Switch Mode

အပိုင်း(၁၈၈၉):

မြုပ်ကွယ်နေသောအန္တရာယ်များ

ကုန်းမြေကို ယခုမှ ရောက်လာသောသူတစ်ယောက်က ကျွင်းချိုးယွင်ကို အထင်သေးနေသည်လား။ လူအများအပြားက သံသယမျက်လုံးများဖြင့် ကြည့်ကြသည်။ သူတို့က မယုံကြည်နိုင်ပေ။ ကျွင်းချိုးယွင်ကဲ့သို့ အဆင့်အတန်းမျိုး လူအနည်းငယ်သာ ပိုင်ဆိုင်သည်။ သည်မတိုင်ခင်က သူတို့သည် ရီဖူရှင်း၏နောက်ကြောင်းကို သိရှိလိုကြ၏။ ယခု သူသည် အိမ်တော်သခင်တစ်ဦးမျှသာဖြစ်သည်။ သူ၏ကျင့်ကြံခြင်းကလည်း သိပ်မမြင့်ပေ။

“အတင့်ရဲတယ်…” အသံတစ်သံကို ကြားရသည်။ လူအများအပြားက လှမ်းကြည့်လျှင် သူတို့က လှပသောမိန်းကလေးတစ်ယောက်အား တွေ့ရ၏။ သူမကား ရီဖူရှင်းဘေးမှ ပေ့ကုန်းရွှမ်းဖြစ်သည်။

“ရှင်က ဒါကို လေးစားတယ်လို့ခေါ်တာလား” ပေ့ကုန်းရွှမ်က ကျွင်းချိုးယွင်ကို ကြည့်ကာ မေးသည်။ သူမက သူ့အား သဘောမကျသော မျက်လုံးမျိုးဖြင့် ကြည့်သည်။ ကျွင်းချိုးယွင်ကား ချောမောသော်လည်း အတွင်းစိတ်ကောက်သည်။

ထိုလူက လူတိုင်းသည် သူ၏အမိန့်ကို နာခံရမည်ဟု တွေးနေသည်။ သူနှင့်သဘောထားမတိုက်ဆိုင်သူတိုင်းက သူ့ရန်သူဟု သတ်မှတ်ထားကာ သူ့အား အထင်သေးသည်ဟု လူပုံအလယ်တွင် မှတ်ချက်ပြုသည်။

“ရွှမ်အာ…” ပေ့ကုန်းအော့က တိုးတိတ်စွာ ခေါ်သည်။ သူတို့ကား ပြင်ပမှလူများဖြစ်သည်။ ကျွင်းကလန်သည် အင်အားကြီးမားသလို ဖန်းလိုင်ကုန်းမြေ၏အိမ်ရှင်လည်းဖြစ်သည်။ သူတို့နှင့် ပြဿနာဖြစ်ခြင်းက ကောင်းမွန်သော အပြုအမူ မဟုတ်ပေ။

ပေ့ကုန်းရွှမ်က သူ့အား အေးစက်စွာကြည့်ကာ ဘာမှ ထပ်မပြောတော့။ ထိုအခိုက်တွင် ကျွင်းချိုးယွင်က သူမအား ကြည့်သည်။ သူက ဒေါသထွက်သည့်ဟန်မပြဘဲ အေးဆေးစွာ ပြောသည် “အဲဒါ မဟုတ်ဘူးလား”

ပေ့ကုန်းရွှမ်က ပြန်ပြောရန် ဟန်ပြင်သည်တွင် ပေ့ကုန်းအော့က သူမအား တိတ်တိတ်နေရန် အကြည့်ဖြင့် အချက်ပြသည်။

အခြေအနေသည် တခဏအတွင်း သက်တောင့်သက်သာမရှိ ဖြစ်လာသည်။ ထိုစဉ် ပိုင်မုက ပြောသည် “အားလုံးက အရှေ့နတ်ဘုရားကျွန်းစုအတွက် ရောက်လာတာပဲ။ ကျွန်မတို့အားလုံးက အရှေ့နတ်ဘုရားကျွန်းစုရဲ့မိတ်ဆွေတွေဆိုမှတော့ စိတ်မပျော်စရာကိစ္စတွေကို ထားခဲ့ကြရအောင်”

သူမက အခြေအနေကို ဝင်ထိန်းပေးလိုသည်။ ထိုစဉ် ကျွင်းချိုးယွင်က ပြုံးလျှက်ပြောသည် “နတ်မိမယ်က အရမ်းစိုးရိမ်လွန်းပါပြီ။ ကျုပ်က အရမ်းကြီးခံစားမနေပါဘူး။ ကျုပ်က လေးစားမှုကြောင့်မဟုတ်ဘူးလို့ သူမက ဘာလို့ပြောသလဲ စိတ်ဝင်စားမိတယ်”

ရီဖူရှင်းက မျက်မှောင်ကြုတ်သည်။ ပိုင်မုက တမင် ကြားမှ ညှိနှိုန်းပေးနေသော်လည်း ကျွင်းချိုးယွင်ကား အလျော့ပေးမည့်ဟန်မရှိပေ။

သူ၏လေသံက တည်ငြိမ်ကာ အေးဆေးသည့်ဟန်ရှိသော်လည်း သူ၏စကားက တစ်ဘက်လူများအား ရိုကျိုးကာ နှိမ့်ချစေလိုသော သဘောပါဝင်သည်။

ပေ့ကုန်းရွှမ်က ယခု မည်သို့ တုန့်ပြန်မည်နည်း။

ပေ့ကုန်းအော့က ပေ့ကုန်းရွှမ်အား တားဆီးထားကြောင်း လူအုပ်က ရိပ်မိသည်။ ထိုအခိုက်တွင် အားလုံးက ပေ့ကုန်းရွှမ်ကို ကြည့်နေသည်။ သူတို့က ထိုဝင့်ကြွားကာ မောက်မာသော အမျိုးသမီး ခေါင်းငုံ့အရှုံးပေးမည်လား ကြည့်နေကြသည်။

ကျွင်းချိုးယွင်က သူမအား ခေါင်းငုံ့စေလိုသည်။

“ရက်နည်းနည်းကြာပြီးရင် ကျုပ်တို့က အရှေ့နတ်ဘုရားကျွန်းစုကို သွားလေ့ကျင့်မယ်။ အဲဒီအချိန်ကျရင် ခင်ဗျားက ဘာလို့ ကျုပ်ကို အဖော်လိုက်ပြီးတော့ ကျွန်းပေါ်မှာ မလေ့ကျင့်တာလဲ” ရီဖူရှင်းက ကျွင်းချိုးယွင်ကို မေးသည်။

သူက ထိုသို့ပြောလျှင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ရီဖူရှင်းက ကျွင်းချိုးယွင်ကား ကျွန်းပေါ်တွင် သူနှင့်အတူလေ့ကျင့်ရန် ခေါ်နေသည်။

ကျွင်းချိုးယွင်မှာ မည်သူဖြစ်သနည်း။ ရီဖူရှင်းကား တုံ့ယွင်အိမ်တော်၏ရုပ်သေးခေါင်းဆောင်တစ်ဦးသာဖြစ်သည်။ သူက ကျွင်းချိုးယွင်ကို သူ့အား အဖော်လုပ်စေလိုသည်။

ထိုအခိုက်တွင် လူအများအပြား၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများဖြစ်လာသည်။ သူတို့က ဖြစ်ပေါ်လာသော အခြေအနေကို နားမလည်ကြပေ။ ရန်ဟောင်အဆင့်သို့ ကျင့်ကြံလာသူ မည်သူမဆို အရူးမဟုတ်ပေ။ ကောင်းကင်ဒေသတွင် အသက်ရှင်ရန် တစ်စုံတစ်ယောက်သည် မြင့်မားသော ဉာဏ်ရည်အား ပိုင်ဆိုင်ရန် လိုသည်။

ရီဖူရှင်း၏စကားက သေချာပေါက် ကျွင်းချိုးယွင်ကို အပြစ်ပြုမိပြီဖြစ်သည်။

သူက ကျွင်းချိုးယွင်ကို လူပုံအလယ်တွင် ပါးရိုက်လိုနေသည်လား။

ကျွင်းချိုးယွင်သည်ပင် အံ့အားသင့်သွားသည်။ သူက ထိုသို့စကားများကိုသာ ကြားရမည်ဟု မမျှော်လင့်ထားပေ။ သူက ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်သည်။ တစ်စုံတစ်ယောက်က သူ့အား ထိုသို့စကားများပြောမည်ဟု မထင်ထား။

“ကောင်းပြီ…အဲဒီအချိန်ကျရင် ကျုပ်က အိမ်တော်သခင်ကို အဖော်ပြုပြီး ကျွန်းပေါ်ကို တက်ပါ့မယ်” ကျွင်းချိုးယွင်က ဒေါသထွက်ခြင်းမရှိဘဲ ပြောသည်။ အမှန်တကယ်အားဖြင့် သူက မခိုးမခန့်ပင် ပြုံးလိုက်သေးသည်။ သူက မိတ်ဆွေဟောင်းတစ်ဦးနှင့် စကားပြောနေသည့်အလား…။

“ကြည့်ရတာ ကျုပ်ရဲ့လေးစားကြည်ညိုစိတ်က မှားယွင်းအကဲဖြတ်ခံရတာပဲ။ ကျုပ်က ဒီမတိုင်ခင်က တကယ်ပဲ အတွေးတိမ်ခဲ့တယ်။ ခင်ဗျားက အရမ်းပွင့်လင်းတဲ့လူတစ်ယောက်ပဲ။ ခင်ဗျားရဲ့စိတ်နေစိတ်ထားကို ကျုပ်က လိုက်မမှီပါဘူး” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ သူကလည်း ထူးမခြားနားစွာ မာန်မာနမရှိသည့်အလား ပြုမူပြောဆိုသည်။

သူ၏စကားများကိုကြားသည်တွင် လူအုပ်မှာ မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်ကြတော့။

ကျွင်းချိုးယွင်က ရီဖူရှင်းအား သည်မတိုင်ခင် သူ့အား ကျွန်းပေါ်သို့ တက်ရန် အဖော်အဖြစ် ခေါ်ခဲ့ဟန်ရှိသည်။ သို့သော်လည်း ရီဖူရှင်းကို ထိုကိစ္စအား ငြင်းပယ်ခဲ့ရာ ကျွင်းချိုးယွင်အား မကြေမနပ်ဖြစ်စေခဲ့သည်။

ထို့ကြောင့် ဤသို့သော မြင်ကွင်းဖြစ်လာရ၏။

မှန်သည်၊ ကျွင်းချိုးယွင်လုပ်ခဲ့သောကိစ္စအပေါ် လူအများက အပြစ်မမြင်ကြပေ။ သူ၏အဆင့်အတန်းအရ တုံ့ယွင်အိမ်တော်သခင်အား သူ့လက်အောက်ကို ဝင်ရန် ခေါ်ဆောင်ခြင်းက ပုံမှန်ကိစ္စသာဖြစ်သည်။ တစ်ဘက်တွင် ရီဖူရှင်းက ကျွင်းကလန်၏သခင်လေးအား သူ၏လက်အောက်ကို ခေါ်ရန် ထိုက်တန်ပါ၏လော။

သူတို့၏အဆင့်အတန်းကား မူလအားဖြင့် မတူညီကြပေ။

မည်သည့်စကားအခြေအတင်မျှမရှိဘဲ သူတို့အကြားမှ လျို့ဝှက်ချက်မှာ လူအများကြား နားလည်လွယ်သော ကိစ္စဖြစ်လာသည်။ ရီဖူရှင်းက ကျွင်းချိုးယွင်ကို ငြင်းပယ်လိုက်ကတည်းက သူသည် တစ်ဘက်လူအား အပြစ်ပြုမိပြီးဖြစ်သည်။

သည်ကိစ္စကား သည်နေရာတွင် ရပ်တန့်မည် မဟုတ်ပေ။

ပေ့ကုန်းအော့က ရီဖူရှင်းအားကြည့်ကာ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်သော်လည်း တွန့်ဆုတ်နေဟန်ရသည်။ ပေ့ကုန်းရွမ်ကား ရန်ဟောင်အဆင့်အထိ ကျင့်ကြံခဲ့သော်လည်း ကျင့်ကြံခြင်းလောက၏ရက်စက်မှုကို နားလည်သော ရင့်ကျက်မှုမျိုး မရှိသေးဟု ရီဖူရှင်းက တွေ့ရသည်။

“အိမ်တော်သခင်… ကျွင်းချိုးယွင်က အလျော့မပေးချင်ဘူး။ သူက အရမ်းမာနကြီးပြီးတော့ ကျုပ်တို့ကို ရိုက်ချိုးချင်နေတာ သေချာတယ်။ သူက သေချာပေါက် ကျုပ်တို့ကို နောက်ပိုင်း လက်စားချေမှာပဲ” အင်ပါယာဟယ်လျန်က သတိပေးသည် “ကျွန်းပေါ်ကို တက်တဲ့အခါ သူ့ကို ဂရုစိုက်ဖို့လိုတယ်”

အင်ပါယာဟယ်လျန်က စိတ်ပူစွာ သတိပေးသည်။

“အင်း…” ရီဖူရှင်းကလည်း စိတ်ဖြင့် ပြန်လည်၍ ပြန်ပြော၏။ သည်မတိုင်ခင်က သူသည် တစ်ဘက်လူများနှင့် သိပ်ပြဿနာမများလို၍ သည်းခံခဲ့၏။ သို့သော်လည်း ပေ့ကုန်းရွမ်က သူ့အတွက် ဝင်ပြောလိမ့်မည်ဟု မထင်ထားပေ။

ပေ့ကုန်းရွမ်က သူ့အတွက် ဝင်ရပ်တည်မှတော့ ရီဖူရှင်းအနေဖြင့် သူမအား တစ်ယောက်တည်း ဖိအားများကို ခံစားစေရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ပေ့ကုန်းအော့သည်လည်း စိတ်ပူနေသည်။ သူသည် ကလန်ခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း ကောင်းကင်ဒေသတွင် အားကြီးသောအဖွဲ့အစည်းများစွာရှိသည်။ များသောအားဖြင့် သူတို့သည် အခက်အခဲများကို သည်းခံရန် လိုအပ်သည်။

တခြားတစ်ဘက်တွင် မိသားစုမရှိသော ရီဖူရှင်းကဲ့သို့သောသူများသည် အချုပ်အနှောင်ကင်းစွာ၊ လွတ်လပ်စွာ ပြုမူနိုင်သည်။

အပေါ်ဆုံးထိုင်ခုံသည်တွင် ပိုင်မုသည် ရီဖူရှင်းအား ထူးခြားလေးနက်သော အကြည့်ဖြင့် ကြည့်နေသည်။ ရီဖူရှင်းက ကျွင်းချိုးယွင်အား ဤသို့ တိုက်ရိုက်ဆန့်ကျင်ခြင်းက ထူးဆန်းသည်ဟု သူမက ယုံကြည်သည်။ ဤသို့လုပ်ခြင်းက ရီဖူရှင်းအတွက် အရှေ့နတ်ဘုရားကျွန်းစုသို့ ခရီးတွင် အခက်အခဲများ ဖြစ်ပေါ်စေနိုင်သည်။

သို့သော်လည်း သူမတွင် မည်သည့်ဘက်နှင့်မှ ရင်းနှီးသော ဆက်ဆံရေးမရှိပေ။ အရှေ့နတ်ဘုရားကျွန်းစုသည် ဤသို့သောကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းမပြုပေ။

“အရှေ့နတ်ဘုရားကျွန်းစုပေါ်မှာ သေချာပေါက် ကံကြမ္မာကောင်းတွေနဲ့ တွေ့ကြုံရမှာပဲ။ ရှင်တို့အားလုံးက ကုန်းမြေအသီးသီးက စွမ်းအားမြင့်တန်ခိုးရှင်တွေ ဖြစ်ကြတယ်။ ကျွန်းပေါ်ကို တက်တဲ့အချိန်မှာ ရှင်တို့အားလုံး အကျိုးဖြစ်ထွန်းစေဖို့ ကျွန်မ မျှော်လင့်တယ်။ တကယ်လို့ ဒါပြီးရင် ကျွန်းပေါ်မှာ လေ့ကျင့်ချင်တဲ့သူတွေရှိရင် ကျွန်မကို ဆက်သွယ်နိုင်တယ်” ပိုင်မုက အခြေအနေကို ဝင်ရောက်ထိန်းသိမ်းကာ စကားလမ်းကြောင်းလွှဲလိုက်သည်။

“ကျုပ်က အရှေ့နတ်ဘုရားကျွန်းစုကို လည်ပတ်ဖို့ အမြဲတမ်းစိတ်ဝင်စားခဲ့တယ်။ ကျုပ်က ဒါကို နှစ်ပေါင်းများစွာ ကြားဖူးခဲ့တယ်” ကျင်းချိုးယွင်က ပြောသည် “လွန်ခဲ့တဲ့ဆယ်နှစ်က ကျုပ်က အဲဒီကို သွားဖူးချင်ခဲ့တယ်။ အဲဒီတုန်းက ကျုပ်တန်ခိုးအဆင့်က နိမ့်နေသေးတော့ အဖေက သွားခွင့်မပြုခဲ့ဘူး။ ဒီတစ်ခေါက်ကတော့ ကျွန်းပေါ်ကို သေချာပေါက် လျှောက်ကြည့်ပစ်မယ်။ အနာဂတ်မှာ ကျုပ်က နတ်မိမယ်နဲ့အတူ လေ့ကျင့်ခွင့်ရရင်တောင် ရမယ်” သူက ပိုင်မုအား ညင်သာစွာပြုံးလျှက်ပြောသည်။ သူက လက်ရှိတင်းမာသော အခြေအနေကို မေ့လျော့သွားသည့်အလား ပြောနေသည်။

“ဆရာကျွင်းက ဒီလိုပြောမှတော့ ကျွန်မက ရှင်ရောက်လာတာကို စောင့်ပါ့မယ်” ပိုင်မုက ပြောသည်။

သည်တစ်ကြိမ် ပိုင်မုက အဖွဲ့အစည်းအသီးသီးမှ လူများကို ဖိတ်ကြားသော်လည်း အထူးတလေ ရည်ရွယ်ချက်တော့ မရှိပေ။ သူမက အနယ်နယ်အရပ်ရပ်မှ ထူးခြားသူများနှင့် သိကျွမ်းရန်သာဖြစ်သည်။

အတန်ကြာနေပြီးနောက် ရီဖူရှင်းသည် နှုတ်ဆက်ကာ ထွက်ခွာသွားသည်။ သူကား ထိုနေရာတွင် နေရသည်ကို ပျင်းလာ၏။ သူက ဖန်းလိုင်နတ်ဘုရားကုန်းမြေကို လျှောက်ကြည့်လိုသေးသည်။

ပိုင်မုကလည်း သူတို့အား မတားပေ။

သူတို့ထွက်လာပြီးနောက်တွင် ရီဖူရှင်းက ပေ့ကုန်းရွမ်ကို မေးသည် “ညီမက ကျုပ်အတွက် ဘာလို့ ဝင်ပြောပေးတာလဲ”

“ကျွန်မ သူ့ကို သည်းမခံနိုင်ဘူး။ တခြားအကြောင်းပြချက် လိုသေးလို့လား” ပေ့ကုန်းရွမ်က ရီဖူရှင်းအား ကြည့်ကာ ပြောသည်။

“ဒါ မှန်တယ်…” ရီဖူရှင်းက လက်ခံဟန်ဖြင့် ခေါင်းညိတ်သည်။

“ဒီမတိုင်ခင်က ကျွန်မက တုံ့ယွင်အိမ်တော်မှာ ရှင်နဲ့အတူ ကျင့်ကြံနေတုန်းမှာ ကျွန်မ အကြောင်းပြချက် လိုခဲ့လို့လား။ ရှင်က ကိစ္စတွေကို တွေးတောပြီး ဘာလို့ ရှုပ်ထွေးစေတာလဲ။ ကျွန်မတို့က ကျင့်ကြံတာမှာ စိတ်သဘောအတိုင်းလုပ်ကြတာပဲမလား” ပေ့ကုန်းရွမ်က ရီဖူရှင်းအား လှပသော မျက်လုံးများဖြင့် ကြည့်သည် “အရင်တုန်းက ကျွန်မဟာ ရှင်နဲ့ ဒီအတိုင်း လေ့ကျင့်လိုခဲ့တယ်။ ဒါကြောင့် ရှင့်နောက်ကို လိုက်ခဲ့တာပဲ”

ရီဖူရှင်းက ပေ့ကုန်းရွှမ်ကို အလေးအနက်ကြည့်သည်။ သူကများ အတွေးလွန်နေခြင်းလား။

ပေ့ကုန်းရွှမ်သည် ကလေးတစ်ယောက်၏စိတ်နှလုံးသားကို ပိုင်ဆိုင်ထားပြီး လောက၏အညစ်အကြေးများဖြင့် ကင်းစင်သည်။ သူက ပေ့ကုန်းအော့ကို ထူးထူးဆန်းဆန်းကြည့်၏။ ပေ့ကုန်းမိသားစုခေါင်းဆောင်သည် မြေခွေးအိုတစ်ကောင်ဖြစ်သော်လည်း သူ၏သမီးအား တင်းကြပ်စွာ အကာအကွယ်ပေးထားသည်။

အနောက်တွင် ရပ်နေသော ပေ့ကုန်းအော့သည် မသက်မသာပြုံးသည်။ သူ၏သမီးသည် ထူးခြားသောပါရမီများဖြင့်မွေးဖွားလာခဲ့သော်လည်း ဖြူစင်သော စိတ်နှလုံးအား ပိုင်ဆိုင်၏။ ထိုအချက်ကြောင့်ပင် သူမသည် ကျင့်ကြံရာ၌ တခြားလူများထက် မြန်ဆန်ကာ ကောင်းမွန်သော စိတ်အခြေအနေအား ပိုင်ဆိုင်သည်။

ရီဖူရှင်းအား တွေ့သောအခါ သူသည် ထူးခြားသူဖြစ်ကြောင်း ချက်ချင်း သတိထားမိ၏။ ထို့ကြောင့် သူက ပေ့ကုန်းရွမ်အား ရီဖူရှင်းနှင့်အတူ ကျင့်ကြံရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်က သူသည် ကိုယ်ကျိုးအတွက် သူမအား စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ယခု ကျွင်းချိုးယွင်၏ပစ်မှတ်ထဲတွင် ပေ့ကုန်းရွမ် ပါဝင်နေသည်။ ထိုအဖြစ်က ပေ့ကုန်းရွမ်အား စိတ်ပူပန်စေသည်။

“အိမ်တော်သခင်… ကျုပ်က ပေ့ကုန်းရွမ်ကို အိမ်သို့ ပြန်ပို့ချင်ပါတယ်။ သူမက ကျွန်းပေါ်ကို မတက်တော့ပါဘူး” ပေ့ကုန်းရွမ်က တောင်းဆိုလိုက်သည်။ သူက ဆက်ပြောသည် “ဒါပေမဲ့ ကျွန်တော်ကတော့ အိမ်တော်သခင်နောက်ကို လိုက်မှာပါ”

ရီဖူရှင်းသည် ပေ့ကုန်းအော့၏စကားကိုကြားသောအခါ တစ်ဖက်သား၏စိုးရိမ်မှုကို နားလည်သည်။ သူ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ယင်းမတိုင်မီက သူသည် လေယူရာယိမ်းသော မြေခွေးတစ်ကောင်ဖြစ်၏။ သို့သော်လည်း သူက ပေ့ကုန်းအော့ကို အနည်းငယ် အထင်ကြီးလေးစားမိ၏။ ကျင့်ကြံသူတိုင်းသည် သန်မာသည်ဖြစ်စေ၊ အားကောင်းသည်ဖြစ်စေ သူတို့တွင် ကိုယ်ပိုင်ရှင်သန်ရန် နည်းလမ်းများ ရှိကြ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset