ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်အတွင်းမှ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ပင်မကျွန်းစုသို့ ဆက်သွယ်ထားသော ဂိတ်တံခါးတစ်ခု ရှိသည်။ ထိုဂိတ်ကို အရှေ့နတ်ဘုရားဂိတ်ဟု ခေါ်သည်။
ထိုအချိန်တွင် အစွမ်းထက်သော ကျင့်ကြံသူများက အရှေ့နတ်ဘုရားဂိတ်ရှေ့တွင် စုရုံးလာကြသည်။
အရှေ့နတ်ဘုရားဂိတ်က နတ်ဘုရားများအတွက် တံခါးဖြစ်သည်။ ၎င်းက ကောင်းကင်အထိ ကြီးမားကျယ်ပြန့်သည်။ ထိုအနီးအနားတွင် တိမ်များက ခိုတွဲနေပြီး အိပ်မက်ဆန်သော ပတ်ဝန်းကျင်အခြေအနေမျိုးကို ပေးစွမ်းနေသည်။
အရှေ့နတ်ဘုရားဂိတ်၏ အရှေ့တွင် တံတိုင်းတစ်ခုကဲ့သို့ မားမားမတ်မတ်ရပ်တည်နေသည့် ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခုရှိသည်။ ထိုပေါ်တွင် လူအများက မတ်တပ်ရပ်နေကြပြီး အရှေ့နတ်ဘုရားဂိတ် အရှေ့ရှိ ဝင်္ကပါအစီအရင်ကို လေ့လာနေကြသည်။ ထိုဝင်္ကပါအစီအရင်က စစ်တုရင်ခုံတစ်ခုဖြစ်ပြီး ထိုစစ်တုရင်ခုံပေါ်တွင် နေရာ သုံးဆယ့်ခြောက်နေရာ ရှိသည်။
ထိုအချိန်၌ ကျင့်ကြံသူ ၃၆ ယောက်က စစ်တုရင်ခုံပေါ်၌ ရပ်နေကြပြီး သူတို့အနီးတွင် မဟာလမ်းစဥ် စစ်တုရင်စေ့များက ရစ်ဝဲနေသည်။
စစ်တုရင်ခုံပေါ်ရှိ ထိုကျင့်ကြံသူ ၃၆ ယောက်ကြားတွင် အသက်ကြီးသူများ၊ အလယ်အလတ်အရွယ်နှင့် အချို့သော ငယ်ရွယ်သူများလည်း ပါဝင်သည်။ ထိုနေရာ၌ ယောက်ျားမိန်းမ စုံလင်ပေ၏။ တန်ခိုးရှင်များ၏ ကျင့်ကြံဆင့်က မတူညီသော်လည်း သူတို့အားလုံးက တူညီသော စစ်တုရင်ခုံပေါ်တွင် ရပ်နေကြသည်။
ရီဖူရှင်းတို့အဖွဲ့ရောက်လာသည့်အခါ သူတို့က တံတိုင်းကဲ့သို့ အဆောက်အဦးပေါ်တွင် တန်ခိုးရှင်များစွာ ရပ်နေသည်ကို မြင်လိုက်ရသည်။ လူတိုင်းက သူတို့ရှေ့မှ စစ်တုရင်ခုံကို ကြည့်နေကြ၏။ ထိုအချိန်တွင် စစ်တုရင်ခုံပေါ်ရှိ ပြင်းထန်သော တိုက်ပွဲက စနေပြီ ဖြစ်သည်။ သို့သော် ထိုတိုက်ပွဲက လူသားများကြားမှ တိုက်ပွဲမဟုတ်ဘဲ စစ်တုရင်စေ့များကြားမှ တိုက်ခိုက်မှု ဖြစ်သည်။
ထို့ပြင် စစ်တုရင်ခုံ၏ ဘယ်ဘက်နှင့် ညာဘက်တွင် စင်မြင့်ကိုးခုရှိသည်။ လူအချို့က ထိုစင်များပေါ်တွင် နေရာယူထားပြီးဖြစ်သည်။ ထိုလူများသည် သာမန်မဟုတ်သော အဆင့်အတန်းနှင့် ကျက်သရေတို့ ရှိကြသည်။ သူတို့အားလုံးက အမှတ်ထားလောက်စရာ ထူးချွန်သော သူများဖြစ်ကြပေသည်။
“အဲဒီတော့ ဒါက စစ်တုရင်လမ်းစဥ်လား။” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူသည် ရောက်လာသည့်အချိန်မှာပင် ၎င်းကို သိရှိပြီး ဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ အရှေ့တွင် မဟာလမ်းစဥ် စစ်တုရင်ခုံတစ်ခု ရှိနေသည်။ ကစားပွဲတိုင်းတွင် ပါဝင်ရန် ကျင့်ကြံသူ ၃၆ ယောက် လိုအပ်သည်။ ကျင့်ကြံသူတိုင်းက မဟာလမ်းစဥ် စစ်တုရင်စေ့များကို ရရှိလိမ့်မည် ဖြစ်သည်။ ကျင့်ကြံသူများက သူတို့၏ မဟာလမ်းစဥ် စွမ်းအားများကို စစ်တုရင်စေ့များထဲသို့ ထည့်သွင်းနိုင်သည်။
ထို့နောက် ကျင့်ကြံသူ ၃၆ ဦးသည် မဟာလမ်းစဥ်စစ်တုရင်ခုံတွင် တိုက်ခိုက်ကြရမည်ဖြစ်သည်။ အနိုင်ရရှိသူက စင်မြင့်ထက်သို့ ပြောင်းရွှေ့ရမည် ဖြစ်၏။ ထိုနေရာတွင် စင်မြင့်ကိုးခုရှိသည်။ အနိုင်ရသူကိုးယောက် ထွက်ပေါ်လာသည့်အခါ နောက်ထပ် ကစားပွဲအသစ်တစ်ပွဲ စတင်လိမ့်မည်။ တိုက်ပွဲ၌ အနိုင်ရရှိသူ ကိုးယောက်က အရှေ့နတ်ဘုရားဂိတ်သို့ ဝင်ရန် အခွင့်အရေး ရရှိပေလိမ့်မည်။
အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် ဂိတ်ကို ဖြတ်သွားနိုင်သူတိုင်းအား မဟာလမ်းစဥ်ဆေးလုံးများကို ဆုလာဘ်အဖြစ် ပေးအပ်မည်ဟု ကတိပေးခဲ့သည်။
သို့မှသာ သန်မာသော တန်ခိုးရှင်များက သူတို့၏ ခွန်အားကို စမ်းသပ်ရန် လာရောက်ကြမည် ဖြစ်သည်။ သူတို့ အနိုင်ရရှိသည်နှင့် အလွန်အဖိုးတန်သော မဟာလမ်းစဥ်ဆေးလုံးကို လက်ဝယ်ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်။ ၎င်းက သာမန်ပစ္စည်းမဟုတ်သည်မှာ သံသယဖြစ်ရန် မလိုပေ။ ထိုသည်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဂုဏ်သိက္ခာလည်း ဖြစ်သည်။ ထို့ပြင် အနိုင်ရသူက အခြားအကျိုးအမြတ်များလည်း ရိတ်သိမ်းနိုင်ပေဦးမည်။
ရီဖူရှင်းတို့အဖွဲ့က အဆောက်အဦးပေါ်သို့ ဆင်းသက်လာသည်။ ရှေ့ကို ကြည့်လိုက်လျှင် သူတို့ကဲ့သို့ပင် လူအများက အဆောက်အအုံပေါ်တွင် ရပ်နေသည်အား တွေ့လိုက်ရသည်။ သူတို့နောက်တွင် ရောက်လာနေသေးသော သူများလည်း ရှိသည်။ လူအများက ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်၌ မဟာလမ်းစဥ်အခွင့်အရေးများက အရင်ကံစမ်းပြီးမှ စစ်တုရင်ကစားပွဲအား စိန်ခေါ်ရန် ရောက်လာခြင်း ဖြစ်သည်။
ဆေးလုံးက အဖိုးတန်သလို မဟာလမ်းစဥ် အခွင့်အလမ်းများကလည်း ကျင့်ကြံသူ၏ ခွန်အားကို တိုးလာစေရန် အထောက်အကူပြုပေသည်။ ထို့ကြောင့် သူတို့က ထိုအခွင့်အရေးအား မလွဲချော်လိုကြပေ။
ရီဖူရှင်းက သူနှင့်အတူ ကျွင်းချိုးယွင်ကိုပါ ခေါ်ဆောင်လာခဲ့ရာ ဖန်းလိုင်ကုန်းမြေရှိ တန်ခိုးရှင်များ၏ အကြည့်ကို ဖမ်းစားသွားနိုင်ခဲ့သည်။ ကျွင်းချိုးယွင်ကို မှတ်မိနေသော လူများက ထိုမြင်ကွင်းကို မြင်သည့်အခါ မျက်နှာပျက်သွားကြသည်။ သူတို့က ရီဖူရှင်းအား ကြည့်လိုက်ပြီးနောက် သူ့ဘေးတွင် ရပ်နေသူကို ကြည့်လိုက်သည့်အခါ စန့်ကွမ်းကလန်မှ သခင်မလေး စန့်ကွမ်းချိုးရယ်ဖြစ်နေသည််အား သတိပြုမိလိုက်ကြသည်။
စန့်ကွမ်းမျိုးနွယ်စုက ကျွင်းမိသားစုကို တိုက်ခိုက်ရန် အပြင်လူများနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်နိုင်ပါသလား။
ကြည့်ရသည်မှာ ဖန်းလိုင်ကုန်းမြေ၏ ငြိမ်းချမ်းနေသော နေ့ရက်များက ကုန်ဆုံးတော့မည့်ပုံ ဖြစ်ပုံရသည်။
သူတို့၏ ပဋိပက္ခများက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွင်း စတင်ခဲ့ခြင်းပေလား။
စန့်ကွမ်းချိုးရယ်သည် ရီဖူရှင်း၏ နောက်မှ အမီလိုက်လာခဲ့ခြင်း ဖြစ်သည်။ သူမသည် ရီဖူရှင်း ဤနေရာ၌ မည်သို့ လုပ်ဆောင်မည်ကို မြင်တွေ့လိုပေသည်။ သူ၏ အရည်အချင်းနှင့် အလွန်အစွမ်းသော ပြိုင်ဘက်နှင့် တွေ့ဆုံမိသည်မှလွဲလျှင် သူက အရှေ့နတ်ဘုရားဂိတ်ကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ပေလိမ့်မည်။
“စစ်တုရင်ခုံက ဝင်္ကပါတစ်ခုလည်း ဖြစ်တယ်လေ။ ကျင့်ကြံသူ ၃၆ ယောက်က အဲဒီပေါ် ခြေချလိုက်တဲ့အခါ စစ်တုရင်စေ့ ၃၆ ခု ပေါ်လာလိမ့်မယ်။ ရှင်က မဟာလမ်းစဥ်စွမ်းအားကို အဲဒီစစ်တုရင်စေ့ထဲ ဖြည့်သွင်းပြီး တခြားလူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်တယ်။ ဒီနေရာမှာ ကျင့်ကြံခြင်းအဆင့်တွေကြားက ကွာခြားမှုတွေကို လျစ်လျူရှုလို့ ရတယ်ယေ စစ်တုရင်စေ့တွေရဲ့ ခွန်အားနဲ့ ခံနိုင်ရည်က အတူတူပဲ။ သော့ချက်က လမ်းစဥ်စွမ်းအားတစ်မျိုးတည်းပဲ။ ကျင့်ကြံဆင့်မြင့်တဲ့သူက မဟာလမ်းစဥ်စွမ်းအားကို နားလည်သဘောပေါက်နိုင်စွမ်း မြင့်မားတာကြောင့် စစ်တုရင်စေ့တွေမှာ ကျင့်ကြံဆင့်တွေကြား ကွာခြားမှုကို လျှော့ချပေးတယ်ဆိုရင်တောင် ကျင့်ကြံဆင့်မြင့်တဲ့သူက ပိုပြီး အရေးသာနိုင်တယ်။” စန့်ကွမ်းချိုးရယ်က ရီဖူရှင်းကို ရှင်းပြလိုက်သည်။
ထို့နောက် သူမက ဆက်ပြောလိုက်သည်။ “စစ်တုရင်ခုံပေါ်က အနိုင်အရှုံးသတ်မှတ်ပြီးတာနဲ့ နောက်ဆုံးမှာ စစ်တုရင်စေ့တွေ ရရှိထားတဲ့ အနိုင်ရသူက ဘေးဘက်မှာရှိတဲ့ စင်မြင့်ပေါ် သွားရတယ်။ ပြီးရင် ဘေးကနေ တိုက်ပွဲကို စောင့်ကြည့်နေပြီး စင်မြင့်ကို နေရာယူပြီးတဲ့အခါ နောက်ထပ် တိုက်ပွဲတစ်ခု စတင်လိမ့်မယ်။ နောက်ဆုံး အဲဒီကိုးယောက်ထဲမှာ ဘယ်သူက အရှေ့နတ်ဘုရားဂိတ်ကို ဖြတ်သန်းနိုင်မလဲလို့ ဆုံးဖြတ်လိမ့်မယ်။”
“ရှင့်အတွက်ကတော့ ဒီလောက်ကြီး ခက်ခဲမယ်မထင်ဘူး။ အနည်းဆုံး ပထမပွဲစဥ်မှာတော့ ပြဿနာမရှိနိုင်ဘူး။”
သိသာစွာပင် စန့်ကွမ်းချိုးရယ်က ရီဖူရှင်း၏ ခွန်အားကို အလွန် ယုံကြည်မှု ရှိသည်။ သူမက သူ့ စွမ်းအားကို မြင်ဖူးပြီး ဖြစ်ရာ ရီဖူရှင်း၏ လမ်းစဥ်က အလွန်အစွမ်းကြောင်း သိရှိပေသည်။ သူ၏ တိုက်ပွဲခွန်အားက လမ်းစဥ်စွမ်းအား၏ အကောင်းဆုံးဥပမာပင် ဖြစ်သည်။
ရီဖူရှင်းက စင်မြင့်ကိုးခုကို ကြည့်ကာ လေ့လာလိုက်သည့်အခါ နေရာနှစ်နေရာ လွတ်နေသေးသည်။ ဆိုလိုသည်မှာ နောက်ထပ် တိုက်ပွဲ ပွဲစဥ်နှစ်ခုပြီးနောက် တစ်ယောက်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရန်အခွင့်အရေး ရပေလိမ့်မည်။
ထိုအချိန်တွင် စစ်တုရင်ခုံပေါ်၌ အလွန် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ၎င်းသည် အဘက်ဘက်မှ ရှုပ်ထွေးသော တိုက်ပွဲဖြစ်လေသည်။ လူတိုင်းက တိုက်ပွဲတွင် ပါဝင်ကြပြီး နောက်ခဏအကြာတွင် တန်ခိုးရှင်တစ်ယောက်က အနိုင်ရရှိသွားကာ စင်မြင့်ထက်သို့ လျှောက်သွားခဲ့သည်။ သို့သော် သူက ပျော်ရွှင်နေပုံမရပေ။ ဆန့်ကျင်ဘက်အနေနှင့် သူက အလွန် ကြောင့်ကြနေပုံရသည်။ သူ၏ အကြည့်များက တစ်နေရာသို့ ရွေ့လျားသွားပြီး သူ့မျက်လုံးများထဲ၌ အကြောက်တရားတို့ရှိနေ၏။
စင်မြင့်ထက်တွင် ခြေထောက်များကို ချိတ်ကာ ထိုင်နေသော လူငယ်တစ်ဦး ရှိသည်။ သူက မျက်လုံးများကို မှိတ်ကာ ကျင့်ကြံနေသည်။ သူ့ကို ကြည့်ရသည်မှာ အခြားသူများနှင့်ကွာခြားပုံရသည်။ ရီဖူရှင်းသည်လည်း အခြားလူများက သူ့အား ကြည့်နေကြောင်း တွေ့ရှိခဲ့သည်။ ရီဖူရှင်းက ထိုသူကို ကြည့်လိုက်လျှင် ယခင်က သူ မြင်ဖူးသော လူငယ်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဝင်လာစဥ်က ပန်းသစ်ပင်အား တုံ့ပြန်လာအောင် ပြုလုပ်နိုင်ခဲ့သူ ဖြစ်သည်။ လူအများ၏ ခန့်မှန်းမှုအရ ထိုသူ့တွင် အလွန် ထူးခြားသော နောက်ခံမျိုး ရှိနိုင်ပေသည်။
“နောက်တစ်ပွဲ။” တံတိုင်းကဲ့သို့ အဆောက်အဦးရှေ့တွင် ရပ်နေသည့် နတ်မိမယ်က ပြောလိုက်သည်။ သူမက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ နတ်မိမယ်ဖြစ်ပြီး ဤနေရာရှိ မဟာလမ်းစဥ်တိုက်ပွဲကို စောင့်ကြပ်နေသူလည်း ဖြစ်သည်။
သို့သော် သူမ ပြောပြီးနောက်၌ပင် မည်သူကမှ စစ်တုရင်ခုံပေါ်သို့ ဝင်ရောက်လိုပုံမရပေ။
“မျှော်လင့်ချက်မရှိဘူးဆိုပေမယ့် ကြိုးစားကြည့်လည်း အရှုံးမရှိဘူးပဲ။” ကျင့်ကြံသူတစ်ယောက်က ပေါ့ပါးစွာ ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် သူက စစ်တုရင်ခုံပေါ်သို့ ခုန်တက်သွား၏။ သူ့နောက်မှ အခြားသော တန်ခိုးရှင်များသည်လည်း တူညီသော စိတ်ထားများနှင့် ဝင်ရောက်လာကြသည်။
သူ့နားမှ လူများ၏ ဆွေးနွေးမှုကို ကြားပြီးနောက် ရီဖူရှင်းသည် ဤပွဲစဥ်၌ မည်သည့်အစွမ်းထက် တန်ခိုးရှင်မှ မပါကြောင်း နားလည်သွားသည်။
“သူတို့က တစ်ယောက်ယောက်ကြောင့် စိတ်ပူနေတာ။” စန့်ကွမ်းချိုးရယ်က သတိပြုမိလိုက်သည်။ ဤတိုက်ပွဲကို အနိုင်ရပြီးနောက် သူတို့က စင်မြင့်ကိုးခုပေါ်ရှိ အခြားသော သူများနှင့် တိုက်ခိုက်ကြရဦးမည်ဖြစ်သည်။ ထို့ကြောင့် စင်မြင့်ပေါ်တွင် အစွမ်းထက်သော တန်ခိုးရှင်တစ်ဦး ရှိနေပြီးသည့်အခါ အခြားသူများက စတင်ရန် တွေဝေနေသည်မှာ ပုံမှန်ပင် ဖြစ်သည်။
“အဲဒါမှန်တယ်။ အခုတစ်ကြိမ်ပါဝင်တဲ့သူတွေက ဒီတစ်ကြိမ်မှာပဲ ထွက်သွားရမှာကို စိုးမိတယ်။ သူတို့ထဲမှာ အားကောင်းတဲ့သူမပါဘူး။” သူတို့ဘေးမှ အဖိုးကြီးက ပြောလိုက်သည်။
“စီနီယာကပဲ ကူညီပြီး ရှင်းပြပေးနိုင်မလား။” စန့်ကွမ်းချိုးရယ်က အဖိုးအိုအား မေးလိုက်သည်။
“သူ့ကို ကြည့်လိုက်” အဖိုးကြီးက ပန်းသစ်ပင်အား တုံ့ပြန်အောင် လုပ်နိုင်ခဲ့သည့် လူငယ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “သူက စစ်တုရင်ခုံကို ဝင်လာပြီး တခြားတန်ခိုးရှင်တွေကို စစ်တုရင်စေ့ကိုးခုနဲ့ အနိုင်ယူခဲ့တယ်။ သုံးဆယ့်ခြောက်သွယ်တိုက်ပွဲထဲမှာ သူက ကိုးခုကိုပဲ အသုံးပြုသွားပေမယ့် ဘယ်သူကမှ သူ့ကို အနိုင်မယူနိုင်ဘူး။ အဆုံးမှာ သူက စစ်တုရင်စေ့တစ်ခုတည်းပဲ ဆုံးရှုံးပြီး ပြီးပြည့်စုံတဲ့ တိုက်ပွဲမှတ်တမ်းနဲ့ စင်မြင့်ပေါ် နေရာယူထားတော့တာပဲ။ အဲဒီလိုလူမျိုးကို ဘယ်သူက ယှဥ်နိုင်မှာတဲ့လဲ။”
“စစ်တုရင်စေ့ကိုးခုပဲ သုံးတာလား။” စန့်ကွမ်းချိုးရယ်က ရေရွတ်လိုက်သည်။
လူအိုကြီးက ခေါင်းညိတ်လိုက်၏။ “၃၆ ခုမှာ သူက ကိုးခုကိုပဲ သုံးသွားတယ်။ ကျန်တာတွေကို ထိတောင်မထိခဲ့ဘူး။ သူက စစ်တုရင်တစ်ခုကို ဆုံးရှုံးထားတဲ့အတွက် နောက်ပိုင်းတိုက်ပွဲတွေမှာ သူက ကျန်တဲ့ ၃၅ ခုကို စုဆောင်းထားနိုင်တယ်။ အခုချိန်ထိ တခြားစင်မြင့်ခုနစ်ခုက စစ်တုရင်စေ့တွေနဲ့ဆိုရင် ၄၁ ခု ရှိလိမ့်မယ်။ ဆိုလိုတာက ရှစ်ယောက်မြောက်နဲ့ ကိုးယောက်မြောက်ပေါင်းရင်တောင် သူတို့မှာ အဲဒီလောက် စစ်တုရင်စေ့အများကြီးရှိမှာ မဟုတ်ဘူး။ နားလည်လား။”
စန့်ကွမ်းချိုးရယ်က ခေါင်းကို အနည်းငယ်မော့ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။”
သူမက ထိုအကြောင်းကို နားလည်ပေသည်။ အနိုင်ရသူက သူ၏ စစ်တုရင်များကို နောက်ဆက်တွဲ တိုက်ပွဲများအတွက် ထိန်းသိမ်းထားရသည်။ ပထမပွဲစဥ်တွင် သူက စစ်တုရင်စေ့ကိုးခုကိုသာ အသုံးပြု၍ ပြိုင်ဘက်များကို ရှင်းထုတ်ခဲ့သည်။ သို့သော် သူ့ဘက်က တစ်ခုကိုသာ ဆုံးရှုံးခဲ့၏။
ရလဒ်က အလွန် တုန်လှုပ်စရာကောင်းလေရာ မည်သူက တက်သွားရဲပါမည်နည်း။
အစောပိုင်းက လူအများပြောနေကြသည်က အံ့သြစရာမရှိတော့ပေ။ သူတို့ ယှဥ်ပြိုင်မှုတွင် ပါဝင်ခြင်းက တိုက်ပွဲတွင် ပါဝင်သည်ဟု ဆိုလိုသည်။ သူတို့က အရှေ့နတ်ဘုရားဂိတ်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ချက် မထားရဲကြပေ။
အားကောင်းသော တန်ခိုးရှင်များကို ရှောင်ရှားခြင်းက နည်းလမ်းတစ်ခု ဖြစ်သည်။ အားလုံးက အရှေ့နတ်ဘုရားဂိတ်ကို ဖြတ်သန်းလိုကြပြီး မည်သူကမှ အားကောင်းသော ပြိုင်ဘက်နှင့် မတွေ့လိုကြပေ။
သုံးဆယ့်ခြောက်ယောက်မှ တစ်ယောက်။ ထို့နောက် ကိုးယောက်ထဲမှ တစ်ယောက်။ ဆိုလိုသည်မှာ လူသုံးရာနှစ်ဆယ့်လေးယောက်ထဲတွင် တစ်ယောက်သာလျှင် အရှေ့နတ်ဘုရားဂိတ်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။ ၎င်းက အနည်းဆုံးတိုက်ပွဲအရေအတွက် ဖြစ်သည်။ အကယ်၍ အနိုင်ရသူက လက်ဝယ်ပိုင်ဆိုင်ထားသော စစ်တုရင်စေ့များကို ဆုံးရှုံးခဲ့ပါက နောက်ထပ် ၃၆ ယောက်အဖွဲ့ တိုက်ခိုက်ခြင်း ပြန်စတင်လိမ့်မည်။
ထိုသည်ကို ကြည့်လျှင် ဂိတ်သို့ဝင်ရန် မည်မျှ ခက်ခဲသည်အား သိရှိနိုင်ပေသည်။ ၎င်းတစ်ကြိမ်၌ နေရာအနှံ့မှ တန်ခိုးရှင်များက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ရောက်နေကြသည်။ တစ်ဖက်လူ၏ ခွန်အားအစစ်အမှန်ကို မည်သူမှ သေချာမသိရှိကြပေ။ ထို့ကြောင့် သဘာဝကျကျပင် စူးစမ်းလေ့လာနေကြသည်။
ရီဖူရှင်းက စစ်တုရင်ခုံပေါ်မှ တိုက်ပွဲကို ကြည့်လိုက်သည်။ ၎င်းက မျှော်လင့်ထားသကဲ့သို့ပင်။ တိုက်ပွဲက စိတ်လှုပ်ရှားစရာ မရှိပေ။ ယခင်တိုက်ပွဲထက်ပင် နိမ့်ကျသေးသည်။ အချိန်တချို့ကြာပြီးနောက် အနိုင်ရရှိသူကို ဆုံးဖြတ်နိုင်ခဲ့ပြီး အနိုင်ရသူက စင်မြင့်ထက်သို့ တက်သွားသည်။ ယခုတွင် စင်မြင့်ပေါ်၌ လူကိုးယောက် ရှိနေခဲ့ပြီ ဖြစ်သည်။
အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ကြီးကြပ်သူနတ်မိမယ်က ပြောလိုက်သည်။ “စစ်တုရင်ခုံပေါ် ဝင်လို့ရပါပြီ။”
သူတို့ကိုးယောက်က လျှောက်လာကာ စစ်တုရင်ခုံကို ဆင်းသက်လိုက်၏။ တန်ခိုးရှင်များ၏ အာရုံစိုက်မှုကို ခံထားရသော လူငယ်သည်လည်း သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူက ဖြေးညင်းစွာ ထကာ ရှေ့သို့ စတင်၍ လျှောက်လာသည်။ ထို့နောက် စစ်တုရင်ခုံပေါ်သို့ ဆင်းသက်လိုက်၏။
လူကိုးယောက်က မတူညီသော နေရာကိုးနေရာတွင် ရပ်နေကြသည်။
မဟာလမ်းစဥ်စစ်တုရင်စေ့များက ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်အနီးတွင် လှည့်ပတ်နေသည်။
တန်ခိုးရှင်အများစု၏ ဘေးတွင် လှည့်ပတ်နေသော စစ်တုရင်စေ့များက ဂဏန်းတစ်လုံးတည်းသာ ရှိသော်လည်း ထိုလူငယ်ဘေးတွင် ပျံဝဲနေသော စစ်တုရင်စေ့များမှာ ၃၅ ခုပင် ရှိနေပြီး တောက်ပသော အလင်းများကို ထုတ်လွှတ်နေသည်။ ထို့ပြင် စစ်တုရင်စေ့များ၏ အလင်းမှာ တစ်ခုထက်တစ်ခု ပို၍ တောက်ပပေသည်။
အခြားသော တန်ခိုးရှင်များ၏ အကြည့်က ထိုလူငယ်လေးပေါ်တွင် ကျရောက်နေသည်။ သူတို့က အားလုံးပေါင်း၍ ထိုလူငယ်အား အရင် တိုက်ခိုက်ရန် သဘောတူညီချက် ရှိထားပုံရသည်။ မဟုတ်လျှင် သူတို့အတွက် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
“စ,တော့။” တစ်ယောက်က ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူတို့ရှစ်ယောက်လုံးက တိုက်ခိုက်မှုများကို ဖော်ထုတ်လိုက်သည်။ စစ်တုရင်စေ့များက တစ်ခုပြီးတစ်ခု ပျံသန်းနေပြီး သွေးကို ရှာဖွေနေသည်။ စစ်တုရင်စေ့တိုင်းတွင် အားကောင်းပြင်းထန်သော မဟာလမ်းစဥ်တိုက်ခိုက်မှုများ ပါဝင်နေ၏။
လူငယ်က အရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေသည်။ သူက လက်ဝါးများကို ပေါ့ပါးစွာ လှုပ်ရှားလိုက်ပြီး ရုတ်တရက် တောက်ပသေယ နတ်အလင်းများက သူတို့ရှေ့တွင် လင်းလက်လာသည်။ တောက်ပနေသော စစ်တုရင်စေ့ ၂၇ လုံးက သူ့အနီးတွင် ပျံသန်းနေကြပြီး အလင်းလွှာတစ်ခုကို ဖန်တီးထားသည်။ မျက်စိကျိန်းလောက်အောင် လှပသော နတ်အလင်းက မဟာလမ်းစဥ် ဝင်္ကပါကဲ့သို့ အလင်းလွှာမှ ထိုးထွက်လာ၏။
ခရက်.. ခရက်.. ခရက်…
မဟာလမ်းစဥ် စစ်တုရင်စေ့များက တစ်ခုပြီးတစ်ခု ကြေမွသွားကာ မြေပြင်သို့ ပြုတ်ကျလာသည်။ တန်ခိုးရှင်အချို့၏ အမူအရာက ပြောင်းလဲသွား၏။ သူတို့သည် အချို့သူများက ခွန်အားအစစ်အမှန်ကို ထုတ်မသုံးဘဲ ထိမ်ချန်ထားသည်ကို သိလိုက်ရသည်။ သူတို့ပိုင်ဆိုင်သော စစ်တုရင်စေ့များ ကုန်ဆုံးသွားသောအခါ ထိုလူက အရည်အချင်းမပြည့်မီသူ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် မည်သူမဆို လောဘကြီးမိသည်မှာ သဘာဝပင် ဖြစ်သည်။
“လူပါးဝတဲ့ကောင်” အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်သည်။ ထိုအခြေအနေ၌ ခွန်အားကို မည်သို့ ထိမ်ချန်ထားနိုင်ရသနည်း။
ဘုန်း လူငယ်၏ ဝန်းကျင်တွင် စစ်တုရင်စေ့များနှင့် ပြုလုပ်ထားသော အလင်းလွှာက ကြီးမားလာသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ် ပုံရိပ်ယောင်က တဖြေးဖြေး ထွက်ပေါ်လာလေသည်။
***