အပိုင်း(၁၉၁၂)

ဘာလို့သေချင်နေရတာလဲ။

ရီဖူရှင်းအနီးတွင် နတ်ဆင်များ ထွက်ပေါ်လာပြီး ထိုးစိုက်လာသည့် ဓားကြီးဆီသို့ တဟုန်ထိုး ပြေးထွက်သွားလေသည်။ နတ်ဆင်တစ်ကောင်စီက ကြောက်ခမန်းလိလိ စွမ်းအားများကို ထုတ်လွှတ်နေသည်။ ကြီးမားသော အနက်ရောင်ဓားများက နတ်ဆင်တို့၏ ခန္ဓာကိုယ်ထက် ကျဆင်းလာပြီး ရုတ်တရက် ကြီးမားသော နတ်ဆင်ခန္ဓာကိုယ်များထက်တွင် အက်ကြောင်းများ ပေါ်ပေါက်လာကာ အပိုင်းပိုင်း စုတ်ဖြဲခံရမလို ဖြစ်သွားသည်။ ထိုဓားကြီးများက ဒုန်းစိုင်းနေသော နတ်ဆင်များပေါ်သို့ အဆက်မပြတ်ကျဆင်းလာကာ ၎င်းတို့အား ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်သည်။ ကြောက်မက်ဖွယ် ထိခတ်သံက အဆက်မပြတ်ထွက်ပေါ်လာကာ လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။ နတ်ဆင်များ ပျက်စီးပြိုလဲသွားသည်နှင့် မဟူရာသံမဏိနတ်ဓားက ရီဖူရှင်း၏ ခေါင်းထက်သို့ တိုက်ရိုက်ကျဆင်းလာကာ ရီဖူရှင်းကို တိုက်ခိုက်လိုက်သည်။

ဘုန်း……

အလွန် ကြောက်မက်ဖွယ် ကောင်းသော ပြင်းထန်သည့် အသံတစ်ခု ထွက်ပေါ်လာကာ မဟူရာသံမဏိနတ်ဓားက နတ်ဆင်၏ ကြီးမားလှသော ခန္ဓာကိုယ်ပေါ်သို့ ထိခတ်မိသွားပြီး တုန်ခါမှုများ ဖြစ်ပေါ်လာသည်။ သို့သော်လည်း နတ်ဆင်၏ ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင်အလင်းတို့ကို ထုတ်လွှတ်လာပြီး ဖျက်ဆီး၍ မရနိုင်အောင် မာကြောသော ရွှေရောင်ခန္ဓာ ဖြစ်လာပေသည်။

ရီဖူရှင်းက နတ်ဆင်၏ ပုံရိပ်အတွင်း၌ မတ်တပ်ရပ်နေသည်။ သူက သူ့ရှေ့မှ ကျောက်တုံးရင်ပြင်ထက် ရပ်နေသော ဝတ်စုံနက်နှင့် လူငယ်ကို ကြည့်ကာ သူ့မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားပေသည်။

ဘန်း…

ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ခြေချလိုက်သည်နှင့် နတ်ဆင်စွမ်းအားများ ထွက်ပေါ်လာကာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်အောင် ပြိုင်ဘက်ကင်း ထက်ရှသော အရှိန်အဝါတို့ကို ထုတ်လွှတ်လာသည်။

ဓားဆန္ဒသုံးခုက ရီဖူရှင်း၏ ဘေးသို့ ပျံသန်းလာပြီး ကောင်းကင်ထက်တွင် ဓားစွမ်းအင်များနှင့် ဖွဲ့စည်းထားသော ဓားမြစ်ကြီးတစ်စင်း ပေါ်ပေါက်လာသည်။

ရွှစ်! အဆုံးမဲ့ ဓားစွမ်းအားများက ၎င်းတို့ထဲကို စီးဝင်လာကာ ရောမွှေခံလိုက်ရသည်။ ချက်ချင်းပင် ဓားဆန္ဒသုံးခုမှ တစ်ခုချင်းစီတွင် ရီဖူရှင်း၏ ထိတ်လန့်ဖွယ် ဓားစွမ်းအားတို့ ပါဝင်လာသည်။ အစောပိုင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုက ပြီးပြည့်စုံသော တိုက်ခိုက်မှုမဟုတ်ပေ။

“ဒီနေရာက ထွက်သွား။” မော့ကြည့်လိုက်လျှင် ကျယ်လောင်သော အသံတို့ကို ကြားနိုင်ပေသည်။ မဟာလမ်းစဥ်နတ်ဝင်ရိုးမှ အသွင်ပြောင်းထားသော နတ်ဆင်များက ကောင်းကင်တွင် ပျံဝဲနေပြီး မဟူရာသံမဏိနတ်ဓားရှိနေသည့် လေဟာနယ်သို့ တိုက်ရိုက်တိုးဝင်သွားကာ ဖျက်ဆီးပစ်ရန် ကြံရွယ်လိုက်သည်။ ကောင်းကင်ထက်တွင် အဆုံးမဲ့ ရွှေရောင်နတ်ရောင်ဝါတို့ ထွက်ပေါ်လာကာ နတ်ဆင်များက တိုးပွားလာပြီး ရှေ့သို့ တဟုန်ထိုးပြေးဝင်သွားသည်။ ဆင်များ အော်မြည်သံက ကြားရသူတို့၏ နားစည်များကို ကွဲထွက်သွားစေမတတ်ဖြစ်ကာ မရေတွက်နိုင်သော နတ်ဆင်များက တစ်ချိန်တည်းတွင် ရှေ့သို့ ချီတက်လာသည်။

ရီဖူရှင်းက ရှေ့မှ ဝတ်စုံနက်နှင့် လူငယ်ကို ကြည့်လိုက်ပြီး ရှေ့သို့ ဆက်လက်တိုးဝင်လာသည်။ ကြီးမားသည့် နတ်ဆင်များက တစ်ဖက်လူ၏ မဟာလမ်းစဥ်နတ်ဝင်ရိုးဖွဲ့စည်းထားသည့် ကြီးမားသော အနက်ရောင်ဓားကြီးကို ခြေဆောင့်နင်းရန် ကြိုးစားလိုက်သည်။ ၎င်းက စူးရှသော အသံများကို ထုတ်လွှတ်လာပြီး နတ်ဆင်များဆီ ရွေ့လျားလာ၏။

ထိုနှစ်ခုက လေဟာနယ်အတွင်း ပြင်းထန်စွာ တိုက်မိသွားခဲ့ပြီး ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ ယင်းက ဓားတောင်ထွတ်နှင့် ကျောက်တုံးရင်ပြင်များကို ပြင်းထန်စွာ တုန်ခါသွားစေသော်လည်း ပြိုကျတော့မသွားခဲ့ပေ။ ထိုနှစ်ဦး၏ တိုက်ခိုက်မှုက သူတို့ ထင်မှတ်မထားလောက်အောင် ပြင်းထန်နေသောကြောင့် တန်ခိုးရှင်များက နောက်ဆုတ်လိုက်ရသည်။ အဆင့်နိမ့်ရန်ဟောင် တန်ခိုးရှင်များသာ ထိုအနီးအနားတွင် ရှိနေပါက သူတို့အား သက်ရောက်လိမ့်မည် ဖြစ်သည်။

ရွှပ်…

ထိုအချိန်တွင် တောက်ပသော ဓားဆန္ဒသုံခုက တဖန် ပေါက်ကွဲထွက်လာကာ ရီဖူရှင်း၏ မဟာလမ်းစဥ်စွမ်းအားများထဲသို့ ဝင်ရောက်ရောယှက်သွားသည်။

အနက်ရောင်ဝတ်စုံနှင့် လူငယ်၏ မျက်လုံးများက အနည်းငယ် မတည်မငြိမ် ဖြစ်လာသည်။ ရီဖူရှင်း၏ ခွန်အားက သူ မျှော်မှန်းထားသည်ထက် ကျော်လွန်လာနေပြီး သူက ချက်ချင်း သတ်ဖြတ်ပစ်နိုင်စွမ်း မရှိပေ။ သူ့စိတ်ထဲတွင် သူ့ပြိုင်ဘက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ရန် လိုအပ်သည်ထက်မြင့်မားနေသည်မှာ သံသယရှိရန်ပင် မလိုပေ။

ကြီးမားလှသော မဟူရာဓားများက သူ့အနီးတွင် ခမ်းနားထည်ဝါ၍ အေးစက်စွာ တည်ရှိနေသည်။ သူသည် အလယ်ဗဟိုတွင် ရပ်နေဆဲဖြစ်ကာ ဓားပလ္လင်ထက် ထိုင်နေသကဲ့သို့ ထင်မှတ်ရပေသည်။

သို့သော် ထိုအချိန်တွင် ဓားမြစ်တစ်စင်းက လေဟာနယ်ထဲ၌ မျောလွင့်လာသည်။ သူရှိရာ နေရာတစ်ခုလုံးကို အသက်ရှုကြပ်ဖွယ်စွမ်းအားတို့နှင့် ဖုံးလွှမ်းခံလိုက်ရသည်ဟု ခံစားမိပြီး အေးစက်သည့်ခံစားမှုက သူ့ကို ခိုက်ခိုက်တုန်လာစေသည်။ ၎င်းသည် အေးစက်လှပြီး ထိုအေးစက်မှုက သူ၏ စိတ်ဝိညာဥ်ကိုပင် အေးခဲသွားနိုင်စွမ်းရှိပေသည်။

သူ၏ ခုခံမှုစွမ်းအား ဓားစွမ်းအင်တို့သည်လည်း ရေခဲတစ်လွှာနှင့် ဖုံးအုပ်ခံလိုက်ရသည်။ ၎င်းက ရေခဲရိုက်အေးခဲခြင်းခံလိုက်ရသကဲ့သို့ ခံစားရပေသည်။

“ဟင်…”

သူ့နောက်ရှိ အဋ္ဌမဆင့် ရန်ဟောင်နှစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။ သူတို့သည် ဝတ်စုံနက်နှင့် လူငယ်အား ဖျက်ဆီးပစ်နိုင်သော စွမ်းအားကို ခံစားမိလိုက်ပေသည်။ သူတို့ထဲမှ တစ်ယောက်က လျင်မြန်စွာ ဆုံးဖြတ်ချက်လိုက်ကာ သူ၏ ဓားကို မြှောက်လိုက်သည်။

ထိုဓားစွမ်းအားများ ထွက်ပေါ်လာသောအချိန်၌မှာပင် ကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာကာ ဝတ်စုံနက်နှင့် လူငယ်၏ ကာကွယ်မှုစွမ်းအားက ချက်ချင်းဖျက်ဆီးခံလိုက်ရပြီး မဟူရာဓားက အပိုင်းပိုင်းကွဲကြေသွားတော့သည်။ ဓားဆန္ဒတိုက်ခိုက်မှုက ချက်ချင်းကျရောက်လာပြီး ဝတ်စုံနက်နှင့် လူငယ်က ဓားဆန္ဒ၏ စွမ်းအားများ ကျရောက်လာမှုကို တွေ့မြင်ရပြီး သူ့မျက်လုံးထဲ၌ ယင်းစွမ်းအားက ​ပိုမိုပြတ်သားလာသည့်အခါ ရုတ်တရက် ကြီးစွာသော အကြောက်တရားတို့ကို ခံစားလိုက်ရပေသည်။

ဘုန်း…..

ကျယ်လောင်သောအသံနှင့်အတူ ဝတ်စုံနက်လူငယ်ရှေ့ရှိ အနက်ရောင်နတ်ဓားက ပိတ်ဆို့တားဆီးခံလိုက်ရပြီး ဓားဆန္ဒသုံးခု၏ စွမ်းအားများက ၎င်းပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။ သို့သော်လည်း ယင်းတို့က တားဆီးခံလိုက်ရကာ ရည်ရွယ်ထားသည့်အတိုင်း ထိခိုက်ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

ဝတ်စုံနက်နှင့် လူငယ်၏ နောက်တွင် လွှမ်းမိုးနိုင်စွမ်းရှိသော အဋ္ဌမဆင့် တန်ခိုးရှင်တစ်ယောက် ထွက်ပေါ်လာကာ ရီဖူရှင်းအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ရွှစ်…

ဓားစွမ်းအားများက ရီဖူရှင်း၏ ရှေ့သို့ ချက်ချင်း ပြန်ရောက်ရှိလာပြီး ကျယ်လောင်စွာ အော်မြည်လျက်ရှိသည်။

ထိုအခြေအနေမှပင် လူအုပ်ကြီးက မည်သို့ ဖြစ်ပျက်သွားသည်ကို နောက်ဆုံး၌ သဘောပေါက်မိတော့သည်။ ဖြစ်ပျက်သွားသည်များမှာ အလွန် မြန်ဆန်လွန်းသဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် အရာအားလုံး ပြီးဆုံးသွားပြီဖြစ်လေသည်။

ထို့နောက် သူတို့၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်သွားကြသည်။ ယခုလေးတင် ဝတ်စုံနက်နှင့် လူငယ်က အသတ်ခံရမလို ဖြစ်သွားသည်လား။

ထို့ကြောင့် အဋ္ဌမဆင့် တန်ခိုးရှင်က ရှေ့ထွက်လာကာ သူ့ကို ကယ်ရန် လှုပ်ရှားမှုပြုလိုက်ရခြင်း ဖြစ်ပေသည်။

ဒါက……

သူတို့သည် အသတ်ခံရမည့်သူက ရီဖူရှင်း ဖြစ်ပြီး ဝင်စွက်ဖက်ရမည့်သူများက ရီဖူရှင်းနောက်မှ သူများဖြစ်သည်ဟု တွေးထားခဲ့သော်လည်း ဆန့်ကျင်ဘက်ဖြစ်ပျက်သွားခဲ့ပေသည်။ အလယ်အလတ်အဆင့် ရန်ဟောင်ဖြစ်သော ဝတ်စုံနက်နှင့် လူငယ်သည် သူ့နောက်မှ တန်ခိုးရှင်က သတ်ဖြတ်ခြင်းဓားစွမ်းအားများကို ဟန့်တားပေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် အသတ်ခံရပြီး ဖြစ်နေလိမ့်မည်။

ထိုနေရာတစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်သွားကာ တိတ်ဆိတ်လွန်းသဖြင့် ကြောက်မက်ဖွယ်ပင် ကောင်းလာပေသည်။ အစမှအဆုံးထိ ရီဖူရှင်းနှင့် အနက်ရောင်ဝတ် လူငယ်တို့မှာ စကားအများကြီး မပြောခဲ့ဘဲ ရက်စက်သော တိုက်ခိုက်မှုတို့ကိုသာ ထုတ်ဖော်ခဲ့သည်။ ပိုပြီးအရေးကြီးသည်မှာ သူတို့က သတ်ဖြတ်ရန် အဓိကထားခဲ့ခြင်း ဖြစ်သည်။

“မင်း ဒီလောက် ရဲတင်းနေတာ အဲဒါကြောင့်လား။” ရီဖူရှင်းက ဝတ်စုံနက်နှင့် လူငယ်၏ ရှေ့တွင် ရပ်နေသော သက်လတ်ပိုင်းလူကြီးကို ကြည့်ကာ ပြောလိုက်သည်။ သူ၏ လေသံက သမရိုးကျပင် ဖြစ်သော်လည်း သူ့စကားလုံးများက လှောင်ပြောင်မှုတို့နှင့် ပြည့်နေသည်။

အနက်ရောင်ဝတ်နှင့် လူက အလွန်ရန်လိုစွာဖြင့် ရီဖူရှင်းအား တိုက်ခိုက်ခဲ့သော်လည်း သူသာလျှင် အသတ်ခံရမည့်သူ ဖြစ်သွားခဲ့သည်။ သူ့နောက်မှလူကြောင့်သာ မဟုတ်လျှင် သူက သေလူဖြစ်​နေခဲ့ပြီ ဖြစ်သည်။

ဤထိပ်တိုက်ရင်ဆိုင်မှုတွင် အနက်ရောင်ဝတ်လူငယ်က မျက်နှာပျက် အရှက်ရခဲ့ပေသည်။ သူသာ ရီဖူရှင်းအား သတ်ဖြတ်နိုင်လျှင် လူတိုင်းက သူ့ကို သေးငယ်သော ကိစ္စလေးအတွက်ပင် လူသတ်မှုကျူးလွန်သည့် ရက်စက်သော လူသတ်သမားအဖြစ် ရှုမြင်ကြလိမ့်မည် ဖြစ်ပြီး ရီဖူရှင်းကတော့ သနားစရာအရှုံးသမားသာသာပင် ဖြစ်လိမ့်မည်။

သို့သော်လည်း ယခုအသတ်ခံရလုနီးပါး ဖြစ်သွားသူမှာ ဝတ်စုံနက်နှင့် လူငယ် ဖြစ်သောကြောင့် ကိစ္စရပ်တစ်ခုလုံးက တစ်ခုခု လွဲချော်နေသလိုပင် ခံစားလိုက်ကြရသည်။

နောက်ထပ် အဋ္ဌမဆင့် တန်ခိုးရှင်က ရှေ့တက်လာကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။ “ဒီကိစ္စမှာ မပါဝင်တဲ့သူတွေ နောက်ဆုတ်ကြပါ။”

လူတိုင်း၏ နှလုံးသားများက တုန်ယင်သွားသည်။ ကြည့်ရသည်မှာ မဟူရာသံမဏိဓားကလန်မှ တန်ခိုးရှင်များက ရီဖူရှင်းအား သတ်ဖြတ်ရန် ကြံရွယ်လိုက်ကြပုံရသည်။ ယခု သူတို့က အပြောင်းအလဲအား ကြုံတွေ့ပြီးဖြစ်ရာ ရီဖူရှင်းကို အသက်ရှင်လျက် လွှတ်မပေးလိုကြတော့ချေ။

ဝတ်စုံနက်နှင့်လူငယ်တွင် ထူးခြားသော အဆင့်အတန်းရှိသည်။ သူသည် လက်ရှိ မဟူရာသံမဏိဓားအင်ပါယာ၏ သားဖြစ်ပြီး မဟူရာသံမဏိဓားကလန်၏ သခင်လေး ဖြစ်သည်။

သူ့ဘေးမှ တန်ခိုးရှင်နှစ်ဦးတွင် တစ်ဦးက မဟူရာသံမဏိဓားအင်ပါယာ၏ အကြီးဆုံးတပည့်ဖြစ်ကာ ဝတ်ရုံနက်နှင့်လူကို ကယ်တင်ရန် လှုပ်ရှားလိုက်သည့်တစ်ယောက်က မဟူရာသံမဏိဓားအင်ပါယာ၏ ညီဖြစ်ပြီး ဝတ်စုံနက်လူငယ်၏ ဦးလေး ဖြစ်သည်။

“ဒါက အထင်လွဲမှုအသေးစားလေးတစ်ခုပဲ။ ဘာလို့ အကြမ်းဖက်မှုတွေ လုပ်နေမှာလဲ။ အစကတည်းက သေခြင်းရှင်ခြင်း ရန်ငြိုးတွေလည်း ရှိကြတာမဟုတ်ဘူး။ ဘယ်သူမှ ဒဏ်ရာရတာမရှိဘူးဆိုတော့ ဒီမှာပဲ ရပ်ကြရအောင်။” ရီဖူရှင်းအား အကြံဉာဏ်ပေးဖူးသည့် အမျိုးသမီးရန်ဟောင်က နှစ်ဖက်လုံးကို ရပ်တန့်စေဖို့ရာ ဝင်ရောက်ဖျန်ဖြေရန် ကြိုးစားလိုက်သည်။ ရီဖူရှင်းတွင် ထူးခြားသာလွန်သော အရည်အချင်း ရှိ၏။ သူတို့သာ တိုက်ပွဲဖြစ်လျှင် ရီဖူရှင်းက အသတ်ခံရနိုင်ခြေ များသည်။ မဟူရာသံမဏိဓားကလန်၏ အင်အားက အတော်လေး တောင့်တင်းပေသည်။

ဤဖြစ်ရပ်တစ်ခုလုံးက မဟူရာသံမဏိဓားကလန်၏ ရိုင်းပြမှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ သို့သော်လည်း သူမသည် ကျင့်ကြံခြင်းလောက၌ အကြွင်းမဲ့ အမှားအမှန်ဟူ၍ မရှိသည်ကို နားလည်ပေသည်။

“မရဘူး။” ဝတ်စုံနက်နှင့် လူငယ်၏ မျက်လုံးများက အေးစက်နေပြီး သူ၏ သတ်ဖြတ်လိုစိတ်က ယခင်ကထက် ပိုမိုအားကောင်းလာသည်။ ယခင်က သူသည် ရီဖူရှင်းအား ရုတ်တရက် စိတ်ကူးကြောင့် သတ်ရန်ကြိုးစားခဲ့သော်လည်း ယခုမူ သူက တကယ်ကို သတ်ချင်နေခဲ့ပြီ ဖြစ်သည်။

“ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။” ရီဖူရှင်းက အမျိုးသမီးအား ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ “ဒါပေမယ့်လည်း တချို့လူတွေက သေချင်နေမှတော့ ကျုပ်က သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ လိုတယ်လေ။”

“…” အမျိုးသမီးက သူတို့နှစ်ယောက်အား ဗလာမျက်ဝန်းများနှင့် စိုက်ကြည့်လိုက်သည်။ ဝတ်စုံနက်နှင့် လူငယ်အပြင် ရီဖူရှင်းကပါ သူမ၏ အကြံပြုမှုကို ငြင်းပယ်ခဲ့သည်။ ကြည့်ရသည်မှာ နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ထားပုံရသည်။

“မင်းက သေချင်နေတာလား။” အနက်ရောင်ဝတ်လူငယ်က ရီဖူရှင်းကို ကြည့်လိုက်သည်။

ရီဖူရှင်းက တစ်ဖက်လူအား ​ကြည့်လိုက်၏။ သူက ဘေးမှ ပေ့ကုံးအော့ကို ပြောလိုက်သည်။ “သူတို့ကို ခဏလောက်ထိန်းထားပေး။”

“ကိစ္စမရှိဘူး။” ပေ့ကုံးအော့က ခေါင်းညိတ်လိုက်သည်။ သူက သူ၏ ကိုယ်ပိုင်အင်အားအပေါ် ယုံကြည်ချက် ရှိလာသည်။

သူ၏ အသံထွက်ပေါ်လာသည့်အခါ ထိတ်လန့်ကြောက်ရွံ့ဖွယ် မိုးကြိုးစက်ကွင်းတစ်ခု ပေါ်ပေါက်လာပြီး လေဟာနယ်ကို ဖုံးလွှမ်းထားသော ထိုအတွင်း၌ ကြောက်လန့်ဖွယ်ကောင်းသော မိုးကြိုးနတ်ဘုရားတစ်ပါး၏ ပုံရိပ်ရှိနေသည်။ ကောင်းကင်ထက်တွင် အဆုံးမဲ့ မိုးကြိုးတို့ ဖြစ်တည်လာပြီး သူ့ပေါ်သို့ ကျဆင်းလာသည်။ သူသည် မိုးကြိုးခန္ဓာအဖြစ် ပြောင်းလဲသွားကာ မဟာလမ်းစဥ်မိုးကြိုးများကို ဆွဲ​ဆောင်လိုက်သည်။ အားလုံးသော နတ်မိုးကြိုးအလင်းတို့က သူ့ကို ဝန်းရံထားကာ မရေတွက်နိုင်သော မိုးကြိုးချိန်းကြိုးများသဖွယ် ဖြစ်ပေါ်လာသည်။

မဟူရာသံမဏိဓားအင်ပါယာ၏ တပည့်က ရှေ့သို့ လှမ်းလာပြီး ကောင်းကင်ထက်တွင် အစွမ်းထက် ဓားတစ်လက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ထက်ရှမှုတို့က ဖြန့်ကျက်လာပြီး ပတ်ဝန်းကျင်မှ တန်ခိုးရှင်များကိုပါ သက်ရောက်ကာ သူတို့အား နောက်ဆုတ်သွားစေသည်။ ဤနေရာ၌ တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာပြီ ဖြစ်၏။

သို့သော် လူအများက ကျင့်သားရနေပြီ ဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ထိုသို့သော တိုက်ပွဲများက မကြာခဏဖြစ်ပွားတတ်သည်။ သို့သော်လည်း ဤသို့သော အဆင့်နှင့် တိုက်ပွဲမျိုးက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

အဋ္ဌမဆင့် ရန်ဟောင်က ကောင်းကင်ရှိ နတ်ဓားထံ လက်လှမ်းလိုက်ပြီး ၎င်းသည် အားကောင်းလှသော ဓားမန္တာန်တို့ ထွင်းထုထားသည့် မဟူရာသံမဏိဓားတစ်လက် ဖြစ်လာကာ ကြောက်မက်ဖွယ် အနက်ရောင် အလင်းအဖြစ်ပြောင်းလဲပြီး တိုက်ခိုက်လာသည်။

ဘန်း… ဘန်း… ဘန်း…

နတ်ဓားအလင်းတို့က ကောင်းကင်မှ ကျဆင်းလာပြီး ရီဖူရှင်းနှင့် အခြားသူများရှိနေသည့် နေရာကို လွှမ်းခြုံသွားကာ မဟူရာသံမဏိအကျဥ်းထောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရီဖူရှင်းတို့အဖွဲ့ ထွက်မပြေးနိုင်စေရန် ၎င်း၏ ဓားစွမ်းအားများဖြင့် ချိပ်ပိတ်ထားလိုက်သည်။

ထို့နောက်တွင် သူက လက်ညှိုးကို အောက်သို ညွှန်လိုက်ပြီး မဟူရာသံမဏိဓားက ကျယ်လောင်လှသော ပေါက်ကွဲသံများနှင့်အတူ အောက်သို့ ထိုးဆင်းလာသည်။

မိုးကြိုးစစ်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲထားသော ပေ့ကုံးအော့သည် လေထဲတွင် ပျံဝဲနေကာ အဆုံးမဲ့ မိုးကြိုးနှင့် လျှပ်စီးစွမ်းအားများက သူ့ကို လှည့်ပတ်နေပြီး မိုးကြိုးချိန်းကြိုးများအဖြစ် ပြောင်းလဲသွားကာ မဟူရာသံမဏိဓားကို တုပ်နှောင်ရန် ကြိုးစားလိုက်သည်။ သို့သော် ၎င်းသည် ထိတ်လန့်ဖွယ်အရှိန်အဟုန်နှင့် ကျဆင်းလာသော နတ်ဓားကို တားဆီးနိုင်ခြင်း မရှိပေ။ အနက်ရောင်နတ်အလင်းတို့က အော်မြည်နေပြီး ၎င်းတို့၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို ဖျက်ဆီးသွားသည်။

သို့သော် ကောင်းကင်တွင် မိုးကြိုးကွန်ယက်တစ်ခု ဖြစ်ပေါ်လာပြီး နတ်အလင်းများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ပြစ်ဒဏ်တစ်ထောင်ပညာရပ်၏ မိုးကြိုးပြစ်ဒဏ်စွမ်းအားများက နတ်ဓားဆီသို့ တိုးဝင်သွားသည်။

ဘုန်း…..

ကျယ်လောင်လှသည့် ဆူညံသံကို ကြားလိုက်ရပြီး နတ်ဓားသည် လေဟာနယ်အတွင်း ချိပ်ပိတ်ခံထားရသလိုဖြစ်ကာ ပြစ်ဒဏ်တစ်ထောင်ပညာရပ်၏ အလင်းများဖြင့် တိုက်စားခံရပြီး တဖြေးဖြေး ဖျက်ဆီးခံရလေသည်။

၎င်းကို ကြည့်ရင်း ဝတ်စုံနက်နှင့် လူငယ်၏ ဘေးမှ အဋ္ဌမဆင့် တန်ခိုးရှင်သည်လည်း ရှေ့သို့တက်လာခဲ့သည်။ ပိုမိုထိတ်လန့်ဖွယ်အရှိန်အဝါတို့ ထွက်ပေါ်လာပြီး လေဟာနယ်ကို ၎င်း၏ စွမ်းအားတို့ဖြင့် ဖိနှိပ်ထားသည်။

ရီဖူရှင်းသည် တိုက်ပွဲကို ကြည့်မနေသော်လည်း သူ၏ မဟာလမ်းစဥ်စွမ်းအားများကို ဖြန့်ကျက်ထားရာ ကျောက်တုံးရင်ပြင်ကိုးခုက တစ်ချိန်တည်း လင်းလက်လာပြီး တောက်ပသော ဓားစွမ်းရည်အလင်းတန်းတို့ကို ထုတ်လွှတ်လာသည်။ တစ်ချိန်တည်းမှာပင် ဓားတောင်ထွတ်သည်လည်း လင်းလက်လာကာ ကြီးမားပြင်းထန်လှသည့် ဓားစွမ်းအားများကို ထုတ်လွှတ်လာ၏။

“ဘာတွေ ဖြစ်ကုန်တာလဲ။” ဓားတောင်ထွတ်မှ အပြောင်းအလဲများကို မြင်သည့်အခါ တိုက်ပွဲမှ ထွက်ခွာသွားနေသည့် ရန်ဟောင်များက တုန်ယင်သွားကြသည်။ သူတို့က ရီဖူရှင်းကို ကြည့်လိုက်သလို ဝတ်စုံနက်နှင့် လူသည်လည်း ဓားတောင်ထွတ်ကို လှည့်ကြည့်လာ​ပြီး ရုတ်တရက် နိမိတ်မကောင်းသော ခံစားချက်များကို ခံစားလိုက်ရသည်။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ အခွင့်အရေးကောင်းတွေ အများကြီး ရှိနေတာကို ကောင်းကောင်းအသက်ရှင်ပြီး ကျင့်ကြံနေရမယ့်အစား ဘာလို့သေချင်နေရတာလဲ။” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။ သူ့ အသံက ဓားတောင်ထွတ်သို့ လှည့်ကြည့်နေသော ဝတ်စုံနက်နှင့် လူငယ်၏ နားထဲတွင် ကျယ်လောင်စွာ မြည်ဟီးလာပြီး ဝတ်စုံနက်နှင့် လူငယ်၏ အမူအရာက ပြောင်းလဲသွားလေသည်။

ရွှစ်…

ဓားတောင်ထွတ်မှ ကောင်းကင်ကို ထိုးဖောက်သော ဓားအလင်းတစ်ခု ပေါက်ကွဲထွက်လာကာ ဓားစွမ်းအားများက နေရာတခွင်လုံးကို ဖုံးလွှမ်းသွားသည်။ ချက်ချင်းပင် ဓားတောင်ထွတ်နှင့် နီးသော မဟူရာသံမဏိဓားကလန်မှ လူအများအပြားသည် ဓားစွမ်းအားများအောက်၌ အမှုန့်ကြိတ်ခံလိုက်ရကာ မည်သည်မှ မကျန်တော့အောင် သုတ်သင်ခံလိုက်ရလေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset