” ညီကိုကျင့်။ ပြောချင်တဲ့ စကားရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွေးတောသုံးသပ်လိုက်ပြီးနောက် ကျင့်သိုမင်အားကြည့်ကာ ပြန်ပြောလိုက်၏။ သူ၏စိတ်ထဲတွင်မူ ကျင့်သိုမင်၏ အကြံကို ကြိုသိနေပြီးသားဖြစ်သည်။ သူသည် ကျင့်သိုမင်၏ ဖခင်မဟုတ်သလို ကျင့်သိုမင်မှာ သူ့ပေါ် အကြွေးများတင်နေသည်လည်း မဟုတ်ပါလော။ ထို့အပြင် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲတွင်လည်း အချက်တစ်ချက်ကို ဦးစားပေးဖော်ပြထား၏။ သူသည် ယခင်တုန်းကတည်းက ထိုအချက်ကို အပြန်ပြန်အလှန်လှန် တွေးတောသုံးသပ်ကြည့်ခဲ့သည်ဖြစ်ပြီး အကျိုးကျေးဇူးများ ရရှိခဲ့သည်လည်း ဖြစ်သည်။ ထို အဆင့်မြင့်အရာရှိကြီးများအားလုံး အမြဲတမ်းထောက်ပြသည့်အချက်မှာ ဤကမ္ဘာကြီးထဲတွင် ဈေးအကြီးဆုံးအရာများမှာ အလကားရသော အရာများသာဖြစ်သည်ဆိုသော အချက်ပင်ဖြစ်သည်။
ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့အား ကူညီပေးရန် ကမ်းလှမ်းနေခြင်း ဖြစ်ပါသော်လည်း အလကားတော့ မဟုတ်ပေ။ အမှန်တွင် ကျင့်သိုမင်ဘက်မှ မည်သည့်အရာကိုမှ ပြန်လည်တောင်းဆိုနေခြင်းမရှိလျှင် ဝမ်ပေါင်လဲ့မှာ အထူးတဆန်း ဖြစ်နေရမည်ဖြစ်သည်။
” ပထမဦးဆုံးအနေနဲ့ မင်း ရွေးကောက်ခံနေရာကနေ ဝင်ပြိုင်နိုင်ဖို့အတွက် ငါ အကောင်းဆုံးကြိုးစားပေးမယ်။ ဒါပေမဲ့ ဒီကိစ္စကြီးက အင်္ဂါဂြိုဟ်ပေါ်က နိုင်ငံရေးအင်အားစုတွေ အများကြီးနဲ့ ဆက်နွှယ်နေတာ။ နိုင်ငံရေးအင်အားစုတိုင်းကနေ မင်းရဲ့ ပြိုင်ဘက်တွေ ထွက်ပေါ်လာမှာပဲ။ အဲဒီတော့ တစ်ရာ ရာခိုင်နှုန်း အောင်မြင်နိုင်မယ်လို့တော့ ငါ အာမမခံနိုင်ဘူး။ တကယ်လို့ ငါ မအောင်မြင်ခဲ့ရင် ဒီအတိုင်းပဲထားလိုက်ပေါ့။ ဒါပေမဲ့ အောင်မြင်သွားခဲ့မယ်ဆိုရင် မင်းဆီကနေ ငါ ကတိတစ်ခုကို လိုချင်တယ် ”
” ဘာကတိလဲ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးမှေးကာ ကျင့်သိုမင်အားကြည့်၍ မေးလိုက်၏။
” သင့်တော်တဲ့ အချိန်တစ်ခုခုရောက်ရင် မင်း ပြည်ထောင်စုကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်ဘဲနဲ့ ငါတို့ရဲ့ လသုံးစင်းမဟာမိတ်အဖွဲ့ကို ကူညီပေးဖို့ပဲ…. ”
ကျင့်သိုမင်သည် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲသို့ စိုက်ကြည့်ကာ ခပ်ရေးရေးခန့်ပြုံး၍ ဆိုလိုက်သည်။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတော့လိုက်ပြီးနောက် ပြန်မေးလိုက်၏။
” ငါ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတစ်ယောက် ဖြစ်လာအောင် လုပ်ပေးနိုင်မယ်လို့ မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိလား ”
ထိုအခါ ကျင့်သိုမင်မှာ တွေဝေတုံ့ဆိုင်းသွားရ၏။ သူသည်ပင်လျှင် ထိုမျှလောက်အထိ ယုံကြည်မှု မပြင်းထန်နိုင်ပေ။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ခေါင်းယမ်းကာ ဆိုလိုက်၏။
” ထည့်တွက်စရာကိစ္စတွေက အများကြီးပဲကွ။ အဲဒီတော့ အောင်မြင်ဖို့ ရာခိုင်နှုန်းက ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ် ”
” အဲဒါဆိုရင် ဒီသဘောတူညီချက်ထဲမှာ နောက်ထပ် စည်းမျဉ်းတစ်ခု ထည့်ကြတာပေါ့။ မင်းတို့ကို ကူညီပေးရမယ့် ကိစ္စက ငါ့ရဲ့ ကျင့်ဝတ်တွေနဲ့ ဆန့်ကျင်နေတဲ့ အလုပ်မျိုး မဖြစ်ရဘူး။ မင်းဘက်မှာက အောင်မြင်ဖို့ရာခိုင်နှုန်း ငါးဆယ်ရာခိုင်နှုန်းအထိပဲ ရှိတာဆိုတော့ နောက်ထပ်ကျန်တဲ့ ငါးဆယ်ရာခိုင်နှုန်းကို တခြားတစ်ယောက်ယောက်ဆီက ငါက သွားရှာရမှာလေ ”
ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်၏ စကားလုံးများထဲတွင် ထောင်ချောက်တစ်ခုကဲ့သို့ ဖြစ်နေသည်ကို သတိထားမိ လိုက်၏။ ထို့ကြောင့် သူ့ဘက်မှလည်း ထောင်ချောက်ပြန်ဆင်လိုက်ခြင်း ဖြစ်သည်။ ထို ထောင်ချောက်အား သုံးရန် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဆင်ထားရန်သာ လိုအပ်ပေသည်။
ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့၏ စကားကို တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြပြီး ရယ်မောနေလိုက်တော့သည်။ ကျင့်သိုမင်မှာ အကြာကြီး ဆက်ရှိမနေခဲ့ပေ။ သူသည် ဝမ်ပေါင်လဲ့က သူ၏ မြည်းလေးအကြောင်း ထပ်ပြောလာမည်ကို စိုးရိမ်နေသောကြောင့် စကားအနည်းငယ်ခန့်သာ ပြောလိုက်ပြီး နှုတ်ဆက်ကာ အလောတကောနှင့် ထွက်ခွာသွားတော့သည်။
” သူက ချက်ချင်းကို ပြန်သွားတော့တာပဲ ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် နောင်တရနေသည့် အမူအရာဖြင့် ခေါင်းခါလိုက်၏။ သူသည် မြည်းလေးအကြောင်းကို ဆက်၍ ပြောချင်ပါသော်လည်း ကျင့်သိုမင်မှာ သူမပြောနိုင်ခင် အလောတကြီး ထွက်ခွာသွားသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သက်ပြင်းချ၍ ခေါင်းယမ်းကာ သူ၏ ရုံးခန်းဆီသို့ ပြန်သွားလိုက်ပြီး လင်းတျန်ဟောက်အား ချက်ချင်းပင် ဆင့်ခေါ်လိုက်တော့သည်။
သူသည် လင်းတျန်ဟောက်အား သူ၏ ဖခင်ဖြစ်သူကို သူ့အား စကားပါးခဲ့သည့် အမှာစကားနှင့်ပတ်သက်၍ ဆက်သွယ်ခိုင်းလိုက်၏။ သူသည် ယခုတွင် သူပြောခဲ့သည့် အကူအညီကို လိုအပ်နေပြီဖြစ်သည်။
လင်းတျန်ဟောက်မှာ အသေးစိတ်အချက်အလက်များကို မသိပါသော်လည်း သူ၏ဖခင်ဖြစ်သူမှာ ထိုကိစ္စအကြောင်းကို အလေးအနက်ထား၍ ပြောခဲ့သည်ဖြစ်ရာ ၎င်းမှာ အလွန်အင်မတန်မှ အရေးကြီးရပေမည်ဟု နားလည်ထားသည်။ ထို့ကြောင့် သူသည် သူ၏ဖခင်ဖြစ်သူဆီသို့ ချက်ချင်းပင် အသံလွှင့် အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။ ထိုအခါ လင်းယုံသည် ဝမ်ပေါင်လဲ့အား ကူညီပေးနိုင်ရန် အကောင်းဆုံးကြိုးစားမည်ဟု လင်းတျန်ဟောက်ဆီမှတစ်ဆင့် ပြန်၍အကြောင်းကြားလိုက်၏။ သို့သော် သူပြောခဲ့သည့် စကားများမှာလည်း ကျင့်သိုမင်နှင့် ဆင်တူနေသည်။ ၎င်းမှာ ကြီးမားသော ကိစ္စရပ်ကြီးတစ်ခု ဖြစ်သောကြောင့် သူသည်လည်း တစ်ရာ ရာခိုင်နှုန်း အောင်မြင်နိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုပမာဏလောက်နှင့် လုံလောက်သည်ဟု တွေးလိုက်၏။ သူ့အား ကျင့်သိုမင်နှင့် လင်းယုံတို့ နှစ်ယောက်စလုံးက ကူညီတော့မည် မဟုတ်ပါလော။ သူသည် မလွဲမသွေ အောင်မြင်နိုင်မည့် အနေအထားသို့ ရောက်နေခြင်းမဟုတ်ပါလောလည်း လောကကြီးတွင် ထိုကဲ့သို့ မလွဲမသွေ အောင်မြင်နိုင်သည့် အခွင့်အရေးများမှာ များများစားစားမရှိပေ။
နောက်ဆုံးတွင် သူသည် ထိုကိစ္စကို ခဏမေ့ထားလိုက်ပြီး အနာဂတ်တွင် မည်ကဲ့သို့ ဖြစ်သွားမည်နည်းဟု မျှော်လင့်စောင့်စားနေလိုက်တော့သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ ဘဝကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူသည် ကျင့်ကြံခြင်းကို ဆက်လက်လေ့ကျင့်နေဆဲဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များကိုလည်း တစ်ရုပ်ပြီးတစ်ရုပ် တီထွင်ဖန်တီးနေဆဲပင်။
မြည်လေးမှာလည်း မနက်စောစောတွင် ထွက်သွားလိုက် ညဉ့်နက်ချိန်တွင် ပြန်ရောက်လာလိုက် လုပ်နေဆဲပင်။ နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် ပို၍ပင် ရက်စိပ်လာ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား စောင့်ကြည့်နေခဲ့သည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်ပြီး နောက်ဆုံးတွင် သူ၏ သိချင်စိတ်များကို မထိန်းနိုင်တော့ပေ။ ထို့ကြောင့် ရက်အနည်းငယ်ခန့် ကြာပြီးနောက် မနက်ခင်းအချိန်သို့ ရောက်လာချိန်တွင် သူသည် ထိုမြည်းလေးမှာ သာမန်ထက် ပို၍ တက်ကြွနေသည်ကို သတိထားမိလိုက်၏။ ၎င်းမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသည့်ပုံ ပေါက်နေ၏။
ထိုနေ့မနက်အစောပိုင်းတွင် သူသည် ထိုမြည်းလေး ပြေးထွက်သွားသည်ကို စောင့်ကြည့်နေလိုက်၏။ ၎င်းမှာ ရေချိုးနေသည့်အလား ကျောင်း၏ရေကန်ထဲတွင် လူးလွန့်နေ၏။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရသည်။
” တစ်ခုခုဖြစ်နေတာ သေချာတယ် ”
ဝမ်ပေါင်လဲ့မှာ လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ထိုမြည်းလေး၏ အပြုအမူများကို သတိထားမိခဲ့သည်။ အစပိုင်းတွင် ၎င်း၏ အပြုအမူများမှာ အနည်းငယ်မျှသာ ပြောင်းလဲခဲ့ပါသော်လည်း နောက်ပိုင်းတွင်မူ ထိုပြောင်းလဲမှုများမှာ တဖြည်းဖြည်းနှင့် ပို၍ သိသာလာ၏။ ယနေ့တွင်ဆိုလျှင် ၎င်း၏ အပြုအမူများမှာ ပုံမှန်မဟုတ်တော့ဘဲ လုံးဝ ထူးဆန်းနေပြီဖြစ်သည်။
၎င်းမှာ အချိန်အတော်အတန်ကြာအောင် အစီအစဉ်တစ်ခုကို ရေးဆွဲနေခဲ့ပြီး ယနေ့တွင် ထိုအစီအစဉ်ကြီးအား အကောင်အထည်ဖော်တော့မည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားတော့သည်။ သူသည် မျက်နှာအမူအရာ တည်ကြည်သွားပြီးနောက် ကျောင်းထဲမှ အလောတကြီးထွက်ခွာလာပြီး ထိုမြည်းလေး၏နောက်သို့ တိတ်တဆိတ် လိုက်သွားတော့သည်။
ထို မြည်းလေးမှာ အာနာပါန စတာတ္ထအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့အပြင် ၎င်း၏ ကျင့်ကြံခြင်းစွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့သောကြောင့် အာနာပါန ပဉ္စမအဆင့်နှင့်ပင် သိပ်၍မဝေးတော့ပေ။ ထို့ကြောင့် ၎င်း၏ အမြန်နှုန်းမှာလည်း သိသိသာသာတိုးတက်လာမည်ဖြစ်သည်။
၎င်းမှာ လူသုံးများသော လမ်းမကျယ်ကြီးများပေါ်သို့ မတက်ဘဲ လမ်းကြားလေးများထဲတွင်သာ ပြေးလွှားနေသည်။ ထို့ကြောင့် ၎င်းမှာ အနက်ရောင် လျှပ်စီးတန်းတစ်ခုကဲ့သို့ လမ်းကြားများနှင့် မြေအောက်တူးမြောင်းများထဲတွင် ကွေ့ကောက်သွားလာနေတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး သူသည် ထိုမြည်းလေးအား လျစ်လျူရှုထား မိခဲ့ကြောင်း ရိပ်မိသွားရတော့သည်။ ထိုသတ္တဝါလေးမှာ ဤမြို့တော်ကြီးကို ယခုလောက်အထိ ကျွမ်းကျင်နှံ့စပ်စွာ သိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
အကယ်၍ သူသာ ထို မြည်းလေး၏ တည်နေရာကို အာရုံခံနိုင်စွမ်းမရှိသော အခြားလူတစ်ယောက်ယောက်သာ ဖြစ်နေမည်ဆိုပါက ထိုမြည်းလေးအား အမီလိုက်နိုင်ရန် အများကြီးကြိုးစားအားထုတ်ရမည်သာ ဖြစ်သည်။ အကယ်၍ ဆုံးဖြတ်ချက်တစ်ခု မှားယွင်းသွားပါက ၎င်းမှာ မျက်စိအောက်မှ ပျောက်သွားနိုင်ပေသည်။
” ဒီမြည်းက မဟုတ်တာတွေ ကြံစည်နေတာပဲဖြစ်ရမယ် ”
ဝမ်ပေါင်လဲ့၏ သိချင်စိတ်များမှာ ကြီးထွားလာရပြီဖြစ်သည်။ သူသည် သူ၏ အမြန်နှုန်းနှင့် မွေးရာပါအာရုံခံနိုင်စွမ်းများကို အားကိုးကာ ထိုမြည်းလေး၏နောက်မှ တိတ်တဆိတ် လိုက်လာခဲ့၏။ မြည်းလေးကမူ ဝမ်ပေါင်လဲ့ သူ၏နောက်မှ လိုက်လာသည်ကို သတိမထားမိသည့်ပုံပင်။ ၎င်းမှာ မြေအောက်တူးမြောင်းထဲတွင် ကွေ့ကောက်သွားလာလိုက်ပြီးနောက် နယ်မြေနှစ်ဆယ့်ခုနစ်ထဲ၌ ပြန်ပေါ်လာ၏။ ထို့နောက် ၎င်းမှာ ထိုနယ်မြေတစ်ဝိုက်အား ရင်းနှီးကျွမ်းဝင်နေသည့်ပုံစံဖြင့် ထိုနယ်မြေထဲ၌ တည်ရှိနေသော သားရဲရုံကြီးဆီသို့ ပြေးသွားလိုက်တော့သည်။
နယ်မြေနှစ်ဆယ့်ခုနစ်ထဲတွင် သားရဲရုံတစ်ရုံ တည်ရှိသည်။ သားရဲများကို လေ့ကျင့်ပေးရန် အင်္ဂါဂြိုဟ်အစိုးရက ထိုရုံအား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို သားရဲရုံကြီးမှာ သူတို့ လေ့ကျင့်ပေးထားသော သားရဲကြီးများကို စစ်တပ်ဆီသို့ ထောက်ပံ့ပေးရုံသာမက အများပြည်သူကိုလည်း ရောင်းချပေးသေးသည်။
ထို့ကြောင့် ၎င်းမှာ ကောင်းကင်တာအိုကျောင်းမှ သားရဲမွေးမြူရေးအဆောင်နှင့်ပင် ဆင်တူပေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းမှာ သားရဲများကို ကျင့်ကြံခြင်း လေ့ကျင့်ပေးကပြီး ယဉ်ကျေးလာအောင် သင်ပေးရုံသာမက သားဖောက်မွေးမြူခြင်းများကိုပါ ပြုလုပ်ပေးသည်။
ထိုမြည်းလေးမှာ သားရဲရုံနားသို့ ချဉ်းကပ်လာပြီးနောက် မြေအောက်တူးမြောင်းထဲသို့ ထပ်၍ ဝင်သွားလိုက်ပြန်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ ရောက်နေသောနေရာတွင် ရပ်တန့်လိုက်ရ၏။ သူ၏ အာရုံခံနိုင်စွမ်းများအရဆိုလျှင် ထိုမြည်းလေးမှာ သားရဲရုံထဲသို့ ခိုးဝင်သွားပြီဖြစ်သည်။
ထို့ကြောင့် သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ အံ့ဩတုန်လှုပ်သွားရပြန်သည်။ ထိုမြည်းလေး ဤနေရာအကြောင်း မည်ကဲ့သို့ သိထားသည်ကို သူက မသိနိုင်လောက်အောင် ဖြစ်နေရ၏။
” ဒီကောင် ဒီနေရာကို ဘာလာလုပ်တာလဲဟ ”
ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်နေရသလို စိတ်လည်းဝင်စားသွားရ၏။ ထို့နောက် သူသည် ထိုမြည်းလေး မြေအောက်တူးမြောင်းထဲမှ ပြန်ထွက်လာပြီး သားရဲရုံထဲ၌ ပြန်ပေါ်လာသည်ကို အာရုံခံမိလိုက်၏။ ခဏအကြာတွင် ၎င်းမှာ မြေအောက်တူးမြောင်းထဲသို့ ပြန်၍ဝင်သွားလိုက်ပြန်သည်။
ဝမ်ပေါင်လဲ့မှာ ပုန်းနေလိုက်ပြီး ထိုမြည်းလေး ပြန်ပေါ်လာမည့် တူးမြောင်းဝကို အကဲခတ်နေလိုက်သည်။ ထိုမြည်းလေး ပြန်ပေါ်လာသောအချိန်တွင် သူသည် အံ့သြတုန်လှုပ်ကာ မျက်လုံးများပြူးသွားရတော့သည်။ ထိုမြည်းလေးမှာ တစ်ကောင်တည်း ပြန်ပေါ်လာခြင်းမဟုတ်ပေ။ ၎င်း၏ ပါးစပ်ထဲတွင် ၎င်းထက် အဆပေါင်းများစွာ ပို၍ကြီးမားသော ခြင်္သေ့ဖြူသားရဲကြီးတစ်ကောင်ကို ကိုက်လာ၏။
ထို သားရဲကြီးမှာ လှပသော သတ္တဝါတစ်ကောင်ဖြစ်ပြီး ဖြူဆွတ်နေသည့် အမွေးများနှင့် ကျောက်မျက်ရတနာကဲ့သို့သော မျက်လုံးများကို ပိုင်ဆိုင်ထားသဖြင့် ၎င်း၏ပုံစံမှာ ခမ်းနားကြီးကျယ်လွန်းနေ၏။ သေသေချာချာကြည့်လိုက်မည်ဆိုပါက ၎င်းမှာ ခြင်္သေ့ထီးတစ်ကောင်ဖြစ်ကြောင်း သိနိုင်ပေသည်။ ၎င်းမှာ ၎င်းတို့၏ မျိုးစိတ်ထဲတွင် ချောမောလှပပြီး ဂုဏ်ကျက်သရေအပေါင်း သရဖူဆောင်းသော အထီးတစ်ကောင် ဖြစ်ရပေမည်။
၎င်း၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အာနာပါန စတုတ္ထအဆင့်၌ ရှိနေ၏။ သို့ရာတွင် ထိုချောမောလှပနေသော သားရဲကြီးမှာ မြည်းလေး၏ရှေ့တွင် ကြောက်ဒူးတုန်နေရ၏။ ၎င်း၏ မျက်ဝန်းများထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်နေပြီး ၎င်းမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေရသည်။ ၎င်းမှာ အော်ဟစ်ညည်းညူကာ အသနားခံရန် ပြင်လိုက်ပါသော်လည်း မြည်းလေးမှာ အကြိမ်ရေအနည်းငယ်ခန့် မာန်ပါပါ နှာမှုတ်လိုက်သောအခါ ထိုခြင်္သေ့မှာ ရုန်းကန်တွန်းလှန်ချင်စိတ်များအားလုံး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားရတော့သည်။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ ပျက်သုန်းသွားသည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
” ဒီကောင် ဘာလုပ်ဖို့ ကြံနေတာလဲ ”
ဝမ်ပေါင်လဲ့မှာ အံ့သြတုန်လှုပ်နေခဲ့ရာမှ မိန်းမောတွေဝေနေရပြီဖြစ်သည်။ သူသည် ရုန်းကန်နေခြင်းမရှိတော့သည့် ခြင်္သေ့ကြီးနှင့် သူ၏ မြည်းလေးတို့ကို ဆွံ့အမှင်တက်စွာနှင့် ငေးကြည့်နေမိတော့သည်။ ထိုအချိန်တွင် မြည်းလေးမှာ ထိုခြင်္သေ့ကြီးအား သွားများဖြင့်ကိုက်ကာ မ,ချီလိုက်ပြီး မြေအောက်တူးမြောင်းထဲမှ ပြေးထွက်သွား၏။ ထို့နောက် ၎င်းမှာ အံ့အားသင့်စရာ ကောင်းလောက်အောင် အရှိန်ပိုမြန်လာပြီး နောက်ထပ် မြေအောက်တူးမြောင်းတစ်ခုထဲသို့ ပြေးဝင်သွားလိုက်ပြီးနောက် အဝေးသို့ထွက်ပြေးသွားတော့သည်။
ယခုအကြိမ်တွင်မူ ၎င်းမှာ စစ်တပ်စခန်းရှိရာ နယ်မြေသုံးဆယ့်ခြောက်ဆီသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ အံ့ဩတုန်လှုပ်မှုများကို ချုပ်တည်းလိုက်ပြီး ၎င်းတို့၏နောက်မှလိုက်၍ နယ်မြေသုံးဆယ့်ခြောက်သို့ ရောက်သည်အထိ လိုက်သွားလိုက်သည်။ ထိုအချိန်တွင် သူသည် သူ၏ မြည်းလေး ထိုခြင်္သေ့ကြီးကို သယ်ဆောင်ရင်း စစ်တပ်စခန်းအပြင်ဘက်ရှိ ထောင့်တစ်နေရာ၌ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။
၎င်းမှာ အမှားအယွင်းမရှိ အချိန်ကိုက် ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ တာဝန်ချိန် အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်း သိရှိထားသည့်ပုံပင်။ ၎င်းမှာ စခန်းထဲ၌ လူအနည်းဆုံး ရှိနေသည်ဟု ထင်ရသောအချိန်၌ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းမှာ မည်သည့်နေရာတွင် ပေါ်လာရမည်ကိုလည်း အတိအကျ သိထားသည့်ပုံပင်…
၎င်းမှာ သာမန်အချိန်များတွင် အသုံးပြုလေ့မရှိသော နောက်ဘက်တံခါးပေါက်လေးတစ်ပေါက်၏ ရှေ့တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ မြည်းလေးမှာ တံခါးပေါက်နားသို့ ရောက်လာသည်နှင့် ပို၍ သတိဝီရီယ ရှိလာသည့်ပုံပင်။ ထို့နောက် ၎င်းမှာ ခြင်္သေ့ကြီးအား အပေါက်ဝဆီသို့ လှမ်းပစ်လိုက်ပြီး ခြိမ်းခြောက်လိုသည့်လေသံဖြင့် ၎င်းအား မာန်ဖီပြလိုက်၏။
ထိုအခါ ခြင်္သေ့ကြီးမှာ အသားများ တုန်ရီသွားရပြီး ပြန်၍ မာန်ဖီလိုက်၏။ ၎င်းမှာ မလုပ်ချင်ကြောင်း ငြင်းဆန်နေသည့်ပုံပင်။ မြည်းလေးမှာမူ ပြုံးဖြဲဖြဲလုပ်ကာ ပါးစပ်ကြီးကို ဟလိုက်ပြီး ၎င်းတို့၏ဘေးတွင်ရှိနေသော ပလက်ဖောင်းကြီးကို လှမ်းကိုက်လိုက်၏။ ထို့နောက် ၎င်းမှာ ဂျွတ်ခနဲ အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာအောင် ထိုပလက်ဖောင်းကြီးအား ဝါးစားလိုက်ပြီးနောက် ခြင်္သေ့ကြီးဘက်သို့ လှည့်လာပြီး ၎င်းအား စိုက်ကြည့်နေလိုက်တော့သည်။
ထိုအခါ ခြင်္သေ့ကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး ၎င်း၏ မျက်ဝန်းများထဲ၌ ကြောက်ရွံ့တုန်လှုပ်နေသည့် အရိပ်အရောင်များ ထင်ဟပ်လာတော့သည်။ ထို့နောက် ၎င်းမှာ အမိန့်နာခံသည့်ပုံစံဖြင့် ခေါင်းငုံ့သွား၏။
ထို့နောက် ထိုမြည်းလေးက ကျေနပ်အားရစွာဖြင့် အဝေးသို့ပြေးထွက်သွားသည်ကို ဝမ်ပေါင်လဲ့က ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။ ၎င်းမှာ အနီးအနားရှိ ချုံပုတ်များထဲတွင် ပုန်းနေလိုက်၏။ ထို့နောက် ၎င်းမှာ ၎င်း၏ ခြေထောက်နှစ်ဖက်ကို ကွေး၍ မြေပြင်ပေါ်သို့ ထိုင်ချလိုက်သောအခါ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အမွေးများမှာ အရောင်ပြောင်းသွားကြသည်။ ထို့နောက် ၎င်းမှာ ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်သွားလောက်အောင် ပြောင်းလဲသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးပြူးသွားရပြန်သည်။ မြည်းလေး၏ အငွေ့အသက်များမှာလည်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားသည်မဟုတ်ပါလော။ ၎င်းမှာ လုံခြုံအောင် ပုန်းပြီးသွားပြီဖြစ်သည်။
ထိုအချက်ကြောင့် ဝမ်ပေါင်လဲ့မှာ ထပ်၍ အံ့ဩတုန်လှုပ်သွားရပြန်သည်။ ထို့နောက် ထိုမြည်းလေးမှာ သူ၏ မီးခိုးရောင်ခြင်အား စားခဲ့ပြီးနောက်ပိုင်းတွင် ပြောင်းလဲလာခဲ့ကြောင်း ရိပ်မိသွား၏။ သို့သော် သူသည် ထိုအကြောင်းကို ဆက်လက်တွေးတောရန် အချိန်မရှိခဲ့ပေ။ ထိုအချိန်တွင် စစ်တပ်စခန်း၏ နောက်ဘက်တံခါးအပြင်ဘက်၌ တစ်ကောင်တည်းကျန်ရစ်နေခဲ့သော ခြင်္သေ့ကြီးမှာ မချိတင်ကဲဝေဒနာများနှင့် ပြည့်နှက်နေသော အသံကြီးဖြင့် အော်ဟစ်မြည်တမ်းလိုက်တော့သည်။
၎င်း၏ အော်ဟစ်သံမှာ ကျယ်လောင်နေခြင်းမရှိဘဲ တစ်စုံတစ်ခုကို ဆင့်ခေါ်နေသည့်ပုံပင်။
ထို ခပ်သဲ့သဲ့ အော်ဟစ်ညည်းညူသံလေးမှာ အချိန်အနည်းငယ်ကြာသည်အထိ ပြီးဆုံးသွားခြင်း မရှိပေ။ ခဏအကြာတွင် အဖွင့်အပိတ်လုပ်လေ့ သိပ်မရှိသော နောက်ဘက်တံခါးပေါက်မှာ ဟခနဲပွင့်လာပြီး မြည်းဖြူလေးတစ်ကောင်မှာ ခေါင်းပြူထွက်လာ၏။ ၎င်းမှာ ထိုခြင်္သေ့ကြီးကို မျက်မှန်းတန်းမိနေသည့်ပုံ ပေါက်နေပြီး ၎င်း၏ မျက်ဝန်းများထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခု တောက်ပလာ၏။
” ဘာတွေလဲဟ။ သွေးဆောင်ဖြားယောင်းတဲ့ ထောင်ချောက်လား ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားရပြီး ဇဝေဇဝါနှင့် ရေရွတ်မိလိုက်တော့သည်။
ပေါင်လဲ့မြင်းပီသပါပေတယ်