ကျန်းကျိုးမင်က ထိုသို့ပြောလျှင် အားလုံး၏အကြည့်က သူ့ထံသို့ ရောက်လာသည်။
စီနီယာအရှေ့နတ်ဘုရာတုံ့လိုင် ချန်ထားခဲ့သော ရတနာ…။
ထိုအရာက မည်သည့်ပစ္စည်းဖြစ်သနည်း။
ရီဖူရှင်းက စိတ်ဝင်တစားကြည့်သည်။ သူက ပေ့ကုန်းအော့နှင့် ဘေးမှ လူများကို ကြည့်၏။ ပေ့ကုန်းအော့က ခေါင်းယမ်းသည်။ သိသာစွာပင် ပေ့ကုန်းအော့သည် ထိုအရာအား မသိပေ။
ဒဏ္ဌာရီလာဆေးရည်မှာ အမှန်တကယ် တည်ရှိသလော။ စန့်ကွမ်းချိုးရယ်၏ခေါင်းထဲကို အတွေးတစ်ခု ဝင်ရောက်လာသည်။ ကောလာဟလများအရ အရှေ့နတ်ဘုရားတုံ့လိုင်သည် ယခင်က အမှန်တကယ် သေဆုံးခဲ့ခြင်းမဟုတ်ဘဲ သူ၏အသက်ကို ဒဏ္ဌာရီလာဆေးရည်တစ်မျိုးဖြင့် သိမ်းဆည်းထားခဲ့သည်ဟု ဆိုကြသည်။
သို့သော်လည်း အများစုက ထိုကောလာဟလများကို မယုံကြည်ကြပေ။ မရေမတွက်နိုင်သော နှစ်ကာလများ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တုံ့လိုင်နတ်ဘုရား အသက်ရှင်နေသေးခြင်းမှာ မဖြစ်နိုင်ပေ။
ကျွန်းသခင်၏အကြည့်ကလည်း ကျန်းကျိုးမင်ထံသို့ ရောက်နေသည်။ သူမ၏မျက်လုံးများမှ မမြင်ရသော ဖိအားများ ထုတ်လွှတ်နေ၏။
သည်နှစ်များတွင် လူအများအပြားက အရှေ့နတ်ဘုရားကျွန်းသို့ အကြံအစည်အမျိုးမျိုးဖြင့် ရောက်လာခဲ့ကြသည်။
ကျန်းကလန်ကား ရှေးဟောင်းတော်ဝင်ကလန်ဖြစ်ရာ သူတို့က တချို့လျို့ဝှက်ချက်များကို သိကြပေသည်။
တစ်စုံတစ်ယောက် ဤသို့ တောင်းဆိုခြင်းမရှိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကျန်းကျိုးမင်က မိမိကိုယ်ကို အလွန်တရာ ထူးခြားသည်ဟုထင်မှတ်နေသည်လား။
“မင်းရဲ့အဆင့်က နိမ့်သေးတယ်။ တကယ်လို့ မင်းအဖေ လာခဲ့ရင်တော့ မပြောတတ်ဘူး” ကျွန်းသခင်က ပြုံးလျှက်ပြောသည်။
“ကျုပ်က မကြိုးစားကြည့်ဘဲ ဘယ်လိုသိမှာလဲ” ကျန်းကျိုးမင်က ပြုံးလျှက်ပြောသည် “ကျုပ်အတွက် အခွင့်အရေးမရှိဘူးဆိုရင်တောင်မှ အတွေ့အကြုံရတာပေါ့”
“မင်း အဲဒါကို တွေ့ချင်တာ သေချာလား” ကျွန်းသခင်က ဆက်မေးသည်။
ကျန်းကျိုးမင်က ခေါင်းညိတ်ကာ ဆက်ပြောသည် “ကျုပ် ဒီကိုမလာခင် အဲဒီဆေးရည်က ဘယ်လောက် ထူးဆန်းအံ့ဖွယ်ကောင်းတယ်ဆိုတာ ကြားခဲ့တယ်။ ဒါကြောင့် ကျုပ်က တွေ့မြင်ချင်တယ်။ ကျုပ်က အရှေ့နတ်ဘုရားကျွန်းကို ဒီရည်ရွယ်ချက်တစ်ခုတည်းနဲ့လာတာဖြစ်လို့ ကျွန်းသခင်က ခွင့်ပြုပေးစေချင်ပါတယ်”
ကျွန်းသခင်က သေရည်ခွက်ကိုမြှောက်ကာ တစ်ကျိုက်သောက်လိုက်သည်။ ထို့နောက် သူမက သေရည်ခွက်ကို ချကာ ကျန်းကျိုးမင်အား ကြည့်သည်။ ထို့နောက် သူမက ထရပ်၏။
“ကောင်းပြီ၊ တော်ဝင်ကျန်းမိသားစုက ဒါကို တွေ့မြင်ချင်တယ်ဆိုမှတော့ ခွင့်ပြုပေးရတာပေါ့” ကျွန်းသခင်က ပြောသည် “ငါနဲ့အတူ ကန့်သတ်နေရာကို လိုက်ခဲ့ပါ”
“ဟုတ်ကဲ့…” နတ်မိမယ်များက ထရပ်ကာ ကျွန်းသခင်နောက်မှ လိုက်ပါကြသည်။ တန်ခိုးရှင်များကလည်း အချင်းချင်း ကြည့်ကြ၏။ အများစုက ထိုကိစ္စကို သိကြပေသည်။ သို့သော်လည်း မည်သူမှ ထုတ်မပြောခဲ့ကြ။ ယခု တစ်စုံတစ်ယောက်က ထုတ်ပြောလာသည်။ ကျွန်းသခင်က အမှန်တကယ် ခွင့်ပြုပေးတော့မည်လား။
ဆေးရည်သည် မည်သို့သော ပုံစံဖြစ်သနည်း။
ရီဖူရှင်းဘက်တွင်လည်း လူအများအပြားက တီးတိုးပြောဆိုနေကြသည်။ သူတို့အားလုံးက ဆေးရည်နှင့်ပတ်သက်၍ ပြောဆိုနေကြ၏။
ကျွန်းသခင်က သူတို့ကို အမှန်တကယ် ဆေးရည်အား ပြသမည်လော။ ထိုအရာက အမှန်တကယ် ရှိသလော။
အားလုံးက ကျွန်းသခင်နောက်ကို လိုက်ပါသွားကြသည်။ မြန်ဆန်စွာပင် သူတို့အုပ်စုသည် ကောင်းကင်မှ ပျံသန်းသွားကာ ဆေးပင်များထူထပ်စွာ ပေါက်ရောက်နေသော နေရာတစ်ခုသို့ ရောက်လာကြ၏။
တန်ခိုးရှင်အများအပြား ထိုနေရာကို စောင့်ကြပ်နေကြသည်။ ရှားပါးဆေးပင်အမျိုးမျိုးတို့ကိုလည်း ထိုနေရာတွင် တွေ့မြင်နိုင်သည်။
သူတို့က ထိုနေရာကို ဖြတ်သန်းသွားကြ၏။ ရီဖူရှင်းက မြေပြင်ကို လှမ်းကြည့်သည်။ သူက ယခင် မတွေ့မမြင်ဖူးသော တန်ဖိုးကြီး ဆေးပင်များအား သတိပြုမိသည်။
သည်ဒေသကား အသက်ဓာတ်များ အလွန်ကြွယ်ဝစွာ ရှိနေသည်။
သူတို့ ရှေ့ဆက်သွားလျှင် မကြာခင် ရှေးဟောင်းတောင်ကုန်းတစ်ခုသို့ ရောက်လာသည်။ တောင်ဘေးစောင်းတွင် အက်ကြောင်းတစ်ခု ရှိ၏။ ကြောက်မက်ဖွယ် အားလှိုင်းများ ထိုနေရာမှ ထွက်ပေါ်နေသည်။ ကြွယ်ဝသော အသက်ဓာတ်များ ထိုနေရာမှ ထွက်ပေါ်နေရာ လူအများကို သက်တောင့်သက်သာ ခံစားရစေသည်။
“ဆေးရည်က အထဲမှာပဲ။ မင်းတို့က အထဲကို ဝင်ပြီး ဆေးရည်ကို ယူနိုင်ရင် ယူကြပါ” ကျွန်းပိုင်ရှင်က ပြောသည်။ ထိုအဖြစ်က လူအများကို ထူးဆန်းသော အမူအရာဖြစ်စေသည်။
အရှေ့နတ်ဘုရားကျွန်းက ဆေးရည်အား ထိုမျှ အလွယ်တကူ ထုတ်ပေးမည်လား။
ထိုမျှ မရိုးရှင်းပေ။
ရီဖူရှင်းက ကျန်းကျိုးမင်ကို ကြည့်သည်။ သူ၏အမူအရာက အလွန်တရာ လေးနက်နေသည်။ သူက ဆေးရည်အတွက် လာရောက်မှတော့ ၄င်းနှင့်ပတ်သက်၍ ပိုမို သိနားလည်ပေသည်။
သူ၏အမူအရာမှ ဆေးရည်သည် ရယူရန် မလွယ်ကူကြောင်း ရီဖူရှင်း နားလည်လိုက်သည်။
ကျွန်းသခင်က မည်သို့မှ မပြောပေ။ သူမက ဘေးတွင်ရပ်ကာ ငြိမ်သက်စွာ ကြည့်နေသည်။ ကျန်းကျိုးမင်က တန်ခိုးရှင်များကို ဦးဆောင်ကာ ရှေ့ကို တိုးဝင်သွားသည်။ တခြားလူများက သူ့နောက်ကို လိုက်ပါလိုကြသော်လည်း တွန့်ဆုတ်နေကြ၏။ ကျွန်းသခင်က သူတို့၏အပြုအမူကို သဘောမကျဖြစ်သွားမည်ကို သူတို့ စိုးရိမ်ကြသည်။
ထို့ကြောင် ကျန်းကလန်မှ တန်ခိုးရှင်များသည် တောင်အက်ကြားအတွင်းသို့ မြန်ဆန်စွာ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။ ထို့နောက်တွင် မမြင်ရသော အတားအဆီးတစ်ခုက သူတို့၏စိတ်အာရုံအား ဖြတ်တောက်သွားရာ အတွင်း၌ ဖြစ်ပျက်နေသည်များကို မည်သူမှ မသိကြရပေ။
မကြာခင် တောင်အက်ကြားမှ တစ်ဝုန်းဝုန်း အသံများ အဆက်မပြတ် ကြားလာရသည်။ အတွင်း၌ တိုက်ခိုက်သံများကို လူတိုင်း ကြားသိရ၏။
ရီဖူရှင်းဘေးတွင် စီဖုန်းက တောင်အက်ကြောင်းအား အေးစက်စွာ ကြည့်နေသည်။ သူမသည်လည်း ထိုနေရာကို ဝင်ရောက်ဖူးသည်။
ရှေးဟောင်းတော်ဝင်ကျန်းကလန်သည်ပင် ထိုဆေးရည်ကို ရယူရန် မဖြစ်နိုင်ပေ။
ထင်မှတ်ထားသည့်အတိုင်း မကြာခင် လူအုပ်သည် တောင်အက်ကြားမှ ထွက်ပေါ်လာသည်။ သူတို့ကား ကျန်းကျိုးမင်တို့အုပ်စုဖြစ်သည်။ သူတို့အားလုံး ညစ်ပတ်ပေရေနေကာ ဒဏ်ရာအသီးသီး ရနေကြသည်။ သူတို့က ကြီးမားသော တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ကြရဟန်ရှိသည်။
ကျန်းကျိုးမင်က စိတ်ပျက်လက်ပျက်အမူအရာဖြင့် ကျွန်းသခင်ကို ပြောသည် “ကျွန်းသခင်ရဲ့ ရက်ရောမှုကို ကျေးဇူးတင်ပါတယ်”
“ရပါတယ်…” ကျွန်းသခင်က အေးဆေးစွာ ပြောသည် “တခြားစိတ်ဝင်စားသူတွေရှိရင်လည်း ဝင်ပြီး လေ့လာလို့ရတယ်။ ဆေးရည်ကို ရယူနိုင်ရင် အဲဒါ ရှင်တို့ အပိုင်ပဲ”
ထိုစကားမှ သူ၏ယုံကြည်မှုကို ထင်ဟပ်နေသည်။ ဆေးရည်အားရယူရန် အမှန်တကယ် မလွယ်ကူပေ။
ကျွန်းသခင်က လူအုပ်၏စိတ်ဝင်စားမှုကို နားလည်ဟန်ဖြင့် ပြောသည် “မင်းတို့ စိတ်ဝင်စားရင် အထဲကို ဝင်ကြည့်ပါ။ ဒါပေမဲ့ ဂရုစိုက်ဖို့တော့လိုတယ်”
“အရှေ့နတ်ဘုရားတုံ့လိုင်ရဲ့နတ်ရတနာက အမှန်ပဲ အထဲမှာ ရှိတာလား” တစ်ယောက်က မေးသည်။
“ရှင် အထဲကို ဝင်ကြည့်ရင် သိလိမ့်မယ်” ကျွန်းသခင်က ပြောသည်။
“ဒီလိုဆိုရင်လည်း ဒီအဖိုးကြီးက ဝင်ကြည့်ရတော့မှာပဲ” အကြီးအကဲတစ်ဦးက ပြောကာ အတွင်းသို့ ဝင်သွားသည်။ မကြာခင် သူ ပြန်ထွက်လာ၏။ သူသည်လည်း ဆင်တူစွာပင် ဒဏ်ရာတချို့ဖြင့် ပြန်ရောက်လာခဲ့သည်။ သူက ခေါင်းယမ်းသည် “ဖန်တီးတဲ့သူက တကယ်ပဲ အံ့ဖွယ်ချီးကျူးဖို့ ကောင်းတယ်။ မင်းတို့ အထဲကို ဝင်ကြည့်ရင် သိလိမ့်မယ်”
သူ၏စကားကိုကြားလျှင် ပိုမိုများပြားသောလူများက စိတ်ဝင်စားကြသည်။ တစ်ယောက်ပြီးတစ်ယောက် အတွင်းသို့ ဝင်ကြည့်ကြ၏။ သို့သော်လည်း အားလုံးက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာကြ၏။ တချိန်တည်းတွင် သူတို့အားလုံး အံ့အားသင့်ခြင်းစွာ ဖြစ်ကြရသည်။
စန့်ကွမ်းချိုးရယ်က ရီဖူရှင်းကို မေးသည် “ရှင် သွားမကြည့်ဘူးလား”
ရီဖူရှင်း၏ပါရမီကား ထူးခြားဆန်းပြားသည်။ သူသာ တောင်အက်ကြားထဲကို ဝင်ရောက်ပါက တစ်စုံတစ်ခု ထူးခြားသည်ကို လုပ်ဆောင်နိုင်လိမ့်မည်။
“မင်း သွားကြည့်ချင်လို့လား” ရီဖူရှင်းက သူမကို မေးသည်။
“အင်း…” စန့်ကွမ်းချိုးရယ်က ခေါင်းညိတ်သည်။
“မင်း အရင်သွားလိုက်ပါ။ ကျုပ် စောင့်ကြည့်ဦးမယ်” ရီဖူရှင်းက ပြောသည်။ စန့်ကွမ်းချိုးရယ်က ရီဖူရှင်း၏စကားကိုကြားလျှင် အတွင်းသို့ ဝင်ရောက်သွား၏။
သို့သော်လည်း မကြာခင် စန့်ကွမ်းချိုးရယ်သည် တခြားလူများကဲ့သို့ ပေါ်ထွက်လာသည်။ သူမ၏မျက်လုံးများတွင် အံ့အားသင့်ထိတ်လန့်ဟန်များ ရှိနေ၏။
“အထဲမှာ ဘာရှိတာလဲ” ရီဖူရှင်းက မေးမြန်းသည်။
“ရှင်ကိုယ်တိုင် သွားကြည့်ပါ” စန့်ကွမ်းချိုးရယ်က ပြောသည်။
ရီဖူရှင်းကလည်း ဆက်မမေးတော့ဘဲ ထိုနေရာတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။ လူများ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာသော်လည်း မည်သူမှ မအောင်မြင်။ သို့သော်လည်း သူတို့အားလုံးမှာ တစ်စုံတစ်ခုကြောင့် အံ့အားသင့်ခဲ့ကြရဟန်ရှိသည်။
ကြည့်ရသည်မှာ မည်သူမှ ထိုဆေးရည်ကို ရယူနိုင်ဟန်မရှိချေ။ နောက်ဆုံးတွင် မည်သူမှ တောင်အက်ကြောင်းထဲကို မဝင်ရောက်ကြတော့။
ကျွန်းသခင်က မေးသည် “အထဲကို ဝင်ကြည့်ချင်သူ ရှိသေးလား”
မည်သူမှ ပြန်မပြောပေ။ ထိုစဉ်မှာပင် ရီဖူရှင်းက ရှေ့ထွက်ကာ ပြောသည် “ကျုပ်လည်း အတွေ့အကြုံရှာကြည့်ချင်ပါတယ်”
“ဝင်သွားပါ” ကျွန်းသခင်က ပြန်ပြောသည်။ သူမ၏အမူအရာက ထိုအတိုင်းပင်။ သူမက များစွာ တွေးတောခြင်း မရှိချေ။ ရီဖူရှင်းက တောင်အက်ကြားထဲကို ဝင်သွားသည်။ သူသည် တောင်ကြားကို ဖြတ်ကာ ဧရာမနေရာတစ်ခုသို့ ရောက်သွား၏။
ရီဖူရှင်းက အတွင်းသို့ ရောက်သောအခါ အလွန်ရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားမိသည်။ ရီဖူရှင်းက သူ့ရှေ့မှ မြင်ကွင်းကို တွေ့သောအခါ အလွန်တရာ အံ့အားသင့်ရ၏။
သူ့ရှေ့တွင်ကား သစ်ပင်တစ်ပင်ဖြစ်သည်။ ၄င်းကား မရေမတွက်နိုင်သော သစ်ကိုင်းသစ်ရွက်များဖြင့် နတ်သစ်ပင်ကြီးဖြစ်သည်။
သစ်ပင်သည် လမ်းစဉ်မျိုးစုံကို ဖန်တီးနေဟန်ရပြီး ကွဲပြားခြားနားသော လမ်းစဉ်စွမ်းအားများကို ဖော်ပြနေသည်။ သစ်ပင်သည် အရာအားလုံးကို စုစည်းထားနိုင်သည့်အလား…။ သစ်ပင်၏အတွင်း၌ကား စွမ်းအားအကြီးဆုံးမှာ အသက်ဓာတ်အရှိန်အဝါဖြစ်သည်။ ၄င်းကား ရှေးဟောင်းသစ်ပင်၏မူလစွမ်းအားလည်း ဖြစ်သည်။
ရီဖူရှင်းကို အံ့အားသင့်စေသည်ကား သစ်ပင်သည် အမှန်တကယ် လူသားပုံသဏ္ဌာန်ရှိခြင်းပင်။ ၄င်းသည် သစ်ပင်နတ်ဘုရားအလား ထင်မှတ်ရသည်။
လူသားပုံစံနတ်သစ်ပင်တွင် ခေါင်း၊မျက်လုံး၊ လက်ချောင်းများ၊ ခန္ဓာနှင့် ခြေထောက်နှစ်ချောင်းရှိသည်။ ၄င်းကားလူသားပုံစံနှင့် အလွန်တူ၏။ သူ၏ခေါင်းနေရာတွင်ကား အလွန်လင်းလက်သော အသက်ဓာတ်တစ်ခု ရှိနေ၏။ ၄င်းနေရာတွင် နတ်ဆေးရည် ရှိနေဟန်ရသည်။
***