အပိုင်း(၁၈၉၃):

ရက်နည်းနည်း ပိုနေစေခြင်း

ထိုအခိုက်တွင်မှ လူတိုင်းက ရီဖူရှင်း၏စွမ်းအားကို သတိပြုမိကြသည်။ သူကား တတိယအဆင့်ရန်ဟောင်မျှသာဖြစ်သော်လည်း အလယ်အလတ်ရန်ဟောင်များကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သူက အဆင့်မြင့်ရန်ဟောင်တစ်ဦးကိုပင် သတ်ခဲ့သေး၏။ ရီဖူရှင်းသည် အလွန်အမင်း သန်မာသည်မှာ သံသယဖြစ်စရာမလို။ ထိုသို့သောလူက မည်သို့ မာနမကြီးဘဲ နေမည်နည်း။

သို့သော်လည်း ကျွင်းချိုးယွင်ကား မည်သူဖြစ်သနည်း။ သူသည် ဖန်းလိုင်ဒေသမှ ထိပ်သီးအင်အားစုတစ်ခု၏သခင်လေးဖြစ်သည်။ ယခု ရီဖူရှင်း၏ပြင်းထန်စွာ တုန့်ပြန်မှုက ကျွင်းချိုးယွင်အား အရှက်ရစေသည်။ ရီဖူရှင်း၏အဆုံးသတ်က ကောင်းမွန်မည် မဟုတ်ပေ။

ရီဖူရှင်း ထုတ်လွှတ်ခဲ့သောဓားချက်က ကျွင်းချိုးယွင်ကို အရှက်ရစေသည်။

အမှန်တကယ်လည်း ကျွင်းချိုးယွင်၏မျက်နှာက သုန်မှုနေသည်။ သူ၏သတ်ဖြတ်လိုစိတ်က ထိန်းသိမ်းမရတော့ပေ။ လက်ရှိတွင် သူ၏တစ်ခုတည်းသောအတွေးက ရီဖူရှင်းအား သတ်ဖြတ်ရန်ဖြစ်သည်။

သူသည် ရီဖူရှင်းအား နောက်လိုက်ဖြစ်စေရန် မထိုက်တန်တဲ့လား…။

ရီဖူရှင်းက သူ့အား မထိုက်တန်ဟု တွေးမှတော့ သူကလည်း ရီဖူရှင်းကို သတ်ဖြတ်ရပေမည်။

“မင်း ဒီက ထွက်သွားရမှာ မဟုတ်ဘူး” ကျွင်းချိုးယွင်က အေးစက်စွာ ပြောသည် “သူတို့အားလုံးကို ရိုက်ချစမ်း။ သူတို့ ခုခံရင် သတ်ပိုင်ခွင့်ရှိတယ်”

သူက အမိန့်ပေးလိုက်သည်နှင့် လူရိပ်များက ရှေ့ကို ပျံသန်းလာကြသည်။ သူတို့က ရီဖူရှင်းတို့အား ဝိုင်းဝန်းလိုက်ကြ၏။

ယခုတွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် ထိုင်းမှိုင်းလာနေသည်။ အင်ပါယာဟယ်လျန်နှင့် ပေ့ကုန်းအော့တို့၏မျက်နှာက သိပ်မကောင်းတော့ချေ။ အဆုံးသတ်တွင် သူတို့က ပြဿနာနှင့် ကြုံတွေ့ခဲ့ရသည်။

တခြားတစ်ဘက်တွင် ယန်တုံ့ချင်းသည် ဘေးတွင် သူနှင့် မဆိုင်သည့်အလား ရပ်နေသည်။ သူသည် ဘေးတွင် ငြိမ်သက်စွာ ရပ်ကာ အဖြစ်အပျက်နှင့် မသက်ဆိုင်သည့်အလားရှိနေသည်။ အကယ်၍ ရီဖူရှင်းသာ သေကြောင်းကြံပါက သူက အဖော်လိုက်ပါမည် မဟုတ်ပေ။ သူကား ဖန်းလိုင်ကုန်းမြေ၏ထိပ်သီးအင်အားစုတစ်ခုအား ရန်ပြုရလောက်အောင် မမိုက်မဲပေ။

အဆုံးသတ်တွင် ရီဖူရှင်းသည် သူ၏အပြုအမူအတွက် ပေးဆပ်ရပေမည်။

သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ရီဖူရှင်းတစ်ယောက် ခံရတော့မည်ဟု ပရိသတ်များက တွေးထင်ကြသည်။ တခဏတာမျှ ဒေါသက သူ့အား သေဆုံးခြင်းသို့ ပို့ဆောင်ပေတော့မည်။

ဓားသုံးလက်သည် ရီဖူရှင်း၏ရှေ့တွင် ရှိနေ၏။ သူက ကျွင်းချိုးယွင်ကို လှမ်းကြည့်လိုက်သည်။ တိုက်ပွဲစသည်နှင့် သူက ကျွင်းချိုးယွင်ကို သတ်ဖြတ်နိုင်သည်ဟု ယုံကြည်ချက်ရှိသည်။ သို့သော်လည်း သူက ထိုသို့လုပ်ခဲ့လျှင် ဖန်းလိုင်နတ်ဘုရားကျွန်းစုပေါ်သို့ တက်နိုင်မည် မဟုတ်တော့။ သူ့အနေဖြင့် သည်နေရာမှ ထွက်သွားရပေတော့မည်။

အမှန်တကယ်အားဖြင့် သူက သည်အတိုင်း ထွက်သွားသော်လည်း အင်ပါယာဟယ်လျန်နှင့် ပေ့ကုန်းမိသားစုတို့မှာ ပါဝင်ပတ်သက်နေ၏။

ထို့ကြောင့် မလိုအပ်ဘဲ ရီဖူရှင်းက ကျွင်းချိုးယွင်အား လူမြင်ကွင်းတွင် မသတ်လိုပေ။

“သူတို့ မလှုပ်ရှားခင် မင်းအရင် သေစေရမယ်လို့ ငါကတိပေးတယ်” ရီဖူရှင်းကို ကျွင်းချိုးယွင်ကို ပြောသည်။ သူ၏လေသံတွင် မတုန်မလှုပ်သော ယုံကြည်ချက်များ ပါနေသည်။

ထိုသို့ ယုံကြည်ချက်ပြင်းသော လေသံက ကျွင်းချိုးယွင်ကို မျက်မှောင်ကြုတ်စေသည်။ သည်မတိုင်ခင်ဓားသည် အမှန်တကယ်လည်း စွမ်းအားကြီးလွန်း၏။ သူ့အနေဖြင့် ထိုဓားကို ရင်ဆိုင်ရန် ယုံကြည်ချက် မရှိချေ။

သို့သော်လည်း သူ့ဘေးတွင် အဆင့်မြင့်ရန်ဟောင် အများအပြားရှိသည်။ ထိုမျှသောလူများဖြင့် ရင်ဆိုင်ရလျှင်ပင် ရီဖူရှင်းက ကြွားဝါနိုင်သေးသည်။

“ဒီလောက် မောက်မာတယ်…” ကျွင်းချိုးယွင်ဘေးမှ အဆင့်မြင့်ရန်ဟောင်နှစ်ဦးက ရီဖူရှင်းကိုကြည့်ကာ အေးစက်စွာ ပြောသည်။ ရီဖူရှင်းက မည်သို့ သူတို့အား လျစ်လျူရှုရဲသနည်း။

ရီဖူရှင်းက သူတို့မလှုပ်ရှားရသေးမီ ကျွင်းချိုးယွင်ကို သတ်ဖြတ်မည်တဲ့လား။

“မင်း ဘာလို့ မစမ်းကြည့်တာလဲ…” ကျွင်းချိုးယွင်က ငေါ့တော့တော့ မေးသည်။ သူက ဖြစ်နိုင်မည်ဟု မယုံကြည်ပေ။

“သူ့ကို သွားသတ်…” ကျွင်းချိုးယွင်က အမိန့်ပေးသည်။

ချက်ချင်းပင် ကြောက်မက်ဖွယ်အားလှိုင်းတစ်ခုသည် ထိုနေရာအား ဖိအားပေးလာသည်။ တချိန်တည်းမှာပင် ဓားအလင်းသုံးခုသည် ပြင်းထန်သော ဓားအားလှိုင်းများ ထုတ်လွှတ်၏။

“အားလုံး ကျေးဇူးပြုပြီးရပ်ပါ…” ထိုအခိုက်တွင် အသံတစ်သံ အဝေးမှ ပျံ့လွင့်လာ၏။ အသံကား ကြည်လင်ကာ ချိုသာသည်။ လူတိုင်းက ထိုအသံကို ရှင်းလင်းစွာ ကြား၏။

အားလုံးက လှမ်းကြည့်လျှင် လူရိပ်တချို့ ပျံသန်းလာသည်ကို မြင်သည်။ သူတို့ကား လှပသော အမျိုးသမီးများဖြစ်၏။ သူတို့သည် အရှေ့နတ်ဘုရားကျွန်းစုမှ နတ်မိမယ်များဖြစ်ကြသည်။

ထိုအုပ်စု၏ခေါင်းဆောင်ကား အရှေ့နတ်ဘုရားကျွန်းစုမှ ပိုင်မုဖြစ်သည်။

တိုက်ပွဲနေရာတွင် ပြင်းထန်သော အရှိန်အဝါများ ခဏမျှရပ်တန့်သွားကာ ပိုင်မုအား လှမ်းကြည့်ကြသည်။

“ဘာကိစ္စရှိလို့ပါလဲ နတ်မိမယ်” ကျွင်းချိုးယွင်က ပိုင်မုကို ကြည့်ကာ ပြောသည်။

“သခင်လေးကျွင်းနဲ့ ဆရာရီတို့က အရှေ့နတ်ဘုရားကျွန်းစုရဲ့ မျက်နှာကို ထောက်ပြီး ဒီကိစ္စကို ရပ်လိုက်ကြရအောင်လား။ ဘယ်သူက မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ရပ်လိုက်ကြရအောင်” ပိုင်မုက ကျွင်းချိုးယွင်နှင့် ရီဖူရှင်းကို ပြောသည် “ရှင်တို့က အရှေ့နတ်ဘုရားကျွန်းစုက ဖိတ်ကြားထားထဲ့ ဧည့်သည်တွေပဲ။ ရှင်တို့ကို ကျွန်မက ကိုယ်တိုင်ဖိတ်ကြားခဲ့တာ။ ဒါကြောင့် ရှင်တို့နှစ်ယောက် တိုက်ခိုက်လို့ တစ်ခုခုဖြစ်သွားရင် ကျွန်မ အပြစ်မကင်းဘူး”

ကျွင်းချိုးယွင်က ပိုင်မုအား ကြည့်သည်။ ရီဖူရှင်းအနေဖြင့် သဘောမတူစရာအကြောင်းမရှိဟု သူထင်သည်။ ရီဖူရှင်းကား သေလူဖြစ်နေလေပြီ။ ထို့ကြောင့် ပိုင်မု၏လုပ်ဆောင်ချက်က ရီဖူရှင်းကို အသက်ကယ်တင်သည်နှင့်ပင် တူ၏။

“ကျွင်းမိသားစုက ဖန်းလိုင်ဒေသမှာ တရားဥပဒေအတိုင်း ပြုမူနေထိုင်ခဲ့ကြတယ်။ ရှင်က ဒီနေရာမှာ မသင့်တော်တာ တစ်ခုခု မဖန်တီးချင်ဘူးလို့ ကျွန်မ ယုံတယ်။ မနက်ဖြန်က အရှေ့နတ်ဘုရားကျွန်းစုဖွင့်တဲ့နေ့ပဲ။ ပိုင်မုက ဖိတ်ကြားခံရသူတွေ အကုန်လုံးကျွန်းပေါ်သို့ တက်စေချင်တယ်” ကျွင်းချိုးယွင်က တွန့်ဆုတ်နေသည်ကိုမြင်လျှင် ပိုင်မုက ဆက်ပြောသည်။ ပုံမှန်အားဖြင့် သူမသည် သူတို့နှစ်ဦးအကြား ကြီးမားသော ကွာဟမှုကို မြင်သည်။ ရီဖူရှင်းသည် ထိတ်လန့်ဖွယ်ကောင်းသော အလားအလာပါရမီကို ပြသထား၏။

ရီဖူရှင်းအား ကျွန်းပေါ်သို့ မတက်မှီ သေသွားရန် သူမ မလိုလားပေ။ ရီဖူရှင်းအနေဖြင့် ကျွန်းပေါ်သို့ တက်ခွင့်ရပါက အခွင့်အရေးများစွာ ရရှိနိုင်သည်။

ပိုင်မု၏မျက်လုံးများမှ ခိုင်မာသော သဘောထားအား မြင်လျှင် ကျွင်းချိုးယွင်က ရီဖူရှင်းကို ကြည့်သည် “ဒီနေ့ဖြစ်ခဲ့တာအတွက် ငါမင်းနဲ့ နောက်မှ စာရင်းရှင်းမယ်။ မင်းကို ရက်နည်းနည်း အသက်ရှင်ခွင့်ပေးလိုက်မယ်”

***


Comment

Leave a Reply


Options

not work with dark mode
Reset