Switch Mode

အခန်း ( ၃၄၁ )

ကျိုးရိရှန်၊ နင် သေချင်နေတာလား

လီဝမ်အာမှာ အခန်းထဲသို့ လျှောက်လှမ်းလာသောအချိန်တွင် ဝမ်ပေါင်လဲ့၏ အော်ဟစ်သံကိုကြားလိုက်ရသည်။ သူမ၏ မျက်နှာအမူအရာမှာမူ အသက်မဲ့နေ၏။ သူမ အခန်းထဲသို့ဝင်လာသောအခါ ကျိုးရိရှန်မှာ ချက်ချင်းပင် နောက်သို့လှည့်လိုက်ပြီး နှုတ်ဆက်လိုက်၏။

” မင်္ဂလာပါ ဝန်ကြီးလီ ”
ကျိုးရိရှန်မှာ သူ၏အထက်လူကြီးကို မြင်လိုက်ရသဖြင့် ပို၍ပင် စိတ်လှုပ်ရှားသွား၏။ သူသည် အစကတည်းက သူတစ်ယောက်တည်း တိတ်တဆိတ် စုံစမ်းစစ်ဆေးနေခဲ့သည် မဟုတ်ပါလော။ သူ ဤအမှုကြီးကို ဖြေရှင်းပြီးပါက နောက်ဆုံးတွင် လီဝမ်အာမှာ နာမည်အချို့ ရသွားမည် ဖြစ်ပါသော်လည်း ဆုလာဘ်အများစုကိုမူ သူက ရရှိမည်သာဖြစ်သည်။

သူသည် ဤကိစ္စကြီးကို လျှို့ဝှက်ထားရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူ ဝမ်ပေါင်လဲ့အား စစ်ဆေးမေးမြန်းရန် ထွက်မလာခင် လီဝမ်အာဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့ခဲ့၏။ သို့သော် သူသည် သူမကိုယ်တိုင် ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူသည် ယခုအထိ မေးခွန်းအချို့သာ စမေးရသေးသည် မဟုတ်ပါလော။

” ဒါကိုကြည့်ရင် သူက ဒီအမှုကြီးကို ဘယ်လောက်အလေးထားလဲဆိုတာ သိသာတယ်။ ငါ ဒီအမှုကြီးကို ဖြေရှင်းနိုင်တဲ့အတွက် သေချာပေါက် ဆုချီးမြှင့်ခံရတော့မှာပဲ ”
ကျိုးရိရှန်မှာ ထိုအကြောင်းကို တွေးမိလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေရတော့သည်။ သူ၏ ဆင်ခြင်တွေးတောနိုင်စွမ်းများနှင့် ကောက်ချက်ချမှုများမှာ ဟာကွက်လုံးဝမရှိကြောင်း သူက မှတ်ယူထား၏။ ထို့ကြောင့် သူသည် သူ၏အထက်လူကြီး၏ ရှေ့တွင် မည်သို့မည်ဖုံ အစွမ်းပြလိုက်ရမည်နည်းဟု စဉ်းစားတွေးတောနေတော့သည်။ ထို့နောက် သူသည် နောက်သို့ပြန်လှည့်လာပြီး ဝမ်ပေါင်လဲ့အား အေးစက်စက် စိုက်ကြည့်လိုက်၏။
” ဝမ်ပေါင်လဲ့။ ကြည့်ရတာ မင်းက အသားမနာရင် စကားမပြောမဲ့ ပုံပဲကွ ”

ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး ကျိုးရိရှန်အား မျက်မုန်းကျိုးနေသည့်အကြည့်ဖြင့် စိုက်ကြည့်ကာ အော်ပြောလိုက်တော့သည်။

” ငါက ပြည်ထောင်စုကြီးရဲ့ ပျိုးပင်တစ်ရာထဲက တစ်ယောက်ဖြစ်တဲ့အပြင် တာအိုမြူခိုးတောင်ကျောင်းရဲ့ ကျောင်းအုပ်နော်။ ပြီးတော့ ဒုပဏာမအဆင့်လေးအရာရှိ တစ်ယောက်ဆိုရင်လည်း ဟုတ်တယ်။ ပြီးတော့ ဘုရင်ခံကိုယ်တိုင် နာမည်ပေးခဲ့တဲ့ တိမ်ပျံကျောင်းသားတပ်ပေါင်းစုကို တည်ထောင်ခဲ့တဲ့ လူဆိုရင်လည်း ဟုတ်တယ်။ သွေးဂူထဲမှာလည်း ငါက လူတွေအများကြီးကို ကယ်တင်ခဲ့တာ။ ကျိုးရိရှန်။ မင်း ငါ့ကို နှိပ်စက်ညှဥ်းပန်းရဲလား ”

လီဝမ်အာမှာ ဝမ်ပေါင်လဲ့၏ အော်ဟစ်သံများကိုနားထောင်ရင်း စိတ်ပျက်လက်ပျက်ဖြစ်ကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွား၏။ သူမသည် လက်တလောအတွင်း အခြားတာဝန်များဖြင့် အလုပ်ရှုပ်နေခဲ့ရသလို သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အရေးကြီးသော အဆင့်တစ်ခုကို ရောက်ရှိနေခဲ့၏။ ထို့ကြောင့် သူမသည် ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနအတွက် အချိန်သိပ်မပေးနိုင်ခဲ့သဖြင့် ယခုကိစ္စကြီးကို သတိမထားမိခဲ့ခြင်းဖြစ်သည်။

သူမသည် ကျိုးရိရှန်၏ အသံလွှင့်အကြောင်းကြားစာကို ရရှိခဲ့သည့်အချိန်ကတည်းက စိတ်ကိုတည်တည်ငြိမ်ငြိမ် မထားနိုင်ခဲ့ပေ။ ထို့ကြောင့် သူမသည် အမျက်ချောင်းချောင်းထွက်ကာ ဤနေရာသို့ အ‌ပြေးရောက်လာရခြင်းဖြစ်သည်။ ယခုတွင် သူမသည် ကျိုးရိရှန်အား အေးစက်စက်စိုက်ကြည့်လိုက်၏။ ယခင်တုန်းက သူမသည် သူ၏ ပြောဆိုပြုမူပုံများနှင့် လုပ်ပုံကိုင်ပုံများကို သဘောကျခဲ့ပါသော်လည်း ယခုတွင်မူ ထိုခံစားချက်များမှာ တဖြည်းဖြည်းနှင့် စိတ်ရှုပ်မှုများအဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လီဝမ်အာအား မျက်ခြည်မပြတ် အကဲခတ်နေခဲ့သောကြောင့် ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများမှာ အရောက်လက်သွား၏။ ထို့နောက် သူသည် မီးလောင်ရာ လေပင့်ပေးရန် ထပ်၍ အော်ပြောလိုက်ပြန်သည်။
” ကျိုးရိရှန်။ ငါ့ဆီက ဘာစကားမှ ထွက်လာဖို့ မျှော်လင့်မနေနဲ့။ မင်းဘာလုပ်လုပ် ငါ တစ်ခွန်းမှ ပြောမှာမဟုတ်ဘူး။ ငါ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုပဲ ဖြစ်ဖြစ် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုပဲဖြစ်ဖြစ် ဆုံးရှုံးသွားရရင်တောင် မင်းငါ့ကို စကားပြောအောင် လုပ်နိုင်မှာမဟုတ်ဘူး ”

ကျိုးရိရှန်မှာ အမျက်ချောင်းချောင်း ထွက်နေရတော့သည်။ သူသည် ဝမ်ပေါင်လဲ့ဆီမှ ဝန်ခံချက်များကို စစ်မေးရာ၌ အခက်တွေ့နေရရုံသာမက ဝမ်ပေါင်လဲ့မှာ သူ၏ အထက်လူကြီး၏ရှေ့တွင် သူ့အား အော်ဟစ်ရဲနေသည်မဟုတ်ပါလော။ လီဝမ်အာ၏ မျက်နှာအမူအရာမှာ အလွန်အင်မတန်မှ မရွှင်မပျဖြစ်ကာ သူ့အား စိတ်ပျက်နေသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် ကျိုးရိရှန်မှာ ပို၍ဒေါသထွက်လာရတော့သည်။ သူသည် သူမ၏ရှေ့တွင် သူ၏အစွမ်းအစများကို ထုတ်ပြရန် ကြံစည်ထားခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိသော စားပွဲခုံကြီးကို နောက်ထပ်တစ်ကြိမ်ထပ်၍ ရိုက်လိုက်ပြန်သည်။

” ဝမ်ပေါင်လဲ့။ မင်းဘာသာမင်း ပျိုးပင်တစ်ရာထဲက တစ်ယောက်ဖြစ်ဖြစ်၊ ဒုပဏာမအဆင့်လေးအရာရှိတစ်ယောက်ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ ရှေ့မှာဆိုရင် မင်းက ဘာကောင်မှမဟုတ်ဘူးကွ။ မင်း စကားပြောချင်သည်ဖြစ်စေ မပြောချင်သည်ဖြစ်စေ ပြောကိုပြောရမယ်… ငါ မင်းကို အသိပေးထားမယ်နော်။ ကျိုးရိရှန်ဆိုတဲ့ ငါ ဒီ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနမှာ စပြီးတော့ တာဝန်ကျခဲ့တဲ့ အချိန်ကတည်းက ငါ မဖွင့်နိုင်ခဲ့တဲ့ ပါးစပ်ပေါက် တစ်ပေါက်မှ မရှိသေးဘူး ”

” မင်းက ဟန်ဆောင်ဖုံးဖိနေလည်း ဘာမှ မထူးဘူး။ ငါက မင်းကို လှည့်စားနေတာမဟုတ်ဘူးနော်။ သွေးရောင်မြူခိုးတွေနဲ့ လေပြင်းတွေ ပေါ်လာတဲ့ညတုန်းက မင်းက အင်္ဂါဂြိုဟ်မြို့တော်ထဲမှာ ရှိမနေခဲ့ဘူး။ ငါ့မှာ သက်သေအတိအကျ ရှိပြီးသား ”

” မင်း အဲ့နေ့ညက ဘယ်နေရာမှာ ရောက်နေခဲ့သလဲဆိုတာကို ငါ သိထားပြီးသား။ အေး။ အဲ့နေ့ညတုန်းက မင်း ဘယ်သူနဲ့တွေ့ခဲ့ပြီးတော့ ဘာတွေကို လုပ်ခဲ့သလဲဆိုတာကိုပါ ငါ ရအောင် ဖော်ထုတ်ပြမယ် ”
ကျိုးရိရှန်မှာ ထိုသို့ အော်ဟစ်ကြိမ်ဝါးရင်း သူ၏ စကားသံမှာ တဖြည်းဖြည်းနှင့် ပို၍ အားပါလာပြီး ဝမ်ပေါင်လဲ့အား ဖိနှိပ်နေတော့သည်။

” ငါ ဘာလုပ်ခဲ့သလဲဆိုတာကို ပြောပြမှာမဟုတ်ဘူး ”
ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်၏ စကားကိုကြားလိုက်ရပြီး လီဝမ်အာ၏ မရွှင်မပျဖြစ်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ချက်ချင်း ပြန်ပြောလိုက်၏။ သူသည် ရင်များ တဒိန်းဒိန်းခုန်ကာ စိုးထိတ်နေသည့်ပုံစံ ဟန်ဆောင်ထား၏။ ထို့နောက် သူသည် နှာမှုတ်လိုက်ပြီး ပါးစပ်ပြန်ပိတ်သွားသည်။

ကျိုးရိရှန်သည်လည်း လီဝမ်အာတစ်ယောက် မရွှင်မပျဖြစ်နေသည်ကို သတိထားမိလိုက်သည်။ သို့သော် သူသည် သူမ ထိုသို့ဖြစ်နေရသည့် အကြောင်းရင်းကိုမူ အဓိပ္ပါယ်ကောက် မှားသွား၏။ သူသည် ဝမ်ပေါင်လဲ့အား စကားပြောလာအောင် မလုပ်နိုင်သောကြောင့် သူမမှာ မရွှင်မပျ ဖြစ်နေရခြင်း ဖြစ်မည်ဟု သူက ထင်မှတ်ထားသည်။ ထို့ကြောင့် သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်လာရတော့သည်။ သူ ခြိမ်းခြောက်ခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှုများမှာ အပြောသက်သက်သာဖြစ်ကြောင်း သူက သိထား၏။ သူ့တွင် သက်သေအထောက်အထား အခိုင်အလုံနှင့် ခွင့်ပြုချက် ရှိမနေသရွေ့ ညှဉ်းပန်းနှိပ်စက်ခွင့် ရှိမည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ခေါင်းမာနေဆဲဖြစ်ပြီး လီဝမ်အာသည်လည်း စိတ်မကြည်မလင်ဖြစ်နေသည်မှာ သိသာထင်ရှားနေပြီဖြစ်သောကြောင့် ကျိုးရိရှန်မှာ အံကြိတ်နေရတော့သည်။ ဤပြဿနာအား ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ဝမ်ပေါင်လဲ့၏ စိတ်ဓာတ်ကို ရိုက်ချိုးပစ်ရန်ဖြစ်ကြောင်း သူက သိထား၏။ ထို့ကြောင့် သူသည် စားပွဲခုံကြီးကို နောက်ထပ်တစ်ကြိမ် ထပ်ရိုက်လိုက်ပြီး အော်ပြောလိုက်တော့သည်။

” ဝမ်ပေါင်လဲ့။ မင်း ဆက်ပြီးတော့ ခေါင်းမာနေလို့ရတယ်။ အေး ဒါပေမဲ့ ငါမင်းကို အသိပေးထားမယ်နော်။ ငါက ဒီအခန်းထဲကို ဝင်မလာခင်တုန်းက စုစုပေါင်း လူအယောက်သုံးရာတိတိပါတဲ့ အဖွဲ့ဆယ်ဖွဲ့ကို မြူခိုးတာအိုကျောင်းဆီကို စေလွှတ်ခဲ့ပြီးသား။ အခုဆိုရင် သူတို့က မင်းရဲ့ အခန်းတစ်ခန်းလုံးနဲ့ ကျောင်းတစ်ကျောင်းလုံးကို မွှေနှောက်ရှာနေလောက်ပြီ။ မင်း အဲနေ့ညက လုပ်ခဲ့တဲ့လုပ်ရပ်တွေကို အစရှာလို့မရအောင် ဖျောက်ပစ်နိုင်လိမ့်မယ်ဆိုတာ ငါ မယုံဘူး ”

” ပြီးတော့ မင်းဘက်မှာ ကြံရာပါတစ်ယောက် ရှိသေးတာကိုလည်း ငါ သိထားပြီးသား။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်က အဲ့နေ့ညက မှတ်တမ်းမှတ်ရာတွေအားလုံးကို ဖျက်ပစ်တဲ့နေရာမှာ ကူညီပေးခဲ့တာ။ ဝမ်ပေါင်လဲ့။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်က အစွမ်းတချို့ရှိတာ မှန်ပေမဲ့ ဘယ်လောက်တော်နေတော်နေ ဘယ်အရာကိုမှ အစအနမကျန်အောင် ဖျက်ပစ်နိုင်စွမ်းမရှိဘူးကွ ”

” မင်းနဲ့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်စလုံးက သွေးရောင် မြူခိုးတွေနဲ့ လေပြင်းတွေအပြင် ထူးဆန်းတဲ့ ရွာကြီးတွေရဲ့ ပေါ်ပေါက်လာမှုနဲ့ ပတ်ကိုပတ်သက်နေရမယ် ”
ကျိုးရိရှန်က လှောင်ပြုံးပြုံးကာ ကြိမ်းဝါးလိုက်သည်။ ထိုအချိန်တွင် သူသည် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာ ဖျတ်ခနဲ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သဖြင့် မျက်လုံးများအရောင်လက်သွားပြီး လီဝမ်အာဘက်သို့ ရင်တထိတ်ထိတ်နှင့် လှည့်ကြည့်လိုက်၏။

သူ၏ စကားများမှာ ဝမ်ပေါင်လဲ့အား ပြောနေသည့်ပုံ ပေါက်နေပါသော်လည်း အမှန်တွင်မူ ၎င်းတို့မှာ လီဝမ်အာအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ သူသည် သူမ၏ရှေ့‌၌ သူ၏ လုပ်ရည်ကိုင်ရည်ကို သက်သေပြခြင်းနေခြင်းဖြစ်သည်။ သူသည် သူမည်မျှအထိ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသည်ကို သူမအား သိစေချင်နေ၏။

ထို့ကြောင့် သူသည် လီဝမ်အာအား လှမ်း၍ ခိုးကြည့်လိုက်၏။ ထိုအခါ သူမ၏ မျက်နှာတစ်ခုလုံးမှာ ရှုံ့မဲ့ကာ ဒေါသစိတ်များ‌ကြောင့် တင်းမာနေသည်ကို မြင်လိုက်ရတော့သည်။ သူမ၏ ပုံစံမှာ အမျက်ချောင်းချောင်းထွက်ကာ ယမ်းပုံမီးကျ ပေါက်ကွဲလုမတတ် ဖြစ်နေသည့်ပုံ ပေါက်နေ၏။

ထို့ကြောင့် ကျိုးရိရှန်မှာ စိတ်ထဲတွင် တုန်လှုပ်သွားရတော့သည်။ သူသည် ယခုလောက် လူပေါင်းများစွာ စေလွှတ်၍ ရှာဖွေခိုင်းခဲ့သည့်တိုင်အောင် မည်သည့် သက်သေအထောက်အထားကိုမှ ထုတ်မပြနိုင်သေးသောကြောင့် သူမမှာ သူ့အား အရည်အချင်းမရှိသော လူတစ်ယောက်အဖြစ် သတ်မှတ်လိုက်ခြင်းများ ဖြစ်နေမည်လောဟု တွေးနေမိတော့သည်။

ကျိုးရိရှန်၏ နှလုံးသားထဲ၌ စိုးထိတ်မှုများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူ၏ရှေ့၌ ပြီးပြည့်စုံသော အမှုကြီးတစ်ခု ရှိနေသည်ဖြစ်ရာ သူသည် ၎င်းအား ဖျက်ဆီးပစ်၍ မဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ စိတ်ဓာတ်အား ရိုက်ချိုးရန်အတွက် အနည်းငယ်ခန့်ထပ်၍ အားစိုက်ရန် ဆုံးဖြတ်လိုက်၏။ ထိုအချိန်မှာပင် သူ၏ အသံလွှင့်လက်စွပ်မှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။

ကျိုးရိရှန်မှာ ၎င်းအား ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းပင် အပျော်လွန်သွားရတော့သည်။ သူသည် ၎င်းအား ချက်ချင်းပင် ဖွင့်ကြည့်လိုက်တော့အခါ အဘိုးကြီးတစ်‌ယောက်၏ စကားသံတစ်သံ ထွက်ပေါ်လာသည်။

” သခင်လေး။ သခင်လေး တောင်းဆိုထားတဲ့ အလုပ် ပြီးသွားပါပြီ။ အဲဒီ ဖျက်ခံလိုက်ရတဲ့ ရုပ်သံမှတ်တမ်းအပိုင်းကို သခင်လေးဆီ ပို့ထားပါတယ် ”

လီဝမ်အာ ထိုအသံကိုကြားလိုက်ရသောအခါ မျက်လုံးများပြူးသွားသလို ဝမ်ပေါင်လဲ့မှာလည်း ကြက်သေသေသွားရတော့သည်။ ကျိုးရိရှန်ကမူ မျက်နှာကြက်အား မော့ကြည့်ကာ သွေးရူးသွေးတန်း အော်ဟစ်ရယ်မောလိုက်၏။ သူသည် အပျော်လွန်နေပြီး သူ၏ စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင်နေသည့်စိတ်များကို မထိန်းနိုင်လောက်အောင် ဖြစ်နေတော့သည်။ ထို့နောက် သူသည် သူ့ဆီသို့ ပေးပို့ထားသည့် ရုပ်သံမှတ်တမ်းအား အခန်းထဲရှိ လူတိုင်း၏ရှေ့တွင် ဖွင့်ပြလိုက်တော့သည်။

ထိုအခါ သူ၏ အသံလွှင့်လက်စွပ်မှာ ချက်ချင်းဆိုသလိုပင် အခန်းထဲ၌ ဖန်သားပြင်တစ်ခုကို ထုတ်လွှင့်လိုက်၏။ ထို့နောက် ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ မြို့တော်အပြင်ဘက်ရှိ မိစ္ဆာဒိဋ္ဌိကျင့်ကြံသူ၏ ဂူကြီးပင်ဖြစ်သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ မျက်နှာကြီးမှာ ထိုပုံရိပ်ထဲတွင် ပေါ်လာ၏။

သူသည် ထိုပတ်ဝန်းကျင် အခြေအနေကို အထူးတဆန်းနှင့် လေ့လာအကဲခတ်နေသည့်ပုံပင်။

လူတိုင်းမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွားကြ၏။ သူတို့၏ ကျင့်ကြံခြင်း စွမ်းအားများမှာလည်း စတင်ပေါ်ထွက်လာကြတော့သည်။ ထို့နောက် သူတို့မှာ အခန်းထဲ၌ ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ထိုင်နေသော ဝမ်ပေါင်လဲ့အပေါ်သို့ အာရုံအပြည့်စိုက်လိုက်ကြ၏။ သူတို့မှာ အန္တရာယ်များသည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလား သူ့အား စိုက်ကြည့်နေကြ၏။ ရုပ်သံမှတ်တမ်းထဲတွင် ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာခဲ့သောကြောင့် သူတို့ ယခုလို ရုတ်တရက်ကြီး ရန်လိုသွားရခြင်း ဖြစ်ပေသည်။

” ဝမ်ပေါင်လဲ့။ မင်း အဲ့နေ့ညက ဘယ်နေရာမှာ ရှိနေခဲ့သလဲဆိုတာကို ဘယ်သူမှမသိဘူးလို့ ထင်နေတာလား။ မင်းက မြို့အပြင်ဘက်က မိစ္ဆာကျင့်ကြံသူရဲ့ လျှို့ဝှက်အခန်းထဲမှာ ရှိနေခဲ့တာကွ။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်က တစ်နည်းနည်းနဲ့ ဒီရုပ်သံမှတ်တမ်းကို ဖျက်ခဲ့ပေမဲ့ ငါက အစွမ်းကုန်ကြိုးစားပြီးတော့ အဲဒီရုပ်သံမှတ်တမ်းကို ပြန်ယူနိုင်ဖို့ ငါ့မိသားစုမျိုးနွယ်စုရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကိုပါ အသုံးချခဲ့ရတာ။ သေချာ ကြည့်လိုက်စမ်းပါ။ အဲဒါ မင်းမလားကွ ”

” ဝမ်ပေါင်လဲ့။ မင်းက မင်း သိနေစရာ အကြောင်းမရှိတဲ့ လျှို့ဝှက်အခန်းထဲမှာ ပေါ်လာခဲ့တဲ့အပြင် သွေးရောင်မြူခိုးတွေနဲ့ လေပြင်းတွေ ပေါ်လာခဲ့တဲ့အချိန်မှာလည်း အဲ့နေရာမှာ ရှိနေခဲ့တာ။ အခု မင်း ဘာပြောပြော နောက်ကျသွားပြီ။ မင်းက မိစ္ဆာကျင့်ကြံသူတစ်ယောက်ဆိုတာ ငါ တပ်အပ်ပြောရဲတယ်။ မင်းက။ သွေးရောင်မြူခိုးတွေနဲ့ လေပြင်းတွေ ပေါ်ပေါက်လာခဲ့တဲ့ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တာပဲ ”

” မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကလည်း… ဒီ ရုပ်သံမှတ်တမ်းထဲမှာ သေချာပေါက် ပေါ်လာလိမ့်မယ်။ ကြည့်လိုက်။ အဲ့မှာ သူပဲ။ ကဲ သူ ဘယ်သူလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့…. ”
ကျိုးရိရှန်က စိတ်လှုပ်တရှားဆိုလိုက်ပြီး အရူးတစ်ယောက်လို အော်ဟစ်ရယ်မောလိုက်တော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ အမျိုးမျိုး ပြောင်းလဲသွားပြီး သူသည် ကြက်သေသေသွားရ၏။ လီဝမ်အာ၏ မျက်ဝန်းများထဲတွင်မူ မီးတောက်များဖြင့် လောင်ကျွမ်းနေပြီဖြစ်သည်။ ၎င်းတို့မှ လေဆာတန်းများပင် ထိုးထွက်လာတော့မည့်အလား ဖြစ်နေ၏။ ထိုအချိန်တွင် ဖန်သားပြင်ထဲရှိ ဝမ်ပေါင်လဲ့၏ ဘေးတွင် လုံးကြီးပေါက်လှ ခန္ဓာကိုယ်အချိုးအစားတစ်ခုကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ယောက်၏ လူရိပ်တစ်ခု ပေါ်ပေါက်လာ၏။

သို့သော် ထိုပုံရိပ်ကြီး အပြည့်အဝ ပေါ်မလာနိုင်ခင်မှာပင် လီဝမ်အာ၏ အမျက်ဒေါသများမှာ ထိပ်ဆုံးအဆင့်အထိ ရောက်ရှိသွားပြီး ပေါက်ကွဲထွက်လာတော့သည်။ သူမသည် ကျိုးရိရှန်မှာ ထိုကိစ္စအကြောင်းကို မည်မျှအထိ သိရှိထားကြောင်း သိချင်ခဲ့သောကြောင့်သာ ဘာမှမလုပ်ဘဲ ငြိမ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင်မူ ကျိုးရိရှန်မှာ ထိုရုပ်သံမှတ်တမ်းကို ပြန်လည်ထုတ်ယူခဲ့သည့် အဆင့်အထိ ကျူးလွန်ခဲ့သည်ဖြစ်ကြောင်း သူမက သိလိုက်ရပြီဖြစ်ရာ ဆက်၍ မမျိုသိပ်ထားနိုင်တော့ပေ။ ထို့‌ကြောင့် သူမသည် ကျိုးရိရှန်၏ရှေ့သို့ ပြေးသွားလိုက်ပြီး သူမ၏ လက်ချောင်းကို ဝှေ့ယမ်းလိုက်သဖြင့် မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ဖန်သားပြင်ပေါ်မှ ပုံရိပ်ကြီးမှာ ကျိုးရိရှန်၏ အသံလွှင့်လက်စွပ်နှင့်အတူ ချက်ချင်းပင် ပျက်စီးပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူမသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မိန်းမောတွေဝေနေသည့် ကျိုးရိရှန်ဘက်သို့ လှည့်ကြည့်ကာ သူ့အား အေးစက်စက် စိုက်ကြည့်၍ အော်ဟစ်ကြိမ်းမောင်းလိုက်တော့သည်။

” တော်လိုက်တော့။ သူ့ကို အခု ချက်ချင်းလွှတ်ပေးလိုက်စမ်း။ ဒီအမှုကြီးက ဒီလောက်နဲ့တင်ပြီးပြီ။ ပြီးတော့ ကျိုးရိရှန်…. နင် သေချင်နေတာလား ”

လီဝမ်အာမှာ သူမ၏ နောက်ဆုံးမေးခွန်းကို အံကြိတ်ရင်း တစ်လုံးချင်းစီ မေးခဲ့ခြင်းဖြစ်သည်။ သူမ၏ စကားများကြောင့် အခန်းထဲရှိ အပူချိန်ကြီးပင်လျှင် ထိုးကျသွားရ၏။ ထို့နောက် အခန်းထဲတွင် ဖိအားကြီးတစ်ခု ပေါ်ပေါက်လာပြီး တဖြည်းဖြည်းနှင့်ပို၍ အားကောင်းလာ၏။ သူမ စကားဆုံးသွားသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှလွဲ၍ အခန်းထဲရှိ လူတိုင်းမှာ ဇောချွေးများပြန်နေကြပြီဖြစ်သည်။ သူတို့၏ ရင်ခုန်နှုန်းများမှာလည်း ထိန်းမနိုင်သိမ်းမရ မြန်ဆန်နေကြ၏။

သူတို့မှာ ရုပ်သံမှတ်တမ်းထဲရှိ လုံးကြီးပေါက်လှ ခန္ဓာကိုယ်နှင့် လီဝမ်အာ၏ ပေါက်ကွဲမှုတို့ကို ချိတ်ဆက်တွေးတောမိသွားလိုက်ပြီးနောက် တစ်ခုခုကို ရိပ်မိသွားကြသည်ပုံပင်။ ထို့ကြောင့် သူတို့၏ အသိစိတ်များထဲ၌ မကြားဝံ့မနာသာ အတွေးများ ပေါ်ပေါက်လာပြီး သူတို့မှာ လှိုင်းများထန်နေသော ပင်လယ်ပြင်ကြီးအောက်သို့ နစ်မြုပ်သွားသည့်အလား ခံစားလိုက်ရတော့သည်။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာကြပြီး သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ သူ့အား ကြောက်လန့်တကြားနှင့် စိုက်ကြည့်နေကြတော့သည်။ နောက်ဆုံးတွင် သူတို့မှာ ခေါင်းများ ချာချာလည်သွားကြပြီး အသိစိတ်များ ဝေဝါးသွားရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset