Switch Mode

အခန်း ( ၃၄၄ )

တံခါးဝက တိုက်ပွဲ

ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်ကာ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်းဟု တွေးတောမိနေ၏။ မြည်းဖြူလေးကမူ တံခါးပေါက်၏ နောက်တွင်ရပ်ကာ ခေါင်းကို ပြူတစ်ပြူတစ် လုပ်နေ၏။ ၎င်း၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေပြီး ၎င်းမှာ ချီတုံချတုံဖြစ်နေပြီးနောက် ကြောက်ရွံ့နေသည့်ပုံ ပေါက်သွား၏။ ထို့နောက် ၎င်းမှာ ဘေးဘီဝဲယာအား အလျင်အမြန် အကဲခတ်လိုက်ပြီး တံခါးပေါက်အပြင်ဘက်သို့ ထွက်သင့်၊ မထွက်သင့် စဉ်းစားကာ ဝေခွဲမရ ဖြစ်နေတော့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရသည်။ ထိုအချိန်တွင် ခြင်္သေ့ကြီးမှာ မြည်းဖြူလေးအား ၎င်းဆီသို့လာရန် ခေါ်နေသည့်အလား လေသံတိုးတိုးလေးဖြင့် ထပ်၍ အော်ဟစ်ညည်းညူလိုက်ပြန်သည်။ ထိုခြင်္သေ့ကြီးမှာ ထိုကဲ့သို့အော်ဟစ်ရင်း ၎င်း၏ ခန္ဓာကိုယ်အား အနည်းငယ်ခန့် ယိမ်းနွဲ့လိုက်တော့ကြောင့် နေရောင်ခြည်၏အောက်တွင် ၎င်း၏ အမွေးများမှာ ရွှေရောင်သန်းသွား၏။ ထိုမြင်ကွင်းမှာ လှပလွန်းနေသောကြောင့် ၎င်းကို မြင်လိုက်ရသူတိုင်းမှာ အလွယ်တကူ အကြည့်လွှဲနိုင်မည် မဟုတ်ပေ။

ထိုအခါ မြည်းဖြူလေး၏ အထူးတဆန်းဖြစ်နေသော မျက်ဝန်းများမှာ တောက်ပသွား၏။ ၎င်းမှာ ဆုံးဖြတ်ချက် ချပြီးသွားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ စစ်တပ်စခန်းအား ကာကွယ်ပေးထားသည့် မန္တန်အစီအရင် အပြင်ဘက်သို့ တဖြည်းဖြည်းနှင့် တစ်လှမ်းချင်းစီ ထွက်လာတော့သည်။

မြည်းဖြူလေးမှာ မန္တန်အစီအရင်ထဲမှ ထွက်လာပြီး ခြင်္သေ့ကြီး၏ ဘေးနားသို့ ရောက်ရှိလာ၏။ ထို့နောက် ၎င်းမှာ ထိုခြင်္သေ့ကြီးအား နှုတ်သီးဖြင့် ပွတ်သပ်နေလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ ပါးစပ်အဟောင်းသားနှင့် မျက်လုံးများပြူးကာ ထိုမြင်ကွင်းကြီးကို စိုက်ကြည့်နေစဉ်မှာပင် ပုန်းကွယ်နေခဲ့သည့် မြည်းနက်လေးမှာ ပြေးထွက်လာပြီး မြည်းဖြူလေးဆီသို့ ဦးတည်လာတော့သည်။ ၎င်းမှာ အနက်ရောင် လျှပ်စီးတန်းတစ်ခုနှင့် တူနေပြီး အလွန်အင်မတန်မှ လျင်မြန်နေသောကြောင့် ၎င်း၏နောက်တွင် ပုံရိပ်ယောင်တစ်ခုပင် ကျန်ရစ်ခဲ့၏။

၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်ပြီး ရုတ်ခြည်းဆိုသလို ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ မြည်းဖြူလေးမှာလည်း ၎င်းကဲ့သို့ပင် လျင်မြန်နေ၏။ ထို့ကြောင့် ၎င်းမှာ ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် မျက်လုံးများပြူးသွားပြီး ချက်ချင်းပင် ထွက်ပြေးလိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ခြင်္သေ့ကြီးမှာ ၎င်း၏ ပါးစပ်ကို ဟလိုက်ပြီး ဝမ်းနည်းပူဆွေးနေသည့် အမူအရာဖြင့် မြည်းဖြူလေးအား လှမ်းကိုက်လိုက်တော့သည်။

ထို့ကြောင့် မြည်းဖြူလေးမှာ အံ့ဩတုန်လှုပ်သွားရ၏။ ၎င်းမှာ ရပ်တန့်သွားပြီး အော်ဟစ်မြည်တမ်း၍ အကူအညီတောင်းရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် မြည်းနက်လေးမှာ ရောက်ရှိလာပြီး ၎င်း၏ ခွာများဖြင့် ချက်ချင်းပင် လှမ်းကန်လိုက်၏။ ၎င်းမှာ မြည်းဖြူလေး၏ ဦးခေါင်းကို အားပြင်းပြင်းနှင့် ကန်ကျောက်လိုက်သောကြောင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ ၎င်း၏ အမြန်နှုန်းကြောင့် ထိုကန်ချက်၏ ပြင်းအားမှာ ပိုမိုပြင်းထန်နေ၏။ ထို့ကြောင့် မြည်းဖြူလေးမှာ ချက်ချင်းပင် သတိလစ်သွားရတော့သည်။ ၎င်းမှာ ဦးခေါင်းတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရပြီး အော်ဟစ်ချိန်ပင် မရလိုက်ဘဲ သတိလစ် မေ့မြောသွားတော့သည်။

ထို့နောက် ၎င်းမှာ မြေကြီးပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျလာ၏။ ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်နေရင်း ထိုအခြင်းအရာများကို စောင့်ကြည့်နေစဉ်တွင် စိတ်လှုပ်တရှား ဖြစ်နေသော မြည်းနက်လေးမှာ အနားသို့ ချဉ်းကပ်လာပြီး မြည်းဖြူလေး၏ နားရွက်အား ကိုက်လိုက်၏။ ထို့နောက် ၎င်းမှာ မြည်းဖြူလေးအား အဝေးသို့ ဆွဲခေါ်သွားလိုက်တော့သည်။

တချိန်တည်းမှာပင် ၎င်းမှာ နောက်သို့လှည့်လာပြီး ခြင်္သေ့ကြီးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ ထိုအခါ ခြင်္သေ့ကြီး၏ မျက်နှာအမူအရာမှာ မချိတင်ကဲဖြစ်ကာ ဝမ်းနည်းပူဆွေးနေသည့် အမူအရာမှ လေးစားမှုအပြည့် ရှိနေသည့် အမူအရာသို့ ချက်ချင်းပင် ပြောင်းလဲသွားသည်။ မြည်းနက်လေးမှာ ၎င်းအား ထွက်သွားခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းက ရိပ်မိသွားသည်ပုံပြင်။ ထို့ကြောင့် ၎င်းမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး အမြီးကုပ်ကာ အဝေးသို့ထွက်ပြေးသွားတော့သည်။

မြည်းနက်လေးကမူ ခြင်္သေ့ကြီးအား လစ်လျူရှူလိုက်၏။ ၎င်း၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် တောက်ပနေပြီဖြစ်သည်။ ၎င်းမှာ သတိမေ့မြောနေသည့် မြည်းဖြူလေးအား ပါးစပ်ဖြင့်ကိုက်၍ ဆွဲလိုက်ပြီး အဝေးသို့ အလျင်အမြန် ပြေးထွက်သွားပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့သည်။ ၎င်းမှာ ပြေးလွှားနေရင်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသည့်ပုံစံဖြင့် အဆက်မပြတ် နှာမှုတ်နေ၏။

ဝမ်ပေါင်လဲ့မှာ ဖြစ်ကြောင်းကုန်စင်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသောကြောင့် အံ့သြတုန်လှုပ်နေရတော့သည်။ သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မြည်းတစ်ကောင်ကြောင့် ယခုလောက်အထိ တုန်လှုပ်ချောက်ချားဖူးသွားခြင်း ဖြစ်သည်။ မြည်းနက်လေးမှာ အလွန်အင်မတန်မှ ထုံထိုင်းသည့် သတ္တဝါတစ်ကောင်ဟုသာ ထင်ရပါသော်လည်း ယခုလို သွေးဆောင်ဖြားယောင်း၍ ထောင်ချောက်ဆင်သည့် နည်းလမ်းများကိုပါ တတ်မြောက်ထားနေသည် မဟုတ်ပါလော။

ခြင်္သေ့ကြီး၏ ပုံစံမှာ အလွန်အင်မတန်မှ အောက်ကျို့နေခဲ့သောကြောင့် ၎င်းမှာ မြည်းနက်လေး၏ အနိုင်ကျင့်မှုများကို မကြာခဏဆိုသလို ခံထားရခြင်း ဖြစ်နိုင်ပေသည်။ ၎င်းမှာ မြည်းနက်လေး၏ အမိန့်များကို ဖီဆန်နိုင်ခြင်းမရှိဘဲ မြည်းဖြူလေးအား သွေးဆောင်ဖြားယောင်းရန် အတင်းအကျပ်‌ စေခိုင်းခံခဲ့ရခြင်း ဖြစ်သည်။

မြည်းဖြူလေး၏ တုံ့ပြန်ခဲ့ပုံကိုကြည့်၍ ဝမ်ပေါင်လဲ့မှာ မြည်းနက်လေးသည် ၎င်း၏အကြောင်းကို အချိန်ပေး၍ လေ့လာထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း မှန်းဆမိလိုက်၏။ ထို့နောက် သူသည် ရူးမိုက်မိုက်အတွေးကြီးတစ်ခုကိုပင် တွေးမိသွားသည် …

” မဟုတ်မှလွဲရော မြည်းဖြူလေးနဲ့ ခြင်္သေ့ကြီးတို့က အရင်တုန်းက ချစ်ကြိုက်ခဲ့ဖူးတာများလား ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သဖြင့် မျက်လုံးပြူးသွားရတော့သည်။ ထိုသို့သာ အမှန်တကယ် ဖြစ်နေမည်ဆိုပါက ထိုသတ္တဝါနှစ်ကောင် အချင်းချင်း မည်သည့်နည်းဖြင့် ချစ်ခင်စုံမက်ခဲ့စေကာမူ မြည်းနက်လေးမှာ အလွန်အင်မတန်မှ ဆိုးရွားသော လုပ်ရပ်တစ်ခုကို လုပ်ခဲ့သည်သာ ဖြစ်သည်။

” ဒီလုပ်ရပ်က ကောင်မလေးရဲ့ ရည်းစားကို ပြန်ပေးဆွဲပြီးတော့ ကောင်မလေးကို လှည့်စားပြီး မျှားခေါ်ထုတ်…. ပြီးတော့ အဲ့ကောင်မလေး သတိမေ့သွားအောင် ခေါင်းကို ရိုက်ပြီးတော့ ဆွဲခေါ်သွားတဲ့ လုပ်ရပ်နဲ့ တူတူပဲ… ”
ဝမ်ပေါင်လဲ့မှာ သူ၏ နဖူးကို ရိုက်မိလိုက်တော့သည်။ ထို့နောက် သူသည် သူ၏ အာရုံခံနိုင်စွမ်းများကို အသုံးပြု၍ မြည်းနက်လေး ထွက်သွားသည့် အရပ်မျက်နှာဘက်ကို ရှာဖွေရန် ကြိုးစားကြည့်လိုက်သည်။ သို့သော် ခဏအကြာတွင် သူသည် သက်ပြင်းချလိုက်ရ၏။

သူသည် ထိုမြည်းလေး ၎င်း၏ အငွေ့အသက်များကိုပါ ဖျောက်ပစ်ခဲ့သည်ကို မြင်ခဲ့ဖူးသည် မဟုတ်ပါလော။ ယခုတွင်လည်း ၎င်း၏ အငွေ့အသက်များမှာ အစအနရှာမရလောက်အောင် ပျောက်ကွယ်သွားပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းအား ရှာဖွေနိုင်ရန် အချိန်ကုန် လူပင်ပန်းခံမှ ရမည်ဖြစ်သည်။

” ထားတိုက်ပါတော့ကွာ ”
ဝမ်ပေါင်လဲ့မှာ ရှုံ့မဲ့မဲ့ပြုံး၍ ခေါင်းယမ်းလိုက်၏။ သူသည် အတွေးလွန်နေခြင်းသာ ဖြစ်ရမည်ဖြစ်ကြောင်း မှတ်ယူလိုက်သည်။ ထို့နောက် သူသည် ထိုနေရာမှ အလျင်အမြန်ထွက်ခွာသွားပြီး ကျောင်းသို့ပြန်သွားလိုက်ပါသော်လည်း ထိုဖြစ်ရပ်ကြီးတစ်ခုလုံးအား ပြန်မတွေးမိဘဲ မနေနိုင်လောက်အောင် ဖြစ်နေရဆဲပင်။

မြည်းလေးမှာ တစ်နေကုန် ပျောက်နေခဲ့၏။ ညဉ့်နက်ချိန်သို့ ရောက်မှာသာ ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းများကို မတွေးဘဲ နေနိုင်သွား၏။ သူသည် တိတ်ဆိတ်ငြိမ်သက်စွာ တရားထိုင်နေစဉ် ရုတ်တရက်ဆိုသလို မျက်လုံးမျာပွင့်လာပြီး တံခါးပေါက်အား စိုက်ကြည့်လိုက်၏။

မြည်းလေးမှာ ခပ်လှမ်းလှမ်းမှနေ၍ ပျော်ရွှင်မြူးထူးစွာ ကဆုန်ပေါက်ရင်း ပြန်လာနေခြင်းဖြစ်သည်။ ၎င်းမှာ ကျေနပ်အားရနေသည့် မျက်ဝန်းများဖြင့် သူ၏ အိမ်ရာထဲသို့ အပြေးအလွှား ပြန်ရောက်လာ၏။ ၎င်း၏ ပုံစံမှာ လိုချင်သည့်အရာကို ရပြီးသွားသောကြောင့် စိတ်လှုပ်တရှား ဖြစ်နေသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် ၎င်း၏ အမူအရာများမှာ လွန်ခဲ့သည့်ရက်သတ္တပတ် အနည်းငယ်အတွင်း မြင်ခဲ့ရသည့် အမူအရာများနှင့် မတူညီဘဲ ကွဲပြားခြားနားနေသည်။ ယခင်တုန်းက ၎င်းမှာ မျှော်လင့်စောင့်စားရင်း စိတ်လှုပ်ရှားနေသည့်ပုံ ပေါက်နေခဲ့ခြင်းဖြစ်ပြီး ယခုတွင်မူ အောင်မြင်မှု အထိမ်းအမှတ်ကြီးတစ်ခုကို ရရှိသွားခဲ့သောကြောင့် စိတ်လှုပ်ရှားနေသည့်ပုံ ပေါက်နေခြင်း ဖြစ်သည်။

၎င်းမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ ၎င်း၏ ကျေနပ်အားရနေသည့် မျက်နှာအမူအရာကို ဖုံးကွယ်ထားနိုင်စွမ်း မရှိတော့ဘဲ အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရတော့သည်။ သူသည် မျက်နှာအမူအရာ ခက်ထန်သွားပြီး ချက်ချင်းပင် မတ်တတ်ထလာ၏။ ထို့နောက် သူသည် မြည်းလေးအား တုံ့ပြန်ချိန်ပင်မပေးဘဲ နားရွက်မှ လှမ်းဆွဲလိုက်၏။

” မင်း တစ်နေကုန် ဘာတွေလုပ်နေတာလဲ။ မှန်မှန်ပြောစမ်း ”
ဝမ်ပေါင်လဲ့၏ မိုးခြိမ်းသံကဲ့သို့သော စကားသံကြီး ထွက်ပေါ်လာ၏။ သူ၏ ခက်ထန်နေသော မျက်နှာအမူအရာကြောင့် သူသည် ရန်လိုနေသည့်ပုံ ပေါက်နေ၏။

ထို့ကြောင့် မြည်းလေးမှာ ဆွံ့အမှင်တက်သွားရပြီး အံ့အားသင့်နေသည့် မလည်မဝယ် မျက်ဝန်းလေးများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့က အဘယ့်ကြောင့် သူ့အား ထပ်၍ ဆူပူကြိမ်းမောင်းနေရသည်ကို နားမလည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံ‌ ပေါက်နေ၏။

” ငါ့ရှေ့မှာ လာပြီးတော့ အပြစ်ကင်းချင်ယောင်ဆောင်မနေနဲ့။ မင်း ဘာတွေလုပ်ခဲ့တာလဲဆိုတာကို ငါ မသိဘူးများထင်နေလား။ ဆက်ပြီးတော့ဟန်ဆောင်နေမယ်ဆိုရင် မင်းရဲ့ ပါးစပ်ကို တစ်လတိတိ မဟနိုင်အောင် လုပ်ပစ်မှာနော် ”
ဝမ်ပေါင်လဲ့မှာ စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်၏။ မြည်းလေးမှာ ထိုစကားကိုကြားလိုက်ရသောအခါ အသားများတုန်ရီသွားတော့သည်။ ထို့နောက် ၎င်းမှာ အံ့အားသင့်ကာ အပြစ်ကင်းချင်ယောင်ဆောင်နေသည့် အမူအရာများကို ချက်ခြင်းပင်ပြန်၍ ရုပ်သိမ်းလိုက်ပြီ ဝမ်ပေါင်လဲ့အား နှုတ်သီးဖြင့်ပွတ်ကာ ချွဲလိုက်တော့သည်။ ဝမ်ပေါင်လဲ့က ၎င်း၏ နားရွက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့်တိုင်အောင် မရမက နှုတ်သီးဖြင့် ပွတ်လိုက်ခြင်း ဖြစ်သည်။

” ဒီကောင်…. ”
ဝမ်ပေါင်လဲ့မှာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် မြည်းလေး၏ ခန္ဓာကိုယ်ပေါ်၌ ရှိနေသော အရာများကို သတိထားမိသွား၏။ ၎င်းမှာ သူ၏အနားသို့ ကပ်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အမွေးများ အထွေးလိုက် ရှိနေသည်ကို မြင်လိုက်ရတော့သည်။

သူသည် သေသေချာချာ ကြည့်ရှုလိုက်ပြီးနောက် မြည်းလေး၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် အဖြူရောင်အမွေးများ ရှိနေခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိသွားပြီး မည်သည့်မေးခွန်းကိုမှ ထပ်မေးနေစရာမလိုတော့ကြောင်း သိလိုက်ရတော့သည်။ ထို မြည်းလေးနှစ်ကောင်၏ ကြားတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများမှာ အလွန်အင်မတန်မှ ပြင်းထန်ခဲ့‌မည်မှာ အသေအချာပင်…

ဝမ်ပေါင်လဲ့မှာ မြည်းလေးအား လွှတ်ပေးလိုက်ပြီးနောက် အကြံအိုက်သွားရတော့သည်။ သူ့လိုမျိုး အံ့ဖွယ်လူတစ်ယောက်မှာ အဘယ့်ကြောင့် ယခုလို အကျင့်ပျက်ကာ စိတ်ဓာတ်ဖောက်ပြားနေသည့် မြည်းတစ်ကောင်အား မွေးမိခဲ့ရသည်ကို နားမလည်နိုင်လောက်အောင် ဖြစ်နေတော့သည်။

” အခုထက်ပိုပြီးတော့ ဂရုစိုက်ကွာ။ ပြီးတော့ လူမမိအောင်လည်း နေဦး။ ဒီ မြည်းစုတ်လေးနဲ့ကတော့ကွာ။ ဘယ်လိုလုပ်ပြီးတော့ ငါက မင်းကို မွေးမိခဲ့ရတာလဲ။ ငါ့ဘဝမှာ နောင်တအရဆုံးက မင်းကို ဥဖောက်မိခဲ့တာပဲ ”

” တခြား လူတွေရဲ့ မြည်းတွေကိုပဲ ကြည့်လိုက်။ သူတို့အားလုံးက ဗိုက်ထဲက ထွက်လာတာချည်းပဲ။ မင်းကျမှ ဥထဲက ထွက်လာရတယ်လို့… မင်းကို လစ်လိုက်တော့လို့ မခေါ်သင့်ဘူး။ မြည်းစုတ်မြည်းနာလို့ပဲ ခေါ်ရမှာ ”
ဝမ်ပေါင်လဲ့မှာ ဘာမှမတတ်နိုင်တော့သည့် အမူအရာဖြင့် သက်ပြင်းချကာ ပခုံးတွန့်လိုက်၏။ မြည်းလေးကြောင့် သူသည် ဆွံ့အနေရပြီ ဖြစ်သည်။

မြည်းလေးမှာ ဝမ်ပေါင်လဲ့ သူ့အား လွှတ်ပေးလိုက်သည်ကို ငေးကြည့်နေလိုက်၏။ ၎င်းမှာ ဝမ်ပေါင်လဲ့ ပြောနေသည့်စကားများကို ခပ်ရေးရေးခန့် နားလည်သည့်ပုံ ပေါက်ပါသော်လည်း ဂရုစိုက်သည့်ပုံ မပေါ်ပေ။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား ကျေနပ်အားရနေသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး အခန်းထောင့်ဆီသို့ ပြန်သွားလိုက်၏။ ထို့နောက် ၎င်းမှာ ကြမ်းပြင်ပေါ်သို့‌ ခြေကားရား လက်ကားရား ထိုင်ချလိုက်ပြီး မျက်လုံးများမှေးကာ ထိုနေ့တစ်ရက်လုံးတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ၎င်း၏ အတွေးထဲ၌ ပြန်၍ပုံဖော်နေလိုက်တော့သည်။ ၎င်းမှာ ထိုသို့ တွေးတောနေရင်း မကြာမကြာဆိုသလို ပြုံးဖြဲဖြဲနှင့် ခေါင်းယမ်းနေ၏။ ၎င်းမှာ အသံအကျယ်ကြီး အော်ဟစ်မြည်တမ်းချင်နေသည့်ပုံ ပေါက်နေပါသော်လည်း မအော်ရဲဘဲ ဖြစ်နေရသည်။ ထို့ကြောင့် ၎င်းမှာ အကြိမ်ရေအနည်းငယ်ခန့်သာ ခပ်တိုးတိုးလေး ညည်းညူနိုင်ခဲ့၏။

ဝမ်ပေါင်လဲ့မှာ မြည်းလေးအား စိုက်ကြည့်ရင်း သက်ပြင်းချလိုက်ရပြန်သည်။ ထို့နောက် သူသည် ၎င်းအား လျစ်လျူရှုလိုက်ပြီး တရားပြန်ထိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုသို့ဖြင့် ရက်အနည်းငယ်ခန့် ကုန်ဆုံးသွား၏။ မြည်းလေးမှာ ယခင်အတိုင်းပင် မနက်စောစောထ၍ ထွက်သွားပြီး ညဉ့်နက်ချိန်မှ ပြန်ရောက်လာပါသော်လည်း ဝမ်ပေါင်လဲ့မှာ ဂရုစိုက်မနေတော့ပေ။ သူသည် ကျင့်ကြံခြင်းလေ့ကျင့်နေရုံသာမက အင်္ဂါဂြိုဟ်နယ်မြေအသစ်အကြောင်းကိုပါ လိုက်လံမေးမြန်းနေခဲ့၏။

ငါးရက်တိတိ ကုန်ဆုံးသွားပြီးနောက် မွန်းလွဲချိန်သို့ ရောက်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ တရားထိုင်ခြင်းကို အဆုံးသတ်လိုက်ပြီး ရုံးခန်းထဲ၌ ကျင့်သိုကျစ်နှင့် စကားပြောနေ၏။ သူသည် ကျင့်သိုကျစ်အား အင်္ဂါဂြိုဟ်နယ်မြေအသစ်အကြောင်း စုံစမ်းခိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထိုလူငယ်လေးမှာ သူ့အား စံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားသည်ဖြစ်ရာ သူ၏စကားများကို ဘုရားဟောကျမ်းစာများကဲ့သို့ နာခံနေမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။

” သိုကျစ်။ မင်းက ငါ အားအထားရဆုံးနဲ့ ဂရုအစိုက်ဆုံး ကျောင်းသားပဲ။ မင်းကို ငါ အများကြီး မျှော်လင့်ထားတာ။ အခု ငါ မင်းကို တာဝန်တစ်ခုပေးမယ် ”
ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ ဆိုလိုက်၏။ ထိုအခါ ကျင့်သိုကျစ်မှာ သူ့အား စိတ်လှုပ်တရှားနှင့် စိုက်ကြည့်နေပြီး မျက်လုံးများ အရောင်တောက်လာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်သွားပြီး စကားဆက်ပြောရန် ပြင်လိုက်၏။

ထိုအချိန်တွင် သူရင်းရင်းနှီးနှီး ကြားဖူးနေသော မြည်းတစ်ကောင်၏ စူးစူးရှရှ အော်ဟစ်မြည်တမ်းသံများမှာ ကျောင်းထဲရှိ ကွင်းပြင်ကြီးထဲမှ ထွက်ပေါ်လာ၏။ ထိုအော်ဟစ်သံများမှာ သာမန်ထက်ပို၍ ကျယ်လောင်နေသည်။

ထိုအော်ဟစ်သံများ လေထဲ၌ ပဲ့တင်ထပ်နေစဉ်တွင် ဒေါသတကြီး ကြိမ်းဝါးလိုက်သည့် အသံကြီးတစ်သံ မိုးခြိမ်းသံများကဲ့သို့ ခပ်လှမ်းလှမ်းမှနေ၍ မြည်ဟည်းထွက်ပေါ်လာ၏။

” ဝမ်ပေါင်လဲ့။ မင်း တော်တော်တရားလွန်သွားပြီ ”

မြည်းအော်သံများနှင့် ဒေါသတကြီး ကြိမ်းဝါးသံများမှာ ကျောင်းပရိဝုဏ် တစ်ခုလုံးထဲတွင် ပဲ့တင်ထပ်နေတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရပြီး ချက်ချင်းပင် အပြင်သို့ထွက်လာ၏။ ထို့နောက် သူသည် အပြင်ဘက်သို့ လှမ်းကြည့်မိလိုက်သောအခါ မျက်လုံးများပြူးသွားရတော့သည်။

မြည်းနက်လေးမှာ သွေးရူးသွေးတန်းနှင့် ကွင်းပြင်ကြီးကို ဖြတ်ပြေးကာ သူ၏ရုံးခန်းဆီသို့ ဦးတည်လာနေ၏။ ၎င်း၏ နောက်တွင်မူ အမျက်ချောင်းချောင်းထွက်နေသော ခုန်းတောက်တစ်ယောက် ပါလာ၏။ သူ၏ ပုံစံမှာ ယမ်းပုံမီးကျ ကွဲနေသည့်ပုံပင်။ သူသည် တစ်ကိုယ်လုံး ပျော့ခွေနေသော မြည်းဖြူလေးတစ်ကောင်ကို လက်တစ်ဖက်ဖြင့် ချိုင်းကြားတွင်ညှပ်ကာ သယ်လာသည်။ ၎င်း၏ပုံစံမှာ အားအင်ချိနဲ့ကာ သေလုမျောပါးဖြစ်နေသည့်ပုံ ပေါက်နေသည်။

ခုန်းတောက်မှာမူ အရူးတစ်ယောက်ကဲ့သို့ ပြေးလာနေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset