အပိုင်း(၁၉၂၃)

ရွေးချယ်မှု

စန့်ကွမ်းချိုးရယ်က ကျွင်းချိုးယွင်ကို ကြည့်လို့သည်။ သူတို့ မိသားစုနှစ်ခု၏ ရန်ငြိုးက ဟိုးယခင်ကပင် နက်ရှိုင်းစွာ ရှိနေခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့်အချိန်က ကျွင်းချိုးယွင်သည် သူတို့အားတိုက်ခိုက်ရန် တုံ့ဆိုင်းနေခြင်းမရှိခဲ့ပေ။

ယခုတွင် ထိုသို့ အံ့အားသင့်ဖွယ် အခွင့်အရေး ရနေပြီဖြစ်ရာ သူမက ကျိန်းသေ ထိုအခွင့်အရေးအား အသုံးချမည်သာ ဖြစ်လေသည်။

သူမသည် ကျွင်းမိသားစုမှ မည်သူ့ကိုမှ မသတ်ဖြတ်ဘဲ ကျွင်းချိုးယွင်ကို ဆွရုံသာ ဖြစ်သည်။ သို့သော်လည်း သူမက မလှုပ်ရှားလျှင်ပင် ရီဖူရှင်းက သူမအစား လှုပ်ရှားလိမ့်မည် ဖြစ်သည်။

ထိုသို့သောအခြေအနေတွင် သူမ လုပ်ရန်လိုသည်မှာ ဆရာယန်နှင့် ကျွင်းချိုးယွင်တို့အား ခွဲထုတ်ရန်သာ ဖြစ်၏။ ဆရာယန်က သူတို့ထံမှ ခွဲထွက်သွားသည်နှင့် ရီဖူရှင်းနှင့် ပေ့ကုံးအော့က အခြားသူများကို အလွယ်တကူ ရင်ဆိုင်နိုင်ပေလိမ့်မည်။

စန့်ကွမ်းချိုးရယ်နှင့် မနီးမဝေးတွင် ရပ်နေသော ယွင်ကျိမ်းက သူမကို စိုက်ကြည့်ရင်း ပြောလိုက်၏။ “စန့်ကွမ်း၊ ဒီအခြေအနေမှာ မင်း ဝင်မစွက်ဖက်သင့်ဘူးလို့ မထင်ဘူးလား။”

“ဒါဆို ရှင်ပြောတာက ရှင်လည်း ရန်ဟောင်ရီကို ပစ်မှတ်ထားပြီး ဝင်ပါချင်နေတာလား။” စန့်ကွမ်းချိုးရယ်က ရန်စလိုက်၏။ ယွင်ကျိမ်းက သူ၏ မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ သူသည်လည်း ရီဖူရှင်းက မည်မျှအစွမ်းထက်သည်ကို မြင်နိုင်ပေသည်။ ယွင်မိသားစုက လှုပ်ရှားလိုလျှင် သူတို့က ရီဖူရှင်းအား ရပ်တန့်ကောင်း ရပ်တန့်နိုင်ပေလိမ့်မည်။

သို့သော်လည်း စန့်ကွမ်းချိုးရယ်က သဘောထားပြောင်းလဲသွားခဲ့သည်။ သူမက လှုပ်ရှားရန် ဆုံးဖြတ်လိုက်လျှင် တိုက်ပွဲက ခန့်မှန်းဖို့ရာ ခက်ခဲသွားပေလိမ့်မည်။

ယွင်ကျိမ်းက လေထဲတွင် ရပ်နေပြီး သူ့ရှေ့မှ တန်ခိုးရှင်များအား ​​လေ့လာနေသည်။ သူ့မျက်လုံးများသည် မည်သည်ကို လုပ်သင့်သည်အား ချင့်ချိန်တွေးတောနေကြောင်း ပြသနေ၏။ သူ့ရှေ့ရှိ အခြေအနေအရ သူက တွေဝေနေသည်။ သူ လှုပ်ရှားသင့်ရဲ့လား။

ယခုကျွင်းမိသားစုက ရှုံးနိမ့်လုနီးနီး ဖြစ်နေသည်ဟု ပြောနိုင်သည်။ သူက ရီဖူရှင်းအား ဆန့်ကျင်လှုပ်ရှားမည်ဆိုလျှင် ယွင်မိသားစုမှ လူများ၏ အသက်ကို လောင်းကြေးထပ်ရပေလိမ့်မည်။

ယခုတွင် သူက ဆရာယန် မည်သည့်ရွေးချယ်မှုအား ပြုလုပ်မည်ကို စောင့်ကြည့်နေသည်။

သူက ကျွင်းချိုးယွင်နှင့် ဆက်ဆံရေးကောင်းလျှင်ပင် သူတို့၏ ခင်မင်မှုက အကျိုးအမြတ်ပေါ်တွင် မူတည်ကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ သူ၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် အသက်ကို ယှဥ်လာသည့်အခါ သူသည် ကျွင်းချိုးယွင်ကို မကူညီဘဲ ဤပြဿနာတွင်းမှ ဝေးဝေးနေသည်ကိုက ပိုကောင်းပေသည်။

ယခင်က ရီဖူရှင်းအား လျှော့တွက်မိခဲ့သည့်အတွက် ကျွင်းမိသားစုမှ ထိုမျှ ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။

ကျွင်းချိုးယွင်၏ မျက်လုံးများတွင် အေးစက်သော အမူအရာတို့ကို လှစ်ဟပြနေသည်။ သူက စန့်ကွမ်းချိုးရယ်ကို ကြည့်လိုက်ပြီးနောက် ဆရာယန်အား ကြည့်ကာ ပြောလိုက်သည်။ “ဆရာယန် ကျွန်တော်တို့ ကျွင်းမိသားစုက ဒီတလျှောက်လုံး ခင်ဗျားအပေါ် ကောင်းခဲ့တယ်။ ကျွင်းမိသားစုနဲ့ စန့်ကွမ်းမိသားစု နှစ်ခုလုံးက ဖန်းလိုင်ကုန်းမြေမှာ ကျင့်ကြံကြတယ်။ ဒီနေ့ပြဿနာမှာ စန့်ကွမ်းမိသားစုက ဝင်ပါခဲ့ရင် ကျွင်းမိသားစုက ဖြစ်နိုင်သမျှအကုန်လုပ်ပြီး စန့်ကွမ်းမိသားစုကို စစ်ကြေညာမှာ ကျိန်းသေပဲ။”

“ရှင်က ကိုယ့်ကိုယ်ကိုယ် ကျွင်းမိသားရဲ့ ကိုယ်စားပြုဖြစ်နိုင်နေသေးတယ်လို့များ ထင်နေလား။” စန့်ကွမ်းချိုးရယ်က သရော်လိုက်သည်။ “ရှင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကနေ အသက်ရှင်လျက် ထွက်သွားနိုင်ရင်တောင် ဒီတစ်ခေါက်ရှင့်အပြုအမူကြောင့် ကျွင်းမိသားစုထဲမှာ ပြောစရာဖြစ်ကျန်ခဲ့မှာပဲ။”

ကျွင်းချိုးယွင်၏ မျက်နှာက တင်းမာသွားသည်။ သူသည် နှလုံးသားထဲမှ အေးစက်မှုကို ခံစားလိုက်ရ၏။ သူက စန့်ကွမ်းချိုးရယ် မည်သည်ကို ဆိုလိုသည်အား ရှင်းလင်းစွာ နားလည်သလို ၎င်းက အမှန် ဖြစ်ကြောင်းကိုလည်း သိသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ လာသော ခရီးစဥ်တွင် ကျွင်းမိသားစုမှ တန်ခိုးရှင်များစွာကို ကျဆုံးစေခဲ့သည်။ မိသားစုတစ်ခုလုံးက ဤခရီးတွင် အရင်းအနှီးများစွာ အသုံးပြုခဲ့ပြီး သူ့အား ဤခရီးကို ဦးဆောင်စေ၍ အဋ္ဌမဆင့် ရန်ဟောင်သုံးယောက်ကိုပင် သူ့ကို ကာကွယ်ရန် ထည့်ပေးလိုက်သေးသည်။ ဤတစ်​ကြိမ်သည် သူ၏ ကျင့်ကြံခြင်းကို တိုးတက်စေရန် အခွင့်အရေး ဖြစ်သည့်အပြင် မိသားစုမှ သူ့အား စမ်းသပ်သည့်နည်းလမ်းလည်း ဖြစ်သည်။

သူ၏ မိသားစုက သူ့အပေါ် မြင့်မားသော မျှော်မှန်းချက်ထားရှိသည်။

သို့သော် ယခုတစ်ကြိမ် သူ၏ အပြုအမူတို့မှာ ‘စိတ်ပျက်စေခြင်း’ ဟူသော စကားလုံးနှင့်ပင် ဖော်ပြရန် လုံလောက်ခြင်း မရှိပေ။ သူသည် ကျွင်းမိသားစုမှ တန်ခိုးရှင်များနှင့် ငှားရမ်းထားသူများ အားလုံးကို အသတ်ခံရလုနီးပါး ဖြစ်သွားစေသည်။ သူက မဟာလမ်းစဥ် အခွင့်အလမ်းများ ရရှိရန်ကိုလည်း ဆုံးရှုံးသွားပြီး ယခု သူ့အသက်ပင် အန္တရာယ်ရှိနေပြီ ဖြစ်၏။

ဤသို့သော အခြေအနေအောက်တွင် သူက ရီဖူရှင်းအား သတ်ဖြတ်ပြီး အသက်ရှင်လျက် ထွက်ခွာသွားနိုင်လျှင်ပင် မိသားစုအတွင်း သူ၏ အဆင့်အတန်းက ကျဆင်းသွားမည်သာဖြစ်သည်။ သူ၏ အပြုအမူက လှောင်ပြောင်စရာ ဖြစ်လာမည်ဖြစ်ပြီး သူ၏ အခွင့်အာဏာက ယခင်ကနှင့် တူညီသော အဆင့်အတန်းတွင် ရှိတော့မည် မဟုတ်ပေ။

ယခင်အခေါက်များက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့သော ကျွင်းမိသားစုမှ တန်ခိုးရှင်များနှင့် ယှဥ်လျှင် သူသည် အဆိုးဆုံးအပြုအမူတို့အား ပြုမူခဲ့သူ ဖြစ်ပေလိမ့်မည်။

“အဲဒီတော့ ဆုံးဖြတ်ချက်ချပြီးပြီလား။” ရီဖူရှင်းက လေထဲတွင် မျောလွင့်နေပြီး နတ်ရောင်ဝါတို့ ထုတ်လွှတ်နေရင်းက ဆရာယန်ကို မေးလိုက်သည်။ ကျွင်းချိုးယွင်က သေချာပေါက် သတ်ဖြတ်ခံရမည် ဖြစ်သည်။ သို့သော် ဆရာယန်က ကျွင်းမိသားစုဝင် မဟုတ်သော သူနှင့် ကျိန်းသေ ရင်ဆိုင်ရန် မလိုအပ်ပေ။ သူက တိုက်ခိုက်ဖို့ရာ လက်လျှော့ရန် ဆန္ဒရှိလျှင် ရီဖူရှင်းသည် ယခင်က မည်သည်မှ မဖြစ်ပျက်ခဲ့သလို ဟန်ဆောင်ပေးနိုင်ပေသည်။ ပြိုင်ဘက်အနေနှင့် အဋ္ဌမဆင့် တန်ခိုးရှင်တစ်ယောက် လျော့နည်းသွားပါက ရီဖူရှင်းသည် သူ့အခြားပြိုင်ဘက်များပေါ်တွင် အာရုံစိုက်နိုင်မည် ဖြစ်သည်။

“ကောင်းပြီ။”

ဆရာယန်က သက်ပြင်းချလိုက်ပြီး ရီဖူရှင်းအား ​ကြည့်၍ ပြောလိုက်သည်။ “မင်းရဲ့ အရည်အချင်းနဲ့ မင်းသာ မသေခဲ့ရင် အနာဂတ်မှာ အစွမ်းထက်တဲ့သူတစ်ယောက် ဖြစ်လာမှာ သေချာတယ်။ငါတစ်ယောက်တည်းကို မပြောနဲ့ ကျွင်းမိသားစုတောင် မင်းရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ငါပြောရဲတယ်။ ဒီတစ်ကြိမ်မှာ ငါက ကျွင်းမိသားစုနဲ့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို လိုက်ပါဖို့ သဘောတူခဲ့တယ်။ အခု နှစ်ဖက်ပဋိပက္ခ ဖြစ်လာတော့ ကျုပ်က ဘယ်လိုဖြစ်ဖြစ် ကျွင်းမိသားစုဘက်မှာ ရပ်တည်ရမှာပဲ။ အခု ကျုပ်ရဲ့ အင်အားအပြည့်နဲ့ တိုက်ခိုက်ရလိမ့်မယ်။ မင်းက အဲဒီတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိရင် ကျုပ် မင်းကို သတ်ရလိမ့်မယ်။ အဲဒီတိုက်ခိုက်မှုကနေ အသက်ရှင်အောင် လုပ်နိုင်ခဲ့ရင် ကျုပ် ဒီကနေ ချက်ချင်း ထွက်သွားမယ်။ နောက်ပိုင မင်းဘက်က ကျုပ်ကို လက်စားချေချင်တယ်ဆိုလည်း ဖြေရှင်းချက်ပေးနေမှာမဟုတ်ဘူး။ ကြိုက်သလို လုပ်လို့ရတယ်။”

ရီဖူရှင်းက ဆရာယန်ကို ကြည့်လိုက်သည်။ သူက ထိုလူ၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။ သို့အတွက် ထိုအစီအစဥ်နှင့် ပတ်သတ်၍ မည်သည့်ကန့်ကွက်မှုမှ မပြုပေ။

ဆရာယန်က ပြောပြီးသွားသည့်အခါ ရွှေရောင်ကောင်းကင်အလင်းတို့ ထွက်ပေါ်လာပြီး အဘက်ဘက်သို့ ​ပျံ့နှံသွားကာ ထိုဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဆရာယန်၏ ဦးခေါင်းအထက်တွင် ရွှေရောင်ဝင်္ကပါတစ်ခု တောက်ပစွာ ထွက်ပေါ်လာသည်။ ၎င်းက သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုးပင် ဖြစ်ပြီး အသေးစိတ်ကျသော ဝင်္ကပါတစ်ခုနှင့် တူပေသည်။ ကောင်းကင်အလင်းတို့က နေရာအနှံ့သို့ ဖြန့်ကျက်လာသည်နှင့် ရွှေရောင်ဝင်္ကပါက လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရီဖူရှင်းအနီးတွင် ရွှေရောင်ကျောက်တိုင်များ တစ်ခါပေါ်ပေါက်လာပြန်ကာ နေရာတစ်ခုလုံးကို ချိပ်ပိတ်ထားလိုက်သည်။

ဆရာယန်၏ ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး​ ကောင်းကင်ထက်မှ ရွှေရောင်ဝင်္ကပါအနီးတွင် ပြန်ပေါ်လာသည်။ လေထဲတွင် ရပ်နေပြီး သူက လေထဲ၌ ဝဲနေသည့် ရီဖူရှင်းအား ကြည့်လိုက်သည်။

ဘုန်း…

ကြောက်မက်ဖွယ် အလင်းက အပြင်သို့ ထိုးထွက်လာသည်။ အဆုံးမဲ့ရွှေရောင်ကောင်းကင်အလင်းတို့က နေရာတခွင်လုံးကို လွှမ်းခြုံထားလေသည်။ ရွှေရောင်အလင်းတစ်ခုချင်းစီက ရွှေရောင်လှံတစ်လက်အတွင်းသို့ ပေါင်းစပ်သွားသည်ဟု ထင်မှတ်ရသည်။ ကောင်းကင်ထက်မှ မရေတွက်နိုင်သော လှံများ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး ထိုနေရာတစ်ခုလုံးကို ထက်ရှလှသည့် အရိုးထဲထိ အေးစိမ့်သော ဖျက်ဆီးခြင်းစွမ်းအားများဖြင့် လွှမ်းခြုံလိုက်သည်။

ဆရာယန်က အောက်သို့ ကြည့်လိုက်သည်။ သူ၏ လက်ချောင်းနှင့် ညွှန်လိုက်သောအခါ မရေတွက်နိုင်သော ရွှေရောင်အလင်းတန်းများက ရီဖူရှင်းဆီသို့ ပျံသန်းလာကာ ထိုနေရာတစ်ခုလုံးကို အလင်းများအောက် မြှုပ်ပစ်လိုက်သည်။ ဝင်္ကပါမှ ထုတ်လွှတ်လာသော ရွှေရောင်အလင်းများက ရီဖူရှင်းရှိနေရာသို့ အရူးအမူး တိုက်ခိုက်လာသည်။ ဆရာယန်သည် ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဥ်နှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်နိုင်ပေသည်။ လှံများက အရူးအမူးအော်မြည်နေကာ ရွှေရောင်ဝင်္ကပါသည်လည်း ထိန်းချုပ်မရနိုင်အောင် မြည်ဟီးနေသည်။

ရီဖူရှင်းသည် ဖျက်ဆီးခြင်းမုန်တိုင်း ဗဟိုမှ ထွက်ပေါ်လာပြီး အေးစက်ကာ ထိတ်လန့်ဖွယ် အရှိန်အဝါတို့အား ထုတ်လွှတ်နေကာ ဝိုင်းစက်သော လတစ်ဝင်းကို ပေါ်ထွက်လာစေသည်။ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသော မဟာလမ်းစဥ် စွမ်းအားများက ထိုနေရာတစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းထားသည်။ လေဟာနယ်ကိုပင် ဖျက်ဆီးပစ်နိုင်သော ထိတ်လန့်ခြောက်ခြားဖွယ် သတ်ဖြတ်ခြင်းတိုက်ခိုက်မှုက သူ့ထံသို့ ပြေးဝင်လာသော်လည်း အနီးနားသို့ ရောက်လာ​သောအခါ ၎င်းက အားနည်းလာပေသည်။ လှံက နှေးကွေးသွားပြီး ၎င်းတို့တွင် နှင်းနှင့် ရေခဲများဖြင့် လွှမ်းခြုံခံလိုက်ရပေသည်။

လူတိုင်းသည် ရီဖူရှင်းအား ပစ်မှတ်ထားသော ထို အစွမ်းထက်လှသည့် ရွှေရောင်တောက်ပနေသော အလင်းများက နှင်းများနှင့် အေးခဲနေသော ရေခဲများ၏ ဝါးမျိုခြင်းအား ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရပေသည်။ လူအများက ထိတ်လန့်သော အမူအရာတို့ ထုတ်ပြလာသည်။ ယင်းစွမ်းအားက မည်သည်နည်း။

ဆရာယန်က သူ၏ လက်ညှိုးကို အောက်ဘက်သို့ ဆက်လက်ညွှန်ပြလိုက်သည်။ သူ့လက်ချောင်းထိပ်မှ ကောင်းကင်လမ်းစဥ်နှင့် တသားတည်းဖြစ်နေသော ကြောက်မက်ဖွယ် အားကောင်းလှသည့် နတ်အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ သူ၏ လက်ချောင်းထိပ်က အောက်ဘက်သို့ ညွှန်ကာ တိုက်ခိုက်လိုက်သော်လည်း ထိုပြင်းထန်သော တိုက်ခိုက်မှုက ရီဖူရှင်းအား မထိနိုင်ဖြစ်နေလေသည်။

သူက နတ်ဝင်္ကပါစွမ်းအားကိုပင် အပြည့်အဝ ထုတ်ဖော်ခဲ့သော်လည်း ရီဖူရှင်းအား ထိအောင်မစွမ်းဆောင်နိုင်ခဲ့ပေ။ ရီဖူရှင်းအနီးတွင် သီးခြားနယ်မြေတစ်ခု ရှိနေကြောင်းကို သူ ခံစားမိပေသည်။ ထိုသီးခြားနယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် မည်သည့် စွမ်းအားမဆို ရေခဲနှင့် ချိပ်ပိတ်ကာ ဓားစွမ်းရည်ဖြင့် ဖျက်ဆီးခြင်း ခံလိုက်ရပေလိမ့်မည်။

ကြည့်ရှုနေသူများက နတ်ဝင်္ကပါ၏ ဗဟိုကို ကြည့်လိုက်ကြသည်။ ကမ္ဘာကိုပင် ဖျက်ဆီးပစ်နိုင်သော ဖျက်ဆီးခြင်းစွမ်းအားလှိုင်းများက အောက်ဘက်သို့ ဆင်းသက်လာပြီး ရီဖူရှင်းအား မြှုပ်နှံပစ်လိုက်သည်။

“သူသေသွားပြီလား။” လူအများက တစ်ချိန်တည်းမှာ တွေးလိုက်မိကြသည်။ ကျွင်းချိုးယွင်သည်လည်း ထိုနေရာသို့ စူးစိုက်စွာ ကြည့်နေသည်။

ထိုသို့သော တိုက်ခိုက်မှုများက ရီဖူရှင်းအား သတ်ဖြတ်ပစ်နိုင်ပေသည်။ အဆင့်ရှစ်ရန်ဟောင်၏ မဟာလမ်းစဥ်စွမ်းအားက သေချာပေါက်ပင် ရီဖူရှင်းကို ရှင်းလင်းပစ်ရန် လုံလောက်နေပေသည်။

“ဟင်း” ထို့နောက်တွင် ဆရာယန်က သူ့လက်ချောင်းကို ပြန်ဆုတ်လိုက်သည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် ရွှေရောင်အလင်းများက မှိန်ဖျော့လာသည်။ လူအများသည် ထိုအပြုအမူကြောင့် ဇဝေဇဝါဖြစ်သွားကြ၏။ ဤသည်က မည်သည့်အဓိပ္ပါယ်နည်း။

ဆရာယန်က လှည့်ထွက်သွားလေသည်။ “ဒီလူအိုကြီးရဲ့ စွမ်းအားက မလုံလောက်ဘူးပဲ။”

သူ ပြောပြီးသွားသည်နှင့် နတ်ဝင်္ကပါက ပျောက်ကွယ်သွားပြီး ဆံပင်အဖြူနှင့် ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ ထိုပုံရိပ်၏ ဝန်းကျင်နှင့် ကြောက်မက်ဖွယ် ဓားစွမ်းအားများ ဝန်းရံထားသည်။ သူ့ပုံရိပ်မှ အေးစက်သော အရှိန်အဝါတို့အား ထုတ်လွှတ်နေသည်။ ရီဖူရှင်းက ထိုနေရာတွင် ရှိနေဆဲဖြစ်၏။ သူက ခေါင်းကို မော့ကာ ကြည့်လိုက်ပြီး သူ့မျက်လုံးများက ထက်ရှကာ တောက်ပနေဆဲ ဖြစ်သည်။

၎င်းကို ကြည့်ရင်း ကျွင်းချိုးယွင်၏ နှလုံးသားက တုန်လှုပ်သွားသည်။ သူ၏ နက်မှောင်သော မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများ ပေါ်လွင်လာသည်။ ရီဖူရှင်းက ထိုသို့သော တိုက်ခိုက်မှုမှပင် ရှင်သန်ကျန်ရစ်နိုင်သ်လား။

အဋ္ဌမဆင့် ရန်ဟောင်တစ်ယောက်၏ တိုက်ခိုက်မှုက အဆင့်နိမ့်ရန်ဟောင်အား သတ်ဖြတ်ရန် မည်သို့ ကျရှုံးခဲ့ရသနည်း။

ဘုန်း…

ထိုအချိန်တွင် နားအူမတတ် ထိတ်လန့်ခြောက်ခြားဖွယ် အသံတစ်ခုက ကောင်းကင်တွင် ပဲ့တင်ထပ်လာသည်။ အခြားတိုက်ပွဲနေရာတွင်လည်း အနိုင်ရသူကို အဆုံးအဖြတ်ပေးပြီးပြီ ဖြစ်သည်။ ပေ့ကုံးအော့သည် သတ်ဖြတ်နိုင်သော မိုးကြိုးစွမ်းအားတိုက်ကွက်ကို ထုတ်လွှတ်ကာ သူ၏ ပြိုင်ဘက်အား ထိုးဖောက်သွားစေပြီး ထိုလူ့ကို ထိန်းချုပ်မရအောင် တုန်ယင်သွားစေသည်။ သူက သွေးများကို အန်ထုတ်လိုက်ပြီး မျက်နှာက သရဲတစ်ကောင်လို ဖြူဖျော့နေသည်။

သူက ရှုံးနိမ့်သွားပြီဖြစ်သည်။ ဤတိုက်ပွဲသည် အဋ္ဌမဆင့်ရန်ဟောင်များကြားမှ တိုက်ပွဲဖြစ်သော်လည်း သူက ပေ့ကုံးအော့၏ ထောင်ချောက်တွင် ကျရှုံးခဲ့ရုံသာမက ပေ့ကုံးအော့ တန်ပြန်တိုက်ခိုက်မှုကြောင့် ဒဏ်ရာပင် ရခဲ့သည်။ သူ၏ မဟာလမ်းစဥ်နယ်မြေသည် ဖုန်မှုန့်များအဖြစ်သို့ ပြိုကျပျက်စီးသွားပေသည်။

အဆင့်ရှစ်ရန်ဟောင် သုံးယောက်တွင် နောက်တစ်ယောက်က ထပ်၍ ရှုံးနိမ့်သွားကာ ဒဏ်ရာအများအပြားရရှိသွားသည်ဖြစ်ရာ တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

အဆင့်ရှစ်တန်ခိုးရှင်များကြားတွင် ကျွင်းချိုးယွင်ရှေ့၌ ကာကွယ်ပေးနေသည့် တစ်ယောက်သာ မည်သည့်ဒဏ်ရာမှ မရထားခြင်းဖြစ်သည်။

သို့သော် အခြေအနေက လုံးဝ အလှည့်အပြောင်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ အခြားသော သတ္တမဆင့်ရန်ဟောင် နှစ်ယောက်သည် ရီဖူရှင်းကိုဖြစ်စေ ပေ့ကုံးအော့ကိုဖြစ်စေ အနိုင်ရနိုင်သည့် အခွင့်အရေး မရှိပေ။ သူတို့က သေခြင်းတရားနှင့် ရင်ဆိုင်ရမည်ဟုပင် ဆိုနိုင်ပေသည်။ သူတို့က တိုက်ပွဲ၌ ပါဝင်လျှင် ပေ့ကုံးအော့ဖြစ်စေ ရီဖူရှင်းကိုဖြစ်စေ ရပ်တန့်နိုင်စွမ်း မရှိကြချေ။

ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံရှည်က တဖျတ်ဖျတ် လွင့်နေပြီး နှင်းများလွှမ်းခြုံထားသော သူ့ခန္ဓာကိုယ်က ချက်ချင်းပျောက်ကွယ်သွားပေသည်။ သူ၏ တိုက်ခိုက်မှုက ကျွင်းချိုးယွင်ထံ တည့်တည့်တိုးဝင်သွား၏။ သတ္တမဆင့်ရန်ဟောင်များက ဘယ်ညာတွင် နေရာယူထားစဥ်၌ အဆင့်ရှစ်ရန်ဟောင်က အရှေ့တည့်တည့်တွင် စောင့်ကြပ်ပေးနေသည်။

သူတို့၏ ကျင့်ကြံဆင့်က အလွန် မြင့်မားပါသော်လည်း ရီဖူရှင်းနှင့် ရင်ဆိုင်ရသောအခါ ထိုသုံးယောက်သည် အလွန်အစွမ်းထက်သော ရန်သူတစ်ယော​က်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားကြရပေသည်။ အဆင့်ခုနစ်ရန်ဟောင်နှစ်​ယောက်၏ မျက်လုံးများထဲတွင် ပြင်းထန်သည့် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ရီဖူရှင်းအတွက် အဆင့်ရှစ်ရန်ဟောင်ကို ရင်ဆိုင်ရန် အနည်းငယ် အခက်အခဲရှိသော်လည်း အဆင့်ခုနစ်အဆင့် ရန်ဟောင်ကို တိုက်ရိုက်သတ်ပစ်နိုင်ပေသည်။

ရီဖူရှင်းအား ကြည့်လာသည့် ကျွင်းချိုးယွင်၏ မျက်လုံးထဲတွင် အမုန်းတရားများအပြင် ကြောက်ရွံ့မှုများလည်း စွန်းထင်းနေသည်။

သူ၏ အဆိုးဝါးဆုံးအိပ်မက်ထဲမှာပင် ဖန်းလိုင်နတ်ဘုရားဘုံ၌ တွေ့ဆုံခဲ့သော ပြင်ပကုန်းမြေများမှ တန်ခိုးရှင်တစ်ယောက်ကြောင့် သူတို့အားလုံး၏ အသက်များကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် စွန့်လွှတ်ခဲ့ရမည်ဟု ထင်မှတ်မထားခဲ့ဖူးပေ။

ရီဖူရှင်းက လေထဲတွင် ရပ်ကာ ကျွင်းချိုးယွင်ကို ကြည့်၍ ပြောလိုက်သည်။ “ဖန်းလိုင်နတ်ဘုရားဘုံမှာ တွေ့တဲ့အချိန်ကနေစပြီး အခုထိ မင်းက ကျုပ်နဲ့ ဘယ်တုန်းကမှ ကိုယ်တိုင်ရင်မဆိုင်ခဲ့ဘူး။ ဘယ်လောက် သူရဲဘောကြောင်လိုက်သလဲ။”

ရီဖူရှင်း၏ စကားလုံးများကို ကြားသည့်အခါ ကျွင်းချိုးယွင်သည် ပြင်းထန်စွာ စော်ကားခံလိုက်ရသလို ခံစားမိပေသည်။ သို့ဆိုလျှင်ပင် သူသည် အဆင့်ရှစ်ရန်ဟောင်နောက်တွင်သာ ပုန်းနေဆဲဖြစ်ပြီး ထွက်မလာရဲသည့်အတွက် သူ့က ပို၍ပင် ပျော့ညံ့နုံချာပုံပေါ်နေသည်။

ထိုမြင်ကွင်းတစ်ခုလုံးက အလွန်ပင် လှောင်ပြောင်ချင်စရာကောင်းလှသည်။

သူထိုသို့ ပြုမူနေသည့်အတွက် သူ၏ နောက်လိုက်များဖြစ်သော ရာချီသည့် ရန်ဟောင်များကို ထိုသို့ရင်နာစရာအဖြစ်သို့ ရောက်ရှိစေခဲ့ခြင်း ဖြစ်သည်။

“မင်း ကိုယ်တိုင် ထွက်လာမလား မဟုတ်ရင် ငါကိုယ်တိုင် လှုပ်ရှားဖို့လိုလား။” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ သူက ကျွင်းချိုးယွင်ကို သတ်ရန် မရည်ရွယ်ပေ။ သူ့ကို အသက်ရှင်လျက်ထားကာ အသုံးချစရာ ကိစ္စရပ်အချို့ ရှိနေသေးသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset