စစ်တုရင်ကစားရာ၌အနိုင်ရရှိရန်အတွက် အဓိကသော့ချက်မှာ ထိုသူ၏မဟာလမ်းစဉ်နှင့်လောကဓာတ်စွမ်းအားပင်ဖြစ်သည်။ စစ်တုရင်အရုပ်တိုင်း၌ပါဝင်သည့် မဟာလမ်းစဉ်၏စွမ်းအားအဆင့်သည် တူညီသည်။
ထိုသူသည် ရီဖူရှင်း၏ ဓားမဟာလမ်းစဉ်ဖြင့် စစ်တုရင်ကွက်များအောက်တွင် စစ်တုရင်ရုပ်ကိုးရုပ် အစားခံလိုက်ရသည်။ သူ၏မိုးကြိုးမဟာလမ်းစဉ်စွမ်းအားသည် ရီဖူရှင်း၏တိုက်ခိုက်ရေးမဟာလမ်းစဉ်စွမ်းအားထက် အဆင့်နိမ့်သည်မှာထင်ရှားလေသည်။
ရီဖူရှင်းအားတိုက်ခိုက်နေသော ထိုသူ၏မျက်နှာအမူအယာသည် တဖြည်းဖြည်းပြောင်းလဲသွားသည်။ ထို့နောက် ရီဖူရှင်းသည် ကောင်းကင်သို့လက်ညှိုးညွှန်လိုက်သည်။ ခဏအကြာတွင် စစ်တုရင်အရုပ်ကိုးရုပ်သည် တစ်ချိန်တည်းပေါ်လာသည်။ စစ်တုရင်ကိုးရုပ်လုံး၌ မယုံနိုင်လောက်သည့် ဓားအသိစွမ်းအားများပါရှိသည်။ ထို့အပြင် ဓားအသိတစ်ခုစီသည် အနည်းငယ်ကွာခြားပုံရသည်။ စစ်တုရင်တိုက်ပွဲအကြား ပြတ်သားကြည်လင်သည့်အသံများ ထွက်ပေါ်လာချိန်တွင် သူတို့သည်ပြင်းထန်စွာတုန်လှုပ်သွားကြသည်။
“သွားစမ်း”ရီဖူရှင်းသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် စစ်တုရင်းရုပ်ကိုးရုပ်သည် အစောပိုင်းက သူ့အားတိုက်ခိုက်သော ရန်ဟောင်ဆီသို့ပြေးဝင်သွားသည်။
လေ့ကျင့်သူ၏မျက်နှာအမူအယာသည် စစ်တုရင်အရုပ်များအတွင်းမှ ဖုံးကွယ်ထားသောဓားအရှိန်အဝါများကို ခံစားမိလိုက်ချိန်တွင် ပြောင်းလဲသွားသည်။ သူ၏ကျန်ရှိနေသော စစ်တုရင်အရုပ်(၂၇)ရုပ်သည် ပျံတက်သွားပြီး ဟိန်းဟောက်နေသော ဧရာမမိုးကြိုးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ စစ်တုရင်အရုပ်များဝန်းရံထားသော တုန်လှုပ်ဖွယ်မိုးကြိုးပုံရိပ်ယောင်တစ်ခုပေါ်လာသည်။ ၎င်းသည် ကောင်းကင်ကိုဝါးမြိုပြီး ရီဖူရှင်း၏စစ်တုရင်ရုပ်များဆီသို့ တည့်တည့်တိုးဝင်လာသည်။
ဒက် ဒက်…
ကောင်းကင်ယံ၌ အသံစူးစူးများ ဆူညံနေသည်။ ဓားစစ်တုရင်အရုပ်များ၏ မဟာလမ်းစဉ်ကိုးခုသည် တိုက်ရိုက်ဝါးမြိုခြင်းခံလိုက်ရပြီး လူတိုင်း၏မျက်လုံးရှေ့မှကွယ်ပျောက်သွားသည်။
သို့သော်လည်း တခဏအတွင်း၌ပင် ဓားအသိသည် ဧရာမမိုးကြိုးသတ္တဝါကြီးအား ထိုးဖောက်သွားပြီး ကျင့်ကြံသူထံသို့ တည့်တည့်ပြေးဝင်သွားသည်။ ပြေးဝင်လာသောဓားအသိကိုမြင်လိုက်ရသည့်အခါ ကျင့်ကြံသူသည် သူ၏လက်နှစ်ဖက်ကိုမြှောက်လိုက်ပြီး တားဆီးရန်ကြိုးစားလိုက်သည်။
ဗုန်း…..
စစ်တုရင်အရုပ်များသည် ထပ်မံ၍ လှပသောမျဉ်းကွေးတစ်ခုသဏ္ဍာန် ပုံဖော်လိုက်ပြီး လှည့်ပတ်နေသည်။ စစ်တုရင်ခုံပေါ်ရှိ မိုးကြိုး၏စွမ်းအားသည် ပျောက်ကွယ်သွားပြီး စစ်တုရင်ရုပ် ၂၇ရုပ်မှအရှိန်အဝါများသည်လည်း ပျောက်ကွယ်သွားသည်။ ထို့အပြင် ကျင့်ကြံသူသည် သူ၏ကိုယ်ပိုင်စွမ်းအားကိုလည်း အသုံးချခဲ့သည်။ တိုက်ပွဲ၌ တစ်ဖက်လူ၏စစ်တုရင်အရုပ်များကို ဖျက်ဆီးခြင်းသို့မဟုတ် တစ်ယောက်၏ကိုယ်ပိုင်စွမ်းအားများကို အဆုံးစွန်ထိအသုံးချခြင်းသည် တစ်ယောက်၏ရှုံးနိမ့်ခြင်းကိုဆိုလိုသည်။
ရီဖူရှင်း၏ဘက်ခြမ်းကိုကြည့်မည်ဆိုလျှင် သူ၏စစ်တုရင်အရုပ်ကိုးရုပ်သည် တဟုန်ထိုးမြည်လျက် သူ၏ရှေ့တွင်ဝဲပျံနေသည်။ သူတို့သည် ပြီးပြည့်စုံသည့်အခြေအနေတွင်ရှိနေဆဲဖြစ်သည်။
“အပြတ်အသတ်အနိုင်ရရှိခြင်း”
ကျင့်ကြံသူများသည် သူတို့ရှေ့မှ ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ အံ့ဩထိတ်လန့်သွားကြသည်။ အောင်ပွဲသည် ပုံမှန်ဖြစ်သော်လည်း ရီဖူရှင်းသည် ဤပထမအချီပြိုင်ပွဲတွင် သူ၏ပြိုင်ဘက်ကိုရှုံးပွဲမရှိချေမှုန်းနိုင်ခဲ့သည်။ ထိုစွမ်းအားသည် အလွန်ထူးခြားသဖြင့် လူအားလုံးက သူ့အား ပို၍အာရုံစူးစိုက်လာကြသည်။
အစောပိုင်း၌ တစ်ယောက်က ဤတိုက်ပွဲသည် စိတ်လှုပ်ရှားဖွယ်မရှိဟု ရဲရင့်စွာပြောဆိုခဲ့သည်။ ရီဖူရှင်းသည် အောင်နိုင်သူဖြစ်လိမ့်မည်။ ကြွားဝါခြင်းသက်သက်ပဲဟု လူအများကထင်မြင်ယူဆကြသည်။ ယခုအခါ ဤအဖြူရောင်ဆံပင်နှင့်ရန်ဟောင်၏စွမ်းအားသည် အမှန်တကယ်ပင် အလွန်လွှမ်းမိုးနိုင်ပုံရသည်။
သူသည် ဤတိုက်ပွဲ၏အောင်နိုင်သူအဖြစ်သတ်မှတ်ရန် အမှန်တကယ်ထိုက်တန်သူဖြစ်နိုင်သည်။
ထိုအချိန်တွင် များစွာသော စစ်တုရင်အပိုင်းအစများသည် စတင်ရွေ့လျားလာပြီး ဧရာမစစ်တုရင်ခုံပေါ်တွင်ပျံဝဲလာသည်။ အခြားသောကျင့်ကြံသူများသည်လည်း စတင်လှုပ်ရှားလိုက်ကြသည်။
ဝူရှန်မြို့သခင်လေး လျှိုချင်၏ စစ်တုရင်ရုပ်များသည် သူ၏ရှေ့၌ ကခုန်နေသည်။ ထိုသည်မှာ တစ်ခုပြီးတစ်ခုမဟုတ်ပဲ ကိုးခုတစ်ဖွဲ့ဖြစ်နိုင်သည်။ ထိုအစား သူ၏ စစ်တုရင်ရုပ် (၃၆)ခုလုံးသည် တစ်ချိန်တည်းမှာပင် ပျံဝဲသွားကြသည်။ ၎င်းတို့အားလုံးသည် အတူတကွပေါင်းစည်းသွားပြီး ပုဆိန်တစ်လက်အသွင်ဖွဲ့စည်းသွားသည်။ ထိုပုဆိန်တွင် မိုးကြိုးမဟာလမ်းစဉ်၏ ပြင်းထန်သောစွမ်းအားများနှင့် ပြည့်နှက်နေသည်။ ထိုအရာသည် ကောင်းကင်၌ ပေါက်ကွဲသံများဖြစ်ပေါ်စေသည့် ကြောက်မက်ဖွယ်မှောင်မည်းသောရွှေရောင်လေစီးကြောင်းနှင့်အတူ လိုက်ပါလာခဲ့သည်။
စစ်တုရင်ရုပ် (၃၆)ခုလုံးသည် ကောင်းကင်သို့ပျံတက်သွားပြီးနောက် သူ၏ရှေ့မှလူကို ရိုက်ချလိုက်သည်။ တိုက်ခိုက်မှု၏စွမ်းအားကိုခံစားမိပြီးနောက် ထိုသူ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားသည်။ ကောင်းကင်မှ ဆင်းလာသော စစ်တုရင်ရုပ်များနှင့် ထိပ်တိုက်မတွေ့မီ စစ်တုရင်ရုပ် ၃၆ ခုလုံးသည် ကခုန်ပြီး ဖျက်စီး၍မရသောလှံတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။
ခလွမ်
တိုက်ပွဲဝင်မိုးကြိုးပုဆိန်သည် အောက်ဘက်သို့ခုတ်ချလိုက်ပြ ပြိုင်ဘက်၏လှံကို နှစ်ခြမ်းခွဲကာ အတူပါလာသော စစ်တုရင်ရုပ်များအား မီးခိုးမြူများအဖြစ်သို့ ပိုင်းဖြတ်သွားစေခဲ့သည်။
“ပြင်းထန်လိုက်တဲ့တိုက်ကွက်” ကျင့်ကြံသူများ၏နှလုံးသားများ တုန်လှုပ်သွားကြသည်။ ထို့အပြင် လျှိုချင်သည် သူ၏စစ်တုရင်ရုပ် (၃၆) ရုပ်လုံးကို တိုက်ခိုက်မှုတွင်အသုံးပြုခဲ့သည်။ သူသည် သူ့အတွက်နေရာလုံးဝမချန်ထားခဲ့ပေ။ အကယ်၍ သူ၏တိုက်ခိုက်မှုသည် သူ၏ပြိုင်ဘက်ကိုအနိုင်ရရှိရန် မလုပ်နိုင်ခဲ့ဘဲ သူ၏စစ်တုရင်ရုပ်များက ထိန်းချုပ်ခံလိုက်ရမည်ဆိုပါက သူသည်ရှုံးနိမ့်သွားမည်ဖြစ်သည်။ သို့မဟုတ်တစ်စုံတစ်ယောက်သည် အခွင့်အရေးကို အသုံးချပြီး သူ့အား တိတ်တဆိတ်လျှို့ဝှက်တိုက်ခိုက်လာလျှင် ထိုသည်ကိုတားဆီးရန်အတွက် သူ၏ကိုယ်ပိုင်ခွန်အားကို အသုံးပြုရမည်ဆိုပါကလည်း သူသည် ရှုံးနိမ့်သွားမည်သာဖြစ်သည်။
ထိုသည်က မယုံနိုင်ဖွယ် ယုံကြည်မှုဖြစ်သည်။
တိုက်ခိုက်မှုတစ်ခုစတင်ရန် သူတို့၏ စစ်တုရင်ရုပ် ၃၆ခုလုံးကို အသုံးပြုသူအလွန်နည်းပါးသည်။
ပိုင်ကု၊ သွေးဘုရင်မနှင့် အခြားသောအစွမ်းထက်ကျင့်ကြံသူများသည်လည်းတစ်ယောက်ပြီးတစ်ယောက် သူတို့၏လှုပ်ရှားမှုများကို စတင်လာကြသည်။ အေးစက်စက်နှင့်ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါတစ်ခုသည် သူ၏ဘေးပတ်ဝန်းကျင်ရှိကောင်းကင်ကိုချိတ်ပိတ်လိုက်ပြီး ပိုင်ကု၏ရှေ့မှ စစ်တုရင်ရုပ်များသည် ကခုန်၍ လိမ်ပြီးလှည့်ပတ်ကာ ရေခဲစည်းပိုင်နက်မဟာလမ်းစဉ်ကို ဖန်တီးလိုက်သည်။ အရာအားလုံးသည် ထိုစစ်တုရင်ရုပ်များထံမှလာခြင်းဖြစ်သည်။ အခြားသောစစ်တုရင်ရုပ်များသည် သူ့အားတိုက်ခိုက်ရန်ကြိုးစားလျှင်ပင် ရေခဲချိတ်ပိတ်ထားသည့် မဟာလမ်းစဉ်ပိုင်နက်ကို ဖြတ်သန်းနိုင်ရန်မှာ အလွန်ခက်ခဲပေသည်။
တစ်ချိန်တည်းမှာပင် တွန့်လိမ်လှည့်ပတ်နေသော စစ်တုရင်အပိုင်းအစများသည် ပေါင်းစည်းသွားကြပြီး ကြောက်မက်ဖွယ်ဧရာမရေခဲနဂါးကြီးကို ဖန်တီးလိုက်သည်။ ထိုနဂါးကြီးက သူ၏လက်သည်းများကိုထုတ်ကာ သွားများကိုဖြဲ၍ သူ၏ရှေ့မှလူအား လေဖြင့်မှုတ်လိုက်သည်။ သူရျူထုတ်လိုက်သောလေက လေထုကိုအေးခဲသွားစေသည်။ ပြိုင်ဘက်သည် တိုက်ခိုက်မှုကိုစတင်ချင်နေသည်။ သူသည် မဟာလမ်းစဉ်မှ သူ၏စွမ်းအားများကို စစ်တုရင်ရုပ်များထဲ ထည့်သွင်းရန်ကြိုးစားသော်လည်း ထိုစစ်တုရင်ရုပ်များသည် နဂါး၏လေမှုတ်ခြင်းကြောင့်ရေခဲများဖြင့် ချိတ်စည်းပိတ်ခံလိုက်ရပြီး ရေခဲအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲနေသည်။ စစ်တုရင်ရုပ်များ၌ မည်သည့်အင်အားမျှမရှိတော့ဟန်ပေါ်သည်။
“ကောင်းလိုက်တဲ့ ရေခဲစွမ်းအား…” စစ်တုရင်ခုံအပြင်ဘက်မှ တိုက်ပွဲကိုကြည့်ရှူနေသော တစ်ယောက်က ရေခဲစည်းစွမ်းအားကို မြင်လိုက်ပြီးနောက် အော်ပြောလိုက်သည်။ ထို့နောက် သူသည် ပြောလိုက်သည် “စစ်တုရင်ခုံမှာ တိုက်ပွဲဝင်တဲ့သူတွေအကုန်လုံးက အဆင့်တူတွေပဲဖြစ်နေတော့ တဖက်လူရဲ့မဟာလမ်းစဉ်စွမ်းအားကို ဆုံးဖြတ်ဖို့အတွက်ပိုပြီးလွယ်ကူတယ်။ ဒီစစ်တုရင်ခုံအစီအရင်က တကယ့်ကို ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ စိတ်ကူးပဲ။ အောင်နိုင်သူအနေနဲ့ပေါ်ထွက်လာသူတိုင်းက အလားအလာအရှိဆုံးလူတွေပဲဖြစ်လိမ့်မယ်”
အခြားနေရာ၌ သွေးဘုရင်မ၏တိုက်ခိုက်မှုသည် ကြက်သွေးရောင်အဖြစ်သို့ပြောင်းလဲသွားသည်။ သူမ၏စစ်တုရင်ရုပ်များ ဖြတ်သန်းသွားသည့်နေရာတိုင်းကြက်သွေးရောင်နှင်းဆီပန်းများ ပေါ်လာပုံရသည်။ လှပသောသွင်ပြင်အောက်၌ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ်ကြက်သွေးရောင်အလင်းတန်းများရှိနေသည်။
သူတို့အပြင် များစွာသောသူများသည်လည်း အခြားနေရာများတွင် ကြောက်မက်ဖွယ်စွမ်းအားများကို ပြသနေကြသည်။
သို့သော်လည်း ရီဖူရှင်း၊ ဝူရှန်မြို့သခင်လေးလျှိုချင်၊ ပိုင်ကုနှင့် သွေးဘုရင်မတို့သည် သူတို့၏စစ်တုရင်ရုပ်များကိုဆုံးရှုံးခြင်းမရှိဘဲ ပြိုင်ဘက်များကိုအနိုင်ရရှိခဲ့သည်။ ထိုသည်မှာ သူတို့ကြားတွင်ပြိင်ဆိုင်မှုများစတင်နေနှင့်ပြီးသကဲ့သို့ပင်။ မည်သူကမျှ နောက်ကျမကျန်ခဲ့ချင်ကြဘဲ တစ်ယောက်ထက်တစ်ယောက်ကပို၍စွမ်းအားကြီးချင်နေကြသည်။
“အတူတူလုပ်ကြရအောင်”
အခြားကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦး အသံပို့လွှတ်လိုက်ကြသည်။ လျှိုချင်၊ ပိုင်ကုနှင့် သွေးဘုရင်မတို့အားလုံးသည် အလွန်အစွမ်းထက်ပေသည်။ သူတို့အနိုင်ရရန် နည်းလမ်းမရှိပေ။ ထို့အပြင် အဖြူရောင်ဆံပင်နှင့်ရန်ဟောင်၏ မဟာလမ်းစဉ်စစ်တုရင်ရုပ်များသည်လည်း အလွန်အံ့ဩဖွယ်ဖြစ်ပြီး ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသည်။ တစ်ယောက်ချင်းတိုက်ခိုက်မည်ဆိုပါက သူတို့တွင် အခွင့်အရေးမရှိပေ။
များစွာသောရန်ဟောင်များသည် ရီဖူရှင်းအနီးသို့ကပ်သွားကြပြီး တစ်ပြိုက်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ အရပ်သုံးမျက်နှာမှ စစ်တုရင်ရုပ်များစွာသည် ရီဖူရှင်းထံသို့ ပျံဝဲလာသည်။
အရှေ့ဘက်မှ မဟာလမ်းစဉ်ရွှေရောင်အလင်းတန်းများ လင်းလက်လာသည်။ စစ်တုရင်ရုပ်များသည် အသေးစားရွှေရောင်ဆေးပေါင်းဖိုအဖြစ် ပေါင်းစည်းသွားကြသည်။ အသေးစားဆေးပေါင်းဖို ၃၆ လုံးသည် နေရာတခုလုံးကိုဝန်းရံထားကာ သူ့ထံသို့ဦးတည်လာနေသည်။
အခြားအရပ်မှ ချွန်ထက်သောဓားချက်များ၏ အရှိန်အဝါသည် ရီဖူရှင်းထံသို့ ပြေးဝင်လာသည်။
နောက်ဆုံးအရပ်မှ မဟာလမ်းစဉ်စစ်တုရင်အပိုင်းအစများသည် ကောင်းကင်ကို ဖြတ်သန်းနေသည့်ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းသွားပြီး ရီဖူရှင်းထံသို့တည့်တည့်ပစ်လွှတ်လိုက်သည်။ ထိုသူများ၏ရည်ရွယ်ချက်မှာ ရီဖူရှင်း၏စစ်တုရင်ရုပ်များကို ကျော်ဖြတ်၍ သူ့အားတိုက်ရိုက်တိုက်ခိုက်ကာ လူကိုယ်တိုင်လှုပ်ရှားမှုလုပ်စေရန်ဖြစ်သည်။
ဗုန်း
ရီဖူရှင်း၏ခန္ဓာကိုယ်ပတ်လည်ရှိ စစ်တုရင်ရုပ်များသည် အချိန်တည်းမှာပင် ကခုန်နေကြသည်။ သူတို့သည် တဝဲလည်လည်နှင့်သူ့အားစက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေကြသည်။ များစွာသော အားကောင်းသည့်ဓားအသိများသည် နေရာပတ်လည်၌စီးဆင်းသွားကြပြီး အပြင်ဘက်သို့ပျံ့နှံ့သွားသော ဓားမဟာလမ်းစဉ်ပိုင်နက်တစ်ခုကိုဖန်တီးလိုက်သည်။
အသေးစားဆေးပေါင်းဖို ၃၆ လုံးသည် တစ်ချိန်တည်းကျဆင်းလာသည်။ သူတို့သည် ဓားပိုင်နက်အတွင်းသို့ဝင်လိုက်သည့်အခါ ကြည်လင်ပြတ်သားသောအသံများကိုကြားနိုင်သည်။ ထိုခဏ၌ စစ်တုရင်ရုပ်များမှ ပြောင်းလဲလာသည့် ဆေးပေါင်းဖိုများသည် အပိုင်းအစများအဖြစ်သို့ကွဲအက်သွားခဲ့သည်။
ထိုအခိုက် အခြားသောတိုက်ခိုက်မှုများသည်လည်း ကျရောက်လာသည်။ သို့သော်လည်း အဆုံးသတ်သည် အတူတူပင်ဖြစ်သည်။ သူတို့၏စစ်တုရင်ရုပ်များသည် ရီဖူရှင်း၏ စစ်တုရင်ရုပ်များဖန်တီးထားသော ဓားပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့်အခါ ၎င်းတို့သည် တိုက်ရိုက်ဖျက်ဆီးခံရမည်ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှုများသည် ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့်မခြားပေ။
“ဒါက…”
ဤအရာကိုမျက်မြင်ကြုံတွေ့ပြီးနောက် လူအများသည် ဆွံအသွားကြသည်။ သူတို့၏မဟာလမ်းစဉ်ကြားမှ ကွာခြားမှုသည် အလွန်ကြီးလေသလား။ ထို့အပြင် သူတို့သည် တူညီသောဓားမဟာလမ်းစဉ်ကို အသုံးပြုမည်ဆိုပင်လျှင် သူတို့၏စွမ်းအားများသည် လုံးဝခြားနားသည့်အဆင့်တွင်ရှိနေသည်။
အခြားသောတိုက်ပွဲများသည်လည်း အလားတူပင်ဖြစ်သည်။ လျှိုချင်နှင့်ပိုင်ကုသည်လည်း အခြားအဆင့်၌ရှိနေသည်မှာ သိသာလှသည်။ သို့သော် ထိုအချိန်တွင် လျှိုချင်သည် အလွန်အားကောင်းသောပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရသည်။ ထိုသူသည် သူ့နောက်နည်းနည်းအကြာက စစ်တုရင်ခုံထဲသို့ ဝင်ရောက်လာသည့် လူအိုကြီးဖြစ်သည်။ ထိုတိုက်ပွဲတွင် အဘိုးအိုသည် လျှိုချင်၏ စစ်တုရင်ရုပ်ကိုးခုကို ဖယ်ရှားနိုင်ခဲ့သည်။ ထို့ကြောင့် သူ့ထံ၌ စစ်တုရင်ရုပ် ၂၇ခုသာကျန်ရှိတော့သည်။
သွေးဘုရင်မသည် သူမ၏တိုက်ပွဲတွင် စစ်တုရင်ရုပ်သုံးခု ဆုံးရှုံးခဲ့သည်။
ပိုင်ကုတစ်ယောက်တည်းသာလျှင် ရီဖူရှင်းကဲ့သို့ စစ်တုရင်ရုပ်တစ်ခုမျှ မရှုံးခဲ့ခြင်းဖြစ်သည်။ သူ၏စစ်တုရင်ရုပ်များသည် ထိခိုက်ခံရခြင်းမရှိသေးပေ။
သို့သော်လည်း ဤသည်က သူတို့ရင်ဆိုင်ရသည့် ပြိုင်ဘက်များကြောင့်ဖြစ်နိုင်သည်။
တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ကျန်ရှိသူအရေအတွက်သည်လည်း သိသိသာသာနည်းလာသည်။ လူအုပ်ကြီးခန့်မှန်းထားသည့်အတိုင်း စစ်တုရင်ခုံထိပ်၌ လူလေးဦးသာကျန်ရှိတော့သည်။
ရီဖူရှင်း ၊ လျှိုချင်၊ ပိုင်ကုနှင့် သွေးဘုရင်မတို့ဖြစ်ကြသည်။
တိုက်ဆိုင်စွာပင် သူတို့သည် မတူညီသောနေရာလေးနေရာ၌ ရပ်နေခဲ့ကြသည်။ ရီဖူရှင်းသည် ပိုင်ကုအနီး၌ရပ်နေပြီး သွေးဘုရင်မသည် လျှိုချင်နှင့်အနီးကပ်ရပ်နေသည်။
သူတို့လေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် စစ်ဆေးကြည့်ရှုကြပြီး ခဏငြိမ်သက်သွားကြသည်။ လျှိုချင်သည် စစ်တုရင်ရုပ် အနည်းဆုံးကျန်ရှိသူဖြစ်သည်။ စစ်တုရင်ရုပ် ၂၇ ခုသာကျန်ရှိပေသည်။ အစောပိုင်းက လူအိုကြီးသည် စစ်တုရင်ရုပ် ၃၆ခုနှင့် ဖွဲ့စည်းထားသည့်သူ၏ပြင်းထန်သောတိုက်ခိုက်မှုထဲမှ ကိုးရုပ်ကို ပျက်စီးစေခဲ့သည်။ ထိုပြိုင်ပွဲမှာ မယုံနိုင်ဖွယ်ခက်ခဲခဲ့သည်။ သို့သော်လည်း နောက်ထပ်တိုက်ပွဲများ၌ သူသည် တစ်ခုမျှပင်မရှုံးခဲ့ပေ။
ထိုသို့ဆိုလျှင် လေးယောက်ထဲမှ နောက်ထပ်ထွက်သွားရမည့်သူသည် မည်သူဖြစ်မည်နည်း။
“မင်းဆင်းလိုက်” ထိုအခိုက်တွင် အသံတစ်သံထွက်ပေါ်လာသည်။ ထိုသည်မှာ ပိုင်ကု၏အသံဖြစ်သည်။ သူသည် ရီဖူရှင်းနှင့် တော်တော်ဆင်တူသည်။ သူတို့နှစ်ယောက်လုံးသည် ချောမောခန့်ညားကြသည်။ သူတို့၏ ကျင့်ကြံမှုပုံစံများကြောင့် သူတို့၏ချောမောမှုသည် မိန်းမဆန်သည်။
ရီဖူရှင်းသည် ယင်၏စွမ်းအား၏ သက်ရောက်မှုကြောင့် သူ့ပတ်လည်၌ သိမ်မွေ့သည့်လေများရှိနေပြီး သူ့အားပို၍မိန်းမဆန်သွားစေသည်။ ပိုင်ကုသည်လည်း ရေခဲစွမ်းအားကိုကျင့်ကြံခဲ့သည်။ ထိုသည်မှာ သူတို့၏ဆင်တူမှုကြောင့်ဖြစ်နိုင်ပြီး ပိုင်ကုသည် ရီဖူရှင်းအားဦးစွာသတိထားမိပြီး ဖယ်ရှားရန်ဆုံးဖြတ်လိုက်သည်။
ရီဖူရှင်၏မျက်လုံးများသည် တောက်ပလာသည်။ သူသည် ပိုင်ကုအားငဲ့ကြည့်လိုက်သည်။ ပိုင်ကု၏မျက်လုံးများသည်အေးစက်နေသည်။ တစ်ယောက်ယောက်ကိုအေးစက်မှုခံစားမိစေရန် အကြည့်တစ်ချက်နှင့်ပင်လုံလောက်သည်။
“မင်းတို့သုံးယောက် ပထမဆုံးတိုက်ခိုက်ပြီး အနိုင်ရသူကို ဆုံးဖြတ်သင့်တယ်” ရီဖူရှင်းက ပြောလိုက်သည်။ သူသည် ပိုင်ကုအားဆက်မကြည့်တော့ပေ။ သူ၏ ရိုးစင်းတည်ငြိမ်သော လေသံထဲတွင် ဖုံးကွယ်ထားသော မောက်မာသော ခံစားမှုတစ်ခု ရှိသည်။ ယင်းကြောင့် အခြားတပည့်များ၏ မျက်နှာများ မှုန်ကုပ်ကုပ်ဖြစ်လာသည်။
သူသည် သူနှင့်မတိုက်ခိုက်မှီ သူတို့သုံးယောက်အား အရင်တိုက်ခိုက်စေပြီး အနိုင်ရသူကို ဆုံးဖြတ်စေချင်တယ်ဟု ဆိုလိုသည်လား။
ဤသည်က သူတို့သုံးယောက်သည် သူအာရုံစိုက်ရန်မထိုက်တန်ဘူးဟုဆိုလိုသည်လား။
ပိုင်ကုသည်လည်း အံ့ဩသွားသည်။ သူနှင့်ရီဖူရှင်းသည် စစ်တုရင်ရုပ် အတူတူပင်ဖြစ်သည်။ ထို့ကြောင့်သူသည် ရီဖူရှင်းအား ပထမဆုံးဖယ်ရှားရန်ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ထိုသူသည် သူ့ထက်ပင် ပို၍ရက်စက်သည်။ သွေးနှင့်တူသောအလှတရားနှင့် ကျက်သရေရှိသော လေထုသည် သူမအား ဝိုင်းရံထားသောကြောင့် လူအများက သူမအား ထိမိခြင်းမှ ကင်းဝေးစေသည်။
ဝူရှန်မြို့သခင်လေးသည်လည်း သူ့အားကြည့်နေသည်။ သူသည်စစ်တုရင်ရုပ်အနည်းဆုံးဖြစ်ပြီး အခြေအနေသည် သိပ်အကျိုးမရှိပေ။ သူပါဝင်ခဲ့သည့်တိုက်ပွဲတွင် အခြားတစ်ယောက်သည် အကျိုးကျေးဇူးများကို ရယူသွားမည်ကိုသူခွင့်မပြုနိုင်ပေ။ ထိုအခိုက် ရီဖူရှင်းသည် လူတိုင်းအားဒေါသထွက်လာစေပုံရသည်။
သူတို့သုံးယောက်လုံး သူ့အားကြည့်သည့်အကြည့်များ ပြောင်းလဲသွားသည်ကိုမြင်ပြီးနောက် ရီဖူရှင်းသည် တည်တည်ငြိမ်ငြိမ်နှင့် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “ဒါဆို မင်းတို့အားလုံးအတူတူပေါင်းတိုက်ပါ”
***