Switch Mode

အပိုင်း (၁၉၃၃)

ဖိတ်ကြားခြင်း

ကျွန်းသခင်က မိတ်ဆုံစားပွဲမှ လူများကို ကြည့်ကာ နတ်မိမယ်များကို အမိန့်ပေးသည် “ငါတို့ ဆေးလုံးတွေကို ဧည့်သည်တွေဆီ မိတ်ဆက်ပေးလိုက်ကြ”

“နားလည်ပါပြီ” နတ်မိမယ်ကိုးဦးက ခေါင်းညိတ်သည်။ ပထမဆုံးမိန်းကလေးက သူမ၏လက်ထဲမှ ဆေးလုံးကို ကိုင်ကာ ရှင်းပြသည် “ဒါက သန့်စင်မိုးကြိုးဆေးလုံးပါ။ ဒါကို စားလုံးရင် ခန္ဓာကိုယ်ကို သန်မာစေရုံသာမက မိုးကြိုးစွမ်းအားကိုလည်း ပိုပြီး ကောင်းကောင်းထိန်းချုပ်နိုင်မှာပါ။ ဒီဆေးလုံးဟာ ရန်ဟောင်အဆင့်တွေကိုတောင်မှ သက်ရောက်စေနိုင်ပါတယ်။ ဒီဆေးလုံးဟာ တိမ်မြူသစ်သားကနေ သန့်စင်ထားတာပါ”

“တိမ်မြူသစ်သား…” ရီဖူရှင်းက ဆေးလုံးကို အံ့အားသင့်စွာ ကြည့်သည်။ သည်မတိုင်ခင်က ပေ့ကုန်းအော့သည် တိမ်မြူသစ်သားကို သန့်စင်၍ အဆင့်တက်သွားခဲ့သည်။

“ကျုပ် ဒီဆေးလုံးကို ယူမယ်” ရီဖူရှင်းက ပြောသည်။ ထိုအဖြစ်က လူအုပ်အား အံ့အားသင့်စေသည်။ ကျွန်းသခင်က ရီဖူရှင်းအား ကြည့်ကာ မေးသည် “ရှင်က ဆုံးဖြတ်တာ မြန်လှချည်လား။ တခြားဆေးလုံးတွေကို မကြည့်တော့ဘူးလား”

“မလိုဘူး။ ကျုပ်က ဆုံးဖြတ်ပြီးမှတော့ ပထမဆုံး ရွေးခွင့်ရှိမလား” ရီဖူရှင်းက ပြုံးလျှက်မေးသည်။ ကျွန်းသခင်က ခေါင်းညိတ်ကာ ပြောသည် “ရန်ဟောင်ရီက ဒီဆေးလုံးကို အရင်ဆုံးရွေးတာဆိုတော့ ဒီဆေးလုံးက ရန်ဟောင်ရီ အပိုင်ပါပဲ”

“ကျေးဇူးတင်ပါတယ် ကျွန်းသခင်…” ရီဖူရှင်းက သူမအား ခေါင်းညိတ်ကာ ပြောသည်။ ဆေးလုံးကို ကိုင်ထားသော နတ်မိမယ်က ရှေ့ကို တက်လာကာ ဆေးပုလင်းငယ်အား ရီဖူရှင်းကို ပေးသည်။

ဆေးလုံးကို လက်ခံရရှိပြီးသည်နှင့် ရီဖူရှင်းက နောက်လှည့်ကာ ပေ့ကုန်းရွမ်အား ပြောသည် “ဒီဆေးလုံးက မင်းအတွက် သင့်တော်တယ်။ ငါတို့ ဒီက ကိစ္စပြီးသွားရင် ဆေးလုံးကို သန့်စင်ပြီးတော့ ကျင့်ကြံလိုက်…”

ထိုမြင်ကွင်းကိုကြည့်ကာ မိတ်ဆုံစားပွဲမှ လူများအားလုံး အံ့အားသင့်သွားကြသည်။ တချို့က ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်သည်။

ရီဖူရှင်းက အရည်အသွေးမြင့်ဆေးလုံးတစ်လုံးအား နောက်တစ်ယောက်ကို သည်အတိုင်း ထုတ်ပေးလိုက်သည်။

ဆေးလုံးများသည် အလွန်တန်ဖိုးကြီး၏။ အရည်အသွေးမြင့်ဆေးလုံးများမှာကား ဆိုဖွယ်မရှိတော့။ လူအနည်းငယ်ကသာ ထိုသို့သော ဆေးလုံးများကို ပြုလုပ်နိုင်သည်။ အများစုသော ကျင့်ကြံသူများသည် ကျင့်ကြံခြင်း၌သာ အချိန်ပေးကြ၏။ သူတို့၏အချိန်များကို ဆေးလုံးဆေးဝါးများတွင် နှစ်မြုတ်သောလူများကား ရှားပါးပေသည်။

ယခု ရီဖူရှင်းက ထိုဆေးလုံးကို နောက်တစ်ယောက်အား ထုတ်ပေးလိုက်၏။ ဆိုလိုသည်က သူသည် ဆေးလုံးကို သိပ်စိတ်ဝင်စားဟန်မရှိပေ။

ကျွန်းသခင်ကလည်း ရီဖူရှင်းကို ပြုံးလျှက်ကြည့်သည်။ သူကား အမှန်တကယ် ထူးခြားကာ ထူးချွန်သည်။ ထိုသို့သောလူက ဆေးလုံးကို တန်ဖိုးမထားသည်မှာ သဘာဝကျ၏။ ကောင်လေးကား စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ပေ့ကုန်းအော့နှင့် ပေ့ကုန်းရွမ်တို့မှာလည်း မင်တက်နေကြသည်။ ပေ့ကုန်းရွမ်က ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်သည်။ သည်မတိုင်ခင်က ရီဖူရှင်းသည် သူမအား ချဉ်းကပ်ခွင့် မပြုခဲ့ပေ။ ယခု သူက သူမအား တန်ဖိုးကြီးဆေးလုံးကို ပေးနေသည်။ သူမက သူ့အား နားမလည်တော့။

“အိမ်တော်သခင်… ကျုပ်တို့က အိမ်တော်သခင်ဆီက ထပ်ပြီးတော့ လက်ဆောင်တွေ ယူလို့ မဖြစ်တော့ပါဘူး” ပေ့ကုန်းအော့က ပြောသည်။ ရီဖူရှင်းက ပေ့ကုန်းအော့ကို အခွင့်အလမ်း အများအပြား ပေးခဲ့ပြီးဖြစ်သည်။ သူတို့က ရီဖူရှင်းအပေါ် ကျေးဇူးကြွေး များစွာ တင်နေပြီးဖြစ်၏။

“ယူလိုက်ပါ။ ခင်ဗျားက တိမ်မြူသစ်သားကို သူမအတွက် ပေးချင်တယ်လို့ ပြောခဲ့တယ်မလား။ အခု ခင်ဗျားက တိမ်မြူသစ်သားကြောင့် အဆင့်တက်သွားပြီးပြီ။ ဒါက အောင်မြင်မှုတစ်ခုပဲ။ အခု ဒီဆေးလုံးက သူမအတွက် သင့်တော်တယ်။ ဘာလို့ ငြင်းပယ်ရမှာလဲ” ရီဖူရှင်းက အေးဆေးစွာ ပြောသည်။

ပေ့ကုန်းအော့တွင် ပြန်ပြောစရာ မရှိချေ။ သူက ခေါင်းညိတ်ကာ လေးနက်စွာ ပြောသည် “အိမ်တော်သခင်ကို ကျေးဇူးတင်ပါတယ်”

ပေ့ကုန်းအော့သည် ဉာဏ်ကောင်းကာ ဆုံးဖြတ်ချက်ချရာ၌ ပြတ်သားသည်။ သူက အကျိုးကျေးဇူးကို ဦးစားပေး၏။ သို့သော်လည်း ယခုတွင် သူ စိတ်လှုပ်ရှားမိသည်။ တချို့သောလူတို့၏သဘောထားက လူတို့၏စိတ်နေစိတ်ထားကိုပင် ပြောင်းလဲစေသည်။ လူတစ်ယောက်က မိတ်ဆွေတစ်ယောက်အတွက် အသက်ပင်ပေးနိုင်သည်ဟု လူအများက ပြောကြသည်ကို ယခု ပေ့ကုန်းအော့ အမှန်တကယ် နားလည်သွားပြီဖြစ်သည်။

သည်မတိုင်ခင် သူသည် သတ္တမအဆင့်ရန်ဟောင်မျှသာဖြစ်ကာ တိမ်မြူသစ်သားဖြစ်စေ၊ မိုးကြိုးသန့်စင်ဆေးလုံးဖြစ်စေ ရီဖူရှင်းကြောင့်သာမဟုတ်လျှင် သူ့အတွက် အိပ်မက်ပင် မက်ခွင့်မရှိသော အရာများဖြစ်သည်။

တခြားတစ်ဘက်တွင် ပေ့ကုန်းအော့သည် စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ သို့သော်လည်း သူက မြန်ဆန်စွာ ဖုံးကွယ်လိုက်သည်။ သူက ရီဖူရှင်း၏သဘောကို နားလည်သည်။ ရီဖူရှင်းက ပေ့ကုန်းအော့ကို ဦးစားပေးနေခြင်း မဟုတ်ပေ။ ရီဖူရှင်းက အင်ပါယာဟယ်လျန်နှင့် သင့်တော်သော တစ်စုံတစ်ခု တွေ့ရှိခဲ့လျှင်လည်း သူ့အား ပေးမည်ဖြစ်ကြောင်း နားလည်သည်။

သို့သော်လည်း အင်ပါယာဟယ်လျန်က ပေ့ကုန်းအော့နှင့် မသိမသာယှဉ်ပြိုင်ဘက်များဖြစ်ရာ အနည်းငယ်တော့ စိတ်ပျက်မိသည်သာ။

ရီဖူရှင်းက ဘာမှ မပြောပေ။ သူက အမှန်ကတယ် ဦးစားပေးသည့်ကိစ္စ မရှိချေ။ အရာအားလုံးက ကံကြမ္မာအတိုင်း ဖြစ်သည်။

အကယ်၍ ရီဖူရှင်းသာ အခွင့်အရေးရပါက အင်ပါယာဟယ်လျန်ကိုလည်း ကူညီမည်ဖြစ်သည်။

တစ်စုံတစ်ယောက် သည်ကျင့်ကြံဆင့်များသို့ ရောက်လာပါက တချို့ကိစ္စများကို အထူးတလေ ရှင်းပြစရာမလိုတော့။

ထို့နောက်တွင် တခြားနတ်မိမယ်များက ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး ထုတ်ဖော်ပြသသည်။ ၄င်းတို့အားလုံးမှာ တန်ဖိုးကြီးမားသော ဆေးလုံးများဖြစ်ကြ၏။ ရီဖူရှင်းလည်း သေချာနားထောင်သည်။ ၄င်းတို့အထဲတွင် သူ စိတ်ဝင်စားသော ဆေးလုံးများပါဝင်၏။ သို့သော်လည်း ၄င်းဆေးလုံးများက သူ၏ကျင့်ကြံခြင်း၌ များစွာ အထောက်အကူပြုစေနိုင်သည်တော့ မဟုတ်ပေ။

ကမ္ဘာသစ်ပင်ဝိညာဉ်ကြောင့် မဟာလမ်းစဉ်အပေါ် သူ၏အာရုံခံစားမှုမှာ အလွန်အားကောင်းနေပြီးဖြစ်သည်။ ထိုဆေးလုံးများက သူ့အပေါ် ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများမှာ အကန့်အသတ်ရှိသည်။

တခြားလူများကလည်း ဆေးလုံးများကို သေချာရွေးချယ်ကြသည်။ မြန်ဆန်စွာပင် ဆေးလုံးများကို ရွေးချယ်လိုက်ကြပြီး နောက်ဆုံးတစ်ယောက်သာ ကျန်ရစ်တော့သည်။

ထိုသူကား ကျန်းကျိုးမင်ဖြစ်သည်။

ရှေးဟောင်းတော်ဝင်ကျန်းမိသားစုဝင်တစ်ဦးအနေဖြင့် သူသည် ထိုဆေးလုံးများကို သိပ်အလေးမထားမှန်း အားလုံးက သိကြသည်။

“သခင်လေးကျန်း…” နတ်မိမယ်ဟွမ်က ပြောသည် “ဆေးလုံးက တစ်လုံးပဲ ကျန်တယ်”

“ပြဿနာမရှိဘူး။ ကျုပ် ဒီဆေးလုံးကိုပဲ ယူလိုက်မယ်” ကျန်းကျိုးမင်က ပြုံးလျှက်ပြောသည်။

နတ်မိမယ်ကိုးဦးက နောက်ကို ပြန်ဆုတ်သွားကြသည်။ ကျွန်းသခင်က လူအုပ်ကို ကြည့်ကာ ပြောသည် “အားလုံး သက်တောင့်သက်သာပဲ စားသောက်ကြပါ”

“ကျွန်းသခင်ကို ကျေးဇူးတင်ပါတယ်” လူအုပ်က ခေါင်းညိတ်ကာ ပြောသည်။ သူတို့ကလည်း အချင်းချင်း စကားစမြည်ပြောကာ စားသောက်ကြ၏။ သူတို့က စားပွဲမှ ဝိုင်များကို သောက်သောအခါ အမှန်တကယ် မူးယစ်ရီဝေမှုကို ခံစားကြရ၏။ ထိုအဖြစ် သူတို့အား ထူးဆန်းစေသည်။ သူတို့၏ခန္ဓာကိုယ်မှ မဟာလမ်းစဉ်စွမ်းအားများမှာလည်း လှုပ်ရှားနေသည်ကို တွေ့ရှိရ၏။

“ဒါ…”

သူတို့အားလုံးက အံ့အားသင့်သွားကြသည်။ သူတို့က အချင်းချင်းကြည့်ကြ၏။ သူတို့က ထုတ်ပြောလိုသော်လည်း မည်သူမှ ဦးဆုံး ပြောဆိုသူ မဖြစ်လိုကြပေ။

“ဟား… ဟား…” အရှေ့နတ်ဘုရားကျွန်းပေါ်တွင် ကျင့်ကြံသော အကြီးအကဲတစ်ဦးက ထောင့်တစ်နေရာမှ ရယ်မောလိုက်သည်။ သူက ပြောသည် “မင်းတို့ ခံစားမိမှာပေါ့။ ဒီစားပွဲမှာ သုံးတဲ့ စားသောက်စရာတွေက ကျင့်ကြံခြင်းမှာ အကျိုးဖြစ်စေတဲ့ အမယ်တွေကို သုံးထားတာပဲ။ အကျိုးသက်ရောက်မှုက ဆေးလုံးတွေလို အားမကောင်းပေမဲ့ ဒါက ရေရှည်မှာ အရမ်းသိသာတယ်။ မင်းတို့ အနာဂတ်မှာ ဒါမျိုးကို မခံစားချင်ဘူးလား”

လူအုပ်က အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့အားလုံး စိတ်ဝင်စားမိကြ၏။ စွမ်းအားမြင့် တန်ခိုးရှင်များက အရှေ့နတ်ဘုရားကျွန်းသို့ ဝင်ရောက်ကျင့်ကြံလိုသည်မှာ မထူးဆန်းတော့။

“မင်းတို့မှာ လက်တွဲဖော်မရှိရင်လည်း ကျွန်းပေါ်က နတ်မိမယ်တွေနဲ့ အတူလက်တွဲလေ့ကျင့်ခွင့် ရနိုင်တယ်။ ဒါကတော့ မင်းတို့ ကိုယ်ပိုင် အရည်အချင်းနဲ့ဆိုင်တာပေါ့” နောက်တစ်ယောက်က ရယ်မော၍ ပြောသည် “ဟိုအတွဲကို လှမ်းကြည့်လိုက်… သူတို့က လူတိုင်းအားကျရတဲ့ စုံတွဲပဲ”

လူအုပ်က အတူ ထိုင်နေကြသော စုံတွဲတစ်တွဲအား မြင်သည်။ ယောကျ်ားမှာ ချောမောပြီး အမျိုးသမီးဖြစ်သူမှာလည်း အလွန်တရာ လှပသည်။ သူတို့နှစ်ယောက်လုံးမှာ ထူးခြားဆန်းပြားသော အရှိန်အဝါများ ရှိကြ၏။

ကျွန်းသခင်က မည်သို့မှ မပြောသေးသော်လည်း ထိုလူများက အရှေ့နတ်ဘုရားကျွန်းစုနှင့်ပတ်သက်၍ ကောင်းကြောင်းများကို ချီးမွှမ်းပြောဆိုနေကြသည်။

“သခင်လေးရီ… ရှင့်မှာ လက်တွဲဖော်ရှိလား” ပိုင်မုက ဘေးမှ မေးသည်။ သူမက ရီဖူရှင်းအား လှပသော မျက်လုံးများဖြင့် ကြည့်သည်။ သူမ၏အသံက သိမ်မွေ့သည်။

“ရှိတယ်…” ရီဖူရှင်းက ပြုံးလျှက် ခေါင်းညိတ်သည်။ ပိုင်မုက သူ့ဘေးမှ ရှားရှင်းယွန်ကို ကြည့်သ်။ သူမသည် ရီဖူရှင်းနှင့်တစ်စုံတစ်ခု ပတ်သက်ဟန်ရ၏။ သူမက ရီဖူရှင်း၏လက်တွဲဖော်ဖြစ်ဟန်ရသည်။

“သခင်လေးရီရဲ့လက်တွဲဖော်ဖြစ်တဲ့သူက သေချာပေါက် ထူးခြားမှာပဲ” ပိုင်မုက ရှားရှင်းယွန်ကို ပြုံးလျှက်ပြောသည်။ သို့သော်လည်း ရှားရှင်းယွန်ကား ထိုနေရာတွင်ပင် ငြိမ်သက်စွာ ထိုင်ကာ မည်သို့မှ မပြောပေ။ သူမက ပိုင်မုကိုပင် မကြည့်ပေ။

“နတ်မိမယ်က အရှေ့နတ်ဘုရားကျွန်းမှာပဲ အမြဲတမ်း လေ့ကျင့်နေတာလား” ရီဖူရှင်းက ထိုကိစ္စကို စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဟုတ်တယ်…” ပိုင်မုက ခေါင်းညိတ်သည် “အရင်နှစ်တွေတုန်းက ဆရာနဲ့တွေ့ပြီးနောက်ပိုင်း အရှေ့နတ်ဘုရားကျွန်းသို့ လိုက်လာပြီး လေ့ကျင့်ဖြစ်ခဲ့တယ်။ ဆရာနဲ့မတွေ့ဖြစ်ခဲ့ရင် ကျွန်မဘဝက အခုနဲ့ အများကြီး ကွာခြားနေမှာပဲ”

ကျွန်းပေါ်တွင်ကား အရင်းအမြစ်များ အလွန်ကြွယ်ဝကာ အဆင့်မြင့်တန်ခိုးရှင်များ၏လမ်းညွှန်ပြသခြင်းကိုလည်း ခံရသည်။ ကျွန်းသို့ ရောက်လာကတည်းက သူမ၏ကျင့်ကြံခြင်းမှာ အလွန်မြန်ဆန်ခဲ့၏။

ရီဖူရှင်းက ခေါင်းညိတ်သည်။ အရှေ့နတ်ဘုရားကျွန်းသည်ကား အမှန်ပင် ကျင့်ကြံသူများအတွက် များစွာသော အခွင့်အလမ်းများနှင့် အရင်းအမြစ်များကို ပေးစွမ်းနိုင်သည်။

“ရှင်တို့ ကျွန်းပေါ်မှာ ဆက်ပြီး ကျင့်ကြံဖို့ စိတ်ဝင်စားကြလား။ တကယ်လို့ ကျွန်မတို့နဲ့ပူးပေါင်းမယ်ဆိုရင် ကျွန်မတို့က အရင်းအမြစ်တွေကို လုံလုံလောက်လောက် ထောက်ပံ့ပေးသွားဖို့ အစီအစဉ်ရှိတယ်” ထိုအခိုက်တွင် ကျွန်းသခင်က ကျင့်ကြံသူများအား ဖိတ်ကြားလိုက်သည်။

အားလုံးသူက တိတ်ဆိတ်သွားသည်။ သည်ကဲ့သို့သော ကိစ္စကား အချိန်တိုအတွင်း ဆုံးဖြတ်၍ မရနိုင်ပေ။

သူတို့သာ ကျွန်းပေါ်တွင် ဆက်လက်ကျင့်ကြံပါက အရှေ့နတ်ဘုရားကျွန်းစု၏အဖွဲ့ဝင်တစ်ဦး ဖြစ်လာရမည်မှာ သေချာသည်။

အရှေ့နတ်ဘုရားကျွန်းစုက အနာဂတ်တွင် တစ်စုံတစ်ခုပြုလုပ်ရန် စီစဉ်နေသည်မှာ ထင်ရှား၏။

“ကျုပ်ကတော့ အရှေ့နတ်ဘုရားကျွန်းကို ဝင်ဖြစ်မှာ မဟုတ်ဘူး” ကျန်းကျိုးမင်က ပြုံးလျှက်ပြောသည် “ကျုပ်က ဒီအတွက်ကြောင့် လာခဲ့တာ မဟုတ်ဘူး”

“သခင်လေးကျန်း… ဘာလို့ အရှေ့နတ်ဘုရားကျွန်းကို လာခဲ့တာပါလဲ” ကျွန်းသခင်က မေးသည်။

ကျန်းကျိုးမင်က ကျွန်းသခင်အား ကြည့်သည်။ သူက ပြန်ပြောသည် “ကျုပ်က အရှေ့နတ်ဘုရားတုံ့လိုင်စီနီယာချန်ထားခဲ့တဲ့ ရတနာတစ်ခုအတွက် လာခဲ့တာပါ”

***

Comment

Leave a Reply

Options

not work with dark mode
Reset