“မသွားဘူး…” ရီဖူရှင်းက ပြန်မပြောရသေးမှီတွင်ပင် ပေ့ကုန်းရွှမ်က ငြင်းသည်။ သူမ၏မျက်နှာတွင် ခေါင်းမောသော အရိပ်အယောင်များရှိနေ၏။
“အကြီးအကဲက ဘာလို့ သူနဲ့အတူ မပြန်တာလဲ” ရီဖူရှင်းက အကြံပြုသည်။
“အရှေ့နတ်ဘုရားကျွန်းစုက ကံကောင်းခြင်းတွေနဲ့ ပြည့်နေတယ်။ အိမ်တော်သခင်ဆိုရင်လည်း ပြန်မှာလား” ပေ့ကုန်းအော့က ရီဖူရှင်းကို မေးသည်။
“မပြန်ဘူး…” ရီဖူရှင်းက ခေါင်းယမ်းသည်။ သို့သော်လည်း သူက ပေ့ကုန်းအော့ကို ကြည့်ကာ ပြောသည် “ဒါပေမဲ့ မိန်းကလေးရွမ်က လမ်းစဉ်သက်သေပြပြီးတဲ့ ရန်ဟောင်တစ်ယောက်ပဲ။ ဒီကိစ္စမှာတော့ သူ့ဘာသာသူ ဆုံးဖြတ်သင့်တယ်”
ပေ့ကုန်းအော့သည် ရီဖူရှင်းကို ကြည့်ရင်း အံ့အားသင့်သွားသည်။ သူသည် သူ့သမီးအပေါ်တွင် ကန့်သတ်ချက်များ အမှန်တကယ် များပြားပေသည်။ ရီဖူရှင်းပြောသောစကားက မမှားပေ။
သို့သော်လည်း ပေ့ကုန်းရွမ် ထွက်သွားရန် သူအလိုရှိနေဆဲဖြစ်သည်။ ဤသည်က ဖခင်တစ်ဦး၏စိတ်ပူပန်မှုလည်းဖြစ်သည်။
ကျွင်းချိုးယွင်သည် လူကောင်တစ်ဦးမဟုတ်ပေ။ ထို့အပြင် အလွန်လည်း မာနကြီးပြီး အသေးအမွှားကိစ္စရပ်များကိုပင် လက်စားချေလိုသူတစ်ဦးဖြစ်သည်။ ကျွန်းပေါ်တွင် ပြဿနာများဖြင့် ကြုံတွေ့ရမည်မှာ သေချာသလောက်ရှိ၏။
ရီဖူရှင်းတို့အဖွဲ့သည် ၄င်းတို့ကုန်းမြေ၏အဆင့်မြင့်အင်အားစုဖြစ်သော်လည်း ကျွင်းမျိုးနွယ်သခင်လေးက သူတို့အား တူညီသော အဆင့်အတန်းဟု မသတ်မှတ်ပေ။
“ကျုပ်တို့ ကျွန်းပေါ်ကို တက်ရင် ကျုပ်နဲ့နီးနီးကပ်ကပ်နေပါ” ရီဖူရှင်းက ပေ့ကုန်းရွမ်ကိုပြောသည်။
ပေ့ကုန်းအော့ အံ့ဩသွားသည်။ သူက ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်လိုက်၏။ ပေ့ကုန်းရွမ်ကလည်း သူ့အား ကြည့်သည်။ သူမက ညင်သာစွာ ခေါင်းညိတ်သည် “အင်း…”
ရီဖူရှင်းက ထိုသို့ပြောရာ ပေ့ကုန်းအော့ကလည်း ထပ်မပြောတော့ပေ။ ရီဖူရှင်း၏စကားမှ ခိုင်မာသော ယုံကြည်ချက်အား သူခံစားမိသည်။
“သွားရအောင်” ရီဖူရှင်းက ထိုနေရာမှထွက်ကာ တည်းခိုရန် နေရာရှာသည်။
ဖန်းလိုင်ကုန်းမြေတွင် ကျင့်ကြံသူများ တဖြေးဖြေးပိုများလာသည်။ နေရာဒေသအနှံ့မှ လူများ တဖွဲဖွဲရောက်လာနေကြ၏။ သူတို့က အရှေ့နတ်ဘုရားကျွန်းသို့ ဝင်ကြမည်ဖြစ်သည်။
ကျွန်းကို ဖွင့်လှစ်ရန် တစ်ရက်မျှာသာ လိုတော့သည်။ ကျင့်ကြံသူများအားလုံးက အစွမ်းကုန်ပြင်ဆင်ထားကြ၏။
သေရည်ဆိုင်တစ်ခု၏အမိုးဖွင့်အပေါ်ထပ်တွင် ရီဖူရှင်း၊ အင်ပါယာဟယ်လျန်နှင့် တခြားလူများ ငြိမ်သက်စွာ စားသောက်နေကြ၏။ သူတို့က အောက်မှ လူများကို ငုံ့ကြည့်ကာ စိတ်လှုပ်ရှာနေကြသည်။
ကုန်းမြေပေါင်းစုံမှ အစွမ်းထက်ရန်ဟောင်များစွာတို့သည် ဤနေရာသို့ လာရောက်စုစည်းကြ၏။ ဤလူစုစည်းမှုကြီးအား ရီဖူရှင်းအနေဖြင့် တစ်ခါမှ တအံ့တသြဖြစ်ရ၏။ ဤမျှများပြားသော ရန်ဟောင်များကို သူ့တစ်သက်တွင် မမြင်ဖူးပေ။
အင်ပါယာဟယ်လျန်က ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချသည် “ကျုပ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် အထွတ်အထိပ်မှာလို့ ထင်ထားတာ။ ဒီနေ့မှာတော့ ကျုပ်ထက် အဆင့်မြင့်သူတွေ အများကြီးကို တွေ့ရတာပဲ။ ဒါက ကျုပ်ကို တကယ်ပဲ အမြင်ကျယ်စေတယ်”
“ကျင့်ကြံခြင်းမှာ အဆုံးမရှိဘူး။ မဟာအင်ပါယာတွေတောင်မှ ဆက်ပြီး ကျင့်ကြံကြရတယ်” ပေ့ကုန်းအော့က တိုးညင်းစွာ ပြောသည်။ သူတို့က သူတို့၏ကုန်းမြေတွင်တော့ ထိပ်သီးတန်ခိုးရှင်များဖြစ်သော်လည်း ဤနေရာတွင်ကား မိမိကိုယ်ကို နှိမ့်ချနေထိုင်ရန် လိုပေသည်။
ကျင့်ကြံခြင်းလောကတွင် စွမ်းအားမြင့်တန်ခိုးရှင်များ များပြားလွန်းသည်။
“တုံ့ဟွာပိုင်နက်ထဲမှာ ဘယ်သူအသန်မာဆုံးလဲ” ရီဖူရှင်းက ရုတ်တရက်မေးသည်။ သူက ရုတ်တရက်မေးလျှင် အင်ပါယာဟယ်လျန်နှင့် ပေ့ကုန်းအော့တို့အား အံ့အားသင့်သွားစေသည်။ ရီဖူရှင်းက တုံ့ဟွာပိုင်နက်အကြောင်းကို အဘယ်ကြောင့် ရုတ်တရက်ပြောရသနည်း။
“တုံ့ဟွာပိုင်နက်က အရမ်းကြီးလွန်းတယ်” အင်ပါယာဟယ်လျန်က အဝေးကို ကြည့်ကာ ပြောသည်။ ပိုင်နက် ၁၈ခုမှ ပိုင်နက်တစ်ခုစီသည် ကုန်းမြေပေါင်းတစ်သောင်းစီခန့်ရှိသည်။ ထိုကုန်းမြေများတွင် မရေမတွက်နိုင်သော တန်ခိုးရှင်များရှိ၏။ ထိပ်သီးပုဂ္ဂိုလ်များလည်း မရေမတွက်နိုင်အောင်ရှိသည်။
“ဒါ မှန်တယ်… ကျုပ်တို့ကိုထား၊ ဖန်းလိုင်ကျွန်းပေါ်က ကလန်တွေတောင်မှ ထိပ်သီးအင်အားစုတွေလို့ မသတ်မှတ်နိုင်ဘူး” ပေ့ကုန်းအော့က ပြောသည် “အသန်မာဆုံးလူကိုတော့ ဘယ်သိနိုင်မလဲ။ ပိုင်နက်ခေါင်းဆောင် ဖြစ်ကောင်းဖြစ်နိုင်တယ်”
ရီဖူရှင်းက နားလည်ဟန်ဖြင့် ခေါင်းညိတ်သည်။ အင်ပါယာဟယ်လျန်နှင့် ပေ့ကုန်းအော့တို့မှာ အဆင့်မြင့်ရန်ဟောင်များဖြစ်သော်လည်း သူတို့အဆက်အဆံလုပ်ဖူးသော ဒေသများမှာ အကန့်အသတ်ရှိသည်။ သူတို့က ထိပ်သီးပုဂ္ဂိုလ်များအား သိပ်မသိပေ။
ရီဖူရှင်းက ကောင်းကင်ဒေသ၏ပိုင်နက်ဆယ့်ရှစ်ခုမှ ပိုင်နက်ခေါင်းဆောင်များ မည်မျှသန်မာသည်ကို မသိပေ။ သူတို့က မူလဘုံ၌ ပေါ်လာဖူးသော အင်ပါယာတုယူနှင့် အတူတူလောက် ရှိနိုင်သည်။
ကောင်းကင်ဒေသကား ကြီးမားလွန်းသည်။ ၄င်းက မှော်နက်လောက၊ နတ်ဆိုးလောကနှင့် တခြာလောကများကဲ့သို့ ဖြစ်ပေမည်။
ကြည့်ရသည်မှာ ရီဖူရှင်းက သူ၏ကျင့်ကြံဆင့်ကို မြန်ဆန်စွာ မြှင့်ရန် လိုပေသည်။ တတိယအဆင့်နတ်ဝင်ရိုးမျှဖြင့် သူ့အသက်ရှင်ရပ်တည်ရန် မလွယ်ကူပေ။
သူတို့ စကားပြောနေစဉ် ဟယ်လျန်ယိုနှင့် ပေ့ကုန်းရွမ်တို့သည် အိမ်တော်တစ်ခုအနီးတွင် လမ်းလျှောက်နေကြသည်။ သူတို့က စိတ်ဝင်စားဖွယ်ရာ တစ်ခုခုဝယ်ယူရန် ကြည့်ရှုနေကြခြင်းဖြစ်သည်။
ထိုနေရာကား အရောင်းခန်း အများအပြားရှိသော အိမ်တော်တစ်ခုဖြစ်သည်။ လူအများအပြားသည် ထိုနေရာတွင် အရောင်းအဝယ်လုပ်ကြ၏။ ပေ့ကုန်းရွမ်က အရောင်းခန်းတစ်ခုရှေ့တွင်ရပ်ကာ ရောင်းချရန် ပြသထားသော လျှပ်စီးဝိညာဉ်အမြုတေကို ကြည့်လိုက်သည်။ ပြင်းထန်သော လျှပ်စီးဓာတ်များ ထိုအရာမှ ထုတ်လွှတ်နေ၏။
“မင်းက ဒါကို စိတ်ဝိညာဉ်အဖြစ် သန့်စင်နိုင်တယ်။ ဒါက မင်းကို မိုးကြိုးလမ်းစဉ်မှာ ပိုပြီး ကျွမ်းကျင်စေတယ်” ဆိုင်ရှင်က ပေ့ကုန်းရွမ်ကို ပြုံးလျှက်ပြောသည်။
“အဲဒါ ဘယ်လောက်လဲ” ပေ့ကုန်းရွမ်က မေးသည်။
“မိုးကြိုးဝိညာဉ်အမြုတေက အဆင့်ငါးဝိညာဉ်ရတနာနဲ့ ညီမျှတယ်။ ကျုပ်က အဆင့်တူ အထူးစွမ်းအားတစ်မျိုးမျိုးပါဝင်တဲ့ ဝိညာဉ်ရတနာနဲ့ ရောင်းဝယ်တာ လက်ခံတယ်” တစ်ဘက်လူက ပြန်ပြောသည်။
“ကျွန်မက ဒါကို စမ်းသပ်ကြည့်လို့ရလား” ပေ့ကုန်းရွမ်က မေးသည်။
“သေချာတာပေါ့” တစ်ဘက်လူက ခေါင်းညိတ်သည်။ ပေ့ကုန်းရွမ်က လက်ဆန့်တန်းကာ အမြုတေကို ဆုပ်လိုက်သည်။ ချက်ချင်းပင် ပြင်းထန်သော လျှပ်စီးဓာတ်များ သူမထံသို့ စီးဝင်လာ၏။ သူမက လက်ကို မြန်ဆန်စွာ ရုပ်သိမ်းလိုက်သည်။
“ဒီအမြုတေက အဆင်ပြေတယ်” ဟယ်လျန်ယိုက ပြောသည်။ သူမသည် အလယ်အလတ်အဆင့်ရန်ဟောင်ဖြစ်ရာ သူမ၏နတ်အာရုံက ပိုမိုတိကျစွာ အကဲဖြတ်နိုင်၏။ ပေ့ကုန်းရွမ်က ခေါင်းညိတ်သည်။ သူမက သိုလှောင်လက်စွပ်တစ်ကွင်းထုတ်ကာ ဆိုင်ရှင်ကို ပေးလိုက်သည်။
ဆိုင်ရှင်က လက်စွပ်ကို ယူလိုက်ချိန်တွင် ပေ့ကုန်းရွမ်၏မျက်လုံးက မိုးကြိုးအမြုတေထံသို့ ရောက်နေသည်။
“မိန်းကလေး… ဘာလို့ ကျုပ်ကို လက်စွပ်အလွတ်ကြီးပေးတာလဲ” တစ်ဘက်လူက မေးခွန်းထုတ်သည်။ ပေ့ကုန်းရွမ်ကား မင်တက်သွားသည်။ သူမက လက်စွပ်ကို ယူလိုက်ကာ နတ်အာရုံဖြင့် ကြည့်လိုက်၏။ အမှန်ပင် လက်စွပ်ကား အခွံဖြစ်နေသည်။
သူမ၏အမူအရာက ပြောင်းလဲသွား၏။ ဆိုင်ရှင်က လက်စွပ်ကို လက်ခံယူပြီးသည်နှင့် တစ်နည်းနည်းဖြင့် လက်စွပ်ထဲမှ ပစ္စည်းကို ထုတ်ယူကာ အခွံဟု စွပ်စွဲပြောဆိုခြင်းဖြစ်ရပေမည်။
ဟယ်လျန်ယိုက သူမအား ကြည့်လျှင် ပေ့ကုန်းရွမ်က ပြောသည် “ကျွန်မ သူ့ကို ပစ္စည်းပေးလိုက်တယ်”
ဟယ်လျန်ယို၏အမူအရာ အေးစက်သွားကာ သူမက လက်ဝှေ့ယမ်းလိုက်ပြီး မိုးကြိုးအမြုတေကို ယူလိုက်ကာ ပြောသည် “ရှင်က ရယ်စရာပြောနေတာပဲ”
“အတင့်ရဲတယ်…” ဆိုင်ရှင်က ဒေါသတကြီးပြောလိုက်၏။ သူ့ကိုယ်မှ စွမ်းအားတစ်ခု ထွက်ပေါ်လာကာ လက်ဝှေ့ယမ်းလိုက်လျှင် ဟယ်လျန်ယိုနှင့် ပေ့ကုန်းရွမ်က နောက်ဆုတ်လိုက်သည်။
“ဘာဖြစ်တာလဲ…” ထိုအခိုက်တွင် အပေါ်မှ တန်ခိုးရှင်များဆင်းသက်လာကြသည်။ သူတို့၏အရှိန်အဝါများသည် အလွန်ပြင်းထန်၏။ ဦးဆောင်လာသူကား အဆင့်မြင့်ရန်ဟောင်တစ်ဦးဖြစ်သည်။
ဟယ်လျန်ယိုက သူတို့အားမြင်လျှင် မျက်နှာအမူအရာပြောင်းသွားသည်။ သူမတို့က ထောင်ချောက်မိသွားပြီဖြစ်ကြောင်း သိလိုက်၏။ တစ်ဘက်လူကား အစီအစဉ်ချကာ သူတို့အား စောင့်နေခြင်းဖြစ်သည်။
တွန့်ဆုတ်ခြင်းမရှိဘဲ ဟယ်လျန်ယိုက နတ်အာရုံကို ရီဖူရှင်းတို့ထံသို့ ထုတ်လွှတ်လိုက်၏။ ရီဖူရှင်းတို့က သိပ်မဝေးသောနေရာတွင်ရှိကာ သူမတို့က ပြဿနာကြီးထဲ ကျရောက်သွားရာ သူတို့အား အသိပေးရန် လိုပေသည်။
ကံမကောင်းစွာဖြင့် စွမ်းအားတစ်ခုက ရုတ်တရက် ထိုနေရာကား ပိတ်ဆို့ကာ သူမ၏နတ်အာရုံကို တားဆီး၏။
“တစ်ယောက်က အရောင်းအဝယ်စည်းမျဉ်းကို ချိုးဖျက်တယ်။ ကျုပ်က ဒီနေရာကို ယာယီပိတ်ဆို့ဖို့လိုတယ်” သတ်လတ်ပိုင်ရန်ဟောင်က ပြောသည်။ သူကား အေးစက်ကာ ထူးမခြားနားသော အမူအရာရှိသည်။ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ရှိနေ၏။
သည်အမျိုးသမီးသည် ထူးထူးခြားခြားလှပချောမောသော်လည်း ကံမကောင်းသည်က သူမသည် ယနေ့သေရမည်။
ဟယ်လျန်ယို၏အမူအရာ ပျက်သွားသည်။ သူမက ပေ့ကုန်းရွမ်ကို ဆွဲကာ နောက်ကို ဆုတ်လိုက်၏။ သို့သော်လည်း ကြီးမားသောဖိအားတစ်ခုသည် သူမတို့ထံသို့ ဆင်သက်လာကာ ပြေးလမ်းများကို ပိတ်ဆို့ထား၏။
သတ်လတ်ပိုင်းရန်ဟောင်က အေးစက်စွာ ပြောသည် “ဖန်းလိုင်နတ်ဘုရားနယ်မြေကိုလာပြီးတော့ ခိုးဝှက်တယ်။ သက်ညှာခြင်းမရှိဘဲ သတ်ဖြတ်ရမယ်”
ထိုသို့ပြောလိုက်လျှင် ဝိုင်းထားသော ရန်ဟောင်များထံမှ ပြင်းထန်သောအရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ ချက်ချင်းပင် ဟယ်လျန်ယိုနှင့် ပေ့ကုန်းရွမ်တို့သည် ကြီးမားသော ဘေးအန္တရာယ်နှင့် တွေ့ကြုံရသည်။
***