တိုက်ခိုက်နေသူများ ရုတ်တရက် ရပ်တန့်လိုက်ကြ၏။ လေထဲတွင် မဟာလမ်းစဉ်၏စီးကြောင်းများ ဝရုန်းသုန်းကား ထနေသည်။ သို့သော်လည်း တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်သို့ ကျသွားနေသည်ကိုကြည့်ကာ ဘေးမှ ကြည့်နေသူများအားလုံး ကြက်သေသေနေကြ၏။
ချက်ချင်းပင် ရီဖူရှင်းအား တိုက်ခိုက်ကြသော အဆင့်နိမ့်ရန်ဟောင်များအားလုံးမှာ သေဆုံးသွား၏။ သူတို့အားလုံး အသတ်ခံရသည်။
သူတို့အား မဟာလမ်းစဉ်၏သံစဉ်စွမ်းအားများ ရစ်ပတ်ထားသည်။ သူတို့က တေးသွားကို မကြားရသော်လည်း ၄င်း၏တည်ရှိမှုကို ခံစားရ၏။ ကမ်းပါးမှ ဗုဒ္ဓအလင်းများသည် ထိုနေရာအား ဖြန်းပက်ထားသည်။
ဗုဒ္ဓအလင်းကား ကျက်သရေမင်္ဂလာနှင့် ပြည့်စုံကား ငြိမ်းချမ်းမှုကို ပေး၏။ ဤသည်ကား မိစ္ဆာသတ်ဖြတ်ခြင်းတရားတော်ဖြစ်သည်။
ရန်ဟောင်များက ဗုဒ္ဓအား ကြည့်ကြသည်။ အားနည်းသော ရန်ဟောင်များကား ဒူးထောက်ရှီးခိုးလိုစိတ်များပင် ဖြစ်လာကြ၏။
စန့်ကွမ်းချိုးရယ်က ရီဖူရှင်းအား အံ့အားတသင့် ကြည့်နေသည်။ သူကား စွမ်းအားကြီးလွန်း၏။ သူသည် မိစ္ဆာသတ်ဖြတ်ခြင်းရဟန်းတေးသွားကို နားလည်ခဲ့သည်သာမက ကမ်းပါးပေါ်မှ ရွှေရောင်သင်္ကေတများကိုလည်း အသက်ဝင်စေခဲ့သည်။ သူက ၄င်းတို့ကို လမ်းစဉ်အဖြစ် ပြောင်းလဲကာ ကြီးမားသော စွမ်းအားအဖြစ် ထုတ်ဖော်ခဲ့၏။ သူက ထိုစွမ်းအားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဤသို့ ပါရမီကား ထူးခြားဆန်းပြားလွန်းချေသည်။
ပေ့ကုန်းရွမ်နှင့် တခြားလူများမှာ အံ့အားသင့်နေကြသော်လည်း သူတို့မှာ ဤသို့သော ဖြစ်ရပ်များနှင့် အသားကျနေပြီဖြစ်သည်။ သူ ကား လူသားမဟုတ်ပေ။ သူ မလုပ်နိုင်သည့်အရာလည်း ရှိသည်ဟု မထင်ရ။ အရာအားလုံးသည် တုံ့ယွင်အိမ်တော်ရုပ်တု ဖြစ်တည်လာသည်မှ စတင်ခဲ့၏။
ရီဖူရှင်းက တုံ့ယွင်အိမ်တော်ရုပ်တုကို ဖြစ်ပေါ်လာစေခြင်းက ထူးခြာသောကိစ္စမဟုတ်သည်ကို ယခုမှ သူတို့ သိလိုက်ရသည်။ အရှေ့နတ်ဘုရားကျွန်းစုပေါ်တွင် သူ၏ပါရမီသည် အလင်းလက်ဆုံး ဖြစ်လာခဲ့သည်။
မဟာလမ်းစဉ်၏တေးသွားသည် သူတို့ကို ရစ်ပတ်ထားကာ ၄င်းသည် နေရာတိုင်း၌ ရှိနေသည်။ ရီဖူရှင်းကား နောက်တစ်ကြိမ် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေဟန်ရသည်။ ကျွင်းချိုးယွင်၏အမူအရာကား သုန်မှုန်နေသည်။ သူက ရီဖူရှင်းထံသို့ လှမ်းကြည့်လျှင် သူသည် ကမ်းပါးကို မျက်နှာမူကား သူတို့အား ကျောခိုင်းထားဆဲဖြစ်သည်ကို တွေ့ရ၏။ သူကား ကမ်းပါးမှ ပညာရပ်ကို လေ့လာဆင်ခြင်နေဆဲဖြစ်ဟန်ရသည်။
ကျွင်းချိုးယွင်မှာ သူ၏တည်ရှိခြင်းသည် ဟာသတစ်ခုအလား ခံစားလာရသည်။ သူသည် ရီဖူရှင်း ထင်ပေါ်ရန် ကူညီပေးနေသည့်အလား…။
“သူ့ကို သတ်တော့…” ကျွင်းချိုးယွင်က တစ်စုံတစ်ယောက်အား စိတ်ဖြင့် လှမ်းပြောသည်။ သည်တစ်ကြိမ်ကား သူက ရီဖူရှင်း၏အသက်ကို လိုချင်ပြီဖြစ်သည်။ သည်မတိုင်ခင်က သူသည် ရီဖူရှင်းကို ဖမ်းဆီးလိုခြင်းသာဖြစ်၏။ ယခုကား သူက ရီဖူရှင်း၏တည်ရှိခြင်းကို လက်မခံတော့။
ရီဖူရှင်းအနီးတွင် မရေမတွက်နိုင်သော ဂီတသင်္ကေတများ လင်းလက်လှည့်ပတ်နေ၏။ သူသည် အနီးတဝိုက်မှ ဖြစ်ပျက်နေသည်များအားလုံးကို လျစ်လျူရှုကာ ငြိမ်သက်စွာ ကျင့်ကြံနေသည်။
ရီဖူရှင်းနှင့် မလှမ်းမကမ်းတွင် အဆင့်ခုနစ်ရန်ဟောင်တစ်ပါး ရပ်နေသည်။ သူ၏လှံသည် ရီဖူရှင်းအား တိုက်ခိုက်ရန် ကြံရွယ်နေသော တန်ခိုးရှင်များအား ချိန်ရွယ်ထားသည်။
လှံမှ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ခံစားမိနိုင်၏။
လှံပိုင်ရှင်ကား ယန်တုံ့ချင်းဖြစ်သည်။
ဟူး…
ထိုအခိုက်တွင် ယန်တုံ့ချင်း၏ခန္ဓာကိုယ် လှုပ်ရှားသွားသည်။ သူက လျှပ်စီးတန်းအလား ရွေ့လျားသွား၏။ သို့သော်လည်း သူ၏ဦးတည်ချက်က ရန်သူများမဟုတ်ဘဲ ရီဖူရှင်း ဖြစ်နေသည်။
ရီဖူရှင်းကား သူတို့ကို ကျောခိုင်းထားသည်။ ထို့အပြင် သူသည် ကမ်းပါးမှ ပညာရပ်ကို အာရုံအပြည့်အဝထားကာ လေ့လာဆင်ခြင်နေခြင်းဖြစ်သည်။
ပတ်ပတ်လည်မှ တန်ခိုးရှင်များ၏အမူအရာများ ပြောင်းလဲသွားကြသည်။ ဘာဖြစ်နေသနည်း။
ထိတ်လန့်ဖွယ်စွမ်းအားသည် လှံထိပ်မှ ပေါက်ကွဲထွက်လာခဲ့ကာ လေဟာနယ်ကို ခွင်းလျှက် ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။
အရာအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ယန်တုံ့ချင်းက ထိုမျှ နီးကပ်သောနေရာမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မည်သူမှ မြန်ဆန်စွာ တုံ့ပြန်နိုင်မည် မဟုတ်ပေ။
ကျွင်းချိုးယွင်က ထိုမြင်ကွင်းကို ကြည့်ကာ နှာခေါင်းရှုံ့သည်။ သူကား ယခင်ကတည်းက ယန်တုံ့ချင်း၏ မူမမှန်သော အမူအရာကို ကြည့်ကာ တိတ်တဆိတ် ညှိနှိုင်းခဲ့သည်။ သူသည် ရီဖူရှင်းကို အမှန်တကယ် သစ္စာမရှိပေ။ ထို့ကြောင့် ကျွင်းကလန်မှ သူ့အား အကျိုးအမြတ်အတွက် ညှိနှိုင်းသောအခါ သူက မဆိုင်းမတွ လက်ခံခဲ့သည်။
“ယန်တုံ့ချင်း…” အေးစက်သောအသံတစ်ခုကို ကြားရသည်။ ၄င်းကား အင်ပါယာဟယ်လျန်၏အသံဖြစ်သည်။ ယန်တုံ့ချင်းက ရုတ်တရက် သစ္စာဖောက်မည်ဟု သူ မထင်ထား။
အကယ်၍ ရီဖူရှင်းသာ အသတ်ခံရပါက အရာအားလုံး အဆုံးသတ်သွားပြီဖြစ်သည်။
ထို အသေတိုက်ကွက်အား ရီဖူရှင်းက မည်သို့ ခုခံနိုင်မည်နည်း။
အင်ပါယာဟယ်လျန်က အလန့်တကြား အော်လိုက်သော်လည်း လှံကား ရီဖူရှင်း၏နောက်ကျောကို စိုက်ဝင်သွားပြီဖြစ်သည်။ လှံကား မြန်ဆန်လွန်းသည်။ ရီဖူရှင်းအနေဖြင့် တုန့်ပြန်ရန်ပင် အချိန်မရှိလိုက်။
လက်ရှိတွင် ယန်တုံ့ချင်း၏မျက်နှာက အေးစက်နေသည်။ သူကား သက်ညှာခြင်းကင်းကာ မြန်ဆန်၏။ သူ၏တိုက်ကွက်ကလည်း ပြတ်သားကာ တွန့်ဆုတ်ခြင်း အနည်းငယ်မျှပင် မရှိချေ။
သည်လှံချက်က ယန်ကလန်နှင့် သူ၏အနာဂတ်ကို အဆုံးအဖြတ်ပေးသွားပေမည်။
ဖန်းလိုင်ရေကန်၌ ရီဖူရှင်းနှင့် ကျွင်းချိုးယွင်တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။ ရီဖူရှင်းကား အလွန်ကျိုးကြောင်းဆီလျော်မှု မရှိဟု ယန်တုံ့ချင်း ယူဆသည်။ ရီဖူရှင်းသည် ပါရမီမြင့်သော်လည်း မာနကြီးကာ လူတိုင်းကို အထင်သေးသည်။ သူ၏ပုံစံအတိုင်း ဆက်သွားပါက လူတိုင်းကို ဆွဲချသွားတော့မည်မှာ အသေအချာဖြစ်သည်။ ထို့ကြောင့် ကျွင်းကလန်ကသာ သူတို့၏ကုန်းမြေသို့ ရောက်လာပါက ယန်ကလန်လည်း အသက်ရှင်မည် မဟုတ်ဟု ယူဆသည်။
ထို့ကြောင့် ယန်တုံ့ချင်းသည် ကျွင်းချိုးယွင်နှင့် ဆက်သွယ်ကာ သစ္စာဖောက်ခဲ့၏။
သူက ရီဖူရှင်းနောက်ကို လိုက်ရသည်ထက် ကျွင်းကလန်နှင့် မဟာမိတ်ဖြစ်ရသည်က ပို၍ အကျိုးအမြတ်ရမည်ဟု ယူဆထားသည်။
ထို့ကြောင့် သူက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ရီဖူရှင်းအား လုပ်ကြံခဲ့သည်။
သူက ကျရှုံးမည်ဟု မည်သည့်အခါကမှ မတွေးထား။ သူ၏သတ္တမအဆင့်နတ်ဝင်ရိုးဖြင့် မည်သို့ ကျရှုံးမည်နည်း။
ယန်တုံ့ချင်း၏လှံက ရီဖူရှင်းကို ထိလျှင် သူက ရီဖူရှင်း၏သေဆုံးခြင်းကို မျက်မြင် တွေ့ကြုံရန် ပြင်ဆင်ထား၏။
သို့သော်လည်း လှံသည် မမြင်ရသော သံမဏိနံရံကို ထိတွေ့သည့်အလား တစ်စုံတစ်ခုက ဟန့်တားထားသည်။ ထိုအဖြစ်က ယန်တုံ့ချင်းအား မျက်မှောင်ကြုတ်စေသည်။
ရီဖူရှင်းတွင် အမှန်တကယ် သူ့ခန္ဓာကိုယ်အား ကာကွယ်ထားသော ဝိညာဉ်လက်နက်တစ်ခု ရှိနေသည်။
သို့တိုင်အောင် ဝိညာဉ်လက်နက်သည် သူ၏တိုက်ခိုက်မှုကို အားနည်းစေရန်သာ တတ်နိုင်မည်။ သူ၏တိုက်ကွက်ကို လုံးဝ လျစ်လျူရှုရန် မဖြစ်နိုင်။ သူ၏တိုက်ခိုက်မှုက ရီဖူရှင်းအား သတ်ဖြတ်နိုင်သေးသည်။
ဘန်း…
ထင်မှတ်ထားသည့်အတိုင်း ရီဖူရှင်းသည် ထိတွေ့မှုအရှိန်ကြောင့် လွင့်စင်သွား၏။ ယန်တုံ့ချင်းကလည်း လှံကိုမြှောက်ကာ နောက်မှ လိုက်ပါ အဆက်မပြတ် တိုက်ခိုက်လိုက်၏။
ထိုအခိုက်တွင် မြူအလွှာတစ်ခုသည် လှံကို ချက်ချင်း စီးဆင်းလာခဲ့ကာ ယန်တုံ့ချင်းထံသို့ ရောက်လာသည်။ ၄င်းသည် သူ၏ခန္ဓာကိုယ်ကို မြန်ဆန်စွာ စီးဆင်းသွားပြီး စိတ်ဝိညာဉ်ကိုပင် တိုက်ခိုက်၏။
ရီဖူရှင်းတွင် ခုခံရန် ခွန်အားရှိသေးသည်လား။
ယန်တုံ့ချင်း၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ထိုအခိုက်တွင် မရေမတွက်နိုင်သော ရွှေရောင်သင်္ကေတများသည် စူးရှသော အလင်းများပေးကာ အားလှိုင်းတစ်ခုက သူ့ထံသို့ ရိုက်ခတ်လာခဲ့သည်။
“သတ်…”
ထိုစကားနှင့်အတူ ကြောက်မက်ဖွယ် အသံလှိုင်းသည် ယန်တုံ့ချင်း၏စိတ်နယ်ပယ်ထဲကို ကျူးကျော်ဝင်ရောက်လာ၏။ ယန်တုံ့ချင်း၏အမူအရာက ကြီးစွာ ပျက်ယွင်းသွားသည်။ ယန်ဓာတ်သည် သူ၏ခန္ဓာကိုယ်ကို စီးဆင်းသွားကာ သူ့အား အေးခဲသွားစေ၏။ သူ၏အတွေးများသည်ပင် နှေးကွေးလာခဲ့သည်။
ဘာဖြစ်နေသနည်း။
ထိုတိုက်ခိုက်မှုဖြင့်ပင် ရီဖူရှင်းက အဘယ်ကြောင့် မသေဆုံးခဲ့သနည်း။
အင်ပါယာဟယ်လျန်နှင့် ပေ့ကုန်းအော့တို့က တိုက်ခိုက်ရန် ပြင်သော်လည်း ရှေ့မှ မြင်ကွင်းကိုကြည့်ကာ အံ့အားသင့်နေကြသည်။
ရီဖူရှင်း၏ခေါင်းထက်တွင် အဆုံးမဲ့သော ဓားအားလှိုင်းတစ်ခုသည် ရှေ့ကို ဖြတ်သန်းသွားကာ ယန်တုံ့ချင်းအား ထွင်းဖောက်သွား၏။
ယန်တုံ့ချင်း၏အတွေးများ ရပ်တန့်သွားသည်။ ထိုအခိုက်တွင် သူသည် မည်သည့်နာကျင်မှုကိုမှ မခံစားရတော့။ ခဏအကြာ သူ၏ခန္ဓာကိုယ်သည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကာ လောကမှ အပြီးတိုင် ပျောက်ကွယ်သွားတော့သည်။
ယန်တုံ့ချင်း သေဆုံးသွားပြီဖြစ်သည်။
မူလကတည်းက ရီဖူရှင်းသည် ယန်တုံ့ချင်းကို မည်သည့်အခါကမှ မယုံကြည်ခဲ့ပေ။ သူသည် အကြံအစည်ကြီးမားကာ ကောက်ကျစ်သော သဘာဝရှိသည်။ တစ်နေ့နေ့တွင် ယန်တုံ့ချင်း သစ္စာဖောက်မည်ကို သိကာ အမြဲတမ်းအားဖြင့် သူ့အား သတိထားနေခဲ့၏။
အင်ပါယာဟယ်လျန်က ၄င်းမြင်ကွင်းကိုကြည့်ကာ တုန်လှုပ်သွားသည်။ ကံကောင်းသည်က သူသည် ရီဖူရှင်းနှင့် မိတ်ဆွေလုပ်ခဲ့ကာ သူ့အား မည်သည့်အကြံအစည်မှ မထားခဲ့။
“ကျွင်းကလန်ရဲ့ လုပ်ဆောင်ပုံတွေက အရှက်ရစရာပဲ” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ သူ၏လေသံက လှောင်ပြောင်သရော်သော အငွေ့အသက်များ အပြည့်ပါနေသည်။
***