ကျွင်းချိုးယွင် ထရပ်သည်။ သူ၏မျက်နှာတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။
သို့သော်လည်း ရီဖူရှင်းကား သူ၏တည်ရှိမှုကို လုံးဝ လျစ်လျူရှုထားဟန်ရသည်။ သူက ကမ်းပါးကိုသာ မျက်နှာမူကာ ငြိမ်သက်စွာ ကျင့်ကြံနေ၏။
ကျွင်းချိုးယွင်က သူ၏မျက်နှာ ပူပြင်းလာသည်ဟု ခံစားရသည်။ သူ့အနီးတွင် တန်ခိုးရှင်များက ရီဖူရှင်းကို ကြည့်ကြသည်။ သူတို့က ရှေ့ကို တက်သွားလျှင် မမြင်ရသော ဖိအားသည် ထိုနေရာတစ်ခုလုံးအား ဖုံးအုပ်လာ၏။
ထိုအဖြစ်က ကမ်းပါးရှေ့မှ တန်ခိုးရှင်များကို မျက်မှောင်ကြုတ်စေသည်။ သူတို့အားလုံးက သဘောမကျ ဖြစ်ရ၏။
ရီဖူရှင်းက ဂရုမစိုက်သော်လည်း ကျင့်ကြံနေဆဲဖြစ်သော စန့်ကွင်းချိုးရယ်သည်လည်း နိုးထ သတိဝင်လာသည်။ သူမက ကျွင်းချိုးယွင်အား အေးစက်စွာ ကြည့်သည်။ သူမက ထူးမခြားနားသော လေသံဖြင့် လှမ်းပြောသည် “ရှင် ဒီမှာ မကျင့်ကြံဘူးဆိုရင်လည်း ထွက်သွား…”
သူမက ထိုသို့ပြောလျှင် တူညီသော အသံလှိုင်းတစ်ခုသည် ကျွင်းချိုးယွင်ထံသို့ ရိုက်ခတ်သွား၏။
ကျွင်းချိုးယွင်က နောက်ဆုတ်လိုက်သည်။ သူက စန့်ကျွင်းချိုးရယ်အား ဒေါသတကြီး ကြည့်သည်။
နောက်တစ်ယောက်က သူ့အား ထွက်သွားရန် ပြောနေသည်။ သူသည် မည်သည့်အချိန်က ဤသို့ အဆက်မပြတ် အရှက်တကွဲ ဖြစ်ဖူးသနည်း။
“မင်း မကျင့်ကြံဘူးဆိုရင်လည်း တခြားလူတွေကို မနှောင့်ယှက်ပါနဲ့…” နောက်ထပ် အဆင့်ရှစ်ရန်ဟောင်တစ်ဦးက ကျင့်ကြံနေရင်းက ပြောသည်။ သူတို့က ရီဖူရှင်း၏ဉာဏ်အလင်းရမှုကြောင့် ကမ်းပါး၌ ကျင့်ကြံရာတွင် အကျိုးကျေးဇူးများ ရရှိနေရာ ယခု ကျွင်းချိုးယွင်က အနှောင့်အယှက်ပေးနေခြင်းကို သဘောမကျကြပေ။
လူအများအပြားက တိတ်ဆိတ်နေကြသော်လည်း သူတို့အားလုံးထံမှ ဖိအားလှိုင်းများ ထွက်ပေါ်နေသည်။ တချို့မှာ ကုန်းမြေအသီးသီးမှ အင်အားကြီး အဖွဲ့အစည်းများမှ ဖြစ်ပြီး ဂုဏ်သိက္ခာရှိသူများ ဖြစ်သည်။ ယခု ကျွင်းချိုးယွင်က အပေါ်စီးမှ လာရောက်ပြုမူနေခြင်းကို သူတို့ သဘောမကျပေ။
သို့သော်လည်း အများစုမှာ သူတို့နှင့် တိုက်ရိုက်ပတ်သတ်ခြင်းမရှိသော ပြဿနာထဲ၌ ဝင်မပါလိုကြပေ။ ကျွင်းချိုးယွင်က ရီဖူရှင်းအား ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သူတို့ ရိပ်မိကြ၏။
“စကားတစ်ခွန်းနဲ့ နောက်ဆုတ်ရပြီး သွေးအန်တယ်။ ကျွန်မသာ ရှင့်နေရာမှာဆို ကျင်းတူးပြီး သေလိုက်ပြီ။ ဘာလို့ ကျွင်းကလန်သို့ ပြန်မပြေးသေးတာလဲ” စန့်ကွင်းချိုးရယ်က ဆက်လက်၍ လှောင်ပြောင်သည်။
“စန့်ကွမ်း… မင်းက လွန်နေပြီ…” ယွင်ကျိန်းက စန့်ကွမ်းချိုးရယ်ကို ပြောသည် “မင်းကလည်း ဖန်းလိုင်ကုန်းမြေရဲ့ တန်ခိုးရှင်ပဲ။ ဘာလို့ တစ်ခြားနေရာက လူကို ကူညီပေးနေတာလဲ။ ဘာလဲ… သူ့ဆီက အကျိုးအမြတ်လိုချင်လို့လား။ မင်းက သူ့ကို ကူညီတာနဲ့ သူက မင်းကို ကျင့်ကြံတာမှာ ကူညီသင်ပြပေးမယ်လို့ ထင်နေတာလား”
“ရှင်လည်း ဒီမှာ မကျင့်ကြံဘူးဆိုရင် ထွက်သွားတော့…” စန့်ကွမ်းချိုးရယ်က ယွင်ကျိန်းကို အေးစက်စွာ ကြည့်ကာ ပြောသည်။
သူမ၏စကားက ယွင်ကျိန်းကို တိတ်ဆိတ်စေသည်။ သူက သူမအား စိုက်ကြည့်ကာ တစ်ချက်ပြုံးလိုက်၏။
“အစ်ကိုကျွင်း… ကျုပ်တို့ ဘာလုပ်သင့်လဲ” သူက မခိုးမခန့် ပြောသည်။
ကျွင်းချိုးယွင်က လူအုပ်အား ကြည့်သည်။ သူတို့အားလုံးက သဘောမကျသော အမူအရာပြသသော်လည်း တကယ်တမ်းတွင် မိမိအား အမှန်တကယ် မဆန့်ကျင်ရဲကြောင်း သူသိသည်။
ကျွင်းချိုးယွင်သည် အရှေ့နတ်ဘုရားတံဆိပ်များကို အသုံးပြုကာ တန်ခိုးရှင် ရာနှင့်ချီ၍ ခေါ်ဆောင်လာခဲ့၏။ ကျွန်းပေါ်တွင် အနည်းစုကသာ သူ့အား ယှဉ်နိုင်သည်။
ရီဖူရှင်းကား ငြိမ်သက်စွာ လေ့ကျင့်နေဆဲဖြစ်သည်။ နောက်ဆုံးတွင် ကျွင်းချိုးယွင် မစောင့်နိုင်တော့။
ကျွင်းချိုးယွင်က လူအုပ်ကို ကြည့်ကာ ပြောသည် “ကျွင်းကလန်ကိစ္စနဲ့ မသက်ဆိုင်သူတွေ ဒီနေရာက ဖယ်ပေးပါ။ ကျုပ်ကိစ္စပြီးသွားရင် ခင်ဗျားတို့အားလုံး ပြန်လာလေ့ကျင့်နိုင်တယ်။ ခင်ဗျားတို့ကို နှောင့်ယှက်မိတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်”
ကျွင်းချိုးယွင်က ထိုသို့ပြောလျှင် ရာချီသော တန်ခိုးရှင်များ ရှေ့ကို တက်လာကြသည်။ ထိုအခိုက်တွင် ကြီးမားသောဖိအားသည် ထိုနေရာအား လွှမ်းခြုံလာ၏။
“ကျွင်းကလန်က ဒီနေရာမှာ ပြဿနာတစ်ခုရှင်းချင်တယ်။ ခင်ဗျားတို့အားလုံး ကျုပ်တို့ကို မျက်နှာသာပေးဖို့ မျှော်လင့်တယ်။ ကျေးဇူးပြုပြီး ဖယ်ပေးကြပါ” အဆင့်ရှစ်ရန်ဟောင်တစ်ဦးက ပြောသည်။
ဤတွင် လူအများအပြားက စတင်၍ နေရာဖယ်ပေးကြသည်။ သူတို့က မလိုလားသော်လည်း မသက်ဆိုင်သော ပြဿနာထဲ၌ ဝင်မပါလိုကြပေ။
“ယွင်ကျိန်း… တိုက်ပွဲစရင် ယွင်ကလန်က လူတွေ ပိတ်ဆို့ပေးနိုင်မလား” ကျွင်းချိုးယွင်က ဘေးမှ ယွင်ကျိန်းကို မေးသည်။ သူက တိုက်ပွဲမှ ထွက်ပြေးလိုသူများအား တားဆီးကာ အားလုံးကို သတ်ဖြတ်လိုပေသည်။ သူက ရီဖူရှင်းတို့အဖွဲ့မှ မည်သူ့ကိုမှ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။
“ပြဿနာမရှိဘူး။ ငါ့တာဝန်ထား” ယွင်ကျိန်းက ပြောသည်။
သူတို့က စန့်ကွင်းကလန်ကိုလည်း ကြည့်ရပေမည်။ သူတို့သာ ပါဝင်ရဲပါက သေချာပေါက် ယွင်ကလန်ကလည်း ကြည့်နေမည် မဟုတ်ပေ။
ယွင်ကျိန်းက လက်ဝှေ့ယမ်းလိုက်လျှင် ယွင်ကလန်တန်ခိုးရှင်များ ပတ်ပတ်လည်၌ နေရာယူထားကြသည်။ ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုနှစ်ခု ပူးပေါင်းသည်နှင့် မခြားပေ။
ကြည့်ရသည်မှာ ကျွင်းချိုးယွင်က ရီဖူရှင်းအား အလွတ်ပေးမည့်ဟန်မရှိပေ။
သူကား ဆက်လက်၍ ကျင့်ကြံနေဆဲဖြစ်သည်။ လူအများအပြားက ရီဖူရှင်းအား လှမ်းကြည့်ကြ၏။ တိုက်ပွဲစတင်တော့မည့်အချိန်တွင်ပင် သူကား မည်သည့်အရာကိုမှ အလေးမထားသည့်အလား ထိုင်နေသည်။
စန့်ကွင်းချိုးရယ်၏မျက်နှာကလည်း အေးစက်နေသည်။ သူမက လက်ဝှေ့ယမ်းလိုက်လျှင် သူမ၏လူများက ကမ်းပါးရှေ့တွင် ရပ်ကြသည်။ သို့သော်လည်း သူမ၏လူအရေအတွက်မှာ ကျွင်းချိုးယွင်ထက် နည်းပေသည်။
ကျွင်းချိုးယွင်က စန့်ကွမ်းချိုးရယ်ကို ကြည့်ကာ ပြောသည် “စန့်ကွမ်း… မင်းက ငါမင်းကို ဘာမှ မလုပ်ဘူးလို့ တကယ်ထင်နေတာလား”
“ရှင် စမ်းကြည့်လေ…” စန့်ကွမ်းချိုးရယ်က ပြန်ပြောသည်။ သူမ၏အကြည့်က အေးစက်ကာ မောက်မာသည်။
ကျွင်းချိုးယွင်က လက်ဝှေ့ယမ်းလိုက်လျှင် ရန်ဟောင်တချို့က စန့်ကွမ်းကလန်မှ လူများကို ရင်ဆိုင်လိုက်ကြသည်။ သူက အေးစက်စွာ ပြောသည် “တကယ်လို့ ကျွင်းကလန်ကိစ္စမှာ ဝင်ပါတ်သက်ရင် ဘယ်သူ့ကိုမဆို သတ်…”
“နားလည်ပါပြီ” သူ့နောက်လိုက်များက ခေါင်းညိတ်ကြသည်။
နှစ်ဘက်လုံးက နောက်ဆုတ်မည့်ဟန်မရှိပေ။
ကျွင်းချိုးယွင်က ရီဖူရှင်းအား ကြည့်သည် “သူ့ကို ဖမ်း။ ငါ သူ့ကို အရှင်လိုချင်တယ်”
ပြင်းထန်သော ဖိအားများသည် ရီဖူရှင်းထံသို့ကျဆင်းလာနေသည်။ ရီဖူရှင်းအနီးမှ ပေ့ကုန်းအော့၊ အင်ပါယာဟယ်လျန်နှင့် တခြားလူများကလည်း တိုက်ခိုက်ရန် ပြင်ထားကြသည်။ သူတို့အားလုံး စွမ်းအားများကို ထုတ်လွှတ်ကြ၏။
“တိုက်ကြ…”
လေထဲတွင် မဟာလမ်းစဉ်တိုက်ခိုက်မှုများသည် သူတို့ထံသို့ ကျဆင်းလာသည်။ လေထုသည် တစ်ဝုန်းဝုန်း ပေါက်ကွဲကာ ပြင်းထန်သော တိုက်ခိုက်မှုများသည် အဆက်မပြတ် ရောက်လာ၏။
ဝုန်း…
ပေ့ကုန်းအော့သည် လေထဲတွင်ရပ်ကာ မိုးကြိုးနတ်ဘုရားကို ဆင့်ခေါ်သည်။ မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများသည် တစ်ဘက်မှ တိုက်ခိုက်မှုများအား တားဆီး၏။
တချိန်တည်းတွင် ကမ်းပါးမျက်နှာပြင်မှ စူးရှသော အလင်းများ ပေါက်ကွဲထွက်လာသည်။ ရွှေရောသင်္ကေတများ အဆက်မပြတ် လင်းလက်လာခဲ့ကြ၏။ မမြင်ရသော တေးသွားမုန်တိုင်းသည် ပတ်ဝန်းကျင်အား ရိုက်ခတ်လာခဲ့သည်။
ဗုဒ္ဓတရားတော်များသည် လူအများ၏နားထဲကို ဝင်ရောက်လာ၏။ တေးသွားသည် သူတို့၏နားထဲကို တိုက်ရိုက်ရောက်လာသည်။ ၄င်းသည် မမြင်ရသော်လည်း နေရာတိုင်းတွင် ရှိ၏။ ၄င်းကား အသံ၏စွမ်းအားဖြစ်သည်။
ကမ်းပါးမှ အလင်းများသည် ပိုမိုလင်းလက်လာ၏။ ၄င်းနေရာမှ ရှေးဟောင်းဗုဒ္ဓတစ်ပါး၏ပုံရိပ် ဖြစ်ပေါ်လာသည်။ ဗုဒ္ဓသည် တရားတော်ကို ရွက်ဖက်နေကာ သူ၏အသံကို လေဟာနယ်တစ်ခုလုံးကို ရိုက်ခတ်နေ၏၏။
ဖူး…
ကမ်းပါးရှေ့တွင် ရီဖူရှင်းကို တိုက်ခိုက်လိုက်သော ရန်ဟောင်သည် တိုက်ရိုက် သွေးအန်၏။ သူ၏စိတ်ဝိညာဉ် ပြိုကျပျက်ပြီးကာ အသက်မဲ့သော ခန္ဓာသည် မြေပြင်ပေါ်သို့ ကျ၏။ သူကား တိုက်ရိုက် သေဆုံးသွားသည်။
ဖူး… ဖူး… ဖူး…
တစ်ယောက်ပြီးတစ်ယောက် တန်ခိုးရှင်များ မြေပြင်ပေါ်ကို ကျသည်။ တေးသွားဖြတ်သန်းသွားသော နေရာတိုင်း တန်ခိုးရှင်မျာ၏စိတ်ဝိညာဉ်များ ပြိုကွဲကာ သေဆုံးကြရ၏။ သူတို့ကား ၄င်းကား ရပ်တန့်နိုင်စွမ်း မရှိပေ။
***