စစ်မူယွမ်ယန်ကြေးမုံကို ရရှိပြီးနောက် ရီဖူရှင်းနှင့်ရှားချင်းယွမ်တို့က သူတို့၏နတ်အသိကိုသုံး၍ ထိုအရာအား နေရာတွင်ပင် သန့်စင်ခဲ့သည်။ အလွန်အဖိုးတန်သော နတ်လက်နက်ဖြစ်၍ သူတို့သည် နေရာတွင်ပင် စစ်ဆေးရမည်မှာ သဘာဝကျပေသည်။ မျှော်မှန်းထားသလိုပင် ထိုနတ်လက်နက်၌ မှားယွင်းနေခြင်းမရှိပေ။ စစ်ဆေးပြီးနောက် သူတို့သည် ထိုလက်နက်များကို ခပ်လှမ်းလှမ်း၌ ချထားလိုက်သည်။ အင်ပါယာဟယ်လျန်နှင့် အခြားလူများက သူတို့နှစ်ယောက်အား အဓိပ္ပါယ်ရှိသောအကြည့်ဖြင့် စူးစိုက်ကြည့်နေကြသည်။ ထိုသည်က သူတို့နှစ်ဦးကြားမှ ပတ်သတ်မှုကို အတည်ပြုလိုက်ခြင်းဖြစ်ပေသည်။
ထိုသည်မှလွဲ၍ သူတို့၏မျက်လုံးထဲ၌ ရီဖူရှင်းသည် မခန့်မှန်းနိုင်သော တည်ရှိမှုမျိုး ဖြစ်လာခဲ့သည်။
သူတို့မိသားစု၏ရတနာအဖြစ် သတ်မှတ်ခံရသော နဝမတန်းစားရန်ဟောင်သိဒ္ဓိဝင်လက်နက်တစ်ခုအား ရီဖူရှင်းသည် အမှန်တကယ်ပင် စစ်မူယွမ်ယန်ကြေးမုံနှင့် လဲလှယ်ရန် အသုံးပြုခဲ့လေသည်။
ထိုသို့ဆိုလျှင် ရီဖူရှင်းအတွက် နဝမတန်းစားရန်ဟောင်သိဒ္ဓိဝင်လက်နက်သည် စစ်မူယွမ်ယန်ကြေးမုံလောက် တန်ဖိုးမရှိဟုဆိုလိုခြင်းပေလော။ ထိုသို့ဆိုလျှင် သူ့တွင် သူနှင့်အဆင့်တူသည့် အခြားသော သိဒ္ဓိဝင်လက်နက်များ သေချာပေါက်ရှိပေလိမ့်မည်။
ရီဖူရှင်းသည် သူတို့၏မျက်လုံးထဲ၌ ပို၍ပင် ထူးခြားဆန်းကျယ်လာသည်။
ယန်တုံ့ချင်းက ရီဖူရှင်းအား အတွေးများနေဟန်ဖြင့် ကြည့်နေသည်။ ရီဖူရှင်းသည် အမှန်တကယ်ပင် ထိုမျှချမ်းသာသောကြောင့် သူအံ့အားသင့်ခဲ့ရသည်။
ပတ်ဝန်းကျင်မှလူများစွာသည်လည်း ရီဖူရှင်းကိုကြည့်နေကြသည်။ သူတို့သည် မကြာခင်ပြုလုပ်ခဲ့သော အလဲအလှယ်ကို မြင်တွေ့ခဲ့ရသည်။ လူများက ရီဖူရှင်း၏ဇစ်မြစ်အား သိလိုနေကြသည်။ မည်သို့ပင်ဆိုစေ နဝမတန်းစားရန်ဟောင်သိဒ္ဓိဝင်လက်နက်ကို အလွယ်တကူထုတ်ပေးနိုင်သည့်လူမှာ သာမန်လူမဖြစ်နိုင်ပေ။
“လူငယ်လေး ဒီကိုလာကြည့်ပါဦးလား” ရီဖူရှင်းက ဆိုင်ခန်းလေးမှထွက်၍ ဆက်သွားရန်ပြင်လိုက်စဥ် တစ်ယောက်က သူ့အားလှမ်းခေါ်လိုက်သည်။
“မကြည့်တော့ပါဘူး” ရီဖူရှင်းက ငြင်သာစွာပြုံး၍ ပြန်ဖြေလိုက်သည်။ ထို့နောက် သူက နတ်ဘုရားရေကန်ဆီသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။
သူတို့ရှေ့ အရပ်မျက်နှာမျိုးစုံမှ တောက်ပသောအလင်းရောင်မျိုးစုံထွက်ပေါ်နေသည်။ ထိုအလင်းရောင်များသည် ရတနာများမှထွက်ပေါ်နေသော မဟာလမ်းစဥ်နတ်ရောင်စဥ်များဖြစ်ပြီး ထိုအလင်းရောင်များကြောင့် အိမ်တော်ကိုပို၍ခမ်းနားနေစေသည်။ အိပ်မက်ဘုံကဲ့သို့ပင်။ ရီဖူရှင်းက နေရာအနှံ့သို့လိုက်ကြည့်လိုက်ပြီး တောက်ပသောရတနာများဖြင့်ပြည့်နေသည်ကို မြင်လိုက်ရကာ အရာအားလုံးကို တခါထဲရယူနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ထိုအခိုက်တွင် ရီဖူရှင်းသည် ရင်းနှီးနေသောမျက်နှာတစ်ခုကို မြင်လိုက်ရသည်။ “ဟင်…” ထိုနေရာ၌ ထိုင်နေ၍ ဘူးသီးခြောက်တစ်ခုထဲမှသေရည်ကိုသောက်နေသော အဘိုးအိုတစ်ယောက်ပင်။ ရီဖူရှင်း၏မျက်နှာထက်တွင် အံ့အားသင့်သွား၍ သိလိုသောအမူအရာများ ပေါ်လာသည်။
သူအစောပိုင်းက ဖန်းလိုင်နယ်မြေသို့ဝင်ရောက်စဥ်တွင် တွေ့ဆုံခဲ့ရသော လူအိုကြီးက သူ့ထက်ပင်အရင်ရောက်နှင့်နေလေသည်။ ထို့အပြင် သူသည် ဖန်းလိုင်နတ်ဘုရားရေကန်တွင် ဆိုင်ခန်းတစ်ခု ဖွင့်လှစ်ထားပြီးဖြစ်သည်။
ရီဖူရှင်းအား ဆွံ့အသွားစေသည်မှာ သူ၏ဆိုင်ခန်းတွင်ခင်းကျင်းထားသော ရောင်းချရန်ပစ္စည်းများထဲမှ တစ်ခုကြောင့်ဖြစ်သည်။ ထိုသည်မှာ အရှေ့နတ်ဘုရားတံဆိပ်ပင်ဖြစ်လေသည်။
“မိတ်ဆွေလေး ကျုပ်တို့ထပ်တွေ့ပြန်ပြီ” အဘိုးအိုက ရီဖူရှင်းကိုကြည့်၍ ခပ်တိုးတိုးရယ်ကာပြောလိုက်သည်။
“အကြီးအကဲ အဆင်ပြေရဲ့လား” ရီဖူရှင်းက ငြင်သာစွာပြုံး၍ ပြန်နှုတ်ဆက်လိုက်သည်။
“မင်း ဒီနေရာကို ဖိတ်ကြားချက်မရဘဲရောက်လာခဲ့တယ်လို့ ကြားတယ်။ မင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို သွားချင်တယ်ဆိုရင် အရှေ့နတ်ဘုရားတံဆိပ်တစ်ခု မဖြစ်မနေလိုအပ်တယ်။ မင်းတစ်ခုလောက်လိုချင်လား မိတ်ဆွေလေး။ ကျုပ်တို့က မိတ်ဆွေဟောင်းတွေဆိုတော့ မင်းကိုစျေးလျှော့ပေးနိုင်ပါတယ်” လူအိုကြီးက အစွမ်းကုန်ပြုံးနေသောကြောင့် သူ၏မျက်လုံးများပင် မှိတ်နေလေသည်။
ထိုသည်က သူသည်အလွန်ပါးနပ်ကြောင်း ခံစားမိစေသည်။
“ရပါတယ်။ ဒီဂျူနီယာက စိတ်ဝင်စားနေချိန်မှာ အဘိုးကို တူညီတဲ့တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခု ပြန်ပေးစရာမရှိဘူးဖြစ်နေတယ်” ရီဖူရှင်းသည် သူ၏ကမ်းလှမ်းမှုကို အပြုံးဖြင့်ငြင်းပယ်လိုက်သည်။ သူတို့နှစ်ယောက်သည် အပြန်အလှန်ယဥ်ကျေးစွာ အသွားအပြန်လုပ်ခဲ့သော်လည်း စိတ်ရင်းပါပုံမရပေ။ သူတို့၏လဲလှယ်မှုကို မြင်ရသူတိုင်းက ဤသည်မှာ အလွန်အတုအယောင်နှင့်တူကြောင်း ပြောနိုင်လေသည်။
“ကောင်းပါပြီ” လူအိုကြီးက စိတ်မဆိုးပေ။ ထို့နောက် သူကပြောလိုက်သည်။ “မင်းကလည်း စိတ်ဝင်စားစရာကောင်းပြီး အားကောင်းတဲ့လူတစ်ယောက်ပဲ။ ငါတို့ အနာဂတ်မှာ ထပ်တွေ့ရမယ့်အခွင့်အရေးရှိနေနိုင်တယ်”
“ကျွန်တော် စောင့်မျှော်နေပါတယ်” ရီဖူရှင်းက ပြန်ပြောလိုက်သည်။ ထို့နောက် သူသည် လူအိုကြီးထံမှအဝေးသို့ လျှောက်သွားလိုက်သည်။ ရီဖူရှင်း အဝေးသို့လျှောက်သွားပြီး မကြာခင်တွင် လူတစ်စုသည် အဘိုးအို၏ဆိုင်ခန်းရှေ့တွင် ရပ်လိုက်ကြသည်။ ထိုအုပ်စုကိုခေါင်းဆောင်လာသည့်သူမှာ ထူးခြားသော အရှိန်အဝါရှိသည့် ခန့်ညားသောလူငယ်တစ်ဦးဖြစ်သည်။ သူသည် အရှေ့နတ်ဘုရားတံဆိပ်ကို အဘိုးအိုထံမှ တိုက်ရိုက်ဝယ်ယူလိုက်သည်။
လူငယ်က ထွက်ခွာရန်ပြင်လိုက်သောကြောင့် လူအိုကြီးသည် ရယ်၍ပြောလိုက်သည်။ “မင်းက လူကုံထန်တစ်ယောက်ဆိုတာ ပြောဖို့မခက်ခဲပါဘူး။ မင်းမှာ ထူးခြားတဲ့အရှိန်အဝါတစ်ခုရှိနေတာပဲ။ ပြီးတော့ သာမန်မဟုတ်တဲ့ မိသားစုနောက်ခံက်ုလည်း ပိုင်ဆိုင်ထားမယ်ဆိုတာ သေချာတယ်။ ဟုတ်တယ်မဟုတ်လား ”
“ဟုတ်ပါတယ် ကျွန်တော်က ကျင့်ကြံသူတစ်ယောက်ပါ။ လူတစ်ယောက်ရဲ့မိသားစုနောက်ခံအကြောင်းကို ထည့်ပြောစရာလိုလို့လားဗျာ” လူငယ်က ငြင်သာစွာပြုံး၍ ပြန်ဖြေလိုက်သည်။
“မှန်ပါတယ် ” အဘိုးအိုက ခေါင်းငြိမ့်လိုက်သည်။ “ဒါပေမဲ့ ကျုပ်မှာ နောက်ထပ်အရှေ့နတ်ဘုရားတံဆိပ်ရှိနေသေးတယ်။ မင်း အဲ့ဒါကိုရောဝယ်ချင်သေးလား”
“…”
ထွက်ခွာသွားရန်ပြင်နေသောလူငယ်သည် ရုတ်တရက်ရပ်လိုက်သည်။ သူသည် နောက်သို့လှည့်၍ အဘိုးအိုအား စူးစိုက်ကြည့်လိုက်သည်။ အဘိုးအိုကပြုံးရုံပြုံးကာ သူ့မျက်လုံးများက မှေးသွားသည်။ ထိုအမူအရာက အဘိုးအိုအား အလွန်ဉာဏ်နီဉာဏ်နက်များသည့်ဟန်ပေါ်သွားစေသည်။
ထိုလူအိုကြီးက အန္တရာယ်မရှိဟန်ပေါ်သော်လည်း အမှန်တကယ်တွင် သူသည် မုဆိုးတယောက်ပင်ဖြစ်သည်။
မုဆိုးကအမဲလိုက်သည်။ သိသာစွာပင် ထိုအဘိုးအို၌ အရှေ့နတ်ဘုရားတံဆိပ် နှစ်ခုထက်ပို၍ရှိနေမည်မှာ သေချာသည်။ ထိုအပြုအမူကိုကြည့်၍ မည်သူကများ နားမလည်ဘဲနေပါ့မည်နည်း။
ဆိုင်ခန်းမှထွက်ခွာလာခဲ့ပြီးဖြစ်သော ရီဖူရှင်းပင်လျှင် ခြေလှမ်းကိုရပ်၍ နောက်သို့လှည့်လိုက်သည်။ သူသည်လူအိုကြီးကိုကြည့်လိုက်ပြီး ထိုစဥ်က ဖန်းလိုင်နယ်မြေသို့ဝင်ရောက်ချိန်တွင် သူ့ထံ၌ အရှေ့နတ်ဘုရားတံဆိပ်ရှိသလားဟု ထိုအဘိုးအိုကမေးမြန်းခဲ့သည်ကို ရုတ်တရက်သတိရလိုက်သည်။ ကြည့်ရသည်မှာ သူ၏ရည်ရွယ်ချက်က ထိုမျှရိုးရှင်းပုံမရပေ။ ထိုလူအိုကြီးသည် အမှန်တကယ်ပင်အကြင်နာကင်းမဲ့လှသည်။
“အရိပ်တစ်ထောင်အကြီးအကဲ” လူငယ်သည် အဘိုးအိုအားခဏကြာစိုက်ကြည့်နေပြီးနောက် ရယ်သံနှင့်အတူ အော်ပြောလိုက်သည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင်မှလူတိုင်းက ခဏကြာကြောင်အမ်းသွားကြသည်။ သူတို့၏အကြည့်က ထိုအသံကြားရာသို့ရောက်သွားသည်။
ဒါဆို အဲ့ဒါက သူပေါ့။
အရိပ်တစ်ထောင်အဘိုးအို…အရိပ်တစ်ထောင်သန့်စင်လက်ချောင်းဟုလည်း လူသိများပေသည်။
ထိုလူကြီးသည် ပုံစံထောင်ပေါင်းများစွာပြောင်းလဲနိုင်သောကြောင့် အရိပ်တစ်ထောင်အဘိုးအိုဟု ကျော်ကြားခြင်းဖြစ်သည်။ ထိုသည်က သူ၏အမည်ရင်းမဟုတ်ပေ။ “သန့်စင်လက်ချောင်း” ဟူသည့်ဘွဲ့အမည်သည်လည်း ကျင့်ကြံခြင်းလောကမှလူများကပေးထားခြင်းဖြစ်သည်။ ထိုအဘိုးအိုသည် နာမည်ဆိုးဖြင့်ကျော်ကြားသော သူခိုးတစ်ယောက်ဖြစ်၍ “သန့်စင်လက်ချောင်း” ဟု နာမည်ပြောင်ပေးခံထားရခြင်းဖြစ်သည်။ သူ၏ခိုးဝှက်ခြင်းနည်းလမ်းများမှာ အလွန်ပြည့်စုံကောင်းမွန်၍ အံ့အားသင့်ဖွယ်ဖြစ်သည်။
သို့သော် သူ၏နာမည်ဂုဏ်သတင်းမှာ ထင်ထားသလောက်မဆိုးပေ။ အကြောင်းရင်းမှာ အရိပ်တစ်ထောင်သန့်စင်လက်ချောင်းသည် သူခိုးတစ်ယောက်ဖြစ်သော်လည်း သူသည် မည်သူ့ကိုမျှနာကြင်အောင်မလုပ်ခဲ့ပေ။ သူက ခိုးဝှက်သည့်အလုပ်ကိုလုပ်သော်လည်း သူ့တွင် တင်းကြပ်သောစည်းမျဥ်းများရှိသည်။ သူသည် ကျင့်ကြံခြင်းလောက၌ နှစ်ပေါင်းများစွာကျင်လည်နေခဲ့သော လူထူးဆန်းကြီးတစ်ယောက်ဖြစ်ပြီး ဘုံအသီးသီးမှထိပ်သီးပုဂ္ဂိုလ်များစွာသည် သူ၏စွမ်းရည်ကို ကြုံတွေ့ခဲ့ကြဖူးသည်။ ထို့ကြောင့် သူ၏ဂုဏ်သတင်းမှာ တော်ရုံမဟုတ်ဘဲ သူသည် အလွန်ကျော်ကြားသည်ဟုပင် ပြောနိုင်လေသည်။
“သခင်လေးကျွင်းက အမြင်ကောင်းကောင်းရှိတာပဲ” အဘိုးအိုက ရယ်၍ပြောလိုက်သည်။ သူ၏စကားများက လူငယ်၏သရုပ်မှန်ကို တည့်တိုးဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ ထိုခဏတွင် ဘေးမှလူများက ထပ်မံ၍ကြောင်အမ်းသွားပြန်သည်။ ဖန်းလိုင်နတ်ဘုရားဘုံသို့ ဝင်ရောက်လာခဲ့သော ကျင့်ကြံသူအများစုမှာ ဘုံအသီးသီးမှလာရောက်ကြသည်ဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြသောကြောင့် တစ်ယောက်ကိုတစ်ယောက်မသိဘူးဟု ပြောနိုင်သည်။
သို့သော် ဖန်းလိုင်နတ်ဘုရားကျွန်းစုနယ်မြေမှ ထိပ်သီးအင်အားစုများကိုမူ သူတို့ကောင်းစွာသိထားကြသည်။ သူတို့သည် ကျွန်းစုနယ်မြေသို့လာရောက်ကြသည်ဖြစ်၍ ကြိုတင်ပြင်ဆင်လာခဲ့သည်မှာ သဘာဝကျပေသည်။
ဖန်းလိုင်နတ်ဘုရားကျွန်းစုနယ်မြေသို့ရောက်လာလျှင် သိထားရမည့်ကလန်တစ်ခုရှိပြီး ထိုသည်မှာ ကျွင်းကလန်ဖြစ်သည်။
ထိုသည်က အလွန်အားကောင်းသောကလန်ဖြစ်သည်။ ကျွင်းကလန်မှကျင့်ကြံသူမျသည် ဤနယ်မြေ၌ ထိပ်သီးအင်အားစုအဖြစ် ကာလကြာရှည်စွာတည်တံ့လာခဲ့သည်။ သူတို့သည် ဖန်းလိုင်နယ်မြေအား အပြည့်အဝလွှမ်းမိုးထားပြီး ဖန်းလိုင်နယ်မြေမှ အခြားထိပ်သီးအင်အားစုများကိုပင် လွှမ်းမိုးနိုင်ပေသည်။
လူငယ်လေး၏မိသားစုနာမည်မှာ ကျွင်းဖြစ်သည်။ သူ၏နောက်လိုက်များကိုကြည့်ခြင်းဖြင့် သူ၏သရုပ်မှန်မှာ ခန့်မှန်းရန်မခက်ခဲပေ။ ဖန်းလိုင်နယ်မြေ၏ ထိပ်သီးအဖွဲ့အစည်းများကြားတွင် ကျွင်းဟူသောမိသားစုနာမည်ရှိသည့်အဖွဲ့မှာ တစ်ခုသာရှိသည်။ သူတို့အား ဆက်စပ်ကြည့်ရန်မှာ လွယ်ကူပေသည်။
ထို့ကြောင့် ထိုလူငယ်၏ဇစ်မြစ်နှင့်အသက်အရွယ်ကိုကြည့်ခြင်းအားဖြင့် သူသည် ကျွင်းကလန်၏သခင်လေး ကျွင်းချိုးယွင်ဖြစ်ဖို့များလေသည်။
လူများက သူတို့အား စိတ်လှုပ်ရှားစွာကြည့်နေကြသည်။ ကျွင်းကလန်သည် ဤဖန်းလိုင်နတ်ဘုရားရေကန်တဝိုက်တွင်လည်း အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည်။ သူတို့သည် ဤနေရာအား နောက်ကွယ်မှထိန်းချုပ်နေသောအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။ ကျွင်းချိုးယွင်နှင့် အရိပ်တစ်ထောင်သန့်စင်လက်ချောင်းတို့ ဤနေရာ၌ တပြိုင်နက်ထဲထွက်ပေါ်လာခြင်း…ဖန်းလိုင်နတ်ဘုရားရေကန်သည် သူ၏ကျော်ကြားသောနာမည်အတိုင်း အမှန်တကယ်ပင် ပုန်းကွယ်နေသော နဂါးနှင့်ကျားများဖြင့် ပြည့်နှက်နေသောနေရာပင်ဖြစ်သည်။
“အရိပ်တစ်ထောင်အကြီးအကဲဆီမှာ အရှေ့နတ်ဘုရားတံဆိပ်ဘယ်နှခုရှိတာလဲ။ ဘာလို့အကုန်လုံးထုတ်လာပြီး စျေးမသတ်မှတ်တာလဲ။ ကျွန်တော့မှာ ပစ္စည်းတချို့ပါလာတယ်။ အရိပ်တစ်ထောင်အကြီးအကဲကို တံဆိပ်တချို့ရောင်းထွက်ဖို့ ကျွန်တော်ကူညီနိုင်ပါတယ်” ကျွင်းချိုးယွင်က တဖက်လူ၏သရုပ်မှန်ကိုသိသွားပြီးနောက် သူ့ထံ၌ အရှေ့နတ်ဘုရားတံဆိပ်တစ်ခုတည်းသာရှိနေခြင်းမဖြစ်နိုင်ကြောင်း ရှင်းလင်းစွာနားလည်လိုက်သည်။
အရိပ်တစ်ထောင်သန့်စင်လက်ချောင်းဆိုသည်မှာ မည်သူနည်း။ သူ့တွင် အနည်းဆုံး အရှေ့နတ်ဘုရားတံဆိပ်ဆယ်ခုမရှိလျှင် သူ၏နာမည်ဂုဏ်သတင်းကိုပျက်စီးစေလိမ့်မည်။
လူအိုကြီးက ကျွင်းချိုးယွင်၏ကမ်းလှမ်းချက်ကိုကြားပြီးနောက် ပြုံးလိုက်သည်။ သူသည် လက်ကို အိတ်ကပ်ထဲသို့နှိုက်လိုက်ပြီး အရှေ့နတ်ဘုရားတံဆိပ်အစုလိုက်ကို ထုတ်ယူလိုက်သည်။ ထိုသည်က အများကြီးလည်းမဟုတ်သလို အနည်းငယ်လည်းမဟုတ်ပေ။ တံဆိပ်ဆယ်ခုတိတိပင်ဖြစ်သည်။
ပတ်ဝန်းကျင်မှကျင့်ကြံသူများက မျက်လုံးများပြူးကျယ်သွားကြသည်။ ထိုလူအိုကြီးက အမှန်တကယ်ပင် အလွန်အကြင်နာကင်းမဲ့လှသည်။
“သခင်လေးကျွင်းက အဲ့လိုပြောနေမှတော့ ကျုပ်လည်း စျေးနှုန်းကိုတည့်တိုးပဲပြောပါ့မယ်” အရိပ်တစ်ထောင်သန့်စင်လက်ချောင်းက ကျွင်းချိုးယွင်ကိုပြောလိုက်သည်။ ထို့နောက် သူက စျေးနှုန်းကို ကျွင်းချိုးယွင်အား အသံပို့လွှတ်၍ပြောလိုက်သည်။ သူ၏စျေးနှုန်းကိုကြားပြီးနောက် ကျွင်းချိုးယွင်၏အမူအရာက ပြောင်းလဲသွားသည်။ သူသည် စိတ်ကိုအဆင်သင့်ပြင်ထားပြီးဖြစ်သော်လည်း တဖက်လူ၏စျေးနှုန်းကိုကြားသောအခါ ထိတ်လန့်သွားရသည်။
“အကြီးအကဲ…အရှေ့နတ်ဘုရားတံဆိပ်အများကြီးကို တခါထဲဝယ်ယူဖို့က မလွယ်ကူဘူး။ ဆယ်ခုလုံးကိုတခါထဲရောင်းချတဲ့အခါမှာ အကြီးအကဲရဲ့တောင်းဆိုချက်ကအရမ်းများလွန်းနေတယ်။ အဲ့ဒါက ဒီဂျူနီယာကို ရှုပ်ထွေးသွားစေပါတယ်” ကျွင်းချိုးယွင်က ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ အရောင်းအဝယ်လုပ်တဲ့နေရာမှာ နှစ်ဖက်လုံးရဲ့ဆန္ဒက အရေးကြီးတာပဲလေ။ သခင်လေးက အဆင်မပြေဘူးဆိုတော့လည်း အခြားအဆင်ပြေတဲ့လူ ယူပါလိမ့်မယ်။ ဒီအဘိုးကြီးက ထပ်စောင့်နိုင်ပါသေးတယ်။ ဖန်းလိုင်နယ်မြေက တခြားထိပ်သီးအင်အားစုတွေကလည်း အရှေ့နတ်ဘုရားတံဆိပ်တွေရှာနေတယ်လို့ ကြားထားတယ်။ ကျုပ်နောက်မှ သူတို့ကိုမေးလိုက်ပါ့မယ်” အဘိုးအို၏မျက်လုံးများက မှေးစင်းသွားပြီးပြောလိုက်သည်။
သူ၏စကားများက ကျွင်းချိုးယွင်၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။ သူ၏အကြည့်က အဘိုးအိုထံ၌ စွဲမြဲသွားသည်။ ဒီလူအိုကြီးက…သူတစ်ခုခုများကြားထားတာလား…သူတွေးမိလိုက်သည်။
ကျွင်းချိုးယွင် အစောပိုင်းကပြောခဲ့သည်မှာ မမှန်ကန်ပေ။ သူက အရှေ့နတ်ဘုရားတံဆိပ်များကို စုဆောင်းနေသည်မှာ အဘိုးအိုအားရောင်းထွက်စေရန် ကူညီခြင်းမဟုတ်ပေ။ သူ့တွင် ထိုတံဆိပ်များကို သုံးစရာလို၍ဖြစ်သည်။ အဘိုးအိုသာ ထိုတံဆိပ်များကို ဖန်းလိုင်နယ်မြေမှ တခြားအဖွဲ့များအား ရောင်းလိုက်ပါက တော်တော်လေးဒုက္ခများသွားမည်ဖြစ်သည်။
“ကောင်းပြီ ကျွန်တော် အကုန်လုံးယူပါ့မယ်” ကျွင်းချိုးယွင်က ခေါင်းငြိမ့်၍ အဘိုးအို၏တောင်းဆိုချက်ကို သဘောတူလိုက်သည်။ ထို့နောက်တွင် သူသည် အမှန်တကယ်ပင် ထိုမျှများပြားသောတန်ကြေးဖြင့် အလဲအလှယ်လုပ်ခဲ့လေသည်။
ထိုမြင်ကွင်းက ပတ်ဝန်းကျင်မှလူများကို အတွေးပွားစေသည်။ ထိုသည်က အနာဂတ်တွင် မည်သည့်အရာများဖြစ်လာမည်ဟု ဆိုလိုနေသနည်း။
ရီဖူရှင်းက ခဏကြည့်ပြီးနောက် သူလိုအပ်သောပစ္စည်းကို ဆက်ရှာနေလိုက်သည်။ သူသည် အလိုရှိသောပစ္စည်းကို ယခုအထိမတွေ့ရသေးပေ။ သို့သော် သူကပန်းတပွင့်ကိုမြင်လိုက်သည်။ထိုပန်းသည် အမှောင်ထုဖြင့် လွှမ်းခြုံထားသည်။ပန်းပွင့်မှ ပွင့်ချပ်များက ဆက်တိုက်ဖွင့်ချည်ပိတ်ချည်လုပ်နေသည်။ ပွင့်ချပ်များသည် မျက်နှာတစ်ခုနှင့်တူ၍ ထိုပွင့်ချပ်များပွင့်အာလာချိန်တွင် လူများအား ဝါးမြိုတော့မည့်ဟန်ပေါ်သည်။
“ဒါကဘာလဲ” ရီဖူရှင်းက မေးလိုက်သည်။
“ငရဲကြာပန်း” ဆိုင်ရှင်ကဖြေလိုက်သည်။ “ဒီရတနာမှာ အားကောင်းတဲ့ သေဆုံးခြင်းအရှိန်အဝါတွေရှိနေပြီး အလွန်အန္တရာယ်များတယ်။ ဒါက အဆင့်မြင့် ငရဲကြာပန်းပဲ။ အဆင့်မြင့်ရန်ဟောင်တွေတောင် ဒီရတနာကို ကျင့်ကြံတဲ့နေရာမှာသုံးနိုင်တယ်”
“စျေးနှုန်းကရော” ရီဖူရှင်းက မေးသည်။
“အဌမတန်းစား သိဒ္ဓိဝင်လက်နက်တစ်ခု” ဆိုင်ရှင်က ရီဖူရှင်းကိုကြည့်၍ ပြောလိုက်သည်။ သူသည် အလွန်တည့်တိုးဆန်ပေသည်။
ရီဖူရှင်းက ရှားချင်းယွမ်ကိုကြည့်ကာပြောလိုက်သည်။ “မင်းက ယင်ယန်လမ်းစဥ်ကိုကျင့်ကြံတော့ ဒီပစ္စည်းကို မင်းရဲ့ကျင့်ကြံခြင်းမှာ သုံးနိုင်တယ်။ သန့်စင်လိုက်ပါ”
“အင်း” ရှားချင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ သူမက ငြင်းဆန်ခြင်းမရှိပေ။ သူမ၏နှလုံးသားထဲတွင် နွေးထွေးမှုကိုခံစားလိုက်ရသည်။ ရီဖူရှင်း လဲလှယ်လိုက်သော ရတနာနှစ်ခုလုံးမှာ သူမအတွက်ဖြစ်ပေသည်။
ထိုအချိန်တွင် အသံတစ်ခုကထွက်ပေါ်လာသည်။ ကျွင်းချိုးယွင်က ဆိုင်ရှင်ကိုကြည့်ကာ ငြင်သာစွာပြုံး၍ ပြောလိုက်သည်။ “အဲ့ဒီရတနာကို ကျွန်တော့အတွက်ချန်ပေးလို့ရမလား”
ရီဖူရှင်းက သူ၏စကားကိုကြားချိန်တွင် အနည်းငယ် မျက်မှောင်ကြုံ့လိုက်သည်။ သူသည် နောက်သို့လှည့်၍ ကျွင်းချိုးယွင်ကိုကြည့်လိုက်သည်။ သို့သော် ကျွင်းချိုးယွင်က သူ့အားကြည့်မနေဘဲ ဆိုင်ရှင်ကိုသာ ပြုံး၍ကြည့်နေသည်။
“သခင်လေးကျွင်းက တောင်းဆိုနေမှတော့ ပြသနာမရှိပါဘူး” ဆိုင်ရှင်သည်လည်း ဖန်းလိုင်နယ်မြေမှကျင့်ကြံသူဖြစ်သည်။
“ကောင်းပါပြီ” ကျွင်းချိုးယွင်က သိဒ္ဓိဝင်လက်နက်ဖြင့် တိုက်ရိုက်ပေးချေလိုက်ပြီး သူ၏ရတနာအားယူရန်သွားလိုက်သည်။ ရီဖူရှင်းက အမူအရာကင်းမဲ့သောအသံဖြင့်မေးလိုက်သည်။ “မင်းရဲ့ရည်ရွယ်ချက်ကို မေးပါရစေ”
ကျွင်းချိုးယွင်သည် ရတနာကိုယူပြီးနောက်သို့လှည့်လိုက်ကာ ရီဖူရှင်းထံသို့မျက်နှာမူ၍ သူ၏အမေးကို အပြုံးဖြင့်သာဖြေလိုက်သည်။ ထို့နောက် သူက ရီဖူရှင်းထံ ရတနာကိုကမ်းပေးလိုက်ပြီး “ဒါကို မင်းအတွက် ငါ့ရဲ့လက်ဆောင်လို့သဘောထားပေးပါ။ ငါတို့ မိတ်ဆွေဖွဲ့ကြရအောင်”
“မိတ်ဆွေဟုတ်လား” ရီဖူရှင်းက အနည်းငယ် ကြောင်အမ်းသွားမိသည်။ သို့သော် ထိုလူငယ်က ရတနာတစ်ခုအားဝယ်ယူ၍ သူ့အားလက်ဆောင်ပေးခဲ့သည်။ သူ၏ရည်ရွယ်ချက်အစစ်အမှန်က ရိုးရှင်းပုံမပေါ်ပေ။
“အင်း” ကျွင်းချိုးယွင်က ခေါင်းငြိမ့်လိုက်သည်။ “အရှေ့နတ်ဘုရားကျွန်းစုနယ်မြေဖွင့်ဖို့ ရက်အနည်းငယ်ပဲလိုတော့တယ်။ အဲ့ဒီအချိန်ကျရင် ဘယ်လောက်များတဲ့ ကြောက်စရာပါရမီရှင်တွေ ကျွန်းပေါ်ကိုရောက်လာမလဲ ဘယ်သူသိနိုင်မှာလဲ။ မင်းမှာ ထူးကဲတဲ့အရှိန်အဝါရှိတာကို ငါမြင်ခဲ့ပြီး မင်းက သာမန်လူမဟုတ်ဘူးလို့ ငါယုံကြည်တယ်။ ဒါကြောင့် ငါတို့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ရောက်တဲ့အချိန်မှာ ငါနဲ့အတူသွားမလားလို့ မင်းကို ဖိတ်ခေါ်ချင်တာပါ”
ရီဖူရှင်းသည် ကျွင်းချိုးယွင်၏တောင်းဆိုချက်ကိုကြားပြီးနောက် နားလည်သွားသည်။ ထို့ကြောင့် သူက ဤရတနာကိုဝယ်ယူ၍ သူ့အားလက်ဆောင်ပေးခဲ့ခြင်းပင်။
ထိုသို့လုပ်ခြင်းဖြင့် ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ဝင်ရောက်ပြီးနောက် သူ့နောက်သို့လိုက်ပါပေးလိမ့်မည်ဖြစ်သည်။ ထိုသည်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ရောက်ရှိပြီးနောက် သူသည် ကျွင်းချိုးယွင်နောက်သို့ လိုက်ပါရမည်ဟုဆိုလိုခြင်းလည်းဖြစ်သည်။
***