အပိုင်း(၁၈၈၈):

ကျွင်းချိုးယွင်

“ကျွင်းကလန်ဝင်တစ်ယောက်…” ရီဖူရှင်းဘေးမှ အင်ပါယာဟယ်လျန်က သူ့အား စိတ်ဖြင့် လှမ်းပြောသည်။ သူတို့က ဖန်းလိုင်ကုန်းမြေသို့ မရောက်ခင်က သူတို့သည် ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုများအကြောင်းကို အတိုချုံးပြောခဲ့ကြ၏။ ၄င်းတို့အထဲတွင် ကျွင်းကလန်သည်လည်း တစ်ခုအပါအဝင်။ ပုံမှန်အားဖြင့် ကျွင်းချိုးယွင်သည် ကျွင်းကလန်၏သခင်လေးတစ်ဦးဖြစ်သည်။

ရီဖူရှင်းက တစ်ဘက်လူအား ကြည့်သည်။ သည်ကျွင်းချိုးယွင်သည် သူနှင့်အသက်တူခန့်လောက်ရှိရာ ကျင့်ကြံဆင့်မှာလည်း အတူတူနီးပါးဖြစ်ပေမည်။ ပုံမှန်အားဖြင့် သူ၏အရှိန်အဝါနှင့် ဖြစ်တည်မှုမှာ ထူးခြားကောင်းမွန်ပေသည်။ မဟုတ်လျှင် သူက အရှေ့နတ်ဘုရားတံဆိပ်များအား အများအပြား ဝယ်ယူကာ ရီဖူရှင်းအား သူ့လက်အောက်သို့ ဆွဲသွင်းရန် အားထုတ်မည် မဟုတ်ပေ။

သူ၏သဘောအား ခန့်မှန်းရန် မခက်ခဲချေ။ ကျွင်းချိုးယွင်သည် အရှေ့နတ်ဘုရားတံဆိပ်များအား အသုံးပြုကာ လူတစ်စုနှင့်အတူ ရီဖူရှင်းအား ခေါ်ကာ အရှေ့နတ်ဘုရားကျွန်းစုသို့ သွားလိုသည်။ အရှေ့နတ်ဘုရားတံဆိပ်တစ်ခုသည် လူဆယ်ယောက်အား ခေါ်သွားနိုင်သည်။ အကယ်၍ သူသည်သာ တံဆိပ်အများအပြားကို စုဆောင်းနိုင်ပါက လူအမြောက်အများကို ခေါ်ဆောင်သွားနိုင်မည်မှာ သဘာဝဖြစ်သည်။ နောက်လိုက် တချို့ကို စုဆောင်းခြင်းဖြင့် သူသည် အရှေ့နတ်ဘုရားကျွန်းစုသို့ ဝင်ရောက်သောအခါ သေချာပေါက် အင်အားကြီးအုပ်စုတစ်ခု ဖြစ်လာပေလိမ့်မည်။

ကြည့်ရသည်မှာ ထိပ်သီးအင်အားစုများသည် အရှေ့နတ်ဘုရားကျွန်းစုသို့ ဝင်ရောက်ရန် ပြင်ဆင်နေကြခြင်းဖြစ်ဟန်တူသည်။

“မလိုဘူး။ ကျုပ်က ငရဲကြာပန်းကို အရင်ဆုံးတွေ့တာ။ ခင်ဗျား ကျုပ်အတွက် ထားပေးခဲ့လို့ မရဘူးလား” ရီဖူရှင်းက ကျွင်းချိုးယွင်ကို ပြုံးလျှက်ပြောသည်။ သူက ဒေါသမထွက်ဘဲ ယဉ်ကျေးစွာ ပြောသည်။

“နည်းနည်းလေးတောင် မစဉ်းစားတော့ဘူးလား” ကျွင်းချိုးယွင်က မေးသည်။ သူက သူ့ဘေးမှ တခြားသော တန်ခိုးရှင်များအား ပြောသည် “အရင်နေ့တွေက ကုန်းမြေအများအပြားက တန်ခိုးရှင်တွေဟာ ဖန်းလိုင်ကို လာရောက်စုရုံးကြတယ်။ ခင်ဗျားလည်း ဒီလိုပဲလို့ ကျုပ်ယူဆတယ်။ ကျုပ်နဲ့အတူ လာတဲ့သူတွေဟာ အနယ်နယ်အရပ်ရပ်က ကျင့်ကြံသူတွေပဲ။ ကျုပ်တို့ အတူတူသွားရင် အချင်းချင်း ကူညီရိုင်းပင်းနိုင်တာပေါ့”

“ကျေးဇူးပဲ…” ရီဖူရှင်းက ပြန်ပြောသည်။ ထို့နောက် သူက ထပ်ပြောသည် “ဒါပေမဲ့ ကျုပ်က တစ်ယောက်တည်းသွားရတာ အသားကျနေပြီ။ ခင်ဗျားရဲ့စေတနာကိုတော့ ကျေးဇူးတင်ပါတယ်”

ကျွင်းချိုးယွင်က ရီဖူရှင်းအား တွေးတောကာ ကြည့်သည်။ အခြေအနေက အနည်းငယ် တင်းမာလာဟန်ရသည်။ သူက သွားနေရာမှ ခဏရပ်ကာ နောက်ပြန်လှည့်ကာပြီး ငရဲကြာပန်းရောင်းနေသော ဆိုင်ရှင်ကို ပြောသည် “ဒီက မိတ်ဆွေလေးကို ခင်ဗျားနဲ့ပဲ ထားခဲ့ပါတော့မယ်”

သို့သော်လည်း ဆိုင်ရှင်ကား ကျွင်းချိုးယွင်ကို မဆန့်ကျင်ရဲပေ။ ဆိုင်ရှင်က ပစ္စည်းကို ပြန်လက်ခံပြီးနောက်တွင် ရီဖူရှင်းက ဆိုင်ရှင်အား ကြည့်သည်။ သို့သော်လည်း ဆိုင်ရှင်က ပြုံးလျှက်ပြောသည် “ကျုပ် တောင်းပန်ပါတယ်။ ငရဲကြာပန်းက ရောင်းလို့မရတော့ပါဘူး”

ရီဖူရှင်း၏မျက်လုံးများထဲတွင် စူးရှသောအလင်းတစ်ချက်ဖြစ်ပေါ်လာ၏။ သူက ဆိုင်ရှင်ကို ကြည့်သည်။

ဆိုင်ရှင်၏စကားကိုကြားလျှင် သိမ်းငှက်နက်ထံမှ ဒေါသအငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာ၏။ သူ၏မျက်လုံးများက အနက်ရောင်အငွေ့အသက်များ လောင်မြိုက်နေ၏။ ဆိုင်ရှင်က အဘယ်ကြောင့် ရောင်းချရန် ငြင်းဆန်သည်ကို သူတို့အားလုံး သိနားလည်ပေသည်။ သူ၏သခင်ကား အမှန်တကယ်ပင် ဖန်းလိုင်နတ်ဘုရားရေကန်၌ အရှက်တကွဲဖြစ်ရသည်။

“ငါ မလိုချင်တော့ဘူး” ရှားရှင်းယွန်က ရီဖူရှင်းကို ပြောသည်။ ငရဲကြာပန်းက သူမ၏ကျင့်ကြံခြင်း၌ အရေးပါသည်မှန်သော်လည်း ဤသို့ပြဿနာဖြစ်လာမည်ဟု မည်သူက ထင်ထားမည်နည်း။ ဆိုင်ရှင်က ရောင်းချရန် သဘောတူပြီးမှ ကျွင်းချိုးယွင်က ကြားဖြတ်ဝယ်ယူခဲ့သည်။ ဆိုင်ရှင်သည် ကျွင်းချိုးယွင်ကို မျက်နှာလုပ်ရန် တွန့်ဆုတ်မနေဘဲ ပစ္စည်းအား တိုက်ရိုက်ရောင်းချခဲ့သည်။

ယခု ကျွင်းချိုးယွင်က လက်လျှော့လိုက်သော်လည်း ဆိုင်ရှင်ကား သူ့ကို အပြစ်လုပ်မိမည်ကို စိုးရိမ်နေဆဲဖြစ်သည်။ ထို့ကြောင့် သူက ပစ္စည်းကို မရောင်းချလိုတော့ပေ။ ရီဖူရှင်းသည် မာနကြီးသူဖြစ်ရာ ဆိုင်ရှင်၏အပြုအမူက ရီဖူရှင်းအတွက် သည်းခံရန် ခက်ခဲသောကိစ္စဖြစ်ကြောင်း ရှားရှင်းယွန် သိသည်။

ထို့ကြောင့် သူမသည်လည်း ဒေါသထွက်၏။ ဆိုင်ရှင်က ရောင်းချလိုသည်ဟု ပြောလျှင်ပင် သူမက အလိုမရှိတော့ပေ။

ရီဖူရှင်းက ဆိုင်ရှင်ကို ကြည့်ကာ ပြုံးသည် “ခင်ဗျားက စီးပွားရေးလုပ်တာမှာ စည်းကမ်းမရှိဘူးပဲ”

ထို့နောက်တွင် သူက နောက်လှည့်ကာ ထွက်ခွာလာခဲ့သည်။ သူ့အနေဖြင့် စကားများကာ အချိန်မဖြုန်းလိုပေ။ သည်နေရာကား ဖန်းလိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုများ ထိန်းချုပ်သော ဖန်းလိုင်နတ်ဘုရားရေကန်ဖြစ်သည်။ သူ့အနေဖြင့် တစ်ဘက်လူ မရောင်းချလိုသောအရာအတွက် စောဒက တက်ခွင့်မရှိချေ။

အားလုံးက ဆိုင်ရှင်ကို ကြည့်ကာ ထွက်သွားကြသည်။ သိမ်းငှက်နက်သည်သာ ထိုလူအား ဒေါသတကြီး ဆက်ကြည့်နေခဲ့၏။

ဆိုင်ရှင်သည် အလေးမထားဟန်ဖြင့် သိမ်းငှက်နက်ကို တည်ငြိမ်စွာ ကြည့်သည်။ အရှေ့နတ်ဘုရားကျွန်းစုသို့ ဝင်ရောက်ရန်မှာ ရက်အနည်းငယ်သာလိုတော့၏။ အကယ်၍ ကျွင်းချိုးယွင်အား အပြစ်လုပ်မိပါက ကျွန်းပေါ်သို့တက်သောအခါ မည်သို့ဖြစ်သွားနိုင်သည်ကို သူမသိပေ။

ကျွင်းချိုးယွင်က သူ့အား ရှင်းလင်းစွာ မပြောခဲ့သော်လည်း ထိုသို့သောကိစ္စများတွင် မိမိဘာသာ ထိုးထွင်းနားလည်ရန် လိုအပ်၏။

ရီဖူရှင်းသည် ဖန်းလိုင်ရေကန်ကို နောက်တစ်ပတ်ခန့်ပတ်ပြီးနောက်တွင် သူသဘောကျသော ပစ္စည်းတစ်ခုမှ မတွေ့ရာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

“ကြည့်ရတာ အိမ်တော်သခင်ရဲ့မျက်လုံးထဲကို ဝင်နိုင်တဲ့ ရတနာသိပ်မရှိဘူးပဲ” အင်ပါယာဟယ်လျန်က တစ်ချက်ရယ်ကာ ပြောသည်။

ရီဖူရှင်းက မငြင်းပေ။ ထိုအချက်ကား မှန်သည်၊ သူ သဘောကျသော ရတနာတစ်ခုမှ မရှိချေ။

“ဒါပေမဲ့ ကျုပ်တို့က အရှေ့နတ်ဘုရားကျွန်းစုက ထွက်တဲ့အခါ ပိုပြီးကောင်းတဲ့ရတနာတွေ ထွက်ပေါ်လာနိုင်တယ်” အင်ပါယာဟယ်လျန်က ပြောသည် “အများစုက မရောင်းချချင်ကြပေမဲ့ အမြဲတမ်းအားဖြင့်တော့ ခြွင်းချက်ဆိုတာ ရှိတာပဲ”

ရီဖူရှင်းတို့အုပ်စုသည် ဖန်းလိုင်နတ်ဘုရားရေကန်မှ ထွက်လာကာ အပြင်မှ တခြားလူများနှင့်တွေ့သည်။ သူတို့က ထိုနေရာမှ ထွက်သွားရန်ဟန်ပြင်နေစဉ်မှာပင် အဖြူရောင်ဝတ်အမျိုးသမီးတချို့ ပေါ်လာသည်။ အမျိုးသမီးများမှာ ချောမောကြရာ လူအများအပြား၏အာရုံကို ဖမ်းစားနိုင်သည်။

“အရှေ့နတ်ဘုရားကျွန်းစုက နတ်မိမယ်တွေ…” တစ်ယောက်က ရေရွက်သည်။ ရီဖူရှင်းကလည်း သူတို့ကို မှတ်မိသည်။ ထိုအမျိုးသမီးများထဲတွင် တုံ့ယွင်အိမ်တော်သို့ လာရောက်၍ ဖိတ်ကြားသူတချို့ ပါဝင်သည်။

သူတို့က ရီဖူရှင်းထံသို့ တန်းတန်းမတ်မတ်လာကြခြင်းဖြစ်သည်။ သူတို့က ရီဖူရှင်းရှေ့တွင်ရပ်ကာ လက်နှစ်ဘက်ကိုဆုပ်၍ တလေးတစားပြောသည် “တုံ့ယွင်အိမ်တော်သခင်ကို နှုတ်ဆက်ပါတယ်”

“နတ်မိမယ်များက ကိစ္စရှိပါသလား” ရီဖူရှင်းက မေးသည်။

“နတ်မိမယ်ပိုင်က မိတ်ဆုံပွဲအတွက် ဖိတ်ကြားလိုက်ပါတယ်” မိန်းကလေးတစ်ယောက်က ပြောသည်။ ရီဖူရှင်း၏အမူအရာက ပြောင်းလဲသွားသည်။ ဆိုလိုသည်က သူတို့သည် သူ့ထံသို့ အထူးတလေ လာကြခြင်းဖြစ်သည်။ သူတို့က သူ့အား ရှာတွေ့ခြင်းကတော့ မထူးဆန်းပေ။ အရှေ့နတ်ဘုရားတံဆိပ်သည် စွမ်းအားလှိုင်းတစ်ခု ဖြစ်ပေါ်နေပြီး သူတို့က ထိုတံဆိပ်အား အသုံးပြုကာ တံဆိပ်ပိုင်ရှင်များ၏တည်နေရာကို ရှာဖွေနိုင်သည်။

သူတို့က အရှေ့နတ်ဘုရားကျွန်းစုသို့ တက်သောအခါ ထိုတံဆိပ်အား ပြန်လည်ပေးအပ်ရပေမည်။

“ဘယ်မှာလဲ…” ရီဖူရှင်းက မေးသည်။

“မိုးနတ်ဘုရားအိမ်တော်…ဒါပေမဲ့လည်း ကျွန်မတို့က တခြားလူတွေကိုလည်း လိုက်ပြီး ဖိတ်ခေါ်ရဦးမှာမလို့ ရှင်က အဲဒီကို ကိုယ့်ဘာသာဖို့ တောင်းဆိုပါရစေ” အမျိုးသမီးတစ်ဦးက ပြောသည်။ ရီဖူရှင်းက အင်ပါယာဟယ်လျန်နှင့် တခြားလူများကိုကြည့်သည်။ အင်ပါယာဟယ်လျန်က ခေါင်းညိတ်သည် “ဖန်းလိုင်ဒေသ၊ အရှေ့နတ်ဘုရားကျွန်းစုရဲ့ အိမ်တော်တစ်ခုပဲ”

“ဒါက အဆင်ပြေပါတယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။ နတ်မိမယ်ပိုင်သည် ထိုနေ့က တုံ့ယွင်အိမ်တော်သို့ ရောက်လာသောအဖွဲ့အား ဦးဆောင်သူမိန်းကလေးဖြစ်ရပေမည်။

“ကျေးဇူးပါ အိမ်တော်သခင်… ဒါဆို ကျွန်မတို့ သွားလိုက်ဦးမယ်” ထို့နောက်တွင် ထိုအမျိုးသမီးများက ရီဖူရှင်းတို့အား ကျော်ကာ အဝေးကို ထွက်သွားကြသည်။ သူတို့က တခြားလူများအား သွားရောက်ဖိတ်ကြားကြခြင်းဖြစ်ပေမည်။

“အဲဒီကို သွားရအောင်…” ရီဖူရှင်းက ပြောသည်။ အင်ပါယာဟယ်လျန်က ခေါင်းညိတ်ကာ လမ်းပြသည်။ မိုးနတ်ဘုရားအိမ်တော်ကား နာမည်ကျော်ကြားသော နေရာတစ်ခုဖြစ်ရာ သူတို့က လမ်းသိသည်မှာ မထူးဆန်းတော့။

သူတို့က လေထဲကို ခုန်တက်ကာ တစ်နေရာသို့ ဦးတည်လိုက်ကြသည်။ မကြာခင် သူတို့ရှေ့၌ အိမ်တော်တစ်ခု ပေါ်လာသည်။ အိမ်တော်အား မိုးနတ်ဘုရားအိမ်တော်ဟု ဆိုင်းဘုတ်ရေးထွင်းထားသည်။

မိုးနတ်ဘုရားအိမ်တော်၏အောက်ထပ်၌ လူအများအပြား စုရုံးနေကြ၏။ တချို့က အပေါ်ထက်များသို့ တက်သွားကြသည်။ သူတို့အားလုံးမှာ ဖိတ်ကြားခံရသော ဧည့်သည်များဖြစ်ကြ၏။

ရီဖူရှင်းနှင့် သူတို့အုပ်စုတို့သည် အိမ်တော်အပေါ်ထက်ကို ကြည့်လိုက်ကြသည်။ လေးစားသမှုဖြင့် သူတို့သည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးမှ အိမ်တော်သို့ ဝင်ကြ၏။ လူတစ်ယောက် သူတို့အား လာကြိုဆိုကာ အပေါ်ထပ်သို့ ခေါ်ဆောင်လာသည်။

တန်ခိုးရှင်အများအပြားသည် မိုးနတ်ဘုရားအိမ်တော်၌ စုစည်းနေကြ၏။ သူတို့သည် ကွဲပြားခြားနားသောနေရာများတွင် ထိုင်နေကြသည်။ နေရာကား အလွန်ကျယ်ပြောကာ ထိုင်ခုံအများအပြားရှိသည်။ ရီဖူရှင်းတို့အား အမျိုးသမီးတစ်ဦးက တစ်နေရာတွင်ထိုင်ရန် ခေါ်လာသည်။

ရီဖူရှင်းက ခေါင်းမော့ကာ ရှေ့ကို ကြည့်လိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း တုံ့ယွင်အိမ်တော်သို့ ရောက်လာသော အမျိုးသမီးသည် အခန်းအနားကို ဦးဆောင်သူဖြစ်သည်။ သူမကား နတ်သမီးတစ်ပါးအလား ချောမောကာ ကျက်သရေရှိသည်။

ထိုအမျိုးသမီးနာမည်မှာ ပိုင်မုဖြစ်ပြီး အရှေ့နတ်ဘုရားကျွန်းစုမှ ကျင့်ကြံသူတစ်ဦးဖြစ်သည်။

အရှေ့နတ်ဘုရားကျွန်းစုသည် ဒေသအသီးသီးမှ အင်အားစုတွေနဲ့တန်ခိုးရှင်တွေကို သူတို့၏ကျွန်းပေါ်ကို တက်ရန် ဆယ်စုနှစ်ကြာတိုင်း ကိုယ်စားလှယ်များ စေလွှတ်ပြီး ဖိတ်ကြားလေ့ရှိသည်။ ယနေ့ရောက်လာသူတိုင်းသည် ပိုင်မု၏ဖိတ်ကြားမှုကို ရရှိသူများဖြစ်သည်။ သူမက အရှေ့နတ်ဘုရားကျွန်းစုတံဆိပ်များ ထုတ်ပေးသည့်နေရာတိုင်းကို သိထားပေသည်။

ရီဖူရှင်းက သူ၏ထိုင်ခုံတွင်ထိုင်လျှင် မျက်လုံးပေါင်းများစွာက သူ့ထံသို့ ရောက်လာသည်။ ဖိတ်ကြားခံရသူအများစုမှာ စီနီယာများဖြစ်ပြီး ရီဖူရှင်းကဲ့သို့ ငယ်ရွယ်သူကား ရှားပါးပေသည်။ သူသည် ထိပ်သီးအင်အားစုတစ်ခု၏ဆက်ခံသူဖြစ်ရမည်ဟု လူအများက ယူဆကြ၏။

“အရှေ့နတ်ဘုရားကျွန်းစုက ပိုင်မုပါ။ ကျွန်မက အိမ်တော်သခင်ရဲ့နာမည်ကို မမေးကြည့်ရသေးဘူး” ပိုင်မုက ရီဖူရှင်းကို ကြည့်သည်။

“ရီလျို့နျန်” ရီဖူရှင်းက ပြန်ပြောသည်။

သက်လတ်ပိုင်းလူကြီးတစ်ဦးက မေးသည် “ဘယ်အိမ်တော်လဲ”

“တုံ့ယွင်အိမ်တော်” ရီဖူရှင်းက ဖြေသည်။

“တုံ့ယွင်အိမ်တော်…” ပတ်ဝန်းကျင်မှလူများအားလုံးက အံ့အားသင့်သွားကြသည်။ သူတို့အားလုံးက နယ်ရပ်အသီးသီးမှ လာကြသော်လည်း တုံ့ယွင်အိမ်တော်ကို သိကြပေသည်။ တုံ့ယွင်အိမ်တော်ကား တခြားသော မြင့်မြတ်နယ်မြေများကဲ့သို့ မဟာအင်ပါယာ၏အမိန့်တော်ဖြင့် ကျင့်ကြံခြင်းများကို သင်ကြားရန် တည်ထောင်ထားသည့် မြင့်မြတ်နယ်မြေတစ်ခုဖြစ်သည်။

သို့သော်လည်း အိမ်တော်သခင်က အဘယ်ကြောင့် ထိုမျှ ငယ်ရွယ်နေရသနည်း။

“အရှေ့နတ်ဘုရားကျွန်းစုက မကြာခင် ဖွင့်လှစ်တော့မယ်။ ဒါကြောင့် ကျွန်မက ကုန်းမြေအသီးသီးကိုသွားပြီးတော့ လူကြီးမင်းတို့ကို ဖိတ်ကြားခဲ့ရတာပဲ။ အိမ်တော်သခင်ရီက ဒီကို ရောက်လာတဲ့ အိမ်တော်သခင်အားလုံးထဲမှာမှ အငယ်ဆုံးဖြစ်မယ်။ ရှင်က သေချာပေါက် ထူးခြားမယ်လို့ ကျွန်မက ယုံကြည်တယ်” ပိုင်မုက ညင်သာစွာ ပြောသည်။

“နတ်မိမယ်… ခင်ဗျားက ကျုပ်ကို ချီးကျူးလွန်းပါပြီ။ ကျုပ်က ကံကောင်းသွားလို့ပါ” ရီဖူရှင်းက ပြန်ပြောသည်။ တစ်ခြားလူများက ရီဖူရှင်းဘေးမှ အင်ပါယာဟယ်လျန်နှင့် တခြားလူများကို ကြည့်ကြသည်။ ရီဖူရှင်းသည် ထိုလူများ၏ရုပ်သေးမျှသာဖြစ်နိုင်သည်ဟု သူတို့တွေးမိကြသည်။

မည်သို့ဆိုစေ ကုန်းမြေတစ်ခုမှ အင်အားစုများသည် အချင်းချင်း သဘောတူညီချက် မရရှိသောအခါ မြင့်မြတ်နယ်မြေကို စီမံခန့်ခွဲရန် ရုပ်သေးတစ်ဦးအား ရွေးချယ်လေ့ရှိကြသည်။ အမှန်တကယ်အားဖြင့် ထိုအင်အားစုများသည်သာ နောက်ကွယ်မှ အစစ်အမှန် စီမံခန့်ခွဲခြင်းဖြစ်သည်။

“အရင်အိမ်တော်သခင်က လျိုဟန်မလား။ သူ ဘယ်မှာလဲ” သတ်လတ်ပိုင်းလူကြီးတစ်ဦးက မေးသည်။ သူသည်ကား အိမ်နီးချင်းကုန်းမြေမှ ကျင့်ကြံသူတစ်ဦးဖြစ်သည်။

“လျိုဟန်က မဟာအင်ပါယာရဲ့သဘောကို ဆန့်ကျင်ပြီးတော့ မြင့်မြတ်နယ်မြေမှာ ကိုယ်ပိုင်အင်အားတည်ထောင်ခဲ့တယ်။ ဒါကြောင့် အပြစ်ပေးသတ်ဖြတ်ခံရတယ်” အင်ပါယာဟယ်လျန်က ဖြေသည်။

“ဒီလိုကိုး…” သတ်လက်ပိုင်းလူကြီးက ပြုံးလျှက် ထပ်မပြောတော့။ သူက တစ်စုံတစ်ခုကို နားလည်လိုက်ဟန်ရသည်။ မည်သို့ဆိုစေ အတွင်းပိုင်းပဋိပက္ခများမှာ မကြာခဏမြင်တွေ့ရလေ့ရှိပြီး ထိုအဖြစ်က တုံ့ယွင်အိမ်တော်သခင်အား ကျဆုံးစေခဲ့သည်။ ထို့ကြောင့် သူတို့က ရုပ်သေးတစ်ဦးအား ရွေးချယ်ထားကြခြင်းဖြစ်ရမည်။

အနီးတဝိုက်မှလူများသည်လည်း နားလည်သည့်အမူအရာများ ပြသကြသည်။

“ဆိုလိုတာက တုံ့ယွင်အိမ်တော်မှာ သင့်တော်တဲ့ အိမ်တော်သခင်အသစ်မရှိသေးတဲ့သဘောပေါ့” အဝေးမှ အသံတစ်သံကို ကြားရသည်။ ထို့နောက် လူတစ်ယောက် ကောင်းကင်ထက်တွင် ပေါ်လာသည်။ သူက မြေပြင်ကို ဆင်းသက်ပြီးမှ ဝင်လာခြင်းမဟုတ်ဘဲ အိမ်တော်၏အပေါ်ထပ်သို့ တိုက်ရိုက်ပျံသန်းတက်ရောက်လာသည်။ လူအများအပြားက ထရပ်ကာ လက်နှစ်ဘက်ကို ဆုပ်၍ နှုတ်ဆက်ကြသည် “သခင်လေးကျွင်း ရောက်လာပြီပေါ့”

ယခုရောက်လာသူကား ရီဖူရှင်းနှင့် မကြာခင်က တွေ့ခဲ့သော ကျွင်းချိုးယွင်ဖြစ်သည်။

ကျွင်းချိုးယွင်သည်လည်း သည်နေရာသို့ ဖိတ်ကြားခံရ၏။

သူက ထိုသို့ပြောသော်လည်း ရီဖူရှင်းအား မကြည့်ဘဲ ပိုင်မုကို လှမ်းပြောသည် “ကျွင်းချိုးယွင်က နတ်မိမယ်ပိုင်မုကို နှုတ်ဆက်ပါတယ်”

“သခင်လေးကျွင်း ထိုင်ပါ…” ပိုင်မုက အေးအေးလူလူပြောသည်။

“ကျေးဇူးပါ” ကျွင်းချိုးယွင်က ထိုင်သည်။ ထို့နောက် သူက ရီဖူရှင်းကို ကြည့်ကာ ပြုံးလျှက်ပြောသည် “ကျုပ်တို့ ဒီလို မြန်မြန်ပြန်တွေ့မယ်လို့ ဘယ်သူထင်မှာလဲ”

ရီဖူရှင်းက သူ့အား ကြည့်ကာ ပြန်ပြောသည် “မှန်တယ်။ ဒါက တော်တော်လေး တိုက်ဆိုင်တာပဲ”

“ရှင်တို့နှစ်ယောက် တွေ့ဖူးတာလား” ပိုင်မုက မေးသည်။

“ကျုပ်တို့က မကြာသေးခင်က ဖန်းလိုင်နတ်ဘုရားရေကန်မှာ တွေ့ခဲ့ကြသေးတယ်။ ဒါပေမဲ့ ကျုပ်က အိမ်တော်သခင်ရီအတွက် မထိုက်တန်ခဲ့ပါဘူး” ကျွင်းချိုးယွင်က ရယ်မောလျှက် ပြောသည်။ ရုတ်တရက် အားလုံး၏အမူအရာက ပြောင်းလဲသွားသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset