အပိုင်း(၁၉၂၁)

အနန္တဓား

“သတိထား….” ကျွင်းကလန်အုပ်စုမှ တစ်ယောက်က အော်ဟစ်လိုက်သည်။ အသံလှိုင်းသည် စိတ်ဝိညာဉ်များအား ပျက်စီးစေနိုင်သည်။ အသံလှိုင်းကား ပြင်းထန်လွန်းရကား အဆင့်မြင့်ရန်ဟောင်ထက်နိမ့်သော တန်ခိုးရှင်များအားလုံး အသက်သေဆုံးသွားနိုင်သည်။

ဟူး…

အဆင့်ရှစ်ရန်ဟောင်တစ်ဦးက ရီဖူရှင်းထံသို့ ပျံသန်းသွားသည်။ ရီဖူရှင်းဘေးတွင် မရေမတွက်နိုင်သော ရွှေရောင်သင်္ကေတများလှည့်ပတ်နေပြီး ဗုဒ္ဓပုံရိပ်တစ်ခုသည် ကောင်းကင်၌ ဖြစ်ပေါ်လာသည်။

စက္ကန့်ပိုင်းလောက်က ရီဖူရှင်းသည် ကမ်းပါးမှ ပညာရပ်ကို ဆက်ခံကာ မဟာလမ်းစဉ်စွမ်းအားကိုလည်း ရရှိခဲ့သည်။ အထူးသဖြင့် ၄င်းသည် မိစ္ဆာသတ်ဖြတ်ခြင်းရဟန်းတေးသွားနှင့် သင့်တင့်စွာ သုံးနိုင်သော လမ်းစဉ်စွမ်းအားဖြစ်သည်။

ယခု သူ၏တိုက်ခိုက်မှုက သတ္တမအဆင့်ရန်ဟောင်ကိုပင် သတ်ဖြတ်နိုင်ပြီဖြစ်သည်။

တစ်ဘက်မှ တန်ခိုးရှင်က လက်ကိုမြှောက်ကာ လေထုကို ဖမ်းဆုပ်လိုက်သည်။ ကောင်းကင်တွင် ဧရာမလက်ကြီးတစ်ခုဖြစ်ပေါ်လာကာ ကျယ်လောင်သံနှင့်အတူ ရီဖူရှင်းအား ဖမ်းဆုပ်လိုက်၏။

သို့သော်လည်း ပေ့ကုန်းအော့က လျပ်တပြက် လှုပ်ရှားလိုက်သည်။ သူက မိုးကြိုးဓားသွားတစ်ချက်ကို ထုတ်လွှတ်လိုက်၏။ မိုးကြိုးဓားသွားသည် တစ်ဘက်မှ လက်ဝါးကို နှစ်ခြမ်းပိုင်းပစ်လိုက်သည်။

“ကျုပ် သူ့ကို တားထားမယ်” ကျွင်းကလန်တန်ခိုးရှင်က ပြောကာ သူက လေထဲကို ခုန်တက်သွားပြီး ပေ့ကုန်းအော့နှင့် တိုက်ခိုက်၏။

ရီဖူရှင်းဘေးတွင်ကား အဆင့်ရှစ်ရန်ဟောင်တစ်ပါးသာ ရှိသည်။ သူက ပေ့ကုန်းအော့ကို ထိန်းချုပ်နိုင်လျှင် တခြားသော အဆင့်ရှစ်ရန်ဟောင်များက ရီဖူရှင်းကို တိုက်ခိုက်နိုင်ပြီဖြစ်သည်။ ကျွင်းချိုးယွင်ဘေးတွင် နောက်ထပ် အဆင့်ရှစ်ရန်ဟောင် သုံးဦး ရှိသေး၏။

ကျွင်းချိုးယွင်ဘေးတွင် အဆင့်ရှစ်ရန်ဟောင်တစ်ပါးက သူ့အား ကာကွယ်ပေးကာ နောက်နှစ်ယောက်က ရီဖူရှင်းကို တိုက်ခိုက်ရန် ရှေ့ကို တက်လာကြသည်။ သူတို့ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ပျံ့လွင့်လာ၏။

တခြားသော ရန်ဟောင်များကား ရီဖူရှင်း အနီးကို မကပ်ရဲကြပေ။ မိစ္ဆာသတ်ဖြတ်ခြင်းရဟန်းတေးသွားသည် အဆင့်ခြောက်ရန်ဟောင်နှင့် အောက်အဆင့်မှ တန်ခိုးရှင်များအားလုံးကို သတ်ဖြတ်နိုင်၏။

အဆင့်ရှစ်ရန်ဟောင်တစ်ပါးက လေထဲတက်လာသည်။ ကောင်းကင်တွင် ရွှေရောင်များ လင်းလက်လာခဲ့ကာ လှပသော ပန်းချီကားတစ်ချပ် ပေါ်လာ၏။

ကျယ်လောင်သံနှင့်အတူ ကောင်းကင်တွင် မရေမတွက်နိုင်သော ကျောက်တိုင်များ ပေါ်လာသည်။ ကျောက်တိုင်များသည် ကောင်းကင်ကို ဖုံးအုပ်သွား၏။

ဘုန်း…

လေထုသည် သိမ့်သိမ့်တုန်သွားသည်။ ဧရာမကျောက်တိုင်များသည် နေရာရှစ်ခုသို့ သွားရောက်စိုက်ကာ ရီဖူရှင်းကို ဗဟိုပြုလျှက် သူ့အား ပိတ်ဆို့သွားသည်။ ကျောက်တိုင်များမှ အလင်းများသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားကာ အလင်းကွန်ယက်အသွင်သို့ ဖြစ်ပေါ်လာ၏။

အဆင့်ရှစ်ရန်ဟောင်က လက်နှစ်ဘက်ဖြင့် သင်္ကေတတစ်ခု ထုတ်ဖော်လိုက်လျှင် ရွှေရောင်အလင်းများသည် နဂါးကြီးအသွင်သို့ ပြောင်းလဲသွား၏။

“သူ့ကို သတ်…” အဆင့်ရှစ်ရန်ဟောင်က အမိန့်ပေးသည်။ နဂါးကြီးသည် ရီဖူရှင်းအား သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ပျံသန်းလာသည်။

“ဟမ်… ဝင်္ကပါဆရာ…” ရီဖူရှင်းက လေထဲမှ ရန်ဟောင်အား ကြည့်သည်။ နဂါးကား ဝင်္ကပါမှ မွေးဖွားလာခြင်းဖြစ်သည်။

စန့်ကွင်းချိုးရယ်သည် ပုံမှန်အားဖြင့် တိုက်ခိုက်လိုက်သော ရန်ဟောင်၏နောက်ခံကို သိပေသည်။ သူကား သတ္တုဓာတ်ကို အထူးပြုသော စွမ်းအားကြီး ဆေးဝါးပညာရှင်တစ်ဦးဖြစ်သည်။ သူ့သည် စွမ်းအားမှာ အလွန်ကြီးမားကာ ကျွင်းမိသားစုမှပင် တလေးတစား ဆက်ဆံရသည်။ သူကား ဆရာရန်အဖြစ် လူသိများ၏။

ရီဖူရှင်းက သူ၏တိုက်ခိုက်မှုကို မည်သို့ခုခံနိုင်မည်နည်း။

ထို့အပြင် ဤသို့ အဆင့်မြင့်ဆေးဝါးပညာရှင်နှင့် ရင်ဆိုင်ရာတွင် စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် အသုံးမဝင်ပေ။ ထို့ကြောင့်ပင် ဆရာရန်က ရီဖူရှင်းကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရီဖူရှင်းထံမှ အေးစက်သော ဓားအငွေ့အသက်များ ထွက်ပေါ်လာည်။ ဓားစွမ်းအားများသည် အဆုံးမဲ့ထက်ရှသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွား၏။

ဟူး…

ဓားသည် ရုတ်တရက် စူးရှလင်းလက်လာခဲ့ကာ အလင်းတန်းအသွင်ဖြင့် လေထုကို ခွင်းသွားသည်။ နဂါးကြီးက ရီဖူရှင်းထံသို့ မရောက်မှီတွင်ပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲပျောက်ကွယ်သွား၏။

“မင်း မလွတ်နိုင်ပါဘူး” ဆရာရန်က အေးစက်စွာ ပြောသည်။ သူကား ရီဖူရှင်းကို ဝင်္ကပါထဲ၌ ပိတ်လှောင်ထားပြီးဖြစ်သည်။ ၄င်းအား အာကာသစွမ်းအားဖြင့်ပင် ထွက်ပြေး၍ မဖြစ်နိုင်။

ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်လျှင် နတ်ဓားသည် အလင်းကွန်ယက်ကို သွားရောက်တိုက်ခိုက်၏။

စူးရှသော အသံတစ်သံနှင့်အတူ အလင်းကွန်ယက်၌ အက်ကြောင်းတစ်ခု စတင်ဖြစ်ပေါ်လာသည်။

ဆရာရန်က ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။ ခဏအကြာ အလင်းကွန်ယက်သည် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး အလင်းတန်းတစ်ခုသည် သူ့ထံသို့ ဆက်လက်ပျံသန်းလာခဲ့သည်။

ဟူး…

အသံလှိုင်းတစ်ခုသည် လေထဲလွင့်လာကာ ဆရာရန်အား တိုက်ခိုက်၏။ ဆရာရန်သည် သူ၏စိတ်ဝိညာဉ် ပြင်းထန်စွာ တုန်ခါမှုကို ခံစားရသည်။ သူက အနည်းငယ်သာ ကြောက်စိတ်များဖြစ်လာသည်။ သူက လက်ဝါးဖြင့် အောက်ကို ရိုက်ချလိုက်၏။ ထိုအခိုက်တွင် လှပသော စာလုံးတစ်ခုသည် ရီဖူရှင်းထံသို့ ကျဆင်းလာ၏။

လေထဲတွင် ထောင်ပေါင်းများစွာသော ဓားပုံရိပ်များ ပေါ်လာသည်။ ၄င်းတို့က ရီဖူရှင်းထံသို့ပျံသန်းသွားကြကာ ဓားတစ်လက်တည်းအဖြစ် ပေါင်းစပ်သွားသည်။

ဟူး…

ဓားသည် ကောင်းကင်ကို တက်သွားကာ အမှန်တကယ် ပန်းချီကားအား ဖျက်ဆီးသွားခဲ့သည်။ ကောင်းကင်၌ အလင်းပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာပြီး ဆရာရန်ကို ကာကွယ်ထားသော အလင်းအရံအတားသည်ပင် ဓားအားလှိုင်းများကြောင့် အက်ကြောင်းများဖြစ်လာသည်။ ဆရာရန်က ထိတွေ့မှုကြောင့် နောက်ကို ဆုတ်သွားရသည်။

“သူက ဘယ်လောက်တောင် သန်မာတာလဲ” အနီးမှ လူများအားလုံးမှာ ထိတ်လန့်သွားကြသည်။

“သူက ဓားတောင်ထိပ်က ဓားစွမ်းအားကို ပိုင်ဆိုင်တယ်။ အခုကမ်းပါးက ပညာရပ်ကိုပါ ထပ်ပေါင်းရင် သူ့စွမ်းအားက အရမ်းကြီးမားလာတယ်” ဟယ်လျန်ယိုက မှတ်ချက်ချသည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် သူ၏မူလနေရာမှ ပျောက်ကွယ်သွား၏။ ကောင်းကင်ထက်တွင် လှပသော အလင်းကွေးတစ်ခု ဖြစ်ပေါ်လာ၏။

အဝေးတွင် ရန်ဟောင်တချို့ ထိတ်လန့်သွားကြ၏။ သူတို့အားလုံးထံသို့ ပျံ့လွင့်လာသော စိတ်အားလှိုင်းကို ခံစားမိကြသည်။ ၄င်းနောက်မှ ဓားအလင်း လိုက်ပါလာ၏။

“သတိထား…” ဆရာရန်က လှမ်းအော်လိုက်၏။ သို့သော်လည်း သူ၏သတိပေးမှုက နောက်ကျသွားသည်။ ဓားများသည် ထိုရန်ဟောင်များကို ဖြတ်တောက်သွားကာ သူတို့မှာ မည်သို့ သေဆုံးသွားသည်ကိုပင် မသိလိုက်ကြပေ။

ဆရာရန်က ရှေ့ကို တက်ကာ ရီဖူရှင်းနောက်ကို လိုက်ရန် ပြင်သည်။

သို့သော် ရီဖူရှင်း တဖန် ပျောက်ကွယ်သွားပြန်၏။

သူသည် အဆင့်ခုနစ်ရန်ဟောင်တစ်ဦး၏နောက်၌ ပေါ်လာသည်။

အသံလှိုင်းသည် သူ့ထံသို့ ရိုက်ခတ်လာပြန်ကာ သူ့စိတ်နယ်ပယ်ကို ထွေပြားမူးဝေစေသည်။

“အသံကြောင့် စိတ်မထွေပြားစေနဲ့…” ဆရာရန်က အော်ဟစ်၏။ ကျွင်းချိုးယွင်ဘေးမှ အဆင့်ရှစ်ရန်ဟောင်၏အမူအရာလည်း ပြောင်းလဲသွားသည်။ ရီဖူရှင်း၏မိစ္ဆာသတ်ဖြတ်ခြင်းရဟန်းတေးသွားက ထိုမျှ စွမ်းမည်ဟု သူမထင်ထား။ ၄င်းက အဆင့်မြင့်ရန်ဟောင်ကိုပင် တိုက်ခိုက်နိုင်သည်။

“သူက ကမ်းပါးက စွမ်းအားကိုလည်း ဆက်ခံရရှိခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ မိစ္ဆာသတ်ဖြတ်ခြင်းရဟန်းတေးသွားဟာ အရမ်းစွမ်းအားမြင့်တယ်” ကျွင်းချိုးယွင်ဘေးမှ အဆင့်ရှစ်ရန်ဟောင်က ပြောသည်။ သူက ပြောနေစဉ်မှာပင် နောက်ထပ် ဓားရောင်တစ်ချက် လက်သွားသည်။

ရှလပ်…

ဓားစွမ်းအားကား အဆုံးမဲ့၏။ မည်သည့်ရုပ်ဝတ္ထုအတားအဆီးဖြင့်မဆို ၄င်းသည် အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်းရှိဟန်ရ၏။ ရီဖူရှင်းသည် အဆင့်ခုနစ်ရန်ဟောင်၏နောက်တွင်ပေါ်လာသည်။ ဓားကား တစ်ဘက်လူ၏နောက်ကျောကို ထွင်းဖောက်သွားပြီးဖြစ်သည်။

အဆင့်ခုနစ်ရန်ဟောင်ကား ဓားတစ်ချက်တည်းဖြင့် အသတ်ခံရသည်။

၄င်းမြင်ကွင်းကို ကြည့်ကာ ရန်ဟောင်များအားလုံး ကြောက်လန့်သွားကြ၏။

အဆင့်နိမ့်ရန်ဟောင်တစ်ဦးက အမှန်တကယ်ပင် အဆင့်မြင့်ရန်ဟောင်များကို သတ်ဖြတ်နိုင်သည်။ ဤသည်က မျက်မြင်မဟုတ်ပါက ယုံနိုင်ဖွယ်ပင် မရှိပေ။

စန့်ကွမ်းချိုးရယ်သည် ရီဖူရှင်းကို ကြည့်ကာ မည်သို့ တွေးရမည်ကိုပင် မသိတော့။ သည်ခွေးကောင်က ထပ်မံ၍ အံ့ဖွယ်တစ်ခု လုပ်ဆောင်လိုက်ပြန်သည်။ သူ၏တကယ့်စွမ်းအားက ထိုမျှ ကြောက်မက်ဖွယ်ကောင်းမည်ဟု သူမ မထင်ထားပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset