အပိုင်း(၁၈၉၄):

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ

ကျွင်းချိုးယွင်နှင့် ကျန်သူများက လှည့်ထွက်သွားကြသည်။ သူက ပိုင်မုကို ဖြတ်ကျော်ကာ လျှောက်သွားပြီးနောက် ခေတ္တမျှ ရပ်တန့်လိုက်သည်။ “နတ်မိမယ်ပိုင်က တောင်းဆိုတာဆိုတော့ ကျုပ်ဘက်ကလည်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို မျက်နှာသာပေးဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် သူ ဖန်းလိုင်ကုန်းမြေကနေ အသက်ရှင်လျက် ထွက်သွားနိုင်မလားဆိုတာတော့ အာမမခံနိုင်ဘူး။ အဲဒါကို နားလည်ဖို့ မျှော်လင့်ပါတယ်။” သူက ပြောပြီးသည်နှင့် ဆက်လျှောက်သွားခဲ့သည်။ ကျွင်းချိုးယွင်အနားမှ မိတ်ဆွေသည်လည်း ပိုင်မုဘေးမှ ဖြတ်သွားသည့်အခါ သူမကို ပြုံးပြကာ ပြောလိုက်သည်။ “သူ့အတွက် ဘာလို့ သနားညှာတာမှု တောင်းဆိုရတာလဲ။ အဲဒါက မထိုက်တန်ဘူးမလား။”

ပိုင်မုက တိတ်ဆိတ်နေဆဲပင် ဖြစ်၏။ ယခင်က သူမသည်လည်း ရီဖူရှင်းကို ရုပ်သေးရုပ် အိမ်တော်သခင်တစ်ယောက်ဟု ထင်မှတ်ထားခဲ့ပေသည်။ အဆင့်နိမ့်ရန်ဟောင်တစ်ယောက်အနေဖြင့် သူ၏ ကျင့်ကြံဆင့်က အလွန် နိမ့်ကျလွန်းနေသည်။ သို့သော်လည်း သူ့အနီးတွင် သူ့ထက် ကျင့်ကြံဆင့်မြင့်သော ရန်ဟောင်များ ဝန်းရံနေပြီး အချို့မှာ အဆင့်မြင့် ရန်ဟောင်များပင် ဖြစ်နေသေးသည်။ ထိုသို့သော အခြေအနေအောက်တွင် ရီဖူရှင်းတွင် တုံ့ယွမ်အိမ်တော်၌ အာဏာအစစ်မရှိဟု မည်သူမဆို တွေးမိမည်သာ ဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သော အဖြစ်အပျက်က သူမ၏ စိတ်အား ပြောင်းလဲစေခဲ့သည်။ သူမသည် သူ့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက အားကောင်းမှုက သူမနှင့် နီးစပ်လှသည်။ ထိုသည်က ပြီးပြည့်စုံသောအဆင့် နတ်ဝင်ရိုး ဖြစ်ပေသည်။ ထို့ပြင် သူသည် တိုက်ခိုက်သည့်အခါ၌လည်း အလွန်ပင် ပြင်းထန်သော စစ်မှန်သည့် တိုက်ခိုက်ရေးစွမ်းအား ရှိသည်။ အဆင့်ကွာခြားမှုကို ဘေးဖယ်၍ သူမသည် ရီဖူရှင်းက ကျွင်းချိုးယွင်ထက် ပို၍ သန်မာမည်ကို ယုံကြည်ပေသည်။

ရီဖူရှင်းသာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်ပါက သူ အများအပြားရလိမ့်မည်မှာ သေချာပေသည်။ ထို့ပြင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူတို့၏ အဆင့်သတ်မှတ်ချက်သို့ လက်ခံသည်ပင် ဖြစ်ကောင်း​ဖြစ်နိုင်သေး၏။

ထိုအတွေးများက သူမ၏ စိတ်ထဲသို့ ဖြတ်လာသောအခါ ပိုင်မုသည် ရီဖူရှင်းအား ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ “သခင်ရီ၊ ကျွင်းမိသားစုက ဖန်းလိုင်ကုန်းမြေမှာ ထိပ်သီးကလန်တစ်ခုပဲ။ သူတို့က အင်အားကြီးကြတယ်။ သူက ရှင့်ကို သတ်ချက်နေတယ်ဆိုတာ ရှင်လည်း သိမှာပါ။ ဒီနေရာက ရှင့်အတွက် မလုံခြုံတော့ဘူး။ ဒါပေမယ့်လည်း မနက်ဖြန် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဖွင့်တော့မှာဆိုတော့ သခင်ရီသာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အကျိုးအမြတ်အချို့ ရရှိနိုင်ခဲ့မယ်ဆို ကျွန်မက ရှင့်အစား အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ရှင့်ရဲ့ လုံခြုံရေးအတွက် တောင်းဆိုပေးပါ့မယ်။”

သူမ၏ အသံက တည်ငြိမ်နေပြီး သူမသည် ရီဖူရှင်း၏ ကျေးဇူးတင်မှုကို လိုချင်သောကြောင့် ပြောခြင်း မဟုတ်ပေ။ ကြည့်ရသည်မှာ သူမက ရီဖူရှင်းအား အမှန်တကယ် ကူညီလိုခြင်း ဖြစ်ပေမည်။

လူတိုင်းက ကျွင်းချိုးယွင်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်ကြသည်။ ထို့ပြင် ဖန်းလိုင်ကုန်းမြေက သူ့ နယ်မြေလည်း ဖြစ်သည်။ ထိုသို့သော အခြေအနေအောက်တွင် ရီဖူရှင်းသည် သူ့အသက်ကို ကာကွယ်ရန် အခြားသူများထံမှ အကူအညီကို လိုအပ်ပေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကသာ သူ့ကို ကူညီရန် ဆန္ဒရှိလျှင် သူ အသက်ရှင်ရန် အခွင့်အလမ်းက တိုးမြင့်လာမည်မှာ အသေအချာပင် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် နတ်မိမယ်။ ကျုပ် စဥ်းစားကြည့်လိုက်ပါ့မယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူ့တွင် သူ့ အသက်ကို ကယ်နိုင်သည့် နည်းလမ်းများစွာ ရှိသည်။ သူ စိတ်ပူနေသည်မှာ ဟယ်လျန်မိသားစုနှင့် ပေ့ကုံးမိသားစု ဖြစ်လေသည်။ သူတို့သည်လည်း ဤတစ်ကြိမ်ကိစ္စ၌ ပါဝင် ပတ်သတ်ခဲ့မိလေသည်။

သူက ကျွင်းချိုးယွင်၏ ခြိမ်းခြောက်မှုကို နည်းနည်းလေးမှပင် ဂရုမစိုက်ပေ။ သူ လူသိရှင်ကြား ကြေညာခဲ့သည့်အတွက် သူသည် ကျွင်းချိုးယွင်က သူ့ကို သတ်ရန်မကြိုးစားခင် သူက အရင် သတ်နိုင်မည်ဟု သေချာပေသည်။ သူက အနည်းဆုံး ထိုသည်ကို ယုံကြည်ချက် ရှိပေသည်။

“ကောင်းပြီ။” ပိုင်မုက ပြန်ဖြေလိုက်သည်။ ရီဖူရှင်း၏ အဖြေကို ကြားပြီးနောက် သူမက အများကြီး ထပ်မပြောတော့ပေ။ သူမသည်လည်း ရီဖူရှင်းက ပြဿနာကို သူကိုယ်တိုင်ဖြေရှင်းနိုင်သည့် မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး မာနကြီးသောသူ ​ဖြစ်သည်ဟူ ခံစားမိပေသည်။.

ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို အံ့သြစရာအချို့ သယ်ဆောင်လာခြင်းလည်း ဖြစ်နိုင်သည်။

သူမက စောင့်​ကြည့်နေရန်သာ တတ်နိုင်ပေသည်။

“နှုတ်ဆက်ပါတယ်” ပိုင်မုက ရီဖူရှင်းကို ခေါင်းညိတ်ပြလိုက်ပြီး လှည့်ထွက်ကာ ကောင်းကင်သို့ ပျံတက်သွား၏။ သူမသည် စုစည်းနေသည့် လူများကို ကြည့်၍ ကြေငြာလိုက်သည်။ “မနက်ဖြန်ဆိုရင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဖွင့်တော့မှာပါ။ လူတိုင်းပဲ အဲဒါကို မမေ့ကြပါနဲ့။”

သူမ ပြောပြီးသည်နှင့် စီတန်းနေသည့် နတ်မိမယ်များက လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

သူတို့ ထွက်ခွာသွားပြီးနောက် ရှုပ်ထွေးမှုကြီး၏ နောက်ဆုံးတွင် ရန်ဟောင်အချို့၏ သေဆုံးခြင်း ဖြစ်ပေါ်လာခဲ့သည်။

လူအများက သက်ပြင်းချလိုက်ကြ၏။ အရာအားလုံးက သူတို့အတွက် အစစ်အမှန်မဟုတ်ဟု ထင်မှတ်ရပေသည်။ ထိုတိုက်ခိုက်သူများက ရီဖူရှင်းနှင့် သူ့အဖွဲ့ကို သတ်ချင်ပါသော်လည်း သူတို့သည်သာ တန်ပြန်တိုက်ခိုက်မှု၌ သေဆုံးခဲ့ကြရသည်။ ရီဖူရှင်းတို့ အဖွဲ့က အထိအခိုက်မရှိ ကျန်ရှိနေဆဲပင် ဖြစ်၏။

သို့သော်လည်း သူတို့က နားလည်နိုင်သည်။ ပိုင်မုက ဝင်ပြောလာသည့်အခါ ကျွင်းချိုးယွင်က ရီဖူရှင်းအား လွှတ်မပေးချင်လျှင်ပင် သူမကို မျက်သာပေးမှုအချို့ ပြရန် လိုပေသည်။ အဆုံးမှာတော့ သူက မနက်ဖြန်၌ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်ရတော့မည် ဖြစ်ပေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ပိုင်မုနှင့် နတ်မိမယ်များ၏ နယ်မြေဖြစ်သည်။ ထို့ကြောင့် ကျွင်းချိုးယွင်က ရလဒ်ကို မကျေနပ်လျှင်ပင် ရီဖူရှင်းအား အချိန်တစ်ခုထိ လွှတ်ထားပေးရဦးမည် ဖြစ်သည်။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ထွက်ခွာလာသည့်အခါ ရီဖူရှင်းအား သတ်ဖြတ်ရန် ဆက်လက်ကြိုးစားရပေမည်။

အားလုံးသော တန်ခိုးရှင်များက ထွက်မသွားဘဲ စုဝေးနေကြသည်။ ထို့အစား သူတို့က ရီဖူရှင်းတို့အဖွဲ့ကို ကြည့်နေကြသည်။ ကုန်းမြေပေါင်းထောင်ချီမှ ကျင့်ကြံသူများက ဖန်းလိုင်ကုန်းမြေတွင် စုစည်းရောက်ရှိနေကြသည်ဖြစ်ရာ အဖြစ်အပျက်အမျိုးမျိုး ဖြစ်ပျက်နိုင်သည်ကို တွေးထားကြပြီးသား ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းကဲ့သို့ ဖန်းလိုင်ကုန်းမြေရှိ အင်အားကြီးကလန်တစ်ခု၏ ကလန်သားများကို သတ်ဖြတ်ရဲသော ခေါင်းကြောမာသည့် တန်ခိုးရှင်မျိုးကို တွေ့မြင်ရရန်မှာတော့ ရှားပါးလှသည်။ လူအများက ရီဖူရှင်း မည်သို့ အဆုံးသတ်မည်ကို အလွန် သိချင်နေကြပေသည်။

“သွားကြစို့” ရီဖူရှင်းက ပြောလိုက်သည်။ ရီဖူရှင်းတို့အဖွဲ့က လူအုပ်ကြီးထဲမှ ထွက်ခွာသွားပေသည်။ သူတို့ ထွက်သွားပြီးနောက် တန်ခိုးရှင်များလည်း တဖြေးဖြေး ထွက်ခွာသွားတော့သည်။ လူအချို့သာ စိတ်လှုပ်ရှားသော အမူအရာတို့နှင့် ရှိနေကြသည်။

ကြည့်ရသည်မှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဤခရီးက စိတ်ဝင်စားဖွယ်ကောင်းမည်ဟု ထင်ရပေသည်။

ရီဖူရှင်းနှင့် သူ့လူများက လူအုပ်ကြီးထဲမှ ထွက်ခွာသွားသောအခါ ပေ့ကုန်းရွမ်သည် ခေါင်းကို ငုံ့ကာ ရီဖူရှင်းကို ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “တောင်းပန်ပါတယ်။”

ရီဖူရှင်းက နောက်သို့ ပြန်ငဲ့ကြည့်ကာ မေစလိုက်သည်။ “ဘာအတွက် တောင်းပန်တာလဲ။”

“ကျွန်မ ရှင့်ကိုပါ ပတ်သတ်စေမိပြီ။” ပေ့ကုန်းရွမ်က တိုးသက်စွာ ပြန်ဖြေလိုက်၏။ သူမက အမှားတစ်ခုခု ကျူးလွန်မိခဲ့သည်ဟု မယုံကြည်နိုင်ပေ။ ယခင် မိုးနတ်ဘုရားအိမ်တော်တွင် ကျွင်းချိုးယွင်သည်သာ စော်ကားမော်ကား ပြုမူခဲ့သူ ဖြစ်၏။ သူမသည် တစ်ကြိမ်တစ်ခါမျှသာ ပြန်လည်ချေပမိခဲ့ပြီး ထိုတစ်ကြိမ်က နောက်ပိုင်း ဖြစ်ပျက်လာသော ပဋိပက္ခအခြေအနေများအတွက် လောင်စာဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။

“အဆင်ပြေပါတယ်။ မင်း မှားခဲ့တာ ဘာမှမရှိပါဘူး။” ရီဖူရှင်းက ညင်သာစွာ ပြောလိုက်သည်။ သူ့အရှေ့မှ ထိုနှစ်ယောက်ကို ကြည့်၍ ပေ့ကုံးအော့က စိတ်ထဲမှ အသံတိတ်သက်ပြင်းချလိုက်ပေသည်။ မည်သူကမှ သူ့သမီးကို သူ့ထက်ပို၍ နားမလည်နိုင်ပေ။ ပေ့ကုန်းရွမ်သည် သူမ၏ နှလုံးသားနှင့် ဝိညာဥ်ကို ကျင့်ကြံခြင်းတွင်သာ ပေးအပ်မြှုပ်နှံထားပြီး ပြင်ပလောကအကြောင်း အတွေ့အကြုံ အနည်းငယ်မျှသာ ရှိပေသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်က ရန်ဟောင်အဆင့်သို့ ရောက်နေလျှင်ပင် သူမက အလွန် ဖြူစင်လှသေးသည်။

ယခုဖြစ်ပျက်ခဲ့သော ပဋိပက္ခသည် သူမအား မမေ့နိုင်သည့် သင်ခန်းစာတစ်ခု ဖြစ်စေကာ ကျင့်ကြံခြင်းလောကတွင် ရှင်သန်နိုင်ရန် စည်းမျဥ်းများကို နားလည်သဘောပေါက်စေရန် မျှော်လင့်မိသည်။

သို့သော်လည်း သူတို့အားလုံးသည် ဤပဋိပက္ခအတွင်းမှ လွတ်မြောက်နိုင်မည်လား ပြောရခက်ပေသည်။

ရီဖူရှင်း၏ အဖြေကို ကြားပြီးနောက်၌ပင် ပေ့ကုန်းရွမ်က တိတ်ဆိတ်သွားသည်။ သူမက မည်သည့်အမှားမှ မလုပ်ခဲ့လျှင်ပင် သူမတို့ ယခု အန္တရာယ်တွင်း ကျရောက်နေသည်မှာ အမှန်တရားပင် ဖြစ်သည်။ သူမက ကိုယ်တိုင်တစ်ခုခုဖြစ်မည်ကို  ဂရုမစိုက်သော်လည်း ဟယ်လျန်ယိုက အသတ်ခံရမလိုပင် ဖြစ်သွားလေသည်။ ထို့ပြင် ရီဖူရှင်းနှင့် အခြားသူများလည်း ရှိနေသေးသည်။ သူတို့အားလုံးက ဤပဋိပက္ခအတွင်း ပါဝင်ပတ်သတ်ခဲ့ရပြီး ကျွင်းချိုးယွင်သည် သူတို့အား သတ်ဖြတ်လိုသည့်ဆန္ဒကို ဖုံးကွယ်ထားရန်ပင် မကြိုးစားချေ။

“စိတ်မပူပါနဲ့။ ကျုပ် ရှိနေသရွေ့ ဘာမှမဖြစ်ပါဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ သူ့အသံက ယုံကြည်မှုအပြည့်ရှိပုံရလေသည်။ ကျွင်းချိုးယွင်က သူ့မိသားစု၏ လွှမ်းမိုးမှုနှင့် စွမ်းအားကို အသုံးပြုလာလျှင်ပင် သူက ကျွင်းချိုးယွင်အား ဓားစာခံအဖြစ် ဖမ်းဆီးထား၍ ရပေသည်။ သို့သော်လည်း ကိစ္စများ ထိုအခြေအနေထိသာ ရောက်သွားပါက ဟယ်လျန်မိသားစုနှင့် ပေ့ကုံးမိသားစုတို့သည်လည်း အကြီးအကျယ် သက်ရောက်ခံရမည် ဖြစ်၏။

ရီဖူရှင်းက ရှေ့တူရှူသို့ ကြည့်ရင်း ပြောလိုက်သည်။ ပေ့ကုန်းရွမ်သည် သူ့ ဘေးတိုက်မျက်နှာကို ကြည့်ပြီး သူ၏ တည်ငြိမ်သော အသံမှနေ၍ ထူးခြားပြောင်မြောက်သော အားအင်တို့ကို ခံစားမိပေသည်။ ထိုသို့သော ယုံကြည်ချက်တို့မှာ ခွန်အားမှမဟုတ်ဘဲ မည်သည့်နေရာတို့မှ ထွက်လာသည်ကို သူမ မသေချာပေ။

သူမ အဖေက ရီဖူရှင်းသည် သူ့ဘဝတလျှောက် မြင်တွေ့ဖူးသမျှ၌ အထူးချွန်ဆုံးဖြစ်ပြီး သူမက သူ့ထံမှ သင်ယူနိုင်သမျှ သင်ယူသင့်သည်ဟု ပြောခဲ့သည်မှာ မထူးဆန်းပေ။

တူညီစွာပင် ပေ့ကုံးအော့သည်လည်း ရီဖူရှင်းထံမှ ပြင်းထန်သော ယုံကြည်မှုကို ခံစားမိသည်။ ရီဖူရှင်းက ထူးခြားဆန်းကြယ်မှုကို ဖန်တီးနိုင်သည်လည်း ဖြစ်နိုင်ပေသည်။ သူက ရုပ်တု၏ စွမ်းအားဖြင့် သဏ္ဌာန်ဖွဲ့တည်စေခဲ့သော ထူးခြားအံ့ဖွယ်ရာ ရန်ဟောင်တစ်ပါးပင် ဖြစ်သည်။

ဤအရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ခရီးတွင် သူက အခြားသူများ မလုပ်ဆောင်နိုင်သော အရာများကို လုပ်နိုင်စွမ်းရှိပေလိမ့်မည်။

ထို့ပြင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ပိုင်မုသည်လည်း သူ့ထံ သံလွင်ခက်ကမ်းပေးခဲ့သည်။

“တစ်ယောက်ယောက်က ကျုပ်တို့ကို စောင့်ကြည့်နေတယ်။” အင်ပါယာဟယ်လျန်က ပြောလိုက်သည်။ သူ၏ မျက်ခုံးတို့က တွန့်ချိုးသွားပြီး သူ့ထံတွင် ပူပန်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ထိုသူက သူတို့အား စူးစမ်းလေ့လာနေသည်ကို ဖုံးကွယ်ထားရန် မကြိုးစားပေ။ ထို့ပြင် သူ၏ ကျင့်ကြံဆင့်က အလွန်မြင့်သည်။ သူ၏ နတ်အာရုံက သူတို့အပေါ် အဆက်မပြတ်လွှမ်းခြုံကျရောက်နေပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကို စစ်ဆေးနေသည်။

ရီဖူရှင်း၏ မျက်လုံးထဲတွင် နားလည်သော အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ ကျွင်းချိုးယွင်သည် သူတို့အား ဖန်းလိုင်ကုန်းမြေမှ အသက်ရှင်လျက် ထွက်ခွာမသွားစေလိုသည့်အတွက် တစ်စုံတစ်ယောက်အား သူတို့ကို ထောက်လှမ်းရန် ပို့ထားခြင်း ဖြစ်သည်။ သူက သူတို့ကို ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး ပေးလိမ့်မည် မဟုတ်ပေ။

သူက မျက်လုံးများကို ပိတ်လိုက်ပြီး ကြောက်မက်ဖွယ် အားကောင်းသော ဓားချီများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံလာသည်။ ကောင်းကင်ထက်တွင် မဟာလမ်းစဥ်စွမ်းအားများက ခန့်မှန်း၍မရအောင် ကြောက်မက်ဖွယ်ကောင်းလာပြီး ချက်ချင်းပင် ဓားစွမ်းအားလှိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို ဓားစွမ်းအားလှိုင်းက ခေါင်းလောင်းတစ်လုံးကဲ့သို့ မြည်သံထွက်ပေါ်လာကာ နတ်ဘုရားရောင်ဝါတို့ ဖြန့်ကျက်လာသည်။

အနီးရှိလူများမှာ အံ့အားသင့်သည့်အမူအရာတို့ ဖြစ်ပေါ်လာ​ကာ သူရှိဘက်သို့ ကြည့်လာသည်။

နောက်တခဏတွင် သူတို့သည် လေဟာနယ်ကို ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် ပျံသန်းလာသော ဓားစွမ်းအားလှိုင်းများကို မြင်လိုက်ရသည်။ ယင်းစွမ်းအားတို့သည် အကွာအဝေးကို ဂရုမစိုက်ဘဲ ရီဖူရှင်းတို့အား စူးစမ်းနေသည့် နတ်အာရုံရင်းမြစ်ဆီသို့ သတ်ဖြတ်လိုသော ရည်ရွယ်ချက်တို့နှင့် ပျံသန်းထွက်သွားလေသည်။

အစပိုင်းတွင် နတ်အာရုံသိစိတ်မျှင်က အကြောက်အရွံ့ကင်းစွာဖြင့် ရီဖူရှင်းနှင့် သူ့အဖွဲ့ထံသို့ လွှမ်းခြုံလာသော်လည်း နောက်တခဏတွင် ၎င်းတို့သည် ကြောက်မက်ဖွယ် ထက်ရှသော ဓားစွမ်းအားတို့ကို ခံစားမိလိုက်သည်။ နတ်အာရုံသိစိတ်မျှင်တို့က သားရဲတစ်ကောင်အဖြစ်ပြောင်းလဲကာ ဓားစွမ်းအားများကို ခုခံတိုက်ခိုက်လိုက်သော်လည်း ဓားစွမ်းအား၏ ရောင်ဝါတို့အောက်တွင် အစိတ်စိတ်ကွဲကြေသွားသည်။

အဝေးတစ်နေရာမှ အဖိုးကြီးတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာက ဖြူဖျော့သွားသည်။ နတ်အာရုံသိစိတ်မျှင်များက သူ့ထံမှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း ဓားစွမ်းအားများက လေဟာနယ်ကို ဖြတ်သန်းကာ သူ၏ နတ်အာရုံသိစိတ်မျှင်များကို ​ဖျက်ဆီးသွားလေသည်။ ထိုဓားစွမ်းအားများ​က နတ်အာရုံသိစိတ်တို့အား ဆိုးဆိုးဝါးဝါးပင် ဖျက်ဆီးပစ်လိုက်သည်။

ဘုန်း…

အလွန် အားကောင်းလှသည့် မဟာလမ်းစဥ်စွမ်းအားများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် မဟာလမ်းစဥ်အရှိန်အဝါများအဖြစ် ပြောင်းလဲကာ အပြင်ဘက်သို့ ဖြန့်ကျက်သွားပြီးနောက် ဓားစွမ်းအားတို့ကို ရပ်တန့်လိုက်၏။ သူ၏ စိတ်အာရုံထဲတွင် သူသည် ကြောက်မက်ဖွယ် ​ပြင်းထန်သော စွမ်းအားများနှင့် ခြိမ်းခြောက်နိုင်သည့် အရှိန်အဝါတို့ လွှမ်းခြုံထားသော ဓားတစ်က အဝေးမှနေ၍ သူ့ထံသို့ ဦးတည်ထားသည်ကို မြင်ရပေသည်။

သူ၏ နတ်အာရုံသိစိတ်တို့အား ဖျက်ဆီးပြီးနောက် ဓားစွမ်းအားများက နောက်သို့ ပြန်ဆုတ်ခွာသွားသည်။

လူအိုကြီးက သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့မျက်နှာက သုန်မှုန်နေ၏။ သူသည် အမှန်တကယ်ပင် အဆင့်နိမ့်ရန်ဟောင်တစ်ယောက်၏ ခြိမ်းခြောက်မှုကို ခံခဲ့ရသည်။ ထိုအဆင့်နိမ့်ရန်ဟောင်က သူ၏ နတ်အာရုံသိစိတ်တို့အား ဖျက်ဆီးပစ်လိုက်ကာ သူ၏ နတ်အာရုံနှင့် ထိုသူတို့အား ထောက်လှမ်းနေခြင်းမှ တားဆီးလိုက်သည်။

ရီဖူရှင်းသည် ထိုလူအိုကြီး၏ အတွေးတို့အား ဂရုစိုက်မနေပေ။ ဓားစွမ်းအားများကို ထုတ်လွှတ်ပြီးနောက် ထိုနတ်အာရုံသိစိတ်က ပို၍ သတိထားလာကာ အလျင်စလို မပြုမူရဲတော့ပေ။ ယင်းတို့က သူတို့ ထွက်ပြေးသွားခြင်း ရှိမရှိ သေချာစေရန်သာ တခါတရံချောင်းကြည့်တတ်ပေသည်။

ညတစ်ညက ငြိမ်းချမ်းစွာ ကုန်ဆုံးသွားခဲ့သည်။

နောက်တစ်နေ့နံနက်ခင်းက ကြည်လင်နေ၏။ ဖန်းလိုင်ကုန်းမြေ၏ အရှေ့နတ်ဘုရားဂိတ်တံခါးသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဝင်ပေါက်ဖြစ်သည်။ ထိုနေရာတွင် နတ်ဘုရားတို့၏ ရောင်ဝါများ ခြံရံလွှမ်းခြုံထား၏။ အရှေ့နတ်ဘုရားဂိတ်၏ အထက်တွင် နတ်မြူမှုန်များရှိနေပြီး ကျယ်ပြောသော လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ နတ်မိမယ်များက အရှေ့တွင် ရပ်လျက်ရှိနေကြသည်။ မြင်ကွင်းတစ်ခုလုံးက လှပသော ဆေးရေးပန်းချီတစ်ချပ်သဖွယ် တည်ရှိနေသည်။

အရှေ့နတ်ဘုရားဂိတ်အရှေ့ဘက်တွင် ဆူညံလှုပ်ရှားသက်ဝင်နေ၏။ တန်ခိုးရှင်အမြောက်အမြားက ထိုနေရာတွင် စုစည်းနေကြသည်။ အကြည့်တစ်ချက်နှင့်ပင် ကောင်းကင်မှမြေကြီးထိ ကျယ်ပြေညသော အဆုံးမဲ့နယ်မြေ နေရာအနှံ့တွင် တန်ခိုးရှင်များစွာကို မြင်နိုင်သည်။

ထောင်ချီသော ကုန်းမြေများမှ စုစည်းလာသည့် တန်ခိုးရှင်များနှင့် အများစုမှာ ရန်ဟောင်များသာ ဖြစ်သည်။ ထိုမြင်ကွင်းက မည်မျှ ကြီးကျယ်ခမ်းနားကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။

ရီဖူရှင်းနှင့် အခြားသူများကလည်း လူအုပ်ထဲသို့ ရောက်နေကြပြီဖြစ်သည်။ သူတို့သည်လည်း လူပင်လယ်ထဲတွင် မြုပ်နေခဲ့သည်။ အင်ပါယာဟယ်လျန်နှင့် ပေ့ကုံးအော့သည်ပင် သူတို့ရှေ့မှ ရှိန်လောက်စရာ မြင်ကွင်းကို မြင်သည့်အခါ နှလုံးသားများက တုန်ယင်သွားပေသည်။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကကဲ့သို့ပင် ကြီးကျယ်ခမ်းနားနေဆဲဖြစ်သည်။

လောကထဲတွင် တန်ခိုးရှင်များစွာ ရှိကြပြီး ကောင်းကင်ဒေသက ကျယ်ပြန့်လွန်းသည်။ သူတို့ကဲ့သို့ အဆင့်မြင့်ရန်ဟောင်များသည်ပင် အဆုံးမဲ့သမုဒ္ဒရာထဲမှ ဆန်စေ့တစ်စေ့ကဲ့သို့ပင် ​ဖြစ်ပေသည်။

“ဆယ်နှစ်ကြာတိုင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဖွင့်လှစ်တဲ့အခါ ထူးချွန်ပြောင်မြောက်တဲ့ အစွမ်းထက်တန်ခိုးရှင်တွေ ထွက်ပေါ်လာကြတယ်။ ဒီတစ်ကြိမ်မှာ အိမ်​တော်သခင်ကလည်း သူတို့ထဲက တစ်ယောက်ပဲ။” ပေ့ကုံးအော့က ပြောလိုက်သည်။ ကုန်းမြေအသီးသီးမှ တန်ခိုးရှင်များအကြားတွင် ထူးချွန်ပြောင်မြောက်သူအများအပြားမှာ ယုံကြည်ချက်အပြည့်နှင့် ရှိနေကြ၏။ သို့သော် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် အားလုံး၏ အထက်၌ ရပ်တည်ကာ အောင်မြင်မှုများ ရယူနိုင်သူက အနည်းအကျဥ်းသာ ရှိပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset