Switch Mode

အပိုင်း (၁၉၃၅)

ပေါင်းစပ်ခြင်း

ရီဖူရှင်း၏အမူအရာက ထူးဆန်းသွားသည်။ ဆေးရည်က အသက်ဓာတ်ကို ထုတ်ပေးနေသည်များလား။

ရှေးသစ်ပင်သည် ဆေးရည်မှ မွေးဖွားလာသည်များလား။

ဤသည်က သစ်ပင်တစ်ပင်မျှသာဖြစ်သော်လည်း ရီဖူရှင်းက သူ့အား စောင့်ကြည့်ခံနေရသလို ခံစားရသည်။ သည်သစ်ပင်ကား အရှေ့နတ်ဘုရားကျွန်းပေါ်တွင် တွေ့ခဲ့သော သစ်ပင်ထက် ဝိညာဉ်စွမ်းအား ပိုအားကောင်း၏။ သူက လူသားတစ်ယောက်နှင့် တွေ့နေရသည့်အလား သူခံစားရသည်။

ရှေးသစ်ပင်တွင်ပါဝင်သော အသက်ဓာတ်များက သူ့အား အံ့အားသင့်စေ၏။ သစ်ပင်သည် အစိမ်းရောင်အငွေ့အသက်များ ကြွယ်ဝစွာ ရစ်ပတ်ထား၏။ သစ်ကိုင်းများနှင့် သစ်ရွက်များသည် လေထဲတွင် လှုပ်ယမ်းနေကြကာ တကယ့် နတ်သစ်ပင်တစ်ပင်အလား တည်ရှိနေသည်။

ဤကား ပြီးပြည့်စုံသော အသက်ဓာတ်လမ်းစဉ်ဖြစ်သည်။ ဤသည်က မူရင်းအသက်ဓာတ်လမ်းစဉ်များလား။ ရီဖူရှင်းက တွေးတောလိုက်သည်။ ရင်းနှီးသော ခံစားချက်က ပိုမိုအားကောင်းလာသည်။ တချိန်တည်းတွင် သူ၏မူလဝိညာဉ် ကမ္ဘာသစ်ပင်သည် စတင်၍ လှုပ်ယမ်းလာ၏။

ဤသည်ကား သူ၏မူလဝိညာဉ်ကို နိုးထစေသော နောက်ထပ် ရတနာတစ်ခုဖြစ်သည်။ သည်ဆေးရည်မှာ အလွန်တန်ဖိုးကြီးမားရပေမည်။

ရီဖူရှင်းသည် သစ်ပင်ထံသို့ ချဉ်းကပ်လာသည်။ ချက်ချင်းပင် သစ်ကိုင်းများသည် လှုပ်ယမ်းကာ သူ့ထံသို့ ဦးတည်လာကြ၏။

ယင်နတ်အလင်းများသည် ရီဖူရှင်းထံသို့ လွင့်ပျံ့လာကြ၏။ သူက သစ်ကိုင်းများကို ရှောင်ဖယ်ရန် ကြိုးစားလိုက်၏။ ထိုစဉ်မှာပင် သစ်ပင်၏ခေါင်းထက်မှ ဆေးရည်သည် စူးရှသောအလင်းများကို ထုတ်လွှတ်သည်။ ယင်နတ်အလင်းများသည် ရီဖူရှင်းထံသို့ အဆက်မပြတ် ဖြန်းပက်လာတော့သည်။

ရီဖူရှင်းထံမှ ဓားစွမ်းအားများ ပေါက်ကွဲထွက်လာကာ သစ်ကိုင်းများကို တားဆီးရန် ကြိုးစားသည်။ သို့သော်လည်း သူ၏အားထုတ်မှုက အရာမထင်။ သစ်ကိုင်းများနှင့် သစ်ရွက်များသည် ဖျက်ဆီး၍ မရပေ။ သူတို့ကို စီးဆင်းနေသော အသက်ဓာတ်များမှာ အားကောင်းလွန်းရကား အင်မော်တယ်သစ်ပင်တစ်ပင်ဟုပင် ဆိုနိုင်သည်။

ရီဖူရှင်းကား မကြာခင် လုံးဝ ရစ်ပတ်ချုပ်နှောင်ခံလိုက်ရသည်။ သူကား မည်သို့မှ မခုခံနိုင်။

ထိုအခိုက်တွင် ရီဖူရှင်းက တခြားလူများ မည်သို့ တွေ့ကြုံခဲ့ရသည်ကို ခန့်မှန်းမိသည်။ သူတို့အားလုံးမှာ သူကဲ့သို့ သစ်ပင်၏ဖမ်းဆီးအနိုင်ကျင့်ခြင်းကို ခံခဲ့ကြရသည်။

သစ်ကိုင်းများက သူ့အား ရစ်ပတ်ကာ အပေါ်သို့ ခေါ်ဆောင်သွားသည်။ သစ်ပင်၏ဦးခေါင်းက ရီဖူရှင်းအား ကြည့်နေသည်။ ထိုနေရာမှ အရာဝတ္ထုတစ်ခုသည် စူးရှစွာ လင်းလက်နေ၏။ ထိုနတ်အလင်းသည် သစ်ပင်အား အသက်ဓာတ်များ ပေးစွမ်းနေ၏။

ရှဲ… ရှဲ… ရှဲ…

ထိုစဉ်မှာပင် သစ်ကိုင်းများသည် ပိုမိုပြင်းထန်စွာ လှုပ်ယမ်းလာကြ၏။ သစ်ကိုင်းများသည် သူ့အား ထွင်းဖောက်လိုသည့်အလား ဦးတည်လာကြတော့သည်။

အခြေအနေက သိပ်မကောင်းတော့မှန်း ရီဖူရှင်း သိလိုက်သည်။ သူ့ထံမှ အသက်ဓာတ်စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ နတ်သစ်ပင်၏နတ်အလင်းများသည်လည်း ရီဖူရှင်းထံသို့ ဖျန်းပက်နေသည်။ အသက်ဓာတ်စီးကြောင်းများသည် ပိုမိုပြင်းထန်စွာ စီးဆင်းလာကြာ ရီဖူရှင်းထံသို့ တိုးဝင်လာကြ၏။ ရီဖူရှင်း၏ခန္ဓာကိုယ်သည် ချက်ချင်းပင် သစ်ပင်၏အသက်ဓာတ်များကို အဆက်မပြတ် စုပ်ယူဝါးမျိုသော တွင်းနက်ကြီးတစ်ခုအလား ဖြစ်လာသည်။

ရီဖူရှင်း၏သက်စောင့်ဟော်နန်းထဲ၌ ကမ္ဘာသစ်ပင်သည် နတ်အလင်းများ ပိုမိုအားကောင်းလာနေသည်။

ပြင်ပမှ သစ်ပင်သည်လည်း ထိုကမ္ဘာသစ်ပင်၏တည်ရှိမှုကို ခံစားမိဟန်ရ၏။ သစ်ပင်နှစ်ခုသည် အချင်းချင်း ဆက်နွယ်မိဟန်ရသည်။ သစ်ကိုင်းများသည် ပိုမိုအားကောင်းစွာ လှုပ်ယမ်းလာကာ ရီဖူရှင်းထံသို့ ဦးတည်လာကြသည်။ သို့သော်လည်း ၄င်းတို့က ရီဖူရှင်းအား ထွင်းဖောက်သွားခြင်း မရှိဘဲ ၄င်းအစား အသက်ဓာတ်များကိုသာ အဆက်မပြတ် ပို့လွှတ်ကြ၏။

ရှေးသစ်ပင်၏နတ်ဆေးရည်သည် စူးရှသော အလင်းတစ်ချက် ဖြစ်ပေါ်လာ၏။ ထိုအလင်းထဲတွင် ပုံရိပ်ယောင်တစ်ခုအား မြင်ရသည်။ ၄င်း၏ပုံစံကား ထည်ဝါခန့်ငြားကာ သြဇာအာဏာကြီးမားသော အရှိန်အဝါရှိသည်။

နတ်ဘုရားအကြီးအကဲတုံ့လိုင်…။ ရီဖူရှင်းက ထူးဆန်းစွာ ကြည့်သည်။ စန့်ကွမ်းချိုးရယ်က ပြောခဲ့သည်မှာ အမှန်ပေလော။

နတ်ဆေးရည်အလင်းသည် ပိုမိုအားကောင်းလာခဲ့၏။ နောက်ဆုံးတွင် နတ်ဆေးရည်သည် တဖြေးဖြေး ရှေးဟောင်းသစ်ပင်ထဲသို့ ပျော်ဝင်သွားတော့သည်။ လေဟာနယ်တစ်ခုလုံး အစိမ်းရောင်အငွေ့အသက်များ အားကောင်းစွာ ဖြစ်ပေါ်လာနေသည်။ ရီဖူရှင်းသည်လည်း အသက်ဓာတ်များအား အဆက်မပြတ် စုပ်ယူနေ၏။ တချိန်တည်းတွင် ထိုအသက်ဓာတ်များတွင် နတ်ဆေးရည်များလည်း ပျော်ဝင်ပါရှိနေသည်။

ရီဖူရှင်းက သူ၏အသက်ဓာတ်များ အလွန်အားကောင်းလာနေသည်ကို ခံစားရသည်။ သူ၏အသွေးအသားနှင့် ကလီစာများအားလုံး ပိုမိုသန်မာလာနေသည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားကာ ရှေးဟောင်းသစ်ပင်မှ နတ်ဆေးရည်သည် ရီဖူရှင်း၏စားသုံးဝါးမျိုခြင်းကို ခံလိုက်ရကာ ခြောက်ခမ်းသွားတော့သည်။ တချိန်တည်းတွင် ရီဖူရှင်းသည် အဆုံးမဲ့သော စွမ်းအားများကို ပိုင်ဆိုင်သည့်အလား ခံစားနေရသည်။ သူ၏အရှိန်အဝါသည်လည်း ပြောင်းလဲသွား၏။

ထိုစဉ်မှာပင် စိတ်အသိတစ်ခုသည် သူ့ခေါင်းထဲ၌ ပေါ်လာသည်။ ထိုအဖြစ်က သူ့အား မင်တက်စေ၏။

သူ့စိတ်ထဲတွင် ပုံရိပ်ယောင်တစ်ခုသည် တိုက်ရိုက်ပေါ်လာသည်။

“စီနီယာက နတ်ဘုရားအကြီးအကဲဖုန်းလိုင်ပါလား” ရီဖူရှင်းက လေးစားစွာ မေးသည်။

“အင်း…” တစ်ဘက်လူက ခေါင်းညိတ်သည်။ “မင်းရဲ့စိတ်နယ်ပယ်ကို ဖွင့်လိုက်။ မင်း သိချင်တာအားလုံး ငါပေးသိမယ်”

“ကောင်းပြီ…” ရီဖူရှင်းက ပြန်ဖြေသည်။ တစ်ဘက်လူ၏စိတ်အသိသည် အားနည်းကာ သူ့အား ခြိမ်းခြောက်နိုင်ခြင်း မရှိချေ။ ရီဖူရှင်းအား တစ်စုံတစ်ခု ပြုလုပ်ရန် မဖြစ်နိုင်ပေ။

ချက်ချင်းပင် မရေမတွက်နိုင်သော ပုံရိပ်များ၊ အကြောင်းအရာများသည် ရီဖူရှင်း၏ခေါင်းထဲကို ဝင်ရောက်လာသည်။ ထိုအရာများသည် နတ်ဘုရားအကြီးအကဲတုံ့လိုင်၏ဘဝအတွေ့အကြုံများ ဖြစ်ဟန်ရသည်။

ပို၍ တန်ဖိုးကြီးသည်ကား နတ်ဘုရားအကြီးအကဲတုံ့လိုင်၏မှတ်ဉာဏ်ဖြစ်ကာ ၄င်းအထဲတွင် ကြီးမားကျယ်ပြောသော အဂ္ဂရက်ပညာရပ်များ ပါဝင်သည်။ ထိုအဖြစ်က ရီဖူရှင်းအား ထူးဆန်းစေသည်။ သူက နတ်ဆေးရည်သာမက နတ်ဘုရားအကြီးအကဲတုံ့လိုင်၏ပညာအမွေကိုပါ ဆက်ခံရရှိမည်ဟု မထင်ထားပေ။

ဒါ…

ကြည့်ရသည်မှာ သူကား အလွန်တရာ ကံကောင်းမှုကြီးနှင့် ကြုံရပေပြီ။

နတ်ဘုရားအကြီးအကဲတုံ့လိုင်၏ဆက်ခံသူ ကျွန်းသခင်က မည်သို့ တွေးမည်ကို သူ မသိတော့။

“မင်းက ဒီကို လာနိုင်တာ မင်းရဲ့ကံကောင်းမှုပဲ။ မင်းက အခု ငါ့တပည့်တစ်ယောက်လို့ ပြောလို့ရတယ်။ မင်းက အရှေ့နတ်ဘုရားကျွန်းစုကို ဂရုစိုက်ပေးဖို့ မျှော်လင့်တယ်” နတ်ဘုရားအကြီးအကဲတုံ့လိုင်က သူ၏အတွေးကို ထုတ်ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည် “စီနီယာ စိတ်ချပါ။ ကျွန်တော် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးပါမယ်”

“အင်း…” ပုံရိပ်ယောင်ပုဂ္ဂိုလ်က ခေါင်းညိတ်သည်။ ထို့နောက် သူ၏ပုံရိပ်သည် တဖြေးဖြေး ဝေဝါးပျောက်ကွယ်သွားတော့၏။

ယခုမှသာ နတ်ဘုရားအကြီးအကဲတုံ့လိုင်သည် ဤလောကမှ အမှန်တကယ် ပျောက်ကွယ်သွားပြီဟု ပြောရပေမည်။

ရီဖူရှင်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူက ဗလာဟင်းလင်းဖြစ်သွားသော ရှေးဟောင်းတောင်ကို ကြည့်လိုက်သည်။ အသက်ဓာတ်အငွေ့အသက်များသည်ပင် မရှိတော့။

လက်ရှိ သူ့တွင် နောက်ထပ် ရင်ဆိုင်ရမည့်အရာတစ်ခု ရှိသေးသည်။ ကျွန်းသခင်က သူ့အား မည်သို့ သဘောထားမည်ကို မပြောတတ်သေး။

ရီဖူရှင်းက နောက်လှည့်ကာ အပြင်ကို ထွက်လိုက်သည်။ အပြင်မှ လူများကား အချင်းချင်း စကားစမြည် ပြောနေကြဆဲဖြစ်သည်။ သူတို့က ရီဖူရှင်းကို မြင်သော်လည်း မည်သို့မှ ထူးထူးခြားခြား မတုန့်ပြန်ကြပေ။ ရီဖူရှင်းက သူတို့ထက် ထူးကဲ၍ တစ်စုံတစ်ခု လုပ်နိုင်မည်ဟု သူတို့ မယုံကြည်ကြ။

ကျွန်းသခင်က ရီဖူရှင်းအား လေးနက်စွာ ကြည့်သည်။ သူမက လူအုပ်ကို ကြည့်ကာ ပြောသည် “သွားရအောင်…”

သူမက ထိုသို့ပြောကာ ရှေ့မှ ထွက်သွားသည်။ တခြားလူများလည်း သူမနောက်မှ လိုက်ကာ ထိုနေရာမှ ထွက်လာခဲ့ကြ၏။

လူအုပ်သည် ကျွန်းဆီသို့ ပြန်ရောက်လာခဲ့ကာ ကျွန်းပေါ်တွင် အနားယူရန် ဖိတ်ကြားခံရသည်။ သူတို့က ကျွန်းပေါ်တွင် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်၏။

ရီဖူရှင်းတို့လည်း အဆောင်တစ်ခုတွင် နားနေကြသည်။

ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်နေသည်။ ရီဖူရှင်းက သူမအား ပြန်ကြည့်ကာ ပြောသည် “မင်း ဘာလို့ ကြည့်နေတာလဲ”

“နင် တစ်ခုခု ထူးခြားနေတယ်” ရှားရှင်းယွန်က ပြောသည်။

ရီဖူရှင်း အံ့အားသင့်သွားသည်။ သူမက ပြောနိုင်သည်လား။

“ငါ ဘာထူးခြားနေလို့လဲ” ရီဖူရှင်းက မေးမြန်း၏။

ရှားရှင်းယွန်က ခေါင်းယမ်းသည် “ဒါက ခံစားမိတာလောက်ပါပဲ”

“မင်းရဲ့အာရုံက တော်တော်ကောင်းတယ်” ရီဖူရှင်းက ပြုံးသည်။

ရှားရှင်းယွန်က ကြည့်လျှင် သူက ဆက်ပြောသည် “အရှေ့နတ်ဘုရားကျွန်းစုက လူတွေ ငါ့ကို မကြာခင် လာရှာကြလိမ့်မယ်”

ရှားရှင်းယွန်က သူ၏စကားကိုကြားလျှင် တစ်စုံတစ်ခုကို နားလည်လိုက်သည်။ သူသည် ရှေးဟောင်းတောင်ကြားကို ဝင်ရောက်ရာ၌ တခြားလူများနှင့် အတူ ထူးခြားသော တစ်စုံတစ်ရာကို တွေ့ကြုံခဲ့ရပေမည်။

သူတို့ စကားပြောနေစဉ်မှာပင် ကောင်းကင်မှ လူတချို့ ပျံသန်းရောက်ရှိလာသည်။ တစ်ယောက်က ပြောသည် “ပိုင်မုက အိမ်တော်သခင်ရီကို တွေ့ချင်ပါတယ်”

“နတ်မိမယ်… ဝင်လာခဲ့ပါ” ရီဖူရှင်းက နောက်လှည့်ကာ လှမ်းပြောသည်။ ရှားရှင်းယွန်က ထိုနေရာကို လှမ်းကြည့်သည်။ အရှေ့နတ်ဘုရားကျွန်းစုမှ လူများ အမှန်တကယ် ရောက်လာခဲ့ကြသည်။

ပိုင်မုနှင့် သူမ၏လူများ ရီဖူရှင်းထံသို့ ရောက်လာကြ၏။ သူမက ဦးညွှတ်ကာ ပြောသည် “အိမ်တော်သခင်က ဆရာရီကို တွေ့ဖို့ ဖိတ်ကြားလိုက်ပါတယ်”

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ကျွန်းမှ ဤသို့ ထွက်သွား၍ မရနိုင်ကြောင်း သူသိသည်။

“ကျေးဇူးတင်ပါတယ် အိမ်တော်သခင်ရီ…” ပိုင်မုက ပြောကာ အပြင်ကို ထွက်သွားသည်။

ရီဖူရှင်းက ရှားရှင်းယွန်နှင့် တခြားလူများကို ပြောသည် “ကျုပ်ကို စောင့်နေပါ”

ထို့နောက် သူက ပိုင်မုနောက်သို့ လိုက်ပါသွား၏။ သူတို့က ကျွန်းသခင်၏အိမ်တော်သို့ ဦးတည်သွားကြသည်။

ရီဖူရှင်း ရောက်သွားသောအခါ ထိုနေရာတွင် လူအနည်းငယ်သာ ရှိသည်။ ကျွန်းသခင်အပြင် အလွန်အရှိန်အဝါကြီးသော လူအနည်းငယ်သာ ရှိ၏။ ထိုအဖြစ်က ပိုင်မုနှင့် တခြားနတ်မိမယ်များကို သတိထားမိစေသည်။ ဘာဖြစ်နေသနည်း။

“ကျွန်းသခင်ကို နှုတ်ဆက်ပါတယ်” ရီဖူရှင်းက အနည်းငယ် ဦးညွှတ်သည်။ ကျွန်းသခင်ကလည်း ခေါင်းညိတ်၏။ သူမက ပိုင်မုနှင့် နတ်မိမယ်များကို ပြောသည် “မင်းတို့ နောက်ဆုတ်ပါ”

“ဟုတ်ကဲ့…” ပိုင်မုတို့က စိတ်ဝင်စားမိသော်လည်း အိမ်တော်ထဲမှ ထွက်လာခဲ့ကြသည်။

ဤတွင် ကျွန်းသခင်အပြင် လူအနည်းငယ်တို့သာ ရီဖူရှင်းနှင့် ကျန်ရစ်တော့သည်။

မမြင်ရသော ဖိအားတစ်ခု ရီဖူရှင်းထံသို့ ကျဆင်းလာသည်။ ကျွန်းသခင်က အေးစက်စွာ မေးသည် “နတ်သစ်ပင်နဲ့ နတ်ဆေးရည်က ဘာဖြစ်သွားတာလဲ”

“ကျုပ်က အဲဒါတွေကို မတော်တဆ ရသွားတယ်။ သူတို့က ကျုပ်နဲ့ပေါင်းစပ်ပြီးသွားပြီ” ရီဖူရှင်းက ပြန်ပြောသည်။

ကျွန်းသခင်က သူ့အား သီးသန့်တွေ့ဆုံသည်။ သူမက အပြင်လူများကို ထိုကိစ္စ မသိစေလိုသည်မှာ ထင်ရှား၏။

ကြည့်ရသည်မှာ သူကား ဘေးကင်းသည်။ တစ်ဘက်လူက သူ့အား တစ်စုံတစ်ခု ကြံစည်လိုသည့်ဟန်မရှိပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset