ရီဖူရှင်းက မူလတိုက်ပွဲနေရာသို့ ပြန်လည်ရောက်ရှိသည်အထိ ကျွင်းချိုးယွင်ကို တုပ်နှောင်ထားဆဲပင် ဖြစ်သည်။ လူအများက ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။ သူတို့ပြန်ရော်လာသည့်အခါ တန်ခိုးရှင်များ၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့က အလွန် ထိတ်လန့်သွားသည်။
ကျွင်းချိုးယွင်၏ ကျင့်ကြံခြင်းက ဖျက်ဆီးခံလိုက်ရပြီး ဒုက္ခိတဖြစ်သွားခဲ့သည်။
လူအုပ်ကြီးထဲတွင် လူအများက သူတို့၏ ရန်ငြိုးအစကို သိကြပြီး ဖန်းလိုင်နတ်ရေကန်၌ အစပြုခဲ့သော အငြင်းပွားမှုကို မျက်မြင်တွေ့ခဲ့သူများပင် ရှိကြသည်။
သူတို့နှစ်ယောက်ကြားမှ ပဋိပက္ခများက ကျွင်းချိုးယွင်၏ မောက်မာမှုကြောင့် ဖြစ်ရခြင်းဟု ဆိုနိုင်သည်။
သို့ပေမယ့် ထိုအချိန်၌ လူတိုင်းက ကျွင်းချိုးယွင်၏ မောက်မာမှုမှာ ကျိုးကြောင်းသင့်လျော်ပြီး လက်ခံနိုင်ဖွယ်ရှိသည်ဟု ထင်မှတ်ခဲ့ကြသည်။ ထို့နောက်တွင် ပိုင်မုက သူတို့ကြားမှ တိုက်ခိုက်မှုကို ဝင်ပါကာ ဖျန်ဖြေ ပေးရန် ကြိုးစားခဲ့ပြီး သူတို့ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်ခွင့်ရရန် ကူညီပေးခဲ့ခြင်းကြောင့် မဟုတ်လျှင် ရီဖူရှင်းက သေချာပေါက်သေရလိမ့်ဟု ယုံကြည်ထားကြသည်။
တန်ခိုးရှင်များက ထိုသို့သော အရာမျိုးကို အာရုံမစိုက်တတ်ကြသည့်အတွက် အဖြစ်အပျက်တစ်ခုလုံးကို မေ့လုနီးပါး ဖြစ်သွားကြသည်။ သို့သော်လည်း မည်သူမှ ထင်မထားခဲ့မိသည်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ရီဖူရှင်းက ကျွင်းချိုးယွင်ကို အပြည့်အဝ ဖိနှိပ်နိုင်ခဲ့မည်ကိုပင် ဖြစ်သည်။
ယခုတွင် ကျွင်းချိုးယွင်က အိမ်ပျောက်သွားသော ခွေးတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ သူက အလွန်ပင် သနားစရာကောင်းနေပြီး သူ့အရှိန်အဝါက အလွန် အားနည်းနေသည်။ သူက အခုချက်ချင်းပင် သေတော့မလို အသက်စွမ်းအားမရှိတော့သည့် ဖုတ်ကောင်သဖွယ် ဖြစ်နေပေသည်။ သူက အရှက်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွင်းချိုးယွင်၏ ဘဝက စောစီးစွာ အဆုံးသတ်သွားပြီ ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်အတွက် ကျင့်ကြံမှုများအား ဖျက်ဆီးခံရခြင်းမှာ အသက်ဆက်ရှင်ရန် အဓိပ္ပါယ်မရှိတော့သည်နှင့် အလားသဏ္ဌာန်တူပေသည်။ သူ၏ အသက်က မည်သည့်တန်ဖိုးမှ မရှိတော့ချေ။ သူနှင့် အရင်းနှီးဆုံးမိသားစုများမှလွဲ၍ သူ၏ သေခြင်းရှင်ခြင်းကို မည်သူကမှ ဂရုစိုက်တော့မည် မဟုတ်ပေ။
ကျွင်းချိုးယွင်၏ ဘဝက ဆုံးခန်းတိုင်သွားပြီ ဖြစ်သည်။
စန့်ကွမ်းချိုးရယ်သည် ရလဒ်ကို ခန့်မှန်းထားပြီးသားဖြစ်သော်လည်း ကျွင်းချိုးယွင် မည်မျှ သနားစရာကောင်းနေကြောင်း အခြေအနေကို မြင်လိုက်ရသည့်အခါ နှလုံးသားထဲ၌ တုန်လှုပ်မှုကို မြင်လိုက်ရသည်။ ကျွင်းချိုးယွင်က သူမနှင့် အဆင့်အတန်းတူညီသူတစ်ယောက် ဖြစ်သည်။ ဖန်းလိုင်ကုန်းမြေမှ မျိုးဆက်သစ်များကြား၌ သူက အစွမ်းထက် တန်ခိုးရှင်တစ်ယောက် ဖြစ်ပေသည်။ သူက ကျော်ကြားသော မိသားစုကြီးတစ်ခုမှ ဖြစ်ရုံမက အရည်အချင်းရှိပြီး လူတိုင်းက သူ့နာမည်ကို ကြားဖူးကြသည်။
သူ့ ကံတရားက ထိုမျှ ကြေကွဲဖွယ်ကောင်းလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။
ထို့နောက် သူမသည် သူမ၏ အကြည့်များကို ကျွင်းချိုးယွင်အား ဆွဲလာသည့် ဆံပင်အဖြူနှင့် လူငယ်ထံ ပို့လိုက်သည်။ ရီဖူရှင်း၏ ပါရမီကို လေးစားသည့်အပြင် စန့်ကွမ်းချိုးရယ်သည် သူနှင့်ပတ်သတ်ပြီး အနည်းငယ် စိတ်ပူနေသည်။ ထိုသူက အနည်းငယ် နှလုံးသားကင်းမဲ့ပြီး သူ့အား ရူးသွပ်နေသည်ဟုပင်ပြောနိုင်သည်။
သူက ယနေ့ တန်ခိုးရှင်မည်မျှများများကို သတ်ဖြတ်ခဲ့သနည်း။
ဖန်းလိုင်ကုန်းမြေမှ ကျွင်းမိသားစုက သူနှင့် ကမ္ဘာ့ရန်ဖြစ်သွားသည့်အတွက် သူက ကျိန်းသေ သတ်ဖြတ်ပစ်ခဲ့ပုံရသည်။
ဖန်းလိုင်ကုန်းမြေ၏ ထိပ်သီးအင်အားစုတစ်ခုအနေနှင့် ကျွင်းမိသားစုသည် သူတို့ မိသားစုဝင်များကို နှိပ်စက်ညှင်းပန်းသည်အား လျစ်လျူရှုထားမည် မဟုတ်ပေ။
ရီဖူရှင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ မှ ထွက်သွားသည့်အခိုက်အတန့်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလိမ့်ဦးမည် ဖြစ်သည်။
အဝေးတွင် ရပ်နေသော ယွင်ကျိမ်း၏ မျက်နှာမှာ အေးစက်နေသည်။ သူက ကျွင်းချိုးယွင်၏ ကံကြမ္မာအတွက် အတော်လေး စိတ်မသက်မသာ ဖြစ်နေပေသည်။ သူက ရီဖူရှင်းနှင့် စန့်ကွမ်းချိုးရယ်ကို ကြည့်ပြီးနောက် သူ့လူများကို ခေါ်ကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။
ရီဖူရှင်းက သူ့ကို တားရန်မကြိုးစားပေ။ သူသည် ကျွင်းချိုးယွင်ကြောင့်နှင့် ဖန်းလိုင်ကုန်းမြေရှိ ကျွင်းမိသားစုကို ဆန့်ကျင်ခဲ့ပြီးဖြစ်ရာ နောက်ထပ် ရန်သူတိုးလာအောင် ထပ်မလုပ်ချင်တော့ပေ။
သူက ရှေ့သို့ ခြေလှမ်းလိုက်ကာ စန့်ကွမ်းချိုးရယ် ဘေးတွင် ရပ်နေသည့် ရှားရှင်းယွန်နှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် စန့်ကွမ်းချိုးရယ်ကို ကြည့်ကာ ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်။”
“ကျေးဇူးတင်စရာမလိုပါဘူး။ ကျွန်မ ဘာမှအများကြီး လုပ်မပေးခဲ့ရဘူးလေ။” စန့်ကွမ်းချိုးရယ်က ပြန်ဖြေလိုက်သည်။ မည်သူကမှ သူမကို တိုက်ခိုက်လာခြင်း မရှိသည့်အတွက် သူမ မည်သည့်အရာမှ မလုပ်ဆောင်ခဲ့ရပေ။
သူမက ပြောပြီးသည်နှင့် ရီဖူရှင်းအား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ “ရှင် ကျွင်းချိုးယွင်ကို ဒီလို မတရားလုပ်ထားရင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကနေ ထွက်တဲ့အခါ ပြဿနာတွေဖြစ်နိုင်တယ်နော်။”
“အဲဒါကြောင့်ပဲ သူ့ကို အသက်ရှင်လျက် ထားထားတာလေ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
စန့်ကွမ်းချိုးရယ်က ဒုက္ခိတဖြစ်နေပြီဖြစ်သော ကျွင်းချိုးယွင်အား တစ်ချက်ကြည့်လိုက်ကာ ပြောသည်။ “ကျင့်ကြံခြင်းဖျက်ဆီးခံလိုက်ရတဲ့ ကျွင်းချိုးယွင်ကို ကျွင်းမိသားစုက တန်ဖိုးထားမှာ မဟုတ်တော့ဘူး။ သူ့မိဘတွေကလွဲရင် ကျွင်းမိသားစုရဲ့ ဘယ်သူကမှ သူ့အသက်ကို ဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့က ရှင့်ရဲ့ သေခြင်းရှင်ခြင်းကိုတောင် သူ့ထက်ပို အာရုံစိုက်လိမ့်ဦးမယ်။”
ရီဖူရှင်းက သူမဆိုလိုသည်အား နားလည်ပေသည်။ ကျွင်းမိသားစုက သူ့ကို သတ်ပစ်ရန်ပင် ဖြစ်နိုင်ပေလိမ့်မည်။
“ကျုပ် နားလည်တယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူက ကျွင်းချိုးယွင်ကို အသက်ရှင်လျက်ထားခဲ့ခြင်းမှာ အရှုပ်အထွေးများတွင် တုံ့ယွမ်အိမ်တော် ပါဝင်ပတ်သတ်လာခြင်းမှ ရှောင်ရှားရန် ဖြစ်သည်။ ထိုအစီအစဥ်က လုံးဝပြီးပြည့်စုံနေခြင်း မဟုတ်သည့်အတွက် ကျွင်းမိသားစုက သူ့ကို သတ်ရန် ဆုံးဖြတ်လိုက်နိုင်သည့် ဖြစ်နိုင်ချေအတွက်လည်း ပြင်ဆင်ထားသင့်ပေသည်။
“မိန်းကလေးစန့်ကွမ်းကလည်း သူ့လူတွေကို ခြိမ်းခြောက်ခဲ့ပြီး ကျွင်းမိသားစုနဲ့ ဆန့်ကျင်ခဲ့တယ်လို့ ယူဆရတယ်မလား။ အဲဒါကို ကျွင်းမိသားစုက မေ့ထားလိမ့်မှာ မဟုတ်ဘူး။ ပြီးတော့ ခုန ယွင်ကျိမ်း ပြန်သွားတုန်းက မင်းကို သရဲမရဲစီးနေသလို ကြည့်သွားတယ်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကနေ ထွက်သွားတဲ့အခါ ကျုပ်တို့ ပူးပေါင်းကြမှာလား။” ရီဖူရှင်းက သူ၏ အတွေးကို ဖော်ပြလာသည်။
စန့်ကွမ်းချိုးရယ်က အံ့ဩသွားသော အမူအရာကို ဖော်ပြလာသည်။ ယခင်က သူမသည် ရီဖူရှင်းအား အသုံးချရန် ရည်ရွယ်ခဲ့သော်လည်း သူက စိတ်ထဲမထားပုံရသည်။
ယခုအခြေအနေ၌ သူတို့နှစ်ယောက်က အတူတူပင် ဖြစ်နေပုံရသည်။ ရီဖူရှင်းကလည်း ကျွင်းမိသားစုကို ရင်ဆိုင်ရန် သူမအား အသုံးချချင်နေပုံရသည်။ သူတို့က အပြန်အလှန် တူညီစွာ တွက်ချက်နေပုံရသည်။
ထို့နောက်တွင် ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ထွက်ခွာပြီးနောက် မည်သို့ ပြုလုပ်မည်ကို စဥ်းစားဆုံးဖြတ်နေပုံရသည်။
သူမက လှပရွှန်းစိုသော မျက်ဝန်းများဖြင့် ရီဖူရှင်းကို ကြည့်လိုက်သည်။ ဆံပင်ဖြူနှင့် လူငယ်က သူမအား ထိတ်လန့်ကြောက်ရွံ့စေသော ခံစားချက် ဖြစ်ပေါ်စေသည်။ သူက ပြိုင်ဘက်ကင်း ပါရမီရှိပြီး ကျင့်ကြံခြင်းက မမြင့်မားသော်လည်း အရည်အချင်းက ထူးချွန်သည်။ ထို့ပြင် သူက အတော်လေး ရက်စက်ပြီး အကြံအစည်ကြီးမားပေသည်။
ထိုသို့သော လူမျိုးနှင့် ရန်သူဖြစ်လာပါက အလွန်ပြဿနာများပေလိမ့်မည်။ ကျွင်းချိုးယွင်က အကောင်းဆုံးဥပမာ ဖြစ်သည်။ ယခင် ဖန်းလိုင်နတ်ရေကန်၌ ကျွင်းချိုးယွင်သည် ရီဖူရှင်းက ထိုမျှ အင်အားကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူက ရီဖူရှင်းအား လျှော့တွက်ခဲ့မိသည့်အတွက် သူ့လူများစွာကို ဆုံးရှုံးခဲ့ရပြီး သူ၏ ကျင့်ကြံဆင့်လည်း ဖျက်ဆီးခံရကာ ဒုက္ခိတဖြစ်သွားခဲ့သည်။
“ကျွန်မက ကျွင်းချိုးယွင်ကိုရော ကျွင်းမိသားစုဝင်တွေကိုပါ လက်နဲ့တောင် မရွယ်ခဲ့ဘူးလေ။ အဲဒါကို ထည့်မတွက်ဘူး ဟုတ်တယ်မလား။” စန့်ကွမ်းချိုးရယ်က ပြန်ဖြေလိုက်သည်။ သူမ၏ အသံတွင် မကျေနပ်ခြင်းတစွန်းတစ ပါဝင်နေသည်။ သူမက ရီဖူရှင်း၏ အသုံးချခြင်းအား မခံလိုပေ။
“မင်းတကယ်ပါပါ မပါပါ မင်းရဲ့ ရပ်တည်မှုက ရှင်းလင်းနေပြီပဲ။ ပြီးတော့လည်း မိန်းကလေးစန့်ကွမ်းက ကျုပ်ကို ကူညီပြီး အဆင့်ရှစ်ရန်ဟောင်ကို ရင်ဆိုင်မယ်လို့ ပြောခဲ့သေးတယ်။ ကျွင်းမိသားစုက ဒီအကြောင်းကို ကျိန်းသေသိမှာပဲ။ မင်း မလှုပ်ရှားရင်တောင် ကျွင်းမိသားစုက စန့်ကွမ်းမိသားစုကို အလွတ်ပေးမယ်ထင်လို့လား။” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ “တိုက်ပွဲက အနှေးနဲ့ အမြန်ဖြစ်လာမှာပဲကို ဘာလို့ အရင် မလှုပ်ရှားတာလဲ။ ပြီးတော့လည်း ကျုပ်က ကျုပ်က အဲဒီလောက် အားမနည်းပါဘူး။ ခင်ဗျားကို ကျိန်းသေ ကူညီနိုင်လိမ့်မယ်။”
စန့်ကွမ်းချိုးရယ်အနေနှင့် မိသားစုနှစ်ခုကြားမှ ဆက်ဆံရေးကို ရှင်းလင်းစွာ သိသင့်သည်။ ကျွင်းချိုးယွင်၏ ပျက်စီးခြင်းက မိသားစုနှစ်ခုကြားမှ ရန်စကို အသစ်ပျိုးလိုက်ခြင်း ဖြစ်ပေသည်။
ဖန်းလိုင်ကုန်းမြေရှိ ထိပ်သီးမိသားစုနှစ်ခုကြားမှ စစ်ပွဲက အစပျိုးနေခဲ့ပြီ ဖြစ်ကာ ၎င်းကို ရှောင်လွှဲ၍ မရပေ။ စန့်ကွမ်းမိသားစုက ရှောင်လွှဲချင်လျှင်ပင် ထိုသို့မလုပ်နိုင်ချေ။
ထို့ပြင် ရီဖူရှင်းက အခြေအနေကို ရှင်းလင်းစွာ ရှင်းပြထားပြီး ဖြစ်သည်။ သူတို့က မဟာမိတ်ဖွဲ့လျှင် သူတို့၏ အင်အားက သိသိသာသာ တိုးလာမည် ဖြစ်သည်။ မဟုတ်လျှင် ကျွင်းမိသားစုက ရီဖူရှင်းတို့အဖွဲ့အား ရှင်းပြီးနောက် စန့်ကွမ်းမိသားစုကို လာရောက် ရင်ဆိုင်ပေလိမ့်မည်။ သူမက ထိုသို့တွေးမိလျှင် သူမ၏ ရွေးချယ်မှုက အလွန် ရိုးရှင်းပြီး တည့်တိုးဆန်လှကြောင်း တွေးမိခဲ့သည်။
“အဲဒီလိုဆုံးဖြတ်ချက်မျိုး လုပ်ဖို့ ကျွန်မမှာ အခွင့်အရေး မရှိဘူး။” စန့်ကွမ်းချိုးရယ်က မပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။
“မပူပါနဲ့။ မိန်းကလေးစန့်ကွမ်း၊ အချိန်သေချာယူပြီး စဥ်းစားလို့ရပါတယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ထို့နောက် ကျွင်းချိုးယွင်နှင့်အတူ ထွက်ခွာသွားသည်။
ချောက်ကမ်းပါးထက်ရှိ အမွေအနှစ်က ဖျက်ဆီးခံရပြီးဖြစ်ရာ ဤနေရာ၌ ဆက်နေစရာအကြောင်း မရှိတော့ပေ။
သူက နတ်အာရုံအား ထုတ်လွှတ်လိုက်ပြီး ကျယ်ပြောသော နေရာတစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။ သူသည် လူအများကြီးက သူတို့၏ နတ်အာရုံကို သူ့ထံ ပို့လွှတ်ထားသည်အား သတိပြုမိလိုက်သည်။ ကြည့်ရသည်မှာ ဖြစ်ခဲ့သည့်အဖြစ်အပျက်များက လူအများ၏ အာရုံကို ဖမ်းစားခဲ့ပုံရလေသည်။
သို့သော်လည်း ရီဖူရှင်းက ထိုအရာနှင့်ပတ်သတ်၍ စိတ်အနှောက်အယှက်မဖြစ်ပေ။ ကျွင်းမိသားစုမှ အဆင့်ရှစ် တန်ခိုးရှင်က ထွက်ပြေးလွတ်မြောက်သွားသည်ဖြစ်ရာ ဤနေရာ၌ ဖြစ်ပျက်သမျှ သတင်းများကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ တန်ခိုးရှင်များက သူ ကျွင်းမိသားစုနှင့် ရန်ငြိုးဖြစ်သွားသည်အား မြင်တွေ့ကြပေသည်။ ထို့ကြောင့် နောက်ပိုင်း သူ လုပ်သင့်သည့်အရာမှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် သူ့ခွန်အားကို မြှင့်တင်ရန် ဖြစ်သည်။
အစကတည်းက ကျွင်းချိုးယွင်က သူ၏ ဓားစာခံဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ကျွင်းချိုးယွင်က သူ့လောက်ပင် အဖိုးမတန်တော့ရာ အနည်းငယ်သွေးအေးသွားသည့်အခါ ကျွင်းမိသားစုမှ တန်ခိုးရှင်များက သူ့အသက်ကို လျစ်လျူရှုလိုက်နိုင်သည်။
နောက်တစ်ချက် စဥ်းစားရမည်မှာ စန့်ကွမ်းမိသားစုနှင့် မဟာမိတ်ပြုရန် ဖြစ်သည်။ သို့သော် စန့်ကွမ်းမိသားစုက သူ့ဘက်တွင် နေလိုခြင်း ရှိမရှိမှာ မေးခွန်းထုတ်စရာပင်ဖြစ်သည်။ သူတို့က မဟာမိတ်ဖြစ်လာလျှင်ပင် သူတို့က ဤအရေးကိစ္စ၌ မည်မျှ အားစိုက်ထုတ်ရန် ဆန္ဒရှိမည်နည်း။
ထို့ကြောင့် သူက စန့်ကွမ်းမိသားစုအပေါ် မျှော်လင့်ချက်အများကြီးမထားနိုင်ပေ။
ဤနေရာက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဖြစ်သည်။ သူက ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးမိသားစုဖြစ်သော ကျွင်းမိသားစုနှင့် ရင်ဆိုင်လိုလျှင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ အင်အားများကို ငှားရမ်းအသုံးပြုသော နည်းစနစ်က အကောင်းဆုံးပင် ဖြစ်သည်။
တစ်ခုတည်းသော ပြဿနာမှာ ထိုသို့လုပ်ဆောင်ရန် အနည်းငယ် ခက်ခဲနိုင်ခြင်းပင်။ သူသည် ယခုချိန်ထိ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ပင်မကျွန်းစုသို့ ခြေမချရသေးပေ။
“ပင်မကျွန်းစုကို ဝင်ရမယ့် ဝင်ပေါက်က အဲဒီဘက်မှာလား။” ရီဖူရှင်းက တစ်နေရာသို့ သူ၏ နတ်အာရုံကို ဆန့်ထုတ်လိုက်သည်။ သူသည် ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်မှ တန်ခိုးရှင်များက ထိုနေရာသို့ သွားရန် အလုပ်ရှုပ်နေသည်အား သတိပြုမိပေသည်။ ထိုနေရာတွင် ရှိနေသော လူများတွင် အလွန် ထူးခြားသော အရှိန်အဝါတို့ ရှိနေသည်။
”
အင်း” ပေ့ကုံးအော့က ရီဖူရှင်း၏ အကြည့်များနောက် လိုက်ကာ ကြည့်လိုက်သည်။ “အဲဒီမှာ အတော်လေး ထူးဆန်းတဲ့ ကျွန်းတစ်ခုရှိတယ်။ အဲဒါက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ပင်မကျွန်းစုကို ရောက်ချင်တယ်ဆိုရင် သွားသင့်တဲ့လမ်းကြောင်းပဲ။ အဲဒီက ပင်မကျွန်းစုကို ရောက်နိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်းလည်း ဖြစ်တယ်တဲ့။ ဒါပေမယ့် ကျုပ်သိထားသလောက်တော့ သမိုင်းတွေအရ ပင်မကျွန်းစုကို ဝင်ရောက်နိုင်တဲ့ ကျင့်ကြံသူအရေအတွက်က လက်ချိုးရေလို့ရတယ်တဲ့။ ပင်မကျွန်းစုကို ဝင်ခွင့်ရတဲ့လူတိုင်း မဟာလမ်းစဥ်ဆေးလုံးတွေကို လက်ဆောင်အနေနဲ့ ရကြတယ်လို့ ပြောကြတယ်။ အဲဒါက အရမ်းရှားပါးပြီး တန်ဖိုးကြီးတယ်တဲ့။ ပြီးတော့ အဲဒီကို ဝင်နိုင်တာနဲ့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက မင်းကို သူတို့ရဲ့ အဆင့်သတ်မှတ်ချက်မှာ ပါဝင်လာနိုင်ဖို့ ကြိုးစားလိမ့်မယ်။ ဒီတစ်ခေါက်လည်း အတူတူပဲ ဖြစ်နိုင်တယ်။”
ရီဖူရှင်းက ခေါင်းညိတ်ပြလိုက်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ စီစဥ်ထားပုံအရ ကျင့်ကြံရေး အခွင့်အရေးများ လက်ဆောင်အဖြစ်ပေးသည်မှာ ကိုယ်ကျိုးမဖက်သော အပြုအမူမျိုး ဖြစ်သော်လည်း ရီဖူရှင်းက ထိုကဲ့သို့ မယုံကြည်ပေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ကျင့်ကြံရေးအတွက် ဖွင့်လှစ်ထားသော သန့်စင်မြင့်မြတ်နယ်မြေ မဟုတ်လေရာ သူတို့က ကုန်းမြေအသီးသီးမှ ကျွန်းပေါ်သို့ ထိုမျှ များပြားသော တန်ခိုးရှင်များအား ဖိတ်ခေါ်၍ ကျင့်ကြံရေးအခွင့်အလမ်းများ ပေးအပ်၍ လမ်းစဥ်ရှာဖွေရန် အခွင့်အရေးများ ပေးရန်မှာ မလိုအပ်ပေ။
ထို့ပြင် သူတို့က မဟာလမ်းစဥ်ဆေးလုံးများကိုပင် ပေးလေရာ ၎င်းက အတော်လေးကို ယုတ္တိမရှိပေ။
ထို့ကြောင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လှုပ်ရှားမှု၏ နောက်ကွယ်တွင် အကြောင်းရင်းရှိနိုင်ပေသည်။
ပေ့ကုံးအော့၏ စကားအရ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အရည်အချင်းအား ကောင်းမွန်စွာ ပြသနိုင်သူကိုသာ အနိုင်ပေးပေသည်။ ထိုအဓိပ္ပါယ်မှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက တစ်ခုခုကို ကြံစည်နေသည်ဟု ဆိုလိုသည်လား။
မရေတွက်နိုင်သော နှစ်များအတွင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် ကျင့်ကြံခြင်းလောကမှ အနားယူကာ တံခါးပိတ်ထားပြီး ကျင့်ကြံရေးတွင်သာ အာရုံစိုက်၍ ကျန်သည့် လောကပဋိပက္ခများကို ရှောင်ရှားခဲ့သည်။ သူတို့က ဖန်းလိုင်ကုန်းမြေ၏ မည်သည့် အရေးအခင်းကိုမှ ဝင်မစွက်ခဲ့ပေ။ ထိုသည်က အမှန်တကယ် သူတို့အားနည်းခြင်းကြောင့်လား။
ရီဖူရှင်းသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူတို့၏ အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားရုံမျှသာဟု တွေးထားခဲ့သော်လည်း သူတို့၏ ရည်ရွယ်ချက်အမှန်က ပိုဆန်းကြယ်နေပုံရသည်။
“သွားစို့။” ရီဖူရှင်းက ပြောလိုက်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် မဟာလမ်းစဥ်အခွင့်အရေးများရှိသော်လည်း သူသည် ၎င်းတို့ထဲမှ နှစ်ခုကို ရရှိပြီး ဖြစ်သည်။ သူက အခြားနေရာတစ်ခုကို သွားပြီး အခွင့်အလမ်းများအား သွားလုပါက အခြားသူများအတွက် သူက ဘုံရန်သူဖြစ်လာပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့က အချိုပေါ်သကာလောင်းခြင်းသာ ဖြစ်နိုင်ပေရာ သူ့အတွက် အဓိပ္ပါယ်မရှိပေ။
မိစ္ဆာနှိမ်နင်းခြင်းဗုဒ္ဓခွန်အားနှင့် အကန့်အသတ်မဲ့ဓားက အလွန်အစွမ်းထက်သော ထူးခြားနည်းစနစ်အဖြစ် သတ်မှတ်နိုင်ရာ ၎င်းတို့က သူတို့အတွက် လုံလောက်နေပြီ ဖြစ်သည်။
ထို့ကြောင့် သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ပင်မကျွန်းစုဆီ ဦးတည်လိုက်ခြင်း ဖြစ်သည်။
ရီဖူရှင်း၏ ပုံရိပ်အား သတိပြုမိပြီး စန့်ကွမ်းချိုးရယ် မျက်လုံးများက အရောင်လက်သွားသည်။ ကြည့်ရသည်မှာ သူသည်လည်း ပင်မကျွန်းစုသို့ ဝင်ရောက်ရန် စိန်ခေါ်ဖို့ရာ ရည်ရွယ်နေပုံရသည်။
ပင်မကျွန်းစုသို့ ဝင်ရောက်ရန် မလွယ်ကူသော်လည်း ရီဖူရှင်းက ကျိန်းသေ ဝင်ရောက်နိုင်ပေလိမ့်မည်။
သူမသည် ရုတ်တရက် အတွေးဝင်လာ၏။ ရီဖူရှင်းသာ အောင်မြင်ခဲ့လျှင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လူများသည် ရီဖူရှင်းအား ကျွင်းမိသားစုမှ ထိခိုက်လာမည်ကို ခွင့်ပြုထားမည် မဟုတ်ပေ။
အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် ကျွင်းမိသားစုကြားတွင် ပဋိပက္ခဖြစ်ပွားပါက ၎င်းသည် ကျိန်းသေ ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
***