သင်္ဘောပျံကြီးမှာ ကောင်းကင်ကြီးကို ထိုးခွင်းသွားပြီး ခဏအကြာတွင် အင်္ဂါဂြိုဟ်စစ်တပ်စခန်းဆီသို့ ရောက်ရှိသွားတော့သည်။ ထိုသင်္ဘောပျံကြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် လင်းတျန်ဟောက်နှင့်အတူ ကယ်တင်ခံခဲ့ရသည့် အခြားကျင့်ကြံသူများအား ဆေးကုသရန် ချက်ချင်းပင် ခေါ်ဆောင်သွားကြ၏။ အင်္ဂါဂြိုဟ်မြို့တော်ဘုရင်ခံနှင့် အခြားသူများမှာ သူတို့အား စောင့်ဆိုင်းနေခဲ့ကြသည်။
ဝမ်ပေါင်လဲ့မှာ လင်းယုံကိုလည်း မြင်လိုက်ရ၏။ သူသည် ယခုလေးတင်မှ ရောက်ရှိလာခြင်း ဖြစ်ရပေမည်။ ထိုသို့သာ မဟုတ်လျှင် သူသည် သွေးဂူဆီသို့ သွားသည့် စစ်ဆင်ရေးထဲတွင် လိုက်ပါလာခဲ့မည်သာ ဖြစ်သည်။ သူသည် သိသိသာသာ ပိန်ကျသွားပါသော်လည်း ဒဏ်ရာ ကြီးကြီးမားမား ရထားခြင်းမရှိသော လင်းတျန်ဟောက်အား မြင်လိုက်ရသောအခါမှသာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်သွားတော့သည်။
သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက သူ၏ခေါင်းပေါ်မှ ဆံပင်ဖြူများမှာ ပို၍များလာပြီဖြစ်ကြောင်း မြင်နိုင်ပေသည်။ ဝမ်ပေါင်လဲ့ သူ့အား ပထမဆုံးအကြိမ် မြင်ခဲ့ရသည့်အချိန်တုန်းကထက် ၎င်းတို့မှာ ပို၍များကာ အထင်းသားပေါ်နေပြီ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့၏ အကြောင်းကြားစာကို လက်ခံရရှိခဲ့သည့် အချိန်တုန်းက ဣန္ဒြေမပျက် တည်ကြည်နေခဲ့သည့်ပုံ ပေါက်နေပါသော်လည်း အမှန်တွင်မူ အလွန်အင်မတန်မှ စိုးထိတ်နေခဲ့ရ၏။ ထိုစဉ်တုန်းက သူ၏ နှလုံးသားထဲ၌ ကွယ်ဝှက်ထားခဲ့ရသည့် ပူပန်ကြောင့်ကြမှုများကို စကားလုံးများနှင့်ပင် ဖော်ပြနိုင်မည်မဟုတ်ပေ။
ထိုသို့သာမဟုတ်ပါက သူသည် ကောင်းကင်မြို့တော်မှ အလွယ်တကူ ထွက်ခွာလာပြီး ခရီးအရှည်ကြီးဖြစ်သော အင်္ဂါဂြိုဟ်အထိ ရောက်ရှိလာခဲ့မည်မဟုတ်ပေ။ သူသည် လွှတ်တော်အမတ်တစ်ယောက်နှင့် မြို့စားတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။
ယခုတွင် လင်းယုံမှာ စိတ်အေးသွားရပြီဖြစ်ရာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါနှင့် အကြာကြီးစိုက်ကြည့်လိုက်၏။ သူသည် စကားအများကြီး ပြောမနေဘဲ ဝမ်ပေါင်လဲ့၏ ပခုံးကိုသာ ပုတ်လိုက်၏။ ထို့နောက် သူသည် လင်းတျန်ဟောက်အား အင်္ဂါဂြိုဟ်စစ်တပ်စခန်းထဲရှိ ဆေးကုသရေးအခန်းထဲ၌ ကုသမှု မခံယူစေဘဲ အခြားတစ်နေရာတွင် ကုသပေးနိုင်ရန်အတွက် သူနှင့်အတူ ခေါ်ဆောင်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါမှ စိတ်အေးသွားရပြီး သက်ပြင်းချလိုက်၏။ သူသည် ငယ်ရွယ်စဉ်ကတည်းက လူများပေါ် အကြွေးတင်ရခြင်းကို လုံးဝမနှစ်သက်ခဲ့ပေ။ လင်းတျန်ဟောက်နှင့် ပတ်သတ်သည့် မရည်ရွယ်ထားဘဲ ပေါ်ပေါက်လာသော ဤ မတော်တဆမှုကြီးကြောင့် ဝမ်ပေါင်လဲ့မှာ အခြားလူတစ်ယောက်အပေါ်၌ လုံးဝ ပြန်ဆပ်နိုင်မည်မဟုတ်သော အကြွေးတစ်ခု တင်သွားတော့မည့်ဆဲဆဲ အခြေအနေအထိ ရောက်သွားခဲ့ရသည်။ ယခုတွင် ထိုပြဿနာအားလုံး ပြေလည်သွားပြီဖြစ်ရာ သူသည် စိတ်အေးသွားရတော့သည်။
ထို့နောက် သူသည် သွေးဂူကြီးထဲတွင် ဖြစ်ပျက်ခဲ့သောအရာများကို ပြန်၍တွေးမိလိုက်၏။ လူပေါင်းများစွာ သေဆုံးသွားခဲ့ရသည် မဟုတ်ပါလော။ အကယ်၍ ဝမ်ပေါင်လဲ့သာ လင်းတျန်ဟောက်အစား အခြားသူတစ်ယောက်ယောက်ကို အရင်ဆုံး ကယ်တင်ခဲ့မည်ဆိုပါက သူတို့မှာ သေဆုံးသွားခဲ့ကြမည် မဟုတ်ပေ။
သို့သော် ထိုကဲ့သို့ သောကိစ္စများနှင့် ပတ်သက်လာလျှင် အမှား အမှန်ဟူ၍ မရှိပေ။ မည်သူမဆို ကိုယ်ပိုင်ဆုံးဖြတ်ချက်များကိုသာ ချမိကြမည်သာ ဖြစ်သည်။
သွေးဂူထဲ၌ ကြုံခဲ့ရသော အဖြစ်အပျက်များကို ဝမ်ပေါင်လဲ့မှာ တစ်သက်စာ မေ့နိုင်တော့မည်မဟုတ်ပေ။ သူသည် သေကြေပျက်စီးမှုများစွာကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည် မဟုတ်ပါလော။ အကယ်၍ ထိုဖြစ်ရပ်ကြီးမှာ အမှောင်ပညာရပ်နှင့် အမှန်တကယ် သက်ဆိုင်နေမည် ဆိုပါက ထိုအမှောင်ပညာရပ်အား မိစ္ဆာဒိဋ္ဌိ လျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခုအဖြစ် မလွဲမသွေ သတ်မှတ်နိုင်ပေသည်။
” သွေးဂူထဲမှာ အဲဒီပညာရပ် ထုတ်ပြခဲ့တဲ့စွမ်းအားက တော်တော်လေးကို ကြီးမားလွန်းနေတာ ”
” လျှို့ဝှက်ဆန်းကြယ်ပညာရပ်တွေနဲ့ ပတ်သက်လာရင် ကောင်းမွန်တဲ့ ပညာရပ်နဲ့ ဆိုးသွမ်းတဲ့ ပညာရပ်ဆိုပြီး ကွဲနေတာ မရှိပါဘူး။ အကောင်းအဆိုးဆိုတာ အဲဒီလျှို့ဝှက်ဆန်းကြယ်ပညာရပ်ကို ကျင်ကြံတဲ့သူက ဘယ်လိုအသုံးပြုသလဲဆိုတဲ့ အချက်ပေါ်မှာပဲ မူတည်တာ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ဆုံးဖြတ်ချက်ချလိုက်၏။ သူသည် ဤဖြစ်ရပ်ကြီးကြောင့် အမှောင်ပညာရပ်အား ဆက်လက်မလေ့ကျင့်တော့ဘဲ ရပ်တန့်ပစ်ရန် စိတ်ကူးမရှိပေ။
သို့သော် မမလေး၏ အကြံပေးချက်နှင့် ယခု ဖြစ်ရပ်ကြီးကြောင့် သူ အမှောင်ပညာရပ်အား လေ့ကျင့်နေသည်ဆိုသည့် အချက်ကို မည်သူ့ကိုမှ အသိပေး၍ မဖြစ်ကြောင်း သူက နားလည်ထားသည်။
သူတို့ ပြန်ရောက်လာသောအခါ ဧရာမသစ်ပင်ကြီးနှင့် ချန်းဖုံးနှင့် အပေါင်းအပါများမှာ ချက်ချင်းပင် ဘုရင်ခံနှင့် အစည်းအဝေးထိုင်လိုက်ကြ၏။ အချို့မှာ ဆေးကုသမှုခံယူရန် ထွက်သွားကြပြီး အချို့မှာမူ အနားယူနေကြ၏။ ဝမ်ပေါင်လဲ့မှာမူ စခန်းအပြင်ဘက်သို့ ထွက်လာပြီးနောက် ကျောင်းသို့ ပြန်ရောက်လာသည်။
ဤကိစ္စကြီးမှာ အင်္ဂါဂြိုဟ်စီမံခန့်ခွဲရေးဌာနအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုတစ်ခု သက်ရောက်စေခဲ့မည် ဖြစ်ပါသော်လည်း အင်္ဂါဂြိုဟ်ပေါ်မှ ကျင့်ကြံသူ အများစုမှာ ထိုဖြစ်ရပ်ကြီးအကြောင်းကို လုံးဝသိရှိထားမည်မဟုတ်ကြောင်း သူက နားလည်ထား၏။ ထို့ကြောင့် သူတို့၏ နေ့စဉ်ဓူဝ ဘဝများမှာ ပြောင်းလဲသွားခြင်းမရှိဘဲ သာမန်အတိုင်းသာ ရှိနေဆဲပင်။
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားရင်း အင်္ဂါဂြိုဟ်၏ ကောင်းကင်ယံထဲ၌ ပေါ်ပေါက်လာသည့် စစ်တပ်သင်္ဘောပျံကြီးများ၏ အရေအတွက်များမှာ တဖြည်းဖြည်းနှင့် များပြားလာ၏။ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနမှာလည်း ထိုနည်းတူပင်။ အင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးအား ထိပ်ဆုံးအဆင့်အထိ ရောက်အောင် မြှင့်တင်ထား၏။
ဝမ်ပေါင်လဲ့မှာ ထိုအချက်များအားလုံးကို သတိထားမိလိုက်၏။ သူသည် ဤကိစ္စကြီးအား ယခုလို လျှို့ဝှက်ထားရသည့် အကြောင်းအရင်းကို နားလည်ပေသည်။ သို့သော် သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် ရာထူးအဆင့်အတန်းတို့မှာ ထိုကဲ့သို့သော ကိစ္စများကို ထဲထဲဝင်ဝင် သိရှိနိုင်ခွင့် ရှိလောက်သည့်အထိ မြင့်မားနေခြင်းမရှိသေးပေ။ လင်းတျန်ဟောက် ပြန်ရောက်လာသောအခါ သူ၏ သံသယအချို့မှာ ရှင်းလင်းသွားရ၏။
” ပေါင်လဲ့။ ငါ မင်းကို တကယ်ကျေးဇူးတင်ပါတယ်ကွာ ”
လင်းတျန်ဟောက်မှာ အားအင်နုံးချည့်နေဆဲ ဖြစ်ပါသော်လည်း သူ၏ အခြေအနေမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာနေပြီ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား သူ၏ အထက်လူကြီးတစ်ယောက်ကဲ့သို့ မဆက်ဆံတော့သလို သူ့ကိုယ်သူလည်း ဝမ်ပေါင်လဲ့၏ လက်အောက်ငယ်သားတစ်ယောက်အဖြစ်သာ ခံယူထားခြင်း မရှိတော့ပေ။ သူ၏ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသော မျက်ဝန်းများထဲတွင် နွေးထွေးမှုများနှင့် ကျေးဇူးတင်နေသည့် အရိပ်အယောင်များ ကိန်းအောင်းနေ၏။
ဝမ်ပေါင်လဲ့မှာ သူ့အား ကယ်တင်ပေးခဲ့သည့်သူဖြစ်ကြောင်းကို သူက ကြားသိထားပြီးဖြစ်သည်။ အကယ်၍ ထိုစဉ်တုန်းက ဝမ်ပေါင်လဲ့သာ သူ့အစား အခြားတစ်ယောက်ယောက်ကို ကယ်တင်ခဲ့မည်ဆိုပါက ယခုတွင် သူသည် ရင်ခွဲရုံထဲမှ ခုံပေါ်တွင် လဲလျောင်းနေပြီး စစ်တပ်၏ ခွဲစိတ်လေ့လာခြင်းကို စောင့်ဆိုင်းနေရသည့် အနေအထားသို့ ရောက်နေလောက်ပြီဖြစ်သည်။
” ငါတို့အားလုံးက မိသားစုတွေပဲကို။ ဘာမှ ကျေးဇူးတင်နေစရာ မလိုပါဘူး။ မင်းက ငါ့ရဲ့ ကိုယ်စား အဲ့အဖွဲ့ထဲကို လိုက်သွားတာလေကွာ။ အဲဒီတော့ ငါကလည်း မင်းကိုကယ်တင်ဖို့အတွက် အစွမ်းကုန်ကြိုးစားရမှာပေါ့ ”
ဝမ်ပေါင်လဲ့က တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်ပြီး လင်းတျန်ဟောက်၏ ပခုံးအား ပုတ်လိုက်၏။
လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏ စကားများကြောင့် စိတ်နှလုံးလှုပ်ရှားသွားရပြီး အသက်ပြင်းပြင်း ရှူမိလိုက်၏။ သူသည် ကျေးဇူးတင်ကြောင်းစကားများကို ဆက်ပြောမနေတော့ပေ။ အချို့သောအရာများမှာ နှလုံးသားထဲ၌ ထာဝရမှတ်မိနေအောင် မှတ်သားထားခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သူ ငယ်စဉ်ကတည်းက သူ၏ဖခင်ဖြစ်သူက သင်ကြားပေးထားသည်။
” ဒါနဲ့ ဒီကိစ္စကြီးက အင်္ဂါဂြိုဟ်ပေါ်က နတ်ဘုရားလက်နက်နဲ့ ပတ်သက်နေတယ်ဆိုပြီးတော့ ငါ့အဖေက မင်းကို ပြောခိုင်းလိုက်သေးတယ်။ တချို့ အကြောင်းအရင်းတွေကြောင့် အဲဒီ နတ်ဘုရားလက်နက်က ဘယ်နေရာမှာ ရှိနေသလဲဆိုတာကိုတော့ သူက ထုတ်ပြောခွင့်မရှိဘူး။ အရင်တုန်းက ဒီနေရာကို စူးစမ်းရှာဖွေဖို့ ပြင်ဆင်ထားခဲ့တဲ့ အစီအစဉ်တွေကို ဖျက်လိုက်ပြီ။ ဒီကိစ္စကြီးကြောင့် အင်္ဂါဂြိုဟ်စီမံခန့်ခွဲရေးဌာနက အင်္ဂါဂြိုဟ် နတ်ဘုရားလက်နက် စီမံကိန်းကို အစကပြန်စဖို့ ဆုံးဖြတ်လိုက်တာ ”
” ဒီစီမံကိန်းအသစ်က အရင်တုန်းက စူးစမ်းရှာဖွေရေး အစီအစဉ်နဲ့တော့ တူမှာမဟုတ်ဘူး။ ပြည်ထောင်စုကြီးနဲ့ တခြား နိုင်ငံရေးအင်အားစုတွေကပါ ပါလာမှာ။ အဲဒီတော့ ပဋိပက္ခတွေနဲ့ တင်းမာမှုတွေ ရှိလာမှာ အသေအချာပဲ။ သိပ်မကြာခင်မှာ မင်း ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းတွေကို ရလိမ့်မယ်လို့ ငါ့အဖေက ပြောတယ်။ တကယ်လို့ မင်း အကူအညီလိုတယ်ဆိုရင် သူ မင်းကို ကူညီနိုင်လောက်တယ် ”
” ဟင် ”
ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်သွားရ၏။ သူသည် လင်းတျန်ဟောက် ပြောလိုက်သောစကားများကို နားမလည်နိုင်လောက်အောင် ဖြစ်နေရသည်။ သူသည် အင်္ဂါဂြိုဟ် နတ်ဘုရားလက်နက်ကြီးအကြောင်းကို သိထားပါသော်လည်း ၎င်းမှာ သူနှင့် လုံးဝသက်ဆိုင်မှုမရှိသည် မဟုတ်ပါလော။ ၎င်းမှာ သူနှင့် သက်ဆိုင်မှု မရှိသည်ဖြစ်ရာ အဘယ့်ကြောင့် သူသည် အကူအညီ လိုအပ်ရပါမည်နည်း။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဝင်စားသွားသဖြင့် မေးခွန်းအချို့ ထပ်မေးလိုက်၏။ သို့သော် လင်းတျန်ဟောက်မှာ အခြားမည်သည့်အသေးစိတ်အချက်အလက်ကိုမှ သိမထားပေ။ သူသည် သူ၏ ဖခင်ဖြစ်သူမှာ ထိုမျှလောက်သာ ပြောပြခဲ့သည်ဖြစ်ပြီး ဝမ်ပေါင်လဲ့အား ပြန်ပြောပေးရန်သာ မှာကြားခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို နောက်မှတွေးရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုသို့ဖြင့် လဝက်တိတိ ကုန်ဆုံးသွား၏။ လင်းတျန်ဟောက်မှာ ရုံးသို့ ပြန်ရောက်လာပြီဖြစ်သည်။ သူသည် ကျောင်း၏ စီမံခန့်ခွဲရေးတာဝန်များကို ပြန်လည်ထမ်းဆောင်နေပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ အနားရသွားတော့သည်။ ထို့ကြောင့် သူသည် အချိန်အများစုအား ကျင့်ကြံခြင်းနှင့် သူ၏ ခံတပ်အတွက်လိုအပ်သော ပုံစံစာရွက်များကို ကြည့်ရှုစစ်ဆေးခြင်းတို့ဖြင့် ကုန်ဆုံးစေခဲ့၏။
ဝမ်ပေါင်လဲ့မှာ အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာ လေ့လာရင်း သူ၏ ပုံစံစာရွက်များကို ပို၍ကောင်းမွန်လာအောင် ကြိုးစားနေ၏။ ထို့ကြောင့် ၎င်းတို့မှာ ပြီးပြည့်စုံလုနီးပါးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ၏ ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များအား သုတေသနပြုနေသည့် လုပ်ငန်းမှာလည်း ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်သည်။
သူသည် အချိန်အများကြီးပေး၍ ထိုရုပ်သေးရုပ်များအား ဖန်တီးခဲ့၏။ ရုပ်သေးရုပ် တစ်ရုပ် ပြီးစီးသွားတိုင်း သူသည် ၎င်းတို့အား ကြည့်ရှုစစ်ဆေးကာ တိုးတက်အောင်လုပ်နိုင်မည့် အစိတ်အပိုင်းများကို ရှာဖွေခဲ့သည်။ ထိုသို့ဖြင့် သူသည် သူ၏ ဒီဇိုင်းပုံစံအား ပိုမိုကောင်းမွန်လာအောင် ပြင်ဆင်လိုက် ရုပ်သေးရုပ်အသစ်များကို ဖန်တီးလိုက် လုပ်နေတော့သည်။
ထိုသို့ဖြင့် လဝက်တိတိ ကုန်ဆုံးသွားပြန်သည်။
ထိုတစ်လအတွင်း ဝမ်ပေါင်လဲ့မှာ ကျင့်ကြံလိုက် တီထွင်ဖန်တီးလိုက်နှင့် အလုပ်ရှုပ်နေခဲ့ပါသော်လည်း မြည်းလေး၏ ထူးဆန်းသော အပြုအမူများကို ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ရ၏။ ၎င်းမှာ မနက်ခင်းစောစောအချိန်တွင် စိတ်လှုပ်တရှားဖြင့် ပြေးထွက်သွားပြီးလျှင် ကျေနပ်နေသည့် မျက်နှာအမူအရာဖြင့် ပြန်ရောက်လာနေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အထူးတဆန်း ဖြစ်နေရပါသော်လည်း ထိုကိစ္စနှင့်ပတ်သတ်၍ အချိန်ကုန်ခံကာ တွေးတောမနေခဲ့ပေ။ ထိုမြည်းလေး စားသုံးခဲ့သည့် အရာများအတွက် လျော်ကြေးလာတောင်းနေသည့်လူ တစ်ယောက်မှ ရှိမနေသည် မဟုတ်ပါလော။ ထို့ကြောင့် ကျောင်းစီမံအုပ်ချုပ်ရေး ယန္တရားကြီးမှာ ချောမွေ့စွာ လည်ပတ်နေတော့သည်။
ထို့ကြောင့် သူသည် ထိုအကြောင်းကို တွေးမနေတော့ပေ။ သို့သော် ထိုမြည်းလေးမှာ စစ်တပ်စခန်းရှိရာ နယ်မြေသုံးဆယ့်ခြောက် အပါအဝင် အခြားနေရာအချို့ဆီသို့ သွားနေခြင်းဖြစ်ကြောင်း သူက သိထား၏။
” မြည်းဖြူလေးကို လက်စားချေဖို့များ သွားရှာတာလား ”
ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ ထိုအတွေးများ ပေါ်လာပါသော်လည်း သူသည် ရှည်ရှည်ဝေးဝေး တွေးတောမနေခဲ့ပေ။ သူသည် သူ၏ ကျင့်ကြံခြင်းပေါ်၌သာ အာရုံစိုက်ထားပြီး ကျန်ရှိနေသော အချိန်များကို ရုပ်သေးရုပ်များ ဖန်တီးခြင်းဖြင့် ကုန်ဆုံးစေခဲ့၏။
ထို့သို့ဖြင့် ဆယ့်နှစ်ရက်ကျော် ကုန်ဆုံးသွားပြန်သည်။ ဝမ်ပေါင်လဲ့မှာ ရုပ်သေးရုပ် ဒါဇင်အနည်းငယ်ခန့် ဖန်တီးပြီးသွားပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် တံခါးပိတ် တရားကျင့်ကြံနေရင်း ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနဆီမှ အကြောင်းကြားစာတစ်စောင်ကို ရရှိလိုက်သည်။
ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနမှာ ဝမ်ပေါင်လဲ့နှင့် စကားပြောရန် သူတို့ဆီသို့ ဖိတ်ခေါ်လိုသောကြောင့် လူတစ်ယောက်ကို စေလွှတ်လိုက်ခြင်းဖြစ်သည်။
အကယ်၍ လီဝမ်အာနှင့် ဂူထဲတွင် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ကြီးမတိုင်ခင်တုန်းကသာ ယခုလိုဖိတ်ခေါ်ခံရမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ စိတ်အနှောင့်အယှက် ဖြစ်သွားမည်သာဖြစ်သည်။ သို့သော် ထိုဖြစ်ရပ်ကြီးပြီးနောက် လပေါင်းများစွာ ကုန်ဆုံးပြီးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနမှ ဤဖိတ်ကြားမှုကို လက်ခံရရှိလိုက်သောအခါ သူ၏စိတ်ကို မထိန်းနိုင်လိုက်ဘဲ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ထွက်ပေါ်လာရတော့သည်။
” ငါ့ကို ထပ်ပြီးတော့ ရှာနေတာလား။ လီဝမ်အာက ငါ့ကို လွမ်းနေတာများလားဟ ”
ဝမ်ပေါင်လဲ့မှာ မျက်တောင်တစ်ဖျတ်ဖျတ် ခပ်မိသွား၏။ သူသည် ချောင်းဟန့်ကာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ကျောင်းမှထွက်ခွာလာပြီး ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနမှ အရာရှိ၏ နောက်မှလိုက်၍ သူတို့၏ ဌာနချုပ်ဆီသို့ သွားလိုက်တော့သည်။
သူ ထိုသို့ ရောက်ရှိသွားသောအခါ လီဝမ်အာနှင့် မတွေ့လိုက်ရဘဲ အခန်းတစ်ခန်းထဲသို့ ရောက်သွားပြီးနောက် သူ၏နောက်မှ တံခါးများမှာ အလုံပိတ်သွား၏။ ထို့နောက် မန္တန်အစီအရင်တစ်ခု ချက်ချင်းပင် ပွင့်သွားကာ ဖိနှိပ်အားတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ပိကျသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ရှုံ့မဲ့သွားကာ သူသည် အပေါက်ပိတ်နေသော တံခါးကြီးအား အေးစက်စက်ကြည့်ကာ အော်မေးလိုက်တော့သည်။
” ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာန။ ဒါ ဘာအဓိပ္ပါယ်လဲကွ ”
” ဘာအဓိပ္ပါယ်လဲ ဟုတ်လား။ ဝမ်ပေါင်လဲ့။ မင်းက ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တာတောင် ဘာဖြစ်နေတာလဲဆိုတာ မသိသေးဘူးလား ”
ဝမ်ပေါင်လဲ့ ထိုသို့မေးလိုက်သည်နှင့် ကျိုးရိရှန်၏ စကားသံမှာ ထိုအခန်းထဲ၌ ထွက်ပေါ်လာ၏။ ထို့နောက် အခန်း၏ တခြားဘက်တွင် တံခါးပေါက်လေးတစ်ခု ပေါ်လာပြီး ပွင့်သွား၏။ ထို့နောက် ကျိုးရိရှန်နှင့်အတူ သူ၏နောက်တွင်ရှိနေသော ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်ခန့် ပေါ်လာတော့သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အထင်သေးသည့်လေသံဖြင့် ဆိုလိုက်၏။
” သူက ငါတို့ပြောတဲ့ အတိုင်းရောက်လာတာ စိတ်မကောင်းစရာပဲ။ ငါတို့က တာဝန်အရ သူ့ကို ဆင့်ခေါ်ခဲ့တာ။ တကယ်လို့ သူ အမိန့်ကို ဖီဆန်ခဲ့တာပဲဖြစ်ဖြစ်၊ အချိန်ဆွဲခဲ့တာပဲဖြစ်ဖြစ် လုပ်ထုံးလုပ်နည်းတွေအရဆိုရင် ငါက သူ့ကို ဖမ်းဆီးဖို့ လူတစ်ယောက် စေလွှတ်လိုက်ရုံပဲ။ အဲဒါဆိုရင် ပိုတောင် လွယ်နေဦးမှာ ”
ကျိုးရိရှန်မှာ အခန်းထဲသို့လျှောက်လှမ်းလာပြီး ဝမ်ပေါင်လဲ့အား အေးစက်စက်စိုက်ကြည့်လိုက်၏။ သူသည် စိတ်ထဲတွင်မူ ကျိတ်၍ သက်ပြင်းချမိနေ၏။ သို့သော် သူ ရရှိထားသောသက်သေများကို ပြန်၍တွေးမိလိုက်သောအခါ သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်အားရသွား၏။ ယခုအကြိမ်တွင်မူ သူသည် ဝမ်ပေါင်လဲ့အား သူမည်မျှအထိ အစွမ်းထက်ကြောင်း သိသွားအောင် ပြသလိုက်မည်ဟု စိတ်ထဲတွင် တေးထား၏။ သူသည် ဝမ်ပေါင်လဲ့အား အရှင်လက်လက် အရေဆုတ်ပြီး အရိုးများ ကျိုးသွားသည်အထိ ရိုက်နှက်ကန်ကျောက်ပစ်ရန် စိတ်ကူးထားသည်။ အကယ်၍ ထိုသို့သာမလုပ်ရပါက သူ့ကိုယ်သူ ကျိုးရိရှန်ဟု ဆက်၍ခေါ်တော့မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန် အခန်းထဲသို့ရောက်လာသည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွား၏။ သူ၏ အကြည့်များမှာ အေးစက်သွားပြီး သူသည် အောက်သို့ထိုင်ချကာ ခေါင်းထဲ၌ မူးနောက်သွားအောင် အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်လိုက်၏။
” ငါ အမှောင်ပညာရပ်ကို လေ့ကျင့်နေတဲ့ ကိစ္စကြောင့်များလား ”
” ဒါပေမဲ့ အဲဒီအကြောင်းကို ဘယ်သူကမှ သိမှာမဟုတ်ဘူးလေ ”
ဝမ်ပေါင်လဲ့မှာ အပြင်ပန်းတွင် ဣန္ဒြေမပျက် တည်ကြည်နေသည့်ပုံစံ ဟန်ဆောင်နေရင်း စိတ်ထဲ၌ ဤအခြေအနေကြီးအား သွေးရူးသွေးတန်းနှင့် ခွဲခြမ်းစိတ်ဖြာ၍ သုံးသပ်နေတော့သည်။ ထိုအချိန်တွင် ကျိုးရိရှန်မှာ သြဇာအာဏာအပြည့်ရှိသောအသံဖြင့် မေးလိုက်သောကြောင့် သူ၏စကားသံမှာ အခန်းထဲ၌ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားတော့သည်။
” ဝမ်ပေါင်လဲ့။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက အင်္ဂါဂြိုဟ်ပေါ်မှ သွေးရောင်မြူခိုးတွေနဲ့ လေပြင်းတွေ ပေါ်လာခဲ့တဲ့ အချိန်တုန်းက စစ်တပ်က မင်းကို လာရှာခဲ့ပေမဲ့ ရှာမတွေ့ခဲ့ဘူး။ မင်း အဲဒီညက ဘယ်နေရာမှာ ရှိနေခဲ့တာလဲ။ ဘာတွေလုပ်နေခဲ့တာလဲ။ ဘယ်သူနဲ့ သွားတွေ့နေခဲ့တာလဲ ”
အမှောင်ပညာရပ်အကြောင်း စဉ်းစားတွေးတောရင်း ခေါင်းရှုပ်နေရသည့် ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ကြက်သေသေသွား၏။ ထို့ကြောင့် သူသည် ခေါင်းမော့လာပြီး သူ့အား အထင်သေးသည့်အကြည့်ဖြင့် ကြည့်နေသော ကျိုးရိရှန်အား စိုက်ကြည့်နေလိုက်တော့သည်။ ထို့နောက် သူသည် မျက်တောင်တဖျတ်ဖျတ် ခပ်ကာ သူ၏မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်သွား၏။ သူသည် သံသယစိတ်များကြောင့် ပူပန်ကြောင့်ကြနေရခြင်း မရှိတော့သလို အမှောင်ပညာရပ်အကြောင်းကိုလည်း တွေးတောမနေတော့ပေ။ သူ၏ ကိုယ်နေဟန်ထားမှာလည်း ပေါ့ပေါ့ပါးပါး ပြန်ဖြစ်သွား၏။ သို့သော် သူသည် သူ၏မျက်နှာအမူအရာကို ချက်ချင်းပင် ပြောင်းလိုက်ပြီး စိုးထိတ်နေသည့် လေသံဖြင့် ပြန်ဖြေလိုက်တော့သည်။
” ငါ မင်းကို ပြောပြလို့မရဘူး “
👍👍👍👍