အပိုင်း(၁၈၉၉):

တိမ်မြူသစ်သား

“အဲဒါဘာလဲ။” ထိုအချိန်တွင် တစ်စုံတစ်ယောက်က ကျွန်း၏ အလယ်ဗဟိုသို့ ကြည့်ကာ မေးလိုက်သည်။ ထိုနေရာတွင် လျှပ်စီးနတ်ဘုရား၏ အဆုံးမဲ့ လျှပ်စီးရောင်ဝါများအောက်တွင် ဖြောင့်တန်းမြင့်မားသော သစ်ပင်ကြီးတစ်ပင် ရှိနေပြီး ခရမ်းရောင်လျှပ်စီးအလင်းများ လင်းလက်နေသည်။ လျှပ်စီးများက ၎င်း၏ အပေါ်သို့ ကျလာသောအခါ ၎င်းက ဝါးမျိုပစ်လိုက်ပေသည်။

“အဲဒါက လျှပ်စီးတိမ်မြူသစ်ပင်ပဲ။” တစ်ယောက်က စူးရှသော မျက်လုံးများဖြင့် ထိုသစ်ပင်ပေါ်ကို မြဲမြံစွာ ကြည့်ရင်း ပြောလိုက်သည်။

“ဟုတ်တယ်။ ဒါပေမယ့် အဲဒါက ပြောင်းလဲသွားပြီ။ သူက တိမ်မြူသစ်သား ဖြစ်သွားခဲ့ပြီလေ။”

“တိမ်မြူသစ်သားလား။” ဆွေးနွေးနေမှုအား ကြားလိုက်ရသည့်အခါ ရီဖူရှင်းက အင်ပါယာဟယ်လျန်နှင့် ပေ့ကုံးအော့ကို မေးခွန်းထုတ်လိုက်သည်။

“အဲဒါက မိုးကြိုးဒြပ်စင်နတ်ရတနာတစ်ခုပဲ။” ပေ့ကုံးအော့က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ဆယ်နှစ်က လျှပ်စီးတိမ်မြူသစ်ပင်က တိမ်မြူသစ်သားအဖြစ်ကို မပြောင်းလဲသေးဘူး။ အခုတော့ ဆယ်နှစ်ဆိုတဲ့ အချိန်တောင် ကုန်သွားပြီဆိုတော့ ပြောင်းလဲသွားပြီးပေါ့။ အခု အဲဒီမှာ ရှိနေတဲ့ တိမ်မြူသစ်သားကို ဘယ်သူရမလဲ သိချင်မိတယ်။”

သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုတို့ ရှိနေ၏။ သိသာစွာပင် သူသည် ထိုသစ်သားကို ရရှိသည့်သူတစ်ယောက် ဖြစ်ချင်နေသည်။

လျှပ်စီးတိမ်မြူသစ်ပင်သည် မိုးကြိုးလျှပ်စီးများမှ ဖြစ်တည်လာသော သစ်ပင်ဖြစ်ပြီး ကြီးထွားရန် အလွန်ခက်ခဲပေသည်။ ၎င်းတို့က မိုး​ကြိုးမဟာလမ်းစဥ်၏ အောက်၌သာ ကြီးထွားရှင်သန်နိုင်ကြပြီး နှစ်ပေါင်းတစ်ရာကြာမြင့်သည့် အချိန်၌သာ တိမ်မြူသစ်သား ဖြစ်လာနိုင်သည်။ ယင်းတို့သည် နှစ်ရာစုတစ်ခုအတွင်း မိုးကြိုးမဟာလမ်းစဥ်စွမ်းအားများနှင့် ပျိုးထောင်မှသာ မိုးကြိုးဒြပ်စင် နတ်ရတနာကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။

တိမ်မြူသစ်သားက အလွန်အဖိုးတန်သည်။ အထူးသဖြင့် မိုးကြိုးဒြပ်စင်စွမ်းအားကို ကျင့်ကြံသောတန်ခိုးရှင်များအတွက် ထိုနတ်ရတနာက မဟာလမ်းစဥ်မိုးကြိုးစွမ်းအားကို ပိုမိုနက်ရှိုင်းစွာ နားလည်လာအောင် ကူညီပေးသည်။ ၎င်းကို တိုက်ပွဲတွင် အသုံးပြုသည့်အခါ ထိပ်တန်းအဆင့် ဝိညာဥ်လက်နက်များနှင့် ယှဥ်၍ ရပေသည်။ ၎င်းသည် ပိုင်ရှင်၏ မဟာလမ်းစဥ်မိုးကြိုးစွမ်းအားကို ပိုကောင်းလာစေပြီး မိုးကြိုးထိန်းချုပ်မှုကို တိုးမြင့်လာစေသည်။

နှစ်ပေါင်းများစွာ ကြီးပြင်းလာသော လျှပ်စီးတိမ်မြူသစ်ပင်မှ တိမ်မြူသစ်သားများစွာ ထုတ်လုပ်နိုင်သည်။ ၎င်းက နှစ်ပေါင်းတစ်သိန်း သက်တမ်းထက်ပင် ပိုနိုင်ပေသည်။

တုံ့လိုင်နတ်ဘုရားအကြီးအကဲသည် လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ကွယ်လွန်ခဲ့သော်လည်း ဤနေရာတွင် သူချန်ရစ်ထားခဲ့သော ခြေရာလက်ရာများ ရှိနေဆဲပင် ဖြစ်သည်။ ဆိုလိုသည်မှာ တုံ့လိုင်နတ်ဘုရားအကြီးအကဲရှိနေစဥ်က မိုးကြိုးစွမ်းရည်အထူးပြု တစ်စုံတစ်ယောက်က ဆေးပညာ လာသင်ယူခဲ့ပြီး အဖိုးအခအနေနှင့် အစွမ်းထက် မိုးကြိုးလက်နက်များ ထုတ်လုပ်နိုင်သည့် ဤသစ်ပင်ကို ပေးခဲ့ခြင်း ​ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ယနေ့တွင် တုံ့လိုင်နတ်ဘုရားအကြီးအကဲက ထိုလက်နက်များကို ကိုယ်တိုင် မပြုလုပ်နိုင်တော့ပေ။

သို့သော်လည်း ကျင့်ကြံသူများအားလုံးက ထို တိမ်မြူသစ်သားကို တပ်မက်မှုများဖြင့် လောင်ကျွမ်းနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့က ထိုအရာကို လက်ဝယ်ပိုင်ဆိုင်ဖို့ မစောင့်နိုင်ကြတော့ပေ။ ထိုပစ္စည်းက သူတို့၏ မျက်လုံးထဲတွင် နဝမဆင့် ဝိညာဥ်ရတနာထက် ပို၍ သာလွန်ပေသည်။

ထိုအချိန်တွင် အများစုက လျှပ်စီးများပြည့်နေသော နေရာသို့ ခြေချလိုက်ကြပြီ ဖြစ်သည်။ သို့သော် လျှပ်စီးစွမ်းအားများက အလွန် ကြောက်မက်ဖွယ် ကောင်းပြီး သူတို့ထဲက အချို့သည် ခြေချလိုက်မိသည်နှင့် သူတို့၏ ခန္ဓာကိုယ်သည် နောက်သို့ ပြန်ကန်ထွက်သွားရပေသည်။ အချို့မှာ မိုးကြိုး၏ လောင်ကျွမ်းမှုကြောင့် မည်းနက်သွားတော့သည်။

ဘုန်း…

ရီဖူရှင်းနှင့် အခြားသူများ ဘေးသို့ တန်ခိုးရှင်တစ်ယောက် လွင့်ထွက်လာပြီး သွေးများအန်တော့သည်။ ထိုသူ၏ ခန္ဓာကိုယ်က အက်ကွဲသွားပုံရကာ သွေးစီးကြောင်းအများအပြားကို မြင်နေရသည်။ သူ၏ မျက်နှာထက်၌ ရှုပ်ထွေးနေသော အကြည့်တို့ ရှိနေခဲ့သည်။

အစွမ်းထက် တန်ခိုးရှင်အများကြီးက ကျွန်းရှေ့တွင် ပေါ်လာပြီး သူတို့ထဲက အများစုမှာ မဟာလမ်းစဥ်မိုးကြိုးစွမ်းအားကို ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ဤနေရာသို့ အပြေးအလွှားလာရောက်ခြင်း ဖြစ်သည်။ မိုးကြိုးစွမ်းအား ကျင့်ကြံခြင်းမရှိသူတို့က ချက်ချင်း ထွက်ခွာသွားကြသည်။ သူတို့က ဤနေရာ၌ အချိန်ဖြုန်းမနေဘဲ ပိုမိုကောင်းမွန်သော အခွင့်အလမ်းတို့ကို ရှယဖွေချင်ကြပေသည်။

ရီဖူရှင်းတို့ အဖွဲ့တွင် ပေ့ကုံးအော့နှင့် ပေ့ကုန်းရွမ်တို့က မိုးကြိုးစွမ်းအားကို ကျင့်ကြံကြသည်။ ထို့ကြောင့် သူတို့က မထွက်သွားလိုကြပေ။ သူတို့သည် တိမ်မြူသစ်သားကို ငေးစိုက်ကြည့်နေကြသော်လည်း ဤနေရာ၌ တန်ခိုးရှင်ပေါင်းများစွာရှိနေရာ ရရှိရန် လွယ်ကူမည် မဟုတ်ပေ။

အချို့သော သူများက တပ်ပြန်ခေါက်သွားသော်လည်း ကျင့်ကြံဆင့်မြင့်မားသူများက ဝင်ရောက်ကြသည်။ သူတို့က လျှပ်စီးစက်ကွင်း၏ အလယ်ဗဟိုသို့ သွား၍ တိမ်မြူသစ်သားအား ယူဆောင်နိုင်ရန် ကြိုးစားအားထုတ်နေကြသည်။

“ဒီလူတွေက ပြီးခဲ့တဲ့ ဆယ်နှစ်က ရောက်ဖူးတဲ့သူတွေ မဟုတ်ဘူး။” ပေ့ကုံးအော့က သူတို့အား ကြည့်ရင်း ပြောလိုက်သည်။

“ဘာလို့ ဒီလိုပြောတာလဲ။” ရီဖူရှင်းက မေးလိုက်သည်။

“ဘယ်သူမှ အထဲမဝင်နိုင်ကြဘူး။” ပေ့ကုံးအော့က ပြောလိုက်သည်။ “ကျွန်းတစ်ခုလုံးကို မဟာလမ်းစဥ် မိုးကြိုးစွမ်းအားနဲ့ ဖုံးလွှမ်းထားတယ်။ ပြီးတော့ တုံ့လိုင်နတ်ဘုရားအကြီးအကဲဆီမှာ ပညာသင်ယူဖို့ လာခဲ့တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စွမ်းအားသိစိတ်လည်း ပါဝင်နေသေးတယ်။ ဘယ်တန်ခိုးရှင်က အဲဒီအဆင့်ပုဂ္ဂိုလ်ရဲ့ စွမ်းအားကို ခံနိုင်မှာလဲ။”

ရီဖူရှင်းက ထိုအချင်းအရာကို နားလည်ပေသည်။ သူက ရှေ့သို့ ကြည့်လိုက်၏။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဤလျှို့ဝှက်ဆန်းကြယ်သော နေရာက ကျင့်ကြံရန် အလွန်သင့်တော်သည်။ တစ်စုံတစ်ယောက်၏ လမ်းစဥ်အား ဖိအားပေးခြင်းမှာ အဓိပ္ပါယ်မဲ့လှသည်။ ထိုတန်ခိုးရှင်များက တိမ်မြူသစ်သားကို မြင်ပြီး သူတို့၏ နှလုံးသားထဲတွင် လောဘများနှင့် လောင်ကျွမ်းနေသည့်အတွက် ထိုအရာကို ချက်ချင်း လိုချင်ကြသည်။

သို့သော်လည်း အစွမ်းထက်ပုဂ္ဂိုလ်​ကြီးတစ်ဦး ထားခဲ့သည့် တိမ်မြူသစ်သားကို လိုချင်ပါက မဟာလမ်းစဥ်စွမ်းအားနှင့် တသားတည်းဖြစ်ရန် လိုအပ်ပေလိမ့်မည်။

ပေ့ကုံးအော့က ရီဖူရှင်းကို တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ကျုပ်ကို ဘာလို့ အဲဒီလိုကြီး ကြည့်နေရတာလဲ။” ရီဖူရှင်းက မေးလိုက်သည်။ သူက လူတွေထံမှ ထိုအကြည့်မျိုးနှင့် မကြာခဏ အကြည့်ခံရဖူးသည့်အတွက် ပေ့ကုံးအော့၏ အကြည့်ကို စိတ်မခုပေ။ သို့သော်လည်း ပေ့ကုံးအော့ သူ့ကို ကြည့်သည့် အကြည့်က အနည်းငယ် ထူးဆန်းသည်ဟု ခံစားရပေသည်။

“ဘာလို့မကြိုးစားကြည့်တာလဲ။” ပေ့ကုံးအော့က မေးလိုက်သည်။ ရီဖူရှင်းသည် ရုပ်တု၏ သဏ္ဌာန်အမှန်ကိုလည်း ဖွဲ့တည်စေခဲ့သည်။ မကြာသေးခင်က သူသည် ပန်းသစ်ပင်၏ အပြုအမူက ရီဖူရှင်းကြောင့် ဖြစ်လာသည်ဟု သူ ထင်မိပေသည်။ ထို့ကြောင့် မဟာလမ်းစဥ်မိုးကြိုးစွမ်းအားက သူ့အတွက် အန္တရာယ်မဖြစ်သင့်ပေ။

“ကောင်းပြီလေ။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူသည်လည်း ထိုသို့ တွေးမိပေသည်။ တိမ်မြူသစ်သားက ထိုမျှ အဖိုးတန်ပေရာ သူက ပေ့ကုံးအော့အား ကူညီ၍ ယူပေးလိုက်လျှင် ပေ့ကုံးအော့၏ ကျင့်ကြံခြင်းကို ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။ သူက ကျင့်ကြံဆင့်ကို နောက်တစ်ဆင့် တက်သွားသည်ပင် ဖြစ်နိုင်သည်။

သူတို့နှင့် မနီးမဝေးတွင် အခြားသော တန်ခိုးရှင်များကလည်း စတင်ကြိုးစားနေကြသည်။ ထိုလူများကြားတွင် ရီဖူရှင်းနှင့် အခြားသူများကဲ့သို့ သူများလည်း ရှိသည်။ သူတို့သည် အဓိကနယ်မြေရှိ သင်ကြားရေးအင်အားစုများမှ လာကြခြင်း ဖြစ်သည်။

ရီဖူရှင်းက ရှေ့သို့ ကြည့်လိုက်ပြီး သူ့မျက်လုံးများက အလွန် တောက်ပလာသည်။ ယင်းတို့ထဲတွင် မဟာလမ်းစဥ် စွမ်းအားများ စီးဆင်းနေသည်။ သူ့မျက်လုံးများထဲတွင် အရာအားလုံးက အလွန်ရှင်းလင်းလာသည်ကို ခံစားမိသည်။

ထိုအချိန်၌ ရီဖူရှင်းသည် မတူညီသော လောကနှစ်ခုကို မြင်လာရသလို ခံစားမိပေသည်။

သူသည် မုန်တိုင်းထန်သောပင်လယ်ကဲ့သို့ အလွန်အစွမ်းထက်သည့် မိုးကြိုးနတ်ဘုရား၏ ပြစ်ဒဏ်စွမ်းအားကို ခံစားမိလိုက်သည်။ သူက ညည်းညူကာ နောက်သို့ ဆုတ်လိုက်သည်။ မိုးကြိုးစွမ်းအားက သူ့အနီးတွင် ရစ်သိုင်းနေပြီး သူ့မျက်နှာက ဖြူဖျော့သွားသည်။

“အရမ်းအားကောင်းတယ်။” ရီဖူရှင်းက ပြောလိုက်သည်။ ထိုအစွမ်းထက်ပုဂ္ဂိုလ် ချန်ရစ်ခဲ့သော မဟာလမ်းစဥ် စွမ်းအားက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။  သူက အပြည့်အဝ မစူးစမ်းရသေးခင်မှာပင် သူ၏ စိတ်အာရုံတို့က လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရပေသည်။

“အိမ်တော်သခင်” သူ့ဘေးမှ ပေ့ကုံးအော့က ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှေ့သို့ ခြေလှမ်းလာသည်။ သူက ရီဖူရှင်းထံ၌ ပြဿနာတစ်ခုခု ဖြစ်ပေါ်လာမည်ကို စိတ်ပူနေသည်။ ဤကဲ့သို့ ယခင်က မည်သည့်အခါမှ မဖြစ်ဖူးပေ။

“ကျုပ် အဆင်ပြေတယ်။” ရီဖူရှင်းက ပြောလိုက်ပြီး ပေ့ကုံးအော့ကို နောက်ပြန်ဆုတ်ရန် အချက်ပြလိုက်သည်။ ယင်းက သာမန်ပင် ဖြစ်သည်။ ဤကဲ့သို့ အခြေအနေကို သူ သတိမမူမိသည့် အကြောင်းပြချက်မှာ ပန်းသစ်ပင်က သူ့အား မတိုက်ခိုက်ဘဲ မဟာလမ်းစဥ်စွမ်းအားကို စူးစမ်း၍ ၎င်း၏ စွမ်းအားကို စုပ်ယူခဲ့သောကြောင့် ဖြစ်သည်။

သူက ရှေ့ကို ခြေလှမ်းလိုက်ပြီး ကျောက်ထရံသို့ တစ်ဖန် ထပ်လျှောက်လိုက်သည်။ သူ့ဘေးမှ လူတိုင်းက သူ့ကို သရော်ဟန်နှင့် ကြည့်လိုက်ကြသည်။ သူက တစ်ချက်ကလေးမှပင် ခံနိုင်ရည်စွမ်းမရှိသည်လား။

“အိမ်တော်သခင်လား။” တစ်ယောက်က ရေရွတ်လိုက်သည်။ ထိုမျှငယ်ရွယ်သော အိမ်တော်သခင်ကို မြင်ရခဲပေသည်။ ထိုသူက ရီဖူရှင်းအား သတိပေးလိုက်သည်။ “မင်းက ဘိုးဘေးတွေရဲ့ ဆန္ဒကို လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ လုံလောက်တဲ့ ကျင့်ကြံဆင့်မရှိရင် မကြိုးစားသင့်ဘူး။ သတိထားဦး.. မဟုတ်ရင် မင်း ဒဏ်ရာရလိမ့်မယ်။”

ရီဖူရှင်းက ပြန်လှည့်ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။ “ကျုပ်ကြောင့် စိတ်အနှောက်အယှက် အဖြစ်မခံပါနဲ့။”

ထိုသို့ပြောရင်း သူက ယခင်အခြေအနေသို့ တဖန်ဝင်ရောက်သွားသည်။ တခဏအတွင်းတွင် သူ့ရှေ့မှ ပုံရိပ်များက သူ၏ မြင်ကွင်းထဲတွင် ပြောင်းလဲလာ၏။ သူသည် လေထဲ၌ ရပ်နေသော နှိုင်းယှဥ်မရအောင် ကြောက်မက်ဖွယ် မိုးကြိုးနတ်ဘုရားတစ်ပါး၏ ပုံရိပ်ကို မြင်တွေ့ရသည်။ ၎င်းက သူ၏ လက်ကို ဆန့်ထုတ်ကာ ထိုနေရာအတွင်းရှိ စစ်မှန်သော မိုးကြိုးစွမ်းအားများကို ဆွဲယူကာ အောက်သို့ ပို့ဆောင်လိုက်သည်။

ချက်ချင်းပင် ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားများ ဖြစ်ပေါ်လာပြီး အရာအားလုံးကို ဖျက်ဆီးလိုက်သည်။ မိုးကြိုးလှိုင်းများက မဟာလမ်းစဥ်၏ စည်းချက်နှင့် လိုက်ပါရောယှက်နေသည်။ ယင်းတို့သည် အလွန် နက်နဲသိမ်မွေ့ပြီး ရှုပ်ထွေးလှသည်။

ရီဖူရှင်းသည် ရုတ်တရက် ထိုနေရာ၌ ချန်ရစ်ခဲ့သော အရာမှာ မိုးကြိုးစွမ်းရည်ဥပဒေသတစ်မျိုး ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထိုသည်က အလဲအလှယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပုံရသည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲထံမှ ပညာလာရောက်သင်ယူသော ထိုပုဂ္ဂိုလ်က အလဲအလှယ်အနေနှင့် တစ်ခုခု ထားခဲ့ရန် လိုအပ်ခဲ့သည်။

ရီဖူရှင်းက ၎င်းကို သတိပြုမိသည်နှင့် သူ၏ နတ်အာရုံသိစိတ်က ထိုးထွက်သွားပြီး လိုက်ဖက်ညီသော စိတ်စွမ်းအားများအဖြစ်ပြောင်းလဲသွားသည်။  တဖြေးဖြေးနှင့် သူသည် မိုးကြိုးတိုက်ခိုက်မှုကို ပို၍ ရှင်းလင်းစွာ ခံစားမိလာပေသည်။

“စီနီယာ” ရီဖူရှင်းက ပေ့ကုံးအော့ကို ပြောလိုက်သည်။ သူ၏ နတ်အာရုံသိစိတ် အလင်းတန်းက သူ့စိတ်ထဲမှ ထိုးထွက်ကာ ပေ့ကုံးအော့နှင့် တသားတည်း ဖြစ်သွားသည်။

ပေ့ကုံးအော့သည် ရီဖူရှင်းက သူ့အား ကူညီနေသည်ကို သိသော်လည်း ရီဖူရှင်းက နားလည်သဘောပေါက်မှုများကို သူ့အားလွှဲပြောင်းပေးလိုက်သည့်အခါ သူက ပြင်းပြင်းထန်ထန် တုန်လှုပ်စွာ ခံစားလိုက်ရသည်။ သူက ညည်းတွားလိုက်ပြီး ပါးစပ်မှ သွေးတို့ စီးကျလာသည်။ သို့သော်လည်း သူက လက်မလျှော့ပေ။ ရှေ့သို့​ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူသည် လှုံ့ဆော်ခံရခြင်းကြောင့် ပြိုလဲကျတော့မလိုပင် ထင်မှတ်ရသည်။

သူက မဟာလမ်းစဥ်မိုးကြိုးစွမ်းအားကို ကျင့်ကြံသော တန်ခိုးရှင်တစ်ဦးဖြစ်ကာ မိုးကြိုးလမ်းစဥ်ကို နက်ရှိုင်းစွာ သဘောပေါက်နားလည်ထားသည်။ သို့သော် ရီဖူရှင်းက ထိုသို့ လုပ်ဆောင်ပေးသည့်အခါ သူက ရုတ်တရက် ကောင်းကင်၌ နေကို တွေ့လိုက်ရသကဲ့သို့ အရာရာတိုင်းက ရှင်းလင်းပြတ်သားလာသည်။

ပေ့ကုံးအော့က ​ရှေ့သို့ဆက်ကာ မိုးကြိုးများရှိနေရာ စက်ကွင်းအတွင်းသို့ ဝင်ရောက်သွားသည်။ ဤမြင်ကွင်းမှာ ပေ့ကုန်းရွမ်ကို စိုးရိမ်စိတ်ဝင်လာစေပြီး သူမက အဖေဖြစ်သူ မတော်တဆတစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်နေသည်။

“ဟင်…”

လူတိုင်းက အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ပေ့ကုံးအော့သည် အတွင်းသို့ ဝင်သွားနိုင်သည့်အတွက် သူတို့အားလုံးက ခြိမ်းခြောက်မှုကို ခံစားလိုက်ကြရသည်။ ပေ့ကုံးအော့သည် ရီဖူရှင်းထက် အဆင့်မြင့်မားသော သတ္တမဆင့် နတ်ဝင်ရိုးနှင့် အထက်ဆင့်ရန်ဟောင်တစ်ပါး ဖြစ်လေသည်။

အင်ပါယာဟယ်လျန်က ထိုမြင်ကွင်းကို ကြည့်ပြီးနောက် သူ့ဘေးမှ ရီဖူရှင်းကို ​ကြည့်လိုက်သည်။ ရီဖူရှင်းက ပေ့ကုံးအော့ကို လှုပ်ရှားဖို့ရာ တစ်ဆင့်ချင်း လမ်းညွှန်ပေးနေသကဲ့သို့ သူ ခံစားမိပေသည်။

ဤတစ်ကြိမ်၌ ပေ့ကုံးအော့က အမှန်တကယ်ပင် တိမ်မြူသစ်သားကို ရလာနိုင်မည်လား။

ထိုသို့ တွေးလိုက်မိသည့်အခါ အင်ပါယာဟယ်လျန်က စိတ်လှုပ်ရှားသွားသည်။ သူက ရီဖူရှင်းကို တုံ့ယွမ်အိမ်တော်သခင်နေရာအား တာဝန်ယူရန် တိုက်တွန်းခဲ့သောအခါ၌ပင် ဤသို့ ဖြစ်ပျက်လိမ့်မည်ဟု မည်သည့်အခါကမှ မတွေးထားခဲ့ဖူးပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset