Switch Mode

အခန်း ( ၃၄၂ )

အင်္ဂါဂြိုဟ်နယ်မြေအသစ်

ထိုအခန်းထဲ၌ လေမုန်တိုင်းကြီးတစ်ခု ဖြတ်တိုက်သွားသကဲ့သို့ပင်။ လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်နေကြသောကြောင့် အသက်ပင် မရှူနိုင်ကြတော့ပေ။ ကျိုးရိရှန်၏ အသံလွှင့်လက်စွပ်နှင့် ရုပ်သံမှတ်တမ်း နှစ်ခုစလုံးကို ဖျက်ဆီးပစ်လိုက်သော လီဝမ်အာမှာ ကျိုးရိရှန်အား အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက် မျက်နှာသေကြီးဖြင့် နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

သူမ ထွက်ခွာသွားသည့်တိုင်အောင် အခန်းထဲရှိ ဖိအားများမှာ လျော့ကျသွားခြင်းမရှိပေ။ သူမ ထွက်ခွာသွားပြီးသည့်နောက်တွင် လူတိုင်း တုန်လှုပ်ချောက်ချားနေခဲ့ရာမှ သတိပြန်လည်လာကြပြီး သူတို့ မြင်လိုက်ရသည့်အရာများကို ပြန်၍အမှတ်ရသွားကြသဖြင့် ရင်ခုန်နှုန်းများ ပြန်လည် မြန်ဆန်လာကြတော့သည်။

ဝမ်ပေါင်လဲ့မှာ သူတို့တစ်ဖွဲ့လုံး ငြိမ်ကျသွားသည်ကို ကြည့်နေလိုက်၏။ ကျိုးရိရှန်မှာမူ မိန်းမောတွေဝေနေဆဲဖြစ်ပြီး သူ၏မျက်ဝန်းများမှာ ဝေခွဲမရ ဖြစ်နေသည့်ပုံ ပေါက်နေ၏။ ဝမ်ပေါင်လဲ့ကမူ ရှုံ့မဲ့မဲ့နှင့်သာ ချောင်းဟန့်လိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး ကျိုးရိရှန်၏ ပခုံးကို ပုတ်လိုက်၏။

” ရိရှန် … အာ… ငါ မင်းကို ပြောပါတယ်။ ဒီကိစ္စကို ပြောပြလို့မဖြစ်တာကို မင်းက အတင်းမေးခဲ့တာကိုးကွ။ ဘာလို့လဲကွာ။ မင်း အမှာကြီးတစ်ခု လုပ်မိသွားပြီ ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ခေါင်းယမ်း၍ ဆိုလိုက်၏။ ထို့နောက် သူသည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။ ကျန်ရစ်နေခဲ့သည့် လူများအားလုံးမှာမူ သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်နေကြ၏။

လူတချို့မှာဆိုလျှင် ပြေးထွက်လာကြပြီး သူ့အား လိုက်၍ နှုတ်ဆက်လိုက်ကြ၏။ သူတို့မှာ အနည်းငယ်မျှသာ သတိပြန်လည်လာကြသေးသည်။ အကယ်၍ ထိုရုပ်သံမှတ်တမ်းထဲမှာ မိန်းမငယ်လေးမှာ ဋ္ဌာနမှူးလီ မဟုတ်လျှင်တောင် သူမသည် ၎င်းအား ဖျက်ဆီးလိုက်သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အပြစ်ကင်းစင်ကြောင်း သိသာထင်ရှားပေသည်။ ထို့အပြင် ထိုအခြင်းအရာကို ကြည့်၍ ဝမ်ပေါင်လဲ့၏ နိုင်ငံရေး ကျောထောက်နောက်ခံအင်အားကို သိရှိနိုင်ပေသည်။

တရားမျှတမှုအပြည့်ရှိသော လီဝမ်အာတစ်ယောက်ပင်လျှင် ယခုကဲ့သို့ လုပ်လိုက်ရသည်ကို ကြည့်လျှင် နိုင်ငံရေးအခြေအနေများမှာ မည်မျှအထိ ရှုပ်ထွေးနေကြောင်း သိနိုင်ပေသည်။

သို့သော် ထို ရုပ်သံမှတ်တမ်းထဲမှ အမျိုးသမီးမှာ အမှန်တကယ်ပင် လီဝမ်အာ ဖြစ်နေမည်ဆိုပါက သူတို့နှစ်‌ယောက်၏ကြားမှ ဆက်ဆံရေးမှာ သာမန်အဆင့် ဆက်ဆံရေးမျိုး မဟုတ်နိုင်ပေ။ သူတို့နှစ်ယောက်စလုံးမှာ ထိုဂူကြီးထဲ၌ တစ်ညတာ အတူတူ ကုန်ဆုံးခဲ့ကြသည် မဟုတ်ပါလော။ မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့အား မိတ်ဖွဲ့၍ ကျူးလွန်မိခဲ့သည့် အမှားများကို ပြန်၍အဖတ်ဆယ်နိုင်ရန် ကြိုးစားသင့်ပေသည်။

သူတို့မှာ ဝမ်ပေါင်လဲ့အား ဖော်ရွေနွေးထွေးစွာနှင့် နှုတ်ဆက်လိုက်ကြစဉ် အခြားသူများမှာ အခန်းထဲမှ အလျင်စလို ထွက်ပြေးသွားကြ၏။ သို့သော် သူတို့မှာ ထွက်မပြေးခင်တွင် ကျိုးရိရှန်အား ကြည့်လိုက်ကြ၏။ သူတို့၏ စိတ်ထဲတွင်မူ ကြိုသိထားကြပြီး ဖြစ်သည်။ ဤဖြစ်ရပ်ကြီးကြောင့် ကျိုးရိရှန်တစ်ယောက် ကိစ္စတုံးရတော့မည်မှာ အလွန်အင်မတန်မှ ဖြစ်နိုင်ခြေများနေပြီ ဖြစ်သည်။

လီဝမ်အာမှာ အံကြိတ်၍ နောက်ဆုံးစကားများကို တစ်လုံးချင်းစီ ပြောခဲ့သည်မဟုတ်ပါလော။ သူမ၏ စကားသံထဲမှ ရက်စက်ကြမ်းကြုတ်မှုများကြောင့် သူတို့မှာ ထိုအကြောင်းကို ပြန်တွေးမိလိုက်တိုင်း အသားများ တုန်ရီသွားရဆဲပင်။

လူတိုင်းထွက်ခွာသွားပြီးသည့်တိုင်အောင် ကျိုးရိရှန်မှာ အခန်းထဲတွင် တစ်ယောက်တည်း မတ်တတ်ရပ်လျက် ကျန်ရစ်နေခဲ့၏။ သူ၏ မျက်ဝန်းများထဲမှ ဇဇေဇဝါ ဖြစ်နေသည့် အကြည့်များမှာ တဖြည်းဖြည်းနှင့် ကြောက်ရွံ့ထိတ်လန့်မှုများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။ ထို့နောက် သူ၏နဖူးပေါ်မှ ချွေများ စီးကျလာတော့သည်။ ခဏကြာတွင် သူသည် တစ်ကိုယ်လုံး ဇောချွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။ အခြားသူများမှာ ခပ်လှမ်းလှမ်းတွင် ရပ်နေခဲ့သောကြောင့် ရှင်းရှင်းလင်းလင်း မြင်ချင်မှ မြင်လိုက်ရမည်ဖြစ်ပါသော်လည်း သူသည် ဖန်သားပြင်ကြီး ရှေ့တည့်တည့်တွင် ရပ်နေခဲ့သည်ဖြစ်ရာ အခြားသူများ မမြင်လိုက်ရသည့်အရာကို ပြတ်ပြတ်သားသားမြင်ခဲ့ရ၏။

ထိုရုပ်သံမှတ်တမ်းမှာ လီဝမ်အာ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီဖြစ်ပါသော်လည်း ကျိုးရိရှန်မှာ သူ မြင်ခဲ့ရသည့်အရာများကို ပြန်လည်တွေးတောမိလိုက်သောအခါ စက္ကန့်အနည်းငယ်အတွင်း မျက်နှာတစ်ခုလုံး ဖြူဆုတ်သွားရတော့သည်။ သူသည် သူ့ကိုယ်သူ မညာနိုင်ပေ။ ထို ရုပ်သံမှတ်တမ်းထဲရှိ မိန်းမငယ်လေး၏ မျက်နှာကို သူ မြင်ခဲ့ရသည်။

သူမမှာ ….လီဝမ်အာပင် ဖြစ်သည်။

အဆိုးဆုံးမှာ သူသည် အခြားသူများ မသိထားသေးသည့်အချက်ကိုပါ သိရှိထားခြင်းပင်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုညတစ်ညလုံး ပျောက်ကွယ်သွားခဲ့သည်ဖြစ်ပြီး နောက်နေ့ မွန်းလွဲပိုင်းအချိန်သို့ ရောက်မှသာ မြို့တော်ထဲ၌ ပြန်ပေါ်လာခဲ့သည်ဖြစ်ကြောင်းကို သူက သိထား၏။

” တစ်ညလုံးတောင်ပါလား ”
ကျိုးရိရှန် ထိုသို့တွေးတောရင်း အသားများတုန်ရီသွားရပြီး မျက်နှာ ဖြူဆုတ်သွားရတော့သည်။ သူသည် သူ၏ အသိစိတ်ထဲ၌ ပေါ်လာသော ပုံရိပ်ပေါင်းများစွာကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ အမှောင်အတိပြီးနေသည့် ညအချိန်အခါကြီး ဖြစ်နေခဲ့သည်ဖြစ်ပြီး သူ၏အထက်လူကြီးနှင့် ဝမ်ပေါင်လဲ့တို့မှာ အခန်းတစ်ခန်းထဲ၌ တစ်ညလုံး အတူတူရှိနေခဲ့ကြသည်။

လီဝမ်အာ၏ ပေါက်ကွဲမှုကိုကြည့်၍ သိနိုင်ပေသည်။ သူမသည် ရှက်စိတ်ကြောင့် ဒေါသတကြီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူတို့နှစ်ယောက်၏ ကြားတွင် မကြားဝံ့မနာသာ ကိစ္စရပ်များ ဖြစ်ပျက်ခဲ့ရမည်မှာ အသေအချာပင်။

ကျိုးရိရှန်မှာ ထိုသို့တွေးမိလိုက်သောအခါ ပို၍ပင် ပြင်းထန်စွာ တုန်ရီသွားရပြီး စိတ်ထဲတွင် ပူဆွေးငိုကြွေးနေရပြီ ဖြစ်သည်။ သူသည် ခွင့်လွှတ်နိုင်ဖွယ်ရာ မရှိသည့် လုပ်ရပ်ကြီးတစ်ခုကို လုပ်မိခဲ့သည်မဟုတ်ပါလော။ သူသည် သူ၏ အထက်လူကြီး၏ ကိုယ်ရေးကိုယ်တာကိစ္စများနှင့် သမီးရည်းစားကိစ္စများကို စပ်စုမိခဲ့သည်။

ထို့ကြောင့် ကျိုးရိရှန်မှာ တစ်ခေါင်းလုံး ထူပူသွားရပြီး မူးဝေဝေ ဖြစ်သွား၏။ သူသည် လီဝမ်အာ သူ့အား ပြောခဲ့သောစကားများနှင့် သူမ ထွက်ခွာမသွားခင်တုန်းက သူမ၏ မျက်ဝန်းထဲ၌ ရှိနေခဲ့သည့် အကြည့်ကို မမေ့နိုင်ဘဲ ဖြစ်နေရသည်။ ၎င်းတို့ကြောင့် ကျိုးရိရှန်မှာ ကြောက်ရွံ့တုန်လှုပ်သွားရ၏။

သူသည် လီဝမ်အာ၏ အကျင့်စရိုက်ကို ကောင်းကောင်းနားလည်ထားသည်ဖြစ်ရာ သူမမှာ မည်မျှအထိ ရက်စက်ကြမ်းကြုတ်နိုင်ကြောင်းကို သိရှိထား၏။ သူမသည် သွေးအေးပြီး အကြင်နာကင်းမဲ့သော လူတစ်‌ယောက်ဖြစ်သလို ဩဇာအာဏာကြီးမားသည့် မိသားစုကျောထောက်နောက်ခံ အင်အားတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူမသည် အစွမ်းထက်သော တိုက်ခိုက်ရေးသမားတစ်ယောက်လည်း ဖြစ်နေသေးသည်။ သူမသည် အလွန်အင်မတန်မှ စိတ်ဆတ်ပြီး သူမနှင့် ပတ်သက်သည့် ကောလာဟလပေါင်း မြောက်မြားစွာလည်း ရှိနေသေး၏။ ထိုမျှသာမက သူမ၏ ဖခင်ဖြစ်သူမှာ လွှတ်တော်ခေါင်းဆောင်ဖြစ်သောကြောင့် ဒုပဏာမအဆင့်တစ်အရာရှိလည်း ဖြစ်သည်။ ထို့ကြောင့် သူသည် အင်္ဂါဂြိုဟ် ဘုရင်ခံနှင့် အဆင့်အတူတူရှိသည်ဟု ထင်ရပါသော်လည်း လုပ်ပိုင်ခွင့်အာဏာအပိုင်းတွင် ဘုရင်ခံပင်လျှင် သူ့အား မယှဉ်နိုင်ပေ။

သူသည် လွှတ်တော်တစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်နေသည် မဟုတ်ပါလော။

ပဉ္စမမြောက်မျိုးဆက် ကောင်းကင်မျိုးနွယ်စုမှာလည်း ဩဇာအာဏာ ကြီးမားသည့်တိုင်အောင် ၎င်းမှာ မိသားစုမျိုးနွယ်စုအမျိုးမျိုးဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး လမင်းကြီးပေါ်၌ ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် နစ်နာဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရ၏။ ကျိုးမိသားစုမျိုးနွယ်စုမှာ ပဉ္စမမြောက်မျိုးဆက် ကောင်းကင်မျိုးနွယ်စုထဲတွင် ဩဇာအာဏာအကြီးဆုံး မျိုးနွယ်စုများထဲမှတစ်ခု ဖြစ်ပါသော်လည်း သူတို့ မျိုးနွယ်စုတစ်ခုတည်း ရှိနေသည်တော့မဟုတ်ပေ။ ကျိုးရိရှန်မှာ ကျိုးမိသားစုမျိုးနွယ်စု၏ တစ်ဦးတည်းသော အကြီးဆုံးသား ဖြစ်နေသည့်တိုင်အောင် သူသည် လီဝမ်အာကို ယှဉ်နိုင်မည်မဟုတ်ပေ။ သူတို့နှစ်ယောက်၏ အဆင့်အတန်းမှာ မိုးနှင့်မြေလိုကွာခြားနေ၏။

ထို့အပြင် အင်္ဂါဂြိုဟ်ပေါ်တွင် လီဝမ်အာမှာ သူ၏ အထက်လူကြီး ဖြစ်နေသည်မဟုတ်ပါလော။ ထိုအချက်တစ်ချက်တည်း‌နှင့်ပင် ကျိုးရိရှန်မှာ ရှုံ့မဲ့နေရပြီဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်ပေါ်သို့ စတင်ရောက်ရှိလာခဲ့သည့် အချိန်တုန်းက ကြောက်ရွံ့တုန်လှုပ်နေခဲ့ရသည့် အခိုက်အတန့်များကို ပြန်၍သတိရသွား၏။ တချိန်တည်းမှာပင် သူသည် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ရည်မှန်းချက် ကြီးကြီးထားကာ အောင်မြင်မှုများ ဆွတ်ခူးနိုင်ရန် စိတ်ကူးထားခဲ့၏။ သို့သော် ယခုတွင်မူ သူသည် မျှော်လင့်ချက်အားလုံး ပျက်သုဥ်းသွားရပြီ ဖြစ်သည်။

ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ကို အာရုံမစိုက်နိုင်တော့ဘဲ အခန်းထဲမှ ပြေးထွက်သွားပြီး လူတစ်ယောက်ဆီမှ အသံလွှင့်လက်စွပ်တစ်ကွင်းကို ရယူလိုက်၏။ ထို့နောက် သူသည် သူ၏ဖခင်ဆီသို့ ချက်ချင်းပင် အကြောင်းကြစာတစ်ခု ပေးပို့လိုက်တော့သည်။

ကျိုးရိရှန်၏ ဖခင်ဖြစ်သူမှာ ကျိုးမိသားစု၏ သခင်ကြီးဖြစ်ရာ သူသည် ပြည်ထောင်စုထဲ၌ အရေးပါအရာရောက်သည့် လူပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပေသည်။ သို့သော် သူသည် ထိုကဲ့သို့ရာထူးအဆင့်အတန်းမျိုး ပိုင်ဆိုင်ထားသည့်တိုင်အောင် ကျိုးရိရှန်က သူ့အား ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်ကို ကြားလိုက်ရသောအခါ နှလုံးခုန် ရပ်တန့်လုမတတ်ပင် ဖြစ်သွားရ၏။ ထို့နောက် သူသည် သူ၏ သားကို အလောတကြီး မေးလိုက်၏။
” ရိရှန် … မင်း ဒီကိစ္စအတွက် ကျိုးမိသားစုရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးချခဲ့တယ်ဆိုတာ လီဝမ်အာ သိလား။ သူ မသိဘူးဆိုရင် အဲ့လောက်ကြီး အခြေအနေမဆိုးသေးဘူး။ ဘယ်လိုပဲပြောပြော ဒါကမင်းရဲ့…. ”

” သူ သိတယ်…. ”
ကျိုးရိရှန်မှာ ပူပန်သောကရောက်နေသည့် မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ သူသည် သူ၏ ဖခင်ဖြစ်သူကို အမှန်အတိုင်းပြောပြရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

” သူတစ်ယောက်တည်းတင် မဟုတ်ဘူး။ မိသားစုမျိုးနွယ်စုထဲက တော်တော်များများပါ သိပြီးနေလောက်ပြီ။ မူရင်း ရုပ်သံမှတ်တမ်းက မျိုးနွယ်စုဆီမှာ ရှိနေတုန်းပဲ ”
ကျိုးရိရှန်၏ ဖခင်ဖြစ်သူမှာ ထိုစကားကို ကြားလိုက်ရသောအခါ ဒေါပွသွားရတော့သည်။ အကယ်၍ ဤပြဿနာကြီးမှာ လူငယ်များ၏ ကြားတွင်သာ ရှိနေမည်ဆိုပါက ဖြေရှင်းနိုင်ရန် မျှော်လင့်၍ရဦးမည် ဖြစ်သည်။ ၎င်းအား လူငယ်များအချင်းချင်း နားလည်မှုလွဲခြင်းဟူ၍ သတ်မှတ်နိုင်ပေသည်။ သို့သော် ယခုတွင်မူ သူတို့၏ မိသားစုမျိုးနွယ်စုကပါ ဤပြဿနာထဲတွင် ပါလာပြီဖြစ်ရာ ထိုမျှလောက် မရိုးရှင်းတော့ပေ။

” မင်း မင်းမိသားစုမျိုးနွယ်စုရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချခဲ့တာကို သူက ဘယ်လိုလုပ်ပြီးတော့ သိသွားတာလဲ ”
အမျက်ချောင်းချောင်းထွက်နေသော ကျိုးရိရှန်၏ ဖခင်ဖြစ်သူက အော်ဟစ်မေးမြန်းလိုက်၏။

” ကျနော်ကိုယ်တိုင် ပြောပြမိခဲ့တာ…. ”
ကျိုးရိရှန်မှာ ရှုံ့မဲ့နေသော မျက်နှာထားဖြင့် အမှန်အတိုင်းဖြေလိုက်သည်။ ယခုအခြေအနေအထိ ရောက်နေပြီဖြစ်ရာ မည်သည့်အရာကိုမှ ကွယ်ဝှက်မထားသင့်တော့ကြောင်း သူက နားလည်ထား၏။ ထို့ကြောင့် သူသည် အံကြိတ်ကာ အမှန်အတိုင်း ဝန်ခံလိုက်တော့သည်။

ကျိုးရိရှန်၏ ဖခင်ဖြစ်သူမှာ သူ့သား၏ ပြန်ပြောစကားကို ကြားလိုက်ရသောအခါ ဆွံ့အသွားရတော့သည်။ အချိန်အတော်အတန်ကြာပြီးမှ သူသည် သက်ပြင်းချလိုက်၏။ သူ၏အသံမှာ အတော်အတန် အိုစာသွားသည့်ပုံပင်။

” ဒီပြဿနာကို ငါပဲ ကြည့်ရှင်းနိုင်မယ်။ ရိရှန်ရာ ငါ့ကို အရမ်းကြီး ဒုက္ခတွေ မပေးပါနဲ့တော့ကွာ။ မင်းရဲ့အဖေက အိုနေပြီကွ။ ဒီလောက်များတဲ့ စိတ်ဖိစီးမှုတွေကို ငါ တောင့်ခံနိုင်မှာမဟုတ်ဘူး။ လီချိတောက်ဆိုတဲ့ သူ့အဖေက လူ့ဂွစာကြီးဆိုပြီးတော့ နာမည်ကြီးတာ။ သူ့သမီးကို ကြည့်ရုံနဲ့ မင်း မသိဘူးလား ”

ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်နှင့် သူ၏ဖခင်တို့၏ကြားမှ အပြန်အလှန်ပြောစကားများကို လုံးဝသတိမထားမိပေ။ သူသည် စိတ်ဓာတ်တက်ကြွစွာဖြင့် ကျောင်းသို့ပြန်ရောက်လာ၏။ ထို့အပြင် သူသည် ကျိုးရိရှန် ဘာဆက်ဖြစ်သွားမည်ကို တွေးတောနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူ၏ အမှောင်မီးတောက်နှင့် လျှပ်စီးတာအို အတွဲတစ်တို့ကိုသာ ပျော်ရွှင်မြူးထူးစွာဖြင့် ဆက်လက်လေ့ကျင့်နေလိုက်တော့သည်။ ထို့အပြင် သူသည် သူ၏ ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များအား ဖန်တီးပြုပြင်မွမ်းမံခြင်းကိုလည်း မေ့လျော့ထားခြင်းမရှိပေ။

ဝမ်ပေါင်လဲ့မှာ ထိုရုပ်သေးရုပ်များကို တစ်ရုပ်ပြီးတစ်ရုပ် အဆက်မပြတ်ဖန်တီးနေ၏။ ထိုသို့ဖြင့် သူ၏ ဘဝကြီးမှာ တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။ မြည်းလေးမှာလည်း ပုံမှန်အတိုင်း မနက်ခင်းစောစောတိုင်းတွင် ကျောင်းမှထွက်ခွာသွားပြီး ညဉ့်နက်သောအခါမှ ပြန်ရောက်လာနေဆဲပင်။ ၎င်းမှာ ထွက်ခွာသွားသည့်အချိန်တိုင်း စိတ်လှုပ်တရှား ဖြစ်နေသည့်အမူအရာနှင့် ထွက်ခွာသွားသည်ဖြစ်ပြီး ပြန်ရောက်လာချိန်တိုင်းတွင်လည်း ကျေနပ်အားရနေသည့် မျက်နှာအမူအရာဖြင့် ပြန်ရောက်လာနေခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ၎င်းအား အကြိမ်အနည်းငယ်ခန့် ထိုကဲ့သို့မြင်လိုက်ရသောအခါ သူ၏ သိချင်စိတ်များကို မထိန်းနိုင်တော့ပေ။ ထို့ကြောင့် သူသည် ထိုမြည်းလေး၏ နောက်မှလိုက်၍ လိုက်ချောင်းရန် တွေးနေ၏။ ထိုအချိန်တွင် ကျင့်သိုမင် ရောက်ရှိလာခဲ့သောကြောင့် သူသည် ထိုအကြံကို ခေတ္တဆိုင်းငံ့ထားလိုက်ရသည်။

ယခုအကြိမ်တွင် ကျင့်သိုမင်မှာ သူ၏ ဧရာမ ခံတပ်ကြီးကိုယူမလာခဲ့ပေ။ သူ၏နောက်၌ ကိုယ်ရံတော် ဒါဇင်အနည်းငယ်နှင့် အမျိုးသမီးအစေခံ ဒါဇင်အနည်းငယ်ခန့်သာ လိုက်ပါလာသည်။

ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ စကားပြောရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနှင့် သူ့ဘက်မှ အရင်ဆုံးဦးအောင် မေးလိုက်၏။

” ညီကိုကျင့်။ မြည်းလေးကို လာဝယ်တာလား ”

ကျင့်သိုမင်မှာ သာကြောင်းမာကြောင်း နှုတ်ဆက်ပြီးလျှင် အရေးကြီးသောကိစ္စများဆွေးနွေးရန် ကြံရွယ်ထား၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ မေးခွန်းအား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ မြည်းလေးအကြောင်းကို အသေးစိတ်ရှင်းပြကာ ရောင်းချရန်ပြင်နေသည့်ပုံ ပေါက်နေသောကြောင့် သူသည် ပို၍ပင် အထိတ်တလန့်ဖြစ်သွားရတော့သည်။ ထို့ကြောင့် သူသည် လက်မြှောက်ကာ ဝမ်ပေါင်လဲ့အား တားလိုက်ရ၏။ ထို့နောက် သူသည် ချောင်းဟန့်လိုက်ပြီး အာလာပသလ္လာပစကားများကို နောက်မှပြောရန် ဆုံးဖြတ်လိုက်ပြီး သူ ရောက်လာရသည့်အကြောင်းအရင်းကို ချက်ချင်း ပြောပြလိုက်တော့သည်။

” ပေါင်လဲ့။ မင်း အင်္ဂါဂြိုဟ်နတ်ဘုရားလက်နက် နယ်မြေအသစ်အကြောင်းကို ကြားပြီးပြီလား ”
ကျင့်သိုမင်က မေးလိုက်၏။ သူ၏ မျက်လုံးများမှာ မှေးသွားပြီး သူ၏ လေသံမှာလည်း ပုံမှန်ထက်ပို၍ တိုးနေသည်ဟုပင် ထင်ရသည်။

” အင်္ဂါဂြိုဟ်နတ်ဘုရားလက်နက် နယ်မြေအသစ် ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွား၏။

” ဟုတ်တယ်ကွ။ အရင် နတ်ဘုရားလက်နက် စူးစမ်းရှာဖွေရေး စီမံကိန်းအဟောင်းက ရပ်နားခံလိုက်ရတာ။ ဒါပေမဲ့ သွေးရောင်မြူခိုးတွေ ပေါ်လာပြီးနောက်ပိုင်း အဲဒီစီမံကိန်းကို ပြန်စဖို့ ပြင်နေတာလို့ ငါ ကြားထားတာပဲ။ အဲဒီ စူးစမ်းရှာဖွေရေး စီမံကိန်းကတော့ ခက်ခဲမှာ သေချာတယ်။ အဲဒီတော့ သူတို့တွေက လိုအပ်တဲ့ အခြေခံပြင်ဆင်မှုတွေကို အဆင့်ဆင့် လုပ်ထားဖို့လိုတယ်။ အနာဂတ်မှာ ဒီ စီမံကိန်းအတွက် လူအင်အားနဲ့ ငွေအင်အားတွေ အများကြီး လိုမှာ။ အဲဒါကြောင့် ဘုရင်ခံက မြို့တော်နယ်မြေအသစ်တစ်ခု တည်ဆောက်ဖို့ အကြံပြုထားတာ ”

” နတ်ဘုရားလက်နက် ရှိနေတဲ့ နေရာမှာ မြို့တော်နယ်မြေအသစ်တစ်ခု တည်ဆောက်ပြီးတော့ နတ်ဘုရားလက်နက်ကို ရှာဖွေတဲ့နေရာမှာ ဦးဆောင်မှု ရယူမှာလေ…. အဲဒီ မြို့တော်နယ်မြေအသစ်ကို လက်ရှိ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်မှာမဟုတ်ဘူး။ ပြည်ပစီမံခန့်ခွဲရေးနယ်မြေတစ်ခုလိုပဲ သတ်မှတ်မှာ ”

” အဲဒီ နယ်မြေကို အပိုင်စားရမယ့် မြို့တော်ဝန်က ပဏာမအဆင့်တစ်အရာရှိ ဖြစ်သွားမှာ။ ဒါ ရှားပါးအခွင့်ရေးတစ်ခုပဲ။ အဲဒီ ရာထူးကို လူတွေအများကြီး ဝိုင်းလုကြမှာဆိုပေမဲ့ မင်း ရွေးကောက်ခံနေရာကနေ ဝင်ပြိုင်ချင်ရင် ငါ ကူညီပေးနိုင်တယ်… ဒါပေမဲ့ တစ်ခုရှိတာက… ”
ကျင့်သိုမင်မှာ စကားဆုံးအောင်မပြောဘဲ ရပ်တန့်လိုက်ပြီး ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ သူသည် အများကြီး ပြောပြီးသွားပြီ မဟုတ်ပါလော။ သူ ဝမ်ပေါင်လဲ့အကြောင်း နားလည်ထားသလောက်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ သူ ဆိုလိုချင်သည်အဓိပ္ပါယ်ကို သဘောပေါက်နေလောက်ပြီဖြစ်သည်။

သူ ထင်ထားသည့်အတိုင်းပင်။ ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်၏ စကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ရင်ခုန်နှုန်းများ မြန်ဆန်လာ၏။ ထို့နောက် သူသည် ခေါင်းမော့လာပြီး ကျင့်သိုမင်အား စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် လင်းတျန်ဟောက် ပြောပြခဲ့သည့် သူ၏ဖခင် လင်းယုံက ဝမ်ပေါင်လဲ့ဆီသို့ စကားပါးရန် မှာခဲ့သော အမှာစကားမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပေါ်လာတော့သည်။

” လတ်စသတ်တော့ သူပြောချင်တာ ဒါကိုး “

Comment

Leave a Reply

Options

not work with dark mode
Reset