အပိုင်း (၁၉၃၂)

ဆေးရည်

ဖီးနစ်မှာ သူ့ထက် အမှန်တကယ် အစွမ်းထက်သူဖြစ်ကြောင်း သိမ်းငှက်နက်က အသေအချာ ပြောနိုင်၏။

ယခု သည်ကောင်စုတ်မလေးက သူ့ဆရာနှင့်အတူ လိုက်ပါ လေ့ကျင့်လိုနေသည်။ သူမက ဆရာသိမ်းငှက်ရဲ့ နေရာကို လုယူလိုနေသည်လော။

အရေးကြီးသည့်အချက်ကား သည်ကောင်စုတ်မလေးသည် အမျိုးသမီးဖြစ်ကာ အလွန်ချောမောလှပသည်။

ထိုအချက်က ဆရာသိမ်းငှက်အတွက် စိန်ခေါ်မှုကြီးဖြစ်၏။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ တော်ဝင်ဖီးနစ်က သူနှင့်လိုက်ပါ လေ့ကျင့်လိုသည်ကို ရီဖူရှင်းက ငြင်းမည် မဟုတ်ပေ။ တော်ဝင်ဖီးနစ်ကား အဆုံးမဲ့သော ပါရမီကို ပိုင်ဆိုင်ကာ နောင်တွင် ထိပ်သီးတန်ခိုးရှင်တစ်ဦး ဖြစ်လာရန် သေချာ၏။

လောကတွင် သားရဲအမျိုးအစားများစွာရှိသော်လည်း ထိပ်သီးတန်ခိုးရှင်ဖြစ်လာနိုင်သော သားရဲကား အလွန်တရာ ရှားပါးလှသည်။

ဝူထုံမီးတောက်ကို ကျင့်ကြံခြင်းဖြင့် တော်ဝင်ဖီးနစ်သည် အက်ကြောင်းမဲ့ဝင်ရိုးကို တစ်ဆင့်ခြင်းထိမ်းသိမ်းကာ နောက်တွင် ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို တည်ဆေက်နိုင်၏။

အရှေ့နတ်ဘုရားကျွန်းစုသခင်ကလည်း သူမအား ရီဖူရှင်းနှင့် လိုက်ပါကျင့်ကြံရန် သဘောတူခဲ့သည်။ တနည်းအားဖြင့် ရီဖူရှင်းသည် ဖီးနစ်ကို လက်ခံခြင်းက အရှေ့နတ်ဘုရားကျွန်းစုနှင့် ခိုင်မာသော ဆက်ဆံရေးအား တည်ဆောက်ထားနိုင်ခြင်းလည်းဖြစ်သည်။ သူ ကျွန်းမှ ထွက်သွားပြီးသည့်အခါ ဖန်းလိုင်ကုန်းမြေမှ အင်အားစုများ၏ဖိအားကို ဖြေရှင်းရန် ပို၍ အဆင်ပြေသွားပေလိမ့်မည်။

“ဝူထုံနတ်မီးတောက်ကို ဘယ်လိုလုပ်မလဲ” ရီဖူရှင်းက စီဖုန်းကို ပြုံးလျှက် မေးသည်။

စီဖုန်းက ထူးဆန်းသောအမူအရာဖြင့် ကြည့်၏။ ဝူထုံမီးတောက်ကား ဝူထုံကျွန်းတွင်သာ ရှိသည်။ သူမက ၄င်းစွမ်းအားကို အမှီပြု၍ လေ့ကျင့်နိုင်၏။ ထိုမီးတောက်အား သူမနှင့် ယူဆောင်သွားရန် အလွန်ခက်ခဲပေသည်။

“အဲဒါကို မင်းနဲ့အတူ ယူသွားနိုင်မလားဆိုတာ ငါ စမ်းကြည့်ပေးမယ်” ရီဖူရှင်းက စီဖုန်းကို ပြောသည်။

စီဖုန်း၏လှပသော မျက်လုံးများက ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်သည်။ သူမက နတ်မီးတောက်အား ယူဆောင်သွားနိုင်မည်လား။

သို့သော်၊ သည်မတိုင်ခင် သူက ကု့ချင်းကို အသုံးပြု၍ သူမအား ချဉ်းကပ်ခဲ့သည်။ သူမ အလိမ်ခံရသည်ဟု အဘယ်ကြောင့် ခံစားနေရသနည်း။

“မင်း လိုအပ်မှပါ။ တကယ်လို့ မလိုဘူးဆိုရင်လည်း အဲဒါကို မေ့ထားလိုက်လို့ရတယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ သူ၏အပြုံးကာ သိမ်မွှေ့ကာ တစ်ဘက်သားကို သက်တောင့်သက်သာဖြစ်စေသည်။ စီဖုန်းက သူ၏မျက်လုံးများကို ကြည့်သည်။ သူကား လူလိမ်တစ်ယောက်နှင့်တော့ မတူပါပေ။

သူမက ကျွန်းသခင်မမ နှင့် စီစဉ်ပြောဆိုပြီးပြီဖြစ်သည်။ သူမက အစီအစဉ်များကို မပြောင်းလဲနိုင်တော့။

သို့သော်လည်း သူမက ဝူထုံနတ်မီးတောက်ကို အမှန်တကယ် ယူဆောင်သွား၍ ရပါမည်လော။

သူတို့ရှေ့မှ ကျန်းကျိုးမင်က နောက်လှည့်ကာ စီဖုန်းနှင့် ရီဖူရှင်းကို ကြည့်သည်။ ဖီးနစ်အရှင်၏မျိုးဆက်က ရီဖူရှင်းနောက်သို့ လိုက်ပါကျင့်ကြံလိုသည်ဟု သူ မထင်ထား။ ထင်မှတ်ထားသည့်အတိုင်း သည်လူကား ထူးခြားပေသည်။ မဟုတ်လျှင် အရှေ့နတ်ဘုရားဂိတ်၌ သူ့အား အသာရရန် မဖြစ်နိုင်ပေ။

သူတို့အုပ်စု ရှေ့ကို ဆက်သွားကြသည်။ ရီဖူရှင်းဘေးမှ ပိုင်မုက ပြောသည် “ကျွန်းသခင်က မိတ်ဆုံစားပွဲတစ်ခုလုပ်ပြီးတော့ ရှင်တို့ကို ဆေးလုံးတွေ ရွေးချယ်ဖို့ ခွင့်ပြုထားတယ်”

“ကျေးဇူးပါ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူတို့က ရှေ့ကို ဆက်သွားကာ နေရာအတော်များများကို ကျော်ဖြတ်လာခဲ့သည်။ ပင်မကျွန်းကား ပန်းချီကားတစ်ချပ်အလား ထင်မှတ်ရသည်။ ရှုခင်းများသည် သာယာလှပကာ လူအများကို သက်တောင့်သက်သာဖြစ်စေ၏။

မကြာခင် သူတို့သည် ရှေးဟောင်းနန်းဆောင်တစ်ခုရှေ့သို့ ရောက်လာသည်။ ထိုနေရာတွင်ကား မိတ်ဆုံစားပွဲတစ်ခု တည်ခင်းထားပြီးဖြစ်သည်။ များစွာသော နတ်မိမယများသည် နေရာအနှံ့တွင် ရပ်ကာ သူတို့အား ကြိုဆိုနေကြသည်။

ထိုအဖြစ်က ရီဖူရှင်းတို့အား စိတ်လှုပ်ရှားစေသည်။ အရှေ့နတ်ဘုရားကျွန်းစုကား ထူးခြားဆန်းပြားလွန်းပေသည်။ သူတို့က ကျင့်ကြံသူများအား လမ်းစဉ်အခွင့်အလမ်းများကို ဖွင့်ပေးကာ ယခု ဆေးလုံးများကိုလည်း လက်ဆောင်ပေးသည်။

“အားလုံး ကျေးဇူးပြုပြီး ထိုင်ကြပါ။ သက်တောင့်သက်သာနေကြပါ” နတ်မိမယ်ဟွမ်က ပြုံးလျှက် ကြေညာသည်။ သူတို့အုပ်စု ချက်ချင်း သူတို့၏နေရာတွင် ထိုင်ကြ၏။ နတ်မိမယ်ဟွမ်က ကျန်းကျိုးမင်အား အဓိကခုံနေရာသို့ ခေါ်သွားသည်။ မည်သို့ဆိုစေ ရှေးဟောင်းတော်ဝင်ကျန်းမိသားစုကား တလေးတစား ဆက်ဆံရန် လိုပေသည်။

ရီဖူရှင်းက စိတ်ထဲမထားပေ။ သူတို့က ထိုင်ခုံတစ်နေရာရှာကာ ထိုင်လိုက်ကြ၏။ ပိုင်မုကလည်း သူတို့အား ကောင်းမွန်စွာ ဧည့်ခံပေးကာ စကားစမြည် ပြောပေးသည်။

မိတ်ဆုံစားပွဲ၌ ထိုင်ခုံအများအပြားရှိကာ အရှေ့နတ်ဘုရားကျွန်းစုမှ တန်ခိုးရှင်အများအပြားအတွက် စီစဉ်ထားဟန်ရသည်။ ထို့အပြင် မိတ်ဆုံစားပွဲကို အိမ်ရှင်အဖြစ် ကျင်းပပေးသူအတွက် ပြင်ဆင်ထားပေးသော ပင်မထိုင်ခုံတစ်ခုလည်း ရှိသည်။

“ကျွန်းသခင်က ကိုယ်တိုင် ရောက်လာလိမ့်မယ်” ပိုင်မုက ရှင်းပြသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။

အဝေးမှ ခြေသံတချို့ ကြားကြရ၏။ သူတို့က လူတစ်စု အချင်းချင်း စကားစမြည်ပြောကာ အေးအေးလူလူ လျှောက်လာနေသည်ကို မြင်ကြ၏။ သူတို့အားလုံးမှာ ထူးခြားကောင်းမွန်သော အရှိန်အဝါကို ပိုင်ဆိုင်ကြ၏။

သည်မတိုင်ခင် သူတို့သည် အမျိုးသမီးများကိုသာ မြင်တွေ့ခဲ့ကြ၏။ ယခု ရောက်လာသူများကား ယောကျ်ားများဖြစ်ကြသည်။

“အဲဒါ အင်ပါယာဖျင်ယွင် မလား” စန့်ကွမ်းချိုးရယ်က တအံ့တသြ ရေရွက်သည်။ သူမက လူအုပ်ထဲက တစ်ယောက်ကို မှတ်မိသည်။

ဖန်းလိုင်ကုန်းမြေမှ တခြားလူနှစ်ယောက်ကလည်း အသံထွက်လာသည်။ သူတို့က တစ်စုံတစ်ယောက်၏နာမည်ကို ထုတ်ပြောလိုက်ကြဟန်ရသည်။ သူတို့ကလည်း ထိုလူများထဲတွင် မှတ်မိသိရှိသူ ရှိနေသည်။

ရီဖူရှင်းက စန့်ကွမ်းချိုးရယ်ကို ကြည့်သည်။ ဤတွင် သူမကလည်း သူတို့အား လှမ်းကြည့်ကာ ရှင်းပြသည် “သူက ဖန်းလိုင်ကုန်းမြေမှာ နာမည်ကျော်ကြားတဲ့ရန်ဟောင်တစ်ဦးပဲ။ သူက အရင်ကတည်းက ကျော်ကြားခဲ့တာ။ ဆယ်နှစ်အကြာက သူဟာ အရှေ့နတ်ဘုရားကျွန်းစုသို့ ကျင့်ကြံဖို့ ဝင်ရောက်ခဲ့တယ်။ ပြီးနောက်မှာ သူဟာ ပြင်ပလောကမှာ ပေါ်မလာတော့ဘူး။ ကြည့်ရတာ သူက အရှေ့နတ်ဘုရားကျွန်းရဲ့အဖွဲ့ဝင် ဖြစ်လာတဲ့ပုံပဲ။ ကောလာဟလတွေက အမှန်ဖြစ်မယ်လို့ မထင်ထားဘူး”

“ဘာကောလာဟလတွေလဲ…” ရီဖူရှင်းက မေးသည်။

“အရှေ့နတ်ဘုရားကျွန်းစုပေါ်သို့ အခွင့်အလမ်းလာရှာသူတွေထဲမှာ ထူးချွန်သူတွေကို သူတို့က ကျွန်းပေါ်မှာ လေ့ကျင့်ဖို့ ဖိတ်ခေါ်တယ်။ နောက်ပိုင်း သူတို့တွေက အရှေ့နတ်ဘုရားကျွန်းရဲ့အဖွဲ့ဝင်ဖြစ်လာကြတယ်။ အခု ကျွန်မတို့က မျက်မြင်တွေ့ကြရတယ်ဆိုတော့ အံ့သြစရာတော့ မရှိတော့ပါဘူး” စန့်ကွမ်းချိုးရယ်က ပြောသည် “အခု လာတဲ့သူတွေက အရင်တုန်းက ဖန်းလိုင်ကုန်းမြေမှာ နာမည်ကျော်ကြားတဲ့သူတွေပဲ”

ရီဖူရှင်းက ထိုအချက်ကို မအံ့သြပေ။ အရှေ့နတ်ဘုရားကျွန်းစုသည် လူအများအား လမ်းစဉ်အခွင့်အလမ်းများကို ပေးကာ ကျင့်ကြံသူများအား ကျွန်းပေါ်သို့ လေ့ကျင့်ရန် ဖိတ်ကြားသည်။ သူတို့က ထိုသို့လုပ်ခြင်းအတွက် ကိုယ်ပိုင် အစီအစဉ်များ ရှိရပေမည်။ ကျင့်ကြံသူများကို ကိုယ်ပိုင်အကျိုးအမြတ်မပါဘဲ သည်အတိုင်း မည်သူက ကူညီမည်နည်း။

အရှေ့နတ်ဘုရားကျွန်းစုသည် သူတို့၏ကိုယ်ပိုင်အင်အားကို ထိုနည်းဖြင့် အမြဲတမ်းအားဖြင့် အားဖြည့်နေဟန်ရသည်။ သည်အတိုင်းဆို သူတို့က ရီဖူရှင်းတို့ကိုလည်း မကြာခင် ကျွန်း၌ လေ့ကျင့်ရန် ဖိတ်ကြားမည့်ဟန်ရသည်။

အသစ်ရောက်လာသူများသည် ထိုင်နေကြသူများကို ကြည့်လိုက်သည်။ အတော်များများက ရင်းနှီးသော အပြုံးများဖြင့် နှုတ်ဆက်ကြ၏။ တန်ခိုးရှင်များ၏အမူအရာများအရ သူတို့သည် ကျွန်းပေါ်တွင် ပျော်ရွှင်နေကြဟန်ရ၏။

“ကလေး… ကျုပ်ကို သိလို့လား…” အင်ပါယာဖျင်းယွင်က စန့်ကွမ်းချိုးရယ်ကို မေးသည်။ စန့်ကွမ်းချိုးရယ်က ရီဖူရှင်းနှင့် ပြောနေသည်များကို သူ ကြားသွားဟန်ရသည်။

“ဟုတ်ကဲ့…” စန့်ကွမ်းချိုးရယ်က ခေါင်းညိတ်ကာ ပြောသည် “ကျွန်မက စန့်ကွမ်းကလန်က စန့်ကွမ်းချိုးရယ်ပါ။ စီနီယာကို တွေ့ရတာ ဝမ်းသာပါတယ်”

“ဒါဆို မင်းက စန့်ကွမ်းကလန်က ကလေးမလေးပဲ။ မင်းက အခု ဒီကို လာတယ်ဆိုတော့ ကျင့်ကြံဆင့်တွေ အတော်မြင့်နေပြီပဲ။ မဆိုးဘူး” အင်ပါယာဖျင်းယွင်က မှတ်ချက်ချသည်။ အင်ပါယာဖျင်းယွင်ကား အဆင့်ရှစ်ရန်ဟောင်ဖြစ်သည်။ သူ၏မျက်လုံးထဲတွင် စန့်ကွမ်းချိုးရယ်ကား အမှန်ပင် ဂျူနီယာဖြစ်၏။

“စီနီယာ… ရှင်က အရှေ့နတ်ဘုရားကျွန်းပေါ်မှာ တချိန်လုံး ကျင့်ကြံနေတာပါလား” စန့်ကွမ်းချိုးရယ်က မေးလိုက်သည်။

“တချိန်လုံးပါပဲ။ ငါ အပြင်ကို ထွက်ခဲတယ်” အင်ပါယာဖျင်းယွင်က ပြန်ပြောသည် “အရှေ့နတ်ဘုရားကျွန်းစုမှာက သီးသန့်လေ့ကျင့်တဲ့နေရာတွေ၊ မရေမတွက်နိုင်တဲ့ ဆေးဝါး ဆေးမြစ်တွေရှိလို့ ကျင့်ကြံဖို့အတွက် သင့်တော်တယ်။ ကလေးမလေး… မင်းသာ အရှေ့နတ်ဘုရားကျွန်းစုကို ဝင်ရင် သေချာပေါက် မင်းရဲ့ကျင့်ကြံခြင်းမှာ အကျိုးရှိမှာပဲ”

စန့်ကွမ်းချိုးရယ်က ပြုံးကာ မည်သို့မှ ပြန်မပြောပေ။ အင်ပါယာဖျင်းယွင်က အရှေ့နတ်ဘုရားကျွန်းစုကို အလွန် ချီးကျူးထားသည်။ ကြည့်ရသည်မှာ ထိုလူများက အမှန်တကယ် ကျွန်းပေါ်မှာ ကောင်းမွန်စွာ နေကြရဟန် ရှိသည်။

ထိုအခိုက်တွင် လူအများအပြားက ထရပ်ကြ၏။ နတ်မိမယ်များက တစ်နေရာကို ဦးညွှတ်ကာ ခေါ်လိုက်ကြသည် “ကျွန်းသခင်…”

လူအများက ထိုနေရာကို လှမ်းကြည့်လိုက်ကြသည်။ သူတို့က ဘုရင်မကဲ့သို့ အမျိုးသမီးတစ်ဦး လှမ်းလာသည်ကို မြင်ကြရ၏။ သူမ၏ရုပ်ရည်ကား ထူးထူးခြားခြား ချောမောလွန်းကာ အကြည့်တစ်ချက်တည်းဖြင့် ယစ်မူးမိစေနိုင်သည်။ တချိန်တည်းတွင် ထည်ဝါမြင့်မြတ်သော အရှိန်အဝါကြောင့် တစ်ဘက်လူအား အလှမ်းဝေးသော ခံစားချက်ကိုလည်း ပေး၏။

သူမသည် အရှေ့နတ်ဘုရားကျွန်းစုသခင်လား…။ စန့်ကွမ်းချိုးရယ်က တွေးလိုက်သည်။ သူမက ကျွန်းသခင်ကို ပထမဆုံး မြင်တွေ့ဖူးခြင်းလည်းဖြစ်သည်။ သည်မတိုင်ခင်က သူမ၏အကြောင်းကိုများစွာ ကြားဖူးသည်။ သူမ၏ဂုဏ်သတင်းမှာ ဖန်းလိုင်ကုန်းမြေတစ်ကြော လျှမ်းလျှမ်းတောက် ကျော်ကြားသော်လည်း မည်သူမှ သူမအား မမြင်ဖူးပေ။

ကျွန်းသခင်၏အလှတရားကား ပြိုင်စံရှားပေသည်။ သူမက ပင်မထိုင်ခုံထံသို့ လှမ်းသွားကာ လူအုပ်ကို ကြည့်သည်။

“ကျွန်းသခင်ကို နှုတ်ဆက်ပါတယ်” နောက်ဆုံးမှ ရောက်လာသော အဆင့်မြင့်ကျင့်ကြံသူများသည်ပင် ကျွန်းသခင်ကို လေးစားစွာ နှုတ်ဆက်ကြရ၏။ သူတို့က အမျိုးသမီးကျွန်းသခင်ကို အလွန်လေးစားကြဟန်ရှိသည်။

“အားလုံး… ရှင်တို့အားလုံး အရမ်းကြင်နာပါပေတယ်” ကျွန်းသခင်က လူအုပ်ကို ပြုံးလျှက်ပြောသည်။ သူမ၏အကြည့်က ရီဖူရှင်းထံသို့ ရောက်လာ၏။ သူမက ပြောသည် “ဒီတစ်ခေါက် အရှေ့နတ်ဘုရားကျွန်းစု ဖွင့်လှစ်တာမှာ အနယ်နယ်အရပ်ရပ်က နာမည်ကျော်တန်ခိုးရှင်တွေ ရောက်လာကြတယ်။ ဒါက ကျွန်းအတွက် ဂုဏ်ယူစရာ အချိန်အခါပဲ။ ဒါကြောင့် ရှင်တို့ကို ဖိတ်ကြားပြီးတော့ ဂုဏ်ပြုပွဲလုပ်ပေးရတာ ဖြစ်တယ်။ အားလုံး ပျော်ပျော်ပါးပါး သောက်စားကြပါ”

“ကျွန်းသခင်က အရမ်းစိတ်ကူးကောင်းတာပဲ” တစ်ယောက်က ပြောသည်။

“အားလုံး… အစဉ်အလာတွေကို လိုက်နာစရာမလိုပါဘူး။ ထိုင်ကြပါ” ကျွန်းသခင်က ပြောကာ ထိုင်လျှင် တခြားလူများကလည်း ထိုင်လိုက်ကြသည်။ သူမက လူအုပ်ကို ကြည့်ကာ ပြောသည် “ဒီတစ်ခေါက် ကျွန်းပေါ်ကို တက်ခွင့်ရသူတွေကို ဆေးလုံးတွေ လက်ဆောင်ပေးသွားမှာပါ။ ရှင်တို့အားလုံး ဒါကို အချိန်အကြာကြီး စောင့်ဆိုင်းနေကြမယ်ဆိုတာ ကျွန်မ သိပါတယ်”

သူမက ထိုသို့ပြောရင်း နောက်ကို ကြည့်သည်။ လူရိပ်ကိုးခုသည် ရှေ့ကို တက်လာ၏။ သူတို့က ဆေးပုလင်းငယ်တစ်ခုစီကို ကိုင်လာကြသည်။ ဆေးပုလင်းထဲတွင် အရောင်များ လင်းလက်နေသော ဆေးလုံးငယ်တစ်လုံးစီ ပါဝင်သည်။

“ဒီမှာ ဆေးလုံး ကိုးလုံးရှိတယ်။ ဆေးတစ်လုံးစီက အဆင့်မြင့်ပြီးတော့ မဟာလမ်းစဉ်စွမ်းအားတွေ ပါဝင်တယ်။ ရှင်တို့က ဆေးတစ်လုံးစီ ရွေးခွင့်ရှိတယ်” ကျွန်းသခင်က ဆက်ပြောသည်။ လူအုပ်၏အကြည့်က နတ်မိမယ်များ ကိုင်ဆောင်ထားသော ဆေးလုံးများထံ ရောက်လာသည်။

သို့သော်လည်း ကျန်းကျိုးမင်ကား ထိုဆေးလုံးများကို စိတ်ဝင်စားဟန်မတူ။ သူက ဆေးလုံးများကို မကြည့်ပေ။

ထိုဆေးလုံးများမှာ တန်ဖိုးကြီးသော်လည်း သူ့အတွက် သိပ် အသုံးမဝင်ပေ။

ယနေ့ သူရောက်လာခြင်းမှာ အရှေ့နတ်ဘုရားကျွန်းမှ ဆေးလုံးအတွက် မဟုတ်ဘဲ နတ်ဆေးရည်အတွက်သာ ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset