ကျဆုံးသွားခြင်း…။
ကျွင်းချိုးယွင်၏မျက်နှာက သုန်မှုန်နေသည်။ သတ္တမအဆင့်ရန်ဟောင်သည်ပင် အနီးကပ်လုပ်ကြံရာ၌ ကျရှုံးခဲ့သည်လား။
ရီဖူရှင်းကား အဆင့်နိမ့်ရန်ဟောင်မျှသာဖြစ်သည်။ သို့တိုင်အောင် သူက ကျရှုံးခဲ့၏။
သူ၏နောက်လိုက်များအားလုံးက ဝိုင်းဝန်းတိုက်ခိုက်သလို အနီးကပ်လည်း လုပ်ကြံခဲ့၏။ သို့သော်လည်း သူသည်သာ အရှက်တကွဲဖြစ်ရသည်။
ထိုအခိုက်တွင် ကမ်းပါးမှ ဗုဒ္ဓအလင်းများကား မကောင်းဆိုးဝါးမိစ္ဆာများကို နှိမ်နှင်းမည့်အလား ပိုမိုလင်းလက်တောက်ပလာခဲ့သည်။
ဟူး…
အသံလှိုင်းတစ်ခု ဖြတ်သန်းသွား၏။ ချက်ချင်းပင် ထိုနေရာမှ တန်ခိုးရှင်များအားလုံးမှာ တစ်စုံတစ်ခုကို ကြားရန်ပင် ခက်ခဲလာပြီး သူတို့၏စိတ်ဝိညာဉ်များမှာ ကြီးစွာ တုန်ခါမှုဖြစ်ပွားသည်။ သူတို့အားလုံးက စွမ်းအားများကို အစွမ်းကုန်ထုတ်သုံးကာ ခုခံကြရ၏။
“သတ်…” ရီဖူရှင်းက ပြောလျှင် အသံလှိုင်းသည် ကျွင်းကလန်မှ တန်ခိုးရှင်များအားလုံးကို သတ်ဖြတ်ရန် ကြိုးစား၏။
“နောက်ဆုတ်…” အဆင့်ရှစ်ရန်ဟောင်တစ်ဦးက အော်ဟစ်လိုက်လျှင် အသံသည် မိုးခြိမ်းသံအလား တန်ခိုးရှင်များ၏နားထဲကို ဝင်လာကာ နိုးထစေသည်။ တချိန်တည်းတွင် ကျွင်းချိုးယွင်ရှေ့မှ တန်ခိုးရှင်များက အလင်းအရံအတားတစ်ခုကို စီမံကာ သူ့အား ကာကွယ်ပေးကြသည်။
မမြင်ရသော လှိုင်းက ဖြတ်တိုက်သွားလျှင် အလင်းအရံအတားသည် တိုက်ရိုက်ပြိုကွဲသွားကာ တန်ခိုးရှင်များမှာ စိတ်ဝိညာဉ်များ ပြင်းထန်စွာ တုန်ခါမှုကို ခံစားရ၏။ တချို့ အဆင့်မြင့်ရန်ဟောင်များသည်ပင် မျက်နှာများ ပြာနှမ်းသွားကာ ပါးစပ်မှ သွေးအန်ကြရသည်။
အသံလှိုင်းသည် ကျွင်းချိုးယွင်ကိုလည်း လာရောက်ရိုက်ခတ်၏။ သူက နတ်ဝိညာဉ်လက်နက်တစ်ခုကို ထုတ်ကာ ကာကွယ်သော်လည်း နောက်ကို လွင့်သွားကာ ပါးစပ်မှ သွေးတစ်လုပ် အန်သည်။
“နောက်ဆုတ်…” လူအုပ်သည် နောက်ဆုံးတွင် ကြောက်လန့်တကြား နောက်ဆုတ်ကြ၏။ သို့သော်လည်း အဆင့်နိမ့်ရန်ဟောင်များမှာ အသံလှိုင်း၏တိုက်ရိုက်သတ်ဖြတ်ခြင်း ခံရသလို တချို့ အလယ်အလတ်အဆင့် ရန်ဟောင်များသည်ပင် အောင်မြင်စွာ ဆုတ်ခွာနိုင်ခြင်း မရှိပေ။
ကမ်းပါးမှ တေးသွားပညာရပ်ကား ကြောက်မက်ဖွယ်ကောင်းလှသည်။
ကျန်ရစ်သော တန်ခိုးရှင်များအားလုံး ကမ်းပါးနှင့် ဝေးရာသို့ ဆုတ်သွားကြ၏။ အများစုမှာ ဒဏ်ရာရသွားကာ အချိန်ကြာမြင့်စွာ ကုစားရန် လိုအပ်၏။
ဗုဒ္ဓရောင်ဝါများကား ကမ်းပါးကို လွှမ်းခြုံထားဆဲဖြစ်သည်။ ၄င်းသည် ထည်ဝါမြင့်မြတ်ကာ ငြိမ်းချမ်းမှုကို ပေး၏။ ထိုစွမ်းအားက တန်ခိုးရှင်များကို သတ်ဖြတ်သွားမည်ဟု မည်သူက တွေးထင်နိုင်မည်နည်း။
“စွမ်းအားကြီးလိုက်တာ…” လူတိုင်းက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။
ပို၍ အံ့အားသင့်စရာကောင်းသည်ကား ရီဖူရှင်းသည် ကမ်းပါးမှ ဗုဒ္ဓစွမ်းအားကို ထိန်းချုပ်နိုင်ခြင်းပင်။
ဆိုလိုသည်က ရီဖူရှင်းသည် ၄င်းပညာရပ်ကို အပြည့်အဝ နားလည်သွားခြင်းပင်။
ကျွင်းချိုးယွင်၏မျက်နှာက အကျည်းတန်နေသည်။ သူကား အကြီးအကျယ် အရှက်ကွဲခြင်းဖြစ်သည်။
အစကနေ အဆုံးအထိ ရီဖူရှင်းက သူ့အား အလေးမထားခဲ့။
သူ့ဘေးမှ အဆင့်မြင့်ရန်ဟောင်က ကျွင်းချိုးယွင်ကို ကြည့်သည်။ သူတို့၏မျက်နှာလည်း သိပ်မကောင်းတော့။ လူတစ်ယောက်တည်းက တစ်ဖွဲ့လုံးအား ဖိနှိပ်ခဲ့ခြင်းမှာ မည်မျှ အရှက်ရစရာ ကောင်းလိုက်သနည်း။
ထို့အပြင် သူတို့က ရီဖူရှင်းအား မည်သို့မှ မလုပ်နိုင်ခဲ့။ သူတို့က သူ့အနီးကိုပင် မကပ်နိုင်။
“သူ ကမ်းပါးက ထွက်သွားတဲ့အချိန်အထိ စောင့်မယ်” ကျွင်းချိုးယွင်က ပြောသည်။ သူ၏အသံကား တောင့်နေကာ ဝမ်းနည်းခြင်း ဝမ်းသာခြင်း ကင်း၏။ သို့သော်လည်း သူ၏မျက်လုံးထဲမှ ရီဖူရှင်းကို သတ်ဖြတ်လိုစိတ်ကိုကား လူတိုင်းက မြင်တွေ့နေရသည်။
ကမ်းပါးအပြင်ဘက်တွင် ရီဖူရှင်းက သေချာပေါက် သူတို့လက်ထဲမှ လွတ်မည် မဟုတ်ပေ။
“ကောင်းပြီ…” အနီးမှ လူများက ခေါင်းညိတ်ကြသည်။ သူတို့အားလုံးက ရီဖူရှင်းကို ကြည့်ကာ ငြိမ်သက်စွာ စောင့်ကြည့်နေကြ၏။
ကမ်းပါးဘေးတွင် လူအများအပြားက ကျွင်းချိုးယွင်၏ရည်ရွယ်ချက်ကို နားလည်ကြသည်။
သူတို့က ရီဖူရှင်း ကမ်းပါးမှ ထွက်မည့်အချိန်ကို စောင့်နေကြ၏။
ရီဖူရှင်း ကမ်းပါးမှ မည်သည့်အခါမှ ထွက်မသွားခဲ့မှသာလျှင်…။
အင်ပါယာဟယ်လျန်နှင့် ပေ့ကုန်းအော့တို့ကလည်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချက်ကား အမှန်တကယ် စိုးရိမ်စရာ ကိစ္စဖြစ်သည်။
ရီဖူရှင်းကား ဂရုစိုက်ဟန်မတူ။ သူက လူအုပ်ကို တစ်ချက်ကြည့်ကာ ယွင်ကျိန်းကို စိုက်ကြည့်၏။ ထိုအဖြစ်က ယွင်ကျိန်းအား အနည်းငယ် သတိထားမိစေသည်။ သူက ကျွင်းချိုးယွင်နှင့် လာခဲ့ခြင်းဖြစ်ကာ တိုက်ပွဲ၌ တိုက်ရိုက်ပါဝင်ခြင်းတော့ မရှိခဲ့ချေ။
ဖြစ်ပျက်ခဲ့သမျှက သူ့အား အကြီးအကျယ် အံ့အားသင့်စေခဲ့သည်။ ရီဖူရှင်းသည် ကမ်းပါးမှ ပညာရပ်ကို နားလည်ခဲ့ကာ တန်ခိုးရှင်အများအပြားကို သတ်ဖြတ်ခဲ့၏။ သို့သော်လည်း ရီဖူရှင်းက သူ့အား တခဏတာမျှသာ ကြည့်ကာ ကမ်းပါးကို မျက်နှာမူ၍ ဆက်လက်ကျင့်ကြံနေသည်။
ဖြစ်ပျက်ခဲ့သမျှက အိပ်မက်အလား…။
အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ မယုံကြည်နိုင်ကြပေ။ ရီဖူရှင်းက အရာအားလုံးကို သိပ်အလေးထားဟန်ပင်မတူ။
ပေ့ကုန်းအော့ကလည်း နားမလည်စွာ ကြည့်သည်။ ရီဖူရှင်းက တစ်ဘက်လူအား မည်သည့်အခါကမှ အလေးမထားသည်ကို သူ သတိထားမိသည်။ သူက တုံ့ယွင်အိမ်တော်၌ လျိုဟန်နှင့် ယန်တုံ့ချင်းတို့အား မည်သည့်အခါကမှ ဂရုမစိုက်ခဲ့သည့်အတိုင်းဖြစ်သည်။
သူက ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုများကို အလေးထားစရာမလိုသည်လား။
ရီဖူရှင်းက မည်မျှ ပါရမီကောင်းမွန်သည်ဆိုသည့်တိုင် သူ၏ယုံကြည်ချက်က မည်သည့်နေရာမှ လာသနည်း။
ရီဖူရှင်းဘေးမှ စန့်ကွင်းချိုးရယ်က ယွင်ကျိန်းအား ကြည့်ကာ ပြောသည် “ရှင်က ဒီမှာ ကျင့်ကြံမှာလား။ ဒါမှ မဟုတ် ကိုယ့်ဘာသာ ထွက်သွားမှာလား”
ယွင်ကျိန်းက သူမအား ကြည့်ကာ ပြုံးသည် “စန့်ကွမ်း… မင်း ဘာဖြစ်ချင်တာလဲ”
“ရှင်က ဒီမှာ ပြဿနာရှာရဲတော့မယ်လို့ ကျွန်မ မထင်ဘူး” စန့်ကွမ်းချိုးရယ်က နှာခေါင်းရှုံ့သည်။ ထို့နောက် သူမက ရီဖူရှင်းကို ကြည့်ကာ စိတ်ဖြင့် ပြောသည် “တကယ်လို့ ကျွင်းကလန်က ပြဿနာရှာရင် ကျွန်မ ကူညီနိုင်တယ်။ ရှင် ကမ်းပါးက ထွက်ရင် ဆက်တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး”
“ကျေးဇူးပဲ… ဒါပေမဲ့ မလိုဘူး” ရီဖူရှင်းက ထိုသို့ပြောလျှင် စန့်ကွမ်းချိုးရယ်၏မျက်နှာ၌ စိတ်ဝင်စားသော အမူအရာပေါ်လာသည်။
ရီဖူရှင်းက ကမ်းပါးကို မျက်နှာမူ၍ ဆက်လက်ကျင့်ကြံ၏။ ထိုအဖြစ်က စန့်ကွင်းချိုးရယ်အား ဆွံ့အစေသည်။ သူမအား သူက အမှန်တကယ် လျစ်လျူရှုနေသည်။
သူမက အနည်းငယ် စိတ်ဖိစီးသွားသော်လည်း ကမ်းပါးက တဖန် နတ်အလင်းများ ထွက်ပေါ်လာ၏။ ဤတွင် စန့်ကွမ်းချိုးရယ်လည်း သဘောမကျသည့်စိတ်ကို ချိုးနှိမ်ကာ သူမလည်း ဆက်လက်ကျင့်ကြံသည်။ သည်လူကား အလွန်ပါရမီမြင့်၏။ သူ၏အကူအညီဖြင့် ကမ်းပါး၌ ကျင့်ကြံခြင်းက သူမအတွက် အလွန် အကျိုးရှိသည်။
ရင်ဆိုင်တိုက်ခိုက်ခြင်းက ခဏတာ ရပ်တန့်သွားသည်။ ကျွင်းချိုးယွင်တို့ကလည်း အပြင်၌ ဆက်လက်၍ စောင့်ဆိုင်းကြ၏။
ကမ်းပါးမှ ထူးခြားဖြစ်စဉ်များမှာပင်း ပိုမိုသိသာထင်ရှားလာသည်။ ဂီတသင်္ကေတများသည် အဆက်မပြတ် ပေါ်လာခဲ့ကာ ထူးခြားဆန်းပြားသော အရောင်အဝါများလည်း ကောင်းကင်၌ ထိန်လင်းနေသည်။ ကမ်းပါးမျက်နှာပြင်၌ ဗုဒ္ဓပုံရိပ်သည် ပို၍ ထင်ရှားလာခဲ့ကာ သူ့ထံမှ ရောင်ခြည်များသည် အမှန်ကယ် ရီဖူရှင်းထံသို့ ဦးတည် ဖြန်းပျက်နေ၏။
ထိုအခိုက်တွင် ကမ်းပါးသည် ရုတ်တရက် တုန်ခါလာသည်။
“ဘာဖြစ်နေတာလဲ…” အားလုံးက နားမလည်စွာ ရေရွက်သည်။ ကမ်းပါးမှ ရွှေရောင်သင်္ကေတများသည် ရုပ်လုံးကြွလာကာ ရီဖူရှင်းထံသို့ ပျံသန်းသွားကြ၏။
၄င်းတို့က အလင်းတန်းအသွင်ဖြင့် ရီဖူရှင်း၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သည်ကို အံ့အားသင့်စွာ တွေ့ကြရသည်။
“ဒါ…” လူတိုင်းက ဆွံ့အနေကြသည်။ ကမ်းပါးသည် ဆက်လက်၍ တုန်ခါလာခဲ့ကာ သင်္ကေတများအားလုံး ရီဖူရှင်းနှင့် အဆက်မပြတ် ပေါင်းစပ်သွားပြီး မကြာခင် ကမ်းပါးသည် ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခုဖြစ်ကာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။
ကမ်းပါးကား ပျက်စီးသွားချေပြီ။
မဟာလမ်းစဉ်၏အခွင့်အလမ်းတစ်ခု ထိုအတိုင်း ပျောက်ကွယ်သွား၏။
လူတိုင်းက မယုံကြည်နိုင်စွာဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြ၏။
“နောက်တစ်ခေါက်လား…”
အင်ပါယာဟယ်လျန်နှင့် ပေ့ကုန်းအော့တို့ကလည်း ကျက်သေသေနေကြသည်။ ရီဖူရှင်းက ဓားတောင်ကုန်းတွင်လည်း ဤသို့ လုပ်ခဲ့ဖူးသည်။ ယခု သူက ထပ်လုပ်လိုက်သည်လား။
သူက ကျင့်ကြံရာ၌ တခြားလူများအတွက် အနည်းငယ်မျှပင် ချန်ထားလိုဟန်မတူ။
***