၌ ကျွန်းသခင်သည် မြင့်မြတ်သောရှေးဟောင်းအမိန့်ပြားတစ်ခုအား ထုတ်ယူလိုက်သည်။ ၎င်းတွင် အစွမ်းထက် မဟာလမ်းစဥ်အရှိန်အဝါတို့နှင့် ပြည့်နှက်နေသည်။ ရှေးဟောင်းအမိန့်ပြားက ပိုင်မုထံ ပျံသန်းလာပြီး သူမရှေ့တွင် ရစ်ဝဲနေသည်။ ပိုင်မု၏ မျက်လုံးများက အမိန့်ပြားပေါ်တွင် ကျရောက်နေကာ ထိုပစ္စည်းအား သတိပြုမိသည့်အခါ သူမ၏ မျက်လုံးများက သစ္စာဖောက်၍ သူမ ခံစားချက်ကို ထုတ်ဖော်ပြနေသည်။

“ဒါကို မြင်ရတာ ငါ့ကို တွေ့သလိုပဲ မှတ်ယူလို့ရတယ်။ ယူထားလိုက်ပါ။ မင်း ဒါကို လိုတဲ့အချိန်တိုင်း သုံးလို့ရတယ်။ ပြီးတော့ မင်းကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ သမီးတော်အဖြစ် အပ်နှင်းမယ်။” ကျွန်းသခင်၏ အသံက ပိုင်မုကို မလွယ်ကူသလို ခံစားလာရစေသည်။ ရှေးဟောင်းအမိန့်ပြားကို ပေးအပ်၍ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ သမီးတော်အဖြစ် အပ်နှင်းခြင်းက သူမ ရီဖူရှင်းနောက်သို့ လိုက်ပါကျင့်ကြံရန်ဖြစ်သည်။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေပေါ်မှာရှိတဲ့ လူအများစုက ဒီနေ့ဖြစ်ခဲ့တာတွေကို မသိကြဘူး။ ဒါက မင်းရဲ့ ကိုယ်ပိုင်နားလည်သဘောပေါက်မှုပဲ။ ဒါကြောင့် တခြားလူတွေကို လျှောက်ပြောမနေနဲ့။”

“ဟုတ်ကဲ့ ဆရာ” ပိုင်မုက ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ သည်တစ်ကြိမ်၌ ဆရာက သူမကို ရွေးချယ်ကာ အရေးကြီးသည့်တာဝန်ကို ယုံယုံကြည်ကြည်နှင့် ပေးအပ်ခဲ့ပုံရလေသည်။

“သွားလို့ရပြီ။” ကျွန်းသခင်က ပြောလိုက်သည်။ ပိုင်မုက အရိုအသေပေးပြီးနောက် လှည့်ထွက်သွားသည်။ ၎င်းသည် သူမနှလုံးသားထဲ၌ အနှောက်အယှက်ဖြစ်နေကာ ပြန်၍ တည်ငြိမ်သွားစေရန် အချိန်ယူလိုက်ရပေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေ၏ နယ်မြေသခင်က ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ ရီဖူရှင်းက သူမအဖေထံမှ အရာအားလုံးကို ဆက်ခံနိုင်ခဲ့ပြီး ဆေးလုံးကိုလည်း ရရှိခဲ့သည်။ သူမအဖေ၏ သွေးမှဆင်းသက်လာသော မျိုးဆက်မဟုတ်သည်မှလွဲလျှင် သူက အရာအားလုံးကို ဆက်ခံသွားခဲ့သဖြင့် သူမက သူ့ကို ဒုတိယကျွန်းသခင် ရာထူးအား အပ်နှင်းခဲ့သည်။

သူမက အာဏာကို မက်မောခြင်းမရှိပေ။ သန်မာမှုကို စွမ်းအားကသာ ယူဆောင်လာနိုင်ပေသည်။ မဟုတ်လျှင် တိမ်စိုင်များကဲ့သို့ မျောလွင့်နေမည် ဖြစ်သည်။ တစ်နေ့တွင် ရီဖူရှင်းက လုံလောက်အောင် မြင့်မားသော နေရာသို့ ရောက်ရှိသည့်အခါ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ရီဖူရှင်း ဆက်ခံသွားလျှင်ပင် သူမက စိတ်ထဲ ထားမည်မဟုတ်ပေ။

စီဖုန်းက သူ့နောက်သို့ လိုက်ပါကျင့်ကြံမည် ဖြစ်သော်လည်း သူမက ထိုအရာကို လုံလောက်သည်ဟု မထင်ပေ။ ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ မဟုတ်သည့်အတွက် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွက် တာဝန်သိစိတ်ရှိလိမ့်မည် မဟုတ်ပေ။ သူမသည် ရီဖူရှင်း၏ ခံစားချက်ကို ခိုင်မာ၍ ပြောင်းလဲမသွားအောင် လုပ်ဆောင်ရန် လိုပေသည်။ သူမက ရီဖူရှင်းကို အသိအမှတ်ပြုပြီးပြီဖြစ်၍ သူနှင့် ချည်နှောင်ရန် အရာအားလုံးကို အသုံးပြုရမည် ဖြစ်သည်။

ထို့ကြောင့် သူမက သူ့အား ဂရုစိုက်ဖို့ရာ ပိုင်မုကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ သူမက ဟွမ်ယန်ကို ရွေးချယ်ရန် တွေးခဲ့သော်လည်း ဟွမ်ယန်က မာနကြီးသူ ဖြစ်သည်။ သူမသည် ရီဖူရှင်းအား မည်သည့်အခါမှ လိုလိုလားလား ခစားရန် ဆန္ဒရှိမည်မဟုတ်သည့်အတွက်ကြောင့် ဤတာဝန်ကို ပိုင်မုအား ပေးရန် ဆုံးဖြတ်လိုက်လေသည်။

သမီးတော်နှင့်ပတ်သတ်သော ကိစ္စအတွက် ဟွမ်ယန့်အပေါ် အနည်းငယ်မတရားသလို ဖြစ်ခဲ့သည်။ ရီဖူရှင်းအတွက်သာ မဟုတ်လျှင် သမီးတော်ရာထူးသည် ဟွမ်ယန့်ထံသို့ ရောက်ရှိမည် ဖြစ်သည်။

သူမ၏ မျက်လုံးများက အပြင်ဘက်ကိုကြည့်ရင်း ရှင်းလင်းစွာ ပြောကြားလိုက်သည်။ “ဒီနေ့ တပည့် ပိုင်မုကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ သမီးတော်အဖြစ် တရားဝင်ခန့်အပ်လိုက်တယ်။ တပည့်တွေအားလုံး သူမရဲ့ အမိန့်တွေကို လိုက်နာကြရမယ်။”

ထိုအသံက အရှေ့နတ်ဘုရားကျွန်းစုနယ်မြ တစ်ခွင်သို့ ပျံ့နှံ့သွားသည်။ တခဏချင်းမှာပဲ ယင်းအသံက ကျွန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

ထွက်ခွာသွားသော ပိုင်မုသည် ခြေလှမ်းကို ရပ်လိုက်သော်လည်း သူမက ပြန်လှည့်မကြည့်ခဲ့ပေ။ ထိုအခိုက်အတန့်တွင် သူမက ပျော်ရွှင်မှုရော စိတ်လှုပ်ရှားမှုကိုပါ မခံစားရပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမသည် ထမ်းဆောင်ရမည့် တာဝန်ပိုများလာပြီး သွားရမည့်ခရီးက ရှည်လျားကြောင်းကိုသာ ခံစားမိပေသည်။ သူမက လက်ရှိတွင် နတ်မိမယ်ရာထူးနှင့် မသင့်တော်သော်လည်း ဆရာက သူမအား ထိုရာထူးကို အပ်နှင်းပေးခဲ့သည်။ သူမက ထိုအဆင့်အတန်းနှင့် ထိုက်တန်အောင် ကြိုးစားဖို့ လိုအပ်ပေသည်။

ဟွမ်ယန်သည် အခြားတစ်နေရာတွင် ရှိနေပြီး သူမယခုတင် ထွက်လာသော ​ရှေးဟောင်းမျှော်စင်ကို ကြည့်လိုက်ကာ သူမ၏ လှပသော မျက်လုံးများထဲ၌ ရှုပ်ထွေးမှုတို့ ရှိနေကာ ဇဝေဇဝါဖြစ်မှုနှင့် သံသယများ တည်ရှိနေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ သမီးတော်အဆင့်အတန်းကို ပိုင်မုအား အပ်နှင်းခဲ့သည်။

သို့ပေမယ့် မည်သည့်အတွက်ကြောင့်နည်း။

ထိုသည်က ရှေးဟောင်းမျှော်စင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့်လား။

သူမ ပြောခဲ့သော စကားကြောင့်များလား။

သူမက အနည်းငယ် ပဟေဠိဖြစ်ကာ နားမလည်နိုင်ပေ။ သူမက မနာလိုဖြစ်ခြင်းမဟုတ်သော်လည်း ဆရာက ထိုသို့ ဆုံးဖြတ်ချက်ကို မည်သည့်အတွက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း နားမလည်နိုင်ခြင်းသာ ဖြစ်သည်။

မည်သည့်ဘက်မှ ကြည့်ပါစေ သူမက ပိုင်မုထက် ပို၍ ထူးချွန်ပေသည်။

သူမတင်မကဘဲ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လူတိုင်းသည် အသံလာရာကို ကြည့်လိုက်ကာ သူတို့၏ နှလုံးသားက အနည်းငယ် အနှောက်အယှက်ဖြစ်သွားကြသည်။ ပိုင်မုက သမီးတော်အဖြစ် အပ်နှင်းခံရသည်လား။

သို့ဆိုလျှင် ဟွမ်ယန်က မည်သို့လုပ်မည်နည်း။

ကျွန်းသခင်က ပိုင်မုအား မည်သည့်အတွက်ကြောင့် ရာထူးအဆင့်အတန်းပေးအပ်ခဲ့သနည်း။

“ကျွန်းသခင်ရဲ့ အမိန့်အရ သမီးတော်ကို ဂုဏ်ပြုပါတယ်။” ထိုအခိုက်အတန့်တွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဖြတ်၍ အသံတစ်ခု ထွက်ပေါ်လာသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွင်းမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။

“ကျွန်းသခင်ရဲ့ အမိန့်အရ သမီးတော်ကို ဂုဏ်ပြုပါတယ်…”

ထို့နောက်တွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်ကို တုံ့ပြန်သည့် အခြားအသံတို့ ထွက်ပေါ်လာသည်။ မကြာခင်မှာပင် မဟာလမ်းစဥ်စွမ်းအားများ ပါဝင်နေသည့် ထိုအသံများက ကျွန်းတွင် ပဲ့တင်ထပ်လာပြီး လူတိုင်း ကြားကြရပေသည်။

ရီဖူရှင်းရှိရာ နန်းတော်တွင် သူက ခေါင်းကိုမော့ကာ အသံလာရာသို့ ကြည့်လိုက်သည်။ အသံက လေထဲ၌ ပဲ့တင်ထပ်နေဆဲ ဖြစ်လေသည်။ ဤကိစ္စက သူနှင့် တစ်ခုခုများ သက်ဆိုင်နေသလား။

“ရန်ဟောင်ရီ” ထိုအချိန်တွင် စန့်ကွမ်းချိုးရယ်က လျှောက်လာကာ သူ့ကို ပြောလိုက်သည်။ “ပိုင်မုက နတ်မိမယ်အဖြစ် အပ်နှင်းခံရတယ်။ သူမက ရှင့်ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဖိတ်ခေါ်လာတဲ့သူ မဟုတ်လား။”

“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“နတ်မိမယ်ပိုင်မုက ထင်မထားလောက်အောင် ကံကောင်းတာပဲ။” စန့်ကွမ်းချိုးရယ်က တအံ့တသြချီးကျူးလိုက်သည်။

သူမက ပြောနေစဥ် အဝေးမှပုံရိပ်တစ်ခု က သည်ဘက်သို့ လာနေသည်ကို တွေ့လိုက်သည်။ စန့်ကွမ်းချိုးရယ်က မည်သူဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ နောက်သို့ ခြေလှမ်းဆုတ်လိုက်မိသည်။ သူမက ပိုင်မုအကြောင်း ပြောနေစဥ် ကာယကံရှင်က ရောက်လာလေသည်။

ပိုင်မု၏ ထွက်ပေါ်လာမှုက သူမကို အံ့အားသင့်စေသည်။ ပိုင်မုက အခုလေးတင်မှ သမီးတော်အဖြစ် အပ်နှင်းခံထားရခြင်း ဖြစ်သည်။ တရားဝင်ကျင်းပသော အခမ်းအနားမရှိလျှင်ပင် သူမက ယခုကဲ့သို့ အချိန်မျိုး၌ ကျွန်းသခင်နှင့် ရှိနေသင့်သည် မဟုတ်ပါလား။

မည်သို့ဖြစ်စေ သူမက ဤနေရာကို နောက်ဆုံးမှသာ ရောက်လာသင့်ပေသည်။

“အိမ်တော်သခင်ရီ” ပိုင်မုက ရီဖူရှင်းကို အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။

“နတ်မိမယ်ကို ဂုဏ်ပြုပါတယ်။” ရီဖူရှင်းက ပြုံးလိုက်သည်။

“နတ်မိမယ်ကို ဂုဏ်ပြုပါတယ်။” စန့်ကွမ်းချိုးရယ်ကလည်း တူညီစွာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်” ပိုင်မုက ပြုံးပြီး တုံ့ပြန်လိုက်၏။”

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေခရီးမှာ အိမ်တော်သခင်ရီက ပြိုင်ဘက်ကင်း ပါရမီကို ထုတ်ပြနိုင်ခဲ့တယ်။ ဒါကြောင့် ဆရာက ကျွန်မကို သမီးတော်ဘွဲ့အပ်နှင်းပြီး အိမ်တော်သခင်ရီနဲ့အတူ လိုက်ပါကျင့်ကြံစေချင်နေတယ်။ နှစ်ပေါင်းများစွာအတွင်း ကျွန်မက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာပဲ ကျင့်ကြံခဲ့ပြီး ကျွန်းအပြင်ဘက်ကို မသွားဖူးဘူး။ ဒါကြောင့် ကျွန်မ အိမ်တော်သခင်ရီနဲ့ လိုက်ပြီး အပြင်ဘက်လောကကို လေ့လာနိုင်မယ့် အခွင့်အရေးရနိုင်မလားလို့ သိချင်မိတယ်။” ပိုင်မုက နူးညံ့သောအသံနှင့် ပြောလိုက်ပြီး သူမလေသံက အလွန် ယဥ်ကျေးနေ၏။ သူမ၏ စကားလုံးကို နားထောင်ရင်း ရီဖူရှင်းသည် သူ၏ ခန့်မှန်းချက်က မှန်ကန်ကြောင်း သိလိုက်သည်။

ကျွန်းသခင်က ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့နောက်သို့ သမီးတော်တစ်ပါးကို လိုက်ပါကျင့်ကြံစေလိုနေပုံရသည်။

အမှန်တကယ်ပင် ပိုင်မုသည် သူ့ကြောင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ နတ်မိမယ်အဖြစ် ခန့်အပ်ခြင်းခံရပေသည်။

တစ်ဖက်တွင် စန့်ကွမ်းချိုးရယ်က ထိတ်လန့်နေပုံရသည်။ ထိုသို့သော အခြေအနေမျိုးတွင် သူမက အခြေအနေမှန်ကို နားလည်ရန်ကျရှုံးခဲ့သည်။ ယခုလေးမှ နတ်မိမယ်ဖြစ်လာသော ပိုင်မုက ရီဖူရှင်းနှင့် အပြင်ဘက်လောကသို့ လိုက်ပါကျင့်ကြံလိုနေသည်။ နတ်မိမယ်က ရီဖူရှင်း၏ တာအိုဖော် ဖြစ်လာချင်နေသည်လား။

သေချာပေါက်ပင် သူမက အနည်းငယ် နားလည်မှုလွဲသွားခြင်း ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset