အပိုင်း(၁၉၁၆)

အမိန့်တော်ကို ထမ်းရွက်ခြင်း

ရီဖူရှင်းသည် အာရုံထွေပြားခြင်းမရှိဘဲ ကျင့်ကြံခြင်း၌ အလွန်အာရုံဝင်စားနေသည်ကိုမြင်လျှင် စန့်ကွမ်းချိုးရယ်၏မျက်လုံးများ၌ ထူးဆန်းသော အကြည့်တစ်ချက်ဖြစ်ပေါ်လာသည်။

သည်မတိုင်ခင် ဖန်းလိုင်နတ်ဘုရားဒေသ၌ ရီဖူရှင်းသည် ကျွင်းကလန်မှ တန်ခိုးရှင်များကို သူ၏ဓားအားလှိုင်းဖြင့် သတ်ဖြတ်ခဲ့သည်။ သူ၏စွမ်းရည်များမှာ ထူးခြားဆန်းပြား၏။ သူမ၏အမြင်တွင် ကျွင်းချိုးယွင်သည် ရီဖူရှင်းထက် အဆမတန် နိမ့်ကျ၏။ ယခု ရီဖူရှင်းသည် ဤနေရာတွင် တွေးတောဆင်ခြင်နေသည်ကိုမြင်လျှင် သူသည် ဂီတပညာ၌ ထူးချွန်ရပေမည်။

ထို့ကြောင့် ရီဖူရှင်းက ရွှေရောင်သင်္ကေတများအား အသက်ဝင်လာအောင် လုပ်နိုင်မည့် အခွင့်အလမ်းမှာ ပိုများပေသည်။ ရီဖူရှင်းနှင့် ကျွင်းချိုးယွင်တို့သည် ဤနေရာသို့ လာလည်ပတ်သူအသစ်များ ဖြစ်ကြသည်။ တခြားသော တန်ခိုးရှင်များမှာကား သည်နေရာသို့ ရောက်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရီဖူရှင်း မရောက်လာမှီ၌ သူမသည် ဤနေရာတွင် ကျောက်မျက်နှာပြင်အား နားလည်ကျွမ်းဝင်မှု အရှိဆုံးဟု ဆိုနိုင်သည်။

စန့်ကွင်းချိုးရယ်က နောက်လှည့်ကာ ကျွင်းချိုးယွင်ကို ကြည့်သည်။ သူမ၏ထူးမခြားနားသော အကြည့်က အနည်းငယ်မျှသော အထင်သေးမှုများပါနေကာ သူမသည် သူ့အား လှောင်ပြောင်သရော်နေဟန်ပင်ရ၏။ ကျွင်းချိုးယွင်သည် ရီဖူရှင်းအား အဆင့်မမှီသည့်အလား သဘောထားသော်လည်း အမှန်တကယ်တွင် ကျွင်းချိုးယွင်သည်သာ ကျွင်းကလန်၏အထောက်အပံ့မရှိပါက ရီဖူရှင်းနှင့် နှိုင်းယှဉ်စရာ ကောင်းကွက်တစ်ခုမှ မရှိနိုင်။

ကျွင်းချိုးယွင်သည် မျက်မှောင်ကျုပ်လိုက်၏။ သူ၏အကြည့်က ရီဖူရှင်းထံတွင်သာ ရောက်နေသည်။ သူ၏စိတ်ထဲတွင် သံသယတစ်ခု ပေါ်လာ၏။ ပန်းသစ်ပင်က မည်သူ့အတွက် ဖူးပွင့်လာခဲ့သနည်း။

သူ၏အကြည့်က လျပ်တပြက် ထက်ရှသွားသည်။ မဟာလမ်းစဉ်၏အငွေ့အသက်တစ်ခုသည် ရီဖူရှင်းအား ထိတွေ့၏။ ရွှေရောင်သင်္ကေတအား ဆင်ခြင်တွေးတောနေသော ရီဖူရှင်းသည် ထိုအငွေ့အသက်ကြောင့် အနှောင့်အယှက်ဖြစ်သွား၏။ သူ၏တရားထိုင်ခြင်းက ရပ်တန့်သွားကာ အေးစက်သော အလင်းတစ်ချက် သူ့မျက်လုံးများတွင် ပေါ်လာသည်။

မိစ္ဆာသတ်ဖြတ်ခြင်းရဟန်းတေးသွားသည် အဆင့်မြင့်ကာ နားလည်ရန် ခက်ခဲ၏။ ရီဖူရှင်းက ၄င်းကို နားလည်ရန် သေချာအာရုံစူးစိုက်ရန် လိုအပ်သည်။ ဤသည်က ဓားအသိကို ဆင်ခြင်လေ့လာစဉ်ကထက် များစွာ ခက်ခဲသည်။ ထို့ကြောင့် ကျွင်းချိုးယွင်က မဟာလမ်းစဉ်အငွေ့အသက်ဖြင့် အနှောင့်အယှက်ပြုခြင်းက သူ၏အာရုံကို ထွေပြားစေခဲ့သည်။

ရီဖူရှင်း၏အကြည့်က ကျွင်းချိုးယွင်ထံသို့ ရောက်လာသည်။ တစ်ဘက်လူကလည်း သူ့အား ကြည့်နေ၏။ ကျွင်းချိုးယွင်ဘေးတွင် ရပ်နေသော ယွင်ကျိန်းသည်လည်း သူတို့နှစ်ဦးအကြားမှ ထူးဆန်းမှုကို ခံစားရကာ မျက်နှာအမူအရာ ပြောင်းသွားသည်။ သူက ရီဖူရှင်းက ကြည့်ကာ တီးတိုးပြောသည် “သူက ဒါကို ဖြစ်စေခဲ့တာလား”

ကျောက်မျက်နှာပြင်ပေါ်မှ ရွှေရောင်သင်္ကေတများသည် အရောင်အဆင်းကင်းမဲ့သွားသည့်အလား အရောင်မှိန်သွားသည်။ ယွင်ကျိန်းက ထိုမြင်ကွင်းကိုကြည့်ကာ ပိုမို၍ပင် မသက်မသာဖြစ်လာသည်။

အမှန်တကယ် သည်လူကြောင့်လား။

“ကျွင်းချိုးယွင်… ကျြည့်ရတာ မင်းမှာ ကောင်းမွန်တဲ့မျက်လုံးရှိတာပဲ။ မင်းက သူ့ကို မင်းအဖွဲ့ထဲကို ဆွဲသွင်းချင်ခဲ့တယ်။ ကံမကောင်းတာက သူက မင်းရဲ့ကမ်းလှမ်းချက်ကို ကျေးဇူးမတင်ဘူး” ယွင်ကျိန်းက ဆက်ပြောသည် “ဒါပေမဲ့ သူငြင်းတာကလည်း ထူးဆန်းတာတော့ မဟုတ်ဘူး။ သူ့ရဲ့ပါရမီအဆင့်အတန်းနဲ့ တခြားတစ်ယောက်ရဲ့လက်သည်းမဖြစ်ချင်တာ သဘာဝကျတယ်”

“သူ ကံကောင်းသွားတာ” ကျွင်းချိုးယွင်က ပြန်ပက်သည် “မင်းလည်း ဆက်ပြီး လေ့ကျင့်သင့်တယ်”

လက်ရှိတွင် ကျွင်းချိုးယွင်က ရီဖူရှင်းအား တိုက်ခိုက်မည် မဟုတ်ပေ။ သူက ရီဖူရှင်းအား ဆက်လက်၍ ဆင်ခြင်တွေးတောခွင့် ပြုပေမည်။

ရီဖူရှင်းက ကျွင်းချိုးယွင်ကို ကြည့်နေသည်။ လက်ရှိတွင် နောက်ထပ် အသံတစ်ခုက ရီဖူရှင်း၏ခေါင်းထဲကို ရောက်လာသည် “ကျွန်မက စန့်ကွင်းချိုးရယ်ပါ။ ဖန်းလိုင်ကုန်းမြေ၊ စန့်ကွင်းကလန်က ဖြစ်တယ်။ ရှင့်ကို ဘယ်လိုခေါ်ရမလဲ”

“ရီလျှို့နျန်” ရီဖူရှင်းက မလှမ်းမကန်းတွင် ရှိနေသော စန့်ကွမ်းချိုးရယ်ကို လှမ်းကြည့်သည်။ သူမက သူ့အား စိတ်ဖြင့် လှမ်းပြောနေခြင်းဖြစ်သည်။

“ရန်ဟောင်ရီ…” စန့်ကွမ်းချိုးရယ်က ပြောသည် “ကမ်းပါးမျက်နှာပြင်မှာ ရေးထွင်းထားတဲ့ သင်္ကေတတွေက မိစ္ဆာသတ်ဖြတ်ခြင်းရဟန်းတေးသွားဖြစ်တယ်။ ရှင်က ဒါတွေ အားလုံးကို နားလည်နိုင်စွမ်းရှိတာလား”

“ကျုပ် မသေချာသေးဘူး” ရီဖူရှင်းက ပြန်ပြောသည်။ စန့်ကွမ်းချိုးရယ်တွင် မည်သည့်ရယ်ရွယ်ချက်ရှိသနည်း။

“ကျွင်းချိုးယွင်က ရှင့်ကို ဒီပညာ လေ့လာခွင့်ပေးတယ်။ တကယ်လို့ ရှင်သာ တကယ် နားလည်သွားခဲ့ရင် သူက သေချာပေါက် ရှင့်ကို ဖမ်းဆီးပြီးတော့ ပညာရပ်ကို စစ်မေးမှာပဲ။ ရှင်ဘာလို့ ကျွန်မနဲ့ မပူးပေါင်းတာလဲ။ ရှင်သာ မိစ္ဆာသတ်ဖြတ်ခြင်းရဟန်းတေးသွားကို နားလည်နိုင်ခဲ့ရင် စန့်ကွမ်းကလန်က ရှင့်ဘေးကင်းမှုကို အာမခံတယ်” စန့်ကွမ်းချိုးရယ်က ကမ်းလှမ်းသည်။ အပေးအယူကိုကား သူမက ထည့်ပြောရန် မလိုပေ။ သူမကလည်း ၄င်းပညာရပ်ကို လိုလားပေသည်။

သည်ပညာရပ်ကား တန်ဖိုးကြီးမားသည်။ စန့်ကွမ်းကလန်က ရီဖူရှင်းအား ကာကွယ်ကာ ထိုပညာရပ်အား ရရှိမည်ဆိုပါက ကောင်းမွန်သော အပေးအယူဖြစ်ပေမည်။

“ကျုပ်က ဒါကို နားလည်နိုင်မလား မသိနိုင်သေးဘူး” ရီဖူရှင်းက ပြောသည်။ သူက သဘောတူခြင်း မတူခြင်းကို မပြောပေ။

ကျွင်းချိုးယွင်နှင့် စန့်ကွမ်းချိုးရယ်တို့နှစ်ယောက်လုံးက သူ့အား ထိုပညာရပ်ကို နားလည်စေလိုမှတော့ သူကလည်း စိတ်ပျက်စေရမည် မဟုတ်ပေ။

ရီဖူရှင်းက သူတို့အား လျစ်လျူရှုကာ ဆက်လက်၍ တွေးတောဆင်ခြင်သည်။ ပေ့ကုန်းအော့နှင့် တခြားလူများကလည်း ရီဖူရှင်းအား ကာကွယ်ကြ၏။ သူတို့က ထိုပညာရပ်ကို နားလည်ရန်မှာ မဖြစ်နိုင်ပေ။ သည်အချိန်တွင် ရီဖူရှင်းက အပြည့်အဝ အာရုံစိုက်ရန်လိုသည်ကို သူတို့နာလည်ရာ သူ့အား ကောင်းမွန်စွာ ကာကွယ်ပေးရပေမည်။

မည်သို့ဆိုစေ အရှေ့နတ်ဘုရားကျွန်းစုပေါ်တွင် အရာအားလုံး ဖြစ်သွားနိုင်ပေသည်။

ရီဖူရှင်းက ပြန်လည်၍ အာရုံစိုက်ကာ ရွှေရောင်သင်္ကေတ ပထမအစုံအား ကြည့်သည်။ မကြာခင် သူသည် ထူးဆန်းသော အခြေအနေသို့ ကျဆင်းသွား၏။ ပတ်ဝန်းကျင်တွင် သူနှင့် ၄င်း သင်္ကေတများကိုသာ ရှိတော့သည်။ တေးဂီတသင်္ကေတများ လွင့်ပျံ့နေကာ ရီဖူရှင်းသည် ၄င်းတို့ထံမှ မဟာလမ်းစဉ်၏စွမ်းအားများကို ခံစားရသည်။

၄င်းတေးသွားကို ခံစားကာ ရီဖူရှင်းသည် အသံသဲ့သဲ့ကို စတင်ကြားလာရသည်။

၄င်းအသံသည် နားဖြင့် ကြားနိုင်ခြင်းမဟုတ်ဘဲ စိတ်နှလုံးဖြင့်သာ ကြားနိုင်၏။ တေးသွားသင်္ကေတမှ တစ်ဆင့် ရီဖူရှင်းသည် တေးသံကို ကြားနိုင်၏။ ရီဖူရှင်း၏ဂီတပညာမှာ အဆင့်မြင့်မားကာ တေးသွားမှ သံစဉ်ကို စိတ်နှလုံးဖြင့် ပုံဖော်ခြင်းသည် သူ့အတွက် မခက်ခဲပေ။

မမြင်ရသော လှိုင်းတစ်ခု ထိုနေရာအား ရိုက်ခတ်လာ၏။ ကမ်းပါးရှေ့၌ ရပ်နေသော တန်ခိုးရှင်များမှာ ၄င်းအား ခံစားမိကြသည်။ သူတို့က တေးသွားလှိုင်းအား ခံစားမိကြခြင်းဖြစ်သည်။ ၄င်းတွင် ပြောမပြတတ်သော အာရုံခံစားချက်များအား ခံစားစေနိုင်စွမ်းရှိ၏။ သို့သော်လည်း ထိုအရာသည် တေးသွားတစ်ခုဖြစ်သော်လည်း သူတို့ ကြားနိုင်ခြင်းမရှိပေ။

မည်မျှ ထူးဆန်းလိုက်သနည်း။ လူအများအပြားက တွေးမိကြသည်။ တချို့သော စီနီယာပုဂ္ဂိုလ်များသည်ပင် ထူးဆန်းသော အမူအရာများဖြစ်နေကြ၏။ စန့်ကွမ်းကလန်မှ အဆင့်မြင့်ရန်ဟောင်တစ်ဦးက ကမ်းပါးကိုကြည့်ကာ ပြောသည် “အဆင့်မြင့်တေးသွားတစ်ခုဟာ လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို အကောင်အထည်မမြင်ရဘဲ တိုက်ရိုက် တိုက်ခိုက်ဖျက်ဆီးနိုင်တယ်”

“ဆိုလိုတာက ကျုပ်တို့ဟာ တေးသွားကို ခံစားမိပေမယ့် ကြားရမှာ မဟုတ်ဘူး” နောက်တစ်ယောက်က ပြောသည်။

လူအုပ်က ထိုတေးသွားကို ခံစားရင်းဖြင့် ခေါင်းညိတ်ကြသည်။ အချိန်များကြာလာလျှင် နောက်ထပ် တေးသင်္ကေတတစ်စုံ လင်းလက်လာသည်။ ထိုအဖြစ်က လူအများအပြားအား ထူးဆန်းသော အမူအရာဖြစ်စေသည်။

ကျွင်းချိုးယွင်၏မျက်လုံးတွင် အေးစက်သော အငွေ့အသက်များအား တွေ့ရသည်။ သူက ရီဖူရှင်းအား သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ကြည့်၏။

သို့သော်လည်း ရီဖူရှင်းအား နှောင့်ယှက်ခြင်း မပြုပေ။ ရီဖူရှင်း ထိုပညာရပ်အား နားလည်သွားသောအခါ သူ့အား ဖမ်ဆီးပေမည်။ ထိုနည်းဖြင့် သူသည် တစ်ဘက်လူ၏ကြိုးစားအားထုတ်မှုမှ အကျိုးကျေးဇူး ရပေမည်။

လက်ရှိတွင် ကျွင်းချိုးယွင်ကား ဒွိဟဖြစ်နေသည်။ သူက ရီဖူရှင်းအား ၄င်းပညာကို နားလည်စေလိုသလို နားမလည်စေရန်လည်း မျှော်လင့်နေသည်။

သူ့စိတ်တွင်း၌ ရီဖူရှင်း၏ပါရမီ ထင်ပေါ်လာမည်ကို သူမလိုလားပေ။ သူသည် ရီဖူရှင်းနှင့် ယှဉ်ပါက သာမာန်အဆင့်ဖြစ်သွားပေလိမ့်မည်။

သူ မည်သို့ တွေးတောနေပါစေ၊ ကမ်းပါးမျက်နှာပြင်တွင်ကား ပိုမိုများပြားသော ရွှေရောင်သင်္ကေတများ ဖြစ်ပေါ်လာသည်။ ၄င်းတို့သည် လင်းလက်တောက်ပနေကာ ကမ်းပါးရှေ့မှ နေရာသည်လည်း နတ်အလင်းများဖြင့် ထိန်လင်းနေ၏။ မမြင်ရသော လှိုင်းများသည် ပင်လယ်လှိုင်းများအလား ရိုက်ခတ်နေကြ၏။

ရီဖူရှင်းကား သူ၏ကိစ္စတွင် လုံးဝ အာရုံဝင်စားနေသည်။ သူသည် သီးခြားနေရာတစ်ခုတွင် ရှိနေသည့်အာလား…။ မရေမတွက်နိုင်သော ဂီတသင်္ကေတများသည် သူ့အနီးတွင် လှည့်ပတ်နေကြ၏။ ကြောက်မက်ဖွယ် တေးသွားလှိုင်းများသည် အရပ်မျက်နှာမျိုးစုံသို့ ပျံ့လွင့်နေကြ၏။ ဗုဒ္ဓပုံရိပ်တစ်ခုကို ရေးရေးမျှ မြင်နိုင်သည်။

မဟာလမ်းစဉ်၏ဗုဒ္ဓတရားတော် ရွက်ဖတ်သံများသည် ထိုရုပ်တုမှ ထွက်ပေါ်လာဟန်ရသည်။

ကမ့်းပါးသည်လည်း တဖြေးဖြေး နတ်အလင်းများဖြင့် ထွန်းလင်းလာသည်။ ကမ်းပါးရှေ့၌ ရပ်နေသော တန်ခိုးရှင်များမှာ အံ့အားဘနန်း ဖြစ်ရ၏။ ရီဖူရှင်းသည် ကမ်းပါးမျက်နှာပြင်ကို အမှန်တကယ် အသက်ဝင်အောင် လုပ်နိုင်ခဲ့သည်။

သူတို့က ပတ်ပတ်လည်ကို ကြည့်ကာ ထူးခြားမှုတစ်ခုကို ခံစားမိကြ၏။ သူတို့အားလုံးမှာ မမြင်ရသော တေးသွားတစ်ခု၏ရစ်ပတ်ခြင်းကို ခံရသည့်အလား…။

ပေ့ကုန်းရွမ်က သူမ၏အနီးကို ကြည့်သည်။ ထို့နောက် ရီဖူရှင်းအား ကြည့်သည်။ ထင်မှတ်ထားသည့်အတိုင်း သူ မလုပ်နိုင်သည့်အရာ မရှိပေ။

စန့်ကွင်းချိုးရယ်သည်လည်း ကျင့်ကြံခြင်း၌ အာရုံဝင်စားနေသည်။ ဤသို့သော အခွင့်အလမ်းကား ကျင့်ကြံရန် အလွန်သင့်တော်ပေသည်။ သူမက ရီဖူရှင်း၏ဉာဏ်အလင်းရမှုကြောင့် သက်ဝင်လာသော သင်္ကေတများကို နားလည်အောင် ကြိုးစားလေ့လာနေသည်။ သူမအားလည်း မမြင်ရသော တေးသွားတစ်ခု ရစ်ပတ်နေ၏။

ကျွင်းချိုးယွင်သည် သူ့ရှေ့တွင် ဖြစ်ပျက်နေသည်များအားလုံးကို မြင်သည်။ သူ၏မျက်နှာက မဲမှောင်နေ၏။ ဘေးမှ ယွင်ကျိန်းက ပြုံးလျှက်ပြောသည် “ဒီလို ထူးခြားတဲ့ပါရမီမျိုးက ဖန်းလိုင်ကုန်းမြေမှာတောင် ရှားပါးတယ်”

ယွင်ကျိန်း၏စကားကိုကြားလျှင် စန့်ကွင်းချိုးရယ်၏မျက်နှာက ပို၍ နက်မှောင်လာသည်။ ရီဖူရှင်းသည် သူမလုပ်နိုင်သောအရာအား လုပ်ဆောင်နိုင်ခဲ့၏။

ပြင်းထန်သော အရှိန်အဝါတစ်ခု အပြင်ဘက်ကို ရိုက်ခတ်လာသည်။ ၄င်းကား ရီဖူရှင်းထံမှ ထွက်လာခြင်းဖြစ်သည်။ ထိုအခိုက်တွင် စောင့်ကြပ်ပေးနေသော ပေ့ကုန်းအော့သည် ရီဖူရှင်းဘေးကို ရောက်လာသည်။ သူ့ထံမှ စွမ်းအားတစ်ခုပေါက်ကွဲထွက်လာကာ အရံအတားတစ်ခု ဖြစ်ပေါ်လာစေပြီး မည်သူမှ သူ့အား မနှောင့်ယှက်ပေးစေရန် ကာကွယ်ပေးသည်။

“တော်လောက်ပြီ…” ထိုစဉ် ကျွင်းချိုးယွင်က အော်ဟစ်လိုက်သည်။ သူ့အနေဖြင့် ရီဖူရှင်းအား ဆက်ကျင့်ခွင့် မပြုနိုင်တော့။ သူ၏အော်သံသည် ထိုနေရာတစ်ခုလုံးကို ဟိန်းသွားကာ ကျင့်ကြံခြင်း၌ အာရုံဝင်စားနေသော ရီဖူရှင်းအား သွားရောက် နှောင့်ယှက်သည်။

ရီဖူရှင်းက ထိုအသံကိုကြားလျှင် မျက်လုံးပွင့်လာကာ အေးစက်စွာ ပြောသည် “ထွက်သွားစမ်း…”

သူက ထိုသို့ပြောလျှင် အသံသည် မဟာလမ်းစဉ်နှင့်ပေါင်းစပ်ထားသည့်အလား အင်အားကြီးမားကာ ကမ်းပါးတွင်ရှိနေသော နတ်အလင်းများသည် လှုပ်ရှားလာပြီး ကျွင်းချိုးယွင်ထံသို့ ရိုက်ခတ်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော တေးသွားသည် လှိုင်းအသွင်ဖြင့် သူ့ထံသို့ ရိုက်ခတ်သွားကာ သူ၏စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်၏။

ဝုန်း…

ကျွင်းချိုးယွင်ကား နောက်ကို လွင့်စင်သွားကာ ပါးစပ်မှ သွေးတစ်လုပ် အန်သည်။ ပတ်ဝန်းကျင်မှ လူများအ၏အမူအရာ ပြောင်းလဲသွား၏။ လူတချို့ ရှေ့ကို တက်သွားကာ ကျွင်းချိုးယွင်ကို ကာကွယ်ပေးကြသည်။

ကျွင်းချိုးယွင်၏မျက်နှာကား ပျက်ယွင်းနေသည်။ သူက ကျင့်ကြံနေသော ရီဖူရှင်းအား လှမ်းကြည့်လိုက်သည်။ ရီဖူရှင်းက သူ့အား လှုပ်ရှားခြင်းမရှိဘဲ ဒဏ်ရာရစေခဲ့သည်။

သည်မြင်ကွင်းက ကျွင်းချိုးယွင်တစ်ယောက် ကြီးစွာ အရှက်ရခြင်းဟုပင် ပြောနိုင်သည်။

လူအများက သူ့အား သနားစဖွယ် ကြည့်ကြသည်။ ကျွင်းကလန်မှ ဆက်ခံသူကား ဤနေရာတွင် အမှန်တကယ် အရှက်တကွဲဖြစ်ရသည်။ ယနေ့အဖြစ်အပျက်အား လူအများအပြားက မှတ်မိနေပေရော့မည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset