ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ အနည်းငယ်ခန့် စိုးရိမ်နေသည့်ပုံ ပေါက်နေပြီး သူ၏ မျက်လုံးများမှာလည်း ဂနာမငြိမ် ဖြစ်နေ၏။ ထို့ကြောင့် သူသည် တစ်စုံတစ်ခုကို ဖုံးကွယ်ရန် ကြိုးပမ်းနေသည့်ပုံ ပေါက်နေတော့သည်။ လူတစ်ယောက်က သူ အပြစ်ရှိကြောင်းကို သိရှိထားပါသော်လည်း သက်သေအထောက်အထားများကို ထုတ်မပြသေးသကဲ့သို့ ဖြစ်နေ၏။ အကယ်၍ ၎င်းတို့ကိုသာ ထုတ်ပြလိုက်မည်ဆိုပါက သူ၏ ပြစ်မှုများမှာ ဘူးပေါ်သလို ပေါ်သွားတော့မည် ဖြစ်သည်။
ကျိုးရိရှန်မှာ ဝမ်ပေါင်လဲ့နှင့် သိကျွမ်းနေသည်မှာ အတော်အတန် ကြာပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာ ယခုလို ဖြစ်နေသည်ကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် မျက်လုံးများ အရောင်လက်သွားရပြီး အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားသောကြောင့် အသက်ရှူသံများပင် မြန်ဆန်လာတော့သည်။ သူသည် စိတ်ထဲတွင်ကျိတ်၍ ကျေနပ်အားရနေပါသော်လည်း အပြင်ပန်း မျက်နှာအမူအရာမှာမူ အသက်မဲ့နေဆဲပင်။ သို့သော် သူသည် နွေဦးရာသီသို့ ရုတ်တရက် ရောက်ရှိသွားပြီး သူ၏ နှလုံးသားထဲ၌ ပန်းခင်းကြီးတစ်ခု ဖူးပွင့်လာကာ သူ၏ ဝိညာဉ်တစ်ခုလုံး အေးမြလန်းဆန်းသွားသကဲ့သို့ပင် ခံစားနေရတော့သည်။
သူသည် ဝမ်ပေါင်လဲ့အား စိတ်ထဲ၌ကျိတ်၍ အငြိုးအတေး ထားနေခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။ သူတို့နှစ်ယောက် ပထမဆုံး ပဋိပက္ခဖြစ်ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ ကျိုးရိဖန်ကြောင့် ဖြစ်ပါသော်လည်း ထိုစဉ်ကတည်းကစ၍ သူတို့မှာ ကြိမ်ဖန်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ကြပြီး ဖြစ်သည်။ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးမှာ အလွန်အင်မတန်မှ တင်းမာနေပြီဖြစ်ပြီး ကျိုးရိဖန်နှင့်ပင် မဆိုင်တော့သည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ကျိုးရိရှန်မှာ ဝမ်ပေါင်လဲ့အား အူထဲအသည်းထဲမှနေ၍ မုန်းတီးနေသည်ဖြစ်ပြီး ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။
သူသည် ဝမ်ပေါင်လဲ့၏ စိတ်လိုက်မာန်ပါ ပြုမူတတ်သောဗီဇနှင့် မြင့်မားသော တိုက်ရည်ခိုက်ရည်တို့ကို ကြောက်ရွံ့နေသောကြောင့်သာ ယခုလို အလုပ်ရှုပ် ခံနေရခြင်းဖြစ်သည်။ ထိုသို့သာမဟုတ်ပါက သူသည် ဝမ်ပေါင်လဲ့အား တစ်ကိုယ်လုံး ကျိုးပဲ့သွားအောင် ရိုက်နှက်ကန်ကျောက်လိုက်မည်သာ ဖြစ်သည်။ သူမည်မျှအထိ အစွမ်းထက်နေသည်ဖြစ်စေ သူ့အား ကူညီထောက်ပံ့ပေးနေသည့်လူများမှာ မည်မျှပင် အင်အားကြီးမားနေသည်ဖြစ်စေ သူက ဂရုစိုက်နေမည်မဟုတ်ပေ။
ကျိုးရိရှန်မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်၏။ သူသည် အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်လာခဲ့ပြီး ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနထဲတွင် ရာထူးတစ်ခု ရရှိခဲ့စဉ်ကတည်းက ဝမ်ပေါင်လဲ့အား အမှားရှာရန် ကြိုးစားနေခဲ့၏။ သူသည် သူ့ဘက်မှ အလွယ်တကူ ထိုးစစ်ဆင်မည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့အား အလဲထိုးနိုင်မည့် အခွင့်အရေးမျိုးကို ရမှသာ သူသည် စတင်လှုပ်ရှားမည်ဖြစ်သည်။
သူသည် မြူခိုးတာအိုကျောင်းမှ ဆရာအား သွားရောက်ဖမ်းဆီးခဲ့သည့် အချိန်တုန်းက ဝမ်ပေါင်လဲ့အား သူ နောက်တွင် ထပ်၍ကြုံတွေ့ရမည့် အရာများ၏ တစ်စိတ်တစ်ပိုင်းကိုသာ မြည်းစမ်းစေခဲ့ခြင်း ဖြစ်သည်။ သူသည် ၎င်းအား သူ၏ ထိုးစစ်အစီအစဉ်ထဲတွင် ထည့်မထားခဲ့ပေ။ သို့သော် ယနေ့တွင်မူ ကျိုးရိရှန်မှာ သူ၏စွမ်းအားအစစ်အမှန်ကို ထုတ်ပြတော့မည်ဖြစ်သည်။
” တိုက်ဖို့ခိုက်ဖို့လောက်ပဲ သိတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုတာ ကာယအားကိုပဲ အားကိုးတတ်တဲ့ အရိုင်းအစိုင်းတစ်ယောက် အဆင့်သာသာပဲ ရှိတာ။ ငါတို့က ဒီ အုပ်ချုပ်ရေး စနစ်ထဲမှာ ရှိနေတော့ နိုင်ငံရေး အကူအညီ အထောက်အပံ့တွေ အပါအဝင် ငါတို့ဆီမှာ ရှိသမျှ ရင်းမြစ်ပစ္စည်းတွေ အားလုံးကို အသုံးချတတ်ဖို့ လိုတယ်ကွ။ ဒီနေ့က ကျိုးရိရှန်ဆိုတဲ့ ငါ လက်စားချေရမယ့် နေ့ပဲ ”
ကျိုးရိရှန်မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီ ဖြစ်သည်။ သူသည် ကံကောင်းလွန်းခဲ့သောကြောင့် ထိုသက်သေအထောက်အထားကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော လအနည်းငယ်ခန့်က ပေါ်ပေါက်လာခဲ့သည် သွေးရောင်မြူခိုးများနှင့် လေပြင်းများကို စစ်တပ်တစ်ခုတည်းကသာ အာရုံစိုက်ခဲ့သည်မဟုတ်ပေ။ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနမှာလည်း ထိုစုံစမ်းစစ်ဆေးမှုထဲ၌ ဝင်ရောက်ကူညီပေးရမည်ဟူသော အမိန့်များကို လက်ခံရရှိခဲ့သည်။ သူတို့၏ အဓိကတာဝန်မှာ ထိုဖြစ်ရပ်ကြီးကို လူများက ဖန်တီးထားခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးရန် ဖြစ်သည်။
ဘုရင်ခံကမူ ဤဖြစ်ရပ်ကြီးအား လူများက ဖန်တီးထားသည်ဆိုသည့် ယူဆချက်မှာ သိပ်၍မဖြစ်နိုင်ကြောင်း မှတ်ယူထားပါသော်လည်း စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ရန် လိုအပ်သေးသည်သာ ဖြစ်သည်။ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနထဲတွင် ကျိုးရိရှန်၏ ရာထူးအဆင့်အတန်းမှာ လီဝမ်အာနှင့် မယှဉ်နိုင်ပါသော်လည်း သူသည် လုပ်ပိုင်ခွင့်အာဏာ အတော်အသင့် ပိုင်ဆိုင်ထားဆဲပင်။ သူသည် သူ၏အစွမ်းအစကို သက်သေပြချင်နေခဲ့သည်ဖြစ်ရာ ဤအမှုထဲသို့ စိတ်ရောကိုယ်ပါ နှစ်ထားခဲ့၏။
လီဝမ်အာမှာ အဖွဲ့ခြောက် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြီးကို လိုက်လံစုံစမ်းနေခဲ့ရသောကြောင့် အလုပ်များရှုပ်နေခဲ့ရ၏။ ထို့နောက် သူမသည် ကျိုးရိရှန်တစ်ယောက် အလွန်အင်မတန်မှ အလုပ်ကြိုးစားနေသည်ကို သတိထားမိခဲ့သောကြောင့် ထိုစုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်သည့် တာဝန်အားလုံးကို သူ့ဆီသို့ လွှဲပြောင်းပေးခဲ့သည်။
ကျိုးရိရှန်မှာ ထိုအမှုအား အပြည့်အဝ ကိုင်တွယ်ခွင့် ရရှိသွားသဖြင့် စုံစမ်းစစ်ဆေးမှုများကို အားသွန်ခွန်စိုက် ပြုလုပ်ခဲ့တော့သည်။။ သူသည် ထိုကဲ့သို့ စုံစမ်းစစ်ဆေးနေရင်း မသင်္ကာစရာ ကိစ္စအချို့ကို သိရှိခဲ့ရ၏။ ၎င်းမှာ ထိုနေ့ညတွင် စစ်တပ်က ဝမ်ပေါင်လဲ့အား သွားရှာခဲ့ပါသော်လည်း သူသည် ပျောက်ဆုံးနေခဲ့သည့် အချက်ပင်ဖြစ်သည်။
သူ မည်သည့်နေရာသို့ ရောက်နေသည်ကို မည်သူကမှ မသိကြပေ။ အကယ်၍ ထိုနေ့တုန်းက ဖြစ်ပျက်ခဲ့သည့် တိုက်ဆိုင်မှုများကြောင့်သာ မဟုတ်ပါက သူ ပျောက်ဆုံးသွားခဲ့သည့် အချက်မှာ အရေးမပါသည့် ကိစ္စတခုသာ ဖြစ်နေမည်ဖြစ်သည်။ သို့သော် ထိုနေ့တွင် ကျောင်းသို့ လာရောက်ဖမ်းဆီးမှု၊ ဝမ်ပေါင်လဲ့တစ်ယောက် ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာန၏ ဌာနချုပ်ဆီသို့ ရောက်ရှိလာမှု၊ သွေးရောင်မြူခိုးများနှင့် လေပြင်းများ ပေါ်ပေါက်လာမှု၊ ထူးဆန်းသော ရွာများကို ရှာဖွေတွေ့ရှိခဲ့မှု…. အစရှိသော အဖြစ်အပျက်များ ဆက်တိုက်သလို ဖြစ်ပျက်သွားခဲ့သည် မဟုတ်ပါလော။
ကျိုးရိရှန်မှာ ထိုဖြစ်ရပ်များကို အသေးစိတ်လေ့လာနေရင်း တစ်ခုခု လွဲနေပြီဖြစ်ကြောင်း စိတ်ထဲမှနေ၍ ရိပ်မိလိုက်၏။ ဝမ်ပေါင်လဲ့ ထိုနေ့ညတွင် ပျောက်ဆုံးသွားခဲ့သည့် အချက်မှာ ထူးဆန်းနေကြောင်း သူက ခံစားနေရ၏။ သို့သော် ၎င်းတို့မှာ သံသယအဆင့်တွင်သာ ရှိနေခဲ့ခြင်းဖြစ်သည်။ အကယ်၍ အခြားတစ်ယောက်ယောက်သာ ဆိုပါက ထိုအဆင့်၌ ရပ်တန့်သွားမည် ဖြစ်ပါသော်လည်း ကျိုးရိရှန်မှာ ဝမ်ပေါင်လဲ့အား အစကတည်းက မုန်းတီးနေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်၍ ထို စုံစမ်းစစ်ဆေးမှုထဲသို့ ပို၍ အားစိုက်ခဲ့၏။
သူသည် ထိုကဲ့သို့ရှာဖွေရင်း အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည့် အချက်ကြီးတစ်ချက်ကို သိခဲ့ရ၏။ ဝမ်ပေါင်လဲ့၏ ထိုနေ့ညတုန်းက အကြောင်းများကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းမှတ်ရာများအားလုံးမှာ လုံးဝ ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။ ထို ပျောက်ကွယ်သွားခဲ့သည့် မှတ်တမ်းများထဲတွင် သူ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနဆီသို့ ရောက်ရှိလာခဲ့သည် မှတ်တမ်းလည်း အပါအဝင်ဖြစ်၏။ ထိုအချက်ကြောင့် ကျိုးရိရှန်မှာ အံ့ဩတုန်လှုပ်သွားခဲ့ရသည်။ သူသည် ထိုကိစ္စနှင့်ပတ်သက်၍ စဉ်းစားတွေးတောလိုက်ပြီးနောက် စုံစမ်းစစ်ဆေးမှုများကို ပို၍အားစိုက်လိုက်သည့်အပြင် အင်္ဂါဂြိုဟ်ပေါ်ရှိ သူ့မိသားစု မျိုးနွယ်စု၏ လုပ်ပိုင်ခွင့်အာဏာများကိုပါ အသုံးချလိုက်တော့သည်။
သို့ရာတွင် မည်သည့် သဲလွန်စအသစ်ကိုမှ ရှာမတွေ့ခဲ့သောကြောင့် သူသည် အထူးတဆန်း ဖြစ်သွားရတော့သည်။ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနနှင့် သူ့ မိသားစုမျိုးနွယ်စု၏ လုပ်ပိုင်ခွင့် အာဏာများနှင့်သာဆိုလျှင် ထိုနေ့ညတွင် ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ပေါ်တွင် ရှိနေခဲ့မည်သာဆိုပါက သူသည် ဝမ်ပေါင်လဲ့ ရှိနေခဲ့သည့်နေရာကို ခြေရာခံနိုင်ရမည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့ ထိုနေ့ညတုန်းက ရှိနေခဲ့သည့်နေရာများနှင့် လုပ်ခဲ့သည့်ကိစ္စများအား မှတ်တမ်းတင်ထားသည့် မှတ်တမ်းမှတ်ရာများအားလုံးကို အမည်မသိ လူတစ်ယောက်က ဖျက်ဆီးထားသကဲ့သို့ပင်။
ကျိုးရိရှန်မှာ ထိုအချက်ကို ရှာဖွေတွေ့ရှိသောသောအခါ အပျော်လွန်သွားပြီး စိတ်လှုပ်တရှား ဖြစ်သွားတော့သည်။ ထိုနေ့ညတွင် ထူးဆန်းသောကိစ္စတစ်ခုခု ဖြစ်ခဲ့ရမည်ဟု သူက မှတ်ယူလိုက်၏။ ၎င်းမှာ ကြီးမားသော ကိစ္စကြီးတစ်ခု ဖြစ်ရမည် ဖြစ်ကြောင်း သူက အလိုလို သိလိုက်သည်။ ၎င်းမှာ သူ၏အစွမ်းအစကို သက်သေပြနိုင်မည့် အခွင့်အရေးပင်ဖြစ်သည်။ ထို့ကြောင့် သူသည် သူရှာတွေ့ထားသော အချက်များကို အခြားမည်သူ့ကိုမှ မပြောပြခဲ့ပေ။ သူသည် အလုပ်ထဲတွင်သာ အာရုံအပြည့် နှစ်ထားခဲ့ပြီး သူ့တွင်ရှိသမျှ လုပ်ပိုင်ခွင့်အာဏာအားလုံးကို အသုံးချကာ ဆက်လက် စုံစမ်းနေခဲ့၏။ နောက်ဆုံးတွင် ကောင်းကင်ကြီးမှာ သူ့အား ကောင်းချီးပေးလိုက်ပြီး သူ၏ ကြိုးစားအားထုတ်မှုများအတွက် ထိုက်ထိုက်တန်တန် ဆုချလိုက်သောကြောင့် သူသည် သက်သေတစ်ခုကို ရှာတွေ့သွားတော့သည်။
သူသည် နောက်ကြောင်းပြန် စုံစမ်းစစ်ဆေးခြင်းဖြင့် ထိုသက်သေအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူသည် ထိုနေ့တုန်းက ပြုပြင်ပြောင်းလဲခံခဲ့ရသည့် သို့မဟုတ် ဖျက်ဆီးခံခဲ့ရသည့် ဖိုင်တွဲများအားလုံးကို မွှေနှောက်ရှာဖွေခဲ့၏။ ထို မရေမတွက်နိုင်လောက်အောင်များပြားသော ဖိုင်တွဲပေါင်း မြောက်မြားစွာအား တစ်ခုမကျန် အပြန်ပြန်အလှန်လှန် ရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင် အဖျက်ခံခဲ့ရသည့် ရုပ်သံမှတ်တမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့၏။
၎င်းမှာ မြူခိုးတာအိုကျောင်းတွင် ဆရာတစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့သည့် မိစ္ဆာဒိဋ္ဌိကျင့်ကြံသူနှင့် သက်ဆိုင်သော ရုပ်သံမှတ်တမ်းတစ်ခုဖြစ်သည်။ ထို ရုပ်သံမှတ်တမ်းမှာ မြို့အပြင်ဘက်ရှိ လျှို့ဝှက်အခန်းထဲတွင် ရိုက်ကူးထားသော လျှို့ဝှက်မှတ်တမ်းတစ်ခုဖြစ်သည်။
ထို မိစ္ဆာဒိဋ္ဌိကျင့်ကြံသူ၏ ကြံရာပါများကို မျှားခေါ်နိုင်ရန်အတွက် ထို လျှို့ဝှက်အခန်းအား သိမ်းပိုက်ခဲ့ခြင်းမရှိဘဲ မူလအခြေအနေအတိုင်း လက်ရာမပျက် ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာ ထိုနေရာ၌ ရုပ်သံမှတ်တမ်းတင် ကိရိယာများကို တိတ်တဆိတ် တပ်ဆင်ထားခဲ့ခြင်းလည်း ဖြစ်သည်။ ထိုကဲ့သို့သော ရုပ်သံမှတ်တမ်းများကို ပြန်လည်စစ်ဆေးကြည့်ရှုမည့် လူအရေအတွက်မှာ မရှိသလောက် နည်းပါးမည်ဖြစ်ရာ ထို မှတ်တမ်းထဲမှ အစိတ်အပိုင်းအချို့ကို ပြုပြင်မွမ်းမံ၍ ဖြတ်တောက်ပစ်နိုင်သည့် လူအရေအတွက်ဆိုလျှင် ပို၍ပင် နည်းနေမည်ဖြစ်သည်။
ထို ရှာဖွေတွေ့ရှိမှုကြီးကြောင့် ကျိုးရိရှန်မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရသည်။ သူသည် ထို လျှို့ဝှက်အခန်းအား ပစ်မှတ်ထား၍ ရှာဖွေလိုက်ပြီးနောက် ထိုနေ့ညတုန်းက သွေးရောင်မြူခိုးများနှင့် လေပြင်းများမှာ ထိုနေရာတစ်ဝိုက်တွင်လည်း ပေါ်ပေါက်လာခဲ့သည်ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုသက်သေများအားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ ထိုနေ့ညက ဆိုးဆိုးရွားရွား လုပ်ရပ်တစ်ခုကို လုပ်ခဲ့ရမည်ဖြစ်ကြောင်း ကျိုးရိရှန်က ယုံကြည်သွားတော့သည်။ ၎င်းမှာ သွေးရောင်မြူခိုးများနှင့် လေပြင်းများဖြင့် ပတ်သတ်နေလောက်ပေသည်။
ထိုအချိန်တွင် ၎င်းမှာ ကြီးမားသော အမှုကြီးတစ်ခုဖြစ်ကြောင်း ကျိုးရိရှန်က ရိပ်မိသွားသဖြင့် ပို၍ပင် သတိကြီးကြီး ထားခဲ့၏။ သူသည် သူ၏ လျှို့ဝှက်စုံစမ်းစစ်ဆေးမှုများ ထပ်၍ ပြုလုပ်လိုက်ပြီးနောက် ထို ရုပ်သံမှတ်တမ်း၏ ဖြတ်တောက်ခံလိုက်ရသော အပိုင်းကို ပြန်လည်ရှာဖွေလိုက်သည်။ ထို့နောက် သူသည် ထိုနေရာတစ်ဝိုက်ရှိ သူ၏ မိသားစုမျိုးနွယ်စုထဲမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို လှမ်း၍ဆက်သွယ်လိုက်ပြီး ဖြတ်တောက်ခံလိုက်ရသည့် ထို ရုပ်သံမှတ်တမ်းအား အတတ်နိုင်ဆုံး ပြန်ယူပေးရန် တောင်းဆိုလိုက်သည်။ သူသည် ထိုမှတ်တမ်းပါဝင်သော ကျောက်စိမ်းပေလွှာအား ထို ကျွမ်းကျင်ပညာရှင်ထံသို့ တိတ်တဆိတ် ပေးပို့ခဲ့၏။
ထိုမှတ်တမ်းအား ပြန်လည်ရယူရန်မှာ အချိန်အနည်းငယ်ခန့် ကြာမည်ဖြစ်ပါသော်လည်း သူရှာတွေ့ထားသော သက်သေမှာ ခိုင်လုံမှုအပြည့် ရှိနေကြောင်း ကျိုးရိရှန်က ယုံကြည်ထားသည်။ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသောကြောင့် ဝမ်ပေါင်လဲ့၏ ဖြူဆုတ်သွားသော မျက်နှာလေးအား မြင်ရရန် မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်နေတော့သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား ဆင့်ခေါ်လိုက်ရခြင်းဖြစ်သည်။
အကယ်၍ ဝမ်ပေါင်လဲ့မှာ ကြောက်လန့်တကြားဖြင့် အမိန့်ကို ဖီဆန်ရန် ကြိုးစားလိုက်မည်ဆိုပါက ပြီးပြည့်စုံသွားမည်ဖြစ်ကြောင်း သူက တွေးထားခဲ့၏။
သို့ရာတွင် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အမိန့်ဖီဆန်ခြင်းမရှိဘဲ အသာတကြည် လိုက်လာခဲ့သည်မဟုတ်ပါလော။ သို့သော် ယခုတွင်မူ ကျိုးရိရှန်မှာ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာကို မြင်လိုက်ရပြီး သူ ပြောလိုက်သည့်စကားကို ကြားလိုက်ရသောအခါ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် စိတ်လှုပ်ရှားသွားပြီး အူမြူးသွားရတော့သည်။ ထို့ကြောင့် သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လှောင်ပြုံးပြုံး၍ ဆိုလိုက်၏။
” ဝမ်ပေါင်လဲ့။ မင်းက ကောင်းကင်တာအိုကျောင်းမှာတုန်းက စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတွေကို တာဝန်ယူခဲ့ရတာလို့ ငါ ကြားထားတယ်။ ငါတို့လို ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနက လူတွေက …. တခြားလူတွေ ဖုံးကွယ်ထားချင်တဲ့ ကိစ္စတွေကို ပစ်မှတ်ထားပြီးတော့ ရှာဖွေဖို့ တာဝန်ယူထားရတယ်ဆိုတာ မင်း မသိဘူးလား ”
” တကယ်လို့ မင်း အကုန်လုံးကို ဝန်ခံလိုက်မယ်ဆိုရင် ငါတို့ရဲ့ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနက ဝင်ပါစရာ လိုမှာမဟုတ်ဘူး။ ငါ ကြိုပြောထားမယ် ဝမ်ပေါင်လဲ့။ မင်းက ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့တာ။ မင်း ရေငုံနှုတ်ပိတ်ပြီး နေဖို့ ကြိုးစားရင်တောင် ငါက မင်းကို စကားမပြောပြောအောင် လုပ်နိုင်စွမ်းရှိတယ်နော် ”
ကျိုးရိရှန်မှာ မျက်လုံးများမှေးကာ ခြိမ်းခြောက်လိုက်၏။ ထိုအခါ သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု တောက်ပသွားပြီး သူသည် တဖြည်းဖြည်းနှင့် စိတ်လှုပ်ရှားတာတော့သည်။ ထို့နောက် သူသည် စိတ်ထဲတွင်ကျိတ်၍ လှောင်ရယ်နေလိုက်ပြီး ဝမ်ပေါင်လဲ့တစ်ယောက် အရှုပ်ထုပ်ထဲ ရောက်နေရသည့် မြင်ကွင်းကိုကြည့်ရင်း ဟားတိုက်မိနေတော့သည်။
ဝမ်ပေါင်လဲ့ကမူ ကျိုးရိရှန်အား စိုက်ကြည့်လိုက်သောအခါ သူသည် စိတ်လှုပ်ရှားနေကြောင်း ရိပ်မိလိုက်သည်။ ထို့ကြောင့် သူ၏နှလုံးသားထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု ပေါ်လာ၏။ သူ၏အမြင်တွင် ကျိုးရိရှန်မှာ ကိုယ့်သေတွင်းကိုယ် တူးနေသည်သာဖြစ်သည်….
အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲတွင် ဤကိစ္စနှင့် ပတ်သတ်၍ ရှင်းရှင်းလင်းလင်းဖော်ပြထားသည်မဟုတ်ပါလော…. မိမိ အထက်လူကြီး၏ ကိုယ်ရေးကိုယ်တာကိစ္စများကို စုံစမ်းစစ်ဆေးခြင်းမှာ အဆိုးရွားဆုံး အမှားများထဲမှ တစ်ခုပင် ဖြစ်သည်။
” လီဝမ်အာ ဘာတွေများ တွေးနေတာလဲဟ။ ကြည့်ရတာ သူက တခြားကိစ္စတွေနဲ့များ အလုပ်ရှုပ်နေလို့ ဒီအကြောင်းတွေကို မသိလိုက်တာများလား။ ဒါမှမဟုတ် ဒါက စမ်းသပ်မှု တစ်ခုများလား။ စမ်းသပ်ဖို့အထိ လိုလို့လားကွာ…. ကြည့်ရတာ ကျိုးရိရှန်က သူ့နည်းသူ့ဟန်နဲ့ တိတ်တိတ်လေး စုံစမ်းစစ်ဆေးခဲ့ဖို့ များတယ်…. ”
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ရေရွတ်လိုက်၏။ သူသည် ကျိုးရိရှန်တစ်ယောက် မောက်မာဝင့်ကြွားကာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ သက်ပြင်းချမိလိုက်၏။ ထို့နောက် သူသည် အကျပ်ရိုက်ကာ စိုးရိမ်နေသည့်ပုံစံ ဟန်ဆောင်၍ အံကြိတ်လိုက်ပြီး မျက်လုံးများ နီမြန်းသွားအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်ပြန်သည်။
” ငါ ဘာမှ မပြောပြဘူး ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ပြုမူလေလေ ကျိုးရိရှန်မှာ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေတော့သည်။ သူသည် နွေဦးရာသီသို့ ရောက်ရှိသွားပြီး သူ၏ နှလုံးသားထဲ၌ တေးသံလေးများ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် သူသည် မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး ရုတ်တရက်ဆိုသလို ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိသော စားပွဲခုံကြီးအား လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ထိုအခါ ထူးခြားသောပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားသည့် ထို စားပွဲခုံကြီးမှာ အသံအကျယ်ကြီး မြည်သွား၏။ ထို အသံကြီးမှာ နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် ကျယ်လောင်နေပြီး ကြောက်မက်ဖွယ်ရာကောင်းနေ၏။ ထို့နောက် ကျိုးရိရှန်၏ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ကိန်းအောင်းနေသည့် ခြိမ်းခြောက်သံကြီးမှာ အခန်းထဲ၌ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။
” ဝမ်ပေါင်လဲ့။ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနဆီမှာ သံသယရှိတဲ့လူတွေကို စကားပြောအောင် နှိပ်စက်တဲ့ နည်းလမ်း သုံးဆယ့်ခြောက်ခုရှိတယ်နော်။ မင်း ဘယ်နှခုလောက်အထိ တောင့်ခံနိုင်မယ်လို့ထင်လဲ။ ငါ နောက်တစ်ခါ ထပ်မေးမယ်။ မင်း အမှန်အတိုင်းပြောမှာလား ”
ဝမ်ပေါင်လဲ့မှာ ထို နှိပ်စက်မှုအကြောင်းကို ကြားလိုက်ရသောအခါ ချီတုံချတုံ ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် စကားပြောသင့်၊ မပြောသင့် တွေးတောသုံးသပ်နေစဉ်မှာပင် ထိုလျှို့ဝှက်အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားတော့သည်။ ထို့နောက် အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားကြသည့် ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်ခန့်မှာ အသက်မဲ့နေသော မျက်နှာအမူအရာများဖြင့် အခန်းထဲသို့ လျှောက်လှမ်းလာကြ၏။ ထိုအဖွဲ့၏ထိပ်ဆုံးတွင် လီဝမ်အာ ရှိနေ၏။
သူမ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း အေးစက်စက် ဖြစ်နေဆဲပင်။ ထိုသို့ဖြင့် သူမသည် အေးစက်စက်မျက်ဝန်းများဖြင့် သူမ၏ လုံးကြီးပေါက်လှ ခန္ဓာကိုယ်အား ယိမ်းနွဲ့ရင်း အခန်းထဲသို့ ဝင်လာ၏။
ဝမ်ပေါင်လဲ့မှာ လီဝမ်အာကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် သူ၏ လည်ပင်းကို ရှေ့သို့ဆန့်ထုတ်လိုက်၏။ ထိုအခါ သူ၏ လည်ပင်းတစ်ခုလုံး နီမြန်းသွားပြီး သူ၏ နဖူးပေါ်တွင်လည်း သွေးကြောကြီးများ ထောင်မတ်လာတော့သည်။ ထို့နောက် သူသည် သေမင်းကို မျက်နှာချင်း ဆိုင်နေရသကဲ့သို့ အသံကုန် အော်ဟစ်လိုက်တော့သည်။
” ကျိုးရိရှန်။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက အဲ့နေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြောပြမဲ့အစား အသေပဲခံလိုက်မယ် “