Switch Mode

အပိုင်း(၁၈၉၅):

ပန်းသစ်ပင်

ထိုအချိန်တွင် အရှေ့နတ်ဘုရားဂိတ်အတွင်းမှ  အလွန်သိမ်မွေ့သော အရှိန်အဝါတို့ ထွက်ပေါ်လာပြီး အပြင်သို့ လျှောက်ထွက်လာသော ပုံသဏ္ဌာန်များကို မြင်လိုက်ရသည်။ သူတို့က လေထုကို ဖြတ်ကာ ပေါ်ပေါက်လာ၏။ ထိုအဖွဲ့၏ ခေါင်းဆောင်မှာ သက်လတ်ပိုင်းအလှလေးတစ်ယောက် ဖြစ်သည်။ သူမကို က်က္သေရရွိ၊ တင့်တယ်လှပသော အရှိန်အဝါတို့ လွှမ်းခြုံထားပြီး သူမထံ၌ တည်ငြိမ်သော ဆွဲဆောင်မှုတို့ ရှိပေသည်။ သူမသည် အေးစက်၍ မောက်မာသော ခံစားချက်မျိုးကို ပေးပြီး လွယ်လွယ်နှင့် ချဉ်းကပ်မရနိုင်သော ပုံစံမျိုးဖြစ်ပေသည်။ သူမ၏ အသွင်အပြင်က လူအုပ်ထဲမှ ကွဲထွက်နေပေသည်။ သူမသည် ပိုင်မုထက်ပို၍ ထူးခြားကာ လှပပုံပေါ်ပေသည်။

သူမက ရှေ့မှ လူအုပ်ကြီးကို ကြည့်ကာ ကြေငြာလိုက်သည်။ “ဆယ်နှစ်ကြာခဲ့ပြီ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက လူတိုင်းကို ကြိုဆိုပါတယ်။ ကျွန်းစုပေါ်မှာ ရှင်တို့ရဲ့ မဟာလမ်းစဥ်ကို အထောက်အကူပြုမယ့် အရာတွေအများကြီး ရှိတယ်။ ဒီလိုအခွင့်အရေးမျိုးကို ရရှိအောင် စွမ်းဆောင်နိုင်ရင် ရှင်တို့အနေနဲ့ ကျွန်းကနေ ထွက်ခွာတဲ့အခါ ရရှိတဲ့အရာတွေကို သိမ်းဆည်းယူသွားလို့ရတယ်။ အခု အရှေ့နတ်ဘုရားတံဆိပ် ရှိတဲ့ လူတွေအားလုံး ကျွန်းကို ဝင်လို့ရပြီ။”

သူမ ပြောပြီးသွားသည်နှင့် အားကောင်းသော လေဟာနယ်လေပွေလှိုင်းတို့က အရှေ့နတ်ဘုရားဂိတ်မှ ထွက်ပေါ်လာသည်။ တန်ခိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ခြေလှမ်းကာ ထွက်သွားကြသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ နတ်မိမယ်များသည် ဂိတ်တံခါးအနီးတွင် စောင့်ကြပ်နေပြီး သူတို့အား စောင့်ကြိုနေသည်။ သူတို့က အရှေ့နတ်ဘုရားတံဆိပ်ကို ထုတ်လိုက်ကြပြီး သူတို့၏ လူများကို ကျွန်းပေါ်သို့ ခေါ်ဆောင်သွားကြသည်။

“သွားစို့” ချက်ချင်းပင် တန်ခိုးရှင်များက ရှေ့သို့ လှမ်းလိုက်ကြပြီး သူတို့၏ အရှေ့နတ်ဘုရားတံဆိပ်ကို စောင့်ကြပ်နေသော နတ်မိမယ်များထံ ပေးအပ်လိုက်ပြီးနောက် အရှေ့နတ်ဘုရားဂိတ်မှ ဖြတ်သန်းကာ ပျောက်ကွယ်သွားတော့သည်။

အရှေ့နတ်ဘုရားဂိတ်၏ ကြီးမားကျယ်ပြန့်ပြီး စောင့်ကြပ်ပေးနေသော နတ်မိမယ်ဦးရေကလည်း များပြားလှသည့်အတွက် လူတိုင်းက အလွန် လျင်မြန်စွာ လှုပ်ရှားနိုင်ကြပေသည်။ ထို့ကြောင့် တစ်ချိန်တည်းမှာပင် လူအရေအတွက်များစွာက ဂိတ်တံခါးကို ဖြတ်သန်းနိုင်ကြသည်။ တန်ခိုးရှင်အများအပြားက ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်သွားရာ ထိုနေရာတဝိုက်တွင် စီးဆင်းနေသော စွမ်းအားအရှိန်အဝါတို့က တမဟုတ်ချင်း လျော့ကျသွားပေသည်။

“သွားကြမယ်။” ရီဖူရှင်းက ပြောလိုက်သည်။ သူ၏ စကားတို့်အား ကြားလိုက်ရသည့်အခါ ရီဖူရှင်းနှင့် သူတို့အဖွဲ့က နေရာမှ ထွက်ခွာ၍ ရှေ့သို့ လှမ်းလိုက်ကြသည်။ သူတို့က ပိုင်မုရှိရာသို့ လျှောက်သွားပြီး အရှေ့နတ်ဘုရားတံဆိပ်ကို ထုတ်ယူကာ သူမ လက်ထဲကို အပ်လိုက်သည်။

ပိုင်မုက ရီဖူရှင်းနှင့် သူ့လူများကို ကြည့်လိုက်၏။ “ဂရုစိုက်ပါ။”

“ကျေးဇူးပါ.. နတ်မိမယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူက လူဆယ်ယောက်ကို ခေါ်ကာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်သွားတော့သည်။

သူတို့ ဝင်ရောက်သွားပြီးနောက် ကျွင်းချိုးယွင်နှင့် လူအများကြီးက ထိုအနီးအနားတွင် ရပ်နေသည်ကို သတိပြုမိလိုက်သည်။ ကျွင်းချိုးယွင်၏ အဖွဲ့က အလွန် အားကောင်းသန်မာပုံရပြီး ထိုအစွမ်းထက်တန်ခိုးရှင်များအဖွဲ့သည် စစ်တပ်အသေးစားလေးကဲ့သို့ ထင်မှတ်ရပေသည်။

သူက ပိုင်မုရပ်နေရာသို့ ကြည့်လိုက်ပြီးနောက် ထိုနေရာသို့ လျှောက်သွားလိုက်သည်။ သူနှင့် သူ့ဘေးမှလူများက အရှေ့နတ်ဘုရားတံဆိပ်များကို တစ်ချိန်တည်း ထုတ်ယူလိုက်သည်။ ချက်ချင်းပင် လူရာချီသည့် အားကောင်းလှသော အုပ်စုကြီးက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွင်းသို့ ဝင်ရောက်သွားတော့သည်။

“နတ်မိမယ်.. ကျုပ်တို့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ပြန်တွေ့ကြမယ်။” ကျွင်းချိုးယွင်က ပိုင်မုအား အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။

ပိုင်မုက သူ့ကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။ “အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ထပ်တွေ့ဖို့ စောင့်နေပါ့မယ်။”

“ကျုပ်တို့ သေချာပေါက်တွေ့မှာပါ။” ကျွင်းချိုးယွင်က အတည်ပေါက်ပြောလိုက်သည်။ ထို့နောက် သူက အရှေ့နတ်ဘုရားဂိတ်သို့ သူ၏ ခြွေရံသင်းပင်းများနှင့်အတူ ဝင်ရောက်သွားလေသည်။ ထိုသို့ကြီးမားသော အဖွဲ့ကြီး ဂိတ်အတွင်း ဝင်ရောက်သွားသည့် မြင်ကွင်းမှာ အလွန်ထည်ဝါလှပေသည်။

သူ ဝင်ရောက်သွားပြီးနောက် ပိုင်မုက ထိုသူ၏ နောက်ကျောကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ရီဖူရှင်းနှင့် ကျွင်းချိုးယွင်ကြားမှ ပဋိပက္ခကို နားလည်သဘောပေါက်ထားပြီး သူမသည်လည်း ကျွင်းချိုးယွင်ကို ဆန့်ကျင်ခဲ့ပြီး ဖြစ်သည်။ သူမက ကျွင်းချိုးယွင်အား ရီဖူရှင်းကို လွှတ်ပေးပါရန် တောင်းဆိုခဲ့ပြီး ကျွင်းချိုးယွင်က ထိုကိစ္စကြောင့် သူမအပေါ် တေးမှတ်ထားသည့်ပုံရပေသည်။ သို့သော်လည်း သူက ရီဖူရှင်းအား လွှတ်ပေးရန် ဆန္ဒမရှိရာ အငြိုးအတေးထားရှိမည်မှာ အသေအချာပင် ဖြစ်သည်။

ယခု သူက သူမနှင့် ပတ်သတ်ပြီး အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့သည်။

သို့သော်လည်း သူမက ထိုကိစ္စနှင့်ပတ်သတ်၍ ဂရုစိုက်ခြင်းမရှိပေ။ သူမနောက်တွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတစ်ခုလုံး ကျောထောက်နောက်ခံအဖြစ် ရှိနေပေသည်။ ကျွင်းချိုးယွင်က ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးကလန်တစ်ခု၏ လူတစ်ယောက် ဖြစ်လျှင်ပင် သူမအား မည်သို့မှ ပြုလုပ်နိုင်မည် မဟုတ်ပေ။

ကျွန်းစုတွင်းသို့ ဝင်ရောက်ရာတွင် ကျွင်းချိုးယွင်၏ နောက်မှ တန်ခိုးရှင်အမြောက်အမြား လိုက်ပါသွားကြသည်။ အပြင်ဘက်ရှိ လူများက အဆက်မပြတ် လျော့နည်းလာသည်။ မကြာခင်မှာပင် ကျွန်းအတွင်းသို့ ဝင်ရောက်မည့် လူများက ဂိတ်ကို ဖြတ်ကာ ဝင်ရောက်သွားကြပြီး  အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ခွင့်မရှိသူများက အပြင်ဘက်၌ စောင့်ကြပ်ရင်း ကျန်ရစ်ခဲ့ပေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ နတ်မိမယ်များက တဖြေးဖြေး စိတ်အေးလက်အေး ရှိလာကြသည်။ တစ်ယောက်က ငင်သာစွာ ပြောဆိုလိုက်၏။ “ဘယ်သူက ပန်းသစ်ပင်ကို ပွင့်အောင် လုပ်နိုင်မလဲ သိချင်မိတယ်။”

နောက်တစ်ယောက်က လှပသော သက်လတ်ပိုင်း အမျိုးသမီးကြီးကို ကြည့်ကာ မေးလိုက်သည်။ “ဆရာ.. ကျွန်မတို့ တစ်ချက်လောက် သွားကြည့်လို့ရမလား။”

အမျိုးသမီးကြီးက အပြင်ဘက်မှ အခြေအနေကို တစ်ချက်ကြည့်ပြီးနောက် ပေါ့ပါးစွာ ခေါင်းညိတ်ပြလိုက်သည်။ “အပြင်ဘက်မှာ စောင့်ဖို့ လူနည်းနည်းနေခဲ့ပြီး ကျန်တဲ့လူတွေ သွားလို့ရတယ်။”

“ဟုတ်ကဲ့” လူတိုင်းက ပြုံးကာ ခေါင်းညိတ်လိုက်ပြီးနောက် အရှေ့နတ်ဘုရားဂိတ်သို့ ဝင်သွားခဲ့လေသည်။

ရီဖူရှင်းနှင့် သူ့လူများက အရှေ့နတ်ဘုရားဂိတ်သို့ ဝင်ရောက်သွားပြီးနောက် သူတို့က နတ်ဘုရားတို့၏ ဌာနေသို့ ရောက်သွားသလို ခံစားလိုက်ကြရပေသည်။ နတ်အရှိန်အဝါတို့က ထိုဝန်းကျင်တွင် ရစ်သိုင်းနေပြီး ကောင်းကင်က မိုးပြာရောင်လွင်နေကာ မဟာလမ်းစဥ်ပင်လယ်က ကြည်လင်၍ ခြောက်ပြစ်ကင်းသဲလဲစင်ပေသည်။ ပင်လယ်၏ မျက်နှာပြင်တွင် ကျွန်းစုလေးများ အများအပြားရှိနေသည်ကို မြင်နိုင်ပေသည်။

လူအုပ်ကြီး၏ ရှေ့တည့်တည့်တွင် ကျွန်းတစ်ခု ရှိနေသည်။ သို့သော်လည်း ကျွန်းပေါ်တွင် မည်သူမှ ရှိမနေဘဲ သစ်ပင်တစ်ပင်သာ ရှိပေသည်။

ကျွန်းတစ်ကျွန်း သစ်ပင်တစ်ပင်။ ကျွန်းတစ်ခုလုံးတွင် ဤသစ်ပင်တစ်ပင်သာ ရှိနေပြီး ၎င်းက မြင့်မားသော ရှေးဟောင်းသစ်ပင် အစစ်အမှန် ဖြစ်ပေသည်။ သစ်ခက်တစ်ခက်က လမ်းတစ်လမ်းကဲ့သို့ ကြီးမားကျယ်ပြန့်ပြီး သစ်ရွက်တစ်ရွက်၏ အောက်တွင် လူအချို့ ကောင်းကောင်းခိုနားနိုင်ပေသည်။ ဤသစ်ပင်က မည်မျှ ကြီးမားသည်ကို တွေးကြည့်နိုင်ပေသည်။

ထို မြင့်မားသော ရှေးဟောင်းသစ်ပင်ပေါ်တွင် မရေတွက်နိုင်သော ပန်းပွင့်များ ရှိနေကြသည်။ ၎င်းမှာ နှိုင်းယှဥ်၍ မရသော ခမ်းနားကြီးကျယ်သော မြင်ကွင်းကို ဖြစ်ပေါ်စေပေသည်။

ပန်းသစ်ပင်ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တန်ခိုးရှင်များက မဟာလမ်းစဥ်ပန်းပွင့်များဟု ခေါ်ကြသည်။

ပန်းပွင့်များသည် မဟာလမ်းစဥ်မှ အာဟာရ ရရှိရန်အတွက် တိုက်ခိုက်ကြပြီး ယင်းတို့က မဟာလမ်းစဥ်အတွက် ပွင့်လန်းကြသည်။

ထိုအခိုက်အတန့်တွင် လူအများက ရှေ့သို့ သွားရန် ဆွေးနွေးကြပြီး သစ်ပင်ရှိရာသို့ ခြေလှမ်းလိုက်ကြသည်။ လူအနည်းငယ်က ပန်းသစ်ပင်၏ ရှေ့တွင် ပြင်းထန်သော မဟာလမ်းစဥ် အရှိန်အဝါတို့ကို ထုတ်လွှတ်လာကြသည်။

ပန်းသစ်ပင်သည် မဟာလမ်းစဥ်အတွက် ရှင်သန်နေသည်ဖြစ်သောကြောင့် တန်ခိုးရှင်များထံမှ မဟာလမ်းစဥ်ကို ခံစားမိကြပေသည်။

“အဲဒီတော့ ဒါက ဒဏ္ဍာရီပန်းသစ်ပင်ပေါ့လေ။” ရီဖူရှင်းဘေးမှ ဟယ်လျန်ယိုက ပြောလိုက်သည်။ သူမက နောက်ဆုံးအကြိမ်တွင် မရောက်ခဲ့သောကြောင့် ဤသည်မှာ သူမအတွက် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့  လာရောက်ခြင်းမှာ ပထမဆုံးဖြစ်ပြီး ပန်းသစ်ပင်ကို မြင်ဖူးသည်မှာလည်း ပထမဆုံး ဖြစ်လေသည်။

“အင်း” အင်ပါယာဟယ်လျန်က ခေါင်းညိတ်လိုက်သည်။

“ဒဏ္ဍာရီတွေက ပြောကြတာတော့ ပန်းသစ်ပင်က မဟာလမ်းစဥ်အတွက် ပွင့်လန်းနေတာတဲ့။ ဒီပန်းသစ်ပင်ပေါ်မှာ ပန်းပွင့်ပေါင်း တစ်သိန်းနဲ့ ရှစ်ထောင် ရှိတယ်။ ပြီးတော့ အဲဒီပန်းပွင့်တွေက တန်ခိုးရှင်တွေရဲ့ မဟာလမ်းစဥ်ကျွမ်းကျင်ပိုင်နိုင်မှု အလားအလာကို ဆုံးဖြတ်ပေးနိုင်တယ်။ မတူညီတဲ့လူတွေက ပန်းပွင့်တွေဆီက မတူညီတဲ့ တုံ့ပြန်မှုတွေကို ရရှိကြတယ်။” ဟယ်လျန်ယိုက တိုးသက်စွာ ပြောလိုက်သည်။ သူမက ကြိုးစားကြည့်ချင်နေသည်။

“ဒါက အဲဒီလောက် အံ့အားသင့်ဖို့ ကောင်းတယ်လား” ရီဖူရှင်းက အတော်လေး သိချင်သွားသည်။ သူက ရှေ့သို့ ကြည့်လိုက်၏။ ပန်းသစ်ပင်ထံ လျှောက်သွားနေသော တန်ခိုးရှင်များရှိရာဘက်တွင် ပန်းပွင့်များ ပွင့်လန်းနေပြီး ဖြစ်သည်။ ထိုပန်းပွင့်အရေအတွက်က မများသော်လည်း ထိုပန်းပွင့်များက လှပစွာ ပွင့်လန်းနေဆဲ ဖြစ်လေသည်။

“အင်း” ပေ့ကုံးအော့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ပန်းသစ်ပင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအကြာက အရင် ကျွန်းသခင် တုံ့လိုင်နတ်ဘုရားအကြီးအကဲ စိုက်ပျိုးခဲ့တာ။ အဲဒါက ဆယ်စုနှစ်အနည်းငယ် ကြာပြီးမှသာ စတင် ပွင့်လန်းကြတယ်။ ပန်းသစ်ပင်ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဝင်ပေါက်မှာ စိုက်ပျိုးပြီး မဟာလမ်းစဥ်နဲ့ ပျိုးထောင်ထားတယ်။ ဒဏ္ဍာရီတွေအရဆိုရင်တော့ တုံ့လိုင်နတ်ဘုရားအကြီးအကဲက ဒီပန်းသစ်ပင်ကို အသုံးပြုပြီး တပည့်ရှာတယ်တဲ့။ ပြောကြတာတော့ တစ်ခါတုန်းက မဟာလမ်းစဥ်ကျင့်ကြံခြင်းမှာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ရှိခဲ့တယ်။ သူက ပန်းတွေအားလုံးနီးပါးကို ပွင့်လာအောင် လုပ်နိုင်ခဲ့ပြီး ပန်းပေါင်းတစ်သိန်း ပွင့်လန်းစေခဲ့တယ်။ မဟာလမ်းစဥ်ပေါ်မှာ သူ့ရဲ့ အလားအလာက ကြောက်စရာကောင်းလောက်အောင် မြင့်မားတယ်။ နောက်ပိုင်းမှာ သူက အရမ်းထူးချွန် သန်မာတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တယ်တဲ့။”

“နောက်ပိုင်း တုံ့လိုင်နတ်ဘုရားအကြီးအကဲ သေသွားပြီးပေမယ့် ဒီပန်းသစ်ပင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဝင်ပေါက်မှာ ရှိနေဆဲပဲ။ ကျွန်းကို ဝင်ခွင့်ရတဲ့ ဘယ်သူမဆို ပန်းသစ်ပင်ကို သုံးပြီး သူ့ရဲ့ မဟာလမ်းစဥ် အလားအလာကို တိုင်းတာနိုင်တယ်။ “ပေ့ကုံးအော့က ရီဖူရှင်းကို ရှင်းပြလိုက်သည်။

ရီဖူရှင်းက ရှေ့ကို ကြည့်လိုက်သည်။ သူသည် ပန်းသစ်ပင်၌ ထိုသို့သော သမိုင်းကြောင်းမျိုး ရှိနေမည်ဟု ထင်မှတ်မထားခဲ့ပေ။ ထိုတန်ခိုးရှင်များက ပန်းသစ်ပင်၏ ရှေ့သို့ ရောက်ရန် တိုက်ခိုက်နေကြသည်မှာ မထူးဆန်းတော့ပေ။ သူတို့က ပန်းများကို ပွင့်လန်းလာအောင် လုပ်ဆောင်ရန် မျှော်လင့်နေကြခြင်းပင် ဖြစ်သည်။

သို့သော်လည်း လူအများစုက ကျရှုံးသွားခဲ့သည်။ ပန်းသစ်ပင်က ပျင်းရိငြီးငွေ့နေဟန်ပေါ်ကာ ပုံမှန်အတိုင်း သူ၏ အကိုင်းအခက်များကို ယိမ်းနွဲ့ရင်း လှုပ်ရှားနေသော်လည်း အမှန်တကယ် ပွင့်လန်းလာခြင်း မရှိသေးပေ။

ပန်းသစ်ပင်ထံမှ တုံ့ပြန်မှုကို လိုချင်ပြီး မဟာလမ်းစဥ်ပန်းပွင့်များ ပွင့်လန်းလာစေချင်သည့် မည်သူမဆို ထူးချွန်သော သူ ဖြစ်ရပေမည်။ အခြားတစ်ဖက်တွင် အချို့သောသူများက ထိုအချက်ကို နားမလည်ကြပေ။ ထို့ပြင် သူတို့က ကျင့်ကြံခြင်း၌သာ အာရုံစိုက်ကြမည် ဖြစ်ကာ သစ်ပင်၏ အသိအမှတ်ပြုမှုကို လိုအပ်သည်ဟု မတွေးကြပေ။

“ရှင်ရော ကြိုးစားကြည့်ချင်လား။” ဟယ်လျန်ယိုက သူမဘေးမှ ရီဖူရှင်းကို ပြောလိုက်သည်။ သူက တုံ့ယွမ်အိမ်တော်ရှေ့မှ ရုပ်တု၏ သဏ္ဌာန်မှန်ကို ထုတ်ဖော်ပြသလာအောင် လုပ်နိုင်ခဲ့သောသူ ဖြစ်လေသည်။ သူမသည် သူက ပန်းသစ်ပင်ကို မည်မျှ ပွင့်လန်းလာအောင် လုပ်နိုင်မည်နည်းဟု သိချင်မိပေသည်။

သို့သော်လည ရီဖူရှင်း၏ အမူအရာက အလွန် တည်ငြိမ်နေသည်။ သူ့ကို ကြည့်ရသည်မှာ ယင်းအပေါ်တွင် စိတ်ဝင်စားမှု အနည်းငယ်သာ ရှိပုံပေါ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset