Switch Mode

အပိုင်း (၁၉၃၆)

ဒုတိယကျွန်းသခင်

အမျိုးသမီး ကျွန်းသခင်က ရီဖူရှင်းကိုစိုက်ကြည့်လိုက်သည်။ သူ၏ မဟာလမ်းစဥ်၏ ထိန်းချုပ်ခြင်းက အလွန်အားကောင်းနေ၏။ သူက ၎င်းနှင့် ပေါင်းစပ်ခဲ့ခြင်းဖြစ်နိုင်သလား ။

“မင်းဘာရခဲ့လဲ။” သူမက မေးလိုက်သည်။

“ဆေးလုံး။ မဟာလမ်းစဥ် အသက်စွမ်းအားဆေးလုံး။” ရီဖူရှင်း၏ အသံထွက်လာပြီးနောက် အသန့်စင်ဆုံးမြကျောက်ရောင် နတ်အလင်းများ ဖြာထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က နတ်သစ်ပင်အဖြစ် ပြောင်းလဲသွားပြီး မရေတွက်နိုင်သော အကိုင်းခက်များနှင့် အရွက်များသည် လေဟာနယ်ထဲ၌ ယိမ်းနွဲ့နေသလို ထင်မှတ်ရသည်။   အသက်စွမ်းအား မဟာလမ်းစဥ်သည် အလွန်ခမ်းနားထည်ဝါပြီး တုန်လှုပ်ဖွယ် ကောင်းလှသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်သည် မြစိမ်းရောင် နတ်အလင်းများဖြင့် တောက်ပနေပြီး အလွန်အစွမ်းထက်လှသည့် ဖြစ်တည်မှု တစ်ခုကဲ့သို့ပင်။

“နောက်ထပ်ရော ဘာရှိသေးလဲ။” တစ်ဖက်လူက ဆက်ပြီးတော့ မေးလာသည်။ သူမ၏ အကြည့်များက သူ့ပေါ်တွင် စွဲမြဲနေ၏။

ရီဖူရှင်းက ထိုနက်ရှိုင်းသော မျက်လုံးများကိုကြည့်ကာ ပြန်ဖြေလိုက်သည်။

“ပြီးတော့ တုံ့လိုင်နတ်ဘုရားအကြီးအကဲဆီက အရာအားလုံးကို ကျုပ်ဆက်ခံခဲ့တယ်။”

သူ၏ အသံထွက်လာပြီးနောက် ထိုနေရာတဝိုက်တွင် မမြင်နိုင်သော မဟာလမ်းစဥ် ဖိအားများ လွှမ်းခြုံလာသည်။ အမျိုးသမီးကျွန်းသခင်သာ မကပဲ သူမနောက်ရှိ တန်ခိုးရှင် အချို့သည်လည်း အစွမ်းထက် အရှိန်အဝါတို့ကို ထုတ်လွှတ်လာသည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ယုံကြည်ရာဖြစ်သည်။ သူက လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျဆုံးခဲ့လျှင်ပင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လူများက သူအပြီးတိုင် ပျောက်ကွယ်သွားသည်ဟု ယုံကြည်ခြင်း မရှိကြပေ။ သူတို့သည် သူက အမြဲတမ်း တည်ရှိနေပြီး တစ်နေ့တွင် တစ်နည်းမဟုတ် တစ်နည်းဖြင့် နိုးထလာလိမ့်မည်ဟု ယုံကြည်ထားကြသည်။

သို့သော် ယခုတွင် ရီဖူရှင်းက အရာအားလုံးကို ဆက်ခံသွားခဲ့ပြီ ဖြစ်သည်။

“သူ သွားပြီလား” ကြောက်မက်ဖွယ်ကောင်းသည့် မဟာလမ်းစဥ် စွမ်းအားက ထိုအမျိုးသမီးထံမှ ထွက်ပေါ်လာပြီး အလွန်ပင် အေးစက်နေသည်။

“သွားပြီ” ရီဖူရှင်းက တုံ့ပြန်လိုက်သည်။ “တုံ့လိုင်နတ်ဘုရားအကြီးအကဲက ကျုပ်ကို သူရဲ့ တပည့်တစ်ပိုင်းအနေနဲ့ သတ်မှတ်ပြီးတော့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ အနာဂတ်ကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တယ်။”

“ရှင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို စောင့်ရှောက်မယ်တဲ့လား။” တစ်ခြားတစ်ယောက်က ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။

“ကျုပ်အခုမလုပ်နိုင်ဘူး” ရီဖူရှင်းကပြန်တုံ့ပြန်လိုက်သည်။ “ဒါပေမယ့် ကျွန်းစုသခင်က အနာဂတ်မှာတောင် အဲ့တာကိုမဖြစ်နိုင်ဘူးလို့ ထင်နေတာလား။”

ရီဖူရှင်း၏ စကားကိုကြားလိုက်ရသော အခါ အမျိုးသမီးက အသံတိတ်ဆိတ်သွားခဲ့သည်။ သူမသည် ရီဖူရှင်း၏ အပြုမူများကို စောင့်ကြည့်နေ၏။ ကျန်းကျိုမင် ရှိနေလျှင်ပင် ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတစ်ခုလုံး၌ အထူးချွန်ဆုံး စွမ်းဆောင်မှု ပြသနိုင်ခဲ့သူ ဖြစ်ကြောင်း သူမ ပြောနိုင်သည်။

“အဲဒီတော့ ပန်းသစ်ပင် တုံ့ပြန်လာတာက မင်း ကြောင့်လား” သူမက မေးလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ကာ မငြင်းဆန်ခဲ့ပေ။

“မင်းက ဘယ်သူလဲ။ အနီးအနားက ကုန်းမြေတွေမှာ မျိုးရိုးနာမည် ရီနဲ့စတဲ့  ကလန်တွေမရှိပါဘူး။” အမျိုးသမီးကျွန်းသခင်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူမက ရီဖူရှင်း၏ သရုပ်မှန်ကို အနည်းငယ် သံသယဖြစ်နေခဲ့ပြီး သူသည်လည်း ကျန်းကျိုမင်ကဲ့သို့ပင် ဆေးအတွက်လာခဲ့ခြင်းလားဟု သိချင်နေသည်။

“တုံ့ယွမ်အိမ်တော်က အိမ်တော်သခင်” ရီဖူရှင်းက ပြန်တုံ့ပြန်လိုက်သည်။

“တုံ့ယွမ်အိမ်တော်က မင်းကို မထိန်းထားနိုင်ဘူး။” တခြားတစ်ယောက်က တဲ့တိုးဆန်စွာ ​ပြောလိုက်သည်။

ရီဖူရှင်း သူမဘေးမှလူများကို တစ်ချက်ကြည့်လိုက်သည်ကို သူမ သတိထားမိလိုက်၏။ သူက ထပ်ပြီးပြောလာဖို့အတွက် သူမ ဘေးမှလူများကို ဖယ်ပေးစေချင်နေသည်လား။

“မင်းတို့ ထွက်သွားလို့ရပြီ။” ကျွန်းသခင်က အမိန့်ပေးလိုက်သည်။ ထိုလူများက ရီဖူရှင်းအား အေးစက်စွာ စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားကြသည်။

ကျွန်းသခင်က ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်။ “အခု ပြောလို့ရပြီ။”

ထင်ထားသလိုပင် ဤလူ၏ နောက်ကြောင်းက မရိုးရှင်းချေ။ သူ့အတိတ်က ထူးခြားနေခြင်းမှ မဟုတ်လျှင် သူက သူမနှင့် သီးသန့်တွေ့ဆုံဖို့ ပြောလိမ့်မည် မဟုတ်ပေ။

မမြင်ရသော မဟာလမ်းစဥ်စွမ်းအားက ထိုနေရာကို လွှမ်းခြုံပြီး ချိပ်ပိတ်လိုက်သည်။ ထို့နောက် ရီဖူရှင်းက ကျွန်းသခင်ကို ကြည့်လိုက်သည်။ “ကျုပ်က တုံ့လိုင်နတ်ဘုရားအကြီးအကဲဆီကနေ အရာအားလုံးကို ဆက်ခံခဲ့တာမို့ အဲဒီရဲ့ အတိတ်ကို သတိပြုမိတယ်။ သူပြောသလိုပဲ ကျုပ်က သူ့ရဲ့ တပည့်တစ်ပိုင်း ဖြစ်နေပြီ။ အရှေ့နတ်ဘုရားကျွန်းစု နယ်မြေနဲ့ ကျုပ်ရဲ့ ပတ်သတ်မှုကို ဖြတ်တောက်လို့မရတော့ဘူး။ ဒါကြောင့် ကျုပ်က ရိုးသားစွာနဲ့ ကျုပ်ရဲ့ လျှို့ဝှက်ချက်ကို ပြောပြမှာမို့ ကျွန်းသခင်အနေနဲ့လည်း လျှို့ဝှက်ပေးထားဖို့ မျှော်လင့်ပါတယ်။”

“အင်း” တစ်ဖက်လူက ခေါင်းညိတ်လိုက်သည်။

“ကျုပ်က မူလဘုံကနေ လာခဲ့တာပါ။” ရီဖူရှင်းက ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး။” ကျွန်းသခင်က အံ့အားသင့်သွားသည်။ “မင်းရဲ့ ကျင့်ကြံဆင့်လောက်နဲ့ မူလဘုံကနေ လာတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။”

သူမက မူလဘုံအကြောင်း ကြားဖူးပေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့ဖူးသည်။ သူမ၏ ဖခင်က ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ သူတို့က ထိုအကြောင်းကို ကြားဖူးပေသည်။

“ကျွန်းသခင် ယုံယုံမယုံယုံ ကျုပ် မူလဘုံကနေ လာခဲ့တယ်ဆိုတာ အမှန်ပဲ။ အဲဒါသေချာတယ်။” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ သူ့ရှေ့မှ အမျိုးသမီးက သူ့ကို စိုက်ကြည့်ကာ စူးစမ်းနေ၏။ သူမက မူလဘုံကို သိသော်လည်း ကောင်းကင်ဒေသက ကျယ်ပြောလှရာ များပြားလှသော အင်အားစုများကြားတွင် မူလဘုံက ဒဏ္ဍာရီအဖြစ်သာ တည်ရှိလေသည်။

သို့သော် သူမရှေ့မှ လူငယ်လေးက မူလဘုံက လာခဲ့သည်ဟု ပြောနေသည်။

“ငါ မင်းကို ယုံတယ်ဆိုရင်တောင် အဲဒါက ဘာလျှို့ဝှက်ချက်ရှိလို့လဲ။” ကျွန်းသခင်က ရီဖူရှင်းကို ပြောလိုက်သည်။

“အရင်တုန်းက မူလဘုံမှာ ကျုပ် ကောင်းကင်ဒေသက ထိပ်သီးအင်အားစုတချို့ရဲ့ အမဲလိုက်တာကို ခံခဲ့ရတယ်။ အဲဒီထဲမှာ ထိုက်ချူတော်ဝင်မြေလို အင်အားစုလည်း ပါတယ်။” ရီဖူရှင်းက ဆက်ပြောလိုက်သည့်အခါ ကျွန်းသခင်၏ မျက်နှာထက်၌ အံ့အားသင့်သည့် အမူအရာတို့ ပေါ်ပေါက်လာ၏။ ထိုက်ချူတော်ဝင်မြေက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် အဆက်အသွယ်မရှိဖူးလျှင်ပင် ၎င်းတို့က ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုတစ်ခု ဖြစ်သည့်အလျောက် သူမက ထိုအင်အားစု၏ တည်ရှိမှုကို သိရှိ ကြားဖူးပေသည်။

ရီဖူရှင်းက ထိုသို့သော အင်အားစုမျိုး၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသည်လား။

“ကျုပ်နာမည်အရင်းက ရီဖူရှင်း။ ရီလျှို့နျန်ဆိုတာက နာမည်ဝှက်တစ်ခုပဲ။ အခြေအနေတစ်ခုကြောင့် မူလဘုံမှာ ကလန်ကြီးတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတယ်။ အဲဒီလူတွေက ကောင်းကင်ဒေသ အောက်ဘုံကပဲ။ ဒါကြောင့် ဒီကို ထွက်ပြေးလာခဲ့တာ။” ရီဖူရှင်းက ပြောလိုက်သည်။

“မင်းရဲ့အဆင့်နဲ့ ဘယ်လို ထွက်ပြေးနိုင်ခဲ့တာလဲ။” ကျွန်းသခင်က မေးလိုက်သည်။

“မင်းသမီးဒွန်ဟောင်က ကျုပ် သေသွားမှာ​ကို မမြင်ချင်ဘူးလေ။” ရီဖူရှင်းက ပြန်တုံ့ပြန်လိုက်သည်။

“မင်းသမီးဒွန်ဟောင်လား။” ကျွန်းသခင်က ရီဖူရှင်း၏ ဇာတ်လမ်းကို စတင်ကာ ယုံလုဆဲဆဲ ဖြစ်နေပြီဖြစ်သော်လည်း သူမက ဆက်နားထောင်လေ မယုံကြည်နိုင် ဖြစ်လာလေပင် ဖြစ်သည်။ သူမသည် အိပ်မက်မက်နေသည်ဟုပင် ခံစားမိပေသည်။ အဆင့်နိမ့်ရန်ဟောင်တစ်ယောက်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ စမ်းသပ်မှုများကို ခံယူ၍ မဟာလမ်းစဥ်အခွင့်အလမ်းများ ရရှိရန် လာရောက်ခဲ့သော်လည်း ထိုသူ ရည်ညွှန်းပြောဆိုခဲ့သည့် ပုဂ္ဂိုလ်နှင့် အင်အားစုများမှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွက် လက်လှမ်းမမီနိုင်သူများ ဖြစ်နေသည်။ ထိုသည်က သူမအား မည်ကဲ့သို့ အစစ်အမှန်အဖြစ် ထင်မှတ်နိုင်ပါမည်နည်း။

“ကိုယ့်ဘာသာကြည့်လိုက်ပါ။” ရီဖူရှင်းက တွေးလိုက်သည့်အခါ အတွေးပုံရိပ်တို့က သူ၏ မျက်ခုံးတန်းနှစ်ခုကြားမှ ထွက်ကာ ကျွန်းသခင်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်လာသည်။ သူမက ငြင်းပယ်ခြင်းမပြုခဲ့ပေ။ ထို့နောက် မျက်လုံးရှေ့၌ မြင်ကွင်းများ ပေါ်ပေါက်လာသည်။ ၎င်းမှာ မူလဘုံမှ တိုက်ပွဲကို ပြသပေးခြင်း ဖြစ်လေသည်။

ထိုမြင်ကွင်းအား ကြည့်ပြီးနောက် ကျွန်းသခင်၏ အရှိန်အဝါက အနည်းငယ် တက်လိုက်ကျလိုက်ဖြစ်နေပြီး သူမ ရှေ့မှ လူငယ်ကို စူးစိုက်ကြည့်လိုက်သည်။

သည်လူက အမှန်စင်စစ် ပါရမီရှင် ​ဖြစ်လေသည်။ မူလဘုံတွင် ထိပ်သီးအင်အားစုကြီးများနှင့် ပတ်သတ်ခဲ့ပြီး မင်းသမီးဒွန်ဟောင်၏ တန်ဖိုးထားခြင်း ခံရသည်။ ထိုသူက အလွန် အရည်အချင်းရှိစွာဖြင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် အားလုံးကို ဦးဆောင်လွှမ်းမိုးကာ မဟာလမ်းစဥ်အခွင့်အလမ်းများကို ဆက်ခံပြီး ဆေးလုံးအား ရယူနိုင်ခဲ့ခြင်းမှာ အံ့သြစရာမရှိပေ။

“ကျုပ်ရဲ့ ရိုးသားမှုက လုံလောက်ရဲ့လား။” ရီဖူရှင်းက သူ့အား ကြည့်နေသေးသည့် တစ်ဖက်လူကို မေးလိုက်သည်။

“ဘာလို့ ငါ့ကို အများကြီး ပြောပြတာလဲ။” သူမက မေးလိုက်၏။

၎င်းတို့က ရီဖူရှင်း၏ လျှို့ဝှက်ချက်ဖြစ်သည့်အတွက် သူမကို အားလုံး ပြောပြနေရန် မလိုပေ။

“ကျုပ်က ဆေးလုံးကို ရရှိခဲ့ပြီး တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ အမွေအနှစ်ကိုလည်း ဆက်ခံခဲ့တယ်။ အဲဒါကြောင့် ကျုပ်ကို သူ့ရဲ့ တပည့်တစ်ပိုင်းအဖြစ် သတ်မှတ်လို့ရတယ်။ တကယ်လို့ ကျွန်းသခင်က ကျုပ်ရဲ့အရည်အချင်းကို မယုံဘူးဆို ဒါက ကျုပ်ကို အကျိုးယုတ်စေမှာဆိုပေမယ့် ကျွန်းသခင်က ဒီအကြောင်းအရာတွေ အကုန်မြင်တွေ့ခဲ့မယ်ဆိုရင် ရလဒ်က ဆန့်ကျင်ဘက်ဖြစ်သွားလိမ့်မယ်လေ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ အမွေကို ဆက်ခံကာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် အရာအားလုံးကို သင်ယူခဲ့သည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ယခုတွင် အင်အားလိုအပ်နေပြီး ထိုသည်ကပင် မဟာလမ်းစဥ်အခွင့်အရေးများ အသုံးပြု၍ အပြင်ဘက်မှ အရည်အချင်းရှိသူများကို ဆွဲဆောင်နေရသော အကြောင်းရင်း ဖြစ်ပေသည်။

သို့သော် သူတို့က မည်သို့ လူအင်အားစုဆောင်းနေပါစေ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ အင်အားက တိုးမြင့်လာလျှင်ပင် အကန့်အသတ်ရှိနေဆဲ ဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး မမွေးထုတ်ပေးနိုင်သရွေ့ ထိုကန့်သတ်ချက်က ထာဝရဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် သူက အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေအတွက် မျှော်လင့်ချက်အား ယူ​ဆောင်လာပေးနိုင်သူ ဖြစ်မည်ဟု ကျွန်းသခင်က ထင်မြင်မိပေသည်။

သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲထံမှ အရာအားလုံးကို အမွေဆက်ခံခဲ့ပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ အနာဂတ်အတွက် ကတိပေးခဲ့ရာ အချိန်ကျလာသည့်အခါ၌ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို အကူအညီပေးရန် တွန့်ဆုတ်လိမ့်မည် မဟုတ်ပေ။

“မင်း အရင်ပြန်နှင့်ပါ။” ကျွန်းသခင်က ခေတ္တမျှ တွေးပြီးနောက် ရီဖူရှင်းကို ပြောလိုက်သည်။ သူမ၏ အတွေးများက ရှုပ်ထွေးနေပြီး ထိုအတွေးများကို ရှင်းထုတ်နိုင်ခြင်း မရှိသေးပေ။

“ကောင်းပြီ။” ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး ထွက်သွားခဲ့သည်။

သူ ထွက်သွားပြီး အတော်ကြာသည်အထိပင် အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေ၏ ကျွန်းသခင်က  ပျောက်ကွယ်သွားသည့် သူ့ပုံရိပ်အား တွေဝေစွာ ကြည့်နေဆဲ ဖြစ်လေသည်။

မူလဘုံမှ ရီဖူရှင်း။

တုံ့ယွမ်အိမ်တော်သခင် ရီလျှို့နျန်။

သူမသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွက် အရည်အချင်းရှိ ပါရမီရှင် တစ်​ယောက်ကို စုဆောင်းမိခဲ့ပုံရလေသည်။ နောက်ဆုံးတွင် ယနေ့၌ မဟာအင်ပါယာ၏ သမီးတော်ကပင် နှစ်သက်တန်ဖိုးထားသော ပါရမီရှင်တစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်း၏ ပါရမီက သံသယဖြစ်ဖွယ် မလိုပေ။

သူက ပန်းသစ်ပင်ကို အရူးအမူးဖြစ်လာအောင် လုပ်နိုင်သည့် တစ်စုံတစ်ယောက် ဖြစ်ပြီး နတ်သစ်ပင်အား နတ်ခန္ဓာအတွင်းပေါင်းစပ်ရန် ခွင့်ပြုခဲ့ကာ စီဖုန်းအား သူနှင့်အတူ လိုက်ပါကျင့်ကြံလိုအောင် လုပ်နိုင်သည့် တစ်စုံတစ်ယောက် ဖြစ်သည်။

သူမက မည်သို့ မြင်သည်ဖြစ်စေ ရီဖူရှင်းသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

သို့ပေမယ့် သူက ယုံကြည်ရမည်လား။

ယခင်က စားသောက်ပွဲတွင် ရီဖူရှင်းသည် သူ့အနီးမှ လူများကို မိုးကြိုးသန့်စင်ဆေးလုံးအား သာမန်ကဲ့သို့ပင် ပေးပစ်ခဲ့သည်။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင်လည်း ကောင်းမွန်စွာ  စွမ်းဆောင်ပြသနိုင်ခဲ့၏။ သူ၏ စရိုက်က သိမ်မွေ့ရည်မွန်ကာ ဉာဏ်ပညာကြီးသော်လည်း သူ၏ ရန်သူများအပေါ်တွင် ရက်စက်တတ်ပေသည်။

ဤသည်က ရေစက်ပင် ဖြစ်နိုင်သလား။

ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရော့လာခဲ့သည်။

“ကျွန်းသခင်။” ထိုအချိန်တွင် အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေ ကျွန်းသခင်၏ ရှေ့သို့ လူတစ်စု ရောက်ရှိလာသည်။ သူတို့၏ မျက်လုံးများထဲတွင် သံသယနှင့် မေးခွန်းအပြည့် ဖြစ်နေသည်။

အဖြူရောင်ဆံပင်နှင့် လူက ကျွန်းသခင်ကို မည်သည့်အကြောင်း ပြောသွားခဲ့သနည်း။

“ဒီနေ့ကနေစပြီး ရီလျှို့နျန်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ဒုတိယကျွန်းသခင် ဖြစ်သွားပြီ။ ပြီးတော့ မင်းတို့အားလုံးက သူ့ကို အပြည့်အဝ ထောက်ခံအားပေးရမယ်။ ဒါပေမယ့် ဒီကိစ္စကို မင်းတို့ပဲ သိထားပြီး လူသိရှင်ကြား ထုတ်ပြောခွင့်မရှိဘူး။ သူ့ရဲ့ အဆင့်အတန်းက ငါနဲ့ အတူတူပဲ။” အမျိုးသမီးက ပြောလိုက်သည်။ အနီးရှိ လူများက အနည်းငယ် အံ့သြသွားကြပြီး သူမကို စိုက်ကြည့်နေကြ၏။

ဤအဖြူရောင်ဆံပင်နှင့် ရန်ဟောင်ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဆက်ခံသူအဖြစ် သတ်မှတ်လိုက်သည်လား။

သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့သည်ဆိုလျှင်ပင် ဆုံးဖြတ်ချက်ကို ထိုမျှ လျင်မြန်စွာ ချမှတ်သင့်ရဲ့လား။

“ကျွန်းသခင်၊ ဒီကိစ္စကို ကျွန်မတို့ မဆွေးနွေးသင့်ဘူးလား။” တစ်ယောက်က မေးလိုက်သည်။

“မလိုဘူး။ ငါ ဆုံးဖြတ်ချက်ချပြီးသွားပြီ။ ဒါက အတည်ပဲ။” ကျွန်းသခင်၏ အသံတွင် စိတ်ဆုံးဖြတ်ထားမှုတို့နှင့် ပြည့်လျှမ်းနေကာ လူတိုင်းသည် အနည်းငယ်စိတ်ပူမှုနှင့်အတူ သူတို့နှစ်ယောက် မည်သည်အကြောင်းကို ပြောခဲ့ကြသည်အား သိချင်နေကြသည်။ သို့သော် သူတို့က အလွန်ထူးချွန်သော ခေါင်းဆောင်ဖြစ်ကြောင်း သိရှိကြသော်လည်း ဤအပြုအမူက အလောသုံးဆယ် နိုင်လွန်းလှသည်။ သူမက ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်သည့်အတွက် သူတို့က သူမအား မေးခွန်းထုတ်ရန် မဖြစ်နိုင်ပေ။ သူတို့က ခေါင်းညိတ်တုံ့ပြန်၍သာ ထွက်သွားကြတော့သည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေ၏ ဒုတိယကျွန်းသခင်လား။

ရီဖူရှင်းက ထိုအကြောင်းများကို နည်းနည်းလေးမှပင် မသိခဲ့ချေ။ သူပြန်ရောက်ပြီးနောက် စီဖုန်းက သူ့အား မေးလာသည်။ “အစ်မကျွန်းသခင်က ဘာပြောလိုက်လဲ။”

“ဘာမှမဟုတ်ပါဘူး။ ကျုပ်အကြောင်း စိတ်ပူနေရုံပါ။” ရီဖူရှင်းက ပြုံးလိုက်သည်။

“ရှင့်ကို စိတ်ပူတယ်တဲ့လား။” စီဖုန်းက အထင်အမြင်သေးဟန်တို့ ပါဝင်နေသည့် လှပသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။ ကျွန်းသခင်က ​ယောက်ျားများကိုမဆိုထားနှင့် မည်သူ့ကိုမှ ဂရုစိုက်တတ်သူမဟုတ်ပေ။

“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “မင်းက ငါ့နောက်လိုက်ပြီး ကျင့်ကြံဖို့ စီစဥ်ထားပေမယ့် မင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို မကြာခဏ လာလို့ရသေးတယ်။”

စီဖုန်းက ထိုအကြောင်းကို အတော်လေး နားမလည်သော်လည်း ရီဖူရှင်းက  အလုပ်ရှုပ်ခံ၍ ထပ်ရှင်းပြမနေပေ။ သူ၏ အမြင်အရ ထိုသို့သော ရွေးချယ်မှုက အမှန်တကယ် ရိုးရှင်းလှသည်။ ကျွန်းသခင်က ထက်မြက်လျှင် သူမက အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ပေလိမ့်မည်။

ထိုသို့သော နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် အခြေအနေနှင့်ရင်ဆိုင်ရလျှင် မည်သူက အရှုံးခံရန် ရွေးချယ်ပါမည်နည်း။

“ရှင် ဘယ်အချိန်ထွက်သွားမှာလဲ။” ပေ့ကုံးရွှမ်း ရောက်လာပြီး ရီဖူရှင်းကို မေးလိုက်သည်။

“ထွက်သွားဖို့လား။” ရီဖူရှင်းက ပေ့ကုံးရွှမ်းကို ကြည့်ကာ မေးလိုက်သည်။ “အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ အရက်ကောင်းတွေနဲ့ အရသာရှိတဲ့ စားစရာတွေ ရှိနေတာကို ဘာလို့ ထွက်သွားရမှာလဲ။”

မည်သို့ဖြစ်၍ ရက်အနည်းငယ်ခန့် ထပ်နေပြီး စားသောက်ပွဲ၌ ပျော်စရာထပ်မရှာမည်နည်း။

“ရှင်က ထွက်မသွားသေးဘူးလား။” ပေ့ကုံးရွှမ်းက ဇဝေဇဝါနှင့် ကြည့်လိုက်သည်။ သူမက နားမလည်နိုင်ပေ။

ရီဖူရှင်းက ပြုံးကာ ထပ်မပြောတော့ပေ။ သူက ထွက်သွားလိမ့်မည် မဟုတ်ချေ။ ယခုမှစပြီး ဤနေရာက သူ၏ ကိုယ်ပိုင်အိမ်တော်ကဲ့သို့ ဖြစ်လာပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset